← Chapters

အပိုင်း (၁၃၂)

Vol. 10 Ch. 132

အပိုင်း (၁၃၂)

Vol. 10 Ch. 132

အချိန်အတော်ကြာပြီးနောက် ရှစ်ချင်းချင်းသည် သူမ၏ နောက်ကျောဆီမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူမကို နောက်မှ ဖမ်းထိန်းထား၏။ အလွန်အားကောင်းသော လက်များဖြစ်သည်။ သူမသည် နောက်သို့ မလှည့်ကြည့်ဘဲ မနေနိုင်တော့ချေ။ အသာလှည့်ကာကြည့်ရှုလိုက်ချိန်မှာတော့ သူမ အား သနားကရုဏာသက်သော မျက်လုံးများနှင့် ကြည့်ရှုနေသော ကျန်းကျင်းကို မြင်လိုက်ရ၏။

“ယောက်ျား” ရှစ်ချင်းချင်းသည် နောက်ဆုံးတွင် မထိန်းချုပ်နိုင်ဘဲ ငိုကြွေးလိုက်မိသည်။

ဤအချိန်တွင် ကုန်သည်များသည် ရုန်းရင်းဆန်ခတ် ဖြစ်လို့နေသည်။ သူတို့သည် အလွန်ဒေါသထွက်နေကြပြီး တောင်ကဲ့သို့ပုံထားသော ပိုးထည်အားလုံးကို မီးရှို့ပစ်ရန် ကြံစည်နေကြ၏။ သူတို့သည် ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းကို ဝန်းရံကာ ငွေနှင့် လျော်ကြေးများ တောင်းဆိုနေကြ၏။

ရှေ့တွင်ဖြစ်ပျက်နေသည့် အဓိကရုန်းကို ကြည့်ရှုရင်း ကျန်းကျင်း၏ ဦးခေါင်းတစ်ခုလုံးသည် ထုံကျင်သွား၏။ သူ မမြင်ချင်ဆုံးသော အရာသည် ဖြစ်ပွားခဲ့လေပြီ။ သူနှင့် စေ့စပ်ထားသူ ရှစ်ချင်းချင်းသည် အနောက်တိုင်း ကုန်သည်အုပ်စု၏ ဝါးမျိုခြင်းကို ခံရတော့မည်ဖြစ်ကြောင်း မြင်ရချိန်မှာတော့ သူသည် အပြေးအလွှားသွားပြီး ရှစ်ချင်းချင်းကို ကယ်တင်လိုက်သည်။

“တစ်ယောက်ယောက် .... စစ်သည်တချို့ကို ခေါ်ပြီး အခြေအနေကို ထိန်းချုပ်ခိုင်းလိုက်စမ်း”

...

ကောင်းကင်ပင်လယ်နန်းဆောင်အတွင်းမှာတော့ ...

လူရှုပ်လူပွေ ရှမ့်လန်သည် အလွန်ပင် ပျော်ရွှင်နေသည်။ သူ၏ လက်ထဲတွင် ကိုင်ထားသည်မှာ 'ကြယ်ကြွေဓားသိုင်း' ဖြစ်၏။ ထိုအရာသည် အုတ်ခဲတစ်လုံးနှင့် တူသော်လည်း ကျောက်စိမ်းဖြင့် ပြုလုပ်ထား၏။

ရှမ့်လန်သည် ရုပ်ရှင်နှင့် ဝတ္ထုများစွာကို ကြည့်ရှု၊ ဖတ်ရှုခဲ့ဖူးသော်လည်း အုတ်ခဲနှင့်တူသော လျှို့ဝှက်ကျမ်းကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ ဤလျှို့ဝှက်ကျမ်းသည် အလွန်အဖိုးတန်သည်။ တောင်ပင်လယ် ဓားဘုရင်သည် ဤအရာကြောင့် ထင်ရှားလာခဲ့ပြီး ထိုအချိန်မှစ၍ ဤဓားသိုင်းသည် ကောင်းကင်ပင်လယ်နန်းဆောင်၏ ရတနာအဖြစ် လူသိများ ထင်ရှားလာခဲ့သည်။

သို့ပေမည့် ရှမ့်လန်သည် ကောင်းကင်ပင်လယ်နန်းဆောင်မှ အကြီးအကဲများသည် သူ့အပေါ် အလွန်ရက်ရော နေကြောင်း တွေ့ရှိခဲ့၏။ ဤသိုင်းကျမ်းသည် အခြားလျှို့ဝှက်ကျမ်းများနှင့် လုံးဝမခြားနားသကဲ့သို့ပင်။ ရှမ့်လန်၏ လက်ထဲသို့ လွယ်ကူစွာ ထိုးထည့်ပေးခဲ့၏။

လှပသည့် ကျောင်းတော်သူ၏ အမည်မှာ ယွိယင်းဖြစ်ပြီး အမည်ရင်းသည် ကျန်းယွိယင်းဖြစ်သည်။ ကောင်းကင် ပင်လယ်နန်းဆောင်မှ ပညာရှင်များအကြားတွင် သူမသည် အငယ်ဆုံးနှင့် အလှဆုံး ဖြစ်၏။ ထို့ကြောင့် သူမသည် လူကြိုက်အများဆုံးလည်း ဖြစ်သည်။

ဤအခိုက်အတန့်မှာတော့ ယွိယင်းသည် ရှမ့်လန်၏ ဘေးတွင် ထိုင်နေသည်။ စားပွဲပေါ်တွင် ရွှမ်ဝူအိမ်တော်ထက်ပင် ပို၍ အရသာရှိနိုင်မည့် မုန့်ပဲသရေစာမျိုးစုံဖြင့် ပြည့်နှက်နေ၏။ အစပိုင်းတွင် ရှမ့်လန်သည် သူကိုယ်တိုင် စားသုံးခဲ့၏။ နောက်ပိုင်းတွင် ကျန်းယွိယင်းက သူမ၏ လက်သွယ်သွယ်လေးများဖြင့် ခွံ့ကျွေးသည်။

“မောင်ငယ်လေး.. အစ်မအသက် ဘယ်လောက်ရှိပြီလို့ထင်လဲ ခန့်မှန်းကြည့်ပါလား” ယွိယင်းက မေးလိုက်၏။

ရှမ့်လန်သည် သူမ၏ ပြည့်ပြည့်ဖြိုးဖြိုးနှင့် လှပသောမျက်နှာကို ကြည့်ပြီး ခေါင်းကိုစောင်းကာ ခဏ စဉ်းစားလိုက်သည်။ “နှစ်ဆယ့်သုံးနှစ်ခွဲ”

“ဟားဟားဟား...” ယွိယင်းသည် ချစ်စဖွယ် ရယ်မောကာ ပြောလိုက်၏။ “မဟုတ်တာ.. ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ”

ရှမ့်လန်သည် မှင်သက်သွားသည်။ “ဟုတ်လို့လား။ ဒီထက် ငယ်နိုင်ပါသေးတယ်”

ကောင်းကင်ပင်လယ်နန်းဆောင်မှ အကြီးအကဲတချို့သည် ထိုစုံတွဲကို ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက် ကြသည်။ ‘မင်း ... ကျန်းယွိယင်း လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်တည်းက လာသမျှလူကို အသက်ဆယ့်ရှစ်နှစ်လို့ ပြောခဲ့တယ်။ အခုထိလည်း ဆယ့်ရှစ်နှစ်ပဲ။ မင်း ဆယ့်ရှစ်နှစ်အရင်က ဆယ့်ရှစ်နှစ်လို့ ပြောခဲ့တယ်။ အခုလည်း ဆယ့်ရှစ်နှစ်ပဲ။ သောက်ကျိုးနည်း .. တစ်နှစ်၊ နှစ်နှစ်လောက် အသက်ကြီးလိုက်လို့လည်း ဘာမှမဖြစ်ပါဘူး။’

သို့ပေမည့် ကျန်းယွိယင်းကို မည်သို့ အပြစ်တင်လို့ ရနိုင်မည်နည်း။ ကောင်းကင်ပင်လယ်နန်းဆောင်တွင် သူမသည် နေ့စဉ်နေ့တိုင်း အဘိုးကြီးများနှင့်သာ ပြောဆိုဆက်ဆံနေရသည်။ ဆယ်နှစ်ကျော်ပြီဖြစ်၏။ လူငယ်များ ရှိသည်မှာ မှန်သော်လည်း ထိုသူတို့အားလုံးသည် အဆင့်နိမ့်တပည့်များသာ ဖြစ်သည်။ ပညာရှင်တစ်ဦးအနေဖြင့် သူမသည် သွားရောက် ရောနှောနေထိုင်၍ မဖြစ်ချေ။

ယခုလို ချောမောသည့် လူငယ်လေးတစ်ယောက် ရောက်လာသည့် အချိန်မှာတော့ သူမ မထိန်းချုပ်နိုင်တော့ပေ။ ဆယ်နှစ်ကျော်ကြာ မိန်းကလေးတစ်ယောက်ကိုမှ မမြင်ရသော ယောက်ျားတစ်ယောက်ဖြစ်ပါက ဝက်မ တစ်ကောင်ကိုပင် ချစ်မိသွားပေလိမ့်မည်။ သို့ပေမည့် ကျန်းယွိယင်းသည် အလွန်ထိန်းချုပ်နေခဲ့ပြီးဖြစ်သည်။ သူမသည် အမှန်တကယ်ပင် ဆယ့်ရှစ်နှစ်အရွယ်နှင့် တူနေသည်။ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော လက်ဖြင့် မေးစေ့ကို ထောက်ထားပြီး ရှမ့်လန်ကို စူးစိုက်ကြည့်နေ၏။ ရှမ့်လန် ပြောသမျှ စကားတစ်လုံးတိုင်းသည် အထူးပင် စိတ်ဝင်စားဖွယ်ကောင်းပြီး သူမကို စွဲလန်းစေသည့်အလားပင်။

ပညာရှင် အဘိုးအိုတစ်ဦးသည် သည်းမခံနိုင်တော့ပေ။ သူသည် ချောင်းဟန့်ကာ ကောင်းကင်ပင်လယ်နန်းဆောင် ၏ မြင့်မြတ်မှုနှင့် ဂုဏ်သိက္ခာကို အာရုံစိုက်ရန် သတိပေးလိုက်သည်။ “အဟမ်း.. အဟမ်း.. အဟမ်း...”

ကျန်းယွိယင်းသည် သူမ၏ လှပသောမျက်နှာကို လှည့်ပြီး လူသတ်တော့မည့်အလား အကြည့်ဖြင့်ကြည့်လိုက်၏။ “အဘိုးကြီး ပန်းနာဖြစ်နေတာလား။ ထွက်သွားစမ်း”

ထို့နောက် သူမသည် ခေါင်းပြန်လှည့်ပြီး ချိုသာစွာ ဆိုသည် “မောင်ငယ်လေး.. မောင်ငယ်လေးပြောတာတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။ ဆက်ပြောပါ、ဆက်ပြောပါ...”

ထို့နောက် သူမသည် မုန့်တစ်ဖဲ့ကို ကောက်ယူပြီး ရှမ့်လန်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ သူမ၏ လက်ချောင်းများသည် ရှမ့်လန်၏ နှုတ်ခမ်းကို တစ်ဖန်ပြန်၍ မတော်တဆ ထိမိသွားပြန်၏။

“မောင်ငယ်လေး .. တကယ်တော့ 'ကြယ်ကြွေဓားသိုင်း' ကို မငှားသင့်ဘူး”

ကျန်းယွိယင်းက ပြောလိုက်သည်။ “တောင်ပင်လယ်ဓားဘုရင် ထင်ရှားလာပြီးနောက်ပိုင်း သိုင်းဆရာကြီးတွေက ဒီသိုင်းကျမ်းကို လာငှားကြတယ်၊ ဒါပေမဲ့ ဘယ်သူမှ အဓိပ္ပာယ်မဖော်နိုင်ခဲ့ဘူး။ ဆရာကြီးတစ်ယောက်ဆို ဒီမှာ တစ်နှစ်ခွဲလောက်တောင် နေသွားသေးတယ်။ ဒါပေမဲ့ သူလည်း အဓိပ္ပာယ်မဖော်နိုင်ခဲ့ဘူး”

ရှမ့်လန်က မေးလိုက်၏။ “ဘယ်ဆရာကြီးလဲ”

ကျန်းယွိယင်းက ဖြေလိုက်သည်။ “ကျုံးချူကဲ့.. အရမ်းစွမ်းတဲ့ ဓားသမားကြီးပဲ။ သူထွက်သွားတာ မကြာသေးဘူး”

အံ့အားသင့်စရာပင်။

ဆရာကြီးသည် ဤအကြောင်း တစ်ခါမှမပြောခဲ့ပေ။ မူလန်သည် ထန်ယင်၏ ကြယ်ကြွေဓားသိုင်းကို မချိုးဖျက်နိုင်ဘူးဟု ပြောဆိုခဲ့သည်မှာ အလကားမဟုတ်ချေ။ သူကိုယ်တိုင် ကြိုးစားခဲ့သောကြောင့်ပင်။

ကျန်းယွိယင်းက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ဆယ်နှစ်ကျော် အချိန်ယူပြီး ဒီဓားကွက်ကို အဖြေရှာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့တဲ့သူတွေ ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ဆီက ကျမ်းကို ဒီမှာ မထားခဲ့ကြဘူးလေ။ မဟုတ်ရင် မောင်ငယ်လေးကြည့်ဖို့ အစ်မ ယူပေးမိမှာ”

ရှမ့်လန်သည် ဂရုတစိုက် ကြည့်ရှုနေသည်။ သူသည် ပေါ့ပေါ့ပါးပါး လေ့လာနေသကဲ့သို့ပင်။ သို့ပေမည့် သူ၏ မျက်လုံးများနှင့် ဉာဏ်ရည်တုစနစ်အား အစွမ်းကုန် အသုံးချနေ၏။ သူသည် အလွှာလိုက် စကန်ဖတ်ကာ အတွင်းရှိ စာလုံးများ၊ ရုပ်ပုံများနှင့် ချီစွမ်းအင်လမ်းကြောင်းများအားလုံးကို မှတ်တမ်းတင်နေ၏။

သူသည် အံ့ဩတကြီး သက်ပြင်းချမိ၏။ အမှန်တကယ်ပင် လက်ရာမြောက်လှသည်။

ပထမဦးဆုံးသော တောင်ပင်လယ်ဓားဘုရင်သည် ထိုအရာကို မည်သို့ အဓိပ္ပာယ်ဖော် ခွဲခြမ်းစိတ်ဖြာခဲ့သနည်း သူ မသိချေ။ အံ့အားသင့်စရာလူပင်။

လျှို့ဝှက်ကျမ်းများကိုအဓိပ္ပာယ်ဖော်ပြီးမှ သင်ယူတတ်မြောက်နိုင်သော ဤကမ္ဘာမှလူများသည် သိုင်းပညာ တတ်သူ ရှားပါးခြင်းမှာ အံ့ဩစရာမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ တစ်သက်တာတွင် လျှို့ဝှက်ကျမ်း နှစ်စောင် သို့မဟုတ် သုံးစောင်ကို အဓိပ္ပာယ်ဖော်နိုင်ခြင်းကပင် အံ့ဩဖွယ်ကောင်းနေပြီ ဖြစ်သည်။ သိုင်းပညာ လေ့ကျင့်ရန် အချိန်ကို သူတို့ ဘယ်မှာ ရှာတွေ့နိုင်မည်နည်း။

ရှမ့်လန် အထူးပင် အလေးအနက်ထားနေသည်ကို မြင်တွေ့ရသောအခါ ကျန်းယွိယင်းသည် ဘာမှ မပြောတော့ဘဲ တိတ်ဆိတ်စွာ ကြည့်နေလိုက်၏။ နှစ်မိနစ်တစ်ခါ အရသာရှိသော မုန့်ချိုတစ်ဖဲ့ကို ရှမ့်လန်၏ ပါးစပ်ထဲသို့ ထည့်ပေးသည်။

တစ်နာရီတိတိ ကြာပြီးနောက် ရှမ့်လန်သည် လျှို့ဝှက်ကျမ်း ‘ကြယ်ကြွေဓားသိုင်း အပြင်ပိုင်း’ ၏ အလွှာတိုင်းကို လုံးဝ ခွဲခြမ်းစိတ်ဖြာပြီး ဉာဏ်ရည်တုစနစ်တွင် မှတ်တမ်းတင်လိုက်၏။ သူ၏ ခန့်မှန်းချက်သည် အမှန်ပင် မှန်ကန်ခဲ့သည်။ ဤလျှို့ဝှက်ကျမ်းသည် ယင်နှင့်ယန် နှစ်ဖက်ခွဲထားပြီး အချင်းချင်း အားဖြည့်ကာ ထိန်းချုပ်ထား၏။

ထို့နောက် ရှမ့်လန်သည် လျှို့ဝှက်ကျမ်းကို မူလပိုင်ရှင်ထံ ပြန်ပေးလိုက်သည်။

ကျန်းယွိယင်း၏ နှုတ်ဆက်ခွဲခွာရန် မလိုလားသော အကြည့်များအောက်မှာပဲ ရှမ့်လန်သည် နှုတ်ဆက် စကားဆိုကာ ထွက်ခွာခဲ့၏။

နန်းဆောင်ရှိ ပညာရှိအဘိုးအိုများသည် သက်ပြင်းချလိုက်ကြသည်။ ချောမောသော လူငယ်လေးသည် နောက်ဆုံးတွင် ထွက်သွားခဲ့ပြီဖြစ်သည်။ မျက်စိနောက်သက်သာသွားပေသည်။

ရှမ့်လန်နှင့် မူလန်တို့သည် ရွှမ်ဝူမြို့သို့ ပြန်လာခဲ့ကြသည်။ သူသည် သူ့မိန်းမ၏ ရင်ခွင်ထဲ ရောက်လို့နေ၏။

မူလန်က ရုတ်တရက် ပြောလိုက်သည်။ “ယောက်ျား... ယောက်ျားဆီက မိန်းမတစ်ယောက်ရဲ့ အနံ့ရနေတယ်”

.......

ရှစ်မိသားစုကို ကာကွယ်ရန် စစ်သားရာပေါင်းများစွာကို စေလွှတ်ပြီးနောက် ကျန်းကျင်းသည် ကျင်းဟိုင်မြို့သို့ မရပ်မနား အမြန်သွားခဲ့သည်။ ပြီးနောက် သူ၏ဖခင် ကျန်းချုံးအား ရှစ်မိသားစုနှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်၏။

ကျန်းချုံးသည် အချိန်အတော်ကြာ စကားမပြောဘဲ နေခဲ့သည်။

ခဏအကြာတွင် ယင်ယွမ်အစည်းအရုံး၏ သံတမန် ရှူထင်းယွီသည် လာရောက်လည်ပတ်သည်။ “ကျုပ်မှာ ပန်းလိုလှပပြီး လမင်းလို ချစ်ဖို့ကောင်းတဲ့ ညီမတစ်ယောက် ရှိတယ်။ သူမ နဲ့ သခင်လေး ကျန်းကျင်းက ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ လက်တွဲဖော်တွေ ဖြစ်နိုင်တယ်။ သူတို့ လက်ထပ်ဖြစ်ရင် ကျုပ်တို့ရဲ့ တင်တောင်းငွေ မင်္ဂလာလက်ဖွဲ့က ရွှေဒင်္ဂါးတစ်သိန်းဖြစ်ပြီး တခြားတောင်းဆိုမှု ဘာမှမရှိပါဘူး”

“ကျုပ်တို့ ယင်ယွမ်အစည်းအရုံးက အလွန်အေးဆေးပြီး ရွှဲ့တိုင်းပြည်ရဲ့ နန်းတွင်းကို ဝင်မစွက်ဖက်နိုင်ပါဘူး။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးကျန်းချုံး ယန်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို ရယူဖို့ ကြိုးစားနေချိန်မှာ လူတချို့ကိုတော့ ပါးစပ်ပိတ်ထားအောင် လုပ်ပေးနိုင်ပါတယ်”

ကျန်းချုံးနှင့် သူ၏သားသည် တိတ်ဆိတ်နေဆဲဖြစ်၏။

ရှူထင်းယွီက အေးစက်စွာ ပြောလိုက်သည်။ “ခင်ဗျားတို့ မြန်မြန်လုပ်ရမယ်။ သာမန်အားဖြင့် လူတစ်ယောက်က အလုံးစုံ ပြိုလဲပြီးရင် ၄၈ နာရီအတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေတတ်ကြတယ်။ ဒီအချိန်ကျော်သွားရင် ဘယ်လောက်ပဲ စိတ်ဓာတ်ကျနေပါစေ သေချင်စိတ်မရှိတော့ဘူး”

ဤစကားများသည် ပစ်မှတ်ကို တည့်တည့်ထိမှန်သွား၏။

ရှူထင်းယွီက ပြောလိုက်သည်။ “တကယ်တော့ ကျွန်တော့်ညီမဆိုတာ ညီမဝမ်းကွဲပါ။ သူ့မိသားစုက ဟင်းခတ် အမွှေးအကြိုင်လုပ်ငန်း လုပ်ပါတယ်။ သူတို့က ရွှဲ့တိုင်းပြည်ရဲ့ မြောက်ပိုင်းက ဟင်းခတ်အမွှေးအကြိုင် သူဌေးကြီးတွေပါ။ ယင်ယွမ်အစည်းအရုံးနဲ့ ဘာမှမဆိုင်ပါဘူး။ ချီရှန်းရန်ကို အုပ်ချုပ်ရေးမှူး ကျန်းချုံး ကြားဖူးမှာပါ”

သူကြားဖူးသည်မှာ သေချာသည်။ ထိုသူသည် ရှစ်ကွမ်းယွမ်ထက် များစွာအင်အားကြီးမားသော သူဌေးကြီးတစ်ဦး ဖြစ်၏။

ရှူထင်းယွီက ပြောလိုက်သည်။ “ချီမိသားစုက ယန်ကျိုးမှာလည်း စီးပွားရေးလုပ်ငန်းတွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့ အခြေခံအုတ်မြစ်က တော်တော်နက်ရှိုင်းတယ်။ အုပ်ချုပ်ရေးမှူးကျန်းချုံး အနာဂတ်မှာ ယန်ကျိုးဆီ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် သွားရင် သူတို့ကို အသုံးချနိုင်ပါလိမ့်မယ်။ ယန်ကျိုးက ရွှမ်ဝူမြို့လို မဟုတ်ဘူး။ အများကြီး ပိုအန္တရာယ်များတယ်”

ကျန်းချုံးသည် အချိန်အတော်ကြာ မျက်လုံးများကို မှိတ်ထားလိုက်၏။ ပြီးနောက် မျက်လုံးကို ဖွင့်ပြီး အေးစက်စွာ ပြောလိုက်၏။ “ကျုပ် ချီမိသားစုဆီ တောင်းရမ်းဖို့ လူလွှတ်လိုက်ပါ့မယ်”

ထို့နောက် သူသည် ကျန်းကျင်းအား ပြောလိုက်သည်။ “သွားတော့.. ငါတို့ ကျန်းမိသားစုက စေ့စပ်ပွဲကို ဖျက်သိမ်းမှာ မဟုတ်ဘူး”

ကျန်းကျင်း၏ မျက်နှာသည် ပျက်ရွင်းသွား၏။ “အဖေ”

“သွား”

ကျန်းချုံးက ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော်ကို ဝိုင်းရံတိုက်ခိုက်ဖို့က နီးကပ်နေပြီ။ နှောင့်နှေးမနေနဲ့”

...

ညသန်းခေါင်ယံ၊ ရွှမ်ဝူမြို့ ...

ရှစ်မိသားစုအိမ်တော်

ရှစ်ချင်းချင်းသည် အိပ်ရာပေါ်တွင် လှဲလျောင်းလျက်ရှိပြီး ပိန်လှီဖြူဖျော့နေသည်။ ကျန်းကျင်းသည် အိပ်ရာခေါင်းရင်းတွင် ထိုင်နေပြီး အထူးပင် နူးညံ့သည့်မျက်လုံးများဖြင့် ကြည့်ရှုနေ၏။

“သခင်လေးကျန်း”

ရှစ်ချင်းချင်း၏ မျက်ရည်များသည် တစ်ဖန်ပြန်၍ စီးကျလာပြန်သည်။ “ကျွန်မ အရမ်းလောဘကြီးလို့ အခုလိုဖြစ်ရတာပါ။ အစ်မ ကျန်းချွင်းဟွာက သတိပေးခဲ့ပေမယ့် ကျွန်မ လောဘဇောနဲ့ မျက်စိကွယ်ခဲ့တယ်။ ပိုးထည်အားလုံးကို ခရမ်းရောင်နဲ့ သက်တန့်ရောင် မဆိုးသင့်ဘူး၊ မဟုတ်ရင် ရှမ့်လန် ဒုက္ခပေးတာကို ခံရမှာမဟုတ်ဘူး”

ကျန်းကျင်းသည် နူးညံ့စွာ ပြောလိုက်၏။ “တော်ပြီ၊ ဖြစ်ပြီးသွားမှတော့ နောင်တရနေလို့ အကျိုးမရှိတော့ဘူး။ အရမ်းမစဉ်းစားနဲ့တော့၊ ကောင်းကောင်းအနားယူ”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “သခင်လေးကျန်း... ရှင် စေ့စပ်ပွဲကို ဖျက်သိမ်းချင်ရင် ကျွန်မ နားလည်နိုင်ပါတယ်၊ အားလုံး ကျွန်မအပြစ်ပါလို့ လူသိရှင်ကြား ကြေညာပေးပါ့မယ်”

ကျန်းကျင်းက ပြောလိုက်၏။ “အရူးမထနဲ့။ ကျုပ်က ဘယ်လိုလုပ် စေ့စပ်ပွဲကို ဖျက်သိမ်းမှာလဲ”

ထို့နောက် သူသည် ရှစ်ချင်းချင်း၏ ဆံပင်ကို သပ်ပေးပြီး နှစ်သိမ့်လိုက်၏။ “ချင်းချင်း .... အရမ်းမစဉ်းစားနဲ့တော့၊ ဘယ်လောက်ကြီးတဲ့ကိစ္စပဲဖြစ်ဖြစ် အိပ်လိုက်ရင် အဆင်ပြေသွားမှာပါ”

ရှစ်ချင်းချင်းသည် နူးညံ့စွာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် သခင်လေးကျန်း.. အရေးကြီးတဲ့အချိန်မှာ ရှင် ကျွန်မကို မစွန့်ပစ်ခဲ့ဘူး။ စိတ်မပူပါနဲ့၊ ကျွန်မ ရှင့်ကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး၊ ကျွန်မ လောကမှာ အကောင်းဆုံးမိန်းမတစ်ယောက် ဖြစ်အောင် ကြိုးစားပါ့မယ်”

ကျန်းကျင်းသည် သူမ၏ ပခုံးကို အသာပွတ်ပြီး နူးညံ့စွာ ပြောလိုက်၏။ “ကောင်းကောင်းအိပ်ပါ။ တခြားကိစ္စတွေရှိရင် နောက်မှပြောလို့ရတာပဲ။ ကျုပ် ယောက္ခထီးကို သွားတွေ့လိုက်အုံးမယ်”

...

ရှစ်ကွမ်းယွမ်သည်လည်း သတိရလာသည်။ သူသည် ရူးသွပ်သွားသူ တစ်ယောက်ကဲ့သို့ပင်။ သူသည် သူ့ရှေ့မှ ကျန်းကျင်းကို ကြည့်လိုက်ရာ သားမက်လောင်းကို မြင်ရသည်နှင့်မတူဘဲ ကယ်တင်ရှင်ကို မြင်ရသည့်အလားပင်။

“ကျင်းလေး... ကျုပ်တို့ မရှုံးသေးဘူး။ ကျုပ်တို့ မပြိုလဲသေးဘူး။ အဲဒီ အနောက်တိုင်းကုန်သည်တွေ .. သူတို့ကို စရံငွေပဲ ပြန်ပေးလိုက်။ လျော်ကြေးကိုတော့ စဉ်းတောင်မစဉ်းစားစေနဲ့။ ဘာပဲဖြစ်ဖြစ် ဒါက ကျုပ်တို့နယ်မြေပဲ။ အဲဒီပိုးထည်တွေက သုံးလို့ရသေးတယ်။ ပင်လယ်ဓားပြ ချောင်ထျန်းဝေကို ရောင်းလိုက်မယ်။ တခြားသူတွေ ဒီပိုးထည်တွေကို မလိုချင်ပေမယ့် သူကတော့ သေချာပေါက် လိုချင်မှာပဲ”

ကျန်းကျင်းသည် ဆေးရည်ပန်းကန်တစ်လုံးကို ကိုင်ထားရင်းမှ ပြောလိုက်၏။ “ယောက္ခထီး .... အရမ်း မစဉ်းစားပါနဲ့တော့။ ဆေးသောက်ပြီး ကောင်းကောင်းအနားယူပါ”

ရှစ်ကွမ်းယွမ်က လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။ “မင်းအဖေက ယန်ကျိုးမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူး ရယူဖို့ ကြိုးစားနေတယ်၊ သူ ငွေမလိုဘူးလား။ ရွှမ်ဝူအိမ်တော်လည်း ပျက်စီးတော့မှာပဲ၊ အဲဒီအချိန်ကျရင် ပိုးစာခင်း ဧကသုံးသောင်းကို ရောင်းပြီး မင်းအဖေ ရာထူးရဖို့အတွက် ရွှေဒင်္ဂါးတွေနဲ့ လဲလှယ်ပေးမယ်”

“ဒီတစ်ခါ ကျုပ်တို့ကို ဒုက္ခပေးခဲ့တာ ရှမ့်လန်ပဲ ဖြစ်ရမယ်၊ ရွှမ်ဝူအိမ်တော်လည်း မကြာခင် ဇာတ်သိမ်းတော့မှာ မဟုတ်လား။ ကျုပ်ရဲ့ သားမက်လေး.. အဲ့ဒီအချိန်ကျရင် ရှမ့်လန်ကို ကျုပ်လက်ထဲ မဖြစ်မနေအပ်ရမယ်။ သူ့ကို အရေခွံဆုတ်ပြီး အကြောတွေ ဆွဲထုတ်ပစ်မယ်”

All Chapters