← Chapters

အပိုင်း (၁၂၉)

Vol. 10 Ch. 129

အပိုင်း (၁၂၉)

Vol. 10 Ch. 129

ရှမ့်လန်သည် မာနထောင်လွှားသူ တစ်ဦးတော့ မဟုတ်ပေ။ သို့ပေမည့် သူ့ထံတွင် မာနထောင်လွှားစရာ အကြောင်းအရာအချို့ ရှိနေသည်တော့ အမှန်ပင်။ ယေဘုယျအားဖြင့် ရှမ့်သခင်လေးသည် မိမိနားမလည်သော အရာများအပေါ်၌ နှိမ့်ချတတ်သူဖြစ်၏။

ဥပမာအားဖြင့် သိုင်းပညာပင်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောကရှိ သိုင်းပညာသည် ကမ္ဘာမြေမှ သိုင်းပညာနှင့် လုံးဝကွဲပြားခြားနားသောကြောင့် ဖြစ်သည်။ ဤလောက၏ သိုင်းပညာသည် သိပ္ပံနည်းကျ မဟုတ်သည့်အပြင် ကမ္ဘာမြေထက် အဆပေါင်းများစွာ သာလွန်အားကောင်းသည်။

သို့ရာတွင် ဤကမ္ဘာမှသိုင်းကျင့်ကြံသူများသည် ကောင်းကင်၌ ပျံသန်းနိုင်ခြင်းမရှိသလို လက်ဝါးတစ်ချက်တည်း ဖြင့် မြို့တံခါးကို ရိုက်ချိုးနိုင်စွမ်းလည်း မရှိကြပေ။ သိုင်းပညာ၏ အလုံးစုံအဆင့်အတန်းသည် (ဆရာကြီးကျင်းယုံ)၏ လက်ရာများနှင့် ကိုက်ညီပေလိမ့်မည်။ ဤလောက၌ ဒန်ထျန်၊ အတွင်းအားနှင့် စစ်မှန်သော ချီစွမ်းအင်တို့ တည်ရှိသည်။

ထို့အပြင် ဤကမ္ဘာရှိ လျှို့ဝှက်သိုင်းကျမ်းအားလုံးနီးပါးသည် ရှေးဟောင်းခေတ်ကာလမှ ဆင်းသက်လာခဲ့ကြခြင်း ဖြစ်သည်။ ရှေးဟောင်းကမ္ဘာကြီးပျက်သုဉ်းပြီးနောက် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်လာချိန်မှာတော့ လူ့ယဉ်ကျေးမှုသည် တစ်ဖန်ပြန်လည်ထွန်းကားလာခဲ့၏။

ပညာရှင်များသည် စာပေကျမ်းဂန်ကြီးများကို တူးဖော်တွေ့ရှိခဲ့ကြရုံသာမက သိုင်းပညာ၏ လျှို့ဝှက်ကျမ်း အမျိုးမျိုးကိုပါ ရှာဖွေတွေ့ရှိခဲ့ကြသည်။

ရွှမ်ဝူအိမ်တော်၌ လျှို့ဝှက်ကျမ်းများစွာရှိပြီး ၎င်းတို့သည် အရည်အသွေး မြင့်မားလှသည်။ ရှမ့်လန်သည် ထိုလျှို့ဝှက်ကျမ်းများကို လေ့လာပြီးနောက် လုံးဝအံ့အားသင့်သွားခဲ့ရ၏။ ထိုလျှို့ဝှက်ကျမ်းများထဲမှ အချို့သည် ကျောက်စိမ်းပေလွှာများပေါ်တွင် ထွင်းထုထား၏။

၎င်းတို့သည် အထူးပြုလုပ်ထားသော ကျောက်စိမ်းပြားများသာ ဖြစ်၏။ အလျား စင်တီမီတာ ၂၀၊ အနံ ၁၀ စင်တီမီတာ နှင့် အထူ ၃ စင်တီမီတာခန့် ရှိကြသည်။ လျှို့ဝှက်ကျမ်းတစ်ခုလုံး၏ စာသားများ၊ ရုပ်ပုံများ၊ နိယာမများနှင့် စစ်မှန်သောချီစွမ်းအင် လည်ပတ်စီးဆင်းရာ လမ်းကြောင်းများကို ကျောက်စိမ်းတုံးအတွင်း၌ ထွင်းထုထားသည်။

အလွှာများ တစ်ခုပေါ်တစ်ခု ထပ်လျက် တည်ရှိနေပြီး တစ်လက်မခန့်သာထူသော ကျောက်စိမ်းပြားတစ်ချပ်၌ အလွှာပေါင်း ၂၀၀ ကျော်အထိ ရှိ၏။ အလွှာတစ်ခုစီ၌ စာလုံးပေါင်း ရာနှင့်ချီ၍ ရုပ်ပုံ နှစ်ခု သို့မဟုတ် သုံးခု ပါဝင်၏။

ရှမ့်လန်သည် တကယ်ပင် အံ့ချီးနပန်းဖြစ်မိသည်။ ရှေးခေတ်လူတို့သည် ကျောက်စိမ်းပြားများအား မည်သို့မည်ပုံ ထွင်းထုခဲ့ကြပါသနည်း။

‘မာယာမျဉ်းပြိုင်’ စာအုပ်ကိုသာ ဤကျောက်စိမ်းပြား၌ ထွင်းထုလိုက်လျှင် နှစ်ထောင်ပေါင်းများစွာတိုင်အောင် လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်မည် မဟုတ်ပါလား။ စက္ကူ၊ ပိုးထည်၊ သားရေ၊ သစ်သား စသည်တို့သည် နှစ်ထောင်ချီသော ကာလရေစီးကြောင်း၏ တိုက်စားမှုကို မည်သို့မျှ ကြံ့ကြံ့ခံနိုင်မည် မဟုတ်ပေ။ သို့ပေမည့် ဤအထူးကျောက်စိမ်းပြားများကမူ ခံနိုင်ရည်ရှိသည်။

ရှေးခေတ်လူတို့သည် အဖိုးတန်ယဉ်ကျေးမှုများကို လက်ဆင့်ကမ်းနိုင်ရန်အတွက် မည်မျှအထိ ကြိုးပမ်းအားထုတ် ခဲ့ကြကြောင်း အတိုင်းသားမြင်နိုင်၏။ နောင်မျိုးဆက်တို့သည် ဤကျောက်စိမ်းပြားများကို တူးဖော်တွေ့ရှိပြီးနောက် ကျောက်စိမ်းပြားအတွင်း၌ အလွှာလိုက် ထွင်းထုထားသော အကြောင်းအရာများကို ကူးယူရေးသားရန် နှစ်ပေါင်းများစွာ အချိန်ယူရပေသည်။ ထိုသို့ပြုလုပ်ပြီးမှသာ ထူထဲသော လျှို့ဝှက်ကျမ်းတစ်အုပ် ဖြစ်လာမည် ဖြစ်၏။ ထိုအခါမှသာ လူတို့သည် ထိုကျမ်းကို လေ့လာသင်ယူနိုင်ကြမည် ဖြစ်၏။

“ကြယ်ကြွေဓားသိုင်း” ကို ဖြိုခွင်းနိုင်မည့် နည်းလမ်းကို ရှာဖွေရန်အလို့ငှာ ရှမ့်လန်သည် သူ၏အချိန်အားလုံးကို မြို့စားကြီးအိမ်တော်၏ စာကြည့်တိုက်၌သာ ကုန်ဆုံးခဲ့သည်။ သူသည် ရှေးဟောင်းကျမ်းစာအားလုံးကို ဖတ်ရှုခဲ့ပြီး လျှို့ဝှက်သိုင်းကျမ်းအားလုံးကိုလည်း ဖတ်ရှုခဲ့ပြီးဖြစ်သည်။

သူသည် အမှန်တကယ်ပင် အရာအားလုံးကို ဖတ်ရှုခဲ့သည်။ သူ၏မျက်လုံးများသည် ကင်မရာတစ်လုံးပမာဖြစ်၍ စာမျက်နှာတစ်ခုစီကို တစ်စက္ကန့်မျှသာ လှန်လှောကြည့်ရှုပြီး ဦးနှောက်ထဲ၌ မှတ်ဉာဏ်အဖြစ် သိမ်းဆည်းနိုင်၏။

တစ်လခွဲကျော်ကာလအတွင်း သူသည် မြို့စားကြီးအိမ်တော်ရှိ စာအုပ်အားလုံးကို ဖတ်ရှုပြီးစီးခဲ့သည်။ အထူးသဖြင့် ဘိုးဘေးကျင်းကျူး၏ လက်ရာများကို ပို၍အလေးထားဖတ်ရှုခဲ့၏။ ထို့ကြောင့် ရှမ့်လန်၏ စိတ်ထဲတွင် လျှို့ဝှက်သိုင်းကျမ်းပေါင်း ရာနှင့်ချီ၍ ရှိနေလေသည်။

“ဟမ်.. ငါ... ငါ အခု လူသားပုံသဏ္ဌာန် လျှို့ဝှက်ကျမ်းတိုက်ကြီးလား”

ဖြစ်နိုင်ပေသည်။ သို့သော်လည်း ဤလောကရှိ သိုင်းကျမ်းအားလုံးကို ဖတ်ရှုပြီးသည်အထိ စောင့်ဆိုင်းရပေဦးမည်။ အနာဂတ်၌ သူ၏မိန်းမနှင့်အတူ တိုက်ပွဲဝင်သောအခါ ရန်သူလှုပ်ရှားမှုမပြုမီကပင် တစ်ဖက်လူ ဘာလုပ်မည်၊ မည်သို့တန်ပြန်ရမည်ကို သိရှိနေပေလိမ့်မည်။ သို့ပေမည့် ရှမ့်လန်၏ ဦးနှောက်ထဲတွင် သတင်းအချက်အလက်များ လိုအပ်နေသေး၏။

ထို့အပြင် သူသည် ကြယ်ကြွေဓားသိုင်းကို ဖြိုခွင်းနိုင်မည့် နည်းလမ်းတစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ပေ။ သူ၏ ဘိုးဘေးကျင်းကျူးသည် ဤဓားသိုင်းအကြောင်း ယခင်က ဖော်ပြခဲ့ဖူးသည်။

သူသည် ကောင်းကင် ပင်လယ်နန်းဆောင်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ကြယ်ကြွေဓားသိုင်းကျမ်းကို ဖတ်ရှုခဲ့၏။ ကျင်းကျူးသည် စကားတစ်ခွန်း ချန်ရစ်ခဲ့၏။

“ဒီကျမ်းက အံ့အားသင်ဖို့ကောင်းတယ်။ ဒီမှာ ယင် နဲ့ ယန် နှစ်ဖက် ရှိပေမဲ့ ငါကိုယ်တိုင် ဘာမှန်းသေချာ အဓိပ္ပာယ်မဖော်နိုင်ခဲ့ဘူး။ အကျဉ်းချုံး‌ လေ့လာပြီးတဲ့နောက်မှာ ဒီသိုင်းကျမ်က ငါနဲ့ မလိုက်ဖက်မှန်းသိရှိခဲ့ရတယ်။ ဒီသိုင်းကျမ်းက မျိုးပွားနိုင်မှုကိုတောင် ထိခိုက်စေနိုင်တယ်”

ကောင်းကင်ပင်လယ်နန်းဆောင်သည် ရွှဲ့တိုင်းပြည်၏ အစွမ်းထက်ဆုံး သိုင်းပညာစာကြည့်တိုက်များထဲမှ တစ်ခုဖြစ်၏။ ကြယ်ကြွေဓားသိုင်းသည် ကောင်းကင်ပင်လယ်ဂေဟာ၏ ရတနာဖြစ်ကြောင်းကို လောကတစ်ခုလုံး သိရှိကြသည်။ သို့ပေမည့် ဤလျှို့ဝှက်ကျမ်း၌ ယင်နှင့်ယန် နှစ်မျိုးရှိသည်ဟု မည်သူမျှ မပြောခဲ့ဖူးပေ။ ထို့အပြင် ကျင်းကျူးကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်ပင်လျှင် ၎င်းသိုင်းကျမ်းကို အဓိပ္ပာယ်မဖော်နိုင်ခဲ့ချေ။

လွန်ခဲ့သောနှစ်တစ်ရာခန့်က ကောင်းကင်ပင်လယ်နန်းဆောင်မှ ထိပ်တန်းပါရမီရှင် စုံတွဲတစ်တွဲ ပေါ်ထွက်ခဲ့သည်။ ထိုအမျိုးသားနှင့် အမျိုးသမီးတို့သည် ဆယ်နှစ်ကျော်ကြာအချိန်ယူ၍ ကြယ်ကြွေဓားသိုင်းကို အဓိပ္ပာယ်ဖော် သုံးသပ်ကာ စာရွက်ပေါ်သို့ ချရေးခဲ့ကြ၏။ ထိုအချိန်ရောက်မှသာ ရှေးဟောင်းဓားသိုင်းပညာသည် လောက၌ အမှန်တကယ် ပေါ်ထွန်းလာပြီး သင်ယူနိုင်သော လျှို့ဝှက်ကျမ်းတစ်အုပ် ဖြစ်လာခဲ့သည်။

ထို့နောက် ထိုပါရမီရှင်အမျိုးသားသည် လျှို့ဝှက်ကျမ်းကို ယူဆောင်၍ ကောင်းကင်ပင်လယ်နန်းဆောင်မှ ထွက်ခွာသွားခဲ့၏။ ဆယ်နှစ်အကြာတွင် ပထမဆုံးသော တောင်ပင်လယ်ဓားဘုရင်သည် ဤကြယ်ကြွေဓားသိုင်း ကို အမှီပြု၍ လောက၌ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

သူနှင့်အတူ ဤလျှို့ဝှက်ကျမ်းကို အဓိပ္ပာယ်ဖော်ခဲ့သော အမျိုးသမီးသည် သူ၏ဇနီး ဖြစ်လာခဲ့၏။ သူမသည် ရုပ်ရည်သာမန်ဖြစ်ပြီး လောက၌ တည်ရှိမှုကင်းမဲ့သလောက်ပင်။ တလောကလုံး၏ အမြင်တွင် ကြယ်ကြွေဓားသိုင်းသည် တစ်မျိုးတည်းသာ ရှိခဲ့ဟန်တူသည်။ နှစ်ဖက်ရှိသည်ဟု မည်သူကမှ မသိခဲ့ပေ။

အကြောင်းမှာ ရန်သူများကို တစ်ခဏအတွင်း သတ်ဖြတ်ခဲ့သူမှာ အမြဲတစေ ထိုအမျိုးသား ဖြစ်နေသောကြောင့်ပင်။ သူသည် တောင်ပင်လယ်ဓားဘုရင်ဟူသော နာမည်၏ ကြောက်ရွံဖို့ကောင်းပုံကို လူတို့အား ပေးခဲ့သည်။

သို့ပေမည့် ကျင်းကျူး၏ စကားများသည် လူတို့အား အဆုံးမဲ့သော စိတ်ကူးစိတ်သန်းများကို ဖြစ်ပေါ်စေခဲ့၏။

ရှမ့်လန်သည် ရဲရင့်စွာ ခန့်မှန်းလိုက်သည်။ တောင်ပင်လယ်ဓားဘုရင်သည် မျိုးဆက်တိုင်း၌ နှစ်ဦးစီရှိပြီး လင်နှင့်မယား ဖြစ်ကြသည်ဟူ၍ပင်။ ဤဓားသိုင်း၏ ယန်ဘက်ကို လေ့ကျင့်သော ယောက်ျားသည် လောက၌ ပြိုင်ဘက်ကင်း ဖြစ်၏။ ဓားသိုင်း၏ ယင်ဘက်ကို လေ့ကျင့်သော မိန်းမသည်ကား သူမ၏ ယောက်ျားကို တန်ပြန်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ရှမ့်လန်၏ ခန့်မှန်းချက်ကို လုံးဝအတည်ပြု ပေးနေသကဲ့သို့ ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တောင်ပင်လယ်ဓားဘုရင်တိုင်းသည် သမက်များဖြစ်ကြပြီး ထိုသူတို့သည် ယခင်တောင်ပင်လယ်ဓားဘုရင်၏ သမီးကို လက်ထပ်ခဲ့ကြသောကြောင့်ပင်။

သိုင်းရူး ထန်ယန်၏ ဆရာဖြစ်သော ဤမျိုးဆက်၏ တောင်ပင်လယ်ဓားဘုရင် လီချန်ချိုးသည်လည်း ခြွင်းချက် မရှိပေ။ လွန်ခဲ့သော အနှစ်သုံးဆယ်က သူသည် ယခင်တောင်ပင်လယ်ဓားဘုရင်၏ သမီး ချိုးရင်းရင်းကို လက်ထပ်ခဲ့သည်။ ဆယ့်သုံးနှစ်အကြာတွင် သူ၏မိန်းမ ကွယ်လွန်သွားခဲ့ပြီး လီချန်ချိုးသည် ကျွန်းသခင်သစ်၊ တောင်ပင်လယ်ဓားဘုရင်သစ် ဖြစ်လာခဲ့၏။

ရှမ့်လန်သည် အယုတ်မာဆုံးသော စိတ်ထားဖြင့် သုံးသပ်ကြည့်မိသည်။ လီချန်ချိုးသည် မည်သူတစ်ဦး တစ်ယောက်၏ တန်ပြန်မှုကိုမျှ မခံလိုသောကြောင့် မိမိ၏မိန်းမကို သတ်ပစ်ရန် နည်းလမ်းရှာဖွေခဲ့ခြင်း ဖြစ်ပေမည်။ ထို့ကြောင့် လောက၌ သူ၏ဓားသိုင်းကို တန်ပြန်နိုင်သူ မည်သူမှ မရှိတော့ပေ။

ရှမ့်လန်၏ ခန့်မှန်းချက်သာမှန်ကန်ပါက ကြယ်ကြွေဓားသိုင်းကို တန်ပြန်နိုင်သော ဓားသိုင်းအား ရှာဖွေနိုင်သည့် နေရာနှစ်ခု လောက၌ ရှိပေလိမ့်သည်။ ပထမတစ်ခုမှာ လီချန်ချိုး၏ ဇနီး ချိုးရင်းရင်း ဖြစ်သော်လည်း သူမသည် သေဆုံးပြီးပြီဖြစ်၏။

ဒုတိယတစ်ခုမှာ ကောင်းကင်ပင်လယ်နန်းဆောင်ဖြစ်ပြီး ဤလျှို့ဝှက်ကျမ်း၏ မူလကျမ်းရင်းသည် ထိုနေရာ၌ ရှိနေသင့်သည်။ အခြားသူများအတွက်မူ ဤကျောက်စိမ်းပြားများကိုကြည့်ပြီး အဓိပ္ပာယ်ဖော်ရန်မှာ မဖြစ်နိုင် သလောက်ပင်။ ၎င်းသည် ကျောက်စိမ်းပြားများပေါ်တွင် အလွှာပေါင်း ရာနှင့်ချီ၍ ထွင်းထုထားသော အရှုပ်ထွေးဆုံးသော ကျောက်စာများကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

အထူးပြုပါရမီရှင်များမှလွဲ၍ သာမန်လူတို့သည် ၎င်းကို အဓိပ္ပာယ်ဖော်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ပါရမီရှင် တစ်ဦးပင်လျှင် မူလကျမ်းရင်းတစ်စောင်ကို အဓိပ္ပာယ်ဖော်ရန် ဆယ်နှစ်ထက်မနည်း အချိန်ယူရပေသည်။

သို့ပေမည့် ရှမ့်လန်မှာတော့ မတူပေ။ သူ့ထံ၌ x- ray အမြင်နှင့် ဉာဏ်ရည်တုစနစ်ရှိပြီး ကျောက်စိမ်းပြားများ၏ အတွင်းပိုင်းကို စကန်ဖတ်ကာ အကြောင်းအရာများကို အလွှာလိုက် အဓိပ္ပာယ်ဖော်ပြီး ဦးနှောက်ထဲ၌ သိမ်းဆည်း ထားနိုင်သည်။ ရှမ့်လန်သည် သူ၏ ဉာဏ်ရည်အသုံးပုံနိုင်နှုန်းသည် တစ်နေ့တခြား ပိုမို၍ အစွမ်းထက်လာကြောင်း သတိပြုမိ၏။

ညသို့ရောက်ချိန်မှာတော့ ရှမ့်လန်နှင့် မူလန်တို့သည် မိုင်တစ်ထောင်ပြေးနိုင်သော မြင်းကို စီး၍ တောင်ဘက်သို့ ခရီးနှင်ခဲ့ကြသည်။ သူတို့၏ ဦးတည်ရာမှာ လီပေါင်း ရာနှင့်ချီ၍ ဝေးကွာသော ကောင်းကင်ပင်လယ်နန်းဆောင်သို့ ဖြစ်သည်။ ရှမ့်သခင်လေးသည် မြင်းစီးပညာကို မတတ်မြောက်သေးပေ။ မြင်းပေါ်သို့ ရောက်သည်နှင့် သူ့မိန်းမ၏ ရင်ခွင်သည်သာ အလုံခြုံဆုံးဟု ခံစားမိသည်။

...

ရှစ်မိသားစု

ရှစ်ချင်းချင်းသည် နေ့စဉ်နေ့တိုင်း စိတ်လှုပ်ရှားမှု ၊ စိုးရိမ်ပူပန်မှုတို့ဖြင့် နေထိုင်နေရသည်။ သူမသည် နေ့တိုင်းနီးပါး အလုပ်ရုံ၌သာ နေထိုင်ပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုနေ၏။

ရှစ်ကွမ်းယွမ်သည်လည်း ထိုနည်းလည်းကောင်းပင်။ ရှစ်ချင်းချင်း ရက်ကန်းလုပ်ငန်းကို ကြီးကြပ်နေစဉ် ရှစ်ကွမ်းယွမ်က ဆေးဆိုးလုပ်ငန်းကို ကြီးကြပ်သည်။

“ဆေးဆိုးပစ္စည်းတွေမှာ ပြဿနာမရှိဘူးဆိုတာ သေချာရဲ့လား”

“ဆေးဆိုးပစ္စည်းတွေမှာ ပြဿနာမရှိဘူးဆိုတာ သေချာရဲ့လား”

ရှစ်ကွမ်းယွမ်သည် ဤမေးခွန်းကို ဆယ်ကြိမ်ထက်မနည်း မေးမြန်းမိသည်။ အကြောင်းမှာ ဤနည်းလမ်းကို ရှမ့်လန်က ပေးခဲ့သောကြောင့်ပင်။ ဤလူယုတ်မာလေးသည် မည်မျှ ဆိုးသွမ်းသနည်း ဆိုလျှင် သူနှင့် ပတ်သက်သမျှ အရာအားလုံး၌ ပြဿနာလွတ်ကင်းသည်ဟူ၍ မရှိပေ။

သို့ပေမည့် အဖြေသည် အကြိမ်တိုင်း အတူတူပင်။ ဆေးဆိုးပစ္စည်းများတွင် မည့်သည့်ပြဿနာမှ ရှိမနေပေ။

ဆေးဆိုးပြီးသော ပိုးထည်များကို နေပူလှန်းသည်ဖြစ်စေ၊ ပွက်ပွက်ဆူသည့်ရေနွေးတို့ဖြင့် လျှော်ဖွပ်သည်ဖြစ်စေ ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပေ။ သို့ပေမည့် အချိန်ကား အလွန်ပင် ကပ်နေသည်။ သတ်မှတ်ရက်သည် အမှန်တကယ်ပင် အလွန်နီးကပ်နေပြီ ဖြစ်၏။

...

ကျန်းချွင်းဟွာသည် လာရောက်တွေ့ဆုံခဲ့သည်။ “ရှစ်ချင်းချင်း.. ရှင် ပိုးထည်အားလုံးကို ခရမ်းရောင်နဲ့ သက်တန့်ရောင်တွေ ဆိုးမယ်ဆိုတာ သေချာလား”

လူတို့သည် အကျိုးအမြတ်၏ သွေးဆောင်မှုကို ခံရတတ်ကြသည်။ ရှစ်မိသားစုသည် ပိုးအိမ်ပေါင် သုံးသန်းအတွက် ကြီးမားသော တန်ဖိုးကို ပေးချေခဲ့ရသည်။ ၎င်းသည် သုံးဆကြီးမားသော ဈေးနှုန်းဖြစ်၏။ ဆိုလိုသည်မှာ ပိုးချည်တို့ကို သာမန်ပိုးထည်များအဖြစ် ရက်လုပ်ပါက မည်မျှပင်ရောင်းချစေကာမူ အရှုံးပေါ်မည်သာ ဖြစ်သည်။ များများ ရောင်းလေ၊ များများရှုံးလေပင်။

ရွှေရောင်သည် တော်ဝင်မိသားစုအတွက် သီးသန့်ဖြစ်၍ မည်မျှပင် ဈေးကြီးပေးစေကာမူ အသုံးမဝင်ပေ။ ၎င်းကို အများအပြား ရောင်းချနိုင်မည် မဟုတ်ပေ။ သို့ပေမည့် ခရမ်းရောင်ပိုးထည်သည် အရာရှိ၊ အရာခံ အဆင့်အတန်းမြင့်မားသူတို့၏ အသည်းစွဲဖြစ်ပြီး သက်တန့်ရောင်သည် အမျိုးသမီးတို့၏ အသည်းစွဲ ဖြစ်သည်။

ရှေးခေတ်အီဂျစ်ပြည်၌ ခရမ်းရောင်ပိုးထည်သည် သာမန်ပိုးထည်ထက် ဆယ်ဆနီးပါး ဈေးကြီးခဲ့၏။

ရှစ်ချင်းချင်းသည် ခရမ်းရောင်ပိုးထည်ကို သာမန်ပိုးထည်ထက် လေးဆ၊ သက်တန့်ရောင်ပိုးထည်ကို ခုနစ်ဆ ဈေးဖြင့် ရောင်းချခဲ့သည်။ အကယ်၍ ပိုးချည်အားလုံးကို ဤအရောင်နှစ်မျိုးဖြင့် ဆိုးနိုင်ပါက အရှုံးပေါ်မည် မဟုတ်သည့်အပြင် ငွေအမြောက်အမြားပင် ရရှိပေဦးမည်။

“ကျန်းချွင်းဟွာ .. ရှင် ဘာကိုစိုးရိမ်နေလဲဆိုတာ ကျွန်မသိပါတယ်။ ရှမ့်လန်ဆိုတဲ့ လူယုတ်မာက တကယ်ပဲ ယုတ်မာတဲ့ အလုပ်မျိုးစုံကို လုပ်နိုင်စွမ်းရှိတယ်”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မတို့ အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပြီးပြီ။ ရေနွေးပူနဲ့ လျှော်တာ၊ မီးနဲ့ကင်တာ၊ ဆားရည်နဲ့ လျှော်တာတွေ လုပ်ခဲ့ပေမယ့် အရောင်မကျွတ်ခဲ့ဘူး”

ပြီးနောက် ရှစ်ချင်းချင်းက ဆက်ပြော၏။ “ဘုရင်မင်းမြတ်ရဲ့ အမိန့်တော် မကြာခင် ရောက်လာတော့မယ်လို့ ကြားတယ်။ ကျင်းချန်ကျွန်းအတွက် တိုက်ပွဲက စတော့မှာမဟုတ်လား။ ရွှမ်ဝူအိမ်တော်ရဲ့ ပျက်သုဉ်းခြင်း ခေါင်းလောင်းသံကလည်း မြည်တော့မှာပဲ။ ယောက္ခထီးက ယန်ကျိုးအုပ်ချုပ်ရေးမှူးရာထူးအတွက် မကြာခင်မှာ ငွေအမြောက်အမြား လိုအပ်လာလိမ့်မယ်။ ဒါကြောင့် ကျွန်မ အချိန်အနည်းငယ်အတွင်း ငွေအများကြီး ရှာနိုင်မှ ဖြစ်မယ်။”

ကျန်းချွင်းဟွာသည် သူမကို မတားမြစ်တော့ပေ။

“ကျွန်မ အဲဒီနေ့ကို အချိန်တိုင်း စောင့်နေခဲ့ရတာ။ ရွှမ်ဝူအိမ်တော် ပြိုလဲမယ့်အချိန်ကို လက်ချိုးရေပြီး စောင့်နေတယ်။ ရှမ့်လန် သေဆုံးမယ့်အချိန်ကို စောင့်နေတယ်”

ကျန်းချွင်းဟွာသည် တစ်စုံတစ်ရာကို ပြောလိုဟန် ရှိသော်လည်း မပြောတော့ပေ။ ခပ်မဆိတ်သာ နေလိုက်တော့သည်။

နှစ်ရက်အကြာမှာတော့ ရှစ်ချင်းချင်းနှင့် ကုန်သည်များသဘောတူထားသော ပစ္စည်းပေးပို့ရမည့်အချိန် ရောက်ရှိလာခဲ့၏။

...

နှစ်ရက်အကြာ လီပေါင်း ရာနှင့်ချီသော ခရီးကို နှင်ပြီးနောက် ရှမ့်လန်နှင့် မူလန်တို့သည် ကောင်းကင်ပင်လယ်နန်းဆောင် ဆီသို့ ရောက်ရှိလာကြသည်။

ကောင်းကင်ပင်လယ်နန်းဆောင် .....

၎င်းသည် တာ့ယန်မင်းဆက်၏ တောင်ပိုင်းဒေသရှိ အကြီးမားဆုံးသော သိုင်းကျမ်းစာကြည့်တိုက်ကြီးဖြစ်ပြီး စစ်မှန်သော သိုင်းပညာကျောင်းတော်ကြီးလည်း ဖြစ်သည်။ ဤစာကြည့်တိုက်သည် အနှိုင်းမဲ့ ကြီးကျယ်ခမ်းနားသော ရဲတိုက်ကြီးတစ်ခုဖြစ်ပြီး တောင်ဘက်အစွန်ဆုံးတွင် တည်ရှိ၏။ ပင်လယ်ရေသည် ရဲတိုက်၏ ထောင့်စွန်းကို တိုက်ရိုက် ရိုက်ခတ်နေ၏။

မည်မျှ ခမ်းနားလိုက်သနည်း။ ၎င်းသည် ကမ္ဘာမြေပေါ်ရှိ စာကြည့်တိုက်ကြီးများနှင့် ယှဉ်လျှင် မည်သို့မျှ မနိမ့်ကျပေ။

ဤနေရာသို့ ရောက်ရှိလာသော သိုင်းပညာရှင်တိုင်းသည် ဘုရားဖူးခရီးထွက်နေရသကဲ့သို့ ခံစားကြ ရသည်။ ဤဧရာမတံခါးကြီးရှေ့၌ ရပ်နေလျှင် မည်သူမဆို မိမိကိုယ်ကို သေးနုပ်သွားသည်ဟု ခံစားရပေမည်။

ရဲတိုက်၏ ဝင်ပေါက်၌ အစောင့်တစ်ဦးတစ်ယောက်မှ မရှိပေ။ သို့ပေမည့် ကောင်းကင်ပင်လယ်နန်းဆောင် တစ်ခုလုံးသည် လူတို့အား ဦးမညွှတ်ဘဲ မနေနိုင်အောင် ပြုလုပ်နိုင်သည့် အားကောင်းသော အရှိန်အဝါတစ်ခုက လွှမ်းခြုံထားသည်။

တံခါးသည် တင်းကျပ်စွာ ပိတ်ထား၏။

ရှမ့်လန်နှင့် မူလန်တို့သည် ရှေ့သို့တက်ကာ ဦးညွှတ်ပြီး ပြောလိုက်သည်။ “ဆရာကြီး.. ကျုပ်တို့ ကောင်းကင်ပင်လယ်နန်းဆောင်ထဲ ဝင်ရောက်လေ့လာခွင့် တောင်းပါတယ်”

ခဏအကြာမှတော့ တံခါးပွင့်လာပြီး အဘိုးအိုတစ်ဦး ထွက်လာ၏။ “မင်းတို့နှစ်ယောက် နန်းဆောင်က ဖိတ်ကြားလွှာ ရထားကြတာလား”

မူလန်သည် ခေါင်းခါပြီး ပြောလိုက်သည်။ “မရထားပါဘူး”

အဘိုးအိုက ပြောလိုက်၏။ “တောင်းပန်ပါတယ်။ ဖိတ်ကြားလွှာ မရထားတဲ့ ဧည့်သည်တွေကို နန်းဆောင်က လက်မခံပါဘူး။”

...

All Chapters