အပိုင်း (၁၂၈)
Vol. 10 Ch. 128
ဆရာကြီး ကျုံးချူကဲ့သည် အရူးကြီးကို ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည်။ ရွှမ်ဝူမြို့စားအိမ်တော်သည် ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်နေရသော်လည်း သူနှင့် မည်သို့မျှ မပတ်သက်ချေ။ သူကဲ့သို့သော သိုင်းဆရာကြီးသည် နိုင်ငံရေးတွင် ဘယ်သောအခါမှ မပါဝင်ပေ။
ရှမ့်လန်သည် လမ်းတစ်လျှောက်လုံး စဉ်းစားနေမိသည်။ ဤရွှေရောင်သွေးမျိုးဆက်သည် မည်မျှအထိ ထူးခြားမည်နည်း။ ရာစုနှစ်တစ်ခုတွင် တစ်ခါသာ ပေါ်ထွန်းသော ပါရမီရှင်မျိုး ဖြစ်ပေလိမ့်မည်။ ထိုပါရမီရှင်သည် မည်သည့်အခြေအနေအထိ တော်နိုင်မည်နည်း။ လောကကြီးကို အုပ်စိုးနိုင်သည်အထိလား။
စဉ်းစားနေတုန်း သူ၏ရှေ့ဆီမှ လူတစ်ယောက် ဖြတ်လျှောက်သွားရာ ရှမ့်လန်သည် အမှတ်မထင် မော့ကြည့်လိုက်၏။ သူသည် အလိုလိုပင် ထွင်းဖောက် မြင်နိုင်သော မျက်စိဖြင့် သေချာစွာ ကြည့်လိုက်မိသည်။
“သောက်ကျိုးနည်း .. ရွှေရောင်သွေးမျိုးဆက်က လောကမှာ ရှားပါးတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဘာလို့ ငါ အပြင်ထွက်လိုက်တာနဲ့ တစ်ယောက် လာတွေ့ရတာလဲ”
သူ ရှင်းလင်းစွာ မြင်နေရသည်။ ထိုလူ၏ ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသော အတွင်းအားများသည် ရွှေရောင် ဖြစ်နေသည်။ ကောင်းကင်ဘုံကိုပင် စိန်ခေါ်နိုင်သော ရွှေရောင်သွေးမျိုးဆက်။
“အရူးကြီး”
“ဟဲဟဲ... အရူးလေး... ငါ ဆရာ့နောက်လိုက်ပြီး တောင်ပေါ်တက်တော့မယ်”
အရူးကြီးသည် လက်နှစ်ဖက်ကို ဆန့်တန်းကာဖြင့် ရှမ့်လန်ကို ပွေ့ဖက်ပြီး အလေးအနက် ပြောလိုက်သည်။ “အရူးလေး .. မင်း ကြိုးစားရမယ်နော်”
ရှမ့်လန်သည် အံ့ဩတုန်လှုပ်နေဆဲဖြစ်၍ တုံ့ပြန်မှု မပြုနိုင်သေးချေ။ ဒါ... ဒါ ဘယ်လိုအခြေအနေကြီးလဲ။ အရူးကြီးရဲ့ သိုင်းပညာပါရမီက အရမ်းမြင့်တယ်လို့တော့ ပြောဖူးတယ်။ ဒါပေမယ့် သူ့ရဲ့ သိုင်းပညာပါရမီက ဒီလောက်အထိ မြင့်မားတယ်လို့ ဘယ်သူမှ ငါ့ကို မပြောခဲ့ဘူး။ ရွှေရောင်သိုင်းသွေးမျိုးဆက်တဲ့လား။ ဒီလောက်တောင် ရူးသွပ်ချင်စရာ ကောင်းနေတာလား။ သူက ဇာတ်လိုက်မှ မဟုတ်တာ၊ ဘာလို့ ဒီလောက်တော်နေရတာလဲ။ ဒါနဲ့ ဒီဇာတ်လမ်းမှာ ငါက ဇာတ်လိုက် မဟုတ်လား။
ကျုံးချူကဲ့သည် ရွှမ်ဝူမြို့စားကြီးအိမ်တော်၏ ကိစ္စများတွင် မပါဝင်လိုဘဲ အရူးကြီးကို တောင်ပေါ်သို့ အမြန်ခေါ်သွားလိုသည့် အကြောင်းရင်းကို ယခုမှပင် နားလည်တော့သည်။ သူသည် အရူးကြီးအား ဒုတိယ ဆရာကြီး တစ်ပါးပါးက တွေ့ရှိသွားမည်ကို စိုးရိမ်နေခြင်းပင် ဖြစ်ပေမည်။
“အရူးလေး... မင်း ကြိုးစားရမယ်နော်” အရူးကြီးသည် အလေးအနက် ထပ်ပြောသည်။
ရှမ့်လန်က မေးလိုက်၏။ “ဘာကို ကြိုးစားရမှာလဲ”
အရူးကြီးက ပြောလိုက်သည်။ “ကလေးရဖို့လေ”
ရှမ့်လန်က အရူးကြီး၏ ပခုံးကို ပုတ်ပြီး မှာလိုက်၏။ “မင်း တောင်ပေါ်ရောက်ရင် သိုင်းပညာကို ကောင်းကောင်း ကျင့်ရမယ်”
အရူးကြီးသည် အားတက်သရော ခေါင်းညိတ်ပြ၏။
ရှမ့်လန်က ထပ်ပြောလိုက်သည်။ “မင်း အရမ်းတော်လာတဲ့အခါ ပြိုင်ဘက်ကင်းသိုင်းပညာတွေကို ငါ့ဆီ ပြန်လွှဲပေး”
အရူးကြီးက အလေးအနက်ထား၍ အားရပါးရ ခေါင်းညိတ်ပြပြန်၏။
ကျင်းမူကုန်းသည် မျက်ရည်များဖြင့် လျှောက်လှမ်းလာသည်။ အရူးကြီး ထွက်သွားသည်ကို သူ အမုန်းဆုံး ဖြစ်သည်။ အိမ်တွင် လူကောင်းတစ်ယောက်တည်း ရှိသည်။ ထိုသူသည် အရူးကြီးပင် ဖြစ်သည်။
“အရူးကြီး... ခင်ဗျားထွက်သွားတော့မှာလား။ ကျုပ် ဝမ်းနည်းမိတယ်။ ဒါနဲ့ ကျုပ်ပို ဘာများ မှာစရာရှိသေးလဲ” ကျင်းမူကုန်း က မေးလိုက်၏။
အရူးကြီးသည် ကျင်းမူကုန်းကို ကြည့်ပြီး အလေးအနက် ပြောလိုက်သည်။ “အရူးနံပါတ်သုံး... မင်း ကြိုးစားရမယ်”
ကျင်းမူကုန်းက မေးလိုက်၏။ “ဘာကို ကြိုးစားရမှာလဲ”
အရူးကြီးက ပြောလိုက်သည်။ “မိန်းမ ရအောင် ကြိုးစားရမယ်။ မင်းလို ရုပ်ဆိုးတဲ့လူတွေက ပုံမှန်ဆို မိန်းမ မရနိုင်ဘူး”
ကျင်းမူကုန်းသည် နှလုံးသားတစ်ခုလုံး ဓားဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ “ခင်ဗျား ... ခင်ဗျား သွားတော့”
...
မထွက်ခွာမီတွင် ဆရာကြီး ကျုံးချူကဲ့က ပြောခဲ့သည်။ “မူလန်... မင်းက ထန်ယွင်ရဲ့ ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးတော့ လူငယ်မျိုးဆက်ထဲမှာ ထန်ယွင်ရဲ့ ပြိုင်ဘက် တစ်ယောက်မှ မရှိဘူးလို့ ပြောရမယ်။ ငါးနှစ်လောက်ကြာရင်တော့ အရူးကြီး ဖြစ်လာနိုင်တယ်။ “သိုင်ရူး ထန်ယွင်က ၁၄ နှစ်လုံးလုံး ကြယ်ကြွေဓား တစ်ကွက်တည်းကိုပဲ လေ့ကျင့်ခဲ့တာ။ အခြေခံအားဖြင့် ချေဖျက်လို့ မရတဲ့ သိုင်းကွက်ပဲ”
မူလန်က မေးလိုက်၏။ “ဆရာကြီး ...မျှော်လင့်ချက် နည်းနည်းလေးတောင် မရှိဘူးလား”
ကျုံးချူကဲ့က ပြောလိုက်သည်။ “မျှော်လင့်ချက် နည်းနည်းလေးတောင် မရှိဘူး။ ရွှဲ့နိုင်ငံတော်က လူငယ် သိုင်းပညာရှင်အားလုံး ထန်ယွင်ကို စိန်ခေါ်ခဲ့ပြီးပြီ။ ခြွင်းချက်မရှိ အားလုံး အပြတ်အသတ် ရှုံးနိမ့်ခဲ့ကြတယ်”
ဤစကားသည် မူလန်၏ နှလုံးသားကို အမှောင်ကျသွားစေခဲ့သည်။ ကျင်းချန်ကျွန်းတိုက်ပွဲသည် တိုက်ပွဲသုံးပွဲဖြင့် အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ သူမနှင့် ထန်ယွင်တို့၏ တိုက်ပွဲသည် အလွန်အရေးကြီးပြီး အောင်နိုင်သူနှင့် ရှုံးနိမ့်သူကို တိုက်ရိုက် အဆုံးအဖြတ်ပေးကာ ရွှမ်ဝူမြို့စားအိမ်တော် သေခြင်း၊ရှင်ခြင်းကိုပင် ဆုံးဖြတ်ပေးနိုင်စွမ်း ရှိ၏။
ဤကြယ်ကြွေဓားကွက်သည် ကောင်းကင်ပင်လယ်နန်းဆောင်၏ အဓိက သိုင်းရတနာဖြစ်သည်။ တောင်ပင်လယ် ဓားဘုရင် လီချန်ချိုးသည်လည်း ဤကြယ်ကြွေဓားကွက်ဖြင့်ပင် လောကတွင် ပြိုင်ဘက်ကင်း ဆရာကြီးတစ်ပါး ဖြစ်လာခဲ့သည်။ လီချန်ချိုးသည် အခြားသော ဓားသိုင်းပညာများကိုလည်း လေ့ကျင့်ခဲ့သော်လည်း ထန်ယွင်မှာမူ သူ၏တစ်သက်တာတွင် ဤသိုင်းကွက်တစ်ခုတည်းကိုသာ လေ့ကျင့်ခဲ့သည်။
ရှမ့်လန်က ရုတ်တရက် ဝင်ပြောလိုက်၏။ “ဆရာကြီး... ကြယ်ကြွေဓားကွက်က ကောင်းကင်ပင်လယ်နန်းဆောင် ရဲ့ အဓိကရတနာဖြစ်ပြီး နှစ်ပေါင်းများစွာ အရှုံးမရှိခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အားနည်းချက် လုံးဝမရှိဘူး၊ ချေဖျက်လို့ လုံးဝမရဘူးလို့တော့ ဆိုလိုတာ မဟုတ်ပါဘူး”
ဆရာကြီးသည် ရှမ့်လန်ဘက်သို့ တစ်ချက် လှည့်ကြည့်ပြီး စကားမဆိုဘဲ နေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူကဲ့သို့သော သိုင်းဆရာကြီးနှင့် သာမန်လူတစ်ယောက်ကြားတွင် ဆွေးနွေးဖလှယ်ရန် နည်းလမ်း မရှိသောကြောင့်ပင်။
သိုင်းပညာ အနည်းငယ်မျှပင် မတတ်မြောက်သော ရှမ့်လန်သည် ကြယ်ကြွေဓားကွက်ကို ချေဖျက်ရန် ပြောဆိုနေခြင်းမှာ အနည်းငယ် ရယ်ရွှင်ဖွယ်ကောင်းလှသည်။ ဤစကားသည် ယုံကြည်နိုင်ဖွယ်ရာ မရှိသည့်အပြင် ရူးနေသလားဟုပင် သံသယဝင်စရာရှိသည်။
မင်း ရှမ့်လန်က ဘယ်လောက်ပဲ ပါရမီရှင်တစ်ယောက် ဖြစ်နေပါစေ။ ဒါက ဗျူဟာပိုင်းမှာပဲ ဖြစ်လိမ့်မယ်။ သိုင်းပညာနဲ့ပတ်သက်လို့တော့ မင်းမှာ နားလည်မှု အနည်းငယ်လေးတောင် မရှိဘူး။ အပေါ်ယံ အသိပညာ လေးတောင် မရှိဘဲ ဘာကို ချေဖျက်ဖို့ ဆွေးနွေးနေတာလဲ။ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာလား။
ဆရာကြီးကျုံးချူကဲ့က ပြောလိုက်၏။ “မူလန်... ငါ့ရဲ့တပည့်ဖြစ်နေခြင်းက မင်းအတွက် နောက်ဆုံး ထွက်ပေါက်တစ်ခုအဖြစ် ရှိနေလိမ့်မယ်။ လုံးဝမရနိုင်တော့တဲ့ အခြေအနေမှာ ငါ့ဆီ လာခဲ့ပါ”
ထို့နောက် သူသည် အရူးကြီးကို ခေါ်ဆောင်၍ ထွက်ခွာသွားတော့သည်။
...
မူလန်၏ ဖိအားသည် အလွန်ကြီးမားပြီး ပြိုလဲကျမတတ်ပင်။ သူမသည် အချိန်တိုင်း ရူးသွပ်မတတ် ဓားသိုင်းကို လေ့ကျင့်နေပြီး အားအင်ကုန်ခမ်းသည်အထိ လေ့ကျင့်နေသည်။ ဤတစ်ကြိမ်တွင် ရှမ့်လန်သည် သူမကို နှောင့်ယှက်ခြင်း မပြုဘဲ ဘေးတစ်ဖက်ဆီမှ ကူညီပေးနေသည်။ သူမ လေ့ကျင့်ပြီးသွားချိန်တိုင်းတွင် ရှမ့်လန်သည် အထူးအကျွမ်းကျင်ဆုံး နည်းလမ်းများဖြင့် နှိပ်နယ်ပေးသည်။ ထို့အပြင် သူ၏လက်နှစ်ဖက်သည် သူမ၏ ပေါင်ခြံနားသို့ ရောက်ခဲ့သော်လည်း အလယ်သို့ တစ်လက်မမျှပင် မရွေ့ခဲ့ပေ။ သူသည် လူကြီးလူကောင်း တစ်ယောက် ဖြစ်၏။
“ယောက်ျား... ကျွန်မ... ကျွန်မ ထန်ယွင်ကို တကယ် မနိုင်နိုင်ဘူး။ ဆရာကြီးရဲ့ စကားတွေက ဘယ်တော့မှ မလွဲခဲ့ပါဘူး။ ကြယ်ကြွေဓားကွက်က တကယ်ကို ချေဖျက်လို့ မရဘူး။ ကျွန်မ စုကျန့်ထင်ရဲ့ သိုင်းကွက်တောင် မနိုင်နိုင်မှတော့ ထန်ယင်ကို ဘယ်လိုလုပ် နိုင်မှာလဲ”
“ကျင်းဟိုင်မြို့စားကြီးအိမ်တော်နဲ့ တိုက်ပွဲသုံးပွဲမှာ ဒီတိုက်ပွဲက အရေးကြီးဆုံးပဲ။ ရှုံးသွားရင် ကျင်းချန်ကျွန်းတိုက်ပွဲမှာ ကျွန်မတို့ အပြတ်အသတ် ရှုံးနိမ့်သွားပြီ။ ကျွန်မ ရှုံးသွားရင် ကျင်းမိသားစုရဲ့ အပြစ်သား ဖြစ်သွားလိမ့်မယ်။ ကျွန်မတို့ ရွှမ်ဝူအိမ်တော်လည်း အခြေခံအားဖြင့် ပြီးဆုံးသွားပြီ”
မည်သူသူမှ ထာဝရ ခိုင်မာသော ယုံကြည်မှု မရှိကြပေ။ လူတိုင်းတွင် အားနည်းသောအချိန်များ ရှိကြပြီး အရင်းနှီးဆုံးလူ၏ ရှေ့မှောက်တွင်သာ ထိုအားနည်းမှုကို ထုတ်ဖော်ပြသကြသည်။
ရှမ့်လန်သည် ထပ်မံကာ မေးလိုက်၏။ “မိန်းမ... မင်း ငါ့ကို ယုံကြည်လား”
မူလန်က ပြောလိုက်သည်။ “ကျွန်မ ယောက်ျားကို ယုံကြည်တယ်။ ကျွန်မမျက်စိထဲမှာ ယောက်ျားက အရာအားလုံးကို တတ်စွမ်းနိုင်သူပါ”
သို့ပေမည့် ရှမ့်လန်သည် သိုင်းပညာနှင့် ပတ်သက်၍ ဘာမှမသိပေ။ သူသည် ကြက်တစ်ကောင်ကိုပင် လည်လိမ်နိုင်သည့် ခွန်အားမရှိပေ။ အမှန်အတိုင်းပြောရလျှင် ‘ကြယ်ကြွေဓား’ ဟူသော ဓားသိုင်းကွက်အကြောင်း ဘာမှမသိပေ။ ဓားသိုင်းပညာ၏ အခြေခံအကျဆုံး အသိပညာပင် မရှိဘဲ ထိုအရာကို ချေဖျက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ဤဓားသိုင်းကွက်ကို ဆရာကြီး ကျုံးချူကဲ့ပင် ချေဖျက်နိုင်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူနှင့် လီချန်ချိုးတို့ တိုက်ပွဲဖြစ်ခဲ့ဖူးသောကြောင့်ပက်။ သိုင်းပညာဆရာကြီးပင် ချေဖျက်ရန် နည်းလမ်းမရှိသော ဓားသိုင်းကွက်ကို ရှမ့်လန်က ချေဖျက်နိုင်သော နည်းလမ်းရှိသည်ဟု ဆိုခြင်းမှာ ရူးသွပ်သူတစ်ဦး၏ အဓိပ္ပာယ်မရှိသော စကားပင် ဖြစ်ပေလိမ့်မည်။ အမှန်တကယ်ပင် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်း ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ... ‘ကြယ်ကြွေဓား’ ကို ချေဖျက်ဖို့ နည်းလမ်းက ဒီညနေလောက်ဆို ရလဒ် ထွက်လာနိုင်လောက်တယ်”
...
ရှစ်မိသားစုအတွင်း
ကျန်းကျင်းက ပြောလိုက်သည်။ “အဖေက ပြောခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ကျန်းမိသားစုက စေ့စပ်ပွဲကို ဘယ်တော့မှ မဖျက်သိမ်းဘူးတဲ့”
ရှစ်ချင်းချင်းသည် နှလုံးသားထဲတွင် လှုပ်ရှားသွားပြီး နွေးထွေးစွာဖြင့် ပြောလိုက်၏။ “ယောက်ျား... ကျေးဇူးတင်ပါတယ်။ ယောက်ျားနဲ့ လက်ထပ်ခွင့်ရတာ ချင်းချင်းရဲ့ တစ်သက်တာအတွက် ကံကောင်းခြင်းပါပဲ”
ကျန်းကျင်းက ပြောလိုက်သည်။ “အဖေနဲ့ ကျန်းယွမ်နယ်စား၊ ကျင်းဟိုင်မြို့စား၊ ယင်ယွမ်အဖွဲ့အစည်းတို့ရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲက အောင်မြင်စွာ ပြီးဆုံးသွားပြီ။ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်လည်း မကြာခင် ထွက်လာတော့မယ်။ ရွှမ်ဝူမြို့စာအိမ်တော် ပျက်စီးခြင်းက စတင်နေပြီ။ အနီးအနားက တော်ဝင်မျိုးနွယ်တွေနဲ့ အရာရှိကြီးတွေက ရွှမ်ဝူမြို့စားကြီးအိမ်တော် ပြိုလဲကျမှာကို စောင့်နေကြတယ်။ အလောင်းကို ဆွဲဖြဲကိုက်စားဖို့ မျှော်လင့်နေကြတာပဲ”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ယောက်ျားနဲ့ ယောက္ခထီးတို့ကတော့ အကြီးဆုံးဝေစုကို သေချာပေါက် ရရှိမှာပါ”
ကျန်းကျင်းက ထပ်ပြောလိုက်သည်။ “ရှစ်မိသားစုလည်း ခြွင်းချက် မဟုတ်ပါဘူး။ ရွှမ်ဝူမြို့စားကြီးအိမ်တော် ပြိုလဲကျသွားရင် ပိုးစာခင်း ဧက ၃၀,၀၀၀ ကို မင်းတို့ဆီ လွှဲပြောင်းပေးလိမ့်မယ်။ အမည်ခံအနေနဲ့ မင်းတို့မိသားစုက ဝယ်ရမှာပေါ့။ ဒါပေမဲ့ ဒီငွေကို ယင်ယွမ်အဖွဲ့အစည်းဆီက ချေးငှားနိုင်တယ်”
ရွှမ်ဝူမြို့စားအိမ်တော် မပျက်စီးသေးသော်လည်း ဝေစုကိုတော့ ခွဲဝေပြီးနေပြီ ဖြစ်သည်။ ဤစကားကို ကြားသည့်အချိန်မှာတော့ ရှစ်ချင်းချင်း၏ အသက်ရှူနှုန်းများသည် မြန်ဆန်လာပြီး ခန္ဓာကိုယ်သည်လည်း အနည်းငယ် ပူနွေးလာသည်။ သူမ အချစ်ဆုံးအရာသည် စည်းစိမ်ဥစ္စာပင် ဖြစ်သည်။ ပိုးစာခင်း ဧက ၃၀,၀၀၀ သည် ကြီးမားလွန်းသည့် စည်းစိမ်ဥစ္စာဖြစ်ပြီး ပိုးစိမ်းများကို အဆက်မပြတ် ထုတ်လုပ်ပေးနိုင်ကာ ပိုက်ဆံပင် တစ်ပင်နှင့်ပင် ဆင်တူ၏။
“ကျေးဇူးတင်ပါတယ် ယောက်ျား... ကျေးဇူးတင်ပါတယ် ယောက္ခထီး” ရှစ်ချင်းချင်းသည် လှပသော မျက်ဝန်းများဖြင့် ကျန်းကျင်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ထို့နောက် သူမက မေးလိုက်၏။ “ရွှမ်ဝူမြို့စားအိမ်တော် ပျက်စီးခြင်းက နီးကပ်လာပြီဆိုတော့ ယောက္ခထီးတော်ရဲ့ ယန်ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးကို ရယူမယ့်ကိစ္စ စတင်တော့မှာလား။ အဲဒါဆို ငွေအများကြီး လိုအပ်မှာပဲ”
ကျန်းကျင်းက ခေါင်းညိတ်ပြသည်။
ရှစ်ချင်းချင်းသည် နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။ “ယောက်ျား ကျွန်မကို ယုံကြည်ပါ။ ကျွန်မတို့ ရှစ်မိသားစုရဲ့ အလုပ်ရုံကြီး မီးလောင်သွားပေမယ့် အချိန်မီ ကုန်ပစ္စည်းတွေ ပေးပို့နိုင်သရွေ့ ကျွန်မတို့ရဲ့ ရွှေအမှတ်တံဆိပ်ကို ထိန်းသိမ်းထားနိုင်မှာပါ။ ဒါက ကျွန်မတို့ရဲ့ အကြီးမားဆုံး စည်းစိမ်ဥစ္စာပဲ။ အချိန်တန်ရင် ကျွန်မက ဒီနာမည်ကျော် အမှတ်တံဆိပ်နဲ့ ဆိုင်ပေါင်းများစွာကို အသုံးချပြီး ယင်ယွမ်အဖွဲ့ဆီကနေ ရွှေဒင်္ဂါးတွေ ချေးငှားပေးမယ်။ ယောက္ခထီး ယန်ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးကို ရယူနိုင်အောင် ကူညီပေးပါ့မယ်”
ကျန်းကျင်းသည် နူးညံ့သောအသံဖြင့် ပြောလိုက်၏။ “ငါ မင်းကို ယုံကြည်ပါတယ်”
...
ရှစ်ချင်းချင်းအတွက် အချိန်သည် အလွန်ပင် ကျပ်တည်းလှသည်။ ကုန်ပစ္စည်းများ ပေးပို့ရမည့်ရက်သည် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ပြီး နိုင်ငံအသီးသီးမှ ကုန်သည်များသည် ရွှမ်းဝူမြို့သို့ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။ အထူးသဖြင့် အနောက်တိုင်းဒေသမှ ကုန်သည်များ ဖြစ်သည်။ ထိုလူများ သည် စရန်ငွေ ပေးချေထားကြသူများ ဖြစ်သည်။
ရှစ်မိသားစု၏ အလုပ်ရုံကြီး မီးလောင်ကျွမ်းသွားသည်ဟု ကြားသည့်အချိန်က ထိုကုန်သည်များသည် ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြပြီး ရှစ်မိသားစုအနေဖြင့် ကုန်ပစ္စည်းများ မပေးပို့နိုင်မည်ကို စိုးရိမ ပူပန်လာကြ၏။
ကုန်သည်များ စိတ်အေးစေရန်အတွက် ရှစ်ချင်းချင်းသည် ထိသူတို့ကို အလုပ်ရုံသို့ ခေါ်ဆောင်သွားပြီး လိုက်လံပြသခဲ့သည်။ ထို့အပြင် သူမ၏ အဓိကလက်နက်ကိုလည်း ထုတ်ပြခဲ့သည်။ သူမသည် ရှမ့်လန်ပေးသော နည်းပညာဖြင့် ဆိုးထားသည့် ခရမ်းရောင်ပိုးထည်ကို ပထမဆုံး ပြသခဲ့သည်။
ကုန်သည်များသည် လုံးဝ တုန်လှုပ်သွားကြပြီး မယုံကြည်နိုင်စွာဖြင့် ရှစ်ချင်းချင်းကို ကြည့်နေကြ၏။ “ဒီခရမ်းရောင်က အရမ်းကို သန့်စင်တယ်၊ အရမ်းကို အံ့ဩစရာကောင်းတယ်။ ကျုပ်ရဲ့ ဇာတိမြေက စပျစ်ခြံတွေ ကိုတောင် သတိရသွားစေတယ်”
“လက်ရှိဈေးကွက်ထဲက ခရမ်းရောင်ပိုးထည်တွေနဲ့ နှိုင်းယှဉ်ရင် အဆပေါင်းများစွာ ပိုလှနေတာပဲ”
“ဒါက တော်လှန်ပြောင်းလဲမှုတစ်ခုပဲ။ ဒီခရမ်းရောင်ပိုးထည်တွေ ဈေးကွက်ထဲ ရောက်သွားရင် လောက တစ်ဝှမ်းလုံးမှာ ရေပန်းစားသွားလိမ့်မယ်။ ဒါနဲ့ ယှဉ်ရင် တခြားခရမ်းရောင်ပိုးထည်တွေက အမှိုက်တွေ ဖြစ်သွားလိမ့်မယ်”
“သခင်မလေးရှစ်.. ဒီခရမ်းရောင်ဆိုးဆေးနည်းပညာကို ခင်ဗျားကိုယ်တိုင် လေ့လာတွေ့ရှိခဲ့တာလား” ကုန်သည်များက မေးလိုက်ကြသည်။
ရှစ်ချင်းချင်းက ဖြေလိုက်၏။ “သေချာတာပေါ့”
ကုန်သည်များက ပြောလိုက်သည်။ “ခင်ဗျားတို့ ရှစ်မိသားစုက တကယ့်ကို ပါရမီရှင်တွေပဲ။ ဒီခရမ်းရောင် ဆိုးဆေး နည်းပညာက တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပဲ”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ခရမ်းရောင်ပိုးထည်က ဧည့်သည်တော်အားလုံးအတွက် ကျွန်မပေးတဲ့ ပထမဆုံး အံ့ဩစရာ လက်ဆောင်လေးတစ်ခုပါပဲ။ ပိုကြီးမားတဲ့ အဓိကလက်နက် ကျန်ပါသေးတယ်”
ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။ ချက်ချင်းပင် သက်တံရောင် ပိုးထည်များ ပေါ်ထွက်လာ၏။ နေရောင်ခြည်သည် ထိုပိုးထည်များပေါ်သို့ ကျရောက်သောအခါ လေထဲတွင် သက်တံတစ်ခု ချိတ်ဆွဲထားသကဲ့သို့ပင် ဖြစ်နေသည်။
ကုန်သည်များသည် လုံးဝ တုန်လှုပ်သွားကြပြီး စကားမပြောနိုင်လောက်အောင် အံ့ဩတုန်လှုပ်သွားကြ၏။
“ကောင်းကင်ဘုံ ... ဒီအရောင်က လောကမှာရှိတဲ့အရောင် မဟုတ်ဘူး”
“သခင်မလေး ရှစ်ချင်းချင်း... ခင်ဗျားကောင်းကင်ပေါ်က သက်တံကို ခိုးယူလာတာပဲ ဖြစ်ရမယ်”
“ဒီသက်တံရောင်ပိုးထည်က မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေကို ရူးသွပ်သွားစေမှာ သေချာတယ်။ မင်းသမီးတွေနဲ့ ဘုရင်မတွေတောင် စွဲလန်းသွားကြမှာပဲ”
“သခင်မလေး ရှစ်ချင်းချင်း... ရှင့်မိသားစုရဲ့ အလုပ်ရုံကြီး မီးလောင်သွားတာက အရမ်းကံဆိုးပါတယ်။ ဒါပေမဲ့ ဒီနည်းပညာနှစ်ခုနဲ့ နှိုင်းယှဉ်ရင် အဲဒီအလုပ်ရုံကြီးက ဘာမှ မပြောပလောက်ဘူး”
“ဒီအရောင်ပိုးထည်နှစ်မျိုး ရှိနေရင် ခဏလေးအတွင်းမှာ အလုပ်ရုံတွေ အများကြီး ပြန်ဆောက်နိုင်ပါတယ်”
“ဒီပိုးထည်တွေက ခင်ဗျားအတွက် မကုန်ခမ်းနိုင်တဲ့ စည်းစိမ်ဥစ္စာတွေပဲ”
“ရှစ်မိသားစုက ပြန်လည်ဦးမော့လာရုံတင်မကဘဲ ရွှဲ့နိုင်ငံတော်မှာ ဒုတိယမရှိတဲ့ အကြီးဆုံးကုန်သည်ကြီး ဖြစ်လာလိမ့်မယ်”
ဤစကားများကို ကြားချိန်မှာတော့ ရှစ်ချင်းချင်း၏ နှလုံးသားထဲမှ မှောင်မိုက်မှုများ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။
သူမသည် နူးညံ့သည့်လေသံဖြင့် ပြောလိုက်၏။ “ဒီဆိုးဆေးအသစ်တွေရဲ့ ကုန်ကျစရိတ်က အရမ်းမြင့်မားတယ်။ ဒါကြောင့် ဒီခရမ်းရောင်ပိုးထည်နဲ့ သက်တံရောင်ပိုးထည်တွေရဲ့ ဈေးနှုန်းက အရမ်းမြင့်မားပါလိမ့်မယ်။ သာမန် ပိုးထည်တွေထက် အဆပေါင်းများစွာ ပိုပြီး ဈေးမြင့်ပါလိမ့်မယ်”
အနောက်တိုင်းကုန်သည်တစ်ဦးသည် ဆွဲဆောင်မှုရှိသော အပြုံးကို ပြုံးကာ ပြောလိုက်သည်။ “သခင်မလေးရှစ်... ကျုပ်တို့ ဈေးနှုန်းကိုမဆွေးနွေးပါဘူး။ ကျုပ် မေးချင်တာ ကျုပ်တို့ကို ကုန်ပစ္စည်း ဘယ်လောက် ပေးနိုင်မလဲ ဆိုတာပဲ”
ပြီးနောက် ထိုကုန်သည်များသည် ငွေများကို အလျှံအပယ် ထုတ်ပြကြပြီး ရှစ်မိသားစု၏ ပိုးထည်အသစ်များ အတွက် ဝေစုများကို အလုအယက် ဝယ်ယူကြတော့သည်။ ထိုပိုးထည်များသည် လုံးဝ မရက်လုပ်ရသေးသော်လည်း ၁၅ မိနစ်အတွင်းမှာပင် အားလုံး ရောင်းကုန်သွားခဲ့သည်။ ထို့အပြင် သာမန် ပိုးထည်များထက် များစွာမြင့်မားသော ဈေးနှုန်းဖြင့် ဖြစ်၏။
ရှစ်ချင်းချင်းသည် စရန်ငွေအဖြစ် ရွှေဒင်္ဂါး ၅၀,၀၀၀ လက်ခံရရှိခဲ့သည်။ ရှစ်ချင်းချင်းသည် ရွှမ်ဝူမြို့စား အိမ်တော်၏ လားရာဘက်သို့ ကြည့်လိုက်ပြီး နှလုံးသားထဲတွင် အဆုံးမရှိသော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
“ရှမ့်လန်... ရှင် မြင်ရဲ့လား။ ကျွန်မတို့ ရှစ်မိသားစုရဲ့ အခက်အခဲတွေ မကြာခင် ပြီးဆုံးတော့မယ်။ ကျွန်မတို့ရဲ့ ရွှေအမှတ်တံဆိပ်က ပြိုလဲမသွားရုံတင်မကဘဲ ပိုပြီး တန်ဖိုးကြီးလာခဲ့ပြီ။ ရှင့်ရဲ့ ရွှမ်ဝူအိမ်တော်ကတော့ ပျက်စီးခြင်းနဲ့ နီးကပ်လာပြီ။
ရှမ့်လန်... ကျင်းမိသားစု ပျက်စီးမယ့်နေ့ကို ကျွန်မ စောင့်နေတယ်။ ကျွန်မ ရှင့်ရဲ့ အလောင်းကို ခြေထောက်နဲ့ အခါတစ်သောင်း နင်းခြေပြီး ရှင့်ရဲ့ သင်္ချိုင်းဂူကို တံတွေးထွေးမယ်”
……….
ထိုအချိန်မှာတော့ ရှမ့်လန်သည် ရွှမ်ဝူမြို့စားအိမ်တော်၏ အမိုးပေါ်တွင် ရပ်နေသည်။
မူလန်က မေးလိုက်၏။ “ယောက်ျား... ဘာကို ကြည့်နေတာလဲ”
ရှမ့်လန်သည် ငြင်သာစွာဖြင့် ပြောလိုက်သည်။ “ရှစ်မိသားစုက မကြာခင် တစ်မိသားစုလုံး မျိုးတုံးတော့မယ် ထင်တယ်”
ထို့နောက် ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ ..... ငါတို့ သွားကြစို့”
မူလန်က မေးလိုက်သည်။ “ဘယ်ကိုလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်တဲ့၊ အရှုံးမရှိဘူးဆိုတဲ့ ‘ကြယ်ကြွေဓား’ သိုင်းကွက်ကို ချေဖျက်ဖို့ပဲ”