← Chapters

အပိုင်း (၁၃၀)

Vol. 10 Ch. 130

အပိုင်း (၁၃၀)

Vol. 10 Ch. 130

ကောင်းကင်ပင်လယ်နန်းဆောင်သည် ဖိတ်ကြားခံရသူများသာ ဝင်ခွင့်ရှိသော သတ်မှတ်ချက်ရှိသည်လား။ ၎င်းသည် ကမ္ဘာမြေပေါ်ရှိ အထက်တန်းလွှာ ကလပ်များနှင့် တူနေသည်လား။

ယခင်ဘဝတုန်းက ရှမ့်လန်သည် ဆာလဖျူရစ်အက်စစ်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသော်လည်း သူသည် ကြီးမြတ်သော ဆရာဝန်တစ်ဦး ဖြစ်ခဲ့ပြီး ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် အကြီးအကဲများစွာကို ကယ်တင်ခဲ့ဖူးသည်။

ထိုသူတို့ထဲမှ နာမည်ဆိုးဖြင့် ကျော်ကြားသော သူဌေးကြီးတစ်ဦးသည် ဆရာရှမ့် အသက်လေးဆယ်အရွယ်တွင် လူလွတ်တစ်ယောက်အဖြစ် ရှိနေသေးကြောင်း ကြားသိပြီးနောက် ကျေးဇူးတင်သောအားဖြင့် သူ့အား ပလက်တီနမ် အသင်းဝင်ကတ်ပြားတစ်ခုကို ပေးခဲ့၏။ ဂရုတစိုက်ဖြင့်လည်း မှာကြားခဲ့သေး၏။ “ဆရာရှမ့်၊ …. အထဲမှာ မိန်းမလှလေးတွေတင်မကဘူး။ ယောက်ျားချောချောလေးတွေလည်း ရှိပါတယ်”

ရှမ့်လန်သည် ကျေးဇူးတင်စွာဖြင့် ခွဲစိတ်ကုသမှုအတွင်း ထိုလူ၏ သုတ်ကြောကို ချည်နှောင်ပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုသူသည် အသက်ငါးဆယ်ကျော်နေပြီ မဟုတ်ပါလား။ တရားမဝင် သားသမီးများ လောက၌ ထပ်မံပေါ်ပေါက်မလာစေရန် သူ တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့ခြင်းပင်။

...

လိုရင်းအကြောင်းအရာသို့ ပြန်သွားကြစို့။

ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ... မင်းရဲ့ သိုင်းပညာက အဆင့်မြင့်မားပြီး မင်းရဲ့ ဂုဏ်ဒြပ်ကလည်း အရမ်း မြင့်မြတ်တယ်။ မင်း ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ အသင်းဝင်တစ်ယောက် ဖြစ်ရမယ်။ ဟုတ်တယ်မလား”

“ယောက်ျား.. ယောက်ျား ကျွန်မကို အထင်ကြီးလွန်းနေပြီ” မူလန်က ပြောလိုက်၏။

ကောင်းကင်ပင်လယ်နန်းဆောင်၏ အဆင့်အတန်းသည် အလွန်မြင့်မားပြီး အလွန်ဂုဏ်သိက္ခာကြီးမြတ်သည်။ မည်သူက အသင်းဝင်ဖြစ်နိုင်သနည်း။ မူလန်၏ ဆရာ ကျုံးချူကဲ့ ကဲ့သို့သော ပညာရှင်ကြီးမှသာ ဖြစ်ပေမည်။ လူအများစုသည် အသင်းဝင်ဖြစ်ရန် အရည်အချင်း မပြည့်မီကြပေ။

ရှမ့်လန်သည် သူ့ရှေ့မှ အဘိုးအိုကို ကြည့်ပြီး မေးလိုက်သည်။ “ဆရာကြီး... ဆရာကြီးမှာ တစ်စုံတစ်ယောက်ကို ဖိတ်ကြားပိုင်ခွင့် ရှိပါသလား”

“ရှိတာပေါ့” အဘိုးအိုသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ ကောင်းကင်ပင်လယ်နန်းဆောင်၏ အကြီးအကဲတစ်ဦးအနေဖြင့် သူ့၌ ဖိတ်ကြားပိုင်ခွင့်ရှိ၏။

ရှမ့်လန်သည် ရဲရင့်စွာပင် ပြောလိုက်သည်။ “ကောင်းပြီလေ၊ ဒါဆို အခုပဲ ကျုပ်ကို ဖိတ်ကြားလိုက်ပါ”

ဆရာကြီးသည် မူလန်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “မိန်းကလေး ... ဒါက မင်းရဲ့ ယောက်ျားလား”

မူလန်သည် ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်၏။ ဤယောက်ျားသည် တစ်ခါတစ်ရံ သူမအား ဂုဏ်တက်စေပြီး တစ်ခါတရံ အတော်လေး အရှက်ရစေ၏။

ဆရာကြီးက ပြောလိုက်သည်။ “ကြက်တစ်ကောင်ကို လည်လိမ်နိုင်တဲ့အားအင်မရှိဘဲ အခုချိန်ထိ အသက်ရှင် နေနိုင်တာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး”

အခြားသူများသည် ကောင်းကင်ပင်လယ်နန်းဆောင်သို့ လာရောက်ကြသည့်အခါ အလွန်ရိုသေကိုင်းရှိုင်းကြပြီး အသက်ကိုပင် ရဲရဲ မရှူရဲကြပေ။ ဘုရားဖူးလာကြသည့်အလားပင်။ ဤလူကမူ ဆောင်ကြာမြိုင်သို့ လာရောက် လည်ပတ်သည့်အလား ပေါ့ပေါ့ပါးပါး ရှိနေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဆရာကြီး.. ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ အသင်းဝင်ဖြစ်ဖို့ ပညာရှင် တစ်ယောက် ဖြစ်ရမယ်လို့ ကြားပါတယ်”

ဆရာကြီးက ပြင်ပေးလိုက်၏။ “အသင်းဝင်မဟုတ်ဘူး၊ ဧည့်သည်”

ရှမ့်လန်က မေးလိုက်သည်။ “ကောင်းကင်ပင်လယ်နန်းဆောင်က ဘယ်လို ပညာရပ်ဆိုင်ရာ စိန်ခေါ်မှုကိုမဆို လက်ခံတယ်လို့လည်း ကြားမိပါတယ်။ ဆရာကြီးတို့ ထုတ်ပြန်နိုင်တဲ့ ပုစ္ဆာတစ်ခုခုကို ဖြေရှင်းနိုင်သရွေ့၊ ဘယ်ပညာရပ်နယ်ပယ်ကပဲဖြစ်ဖြစ်၊ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ဧည့်သည် ဖြစ်လာနိုင်တယ်ဆိုတာ ဟုတ်ပါသလား”

ဆရာကြီးသည် မိမိကိုယ်ကို အလွန်ထိန်းချုပ်နိုင်သူဖြစ်သော်လည်း ယခုအချိန်မှာတော့ တစ်စုံတစ်ယောက်ကို ထိုးကြိတ်ချင်စိတ် ပေါ်နေ၏။

သူသည် မူလန်ကို နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်တော့ပေ။

မင်းယောက်ျား အခုချိန်ထိ ဘယ်လိုများ အသက်ရှင်ခဲ့တာလဲ။ သူ့ရဲ့ မိန်းမတစ်ယောက်အနေနဲ့ မင်း အရမ်းပင်ပန်းခဲ့မှာပဲ။ ဒီလိုယောက်ျားမျိုးနဲ့ မင်းက မထိုက်တန်ဘူး”

ဤနေရာသို့မလာခင်က ရှမ့်လန်သည် အမှန်တကယ် အိမ်စာလုပ်ခဲ့သည်။ လောက၏ အမြင်တွင် ကောင်းကင်ပင်လယ်နန်းဆောင်သည် သိုင်းပညာနန်းတော်ကြီး ဖြစ်၏။ သို့ပေမည့် သူတို့ထံတွင် သိုင်းပညာ လျှို့ဝှက်ကျမ်းများ သာမက ပညာရပ်ဆိုင်ရာ ကျမ်းအမျိုးမျိုးလည်း ရှိပေသည်။ နက္ခတ္တဗေဒ၊ ပထဝီ၊ သင်္ချာ၊ ဂီတ စသည်ဖြင့် ပေါင်းစုံရှိ၏။ ဤသည်ကား စစ်မှန်သော ပညာဗိမာန်ပင်တည်း။

ဆရာကြီးက ပြောလိုက်သည်။ “မှန်တယ်။ အချိန်ကာလတစ်ခုကြာတိုင်းမှာ ကျုပ်တို့ ကောင်းကင်ပင်လယ်နန်းဆောင်က ခက်ခဲတဲ့ မေးခွန်းအချို့ကို ထုတ်ပြန်လေ့ရှိတယ်။ မေးခွန်းတစ်ခု ဖြေဆိုနိုင်သူတိုင်းက နန်းဆောင်ရဲ့ ဖိတ်ကြားခြင်းကိုခံရမှာ ဖြစ်တယ်”

ဤသည်မှာ ကမ္ဘာမြေပေါ်ရှိ အလွန်အစွမ်းထက်သော ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တူညီသည်။ သင့်စာတမ်းသည် နေးချား၊ ဆဲလ်၊ သို့မဟုတ် သိပ္ပံပညာရပ်ဂျာနယ်များတွင် ပုံနှိပ်ဖော်ပြခြင်းမခံရပါက တံခါးလာခေါက်ရန်ပင် အရည်အချင်းမမီပေ။

သို့ပေမည့် ဤကမ္ဘာလောက၌ ပါရမီရှင်များစွာ ရှိနေသေးသည်။ ကောင်းကင်ပင်လယ်နန်းဆောင်သည် ယခင်က မေးခွန်းဆယ်ခု ထုတ်ပြန်ခဲ့ပြီး ယခု ခုနစ်ခု ဖြေရှင်းပြီးဖြစ်သည်။ သုံးခုသာ ကျန်တော့၏။

ထိုမေးခွန်းဆယ်ခု ဖြေရှင်းပြီးပါက ကောင်းကင်ပင်လယ်နန်းဆောင်သည် နောက်ထပ် ပုစ္ဆာဆယ်ခုကို ထပ်မံ ထုတ်ပြန်ပေလိမ့်မည်။ ဤပုစ္ဆာများသည် ပညာရပ်နယ်ပယ်အမျိုးမျိုးကို လွှမ်းခြုံထားပြီး နှစ်ခု သို့မဟုတ် သုံးခုသာ သိုင်းပညာနှင့် သက်ဆိုင်ခြင်းဖြစ်၏။ ဤကဲ့သို့ ဂုဏ်သတင်းကြီးမားသော နန်းဆောင်မှ ထုတ်ပြန်သော မေးခွန်းများသည် လောက၏ အခက်ခဲဆုံးသော မေးခွန်းများ ဖြစ်ပေလိမ့်မည်။ ပါရမီရှင် မဟုတ်ပါက ဖြေရှင်းရန်မဆိုထားနှင့် မေးခွန်းကို နားလည်ရန်ပင် မဖြစ်နိုင်ချေ။

ရှစ်ဝမ်ကျောင်းကို မှတ်မိပါသေးသလား။ ထိုသူသည် ရွှမ်ဝူမြို့တွင် သင်္ချာပညာပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသော်လည်း ကောင်းကင်ပင်လယ်နန်းဆောင်မှ မေးခွန်းများကို ကြည့်ရှုရန်ပင် အရည်အချင်းမမီပေ။

ဆရာကြီးက မေးလိုက်သည်။ “လူငယ်လေး.. ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ အခက်ဆုံး မေးခွန်းဆယ်ခုထဲမှာ သုံးခုပဲ ကျန်တော့တယ်။ သုံးနှစ်ကြာတဲ့အထိ အဲဒီမေးခွန်းတွေကို ဘယ်သူမှ မဖြေရှင်းနိုင်ခဲ့ဘူး။ မင်း တကယ်ကြိုးစားချင်တာ သေချာရဲ့လား”

ရှမ့်လန်က ဖြေလိုက်၏။ “သေချာတာပေါ့”

“ရွှေဒင်္ဂါးငါးရာ” ဆရာကြီးက တောင်းလိုက်သည်။

ဤမျှ အံ့ဩဖွယ်ကောင်းသော နန်းဆောင်ကြီးသည် လူတို့အား မေးခွန်းဖြေဆိုရန် ငွေတောင်းနေသည်လား။ ဟုတ်ပေ၏။ ငွေတောင်း၏။

နန်းဆောင်သည် လောဘကြီး၍ မဟုတ်ပေ။ ကောင်းကင်ပင်လယ်နန်းဆောင်ကို ထိန်းသိမ်းစောင့်ရှောက်ရသည့် ကုန်ကျစရိတ်သည် အလွန်ကြီးမားသောကြောင့် ဖြစ်၏။ ဤအကြီးအကဲများသည် မည်သည့်ဘုရင်မင်းမြတ်၏ ငွေကြေးကိုမျှ လက်ခံရန် စိတ်ဆန္ဒမရှိကြပေ။ အရာရှိများ သို့မဟုတ် မှူးမတ်များထံမှ အလှူငွေကိုလည်း လက်မခံကြချေ။ သို့ပေမည့် သူတို့သည် သာမန်ပြည်သူများထံမှ အလှူငွေကိုမူ လက်ခံရန် ဆန္ဒရှိကြသည်။

ရှမ့်လနသည် လက်ကိုဝှေ့ယမ်းပြလိုက်သည်။ မူလန်သည် ရွှေဒင်္ဂါးပြားများပါသော သေတ္တာတစ်လုံးကို ပေးလိုက်သည်။ ထိုအထဲတွင် ရွှေဒင်္ဂါးငါးရာတိတိ ရှိ၏။

“ကျုပ်နောက် လိုက်ခဲ့ပါ” ဆရာကြီးက ပြောလိုက်သည်။

ထို့နောက် သူသည် ရှမ့်လန်နှင့် မူလန်ကို ရဲတိုက်၏ ဘေးဘက်ရှိ အခန်းငယ်တစ်ခုသို့ ခေါ်ဆောင်သွား၏။ အခန်းသည် လွတ်နေပြီး ကုလားထိုင်သုံးလုံးနှင့် စားပွဲနှစ်လုံးသာ ရှိ၏။

ဆရာကြီးက မေးလိုက်သည်။ “ဘယ်မေးခွန်းကို ဖြေရှင်းချင်လဲ။ အခု သိုင်းပညာ၊ နက္ခတ္တဗေဒနဲ့ ဒဿနိကဗေဒ ဆိုပြီး မေးခွန်းသုံးခုပဲ ကျန်တော့တယ်”

ရှမ့်သခင်လေးသည် သိုင်းပညာလျှို့ဝှက်ကျမ်းများကို အလွန်နည်းပါးစွာ ဖတ်ရှုထားသဖြင့် သူ၏ သတင်းအချက်အလက်မှာ မလုံလောက်သေးပေ။ ဒဿနိကဗေဒသည်ကား အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲလွန်းသောအရာ ဖြစ်သည်။ ထိုသို့ဆိုလျှင် နက္ခတ္တဗေဒတစ်ခုတည်းသာ ကျန်တော့သည်။ သို့ပေမည့် ဤလောကသည် ကမ္ဘာမြေမဟုတ်ချေ။ ဤလောက၏ စကြဝဠာသည် ကွဲပြားခြားနားသည်။ ရှမ့်လန်၏ ဦးနှောက်ထဲမှ နက္ခတ္တဗေဒအဖြေများသည် အသုံးဝင်မည် မဟုတ်ပေ။

“နက္ခတ္တဗေဒ”

ဆရာကြီး၏ မျက်လုံးများတွင် မထီမဲ့မြင်အကြည့်မျိုး ပေါ်လာပြီး စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်သည်။ ဤသည်ကား ကောင်းကင်ပင်လယ်နန်းဆောင်၏ ကျန်ရှိနေသော အခက်ခဲဆုံး မေးခွန်းသုံးခု ထဲမှ တစ်ခုဖြစ်သည်။

ဤမေးခွန်း၌ စကားလုံးငါးလုံးသာ ရှိ၏။ “နေမင်းသည် မည်မျှကြီးမားသနည်း”

ဤမေးခွန်းသည် ခက်ခဲပါသလား။ အံ့မခန်း ဖြစ်ပါသလား။

လူတစ်ဦးတစ်ယောက်၏ ဆံပင်မွေးများ ထောင်ထိသွားလောက်သည်အထိ ခက်ခဲသည်။ လုံးဝ ရူးသွပ်ဖွယ်ရာပင်။ မည်သည့်အချက်အလက်မှ မပေးဘဲ နေမင်း မည်မျှကြီးမားပြီး သူ၏အချင်း မည်မျှရှိသည်ကိုသာ မေးထားသည်။

နောက်တစ်ကြိမ် ထပ်ပြောရလျှင် ဤလောကသည် ကမ္ဘာမြေမဟုတ်ပေ။ ထို့ကြောင့် ဤကမ္ဘာရှိနေမင်း၏ အချင်းသည် သူ၏ ယခင်ကမ္ဘာမြေနှင့် ကွဲပြားခြားနားဖွယ်ရှိ၏။

မူလန်သည် ဤမေးခွန်းကို မြင်ရသည်အချိန်၌ မှင်တက်သွားခဲ့၏။ သူမသည် မိမိကိုယ်ကို အလွန် ထက်မြက်သည်ဟု အမြဲထင်ခဲ့သော်လည်း ယခုအချိန်မှာတော့ သူမ၏ဉာဏ်ရည်ကို ပထမဆုံးအကြိမ် သံသယဝင်မိသည်။ ဤမေးခွန်းကို မြင်ဖူးသူတိုင်းသည် မိမိတို့၏ ဘဝကို သံသယဝင်ကြပေလိမ့်မည်။

ဆရာကြီးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “မဖြေရှင်းနိုင်ရင် အချိန်မဖြုန်းနဲ့တော့။ ကိုယ်လာတဲ့နေရာကို ပြန်ကြတော့”

ထိုသို့ပြောပြီးနောက် သူသည် ထထွက်သွားရန် ပြင်လိုက်၏။ ဤမေးခွန်းသည် အလွန်ခက်ခဲပြီး လုံးဝဖြေရှင်း၍ မရနိုင်ဟုပင် ထင်ရသည်။ သို့ပေမည့် ရှမ့်လန်အတွက်မူ အလွန်ပင် ရိုးရှင်းလှသည်။ သူသည် ဦးနှောက်ကိုပင် အသုံးပြုရန် မလိုအပ်ပေ။

“ဆရာကြီး... ဒီအဖြေကို တွက်ချက်ဖို့ အနည်းဆုံး သုံးရက်တော့ အချိန်ယူရလိမ့်မယ်”

ရှမ့်လန်သည် ထိုသို့ပြောနေရင်းမှာပဲ ဆရာကြီး၏ မျက်နှာကို ဂရုတစိုက် စိုက်ကြည့်လိုက်သည်။ သူ ခန့်မှန်းသည်သာ မှန်ကန်ပါက သူ၏စကားကို ကြားသည်နှင့် ဆရာကြီးသည် တုန်လှုပ်သွားပေလိမ့်မည်။

ဆရာကြီးသည် အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့သည်။ ဤသည်ကား ထိပ်တန်းပညာရှိတို့၏ အပြန်အလှန် ဆက်သွယ်မှုပင်တည်း။ ရှမ့်လန် ဤသို့ပြောဆိုခဲ့ခြင်းမှာ မေးခွန်းကို ဖြေဆိုနိုင်သည်ဟု အခြေခံအားဖြင့် အဓိပ္ပာယ် ပေါ်သည်။

သို့ပေမည့် မူလန်မှာတော့ ဆက်လက်၍ ရှုပ်ထွေးနေဆဲဖြစ်သည်။ သူမရှေ့မှ လူနှစ်ယောက်တို့ စကားပြောဆိုနေပုံ၊ မျက်နှာအမူအရာ ပြောင်းလဲပုံများကို သူမ အဘယ့်ကြောင့် နားမလည်ဖြစ်နေရသနည်း။

...

ထို့နောက် ရှမ့်လန်သည် အခေါင်းပေါက် ဝါးလုံးတစ်လုံးကို ရှာဖွေလိုက်သည်။ ပြီးနောက် မူလန့်ဆီမှ ဓားကို ယူလိုက်၏။ သူသည် အခေါင်းပေါက် ဝါးလုံးဖြင့် နေကို ကြည့်သည်။ ကြည့်နေရင်း ဓားဖြင့် ဝါးလုံးကို ဖြတ်တောက်သည်။ သူ၏အမြင်အာရုံထဲမှ နေ၏ အရိပ်သည် ဝါးလုံး၏ အခေါင်းပေါက်အချင်းနှင့် အပြည့်အဝ ပြည့်သွားသည်အထိ ချိန်လိုက်သည်။ ဤအချိန်တွင် ဝါးလုံး၏အလျားကို အချင်းဖြင့် စားလျှင် ၈၅ ဆ ဖြစ်သည်။ ဆိုလိုသည်မှာ နေနှင့် ဤကမ္ဘာကြားရှိ အကွာအဝေးသည် နေ၏အချင်းထက် ၈၅ ဆ ပိုများ၏။ အမှန်ပင် ကမ္ဘာမြေနှင့် ကွဲပြားခြားနားသည်။ ကမ္ဘာမြေတွင် ၈၀ဆ ဖြစ်၏။

ထို့နောက် ရှမ့်လန်သည် ဝါးလုံးကို မြေကြီးထဲသို့ တည့်တည့်စိုက်လိုက်သည်။ မွန်းတည့်ချိန်အတိတွင် နေရောင် အောက်မှ ဝါးလုံး၏ အရိပ်အရှည်ကို တိုင်းတာပြီး မှတ်တမ်းတင်လိုက်သည်။

ထို့နောက် ရှမ့်လန်သည် အဘိုးအိုအား မေးလိုက်၏။ “ဆရာကြီး... ကျုပ် ဆက်လုပ်ဖို့ လိုသေးပါသလား”

ဆက်လုပ်လိုပါက ရှမ့်လန်သည် တိကျသော မြေပုံတစ်ချပ်ကို ရှာဖွေပြီးနောက် မြောက်ဘက်သို့ လီပေါင်း နှစ်ထောင် ခရီးသွားရပေမည်။ သုံးရက်အကြာ မွန်းတည့်ချိန်တွင် ဝါးလုံးကို မြေကြီးထဲသို့ စိုက်ထည့်ပြီး ဝါးလုံးအရိပ်၏ အလျားကို တိုင်းတာရမည်။ လီပေါင်း နှစ်ထောင်အကွာတွင် တူညီသော မွန်းတည့်တိုက်ရိုက် နေရောင်ခြည်၊ တူညီသော ၈.၅ ပေ ဝါးလုံးအရိပ်၏ အလျားသည် စင်တီမီတာအနည်းငယ် ကွာခြားမှု ရှိပေလိမ့်မည်။

လီပေါင်း နှစ်ထောင်အကွာ နေရာနှစ်ခုမှ အရိပ်၏ အလျားကွာခြားချက်နှင့် ပိုက်သာဂိုရပ်စ်သီအိုရီအရ နေနှင့် ဤကမ္ဘာကြားရှိ အကွာအဝေးကို တွက်ချက်နိုင်သည်။ ထို့နောက် ထိုအကွာအဝေးကို ၈၅ ဖြင့် စားလျှင် ဤကမ္ဘာမှ နေမင်း၏ အချင်းကို တွက်ချက်နိုင်ပေမည်။

(အလွယ်ရှင်းပြရရင် ရှမ့်လန်က ဝါလုံးအခေါင်းပေါက် တစ်ခုကို သုံးပြီး pinhole projection နည်းအရ နေရဲ့ အရိပ်ကိုအသုံးပြုပြီး နေရဲ့ ထောင့်အချင်းကို တိုင်းတယ်။ ဝါးလုံး အရှည် - L အခေါင်းပေါက် ဝါးလုံး အချင်း - d

L/d = Earth – sun အကွာအဝေး (D) / နေရဲ့အချင်း (S) ဖြစ်တယ်။

L/d = 85 ဖြစ်တာမို့ D/S 85 ဖြစ်သည်။

ပြီးရင် လီ ၂၀၀၀ (တစ်ထောင် ကီလိုမီတာ) ရှိတဲ့ တည်နေရာ အကွာအဝေးနှစ်ခုကို သွားမယ်။ မွန်းတည့်ချိန်မှာ ဝါးလုံးအရှည်ကို မြေထဲစိုက်မယ်။ အရိပ်အလျားတိုင်းမယ်။ နှစ်ခု ကွာခြားချက် ကို တိုင်းနိုင်ရင် ကမ္ဘာမြေ နဲ့ နေရဲ့ အကွာအဝေးကို တိုင်းနိုင်မယ်။

အားလုံးပြီးရင် အပေါ်မှာ ရေးထားတဲ့ ဖော်မြူလာအတိုင်း နေရဲ့ အချင်းကို ခန့်မှန်းလိုရပါပြီ။ ဒါပေမဲ့ တိကျတဲ့ အဖြေတစ်ခု မဟုတ်ပါဘူး - ဘာသာပြန်သူမှတ်ချက်)

ရှမ့်လန်သည် ဖြေရှင်းနည်း၏ လုပ်ငန်းစဉ်တစ်ခုလုံးကို ချရေးလိုက်သည်။ သို့ပေမည့် သူသည် တိကျသော အဖြေကို မပေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မြောက်ဘက်သို့ လီပေါင်း နှစ်ထောင် ခရီးသွားရန် အချိန်မရှိသောကြောင့်ပင်။

တိတိကျကျဆိုရလျှင် လီပေါင်း နှစ်ထောင်မဟုတ်ပေ၊ အကြောင်းမှာ ကမ္ဘာဂြိုဟ်၏ မျက်နှာပြင်သည် လုံးဝန်း နေသောကြောင့် အကွေးအကောက်ကို တွက်ချက်ရမည်ဖြစ်ပြီး ပိုင်အချိုး (π) ကို အသုံးပြုရန် လိုအပ်သည်။

နာရီဝက်အတွင်းမှာပဲ ရှမ့်လန်သည် အဖြေလွှာကို တင်သွင်းလိုက်၏။

သူသည် နောက်ဆုံးအဖြေကို မပေးခဲ့သော်လည်း ဆရာကြီးသည် ဖတ်ရှုပြီးနောက် အနည်းငယ် အံ့အားသင့်သွားသည်။ အကြောင်းမှာ ရှမ့်လန်၏ အဖြေသည် လုံးဝမှန်ကန်ပြီး သူတို့၏ အဖြေထက်ပင် ပိုမိုတိကျ သောကြောင့် ဖြစ်၏။ ဤသည်မှာ ရှမ့်လန်၏ ပိုင် (π) တန်ဖိုးက ပို၍ တိကျသောကြောင့်ပင်။

“လူငယ်လေး... မင်း မြောက်ဘက်ကို လီပေါင်း နှစ်ထောင် မသွားနိုင်ပေမယ့် နေမင်းရဲ့အချင်းကို စိတ်နဲ့ တွက်ချက်ပြီး ခန့်မှန်းပေးနိုင်မလား” ဆရာကြီးက မေးလိုက်သည်။

ရှမ့်လန်သည် အနည်းငယ် တွက်ချက်လိုက်ပြီး ပြောလိုက်၏။ “လီပေါင်း ၂.၈၉ သန်းလောက် ရှိနိုင်တယ်”

ကမ္ဘာနှစ်ခုမှ နေမင်း၏ အချင်းများသည် ကွဲပြားခြားနားသည်။ ရှမ့်လန်သည် သူရင်းနှီးသော နေ၏အချင်းကို အခြေခံ၍ ဤကမ္ဘာရှိ နေ၏အချင်းကို အကြမ်းဖျင်း ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

ဆရာကြီးသည် ရှမ့်လန်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်း၏။ အလွန်တရာ တုန်လှုပ်ဖွယ်လည်း ကောင်းသည်။ အချိန်အတော်ကြာပြီးနောက် ဆရာကြီးက မေးလိုက်၏။ “လူငယ်လေး... အသက်ဘယ်လောက်ရှိပြီလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ဆယ့်ရှစ်”

ဆရာကြီးသည် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ “ပါရမီရှင်တွေက တကယ် မွေးရာပါ ဖြစ်တည်လာတာပဲလား။ ပါရမီရှင်၊ ထိပ်တန်းပါရမီရှင်။ ဒီလောက်ငယ်ရွယ်တဲ့ ပါရမီရှင်မျိုး တစ်ခါမှ မမြင်ဖူးဘူး။ မိန်းကလေး .... မင်းက သူနဲ့ မထိုက်တန်ပါဘူး”

“........” မူလန်မှာ ဆွံ့အသွား၏။ ဆရာကြီးသည် စောစောက ထိုသို့ပြောခဲ့သည်မဟုတ်ပေ။ အပြောင်းအလဲမြန်ဆန်လွန်းပေစွ။

ရှမ့်လန်က မေးလိုက်သည်။ “ဆရာကြီး.... ကျုပ် အခု ကောင်းကင်ပင်လယ်နန်းဆောင်ထဲ ဝင်လို့ရပြီလား”

ဆရာကြီးက ပြုံးကာ ပြောလိုက်၏။ “လူငယ်လေး .... ကျုပ်တို့ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ဧည့်သည်တော်အဖြစ် ကြိုဆိုပါတယ်”

ဆရာကြီး၏ လမ်းပြမှုအောက်မှာပဲ ရှမ့်လန်သည် သိုင်းပညာနှင့် ပညာရပ်ဆိုင်ရာ နန်းတော်ကြီးအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ သူသည် မရေမတွက်နိုင်သော လျှို့ဝှက်ကျမ်းများနှင့် ကျမ်းပြုသုံးသပ်ချက်များ တည်ရှိရာ နေရာထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။

“ကျောက်စိမ်းမိန်းကလေး... ဧည့်သည်ကို ကြိုဆိုရမယ့် အချိန်ရောက်ပြီ” ဆရာကြီးက အော်ခေါ်လိုက်၏။

အသက်သုံးဆယ်ကျော်အရွယ် ပြည့်ပြည့်ဖြိုးဖြိုး အလှပဂေးတစ်ဦးသည် လှပစွာ လျှောက်လှမ်း ဝင်ရောက်လာ၏။ သူမသည် ကျောင်းတော်သူဝတ်စုံကို ဝတ်ဆင်ထားသည်။ အထူးသဖြင့် သူမ၏ ဝတ်စုံသည် ကြပ်ထုတ်နေကာ ဆွဲဆောင်မှုရှိလွန်းသည်။ သို့ပေမည့် သူမသည် အလွန်လှပသော်လည်း ဆံပင်မှာ ဖရိုဖရဲဖြစ်နေပြီး မျက်ကွင်းများလည်း ညိုနေ၏။ ကြည့်ကောင်းသော အသွင်အပြင်ဟူ၍ မရှိပေ။

သူမသည် လျှောက်လာရင်း ကျိန်ဆဲနေသည်။ “အဘိုးကြီးတစ်ယောက်ပဲလား။ လောကမှာရှိတဲ့ ထက်မြက်တဲ့ လူငယ်တွေအားလုံး သေကုန်ကြပြီလား။ ဘာဖတ်ချင်လို့လဲ”

အမျိုးသမီးသည် ခပ်ကြမ်းကြမ်း ပြောလိုက်၏။ “မြန်မြန်ပြော.. အချိန်မရှိဘူး။ နှစ်နာရီ အချိန်ပေးမယ်၊ ကိုယ့်ဘာသာကိုယ်ရှာ၊ ကျွန်မလက်တွေ ညောင်းနေပြီ”

ပြီးနောက် သူမသည် ခေါင်းမော့ပြီး သူမ၏ လှပသော မျက်လုံးကြီးများဖြင့် ရှမ့်လန်ကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် မှင်တက်သွား၏။ မျက်လုံးများကလည်း တောက်ပသွားသည်။ အံ့အားတသင့်အော်ဟစ်ပြီး ခပ်မြန်မြန် ထွက်ပြေးသွားလေသည်။

ရှမ့်လန်သည် ကြောင်သွားမိသည်။ ဘာတွေဖြစ်နေသနည်း။

သို့ပေမည့် နာရီဝက်နီးပါးအကြာမှာတော့ သူမသည် တစ်ဖန် ပြန်ထွက်လာသည်။ သူမသည် လူတစ်ယောက်မှ နောက်တစ်ယောက်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။ သူမ၏ဆံပင်သည် နူးညံ့ပျော့ပျောင်းသွားပြီး မျက်ကွင်းညိုများ ပျောက်ကွယ်သွားသည်။ မျက်နှာပေါ်၌ ပါးနီခြယ်သထားပြီး နှုတ်ခမ်းကို အနီရောင်ဆိုးထား၏။ သူမသည် ပို၍ပင် ဆွဲဆောင်မှုရှိသော အပြာရောင်ဝတ်စုံကိုလည်း ပြောင်းလဲဝတ်ဆင်ထားသည်။

အမျိုးသမီးက ချစ်စဖွယ် ပြောလိုက်၏။ “သခင်လေး.. စောစောက ညစ်ပတ်တဲ့ မိန်းမက ကျွန်မရဲ့ အစ်မပါ။ သူက ဒီလိုပဲ အမြဲတမ်း ရိုင်းစိုင်းတတ်တယ်။ သခင်လေး စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”

အစ်မလား .... ခင်ဗျားတို့နှစ်ယောက်က တင်ပါးအရွယ်အစား၊ ရင်သားအရွယ်အစား၊ ပေါင်အတွင်းပိုင်းရဲ့ တြီဂိုနိုမေတြီ ကိန်းတန်ဖိုးတောင် တူညီနေသေးတယ်။ (စမူဆာထောင့်ချိုး ကိန်းကို ဆိုလိုသည်)

သို့ပေမည့် စကားထွက်လာပြီဆိုမှတော့ ယုံကြည်ပေးရပေတော့မည်။

လှပသော ကျောင်းတော်သူအမျိုးသမီးသည် ချစ်စဖွယ် ပြောလိုက်သည်။ “ဘယ် ပညာရပ်စာအုပ်ကို ငှားချင်ပါသလဲ။ ဒါမှမဟုတ် လျှို့ဝှက်ကျမ်းများလား။ ဒီမှာပဲ ထိုင်နားနေပါ။ ကျွန်မ သွားယူပေးပါ့မယ်။ သခင်လေး … လက်ဖက်ရည် သောက်မလား။ မုန့်ပဲသရေစာများ သုံးဆောင်အုံးမလား”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် 'ကြယ်ကြွေဓားသိုင်း' ကို ငှားချင်ပါတယ်”

လှပသော ကျောင်းတော်သူအမျိုးသမီးသည် မှင်တက်အံ့ဩသွား၏။ ပြီးနောက် ချိုသာစွာ ပြောလိုက်သည်။ “ကောင်းပြီ... ကျွန်မ သွားယူပေးပါ့မယ်”

...

All Chapters