← Chapters

အပိုင်း (၁၃၃)

Vol. 10 Ch. 133

အပိုင်း (၁၃၃)

Vol. 10 Ch. 133

"ငါ ရှမ့်လန်တို့ တစ်မိသားစုလုံးကို သတ်ပစ်မယ်။" ရှစ်ကွမ်းယွမ်၏ အကြည့်များတွင် အဆုံးမဲ့သော အမုန်းတရားနှင့် ရန်ငြိုးများ ပြည့်နှက်နေသည်။ အကယ်၍ ရှမ့်လန်သည်သာ ရှေ့တွင် ရှိနေပါက သူသည် သားရိုင်းတိရစ္ဆာန်အဖြစ် ပြောင်းလဲကာ ရှမ့်လန်ကို အပိုင်းပိုင်း ဆွဲဖြဲ စားသောက်မိပေလိမ့်မည်။

ကျန်းကျင်း၏ မျက်လုံးထဲတွင် လှောင်ပြောင်ရိပ်တစ်ခု ဖြတ်ပြေးသွားပြီး၏။ ရှစ်ကွမ်းယွမ်၏ ပါးစပ်ဆီသို့ ဆေးရည်ခွက်ကို ကမ်းပေးကာ ပြောလိုက်သည် "ယောက္ခထီး … အရင်ဆုံး ဆေးသောက်လိုက်ပါ"

ရှစ်ကွမ်းယွမ်သည် ဆေးခွက်ကို ကိုင်ကာ မော့ချလိုက်သည်။ ပြီးနောက် ဒေါသတကြီးနှင့် ခွက်ကို မြေပေါ်သို့ ပစ်ချလိုက်သည်။ "ရှမ့်လန်... ခွေးကောင်လေး၊ ငါနဲ့မင်း မသေမချင်း မပြီးဘူး။"

ရှစ်ကွမ်းယွမ်သည် ရုတ်တရက် အသက်ရှုနှုန်းများ မြန်ဆန်လာသည်။ ဝမ်းဗိုက်အတွင်းမှ အလွန်နာကျင်လာ၏။ သွေးတစ်လုတ် အန်ထုတ်လိုက်မိသည်။ ထိုအရာသည် သွေးမည်းများပင်။

ပြီးနောက် သူ၏ ဒွာရခုနှစ်ပေါက်မှ သွေးများစီးထွက်လာလေသည်။

ရှစ်ကွမ်းယွမ်သည် မယုံကြည်နိုင်စွာဖြင့် ကျန်းကျင်းကို ကြည့်ရင်း အော်ဟစ်လိုက်၏ “ဆေး …. ဆေးထဲမှာ အဆိပ်တွေ ပါနေတာလား”

………

အချစ်သည် စစ်ပွဲတစ်ခုဖြစ်ပြီး တစ်စုံတစ်ဦးသည် အမြဲတစေ ရှုံးနိမ့်ရစမြဲပင်။ ယခု ရှမ့်လန် ရှုံးနိမ့်ခဲ့ပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏မိန်းမသည် သူနှင့်အတူ မြင်းတစ်စီးတည်း မစီးလိုသောကြောင့်ပင်။

ခရီးစဉ်သည် လီပေါင်း ရာနှင့်ချီသော ခရီးရှည်ဖြစ်သောကြောင့် မူလန်သည် မြင်းသုံးကောင်ကို ယူဆောင်လာခဲ့၏။ ရှမ့်လန်ထံမှ အမျိုးသမီးတစ်ယောက်၏ ကိုယ်နံ့ကို ရရှိပြီးနောက် မူလန်သည် အံ့ဩသွားခဲ့သည်။

‘လူယုတ်မာ... ရှင် ... ရှင်က ဖောက်ပြန်တဲ့နေရာမှာ အခြေအနေအချိန်အခါကိုတောင် ထည့်မစဉ်းစားဘူး။ ဘယ်နေရာပဲရောက်ရောက် ဖောက်ပြန်တတ်တယ်။ ကောင်းကင်ပင်လယ်နန်းဆောင်လို မြင့်မြတ်တဲ့နေရာ မှာတောင် မိန်းမတစ်ယောက် ရှာနိုင်သေးတယ်လား’

မူလန်သည် အမှန်တကယ်ပင် အံ့ဩသွားခဲ့သည်။ “ရှင်.. ရှင်က လူယုတ်မာတစ်ယောက်ပဲ။”

ထို့ကြောင့် သူမ၏ နူးညံ့သော ကိုယ်လုံးလေးသည် အခြားမြင်းတစ်ကောင်ပေါ်သို့ ရောက်ရှိသွားသည်။ ရှမ့်လန်ကို တစ်ယောက်တည်း စီးနင်းစေခဲ့သည်။ “ရှင်လည်း ဒီလောက် ခရီးနှင်လာပြီပဲ။ တစ်ယောက်တည်း စီးသင့်ပြီ”

ရှမ့်လန်က ရှင်းပြလိုက်၏။ “မိန်းမ... ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး! အဲ့ဒီမိန်းမက ငါ့ဘေးမှာ အတင်းထိုင်ချင်နေတာ။ ငါ့ပေါင်ပေါ်တောင် ထိုင်ချင်နေသေးတယ်။ သူ့ကိုတားလိုက်တာ ငါပဲ။ ငါက ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်တဲ့ ယောက်ျားကောင်း တစ်ယောက်ပါ”

“ဟမ့်” မူလန်က နှာခေါင်းရှုံ့လိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ငါက မိန်းမရှိတဲ့ယောက်ျားတစ်ယောက်ဖြစ်ပြီး ငါ့မိန်းမက အရမ်းလှပတယ်။ ဒါ့ကြောင့် ငါ့မိန်းမကလွဲရင် ဘယ်သူကိုမှ စိတ်မဝင်စားနိုင်ပါဘူးဆိုပြီး အလေးအနက်ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးက ငါ့ဘေးမှာထိုင်ချင်နေတုန်းပဲ။ သူ့ကိုယ်နံ့က ငါ့ကို နှာတောင်ချေစေတယ်။ သူ့ဆီက ကျမ်းစာကို တောင်းထားရတော့ အရမ်းလည်း ငြင်းနေလို့မဖြစ်ဘူးလေ”

မူလန်က ပြောလိုက်သည်။ “ဟမ့်.. ရှင်က အကြောင်းပြချက်တော့ ကောင်းကောင်းပေးနိုင်သေးတာပဲ”

ရှမ့်လန်သည် ဝမ်းနည်းသည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်၏။ “မိန်းမ... ငါ တစ်ယောက်တည်း စီးရင် ပြုတ်ကျလိမ့်မယ်”

မူလန်က ပြောလိုက်သည်။ “မကျပါဘူး။ ရှင်ပြုတ်ကျရင် ကျွန်မ ဖမ်းပေးမယ်”

“တကယ်လား”

ရှမ့်လန်က မေးလိုက်၏။ “သေချာရဲ့လား”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆို ကျုပ် အခု ပြုတ်ကျတော့မယ်”

ထို့နောက် ရှမ့်လန်၏ ခန္ဓာကိုယ်သည် ယိမ်းထိုးသွားပြီး မြင်းပေါ်မှ ပြုတ်ကျမလိုဖြစ်သွား၏။

မူလန်သည် အံကြိတ်လိုက်သည်။ သူမသည် ရှမ့်လန်အား မြေကြီးပေါ်သို့ အမှန်တကယ်ပင် ပြုတ်ကျစေချင်၏။ သို့ပေမည့် နောက်တစ်ခဏအတွင်းမှာပဲ ရှမ့်လန်အား ပွေ့ကာ ထိန်းပေးလိုက်မိသည်။

“မိန်းမ.. မင်းက အတော်ဆုံးပဲ”

ရှမ့်လန်သည် ပြုံးရွှင်စွာ ပြောလိုက်၏။ “ငါ့နှလုံးသားထဲမှာ မင်းက တစ်ဦးတည်းသောသူပဲ။ ငါ့မျက်လုံးထဲမှာ တခြားမိန်းမတွေက လမ်းဘေးက တောပန်းလေးတွေလိုပဲ။ ငါမခူးပါဘူး။ ဖြတ်သွားတဲ့အခါ မတော်တဆ ထိမိပြီး သူတို့ရဲ့ ရနံ့နည်းနည်းလောက် စွဲကပ်သွားတာမျိုးတော့ ဖြစ်နိုင်တာပဲ မဟုတ်လား”

မူလန်သည် ယောက်ျားတစ်ယောက်က ဖောက်ပြန်ခြင်းအကြောင်းကို ဤမျှ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုခြင်းအား ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ဤယောက်ျားနှင့် အတူရှိနေပါက သူမ၏ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးလာရုံသာမက သူမ၏ လောကအမြင်သည်ပင် ပြောင်းလဲသွားပေလိမ့်မည်။

ထို့နောက် ရှမ့်လန်သည် မူလန်၏ ခါးကို အသာဖက်ထားလိုက်မိသည်။ ကမ္ဘာပေါ်တွင် အလှပဆုံးသောခါးပင်။ သွယ်လျရုံသာမက နူးညံ့မှုလည်း အပြည့်ရှိသည်။

သို့ပေမည့် ကျန်းယွိယင်း၏ ခါးသည်လည်း မဆိုးပေ။ အနည်းငယ် ပြည့်ဖြိုးသော်လည်း ထိတွေ့လိုက်လျှင် နူးညံ့မည်မှာ သေချာသည်။ ကံမကောင်းစွာဖြင့် သူသည် စောဏက အလွန်အမင်း တည်ငြိမ်ခဲ့၏။ ကျန်းယွိယင်းသည် သူ့အား ငြင်းပယ်မည် မဟုတ်တာ သေချာ၏။

တဖြည်းဖြည်းနှင့် ရှမ့်လန်၏ လက်များသည် မူလန်၏ ခါးပေါ်တွင် မရှိတော့ပေ။ လက်တစ်ဖက်က အပေါ်သို့၊ နောက်တစ်ဖက်က အောက်သို့ ရောက်ရှိသွား၏။ မူလန်သည်လည်း သူ့အား မတားမြစ်ပေ။ မည်သို့ပင်ဖြစ်စေ သူ့အား တားမြစ်ခြင်းသည် အကျိုးမရှိချေ။ သူမက သူ၏လက်ကို ပုတ်ထုတ်လိုက်လျှင်ပင် နာရီဝက်မပြည့်မီ ပြန်ရောက်လာပေလိမ့်မည်။ သို့ပေမည့် ရှမ့်လန်၏ လက်များသည် တဖြည်းဖြည်း ပို၍ လွန်ကျူးလာသည်။

“ယောက်ျား... တော်သင့်ပြီ” မူလန်က မျက်မှောင်ကြုတ်လိုက်၏။

ရှမ့်လန်က ရုတ်တရက် မေးလိုက်သည်။ “မိန်းမ... ဒီနေ့ ရေချိုးပြီးပြီလား”

မူလန်က ဖြေလိုက်၏။ “မနေ့က ချိုးပြီးပြီ။ ဒီနေ့ ဒီလောက် အလျင်လိုနေတာ ဘယ်လိုလုပ် ရေချိုးဖို့ အခွင့်အရေးရှိမှာလဲ”

“ဟုတ်သားပဲ၊ ဟုတ်သားပဲ” ရှမ့်လန်သည် သူ၏လက်ကို ပြန်ရုတ်လိုက်သည်။

ထိုအချိန်မှာတော့ မူလန်သည် သူမ၏ ယောက်ျားကို သေအောင် ရိုက်သတ်ချင်စိတ်များပင် ပေါ်ပေါက်လာသည်။ ‘ရှင်က ကျွန်မကို အသားယူနေတာတောင်မှ ရွံ့သလိုလုပ်ပြနေတာလား။ ရေတစ်ရက်ပဲ မချိုးရသေးတာလေ။’

ပြီးခဲ့သော နှစ်ရက်အတွင်း သူမသည် တစ်နေ့လျှင် နှစ်ကြိမ်နီးပါး ရေချိုးပြီး တစ်နေ့လျှင် သုံးကြိမ် သွားတိုက် ခဲ့သည်။ ထို့နောက် မူလန်သည် နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံနေမိသည်။ သူမသည် ဇဝေဇဝါ ဖြစ်မိနေ၏။ ‘ငါ့ဆီက တကယ်ပဲ ချွေးနံ့တွေ ထွက်နေတာတော့ မဟုတ်လောက်ပါဘူးနော်’

မကြာမီမှာပဲ ချိုင့်ဝှမ်းတစ်ခုထဲသို့ ရောက်ရှိသွား၏။ ထိုနေရာတွင် ရေကန်တစ်ခု ရှိသည်။ မူလန်သည် မြင်းပေါ်မှ ခုန်ဆင်းပြီး ပစ္စည်းကိရိယာအစုံ၊ ဆပ်ပြာ၊ အဝတ်အစား တစ်စုံ၊ အဆီအနှစ်နှင့် ခေါင်းလျှော်ရည်တို့ကို ယူလိုက်သည်။

ဆပ်ပြာနှင့် ခေါင်းလျှော်ရည် အဆီများ ဘယ်ကရသနည်း မေးရန်မသင့်ချေ။ သခင်ကြီးရှမ့်ဆီမှလွဲ၍ တခြားမရှိပေ။

“မိန်းမ .. ဘာလုပ်တာလဲ” ရှမ့်လန်က မေးလိုက်သည်။

မူလန်သည် အံကြိတ်ကာ ပြောလိုက်၏။ “ကျွန်မ ရေသွားချိုးမလို့၊ မဟုတ်ရင် ရှင် ကျွန်မကို ရွံရှာနေမှာစိုးလို့လေ”

.......

ထူးဆန်းသော ပုံပန်းသွင်ပြင်မျိုးနှင့် လူဆယ်ယောက်ကျော်ပါသော မြင်းစီးတပ်ဖွဲ့တစ်ခုသည် ရွှမ်ဝူမြို့စားကြီး၏ အိမ်တော်သို့ ရောက်ရှိလာသည်။ ဆောင်းဦးနှောင်းပိုင်း ဖြစ်သော်လည်း ဤလူများသည် အပေါ်ပိုင်း ဗလာကျင်းဖြစ်ပြီး ဆေးမင်ကြောင်များနှင့်ဖြစ်သည်။ ရှေ့ဆုံးမှ ဦးဆောင်လာသော လူငယ်သည် မျက်နှာတစ်ခုလုံးတွင် ဆေးမင်ကြောင်များ ထိုးထားသည်။

သူ၏ ကိုယ်ပေါ်၌ အဝတ်ဗလာအမျိုးသမီးများ၏ ဆေးမင်ကြောင်များဖြင့် ဖုံးလွှမ်းနေ၏။ ရာနှင့်ချီ၍ ရှိသည်။ သူ၏ မျက်နှာပေါ်တွင် လူမျက်နှာနှင့် မြွေကိုယ်ခန္ဓာကို ဆေးမင်ကြောင်ထိုးထား၏။ သူသည် ချောမောသော ယောက်ျားတစ်ယောက်ဖြစ်သော်လည်း ဆေးမင်ကြောင်များကြောင့် ယုတ်ညံ့ဆိုးသွမ်းသည့် အသွင်ပေါ်နေ၏။

ဤလူများသည် အသားမည်းပြီး သံကဲ့သို့ မာကျောသော ကြွက်သားများ ရှိကြ၏။ သူတို့၏ သွားများသည် အဝါရောင် ဖြစ်သည်။

ရှေ့ဆုံးမှ လူငယ်တစ်ယောက်တည်းသာ ခြွင်းချက်ဖြစ်၏။ သူ၏ သွားများသည် အလွန်ဖြူဖွေးသည်။ ခါးတွင် ဓားကောက်တစ်ချောင်းကို ချိတ်ဆွဲထားပြီး ဓားကောက်၏ လက်ကိုင်ရိုးသည် ရွှေဖြင့်ပြုလုပ်ထားသည်။ လည်ပင်းတွင် ရွှေလည်ဆွဲတစ်ခုကို ဆွဲထားပြီး အရိုးခေါင်းငယ် တစ်ဒါဇင်ကျော်ကို သီကုံးထား၏။

ဤလူစုသည် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ မြင်းများကို စီးနင်းလာကြရာ အိမ်တော်ရှိအစေခံများသည် အလန့်တကြားဖြင့် အော်ဟစ်ပြေးလွှားနေကြသည်။

ကင်းလှည့်နေသော မြင်းတပ်သားများသည် ဒေါသထွက်သွားကြသည်။ ကျင်းကျန့်နန်သည် မြင်းတပ်သား ဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ ရောက်ရှိလာသည်။ သူမသည် အော်ဟစ်လိုက်၏။ “ရှင်တို့ ဘယ်သူတွေလဲ။ ရွှမ်ဝူအိမ်တော်ဆီ လာပြီး ရိုင်းစိုင်းရဲတယ်။ ဖမ်းကြစမ်း”

ထို့နောက် မြို့စားကြီးအိမ်တော်မှ တခြားမြင်းစီတပ်သားများသည် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုသူသည် မြို့စားအိမ်တော်၏ ဒုတိယတပ်မှုး ကျင်းချန် ဖြစ်၏။ သူသည် ရုတ်တရက် ရောက်ရှိလာပြီးနောက် လက်ထဲမှ ဓားကြီးဖြင့် ခုတ်ပိုင်းလိုက်သည်။ သူသည် သတ်ဖြတ်ရန် မရည်ရွယ်ဘဲ ယုတ်မာသောလူ၏ လက်ထဲမှ ဓားကောက်ကို ခုတ်ဖြတ်ရန်သာ ရည်ရွှယ်၏။

“ချွင်”

ချက်ချင်းပဲ ကျင်းချန်၏ တစ်ကိုယ်လုံးသည် လွင့်ထွက်သွားပြီး သွေးတစ်လုတ် အန်ထုတ်လာသည်။ သူ၏ လက်ထဲမှ ဓားကြီးလည်း ကျိုးကြေသွားသည်။

ကိုယ်ပေါ်တွင် အမျိုးသမီးဆေးမင်ကြောင်များ ထိုးထားသောလူသည် တစ်လက်မပင် ယိမ်းယိုင်မသွားဘဲ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခုကို ပြုံးထားသည်။ သိုင်းပညာစွမ်းရည် ကွာခြားမှုသည် အလွန်ကြီးမား၏။

သူ၏ မျက်လုံးများသည် ကျင်းကျန့်နန်၏ ပေါင်တံများဆီသို့ ပထမဆုံးရောက်ရှိသွားသည်။ ပြီးနောက် သူမ၏ ခြေနှစ်ချောင်းကြား၊ ခါး၊ ရင်ဘတ်နှင့် နောက်ဆုံး သူမ၏ မျက်နှာဆီသို့ ရောက်ရှိသွားသည်။

ကျင်းကျန့်နန်သည် တစ်ကိုယ်လုံးသည် အဆိပ်ဆူးများဖြင့် ထိုးခံနေရသကဲ့သို့ ခံစားနေမိ၏။

ရွှမ်ဝူအိမ်တော်မှ မြို့စားကြီး ကျင်းကျိုး ထွက်လာသည်။ သူ၏ ဘေးတွင် အရပ်ရှည်ပြီး ချောမောသော လူတစ်ယောက် ရှိသည်။ ထိုသူစီးသောမြင်းသည် အထူးပင် ဒေါင်ကောင်းလှသည်။ ထိုသူ၏ ကိုယ်ခန္ဓာသည် အားကောင်းသော စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်နေသည်။ သူသည် မြို့စားအိမ်တော်၏ မွေးစားသား ကျင်းရှီရင်း ဖြစ်သည်။

ရွှမ်ဝူအိမ်တော်၏ နံပါတ်တစ် ကျွမ်းကျင်သူ၊ မြို့စားအိမ်တော်၏ ဒုတိယတပ်မှုး ဖြစ်သည်။ မြို့စားအိမ်တော် သားမက်ရှာဖွေစဉ်က သူသည် လူကြိုက်အများဆုံး ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့၏။ ထို့အပြင် သူသည် ရွှမ်ဝူအိမ်တော်ရှိ လူငယ်အားလုံး၏ စံပြပုဂ္ဂိုလ် ဖြစ်၏။

“ချောင်ရှောင်းက ယောက္ခမလောင်းကို အရိုအသေပြုပါတယ်”

မြင်းပေါ်မှ လူဆိုးသည် ဦးညွှတ်ရင်းမှ ပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်၏။ “ကျွန်တော့်မိန်းမ မူလန် ဘယ်မှာလဲ။ ဘာလို့ ကျွန်တော့်ကို လာမကြိုတာလဲ”

ရွှမ်ဝူမြို့စားကြီး မေးလိုက်သည်။ “ချောင်ရှောင်း… အချိန်မတန်သေးဘူး။ မင်း ဘာလာလုပ်တာလဲ”

ဤယုတ်မာသောလူသည် ချောင်ရှောင်းဖြစ်ပြီး ပင်လယ်ဓားပြ ချောင်ထျန်းဝေ၏ သားဖြစ်၏။ ချောင်ထျန်းဝေသည် ရွှဲ့တိုင်းပြည် အရှေ့ပင်လယ်၏ အကြီးမားဆုံးသော ပင်လယ်ဓားပြအဖွဲ့ခေါင်းဆောင် ဖြစ်သည်။ ရွှဲ့တိုင်းပြည်၏ အဓိက ရန်သူများသည် ဝူတိုင်းပြည်နှင့် ချူတိုင်းပြည်ဖြစ်သောကြောင့် တပ်တော်သည် အလွန် အားကောင်းသော်လည်း ရေတပ်မှာ အားနည်း၏။ ထို့အပြင် ဘုရင်မင်းမြတ်သည် ပင်လယ်တွင်းရှိ ကျွန်းများကို သိပ်ဂရုမစိုက်ပေ။

ထို့ကြောင့် အချိန်အများစုတွင် အရှေ့ပင်လယ်အပြင်ဘက်ရှိ ကျွန်းများကို ပင်လယ်ဓားပြများက သိမ်းပိုက်ထားသည်။ ယခုအချိန်မှာတော့ ချောင်ထျန်းဝေသည် ကျွန်းပေါင်းများစွာကို သိမ်းပိုက်ထားပြီး အကြီးဆုံး ကျွန်းပေါ်တွင် မြို့တစ်မြို့ တည်ထောင်ကာ နုရှောင့်မြို့၏ အရှင်သခင်အဖြစ် မိမိကိုယ်ကို ကြေညာထား၏။

သူ၏ရေတပ်သည် အလွန်အားကောင်းပြီး နယ်မြေအရဆိုလျှင် ရွှမ်ဝူအိမ်တော်ထက် များစွာကြီးမားသည်။ ဤနှစ်များအတွင်း ရွှဲ့တိုင်းပြည်၏ မူဝါဒသစ်သည် အရှိန်အဟုန်ပြင်းစွာ အသက်ဝင်လာသည်။ ဤသည်က ချောင်ထျန်းဝေကို ပို၍ မာနထောင်လွှားစေခဲ့သည်။

ရွှမ်ဝူမြို့စားကြီး၏ မေးခွန်းကို ကြားသည့်အချိ်နမှာတော့ ချောင်ရှောင်းက ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ် ၂၀ က စာချုပ်အရ ကျုပ် ငွေလာတောင်းတာပါ။ လျော်ကြေးအဖြစ် ရွှေဒင်္ဂါး တစ်သိန်း၊ နှစ် ၃၀ အတွင်း ပြန်ဆပ်ရမှာဖြစ်ပြီး တစ်နှစ်ကို အတိုး ရွှေဒင်္ဂါး ၉,၀၀၀ ပေးရမယ်”

ချောင်ရှောင်းသည် သူ၏လက်ထဲမှ သားရေချပ်ကို ဝှေ့ယမ်းလိုက်သည်။ ၎င်းမှာ ရွှမ်ဝူအိမ်တော်နှင့် နုရှောင့်မြို့တို့ကြားမှ အပစ်အခတ်ရပ်စဲရေးစာချုပ် ဖြစ်သည်။

ချောင်ရှောင်သည် ပြုံးကာ ထပ်ပြောလိုက်၏။ “နောက်ပြီး ကျုပ်မိန်းမ မူလန်ကို လာတွေ့တာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ ကျုပ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ ရှုံးနိမ့်သွားတယ်၊ ပင်လယ်စည်းမျဉ်းအရ သူက ကျုပ်မိန်းမ ဖြစ်သင့်တယ်”

ထို့နောက် သူသည် သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ “ကျုပ်ရင်ဘတ်ကို ကြည့်။ မူလန်ရဲ့ ကိုယ်ခန္ဓာကို ဆေးမင်ကြောင်ထိုးထားတယ်။ သူ့မျက်နှာပဲ လိုတော့တယ်။ ကျုပ်က အမျိုးသမီး ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာနဲ့ အိပ်စက်ခဲ့ပေမယ့် ဘယ်သူမှ ကျုပ်ရင်ဘတ်ကို မပိုင်ဆိုင်နိုင်ခဲ့ဘူး”

ချောင်ရှောင်း၏ ကိုယ်ပေါ်တွင် ဆေးမင်ကြောင်ထိုးထားသော အမျိုးသမီး ရာပေါင်းများစွာတို့သည် သူနှင့် အတူအိပ်ခဲ့သော အပျိုစင်များ ဖြစ်သည်။ အပျိုစင် မဟုတ်ပါက ချောင်ရှောင်းသည် အမှတ်တရ ဆေးမင်ကြောင်ထိုးမည် မဟုတ်ပေ။

ယခင်မျိုးဆက် ရွှမ်ဝူမြို့စားကြီး တင်ခဲ့သော အကြွေးကို မှတ်မိသေးပါသလား။ သူသည် သူ၏ ဘိုးဘေး ကျင်းကျူး၏ လမ်းစဉ်ကို လိုက်နိုင်ရန် တပ်သား ၃,၀၀၀ နှင့် သင်္ဘောများကို ငှားရမ်းကာ အရှေ့ပင်လယ်ရှိ ပင်လယ်ဓားပြများကို တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။ ထိုအချိန်က ယခင်ရွှမ်ဝူမြို့စားကြီး၏ ပြိုင်ဘက်သည် ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေ ဖြစ်သည်။

သို့ပေမည့် မြို့စားကြီးကျင်းယွီသည် ရှုံးနိမ့်ခဲ့၏။ ကြေးစားစစ်သား ၃,၀၀၀ နှင့် သင်္ဘောများသည် ပျက်စီးခဲ့ရ၏။

ထို့နောက် ရွှမ်ဝူအိမ်တော်၏ ကမ်းရိုးတန်းဒေသတစ်ခုလုံး အထူးသဖြင့် ဝမ်ကျားကျွန်းသည် ချောင်ထျန်းဝေ၏ လက်စားချေမှုနှင့်အတူ ရှင်းလင်းခြင်းကို ခံခဲ့ရ၏။ ရွှမ်ဝူအိမ်တော်မှ ပင်လယ်သို့ ထွက်ခွာသော သင်္ဘောတိုင်းသည် ရက်စက်စွာ နစ်မြုပ်ခြင်းခံခဲ့ရသည်။

နောက်ဆုံး၌ ယခင်မျိုးဆက် ရွှမ်ဝူမြို့စားကြီးကျင်းယွီနှင့် ချောင်ထျန်းဝေတို့သည် နုရှောင့်မြို့ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ချောင်ထျန်းဝေကို ရွှေဒင်္ဂါးတစ်သိန်း လျော်ကြေးပေးခဲ့သည်။ ဤလျော်ကြေးကို နှစ် ၃၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် အတိုး ရွှေဒင်္ဂါး ၉,၀၀၀ ပေးရ၏။

များသောအားဖြင့် နွေဦးပွဲတော်မတိုင်မီ တစ်လအလိုတွင် ချောင်ထျန်းဝေသည် ငွေတောင်းရန် လူများကို စေလွှတ်လေ့ရှိသည်။ သို့ပေမည့် ဤနှစ်တွင်မူ သူတို့သည် နှစ်လကျော်စော၍ ရောက်လာကြသည်။

ချောင်ရှောင်းသည် မူလန်ကို သူ၏မိန်းမဟု ခေါ်နေခြင်းမှာ လွန်ခဲ့သောနှစ်အနည်းငယ်က မူလန်ကို မြင်တွေ့ပြီး ကြိုက်နှစ်သက်သွားသောကြောင့် ဖြစ်သည်။ ထို့နောက် သူသည် အကြွေးအားလုံးကို ယူတော့မည် မဟုတ်ဘဲ စေ့စပ်လက်ဆောင်အဖြစ် ရွှေဒင်္ဂါး ၃၀,၀၀၀ ပေးလိုကြောင်း ရွှမ်ဝူမြို့စားကြီးထံသို့ တိုက်ရိုက် တောင်းရမ်းခဲ့၏။

ဤသည်ကို ရွှမ်ဝူအိမ်တော်က ကြီးမားသော အရှက်တရားအဖြစ် မှတ်ယူခဲ့သည်။

မူလန်သည် ဒေါသထွက်ခဲ့၏။ ထို့ကြောင့် နှစ်ဦးသား တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန်က မူလန်သည် ၁၇ နှစ်ဖြစ်ပြီး ချောင်ရှောင်းသည် ၂၅ နှစ်ဖြစ်၏။

မူလန် ရှုံးနိမ့်ခဲ့သည်။ ထိုအချိန်မှစ၍ ချောင်ရှောင်းသည် မူလန့်အား သူ၏ ပင်လယ်မိန်းမဟု အမြဲခေါ်ဆိုခဲ့သည်။

မြို့စားကြီးကျင်းကျိုးသည် ခက်ခဲမှုများကို ခါးစည်းခံခဲ့ရ၏။ နှစ်စဉ်နှစ်တိုင်း သူသည် ယင်းယွမ်အစည်းအရုံး၏ ကြီးမားသော အကြွေးနှင့် နုရှောင့်မြို့မှ ချောင်ထျန်းဝေ၏ လျော်ကြေးများကို ပြန်ဆပ်ရ၏။ သူသည် ပြည်သူများကို မဖိနှိပ်ဘဲ နည်းပါးသော အခွန်ကို ကောက်ခံကာ ကိုယ်ပိုင်စစ်တပ်ကိုလည်း ထိန်းသိမ်းထားရသည်။ ဤသို့ဖြင့် သူသည် နှစ် ၂၀ တိတိ ကြာရှည်ခံခဲ့၏။ မိသားစုသည် ပရမ်းပတာ မဖြစ်ရုံသာမက အနည်းဆုံးတော့ လူရိုသေ၊ ရှင်ရိုသေအဖြစ် နေနိုင်ခဲ့သည်။ ရာစုနှစ်တစ်ခုကြာသော အမွေအနှစ်များသာ မရှိခဲ့ပါက ကျင်းမိသားစု သည် လွန်ခဲ့သော နှစ် ၂၀ တည်းက ပျောက်ကွယ်သွားခဲ့မှာ သေချာ၏။

ထို့ကြောင့် တော်ဝင်အသိုင်းအဝိုင်းတွင် စကားတစ်ခု ရှိသည်။

‘မိသားစု၏ အမွေဆက်ခံသူသည် အရည်အချင်း မရှိခြင်း၊ သာမန်ဖြစ်ခြင်း၊ သို့မဟုတ် သုံးစားမရသူဖြစ်ခြင်းသည် ကြောက်စရာမကောင်းချေ။ ကြောက်စရာ အကောင်းဆုံးမှာ အမွေဆက်ခံသူသည် ရည်မှန်းချက်အလွန်ကြီးခြင်း ဖြစ်သည်’

သာမန်သုံးစားမရ၊ ဖြုန်းတီးတတ်သူတစ်ယောက်သည် တစ်သက်လုံးနေထိုင်လျှင်ပင် ရာစုနှစ်တစ်ခုကြာသော အခြေခံအုတ်မြစ်ကို ဖြုန်းတီးနိုင်မည် မဟုတ်ပေ။ သို့ပေမည့် ရည်မှန်းချက်ကြီးသော လူတစ်ယောက်သည် ဘိုးဘေးတို့၏ စည်းစိမ်ဥစ္စာအားလုံးကို တစ်ကြိမ်တည်းဖြင့် ဖြုန်းတီးပစ်နိုင်၏။

All Chapters