အပိုင်း (၁၃၁)
Vol. 10 Ch. 131
ရှစ်မိသားစု၏ အိမ်တော်အတွင်းမှာတော့ မရေမတွက်နိုင်သော ပိုးထည်များသည် တောင်ကဲ့သို့ စုပုံနေသည်။ ပိုးထည်များ၏ ခြောက်ဆယ်ရာခိုင်နှုန်းသည် ခရမ်းရောင်ပိုးထည်များဖြစ်ပြီး လေးဆယ်ရာခိုင်နှုန်းသည် သက်တန့်ရောင်ပိုးထည်များ ဖြစ်၏။ အနောက်တိုင်းဒေသမှ ကုန်သည် ဒါဇင်ပေါင်းများစွာသည် ထိုပိုးထည်များကို တွေဝေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ အလွန်လှပ၏။ ဘုရားသခင်၏ လက်ရာမြောက် ဖန်တီးမှုတစ်ခုပင်။
ဤအရာများသည် ပိုးထည်များမဟုတ်ချေ။ ရွှေဒင်္ဂါးတောင်ကြီးတစ်လုံး ဖြစ်သည်။ ဤပိုးထည်များ သူတို့၏ နိုင်ငံသို့ ရောက်ရှိသွားသည်နှင့် မည်မျှကြီးမားသော ဂယက်ရိုက်မှု ဖြစ်ပေါ်မည်ဖြစ်ကြောင်း သူတို့ မျှော်မှန်းမြင်ယောင်မိနေကြ၏။
အဘယ်ကြောင့် အားလုံးသည် အနောက်တိုင်းမှ ကုန်သည်များ ဖြစ်နေရသနည်း။ အကြောင်းမှာ ရွှဲ့တိုင်းပြည်၏ ဈေးကွက်ကို ရှစ်မိသားစုက သိမ်းပိုက်ထားသောကြောင့်ပင်။ ရှစ်မိသားစုသည် ထိုနိုင်ငံများတွင် ဆိုင်ဖွင့်နိုင်ခြင်း မရှိသောကြောင့် ဤကုန်သည်များထံသို့သာ ရောင်းချနိုင်သည်။
“ယူလာခဲ့”
ရှစ်ချင်းချင်းက အမိန့်ပေးလိုက်သည်။ ချက်ချင်းပဲ ခရမ်းရောင်ဝတ်ရုံ ဒါဇင်ပေါင်းများစွာနှင့် သက်တန့်ရောင်စကတ်များကို ယူဆောင်လာကြ၏။
“ဒါက ရှင်တို့အတွက် ကျွန်မရဲ့လက်ဆောင်ပါ” ရှစ်ချင်းချင်းက ပြောလိုက်သည်။
ဤသည်မှာ ထုံးစံတစ်ခုပင် ဖြစ်၏။ အရောင်းအဝယ်ပြုလုပ်တိုင်း ပိုးထည်အဝတ်အစားများကို တစ်ဖက်လူအား ပေးရစမြဲဖြစ်သည်။ ဤအနောက်တိုင်းမှ ကုန်သည်များသည် တစ်ယောက်တည်း လာကြသည် မဟုတ်ချေ။ သူတို့၏ ချစ်သူ၊ အိမ်သူသက်ထားများကိုပါ ခေါ်ဆောင်လာကြသဖြင့် ချင်းချင်းက သက်တန့်ရောင် စကတ်များ ပေးခဲ့ခြင်းဖြစ်၏။
အနောက်တိုင်းမှ ကုန်သည် ဒါဇင်ပေါင်းများစွာနှင့် သူတို့၏ ချစ်သူများသည် အခန်းထဲသို့ ဝင်ရောက်ကာ ဝတ်ရုံနှင့် စကတ်အသစ်များကို ဝတ်ဆင်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။ အမှန်ပင် ခမ်းနားထည်ဝါပြီး ကျက်သရေ ရှိလှသည်။ အထူးသဖြင့် သက်တန့်ရောင်စကတ်များသည် နတ်သမီးများကဲ့သို့ပင် ကြည့်ကောင်းစေသည်။
ရှစ်ချင်းချင်းက မေးလိုက်၏။ “ကျေနပ်ကြရဲ့လား”
အနောက်တိုင်းမှ ကုန်သည် ဒါဇင်ပေါင်းများစွာသည် ချီးကျူးစကားများ ဆိုကြသည်။ “ကျေနပ်ပါတယ်၊ အရမ်းကျေနပ်ပါတယ်”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဒါဆို ကျွန်မတို့ အခု တရားဝင်ပစ္စည်းလွှဲပြောင်းကြမလား။ တရားဝင်နော်”
အနောက်တိုင်းမှ ကုန်သည် ဒါဇင်ပေါင်းများစွာက သဘောတူညီကြသည်။ သူတို့သည် ဤပိုးထည်များကို သူတို့၏ နိုင်ငံသို့ အမြန်ဆုံး တင်ပို့လိုစိတ် ပြင်းပြနေကြ၏။ သို့မှသာ သူတို့သည် ဈေးကွက်ကို လျင်မြန်စွာ ဖွင့်လှစ်ပြီး ငွေအမြောက်အမြား ရှာဖွေနိုင်မည် မဟုတ်ပါလား။ ထို့နောက် တရားဝင် ပစ္စည်းလွှဲပြောင်းရမည့်အချိန် ရောက်ရှိလာသည်။
ဆိုလိုသည်မှာ ရှစ်မိသားစု၏ ဘဏ်စာရင်းထဲသို့ ရွှေဒင်္ဂါးတစ်သိန်းကျော် ရုတ်တရက် ဝင်ရောက်လာပေတော့မည်။ ပိုးအိမ်များကို သုံးဆဈေးဖြင့် ဝယ်ယူခဲ့ရသော်လည်း ဤစီးပွားရေးသည် အမြတ်ကြီးသော လုပ်ငန်းတစ်ခု ဖြစ်နေဆဲပင်။ အလုပ်ရုံကို ပြန်လည်တည်ဆောက်ရန် အလျင်မလိုပေ။ ဤငွေကို ကျန်းချုံးအား ယန်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးရာထူး ရယူရန် ပေးအပ်ရပေမည်။
ရှစ်ချင်းချင်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်၏။ ရက်ပေါင်းများစွာ ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပြီးနောက် နောက်ဆုံးတွင် အောင်မြင်ခဲ့လေပြီ။ ရှစ်မိသားစုသည် ဤအကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်၏။
ရှစ်မိသားစု၏ ရွှေဆိုင်းဘုတ်သည် မကျိုးပဲ့သွားရုံသာမက ပိုမိုတောက်ပလာခဲ့သည်။ ဤရက်များအတွင်း သူမသည် ညတိုင်းနီးပါး အိပ်မက်ဆိုးများ မက်ခဲ့၏။ အိပ်မက်၏ အကြောင်းအရာသည် အမြဲတစေ တူညီနေသည်။ ပိုးထည်များ ရုတ်တရက် အရောင်ကျွတ်သွားခြင်းပင်။
ထို့ကြောင့် ပစ္စည်းမလွှဲပြောင်းမီ သူမသည် ပိုးထည် နမူနာများကို ရွေးချယ်ပြီး မရေမတွက်နိုင်သော စမ်းသပ်မှုများ ပြုလုပ်စေခဲ့သည်။ နေပူလှန်းခြင်း၊ မီးကင်ခြင်း၊ ဆားရည်တွင် ဆေးကြောခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်း စသည်ဖြင့် နည်းလမ်းအားလုံးနီးပါးကို အသုံးပြုခဲ့သည်။ ပိုးထည်သည် အရောင်မကျွတ်ခဲ့ပေ။
ယခု နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပြီဖြစ်သည်။ ရှစ်ချင်းချင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝေ့လာ၏။ အလွန်ပင် ခက်ခဲခဲ့သည်။ သူမသည် ခေါင်းကိုအသာလှည့်လိုက်တော့ သူမနှင့် စေ့စပ်ထားသူ ကျန်းကျင်းကို မြင်လိုက်ရသည်။ သူမသည် ရင်းနှီးစွာ ပြုံးပြလိုက်၏။
ကျန်းကျင်းက ချစ်ခင်စွာ ပြန်ပြုံးပြသည်။ သူသည်လည်း သက်ပြင်းချလိုက်မိ၏။ ရှစ်မိသားစု၏ အောင်မြင်မှုသည် သူ၏ဖခင် ယန်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို ရယူရန် ငွေကြေးရရှိခြင်းပင်။ အရေးကြီးဆုံးမှာ သူသည် ရှစ်ချင်းချင်းကို လက်ထပ်နိုင်တော့မည် ဖြစ်၏။ သူသည် ကြောက်မက်ဖွယ်ရာကောင်းသော အရာကို လုပ်ဆောင်ရန် မလိုတော့ပေ။
ရှစ်ချင်းချင်းသည် သူမ၏ စိတ်ထဲတွင် ဂုဏ်ယူစွာ ပြောလိုက်သည်။ ‘ရှမ့်လန်... ရှမ့်လန် ... ရှင်က ကျွန်မကို အဖိုးမဖြတ်နိုင်တဲ့ ဆိုးဆေးနည်းပညာနှစ်ခု ပေးခဲ့တာပဲ။ ကျွန်မရဲ့ အလုပ်ရုံကို မီးရှို့လိုက်ရုံနဲ့ ရှစ်မိသားစုကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား။ ရှင်ဆိုတဲ့ အကောင်က အသိတရားမရှိတဲ့ကောင်။ ဒီနည်းလမ်းနှစ်ခုက အလုပ်ရုံထက် ပိုတန်ဖိုးရှိမှန်းတောင် မသိဘူး။
ရှင်က ကျွန်မတို့ ရှစ်မိသားစုကို မရှုံးနိမ့်စေခဲ့ရုံမက ကျွန်မတို့ကို ပိုအားကောင်းအောင်၊ ကျွန်မ ရှစ်ချင်းချင်းကို ပိုအားကောင်းအောင် လုပ်ပေးခဲ့တယ်။ ရှစ်မိသားစု မပြိုလဲခဲ့ဘူး။ ပြိုလဲမယ့်သူက ရှင်ပဲ … ရှမ့်လန်။
ရှမ့်လန်... ရှင်သေမယ့်နေ့ကို ကျွန်မစောင့်နေမယ်။ ရှင့်ရဲ့သေဆုံးမှုက ဘယ်လောက်တောင် ကြေကွဲစရာ ကောင်းမလဲဆိုတာ ကျွန်မ မြင်ချင်တယ်။ အဲဒီနေ့ မကြာခင် ရောက်လာတော့မယ်။ ရှင့်ရဲ့ အဆုံးသတ် ရောက်လာတော့မယ်’
ရှစ်ချင်းချင်းသည် အလွန်ဝမ်းမြောက်နေသည်။ သို့ပေမည့် ဤအခိုက်အတန့်မှာပဲ အနောက်တိုင်း ကုန်သည်များကြားမှ တစ်စုံတစ်ယောက်သည် ရုတ်တရက် အော်ဟစ်လိုက်၏။
“အား... အား...”
ထို့နောက် ရှစ်ချင်းချင်းသည် ကြောက်လန့်ဖွယ်ရာ အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။ အနောက်တိုင်း ကုန်သည်အချို့နှင့် သူတို့ချစ်သူများ၏ ခန္ဓာကိုယ်ပေါ်တွင် အဖုအပိမ့်များနှင့် အရည်ကြည်ဖုများစွာ ထွက်ပေါ်လျက်ရှိသည်။ တချို့၏ မျက်နှာများသည် ဖူးယောင်ကာ ပုံပျက်လာသည်။ တစ်ယောက်ဆိုလျှင် ပန်းနာရင်ကျပ်ပင် ရောဂါထလာပြီး အသက်လုံးဝရှူမရတော့ပေ။
“အား... အား... ဒီပိုးထည်က အဆိပ်... အဆိပ်ရှိတယ်”
ဤပိုးထည်သည် အဆိပ်မရှိသည်မှာ သေချာသည်။
ရှမ့်လန်သည် ဆေးဆိုးနည်းထဲသို့ ဓာတ်မတည့်မှုကို ဖြစ်စေသော ပစ္စည်းအချို့ကို ထည့်သွင်းလိုက်ခြင်းသာ ဖြစ်၏။ သူသည် အနောက်တိုင်းသားတို့၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံအတွက် ဓာတ်မတည့်သော အရာများကို အထူးရွေးချယ် ထည့်သွင်းထားခြင်း ဖြစ်၏။
ငါ ရှမ့်သခင်လေးက မင်း … ရှစ်ချင်းချင်းကို ငါ့ရဲ့ နည်းလမ်းတွေ အလွယ်တကူ သိမြင်ခွင့်ပေးပါ့မလား။
...
ဓာတ်မတည့်ခြင်း ဆိုသည်မှာ အပျော့စားမှ အပြင်းအထန်အထိ ဖြစ်နိုင်သောအရာ ဖြစ်သည်။ အပျော့စားဖြစ်လျှင် အဖုအပိမ့်ထွက်ရုံသာဖြစ်သော်လည်း အပြင်းအထန်ဖြစ်လျှင်မူ အသက်သေဆုံးသည်အထိ ဖြစ်နိုင်၏။ ကမ္ဘာမြေ ပေါ်တွင် ဓာတ်မတည့်မှုကိုဖြစ်စေသောအရာများ (အလာ့ဂျစ်) အမျိုးအစားများစွာရှိပြီး မရေမတွက်နိုင်အောင် များပြားလှသည်။
သတ္တုနှင့် ဓာတ်မတည့်ခြင်း၊ ပန်းဝတ်မှုန်နှင့် ဓာတ်မတည့်ခြင်း၊ သရက်သီးနှင့် ဓာတ်မတည့်ခြင်း၊ ဖုန်မှုန့်နှင့် ဓာတ်မတည့်ခြင်း၊ ရော်ဘာနှင့် ဓာတ်မတည့်ခြင်းပင် ရှိသေးသည်။ ထိုကဲ့သို့သော လူများသည် ဘဝတွင် အလွန် ပင်ပန်းကြရ၏။
အမေရိကန်ပြည်ထောင်စု၏ ဆေးပညာနေ့စဉ်သတင်းစာတွင် အန္တရာယ်အရှိဆုံး ဓာတ်မတည့်မှုကို ဖြစ်စေသော အရာလေးမျိုးကို စာရင်းပြုစုထားရာ အရက်၊ ခရုကမာနှင့် မြေပဲတို့ ပါဝင်၏။ သို့ပေမည့် ယေဘုယျအားဖြင့် ဓာတ်မတည့်ခြင်းသည် လူမျိုးနှင့် ဒေသအလိုက်လည်း ကွဲပြားမှုရှိသည်။
ဥပမာအားဖြင့် ကမ်းရိုးတန်းဒေသများရှိ လူများသည် ယေဘုယျအားဖြင့် ပင်လယ်စာနှင့် ဓာတ်မတည့်ခြင်း မရှိကြပေ။ သို့ပေမည့် ပင်လယ်နှင့် ဝေးကွာသော ကုန်းတွင်းနိုင်ငံမှ လူများသည် ပင်လယ်စာနှင့် ဓာတ်မတည့်နိုင်ခြေ ပိုများ၏။
အာရှသားများသည် ပန်းဝတ်မှုန်၊ ဖုန်မှုန့်တို့နှင့် ဓာတ်မတည့်ရန် အလားအလာများ၏။ အနောက်တိုင်းသား များသည် အာရှသားများထက် မြေပဲနှင့် ဓာတ်မတည့်နိုင်ခြေ ပိုများ၏။ ထို့ကြောင့် အမေရိကန်ဇာတ်လမ်းများတွင် မြေပဲနှင့် ဓာတ်မတည့်ခြင်းကို မကြာခဏ တွေ့မြင်ရသည်။ မြေပဲမှုန့် သို့မဟုတ် မြေပဲဆီ အနည်းငယ်ထိမိရုံဖြင့် တစ်ကိုယ်လုံး အဖုအပိမ့်များ ထွက်လာပြီး မျက်နှာသည် ဝက်ခေါင်းကဲ့သို့ ဖူးယောင်လာတတ်ကြသည်။
ပြည်တွင်းပရိသတ်များသည် ၎င်းအဖြစ်အပျက်မှာ အလွန်အကျူး ချဲ့ကားသည်ဟု ထင်ကြသော်လည်း အမှန်တကယ်ပင် ဖြစ်သည်။ သေစေနိုင်သော ဓာတ်မတည့်မှုရင်းမြစ်တစ်ခုသည် ခရုကမာတို့၏ အရည်ဖြစ်၏။
ယခုတစ်ကြိမ် ရှစ်ချင်းချင်းထံသို့ ဝယ်ယူရန် ရောက်ရှိလာသော အနောက်တိုင်းကုန်သည်များသည် လူဖြူများချည်း ဖြစ်ပြီး ထိုသူတို့သည် ကုန်းတွင်းနိုင်ငံများမှ လာကြသူများ ဖြစ်၏။ မြေပဲ၊ ခရုကမာတို့နှင့် ဓာတ်မတည့်နိုင်ချေသည် အာရှသားများထက် များစွာပိုသည်။
ရှမ့်လန်၏ ဆိုးဆေးနည်းပညာနှစ်မျိုး - အထူးသဖြင့် သက်တန့်ရောင်ဆေးဆိုးနည်းတွင် ပါဝင်ပစ္စည်း ဒါဇင်ပေါင်းများစွာ ပါရှိ၏။ ရှမ့်လန်သည် အနောက်တိုင်းမှ လူများအတွက် ဓာတ်မတည့်မှုကိုဖြစ်စေသောအရာ ကိုးမျိုးအထိ ထည့်သွင်းထားခဲ့သည်။ ခရုကမာအရည် သုံးမျိုးထက်မနည်း ပါဝင်၏။
မြေပဲသည် ရှေးဟောင်းတရုတ်ပြည်၌ မင်မင်းဆက်ရောက်မှသာ ပေါ်ပေါက်ခဲ့သော်လည်း ဤကမ္ဘာတွင်မူ မြေပဲသည် လွန်ခဲ့သော နှစ်သုံးရာခန့်က ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် မြေပဲဆီကိုလည်း ဆိုးဆေးနည်းထဲသို့ ထည့်သွင်းခဲ့သည်။
အကယ်၍ ရှစ်ချင်းချင်းထံတွင် အချိန်အလုံအလောက်ရှိပါက သူမသည် ပညာရှင်များကို ခေါ်ယူ၍ ဤဆိုးဆေးနည်းလမ်းများကို သေချာစစ်ဆေးခိုင်းနိုင်ပေမည်။ ဥပမာအားဖြင့် အချို့သောပစ္စည်းများကို ဖယ်ရှားခြင်း သို့မဟုတ် ဆိုးဆေးနည်းပညာ၏ အချိုးအစားကို အဆင့်မြင့်တင်ခြင်း၊ အပြောင်းအလဲအချို့ ပြုလုပ်ခြင်းတို့ ဖြစ်သည်။ သို့ပေမည့် သူမ၌ အချိန်မရှိခဲ့ပေ။
အလုပ်ရုံကြီး မီးလောင်သွားသည့်အချိန်မှစ၍ ပစ္စည်းပေးပို့ရမည့်ရက်သည် အလွန်နီးကပ်လာပြီး သူမ၏ လည်ပင်းပေါ်တွင် ဓားတစ်စင်း ဆွဲထားသကဲ့သို့ ဖြစ်နေသည်။ သူမသည် ငွေအမြောက်အမြားသုံးစွဲကာ အလုပ်သမား အရေအတွက်ကို သုံးဆငှားရမ်းပြီး နေ့ရောညပါ အလုပ်လုပ်စေကာ နောက်ဆုံးတွင် ပိုးထည်အားလုံးကို သတ်မှတ်ရက် အတွင်း အပြီးပြုလုပ်နိုင်ခဲ့၏။
သူမသည် ရှမ့်လန်က သူမအား အကောက်ကြံမည်ကို စိုးရိမ်ခဲ့သော်လည်း သူမ၏ အာရုံစူးစိုက်မှုအားလုံးသည် အရောင်ကျွတ်ခြင်းအပေါ်၌သာ ရှိခဲ့သည်။ ကြိုတင်ကာကွယ်မှုအားလုံးသည် ပိုးထည်အရောင်ကျွတ်နိုင်ခြေကို အခြေခံထား၏။ ဆေးဆိုးအရောင်ကျွတ်ခြင်းသည် အဖြစ်များဆုံးသော ချို့ယွင်းချက် ဖြစ်ခဲ့သည်။
ထို့ကြောင့် သူမသည် လက်မှုပညာဆရာကြီးကို နမူနာတစ်ရာယူ၍ ပြင်းထန်သော စမ်းသပ်မှုတစ်ခု ပြုလုပ်ခိုင်းခဲ့၏။ ရည်ရွယ်ချက်တစ်ခုလုံးမှာ အရောင်ကျွတ်မကျွတ်ကို ကြည့်ရန်ဖြစ်သော်လည်း မကျွတ်ခဲ့ပေ။ ဓာတ်မတည့်ခြင်းနှင့် ပတ်သက်၍လော။ သူမထံတွင် ထိုသို့သော အယူအဆ အမှန်တကယ်ပင် မရှိခဲ့ပေ။
ဤလောကတွင် လူမည်မျှက ဓာတ်မတည့်ခြင်းအကြောင်းကို သိရှိခဲ့သနည်း။ ဆိုးဆေးသမားများ အဘယ်ကြောင့် ဓာတ်မတည့်ခြင်း မဖြစ်ရသနည်းဆိုသော် ...
ဆိုးဆေးပစ္စည်းများနှင့် ဓာတ်မတည့်သော ပညာရှင်များသည် ရှေးယခင်ကတည်းက ဖယ်ရှားခံခဲ့ရပြီး ဖြစ်သည်။ ဤလူများသည် လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံးအလွှာဖြစ်သည်။ ထိုသူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အဖုအပိမ့်ထွက်ခြင်းသည် သူဠေးများအတွက် ဘာမှမဟုတ်ပေ။
အောက်ခြေအလုပ်သမားများအတွက် ဓာတ်မတည့်ခြင်းနှင့် အဖုအပိမ့်ထွက်ခြင်းကို မဆိုထားနှင့်၊ မီးလောင်ခံရလျှင် ... အရေပြားတစ်လွှာ လောင်ကျွမ်းသွားလျှင်ပင် သူဠေးများက ဂရုစိုက်နေမည် မဟုတ်ပေ။ ထို့ကြောင့် ဓာတ်မတည့်ခြင်းကို အလုပ်ရုံတွင် ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။
သို့ပေမည့် သူဠေးတစ်ဦးဦး ၊ အရာရှိမူးမတ်တစ်ဦးဦး၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပါက ကြီးမားသောကိစ္စတစ်ခု ဖြစ်သွားပေလိမ့်မည်။
ရက်စက်ကြမ်းကြုတ်သော ရှမ့်လန်သည် အနောက်တိုင်းဒေသမှ လူဖြူမျိုးနွယ်ကို ပစ်မှတ်ထားသော ဓာတ်မတည့်မှုကို ဖြစ်စေသည့်အရာ ရှစ်မျိုး သို့မဟုတ် ကိုးမျိုးကို ဆိုးဆေးပြုလုပ်ရာ နည်းလမ်းထဲတွင် ထည့်သွင်းခဲ့သည်။
တည်နေရာတွင် ကုန်သည် ဒါဇင်ပေါင်းများစွာနှင့် သူတို့၏ ချစ်သူ ဒါဇင်ပေါင်းများစွာ ရှိနေသည်။ ထိခိုက်နိုင်ခြေ ၅% ရှိလျှင်ပင် ကြီးမားသောကိစ္စတစ်ခု ဖြစ်သည်။ မင်းသားများကဲ့သို့ နေထိုင်ကြသော ဤကုန်သည်များသည် နူးညံ့သော အသားအရေရှိကြပြီး သူတို့၏ အရေပြားသည် နို့ခဲကဲ့သို့ပင် ပေါ့ပျောင်းလွန်းသည်။ ဤဓာတ်မတည့်မှုသည် အလွန်ပင် နာကျင်ဖွယ်ကောင်းလှသည်။ အဖုအပိမ့်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ယားယံမှုသည် လုံးဝရပ်တန့်မသွားချေ။ အချိန်တိုအတွင်းမှာပဲ သူတို့သည် ကုတ်ခြစ်ကြရာမှ သွေးများပင် ထွက်လာကြ၏။
အထိခိုက်ဆုံးသူသည် လင်းယုန် နှာတံနှင့် အနောက်တိုင်းမှ ကုန်သည်တစ်ဦးဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးသည် ဖူးယောင်နီမြန်းနေပြီး အသက်ပင် မရှူနိုင်တော့ပေ။ သူ၏ လည်ချောင်းပင်လျှင် ဖူးယောင်နေသည်။
“အ... အ...” လင်းယုန်နှာတံကုန်သည်သည် သူ၏လည်ချောင်းကို အသည်းအသန် အုပ်ကိုင်ထားသည်။ သူသည် အလွန်နာကျင်နေပြီး မျက်လုံးများသည် သွေးရောင်နီရဲကာ ပြူးထွက်လုမတတ် ဖြစ်နေ၏။ သူသည် အဆိပ်မိသူတစ်ဦး၏ ပုံစံနှင့် တစ်ထပ်တည်း တူညီနေ၏။
“အား... အား...”
ကုန်သည် ဒါဇင်ပေါင်းများစွာသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ ဤလူစုသည် စည်းစိမ်ဥစ္စာကို ခံစားနိုင်ကြသော ချမ်းသာသူများဖြစ်သောကြောင့် သူတို့၏ အသက်ကို အလွန်မြတ်နိုးကြသည်။
“ဒီပိုးထည်က အဆိပ်... အဆိပ်ရှိတယ်”
စောဏက လူတိုင်း အဆင်ပြေနေခဲ့ကြသည်။ ရှစ်ချင်းချင်းပေးသော အဝတ်အစားသစ်များကို လဲလှယ် ဝတ်ဆင်ပြီးနောက် ဤအဖြစ်အပျက် ဖြစ်ပွားခဲ့၏။ ထို့ကြောင့် ရှိနေသူတိုင်းသည် ပိုးထည်၌ အဆိပ်ခတ်ထားသည်ဟု ကောက်ချက်ချလိုက်ကြ၏။
ဓာတ်မတည့်သူ ၁၀ ယောက်အောက်သာ ရှိသော်လည်း အကျိုးဆက်မှာမူ ထိခိုက်မှု ကြီးမားခဲ့၏။ နောက်ဆုံးတွင် လင်းယုန်နှာတံကုန်သည်သည် အသက်ရှူကျပ်၍ သေဆုံးသွားခဲ့သည်။
ရှိနေသော သမားတော်များသည် သူ့အား ကယ်တင်ရန် တတ်နိုင်သမျှ ကြိုးစားခဲ့ကြသည်။ နှုတ်ခမ်းနှင့် နှာခေါင်းကြားရှိ အချိုင့်ကို ဖိနှိပ်ခြင်း၊ ဂျင်ဆင်းရည် တိုက်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ထိုသူ့အား မကယ်တင်နိုင်ခဲ့ပေ။
“အား... အား... လူသေသွားပြီ”
“ရှစ်မိသားစုရဲ့ ပိုးထည်က လူသတ်လိုက်ပြီ”
အနောက်တိုင်းမှ ကုန်သည်များနှင့် သူတို့၏ ချစ်သူများသည် လူအများရှေ့တွင် အဝတ်အစားသစ်များကို ချွတ်ပစ်ရန် တွန့်ဆုတ်မနေကြတော့ပေ။ မိမိ၏ အသက်နှင့် နှိုင်းယှဉ်လျှင် အရှက်တရားသည် အဘယ်မှာ အရေးပါတော့မည်နည်း။
“ငွေပြန်အမ်း .... ငွေပြန်အမ်းပေး”
“စရံငွေ သုံးဆပြန်ပေး”
“အသက်လျော်ကြေးပေး”
ကုန်သည်အားလုံးသည် ရူးသွပ်သွားကြသည့်အလား ရှစ်ချင်းချင်းကို အလယ်တွင် ဝန်းပိတ်ထားကြသည်။ ဤအဖြစ်အပျက်အားလုံးကို မြင်တွေ့နေရသော ရှစ်ကွမ်းယွမ်သည် ရောဂါပြန်ထလာခဲ့သည်။ ပြီးခဲ့သည့်အကြိမ် အလုပ်ရုံကြီး မီးလောင်ကျွမ်းခဲ့စဉ်က သူ သွေးအန်ခဲ့ပြီးဖြစ်သည်။
ထို့နောက် သူသည် ကြိုးစား၍ ထိန်းချုပ်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် လင်းဝူ၏ အလုပ်ရုံကို ငှားရမ်းခဲ့ရပြီး သူ၏သမီး ရှစ်ချင်းချင်း တစ်ယောက်တည်း မလုပ်နိုင်သောကြောင့် သူကိုယ်တိုင်လည်း ကြီးကြပ်ရမည် မဟုတ်ပါလား။ ဤရက်များအတွင်း သူသည် သူ၏ အားအင်များကို အလွန်အကျွံ အသုံးပြုကာ ကြိုးစားခဲ့သည်။ သူသည် အစားအသောက်နည်းခဲ့သည့်အပြင် အိပ်ချိန်လည်း နည်းပါးခဲ့၏။
သူလုပ်ဆောင်ခဲ့သမျှသည် ရှစ်မိသားစုကို သေရေး၊ ရှင်ရေး အကျပ်အတည်းမှ ကျော်လွှားနိုင်ရန်နှင့် ရွှေဆိုင်းဘုတ် ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဖြစ်၏။ သို့ပေမည့် ယခု အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။ လုံးဝ ပြီးဆုံးသွားခဲ့ပြီ။
ရှမ့်လန်၏ ပုံရိပ်သည် သူ၏ စိတ်ထဲတွင် တစ်ဖန်ပြန်လည်ပေါ်ပေါက်လာသည်။ ထိုခွေးကောင်ပဲ ဖြစ်ရမည်။ ဤတစ်ကြိမ်တွင် ရှစ်ကွမ်းယွမ်သည် ရှမ့်လန် မည်သို့လုပ်ဆောင်ခဲ့ကြောင်း မသိသေးသော်လည်း ရှမ့်လန်၏ ယုတ်မာသော အကောက်ကြံမှုဖြစ်ကြောင်း ၁၀၀% သေချာနေသည်။
“ရှမ့်လန်… ငါ သရဲဖြစ်သွားရင်တောင် မင်းကို အလွတ်ပေးမှာမဟုတ်ဘူး” ရှစ်ကွမ်းယွမ်၏ အမြင်အာရုံနှင့် သိစိတ်သည် မှောင်မိုက်သွားခဲ့၏။
...
သူမရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ရှစ်ချင်းချင်း၏ စိတ်ထဲတွင် တဝုန်းဝုန်းမြည်ဟည်းနေသည်။ သူမသည် အသိတရားကင်းမဲ့သွားပြီး လောကကြီးနှင့် လုံးဝ အဆက်အသွယ်ပြတ်တောက် သွားသကဲ့သို့ပင်။ သူမရှေ့တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးသည် သူမနှင့် မည်သို့မှ မသက်ဆိုင်တော့သကဲ့သို့ပင်။
လူတစ်ယောက်သည် အလွန်အမင်း နာကျင်ခံစားရပြီး အဆုံးစွန်ထိ ထိုးနှက်မှုကို ခံရချိန်၌ ကိုယ်ခန္ဓာ၏ ဇီဝဖြစ်စဉ်သည် အသက်ဝင်လာတတ်သည်။ ဘာတစ်ခုမှ နာကျင်မှုမရှိအောင် ဇီဝဖြစ်စဉ်က ကူညီလိုက်သည်။
ဤရက်များအတွင်း သူမ မည်မျှ အားထုတ်ခဲ့ရသနည်း။ သူမသည် နေ့စဉ်နေ့တိုင်း လင်းမိသားစု၏ အလုပ်ရုံတွင် နေထိုင်ခဲ့သည်။ သူမသည် ရှစ်မိသားစု ဤအကျပ်အတည်းမှ ကျော်လွှားနိုင်ရန်၊ ရွှေဆိုင်းဘုတ်ကို ထိန်းသိမ်းထားနိုင်ရန်၊ စေ့စပ်ထားသူနှင့် ယောက္ခမလောင်းတို့ သူမအပေါ် စိတ်ပျက်မသွားစေရန် အရာအားလုံးကို ကြိုးစားခဲ့ရ၏။
ယခု အရာအားလုံးသည် လုံးဝ ပျက်စီးသွားခဲ့၏။ အရာအားလုံး လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။ ရှစ်မိသားစု၏ ယခင်က ဂုဏ်ကျက်သရေတို့သည် အိပ်မက်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့လေသည်။