အပိုင်း (၁၂၇)
Vol. 10 Ch. 127
သားနှစ်ယောက်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အပြင်းအထန် ဦးခိုက် တောင်းပန်ကြ၏။ “အဖေ၊ ကျုပ်တို့ မှားမှန်းသိပါပြီ။ နောက်ပိုင်းမှာ သန့်ရှင်းစင်ကြယ်စွာ နေထိုင်ပါ့မယ်။ ကျုပ် တို့ကို ကယ်ပေးပါ”
ဝူကျောက်ကျုံးသည် စကားမဆိုဘဲ လက်အိတ်များကို ဝတ်ဆင်လိုက်သည်။ သားနှစ်ယောက်၏ နောက်သို့ ရောက်သွားပြီး သားတစ်ယောက်၏ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားလိုက်သည်။
“အဖေ .. အဖေ ... မလုပ်ပါနဲ့။ မလုပ်ပါနဲ့ ... ခွင့်လွှတ်ပါ”
ဝူကျောက်ကျုံးသည် ငြင်သာစွာ ပြောလိုက်၏။ “မင်းတို့က ငါ့သားတွေ။ ငါ့မယားငယ်နဲ့ ဖောက်ပြန်တာက သဘာဝအတိုင်း သစ္စာဖောက်မှုဖြစ်ပေမယ့် သိပ်ကြီးမားတဲ့ ရာဇဝတ်မှုတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့က သေရမယ့်လူတွေ ဖြစ်နေပြီ။ အခုရှိနေရင်လည်း ကျန်တဲ့မိသားစုတွေ ဒုက္ခရောက်ရုံပဲ ရှိတယ်”
ဝူကျောက်ကျုံးသည် အားစိုက်ပြီး မိမိသားအရင်းနှစ်ယောက်၏ လည်ပင်းများကို လိမ်ချိုးလိုက်သည်။ ထိုနှစ်ယောက်သည် အော်သံပင် မထွက်နိုင်ဘဲ ပါးစပ်နှင့် နှာခေါင်းမှ သွေးများထွက်ကာ သေဆုံးသွားကြသည်။
...........
“သွား၊ ဝင်သွားကြစမ်း…” ချင်းကန်မြို့စားကြီးအိမ်တော်မှ ဒါဇင်ပေါင်းများစွာသော လူများသည် ငိုယိုနေကြ၏။ ဤလူများအားလုံး ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ သူတို့ကို ချင်းကန် မြို့စားကြီးအိမ်တော်မှ စစ်သားများက လိုဏ်ဂူတစ်ခုသို့ မောင်းသွင်းနေကြ၏။
“မလုပ်ပါနဲ့ … ကျုပ်တို့ ကုသလို့ရပါသေးတယ်”
“မြို့စားကြီး … ခွင့်လွှတ်ပါ”
“ဝူကျောက်ကျုံး... မင်း ခွေးလိုသေပါစေ၊ ခွေးလိုသေပါစေ အား…”
“ဝူကျောက်ကျုံး... တစ်ညတာ အတူနေခဲ့တဲ့ သံယောဇဉ်ကို မထောက်ဘဲ ငါ့ကို သတ်ရက်သလား”
“ဝူကျောက်ကျုံး... ကျွန်မ ရှင့်ကို နွားကျစေခဲ့တယ်။ ရှင့်ရဲ့ သားနှစ်ယောက်ကို ကျွန်မက သွေးဆောင်ဖြားယောင်းခဲ့တာ၊ ဟားဟား…”
လိုဏ်ဂူထဲသို့ ဝင်ရောက်ပြီးနောက် အတွင်းတွင် မီးသွေးအိုး ဆယ်လုံးကျော်ကို မီးရှို့ထားပြီး မီးခိုးထွက်သော မီးသွေးများ၊ အရည်အသွေးမပြည့်မီသော မီးသွေးများ ဖြစ်၏။
“ဒုန်း”
လိုဏ်ဂူ၏ သံတံခါးကို ပိတ်လိုက်သည်။ ခဏအကြာတွင် အတွင်းမှ ပြတ်တောင်းပြတ်တောင်း ချောင်းဆိုးသံများ ထွက်ပေါ်လာ၏။ ဝမ်းနည်းကြေကွဲဖွယ် ပြတ်တောင်းပြတ်တောင်း အော်ဟစ်သံများ၊ နောက်ခဏအကြာတွင် အသံတိတ်သွား၏။ ရောဂါကူးစက်ခံရသူ ဒါဇင်ပေါင်းများစွာသည် သေဆုံးသွားကြသည်။
မြို့စားကြီး ဝူကျောက်ကျုံး၏ ညီ ဝူကျောက်ယင်သည် အရာအားလုံးကို တည်တည်ငြိမ်ငြိမ် ကြည့်နေ၏။ သူ၏ ကျက်သရေရှိသော မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက် နေသည်။ ထို့နောက် သူသည် ငြင်သာစွာ ပြောလိုက်၏။ “ရှမ့်လန်... မင်းကို ကျေးဇူးတင်ပါတယ်”
..............
လင်းကျိုးသည် ပိန်လှီသွားသော်လည်း ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ အဆိပ်ပြင်းသော မြွေတစ်ကောင် ကဲ့သို့ပင်။ သူသည် စစ်သည်တော် ဒါဇင်ပေါင်းများစွာကို ဦးဆောင်၍ မြက်ခင်းထူထဲသော နေရာတစ်ခုတွင် ချောင်းမြောင်းနေသည်။ သူ၏ ပစ်မှတ်သည် ကျင်းကျန့်နန် ဖြစ်သည်။ ရွှမ်ဝူမြို့စားကြီး အိမ်တော်၏ မြင်းတပ်ခေါင်းဆောင် ဖြစ်သလို မူလန်၏ သွေးသောက် အစ်မကြီး။ သိုင်းပညာထူးချွန်ပြီး စစ်မြေပြင် တွင် ရက်စက် ကြမ်းတမ်းသော်လည်း ရှန်းလန်ကို မြင်လျှင် မျက်နှာနီရဲသွားတတ်သော အားနွဲ့သည့် အမျိုးသမီး တစ်ဦးပင်။
ကြောက်မက်ဖွယ်ကောင်းသော ညစ်ညမ်းသည့်ရောဂါအကြောင်း သိရှိပြီးနောက် လင်းကျိုးသည် ဦးစွာ မျှော်လင့်ချက် ကင်းမဲ့ပြီး ကြောက်ရွံ့သွားသည်။ ထို့နောက်တွင်တော့ အဆုံးမရှိသော မုန်းတီးမှုများ ဖြစ်ပေါ်လာသည်။ သူသည် ရှမ့်လန်ကို လက်စားချေရမည်၊ လောကကြီးကို လက်စားချေရမည်။
သူ၏ အမြင်တွင် ဤကျင်းကျန့်နန်သည် ရှမ့်လန်နှင့် အမှန်တကယ်ပင် ဆက်စပ်မှုရှိသည်။ ထို့ကြောင့် သူသည် ဤအမျိုးသမီးကို ဖမ်းဆီးပြီးနောက် အကြိမ် ၁၀ ကြိမ်၊ အကြိမ် ၁၀၀ ဖျက်ဆီးကာ သူ၏ ကိုယ်ပေါ်ရှိ ညစ်ညမ်းသည့် ရောဂါအားလုံးကို သူမထံသို့ ကူးစက်စေရမည်။ သူမက ရှမ့်လန်ထံသို့ ကူးစက်စေနိုင်လျှင် ပိုကောင်းသည်။ မကူးစက်လျှင်လည်း အရေးမကြီးချေ။
အတိုချုပ်ဆိုရသော် သေခါနီးတွင် လင်းကျိုး သည် အဖော် တစ်ယောက်ကို ဆွဲခေါ်သွားရမည်။
ဤကဲ့သို့ စိတ်နေစိတ်ထားရှိသောကြောင့် လင်းကျိုးသည် တိုက်ခိုက်မှုနှင့် အနှောင့်အယှက်ပေးခြင်းကို ရပ်တန့်ရန် အမိန့်ပေးကာ ဤနေရာတွင် သုံးရက်တိုင်တိုင် ချောင်းမြောင်းနေခဲ့သည်။ နောက်ဆုံးတွင် ကျင်းကျန့်နန် ပေါ်လာသည်။ ဤအမျိုးသမီးသည် သားရေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မြင့်မားသော မြင်းကြီးအား စီးနင်းလျက်ရှိရာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ပို၍ပင် သွယ်လျ လှပနေဟန်ရှိသည်။ သူမသည် မြင်းစီးတပ်ဖွဲ့ တစ်ဒါဇင်ကျော်ကို ဦးဆောင်လာသည်။
လင်းကျိုးသည် လမ်းပေါ်တွင် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ထောင်ချောက်တစ်ခုကို တပ်ဆင်ထားခဲ့ပြီးဖြစ်သည်။ ကျင်းကျန့်နန် ဦးဆောင်သော မြင်းတပ်သည် ကြီးမားသော ထောင်ချောက်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။ လင်းကျိုးသည် စိတ်အတွင်း၌ ပပို၍ စိတ်လှုပ်ရှားလာပြီး ပို၍၊ပို၍ စိုးရိမ်လာ၏။
“မြန်မြန်.... ထောင်ချောက်ထဲကို မြန်မြန်ကျစမ်း။ ရွှမ်ဝူမြို့စားအိမ်တော်က ကောင်မ။ မင်း ငါ့လက်ထဲကို ရောက်လာတာနဲ့ ရှင်လျက်နဲ့ ငရဲကျသလို ခံစားရအောင်၊ သေချင်စိတ်ပေါက်အောင် လုပ်ပြမယ်”
လင်းကျိုးသည် ကျင်းကျန့်နန်ကို ငရဲသို့ အတူဆွဲခေါ်သွားရုံသာမက သူမ၏ နောက်မှ စစ်သည်တော် အားလုံးကိုပါ ငရဲသို့ အတူဆွဲခေါ်သွားရန် ဆုံးဖြတ်ထားသည်။ ကျင်းကျန့်နန်ကဲ့သို့သော အမျိုးသမီးကို ချင်းကန်မြို့စားကြီး အိမ်တော်မှ စစ်သည်တော်များက ငြင်းပယ်မည် မဟုတ်ပေ။
သို့ပေမည့် ကြီးမားသော ထောင်ချောက်နှင့် မီတာဆယ်ဂဏန်းသာ ကွာတော့သည့်အချိန်တွင် ကျင်းကျန့်နန်သည် ရုတ်တရက် လက်ကိုမြှောက်ပြီး အော်လိုက်သည်။ “ရပ်”
ဤလမ်း၏ နေရာတိုင်းကို သူမ ကောင်းစွာ မှတ်မိသည်။ ရှေ့တွင် ဤသို့သစ်ရွက်များ၊ သစ်ကိုင်းများ မရှိသင့်ပေ။ သုံးသပ်ရမည်ဆိုလျှင် အန္တရာယ်ရှိ၏။ ထောင်ချောက်ရှိနေသည့် သဘောပင်။
“အသင့်ပြင်”
ကျင်းကျန့်နန်က အမိန့်ပေးပြီး ဓားမော့ကို အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆွဲထုတ်လိုက်သည်။ သူမ၏ နောက်မှ မြင်းစီးသူရဲ ဒါဇင်ပေါင်းများစွာသည်လည်း ဓားများကို အကုန်ဆွဲထုတ်လိုက်ကြ၏။
လင်းကျိုးသည် ဒေါသထွက်သွားသည်၊ ရွှမ်ဝူမြို့စားအိမ်တော်၏ ဤအမျိုးသမီးသည် မျှော်လင့်မထားဘဲ လည်လွန်းလှသည်။
“တက်၊ အဲဒီမိန်းမကိုဖမ်းပြီး အကြိမ် ၁၀၀၊ အကြိမ် ၁၀၀၀ ဖျက်ဆီးပစ်စမ်း” လင်းကျိုး သည် ဟိန်းဟောက်လိုက်သည်။
ထို့နောက် လူတစ်ကိုယ်လုံးသည် မြက်ခင်းထူထဲသောနေရာမှ မြန်ဆန်စွာ ခုန်ထွက်လိုက်သည်။ နှစ်မီတာ ကျော်မြင့်အောင် ခုန်ပြီးနောက် ကျင်းကျန့်နန်ထံသို့ ရက်စက်စွာ ဝင်ရောက်တိုက်ခိုက်လိုက်၏။
ထို့နောက် သူ၏ ခန္ဓာကိုယ်သည် မြေပေါ်သို့သွားသည်။ အကြောင်းမှာ သူ၏ ခြေထောက်နှစ်ဖက်လုံး အရင်းမှ ပြတ်တောက်သွားသောကြောင့် ဖြစ်သည်။ နီစွေးသောသွေးများသည် လေထဲ၌ ပျံ့နှံ့သွားသည်။
သိုင်းပညာရှင်တစ်ယောက်သည် ဖြည်းညင်းစွာဖြင့် တစ်လှမ်းချင်း လှမ်းထွက်လာ၏။
.........
လင်းကျိုးသည် တစ်ခဏမျှ ကြောင်ငေးသွားသည်။ ထိုအခိုက်အတန့်တွင် သူ၏တစ်ကိုယ်လုံးသည် အေးစက်၍ လေဟာနယ်ထဲသို့ ရောက်သွားသကဲ့သို့ ဟာလာဟင်းလင်း ဖြစ်သွားသည်။
“အား... အား...”
ဤအေးစက်လွန်းသော ခံစားချက်ကြောင့် သူသည် နာကျင်စွာဖြင့် အော်ဟစ်ညည်းညူလိုက်မိသည်။ မကြာမီ သူ၏ကံကြမ္မာကို သိရှိနာလည်သွားသော်လည်း သူသည် မကြုံစဖူးသော ကြောက်ရွံ့မှုကို ခံစားနေရဆဲ ဖြစ်သည်။ ထို့ကြောင့် ရူးသွပ်စွာ အော်ဟစ်နေမိ၏။
ချင်ကန်မြို့စားကြီးအိမ်တော်၏ မွေးစားသားဖြစ်သူ ဝူယွမ်ပေါင်သည် ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းလာပြီး လင်းကျိုးကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ဤလင်းကျိုး တစ်ယောက်တည်းသည် ချင်ကန်မြို့စားကြီးအိမ်တော်မှ လူဒါဇင်ပေါင်းများစွာကို သေဆုံးစေခဲ့သည် ဟူသော အဖြစ်ကို သူ ယုံကြည်နိုင်စွမ်း မရှိခဲ့ပေ။
မြို့စားကြီးတွင် သားတော် ကိုးယောက်ရှိသည့်အနက် သုံးယောက်မှာ ရုတ်တရက် သေဆုံးခဲ့ရသည်။ ကိုယ်လုပ်တော် ၁၃ ယောက်ထဲမှ လေးယောက်မှာလည်း အသက်ဆုံးရှုံးခဲ့ရသည်။
လင်းကျိုးသည် သူ၏ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်များ တဖြည်းဖြည်း ယိုစီးထွက်သွားသည်ကို ခံစားနေ ရသည်။ သူသည် အသက်ကို မရှူနိုင်မကယ်နိုင် ရှူသွင်းနေသော်လည်း လေထုမှာ မလုံလောက်တော့သကဲ့သို့ ခံစားရပြီး ဦးနှောက်မှာလည်း မူးဝေလာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာသည်ကို သူ ရှင်းလင်းစွာ သိရှိနေ၏။
“ဘာ... ဘာကြောင့်လဲ” လင်းကျိုးက မေးလိုက်သည်။
ချင်ကန်မြို့စားအိမ်တော်က သူ့အား သတ်ရန် လူလွှတ်လိမ့်မည်ဟု လင်းကျိုး ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သို့ပေမည့် အဘယ်ကြောင့် ဤအချိန်ကျမှ လာသတ်ရသနည်း။ ရွှမ်ဝူမြို့စားအိမ်တော်မှ ကျင်းကျန့်နန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ဝူယွမ်ပေါင်က အဘယ်ကြောင့် ကြားဝင်သတ်ဖြတ်ရသနည်း။ ကျင်းကျန့်နန်ကို သူ ဖျက်ဆီးပြီးသည်အထိ အဘယ်ကြောင့် မစောင့်နိုင်ရသနည်း။
ဝူယွမ်ပေါင်သည် သူ့ကို ပြန်ဖြေလိမ့်မည် မဟုတ်ချေ။ သူသည် လျှပ်စီးလက်သကဲ့သို့ ရှေ့သို့တိုးဝင်လာပြီး လက်ထဲမှ ဓားရှည်ဖြင့် ကြက်ခြေခတ်ပုံစံ လျင်မြန်စွာ ဆွဲလိုက်သည်။ ချက်ချင်းပင် လင်းကျိုး၏ ခန္ဓာကိုယ်သည် အပိုင်းလေးပိုင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အလွန်ပင် သပ်ရပ်ညီညာသော ဓားချက်ပင် ဖြစ်သည်။
လင်းကျိုးသည် အော်ဟစ်ညည်းညူသံပင် မပြုနိုင်လိုက်ဘဲ ချက်ချင်း အသက်ပျောက်သွားခဲ့၏။
စစ်သည်တော်တစ်ယောက်သည် ရှေ့သို့ထွက်လာပြီး ဝူယွမ်ပေါင်အား ဆီတစ်အိုး ပေးလိုက်သည်။ ထိုဆီများကို လင်းကျိုး၏ အလောင်းပေါ်သို့ လောင်းချလိုက်ပြီးနောက် မီးရှို့လိုက်၏။ ခဏအကြာတွင် လင်းကျိုး၏ ရုပ်အလောင်းသည် ပြာမှုန့်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့သည်။
ကျင်းကျန့်နန်သည် ဤအဖြစ်အပျက်အားလုံးကို ကြည့်ရင်း ရင်ထဲတွင် အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည်လည်း လင်းကျိုးကဲ့သို့ပင် မေးခွန်းများဖြင့် ပြည့်နှက်နေ၏။ ဝူယွမ်ပေါင်သည် အဘယ်ကြောင့် ဤအချိန်တွင် ဝင်ရောက်တိုက်ခိုက်ရသနည်း။ လင်းကျိုးက သူမကို တိုက်ခိုက်ပြီးသည့်နောက်မှ အဘယ်ကြောင့် မတိုက်ခိုက်ရသနည်း။
“မင်း ရှမ့်လန် နဲ့ အိပ်ပြီးပြီလား” ဟု ဝူယွမ်ပေါင်က မေးလိုက်သည်။
ကျင်းကျန့်နန်၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားပြီး အလိုလို ခေါင်းခါကာ ဖြေလိုက်မိ၏။ “မအိပ်ပါဘူး”
ဝူယွမ်ပေါင်က ပြောလိုက်သည်။ “ရွှမ်ဝူမြို့စားအိမ်တော် ပျက်စီးပြီးနောက်မှာ မင်းဟာ ငါ့ရဲ့ မိန်းမ ဖြစ်လာလိမ့်မယ်”
ပြီးနောက် ချင်ကန်မြို့စားအိမ်တော်၏ မွေးစားသားသည် အလွန်အေးစက်သောပုံစံဖြင့် လှည့်ထွက်သွားခဲ့သည်။
ကျင်းကျန့်နန်သဘ် တစ်ချက် အံ့အားသင့်သွားပြီးနောက် မျက်နှာ တစ်ခုလုံး တင်းမာသွားသည်။ နင့်မိသားစုတစ်ခုလုံး သေဆုံးသွားရင်တောင်မှ ရွှမ်ဝူအိမ်တော်ကတော့ ဘယ်တော့မှ ပျက်စီးမှာ မဟုတ်ဘူး။ ငါ ကျင်းကျန့်နန်က သခင်လေးရှမ့်လန်ကို တစ်သက်လုံး တစ်ဖက်သတ် ချစ်နေမယ်ဆိုရင်တောင် နင့်လို ရုပ်ဆိုးတဲ့ လူကိုတော့ ဘယ်တော့မှ ကြိုက်မှာ မဟုတ်ဘူး။
အမှန်စင်စစ် ဝူယွမ်ပေါင်သည် ရုပ်မဆိုးပေ။ သို့ပေမည့် ရှမ့်လန်၏ ရှေ့တွင်တော့ ယောက်ျားအများစုမှာ ရုပ်ဆိုးသူများသာ ဖြစ်ပေတော့၏။
...
ရွှမ်ဝူမြို့စားအိမ်တော်မှာတော့ ရှမ့်လန်သည် ကမ္ဘာသစ်ကြီးတစ်ခု၏ တံခါးပေါက်ကို ဖွင့်လှစ်လိုက်သကဲ့သို့ပင်။ သူ၏ ထွင်းဖောက်မြင်နိုင်သော မျက်လုံးများသည် ခန္ဓာကိုယ်ကို ခွဲစိတ်ကုသရန် ထွင်းဖောက်ကြည့်ရှုနိုင်ရုံသာမက သိုင်းကျင့်ကြံသူတို့၏ ဒန်ထျန်နှင့် အတွင်းအားကိုပင် မြင်နိုင်စွမ်းရှိသည်။
သို့ပေမည့် ယခုအချိန်မှာတော့ ရှမ့်လန်၏ မျက်လုံးများသည် သူ့ မိန်းမ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် လုံးဝ ကပ်ငြိနေသည်။ ထို့နောက် သူသည် ဖြည်းဖြည်းချင်း အပေါ်သို့ ရွှေ့လာပြီး နှလုံးသားနေရာတွင် ရပ်တန့်လိုက်ရာ သူ၏မျက်နှာတစ်ခုလုံးသည် မူလန်၏ ရင်ဘတ်ပေါ်သို့ တိုးဝင်လုမတတ် ဖြစ်နေ၏။
မူလန်သည် မည်သို့မှ သည်းမခံနိုင်တော့ဘဲ ရှမ့်လန်၏ မျက်နှာကို လက်ဖြင့် တွန်းထားမိသည်။
“ယောက်ျား... ယောက်ျားက အတွင်းအားကို ကြည့်နေတာရော ဟုတ်ရဲ့လား” မူလန်သည် သံသယဖြင့် မေးလိုက်၏။
ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ ... ဘာတွေစိုးရိမ်နေတာလဲ။ ရန်ကော်နဲ့ ရှောင်လုံနီတို့ သိုင်းကျင့်ကြတာ အဝတ်တောင် မဝတ်ကြဘူး။ ငါတို့က အခု ရှေးရိုးဆန်နေသေးတယ်”
မူလန်က မေးလိုက်သည်။ “သူတို့က ဘယ်သူတွေလဲ။ ဒါနဲ့ ယောက်ျား... ကျွန်မကို တမိုးအောက်မှာ အတော်ဆုံး သိုင်းပညာရှင်ဖြစ်အောင် လေ့ကျင့်ပေးမယ်ဆိုတာ တကယ်လား”
“တကယ်ပေါ့” ဆရာကြီးရှမ့်က ခေါင်းညိတ်ပြလိုက်၏။
ရှမ့်လန်သည် စောစောက နှာဗူးကဲ့သို့ ကဗြက်ကချော် လုပ်နေခြင်း မဟုတ်ပေ။ သူသည် သူ၏ ထွင်းဖောက် မြင်နိုင်သော မျက်စိဖြင့် မူလန်၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းအား စီးဆင်းမှုကို ကြည့်ရှုနေခြင်း ဖြစ်သည်။ အမှန်တော့ တစ်ပေခန့်အကွာမှ ကြည့်လျှင်ပင် ရှင်းလင်းစွာ မြင်နိုင်သော်လည်း ပို၍ရှင်းလင်းစေရန် ရှမ့်လန်က ကပ်၍ ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် မူလန်၏ ဒန်ထျန်၊ သွေးကြောမျှင်များနှင့် တစ်ကိုယ်လုံးရှိ အတွင်းအား စီးဆင်းမှုကို မြင်နေရသည်။
“မိန်းမ... မင်းရဲ့ ညာဘက်လက်မောင်း၊ ဘယ်ဘက်ခြေထောက်နဲ့ ဘယ်ဘက်ရင်အုံ... “
ဤနေရာသို့ ရောက်သော အခါ ရှမ့်လန်သည် ရုတ်တရက် ဒေါသတကြီးဖြင့် ထကာ အော်လိုက်၏။ “ဘယ်သူလဲ။ ဘယ်သူက မင်းရဲ့ ဘယ်ဘက် ရင်အုံကို ဒဏ်ရာရစေတာလဲ။ ဓားနဲ့ ထိုးတာ၊ တုတ်နဲ့ ရိုက်တာ မဟုတ်ဘူး။ လက်ဝါးနဲ့ ရိုက်ထားတာပဲ။ ငါ သူ့ကို သတ်မယ်။ သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်။ အဲဒီနေရာကို ငါတစ်ယောက်ပဲ ထိခွင့်ရှိတာ”
မူလန်သည် ပထမတော့ အံ့ဩသွားသည်။ ယောက်ျားသည် တဏှာရူးကဲ့သို့ လုပ်နေခြင်းမဟုတ်ဘဲ အမှန်တကယ် မြင်နိုင်စွမ်း ရှိနေသည်လား။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်ပြောသည့် နေရာသုံးခုရှိ သွေးကြောမျှင်များသည် အမှန်တကယ် ဒဏ်ရာရခဲ့ဖူးသောကြောင့် ဖြစ်သည်။ သူ ဘယ်လို မြင်နိုင်ပါသနည်း။ အပေါ်ယံတွင်တော့ ထိုနေရာများဆီမှ ဒဏ်ရာများသည် ပျောက်ကင်းနေပြီ ဖြစ်သည်။
“ကျွန်မရဲ့ ရင်ဘတ်ကို ဒဏ်ရာရစေခဲ့တာက အမျိုးသမီးတစ်ယောက်ပါ” မူလန်က ပြောလိုက်၏။
“အင်း... ဒါဆိုရင် တော်သေးတာပေါ့” ရှမ့်လန်က ပြောလိုက်သည်။
“ဟမ်” မူလန်က မျက်မှောင်ကြုတ်လိုက်သည်။
ရှမ့်လန်သည် လူသတ်ချင်သော အငွေ့အသက်များဖြင့် ပြောလိုက်၏။ “ဘယ်သူလဲ။ ငါ သူမကိုလည်း အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”
ဤတစ်ကြိမ်တွင်တော့ သူ၏ ဟန်ဆောင်မှုမှာ သိသာလွန်းနေသည်။
“ကျုံးရှီရှီပါ” မူလန်က ဖြေလိုက်၏။
“အနောက်တောင် နယ်စားအိမ်တော်ကလား”
ထိုအိမ်တော်သည် ရွှဲ့နိုင်ငံတော် တည်ထောင်စဉ်က တည်ရှိခဲ့သော တော်ဝင်မျိုးနွယ်များထဲတွင် ဒုတိယအဆင့် ရှိပြီး ရွှမ်ဝူမြို့စားကြီးအိမ်တော်နှင့် နှိုင်းယှဉ်လျှင် သူတို့က စစ်မှန်သော စစ်ဘုရင်ကြီးများ ဖြစ်ကြသည်။ ကျုံးမိသားစုသည် အနောက်ပိုင်းစစ်သည် တစ်သိန်းကို အုပ်ချုပ်ပြီး ချူနိုင်ငံတော်ကို ခုခံကာကွယ်နေရသည်။ ဤမိသားစုသည် စစ်သူကြီးများ တိမ်တိုက်ကဲ့သို့ ပေါများစွာ ထွက်ပေါ်သည့် မိသားစုဟု ဆိုနိုင်သည်။
ရွှဲ့နိုင်ငံတော်တွင် ဘုရင်မင်းမြတ်ပင် သုံးခါပြန်စဉ်းစားရလောက်အောင် ဩဇာကြီးမားသော မိသားစုနှစ်ခု ရှိသည်။ တစ်ခုမှာ ရန်ကျိုးနယ်မှ ဝူဝေမြို့စားကြီးအိမ်တော်ဖြစ်ပြီး ဒုတိယမှာ အနောက်တောင်နယ်စားအိမ်တော် ဖြစ်၏။
ရှမ့်လန်က မေးလိုက်သည်။ “ကျုံးရှီရှီဆိုတဲ့ မိန်းမက ဘာလို့ မင်းကို ဒဏ်ရာရအောင် လုပ်ရတာလဲ”
မူလန်က ဖြေလိုက်၏။ “သိုင်းပညာ ယှဉ်ပြိုင်ရင်းနဲ့ပါ”
“မိန်းမ... မင်းဒဏ်ရာရခဲ့တဲ့ နေရာသုံးခုက အပေါ်ယံမှာ ပျောက်ကင်းနေပေမယ့် အတွင်းပိုင်းရဲ့ သွေးကြောတွေက ပျက်စီးနေတုန်းပဲ”
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ဒါကြောင့် အတွင်းအားက အဲဒီနေရာတွေကို ဖြတ်သန်းတဲ့အခါ နှေးကွေးပြီး စုပ်ယူခံနေရတယ်။ ဒါက မင်းရဲ့ သိုင်းပညာ တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေတယ်”
မူလန်သည် အံ့အားသင့်စွာဖြင့် မေးလိုက်၏။ “ဟုတ်တယ်။ ယောက်ျား ... ဒါကိုပါ မြင်နိုင်တာလား”
ရှမ့်လန်က ပြောလိုက်သည်။ “ငါ ပစ္စည်းပစ္စယတွေ ပြင်ဆင်ရအုံးမယ်။ မင်းရဲ့ သွေးကြောတွေထဲက ပျက်စီး ပိတ်ဆို့နေတဲ့ နေရာတွေကို လုံးဝ သန့်စင်ပေးမယ်။ ဒါဆိုရင် မင်းရဲ့ တစ်ကိုယ်လုံးက သွေးကြောတွေ အဟန့်အတားမရှိ ပြန်ကောင်းသွားပြီး အနည်းဆုံးတော့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည် တစ်စိတ်တစ်ပိုင်း တိုးတက်လာလိမ့်မယ်”
ပြီးနောက် ရှမ့်လန်သည် သိချင်စိတ်ပြင်းစွာဖြင့် မေးလိုက်သည်။ “မိန်းမ...ဘာဖြစ်လို့ မင်းရဲ့ အတွင်းအားတွေက ခရမ်းရောင် ဖြစ်နေရတာလဲ”
မူလန်သည် အလွန်အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာဖြင့် ပြန်မေးလိုက်မိ၏။ “ယောက်ျား ဒါကိုပါ မြင်နိုင်တယ် ဟုတ်လား”
“ဟုတ်တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီခရမ်းရောင် အတွင်းအားက ဘယ်လို ဖြစ်လာတာလဲ”
မူလန်က ရှင်းပြလိုက်၏။ “ဒါက မွေးရာပါ သွေးမျိုးဆက်ကြောင့်ပါ။ သိုင်းပညာပါရမီဆိုတာ မွေးရာပါပဲ။ မွေးပြီးနောက်ပိုင်း ကြိုးစားအားထုတ်မှုကလည်း အရေးကြီးတာပေါ့”
ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို ခရမ်းရောင် အတွင်းအားက ဘာကို ကိုယ်စားပြုတာလဲ။ အရမ်း ထူးချွန်တာလား”
မူလန်က ပြောလိုက်၏။ “အဆင့်အတန်း မြင့်မားတယ်။ ဓားသိုင်းပညာနဲ့ စစ်မြေပြင်သိုင်းပညာတွေကို အထူးပြု လေ့ကျင့်ဖို့ သင့်တော်တယ်။ အရမ်းကို ရှားပါးတဲ့ သွေးမျိုးဆက်ပဲ”
“မိန်းမက တကယ်တော်တာပဲ”
မူလန်က မေးလိုက်သည်။ “ခရမ်းရောင်သွေးမျိုးဆက်တို့၊ တခြားသွေးမျိုးဆက်တို့ ဆိုတာတွေက သာမန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။ ဒါက တင်စားခေါ်ဝေါ်တဲ့ စကားလုံးတစ်ခုပဲ။ ယောက်ျားက ဘယ်လိုလုပ် မြင်နိုင်ရတာလဲ”
သူမယောက်ျား၏ စွမ်းရည်နှင့် ပတ်သက်၍ မူလန်သည် နားလည်နိုင်စွမ်းပင် မရှိတော့ပေ။ သို့ပေမည့် ယောက်ျားတွင် ထိုအရာများကို မြင်နိုင်သည့် ထူးဆန်းသောစွမ်းရည် ရှိနေသည်လား။
ရှမ့်လန်ကိုယ်တိုင်လည်း အလွန် အံ့ဩနေသည်။ သူ၏ ထွင်းဖောက်မြင်နိုင်သော မျက်လုံးများသည် ဤမျှလောက်ပင် စွမ်းဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သွေးမျိုးဆက်နှင့် အတွင်းအားအရောင်ကိုပင် မြင်နိုင်သည်လား။
ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို အဆင့်အမြင့်ဆုံး၊ အားအကောင်းဆုံး သွေးမျိုးဆက်က ဘာလဲ”
မူလန်က ဖြေလိုက်၏။ “ရွှေရောင်ပေါ့။ ဒါက သိုင်းပညာပါရမီရဲ့ အထွတ်အထိပ်ပဲ”
ရှမ့်လန်က မေးလိုက်သည်။ “ဘယ်သူက အဲဒီလောက် ကံကောင်းတာလဲ။ ရွှေရောင်သွေးမျိုးဆက်ကို ပိုင်ဆိုင်တဲ့သူ ရှိလား
မူလန်က ပြောလိုက်၏ “ရှားပါးလွန်းတယ်။ ကျွန်မရဲ့ ဆရာကြီး ကျုံးချူကဲ့ တောင်မှ ဘဝတစ်သက်တာလုံးမှာ ရွှေရောင်သွေးမျိုးဆက်ကို တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောတယ်”
သိုင်းဆရာကြီးပင် မမြင်ဖူးဘူးဆိုပါလား။ ထိုသူသည် လောကတစ်လွှား လှည့်လည်သွားလာပြီး သိုင်းပညာရှင်ပေါင်းမြောက်များစွာနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤသွေးမျိုးနွယ်သည် ကမ္ဘာပေါ်တွင် အမှန်ပင် ရှားပါးပေလိမ့်မည်။
ထိုအကြောင်းကို သိလိုက်ရချိန်မှာတော့ ရှမ့်လန်သည် စိတ်ထဲတွင် ပို၍ နေသာထိုင်သာ ရှိသွားသည်။
ငါ့မှာ ရွှေရောင်သွေးမျိုးဆက် မရှိပေမယ့် တခြားသူတွေမှာလည်း မရှိဘူးပဲ။
...