← Chapters

သူ အသက်ရှည်ပါ့မလား

Vol. 146 Ch. 2076

သူ အသက်ရှည်ပါ့မလား

Vol. 146 Ch. 2076

တုန်းဟွာနယ်မြေအတွင်း နေရာတစ်ခုတွင် လူတစ်စုက ကောင်းကင်ကို ဖြတ်ကာ ခရီးဆက်နေကြသည်။ ခေါင်းဆောင်မှာ နတ်မိမယ်တုံ့လိုင်ဖြစ်၏။ သူတို့သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ အလျင်အမြန် ခရီးဆက်နေကြသည်။

"ကျုပ်တို့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ကြာကြာနေလို့တော့ ရမှာ မဟုတ်ဘူး။" အာခီမီအင်ပါယာက ဘေးမှ တုံ့လိုင်နတ်မိမယ်ကို ပြောလိုက်သည်။ နတ်မိမယ်တုံ့လိုင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ "ကျွန်မတို့ ပြန်ရောက်ရင် အခြေချလို့ရမယ့် အခြားဘေးကင်းတဲ့ နေရာတစ်ခု ရှာပြီး ပြောင်းရွှေ့ဖို့ ပြင်တာ ကောင်းလိမ့်မယ်။"

အာခီမီအင်ပါယာက မည်သည့်စကားမှ မဆိုပေ။ သူက သူ့နောက် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။ မကြာသေးခင်က လီချန်ရှန်းသည် သူတို့နှင့် လမ်းခွဲသွားခဲ့သည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ အာခီမီအင်ပါယာက စိတ်ပူနေ၏။ လီချန်ရှန်းက မည်သည့်အခါမှ ပြန်မလာနိုင်တော့သည်လည်း ​ဖြစ်နိုင်သည်။

သို့သော် လီချန်ရှန်းက ထိုသည်ကို အလေးအနက် လုပ်ဆောင်ချင်နေ၏။ သူတို့က မည်သို့မှ မတတ်နိုင်ကြပေ။ ထိုသည်မှာ သူ ကိုင်စွဲထားသည့် ဥပဒေသဖြစ်သည်။

ရှားရှင်းယွန်က စစ်မူယွမ်ယန်ကြေးမုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ရီဖူရှင်းနှင့် စိတ်ချင်းဆက်သွယ်ကာ စကားပြောလိုက်သည်။ ရီဖူရှင်း မည်သည့်နေရာ၌ ရှိနေသည်ကို သိပြီးနောက် သူမက ပို၍ စိတ်သက်သာရာ ရသွားသည်။ ယခု တုန်းဟွာနယ်မြေတစ်ခွင်လုံးတွင် ရီဖူရှင်းအား အမှန်တကယ် ကာကွယ်ပေးနိုင်သည့် တစ်ဦးတည်းသောသူမှာ အင်ပါယာရှီက အဖြစ်နိုင်ဆုံး ဖြစ်သည်။

တိုက်ဆိုင်စွာနှင့် အင်ပါယာရှီက ကူညီရန် ထွက်လာခဲ့သည်။ ထိုအဖြစ်ကို ရှာဖွေတွေ့ရှိသွားလျှင်ပင် အင်ပါယာရှီက တုန်းဟွာနယ်မြေသခင်ကို ဆန့်ကျင်နိုင်သည့် စွမ်းရည် ရှိ၏။

ထိုအချိန်တွင် လိပ်နတ်ဘုရားကျွန်းစု၏ ရှေးဟောင်းတောင်ထွတ်တစ်ခုပေါ်တွင် ရီဖူရှင်းက တိတ်ဆိတ်စွာ ထိုင်နေသည်။ သူက လီချန်ရှန်းတစ်ယောက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ သူ့ဘာသာ ပြန်သွားကြောင်း သိလိုက်ရသည့်အခါ ဝမ်းနည်းမှုကို စူးရှစွာ ခံစားလိုက်ရ၏။ စီနီယာအစ်ကိုလီက အမြဲတစေ နောက်​ပြောင်နေတတ်သော်လည်း အမှန်တကယ်တွင် ညီအစ်ကို သံယောဇဉ်ကို အလွန် အလေးအနက်ထားသည်။

မဟုတ်လျှင် သူက ဤသို့သော အခြေအနေမျိုး၌ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ မည်သည့်အတွက် ပြန်လိမ့်မည်နည်း။

လက်ရှိတွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က သူ့အတွက် အန္တရာယ်အများဆုံးနေရာ ဖြစ်သည်။ လီချန်ရှန်းကလည်း ထိုအချင်းအရာကို သတိပြုမိမှာ သေချာ၏။ နင်ယွမ်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင် ၏ အမည်ကို ရှင်းလင်းပစ်မည်ဟု ကိုယ်တိုင်ကိုယ်ကျ ကြေညာခဲ့သည်။ ဆိုလိုသည်မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဟူသည် နောက်ထပ် တည်ရှိတော့မည် မဟုတ်ပေ။

သူက ယခုချိန်၌ မည်သည့်အတွက်ကြောင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ပြန်သွားသနည်း။

…

တုန်းရှောင်းကုန်းမြေရှိ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် တုန်းရှောင်းကုန်းမြေမှ တန်ခိုးရှင်များ အထူးသဖြင့် အဓိကမြို့များမှ တန်ခိုးရှင်များစုရုံးရောက်ရှိနေကြ၏။ အင်အားစုအမျိုးမျိုးမှ ရန်ဟောင်များက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ကျဆုံးခြင်းသတင်းကို ကြားပြီးနောက် ဤနေရာသို့ ခိုးဝှက်လုယက်ရန် ရောက်လာခြင်း ဖြစ်သည်။

ဤသည်မှာ ကြီးမားသော တိုက်ပွဲ၏ ရလဒ်ဖြစ်ပေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ရှေးဟောင်းနန်းတော်အများစုက ပြိုကျကာ ဖျက်ဆီးခံလိုက်ရသည်။ ထိုနေရာက ကျင့်ကြံခြင်းအတွက် မြင့်မြတ်နယ်မြေတစ်ခုမဟုတ်တော့ဘဲ ရှေးဟောင်းအပျက်အစီးနေရာတစ်ခုကဲ့သို့ ထင်မှတ်ရ၏။

ထိုအချိန်၌ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အောက်တွင် ပုံရိပ်တစ်ခုက မျှော်စင်၏ လှေကားများသို့ တက်လာသည်။ ထိုလူက စီနီယာတစ်ယောက်ဖြစ်ပြီး သူနှင့်အတူ အလောင်းတစ်ခုကို သယ်ဆောင်လာ၏။ သူက လူအများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။

ကောင်းကင်ထက်မှ လူတစ်ချို့က မျက်မှောင်ကျုံ့ကာ ရောက်ရှိလာသူကို ငုံ့ကြည့်လိုက်ကြသည်။

ထိုသည်မှာ လီချန်ရှန်းဖြစ်ပြီး အလောင်းက ကျုံးချန် ဖြစ်သည်။

လီချန်ရှန်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ အမှန်တကယ် ပြန်လာရဲသည်။ သူက ကိုယ့်သေတွင်းကိုယ် တူးချင်နေသည်လား။

အခြားတန်ခိုးရှင်များသည် တုန်းဟွာအခမ်းအနားအတွင်း တိုက်ပွဲအကြောင်းကို ကြားသိခဲ့ရသည်။ ဆေးအင်ပါယာက ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး သူသည် တုန်းဟွာကောင်းကင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။ ထို့နောက်တွင် အင်ပါယာယန်က စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ကာ ဆေးအင်ပါယာကို လိုက်လံဖမ်းဆီးခဲ့သည်။ ထိုသတင်းက တုန်းရှောင်းကုန်းမြေတစ်ခုလုံးကို လှုပ်ခတ်သွားခဲ့၏။ သတင်းများက ပြောကြသည်မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူ အများအပြား သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။ ကျုံးချန်က အသတ်ခံလိုက်ရပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဟူသည့်အမည်က နယ်မြေသခင်၏ ရှင်းလင်းခြင်းကို ခံလိုက်ရ၏။ ၎င်းက ထပ်မံတည်ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် အင်အားစုအမျိုးမျိုးမှ တန်ခိုးရှင်များက မီးလောင်ရာ ဆီလောင်းပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ လုယက်ရန် လာရောက်ကြခြင်း ဖြစ်သည်။

ယခု လီချန်ရှန်းက အမှန်တကယ် ပြန်ရောက်လာခဲ့သည်။ အခြားတန်ခိုးရှင်များအတွက် ထိုသည်မှာ သတ်သေခြင်းနှင့် မခြားပေ။

သို့သော် လီချန်ရှန်းကို မြင်လိုက်သူများတွင် အချို့က ထွက်ပြေးသွားကြသည်။ သူတို့က အလွန် သတိထားနေကြဆဲပင် ဖြစ်၏။ သူတို့က အခြေအနေကို အခွင့်အရေးယူချင်သော်လည်း လီချန်ရှန်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ထိပ်တန်းတပည့် ဖြစ်သည်။

ဘန်း...

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လီချန်ရှန်း၏ ခြေထောက်အောက်မှ ကျောက်တုံးက တစစီကွဲကြေသွားလေသည်။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်၏။ သူ၏ မြူဆိုင်းနေသော မျက်လုံးများတွင် အေးစက်သည့် အကြည့်တို့နှင့် ပြည့်နှက်နေသည်။ တစ်ချိန်က တောက်ပကာ ဂုဏ်သတင်းကျော်ဇောခဲ့သော မြင့်မြတ်နယ်မြေတစ်ခုက ယခု ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်နေ၏။ နေရာတိုင်းတွင် အပျက်အစီးများ ကျန်ရှိနေပြီး ယိုယွင်းကာ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။

"သွားကြစို့။"

ရန်ဟောင်တစ်ပါးက ပြေးထွက်သွားသည်။ ရန်ဟောင်သည် လီချန်ရှန်း ခြေထောက်အောက်မှ ကျောက်တုံး ဖောက်ခွဲခံလိုက်ရသည်အား မြင်လိုက်ရပြီး လီချန်ရှန်းထံမှ ထွက်ပေါ်လာသော ဖိနှိပ်နိုင်သည့်   ဒေါသများကို ခံစားမိသည်။ ထိုအခိုက်အတန့်တွင် လီချန်ရှန်းထံမှ အေးစက်ကာ ခမ်းနားထည်ဝါသည့် အရှိန်အဝါတို့ ထွက်ပေါ်လာ၏။ သူက သတ်​ဖြတ်လိုသည့် ဆန္ဒများကိုပင် ထုတ်လွှတ်နေသည်။ အလောင်းတစ်ခုကို ပြန်သယ်လာသော လီချန်ရှန်းက ထိုရန်ဟောင်အား မလွယ်ကူသလို ခံစားရစေသည်။

ထိုရန်ဟောင်သည် လေထဲသို့ ခြေလှမ်းလိုက်သည့်အခါ မရေတွက်နိုင်သော အကိုင်းအခက်နှင့် နွယ်များက သူ့ထံသို့ တိုးဝင်လာပြီး သူ့အား ရစ်ပတ်လိုက်၏။ ထိုရန်ဟောင်၏ ပုံရိပ်မှ လမ်းစဉ်မီးလျှံများ ထွက်ပေါ်လာပြီး နွယ်များကို လောင်ကျွမ်းပစ်ရန် ကြိုးပမ်းလိုက်သည်။ သို့ပေမယ့် မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် မဟာလမ်းစဉ်ရောင်ဝါတို့သည် နွယ်နှင့် အကိုင်းအခက်များပေါ် စီးဆင်းလာပြီး မီးလျှံများက ၎င်းတို့ကို မထိတွေ့နိုင်တော့ပေ။

ရွှစ်... ရွှစ်...

နွယ်များက ထိုရန်ဟောင်၏ ခန္ဓာကိုယ်အတွင်းသို့ နစ်မြုပ်လာပြီး သူ့ကို နာကျင်စွာ အော်ဟစ်စေသည်။ သူ့တစ်ကိုယ်လုံးက နွယ်များဖြင့် နှစ်မြှုပ်ခံလိုက်ရပြီး တဖြေး​ဖြေး မွန်းကြပ်လာစေ၏။ သူ့ခန္ဓာကိုယ်ကိုပင် ထပ်မမြင်ရတော့ပေ။

သိပ်မကြာခင်မှာပင် နွယ်များက သွေးတို့ဖြင့် ရဲရဲနီနေသည်။ ဆူညံသံများနှင့်အတူ နွယ်များက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး သွေးများက မိုးကဲ့သို့ ရွာကျလာ၏။ ထိုရန်ဟောင်က မည်သည့်အခါကမှ မတည်ရှိခဲ့ဖူးသလို သုတ်သင်ခံလိုက်ရတော့သည်။

ထိုသည်မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် ရောက်နေသည့် ရန်ဟောင်များ၏ အမူအရာကို ဆိုးရွားစွာ ပြောင်းလဲသွားစေသည်။ သူတို့က ထွက်ခွာရန် ကတိုက်ကရိုက် ပြင်ဆင်လိုက်ကြ၏။ သို့သော် လီချန်ရှန်းက ရှေ့သို့ ​ခြေလှမ်းလိုက်ပြီး လေထဲကို ပျံတက်သွားသည်။ သူ့ပုံရိပ်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အထက်သို့ ထိုးတက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ၏ စွမ်းအားများက အဝေးလေဟာနယ်ကို လွှမ်းခြုံသွားခဲ့ကာ ကြောက်မက်ဖွယ် မဟာလမ်းစဉ်နယ်မြေတစ်ခု ဖြစ်တည်လာခဲ့သည်။ ရှေး​ဟောင်းသစ်ပင်၏ နွယ်များက နေမင်းအား ပိတ်ကွယ်ကာ ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းထားပြီး ကျယ်ပြောသော လေဟာနယ်ထိ ဖြန့်ကျက်သွားသည်။

ရန်ဟောင်များ၏ အမူအရာက ပြောင်းလဲသွား၏။ သူတို့သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ ယခုတွင် လီချန်ရှန်းက လေထဲ၌ ရပ်နေ၏။ နွယ်များက သူ့ပုံရိပ်မှ ဆန့်ထွက်ဖြန့်ကျက်လာကာ ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ လူတိုင်းက လေထဲတွင် ပြည့်နေသော သတ်ဖြတ်ခြင်းဆန္ဒများကို ခံစားမိကြသည်။

ထိုအချိန်တွင် လီချန်ရှန်းက လုံးဝ ပြောင်းလဲသွားပုံရသည်။ သူက ယခင်ကနှင့်မတူတော့ဘဲ တုန်းရှောင်းကုန်းမြေမှ တန်ခိုးရှင်များ သိခဲ့ကြသော လီချန်ရှန်း မဟုတ်တော့ပေ။

ဘုန်း...

ကျယ်ပြောသော လေဟာနယ်တွင် မရေတွက်နိုင်သည့် အကိုင်းအခက်များက အော်မြည်နေပြီး ရန်ဟောင်များပေါ် ကျဆင်းလာသည်။ အလွန်ထက်ရှသည့် အရှိန်အဝါက အကိုင်းအခက်များမှ ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းတို့တွင် ဓားစွမ်းအားများ ပါဝင်နေပုံရသည်။

ရွှိ... ရွှိ... ရွှိ......

နောက်တစ်ခဏတွင် လူအများ၏ အော်သံများ ထွက်ပေါ်လာ၏။ ကောင်းကင်၌ ပြည့်နှက်နေသော အကိုင်းအခက်များက ရန်ဟောင်များစွာကို ထိုးဖောက်သွားသည်။ လတ်ဆတ်သော သွေးများက ကောင်းကင်မှ ရွာကျလာသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အထက်မှ ကောင်းကင်သည် သွေးနီရောင် ဖုံးလွှမ်းသွားခဲ့သည်။ လျှပ်တပြက်အတွင်းမှာပင် မရေတွက်နိုင်သော ရန်ဟောင်များ အသတ်ခံလိုက်ရသည်။

"စီနီယာလီ.. ကျုပ်တို့က အာခီမီနတ်နန်းတော်က လူတွေပါ။ ကျုပ်တို့က ဒီကို လာပြီး ကြည့်ရုံလေးပါပဲ။" အသံများထွက်ပေါ်လာသည်။ သူတို့အားလုံးက အသည်းအသန် အသနားခံလိုက်ကြသည်။ သို့သော် လီချန်ရှန်းက သူတို့အသံကို မကြားပေ။ အဆုံးမဲ့နတ်ရောင်ဝါများက ဤလေဟာနယ်ကို လွှမ်းခြုံထားသည်။ အကိုင်းအခက်များက ဖျက်ဆီး၍မရနိုင်သော ဓားများကဲ့သို့ သူတို့အား တိတ်ဆိတ်စွာ သတ်ဖြတ်သွားလေသည်။

ယခု လီချန်ရှန်းက သေခြင်းနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

တုန်းဟွာအခမ်းအနားအတွင်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် ကြီးမားသော အခက်အခဲဒုက္ခများနှင့် ရင်ဆိုင်ရကာ အဓိကအင်အားစုကြီး သုံးခု၏ အမဲလိုက်ခြင်းကို ခံကြရသည်။ သူတို့အင်အားစုရှိ တစ်ဝက်ထက်ပိုသော လူများမှာ သေဆုံးခြင်းနှင့် ဒဏ်ရာများစွာ ရရှိခဲ့ကြ၏။ ကျုံးချန်က တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ဆေးအင်ပါယာက ပြင်းထန်သည့် ဒဏ်ရာများနှင့် ထွက်ပြေးခဲ့ရသည်။ ယခု လီချန်ရှန်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ပြန်ရောက်လာသောအခါ တုန်းရှောင်းကုန်းမြေမှ တန်ခိုးရှင်များ၏ လုပ်ရပ်ကြောင့် သူက ဒေါသထွက်သွားတော့သည်။ ဤမြင်ကွင်းအား ကြည့်ရင်း လီချန်ရှန်း မည်သို့ ခံစားရမည်ကို တစ်စုံတစ်ယောက်က ခန့်မှန်းနိုင်သည်။

ထိုတန်ခိုးရှင်များမှ ပေးသည့် ဆင်ခြေများအား သူက လျစ်လျူရှုလိုက်၏။ မျှော်စင်ကို လေးစား၍ ရောက်လာသည်တဲ့လား။ တစ်ချက်လာကြည့်ကြသည်တဲ့လား။

သူတို့က ထိုအကြောင်းပြချက်နှင့်ဆိုလျှင် ထိုမျှ လွန်လွန်ကျူးကျူး လုပ်နိုင်မည် မဟုတ်ပေ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ထိုသို့သော ဒုက္ခမျိုးနှင့် မကြုံတွေ့ရစဉ်အခါက သူတို့ထဲမှ မည်သူကမှ ထိုမျှ ရဲတင်းစွာဖြင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ​ခြေချရဲကြလိမ့်မည် မဟုတ်ပေ။

သူတို့က ယခု ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ရပ်နေကြသည်။ ထို့ကြောင့် ဆိုလိုသည်မှာ သူတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင် ကျရှုံးသွားပြီး ၎င်းက ထပ်၍ တည်ရှိတော့မည် မဟုတ်သည်ကို ယုံကြည်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လီချန်ရှန်းက သနားညှာတာမှု မပြသတော့ခြင်း ဖြစ်၏။

ဘုန်း...

ထို့နောက် အဝေးမှ ပြင်းထန်သော ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ဖက်မှ လမ်းစဉ်မီးလျှံများသည် အကိုင်းအခက်များကို လောင်ကျွမ်းပစ်လိုက်သည်။ သူတော်စင်တစ်ပါးကဲ့သို့ ပုဂ္ဂိုလ်သည် လီချန်ရှန်း၏ နယ်မြေအတွင်း တိုးဝင်လာသည်။ ထိုပုံရိပ်က အေးစက်ပြီး လျစ်လျူရှုသော အမူအရာရှိ၏။ ထိုသူက အာခီမီနတ်နန်းတော်၏ နန်းတော်သခင် ဖြစ်သည်။ သူက လီချန်ရှန်းကို စိုက်ကြည့်လိုက်၏။ အေးစက်သောအသံနှင့် သူက ပြောလိုက်သည်။ "လီချန်ရှန်း.. မင်းက ရဲတင်းလွန်းနေတာပဲ။"

လီချန်ရှန်းက တစ်ဖက်လူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အခြားတစ်ဖက်မှ ယန်ဟန်ရှင်းသည် ရှေး​ဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်များ၊ တုန်းရှောင်းကုန်းမြေ၏ ထိပ်သီးအင်အားစုများမှ အဖွဲ့ဝင်အချို့နှင့်အတူ ပေါ်လာခဲ့သည်။ ထိုသည်ကို ကြည့်လျှင် သူတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အား ချေမှုန်းပစ်ရန် ဆွေးနွေးပြီး ​ဖြစ်သည်ကို သိနိုင်ပေသည်။

"နယ်မြေသခင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ အမည်ကို တုန်းဟွာနယ်မြေကနေ ဖယ်ရှားဖို့ အမိန့်ပေးလိုက်တယ်။ လီချန်ရှန်း နယ်မြေသခင်က သနားညှာတာမှုပြပြီး ခင်ဗျား အသက်ကို ချမ်းသာပေးခဲ့တာ။ ဒါပေမယ့် ခင်ဗျားက တုန်းရှောင်းကုန်းမြေရဲ့ တန်ခိုးရှင်တွေကို အညှာအတာမဲ့ သတ်ဖြတ်နေတုန်းပဲ။ ခင်ဗျားက ဒီလိုလုပ်နေမှတော့ ကျုပ်တို့အနေနဲ့ ခင်ဗျားကို သတ်ရုံအပြင်မရှိတော့ဘူး။" ယန်ဟန်ရှင်းက အေးစက်သော အသံနှင့် ပြောလိုက်၏။ သူက တစ်ချိန်လုံး ဤနေရာ၌ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ လီချန်ရှန်း ပြန်လာသည့်အတွက် သူက ကျိန်းသေ သေရလိမ့်မည်။

လီချန်ရှန်းက ပြန်မလာသင့်ပေ။

လီချန်ရှန်းက တစ်ဖက်လူကို လှမ်းကြည့်လိုက်သည်။ သူက မည်သည့်စကားမှ မပြောပေ။ သူ့ပုံရိပ်သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အမြင့်ဆုံးနေရာပေါ်သို့ ဆင်းသက်လာခဲ့သည်။ သူက ပြိုကျသွားသော ထိုနေရာသို့ လမ်းလျှောက်လာ၏။ ထိုနေရာသည် ယခင်က နတ်မျှော်စင်တည်ရှိရာ နေရာဖြစ်သည်။ နတ်မျှော်စင်ကို ဆေးအင်ပါယာက ယူဆောင်သွားလေရာ ထိုနေရာ၌ နက်ရှိုင်းသော ချိုင့်ခွက်ကြီးသာ ကျန်ရစ်၏။

လီချန်ရှန်းက ကျုံးချန်၏ အလောင်းကို ထိုနေရာသို့ ချလိုက်သည်။ သူက ပြောလိုက်၏။ "စီနီယာညီလေး... မင်းက ဒီနေရာမှာ လမ်းစဉ်ကို နားလည်သဘောပေါက်ခဲ့တယ်။ ဒီနေရာမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း အနားယူလိုက်ပါ။"

သူက ပြောလိုက်ပြီး အလောင်းဘေးတွင် ထိုင်ချလိုက်သည်။ ချက်ချင်းပင် သူ့ ခန္ဓာကိုယ်မှ နတ်သစ်ပင်တစ်ပင် ပေါ်ပေါက်လာကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွင်း မြေပြင်တွင် အမြစ်တွယ်လာခဲ့သည်။

"ကျုပ်က ဒီနေရာမှာ ကြီးပြင်းခဲ့တယ်။ ကျုပ်ရဲ့ အဆုံးသတ်ကို တွေ့ရရင်လည်း ဒီနေရာမှာပဲ ဖြစ်ရမယ်။" လီချန်ရှန်းက ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ နတ်အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ ရှေးဟောင်းသစ်ပင်၏ အမြစ်များက မြေအောက်သို့ အရူးအမူးထိုးဖောက်သွား၏။ ၎င်းသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တစ်ခုလုံး၏ မြေအောက်နက်ရှိုင်းသည့် နေရာထိ တိုးဝင်သွားလေသည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာချင်ပုံရသည်။

သူက သူ့အသက်ကို ဤနေရာ၌ ကုန်ဆုံးချင်၏။ သူ သေဆုံးရလျှင် ဤနေရာတွင်သာ ဖြစ်သင့်သည်။

လီချန်ရှန်းသည် အဆုံးသတ်တွင် အသက်ရှည်နိုင်လိမ့်မည် မဟုတ်ပေ။

***

All Chapters