← Chapters

အပိုင်း (၁၃၄)

Vol. 10 Ch. 134

အပိုင်း (၁၃၄)

Vol. 10 Ch. 134

ခေတ်သစ်ကမ္ဘာမြေပေါ်တွင်လည်း အလားတူ စကားတစ်ခု ရှိ၏။ ‘ချမ်းသာသော မိသားစုသည် သူတို့၏ သား သောက်စားသုံးဖြုန်းခြင်းကို မကြောက်ပေ။ သူတို့ အကြောက်ဆုံး အရာမှာ အဘယ်နည်း။ သူတို့၏သား စီးပွားရေးစလုပ်မည်ကိုအကြောက်ဆုံး ဖြစ်သည်။ အလွန်အမင်းကြိုးစားကာဖြင့် မိသားစုတစ်ခုလုံးကို ဂုဏ်ကျက်သရေ ထွန်းပြောင်စေမည်ဟု ကြုံးဝါးခြင်းကို အကြောက်ဆုံးဖြစ်သည်။ မိသားစု ဒေဝါလီခံသွားရနိုင်သောကြောင့်ပင်။

ယခင်မျိုးဆက် ရွှမ်ဝူမြို့စားကြိး ကျင်းယွီသည် ထိုကဲ့သို့သော လူမျိုးဖြစ်သည်။ သူသည် သူ၏ ဘိုးဘေး ကျင်းကျူး၏ ဂုဏ်ကျက်သရေကို ပြန်လည်ရယူလိုခဲ့သည်။ ရလဒ်အနေဖြင့် သူသည် သူ၏ စွမ်းရည်၊ လုပ်နိုင်စွမ်းထက် များစွာ ကျော်လွန်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပြီး ကျင်းမိသားစု အား ထာဝရပျက်စီးခြင်းသို့ ရောက်ရှိလုနီးပါး ဖြစ်စေခဲ့၏။

နုချောင့်မြို့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီး မကြာမီ ကျင်းယွီသည် ဝမ်းနည်းဒေါသဖြင့် သေဆုံးသွားခဲ့သည်။ ကျင်းကျိုးသည် ရွှမ်ဝူမြို့စားကြီး ရာထူးကို အမွေဆက်ခံခဲ့၏။ သူ့ဖခင်ပေးခဲ့သည့် သင်ခန်းစာကြောင့် ကျင်းကျိုးသည် အထူးပင် ရှေးရိုးစွဲဖြစ်လာပြီး ခေတ်မမီတော့သည်အထိပင် ဖြစ်သည်။ သို့ပေမည့် ဤအချက်ကြောင့်ပင် ရွှမ်ဝူအိမ်တော်သည် လွန်ခဲ့သော နှစ် ၂၀ တည်းက သေစေနိုင်သော အကျပ်အတည်းမှ လွတ်မြောက်ခဲ့သည်။

နှစ် ၂၀ ကြာမြင့်ပြီးနောက် ရွှမ်ဝူအိမ်တော်၏ အခြေခံအုတ်မြစ်သည် တစ်ဖန်ပြန်၍ ကျောက်တုံးကဲ့သို့ ခိုင်မာလာခဲ့သည်။ မူဝါဒသစ်သာ မရှိခဲ့ပါက ရွှမ်ဝူအိမ်တော်၏ ရာစုနှစ်တစ်ခုကြာသော အခြေခံအုတ်မြစ်သည် လုံးဝ တည်ငြိမ်သွားခဲ့ပေမည်။

ရွှမ်ဝူမြို့စားကြီးက ပြောလိုက်၏။ “ချောင်ရှောင်း.. နှစ်စဉ်ပြန်ဆပ်ရမယ့်ရက် ရောက်ဖို့ နှစ်လကျော် လိုသေးတယ်။ မင်း လာတာ စောနေတယ်”

ချောင်ရှောင်းက ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော် ပျက်စီးတော့မယ်ဆိုတာ လူတိုင်းသိတယ်။ ကျုပ် နှစ်လကျော် ကြာပြီးမှ ပြန်လာရင် ရွှမ်ဝူအိမ်တော်မှာ အလောင်းတောင် ကျန်မှာမဟုတ်ဘူး”

ကျင်းမိသားစုသည် ပျက်စီးခြင်းသို့ နီးကပ်နေပြီဖြစ်၏။ ပတ်ဝန်းကျင်မှ တော်ဝင်မျိုးနွယ်များသာမက ပင်လယ်ဓားပြများပင်လျှင် ထိုသို့ ယုံကြည်နေ၏။

ချောင်ရှောင်းက ပြောလိုက်သည်။ “ပြီးတော့ ကျုပ် ကျုပ်မိန်းမမူလန်ကို ခေါ်သွားမယ်။ ဒီမှာ ဆက်နေရင် ခင်ဗျားတို့နဲ့အတူတူ သေသွားလိမ့်မယ်။ မဟုတ်ရင်လည်း ဘုရင်မင်းမြတ်က သူ့ကို ဆောင်ကြာမြိုင်ဆီ ပို့လိမ့်မယ်”

ရွှမ်ဝူမြို့စားကြီးသည် တင်းမာခက်ထန်စွာဖြင့် အမိန့်ပေးလိုက်၏။ “ရှီရင်း… လုပ်လိုက်”

ကျင်းရှီရင်းသည် သူ၏ ဓားကြီးကို ဆွဲထုတ်လိုက်ပြီး မြင်းကိုရှေ့သို့ တိုးသွားစေသည်။ ချောင်ရှောင်းသည် ထိုအပြုအမူကို မြင်တော့ သူ၏ မျက်နှာထက်၌ မထီမဲ့မြင် အပြုံးမျိုးပေါ်ပေါက်လာသည်။

နှစ်ဦးသား၏ မြင်းများသည် ဘေးချင်းကပ် ဖြတ်သန်းသွားသည်။ ကျန်းရှီရင်းသည် သူ၏ ဓားကြီးဖြင့် ခုတ်ပိုင်းလိုက်သည်။ ချောင်ရှောင်းကလည်း သူ၏ ဓားကောက်ကြီးနှင့် ပိုင်းဖြတ်လိုက်၏။

“ချွင်” အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ မီးပွင့်များသည် နေရာအနှံ့သို့ ပျံ့ကျဲသွား၏။ ကျင်းရှီရင်း၏ ဓားကြီးသည် ရုတ်တရက် ကျိုးကာ လွင့်စင်သွားသည်။ သူ၏ ရင်ဘတ်ပေါ်ရှိ သံချပ်ကာတွင် အက်ရာတစ်ခု ပေါ်လာပြီး သွေးစတစ်စ ရှိနေသည်။

ချောင်ရှောင်း၏ မြင်းမှာတော့ ရုတ်တရက် ထဟီလိုက်ပြီး နှာခေါင်း၊ ပါးစပ်သို့ဆီမှ သွေးများ စီးကျကာ ရှေ့သို့ ပြိုလဲကျသွားခဲ့၏။

...

ရှစ်မိသားစုအတွင်း ....

ရှစ်ကွမ်းယွမ်သည် သူ၏ ပါးစပ်မှ သွေးများယိုစီးကျနေပြီး သူ၏ သမက်လောင်း ကျန်းကျင်းကို မယုံနိုင်စွာ ကြည့်နေ၏။ သူသည် သူ၏ အားအင်အားလုံးကို အသုံးပြုကာ မေးလိုက်၏။ “ဘာလို့လဲ၊ ဘာလို့လဲ။ မင်း စေ့စပ်ပွဲကို ဖျက်သိမ်းလို့ရရဲ့သားနဲ့ ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ”

ကျန်းကျင်းက အေးစက်စွာ ပြောလိုက်သည်။ “ယောက္ခထီး .... ကျုပ် မုဆိုးဖိုဖြစ်လို့ရတယ်၊ ဒါပေမဲ့ စေ့စပ်ပွဲ ကိုတော့ ဖျက်သိမ်းလို့မရဘူး။ ကျုပ်တို့မိသားစုက စာရိတ္တကောင်မှုကို တန်ဖိုးထားတယ်”

ရှစ်ကွမ်းယွမ်သည် တစ်ဖန်ပြန်၍ သွေးအန်ပြန်၏။ ဤတစ်ကြိမ်တွင် သူအန်ထုတ်လိုက်သော သွေးများ အားလုံးမှာ အမည်းရောင် ဖြစ်နေသည်။

“ကျန်းကျင်း.. မင်းက ရှမ့်လန်ထက် ပိုရက်စက်တယ်။ မင်းက ရှမ့်လန်ထက် ပိုရက်စက်တယ်”

ရှမ့်လန်သည် ရက်စက်သော်လည်း သူ၏ ရန်သူများကိုသာ အမြဲတစေ ရက်စက်ခဲ့သည်။ ကျန်းကျင်းမှာမူ ကိုယ့်လူကိုပင် ရက်စက်နိုင်၏။ ရှစ်ကွမ်းယွမ်သည် မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။ အဆုံးတွင် သူ၏ ပါးစပ်မှ အမည်းရောင်သွေးများသည် အိပ်ရာတစ်ခုလုံး ပေကျံသွားပြီး သူသည်လည်း ရုတ်တရက် သေဆုံးသွားခဲ့၏။

ဤဆေးသည် အဆိပ်ပြင်းပြီး ဆယ်မိနစ်သာ ကြာရှည်ခံသည်။ မသေဆုံးမီ ရှစ်ကွမ်းယွမ်သည် အမှန်တကယ်ပင် နောင်တရခဲ့၏။ သူသည် ဤမျှ ရည်မှန်းချက် မကြီးသင့်ခဲ့ပေ။ သူသည် အာဏာရရှိရန် ပူးပေါင်းခဲ့သည်။ ဤသည်မှာ ကျားတစ်ကောင်ထံမှ သူ၏ အရေခွံကို တောင်းဆိုခြင်းနှင့် လုံးဝတူညီသည်။

သူ ရှစ်ကွမ်းယွမ် … ယနေ့ကဲ့သို့သော အခြေအနေထိ ရောက်ရှိခဲ့ခြင်းမှာ ရှမ့်လန်ကဲ့သို့သော ရန်သူကို စော်ကား ခဲ့သောကြောင့် မဟုတ်ပေ။ သူသည် လောဘကြီးပြီး ကျန်းချုံးကဲ့သို့သော ဝံပုလွေတစ်ကောင်နှင့် သမီးအား လက်ထပ်ပေးရန် ရွေးချယ်ခဲ့သောကြောင့်ပင်။

ကျန်းကျင်းသည် ရှစ်ကွမ်းယွမ်၏ ကြေကွဲဖွယ်ရာ သေဆုံးမှုကို အေးတိအေးစက်ဖြင့် ကြည့်နေ၏။ သူသည် သူ၏ အင်္ကျီလက်မောင်းအတွင်းမှ သေတမ်းစာတစ်စောင်ကို ထုတ်ယူလိုက်သည်။ ထိုသေတမ်းစာသည် ရှစ်ကွမ်းယွမ်၏ လက်ရေးဖြင့် ရေးသားထား၏။ သေတမ်းစာတွင်

“ရှမ့်လန်က ငါ့မိသားစုကို ဖျက်ဆီးခဲ့တယ်၊ ငါ့ရဲ့ သားမက်လေး၊ ငါ့အတွက် ကလဲ့စားချေပါ၊ ကလဲ့စားချေပေးပါ”

ဟူ၍ ရေးသားထားသည်။

...

ရှစ်ကွမ်းယွမ်ကို သတ်ပြီးနောက် ကျန်းကျင်းသည် ရှစ်ချင်းချင်း၏ ပန်းထိုးဆောင်သို့ လာခဲ့သည်။ ရှစ်ချင်းချင်း၏ နူးညံ့သိမ်မွေ့ပြီး လှပသော ကိုယ်ခန္ဓာသည် အိပ်ရောပေါ်တွင် လဲလျောင်းလျက်ပြီး သူမ၏ ဆွဲဆောင်မှု ရှိသော ပုံသဏ္ဌာန်ကို အထင်းသားမြင်တွေ့နိုင်‌၏။ အခန်းသည် မွှေးရနံ့များဖြင့် ပြည့်နှက်နေသည်။ သူမသည် အမှန်တကယ်ပင် သန်းတစ်ရာတွင် တစ်ယောက်သော အလှပဂေး ဖြစ်၏။ လုံလောက်အောင် ထက်မြက်ပြီး လုံလောက်အောင် ရက်စက်သည်။

ကျန်းကျင်းသည် ရှစ်ချင်းချင်း၏ နောက်ကျောကို ကြည့်ရှုရင်း မတွေးဘဲ မနေနိုင်တော့ပေ။ သူမသည် အမှန်တကယ်ပင် လှပသည်။ သူမ၏ ကိုယ်ခန္ဓာသည် မိုးမခပင်ကဲ့သို့ဖြစ်သော်လည်း အနည်းငယ် ပြည့်ဖြိုးပြီး ဆွဲဆောင်မှုရှိ၏။ သူမ၏ အရေပြားသည် နှင်းကဲ့သို့ ဖြစ်သည်။ မည်မျှ နှမြောစရာကောင်းလိုက်သနည်း။

“ငါ ... ကျန်းကျင်း ... ရွေးချယ်စရာ မရှိဘူး” သူသည် အိပ်ရာလေး၌ ထိုင်ပြီး ရှစ်ချင်းချင်း၏ အိထွေးနေသည့် ပခုံးလေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ယင်းသည် ချောမွေ့ပြီး သိုးဆီကဲ့သို့ မွှေးကြိုင်၏။

“ချင်းချင်း”

ရှစ်ချင်းချင်းသည် အိပ်ပျော်နေသကဲ့သို့ ဖြစ်သော်လည်း အလိုအလျောက် ပြန်ဖြေသည်။ “ပြောလေ …..”

သူမ၏ အသံသည် ချိုမြပြီး နူးညံ့နေကာ မှီခိုအားထားမှုများဖြင့် ပြည့်နှက်နေ၏။ ဤအသံသည် အမှန်တကယ်ပင် စွဲမက်ဖွယ်ကောင်းပြီး နှလုံးသားကို နာကျင်စေသည်။

ကျန်းကျင်းက ညင်သာစွာ ပြောလိုက်၏။ “ချင်းချင်း ... ငါမင်းကို တကယ်ကြိုက်တယ်”

ရှစ်ချင်းချင်းသည် သူမ၏ မျက်နှာကို ကျန်းကျင်း၏လက်နှင့် ပွတ်သပ်လိုသော်လည်း အိပ်ပျော်နေစဉ်မို့ အားအင်အလုံအလောက် မရှိခဲ့ပေ။

“ချင်းချင်း အိပ်တော့။ အိပ်ပျော်သွားရင် ဘာဒုက္ခမှ ရှိတော့မှာ မဟုတ်ဘူး” ကျန်းကျင်းသည် ငြင်သာစွာ ပြောလိုက်သည်။ ထို့နောက် သူသည် ထကာ ထွက်ခွာသွားခဲ့၏။

ရှစ်ချင်းချင်းသည် မျက်လုံးများကို မှိတ်ထားလျက် နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သော်လည်း သူမ၏ မျက်လုံးများမှ မျက်ရည်များ တောက်လျှောက် ကျဆင်းနေသည်။

ကျန်းကျင်းသည် အခန်းထဲမှ ထွက်သွားခဲ့၏။ ရုတ်တရက် အနက်ရောင်အရိပ်အချို့ ပေါ်လာပြီး ရှစ်ချင်းချင်း၏ ပန်းထိုးဆောင်ပေါ်သို့ ဆီများ လောင်းချလိုက်သည်။ ထို့နောက် တံခါးများအားလုံးကို သော့ခတ်လိုက်၏။

ကျန်းကျင်းသည် မီးခတ်ကျောက်ဖြင့် ပိုးထည်စတစ်စကို မီးညှိလိုက်ပြီး တံခါးမှတစ်ဆင့် ပြောလိုက်၏။ “ချင်းချင်း... ငါ့ကို အပြစ်မတင်ပါနဲ့။ ငါ ရွေးချယ်စရာ မရှိဘူး”

ထို့နောက် သူသည် မီးလောင်နေသော ပိုးထည်စကို အောက်သို့ ပစ်ချလိုက်သည်။ ချက်ချင်းပင် မီးသည် တောက်လောင်သွား၏။ ခဏအကြာမှာတော့ ရှစ်ချင်းချင်း၏ ပန်းထိုးဆောင်တစ်ခုလုံးသည် မီးလောင်ကျွမ်းသွားသည်။

“အား... အား...”

အတွင်းဘက် ပန်းထိုးဆောင်ဆီမှ အာမေဋိတ်သံတစ်ခု ထွက်ပေါ်လာ၏။

...

“ကျန်းကျင်း…ရှင် ဘာလုပ်တာလဲ။ ရှင် ဒါ ဘာလုပ်တာလဲ” ရှစ်ချင်းချင်း၏ ကြောက်လန့်တကြား အော်ဟစ်သံသည် အတွင်းဆီမှ ထွက်ပေါ်လျက် ရှိ၏။

ကျန်းကျင်းသည် ခြံဝန်းထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ခံစားချက် ကင်းမဲ့သည့် ဟန်ပန်အမူအရာမျိုးနှင့်ပင်။

“ကျန်းကျင်း… အိုမင်းတဲ့အထိ အတူတူနေထိုင်သွားမယ်လို့ ရှင် ကျွန်မကို ကတိပေးခဲ့တယ် မဟုတ်လား။ စေ့စပ်ပွဲကို ရှင် ဖျက်သိမ်းရင် ဖျက်သိမ်းလို့ ရတယ်။ အခု ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ။ ဘာကြောင့် ဒီလိုမျိုး လုပ်ရတာလဲ” ရှစ်ချင်းချင်း၏ အသံသည် အတွင်းဆီမှ ထွက်ပေါ်လျက်ရှိနေပြီး သူမသည် တံခါးကိုလည်း တဝုန်းဝုန်းနှင့် ထုနှက်လျက်ရှိသည်။

ကျန်းကျင်းသည် အသာပင် ပြောဆိုလိုက်၏။ “အင်း…သူ့ကို အပြင် မထွက်စေနဲ့”

“ကောင်းပါပြီ”

စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် ရုတ်တရက် ဓားများကို ဆွဲထုတ်ကာဖြင့် မတ်မတ်ရပ်လျက် ရှိ၏။ ရှစ်ချင်းချင်းသည်သာ အထဲဆီမှ အပြင်သို့ ပြေးထွက်လာပါက ချက်ချင်းပဲ သူမကို ခုတ်ပိုင်းလိုက်ကြမှာ ဖြစ်သည်။

ကျန်းကျင်းက ပြောလိုက်၏။ “ချင်းချင်း…. လောကကြီးက တကယ့်ကို နာကျင်စရာ ကောင်းတယ်။ မင်းအနေနဲ့ ဆက်ပြီး နာကျင်စရာတွေကို ခံစားနေရတာ အဆင်မပြေတော့ဘူး။ ဒီတော့ နာကျင်မှုဆီကနေ လွတ်မြောက်သွားခြင်းက မင်းအတွက် ကောင်းချီးပဲဖြစ်မယ်။ အခု ကောင်းကောင်းအိပ်တော့။ နာကျင်မှုတွေ အားလုံး ပျောက်ကွယ်သွားလိမ့်မယ်”

“ကျန်းကျင်း….ရှင် တကယ့်ကို ရက်စက်လွန်းတယ်။ ရှင့်က ရှမ့်လန်ထက်တောင် ပိုပြီး ရက်စက်တယ်။ ကျွန်မ ..... ကျွန်မ တကယ့်ကို မျက်စိကန်းခဲ့တာပဲ။ မျက်စိကန်းခဲ့တာ” ရှစ်ချင်းချင်း၏ အသံသည် တကယ့်ကို သွေးပျက်ဖွယ်ရာပင်။ ကြမ်းတမ်းလွန်းသည့် ချောင်းဆိုးသံသည် သူမဆီမှ ထွက်ပေါ်လာခဲ့၏။ ပြီးနောက် တံခါးကို ထုနှက်လျက်ရှိနေသည့် အသံသည်လည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့သည်။

မီးညွန့်မီးလျှံများသည် ပိုမိုကာ ကြီးမားလာခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကြီးမားလွန်းသည့် ပန်းထိုးဆောင်ကြီးတစ်ခုလုံးသည် မီးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

ရုန်းကန်သည့်အသံ၊ ထုနှက်သည့်အသံ၊ မည်သည့်အသံမှ ထွက်ပေါ်မလာတော့ချေ။

ကျန်းကျင်းသည် တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့၏။ အချိန်ခဏတာ ကြာပြီးသည့်နောက် ရှစ်မိသားစု၏ ကျေးကျွန်များသည် အလုအယက် ပြေးဝင်လာကာဖြင့် အော်ဟစ်လိုက်ကြသည်။ “မီး ... မီး .... မီးလောင်နေတယ် ...မီး”

ပြီးသည့်နောက်အစေခံများသည် မီးကိုငြှိမ်းသတ်ရန် ပြင်ဆင်ကြ၏။

………………

ရွှမ်ဝူအိမ်တော် .....

ပင်လယ်ဓားပြဘုရင် ချောင်ရှောင်းသည် ရုတ်တရက် မြေပေါ်သို့ ခုန်ဆင်းလိုက်၏။ “ကျင်းရှီရင်း…. မင်းက တကယ့်ကို အားကောင်းတယ်။ ပြီးတော့ တကယ့်ကို ကြမ်းတမ်းလွန်းတာပဲ”

ကျင်းရှီရင်း က ပြောလိုက်၏။ “သခင်လေးချောင်ရဲ့ ဓားကွက်ကလည်း တကယ့်ကို ကြမ်းပါတယ်”

ချောင်ရှောင်းက ပြောလိုက်၏။ “ငါ့ရဲ့ဓားက ကြမ်းတယ်လို့ မင်းက ထင်နေသေးတာလား။ ဒါဆိုလို့ရှိရင်ငါ့ရဲ့ ဒီဓားကြီးက မင်းလို ချောမောတဲ့ လူတစ်ယောက်ကို သင်းကွပ်ပစ်လိုက်နိုင်မယ်လို့ကော မထင်ဘူးလား။ ပြီးတော့ ရှမ့်လန်… ရှမ့်လန်ဆိုတဲ့ကောင်ကို ငါ အသက်ရှင်လျက် အရေခွံခွာနိုင်မယ်လို့ ထင်တယ်။ ကျင်းမူလန်က လက်ထပ်သွားခဲ့ပြီ။ သူမကို လက်ထပ်ဖို့အတွက် ငါ သူမကို မုဆိုးမဖြစ်အောင် အရင်ဆုံးလုပ်မှ ဖြစ်မယ်”

ကျင်းရှီရင်းသည် မည်သည့်စကားမှ မဆိုချေ။

ချောင်ရှောင်းက ပြောလိုက်၏။ “ရွှမ်ဝူ….ဒီမှာ ကျုပ်မိန်းမမရှိဘူး ဆိုမှတော့ မြန်မြန် ပေးစရာရှိတာပေးတော့”

ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးသည် မောက်မာပြီး ကြမ်းတမ်းလွန်းသည့် လူငယ်ကို လှမ်းကာ ကြည့်ရှုနေ၏။ သူသည် ရှမ့်လန်ပြောသည့် စကားများကို ပြန်လည်ကာ အမှတ်ရနေမိသည်။

“အဖေ… ဒီချောင်ရှောင်းက ရတနာတစ်ခုပဲ။ ကျုပ်တို့ ရွှမ်ဝူအိမ်တော် ကျန်းချုံးကို တစ်ခါတည်း အနိုင်ယူနိုင်တဲ့ ဗျူဟာအတွက် အရေးကြီးတဲ့ ရတနာတစ်ခုပဲ။ ကျုပ်တို့ ရွှမ်ဝူအိမ်တော်ရဲ့ ဒုက္ခတွေအားလုံးကို ကယ်တင်ပေးနိုင်တဲ့ ရတနာကလည်း ဒါပဲ။ သူ့ကို အသက်ရှင်လျက် ထားမှ ဖြစ်မယ်။ ကြိုပြီး သတ်ပစ်လို့ မဖြစ်ဘူး။ အချိန်အခါရောက်မှ ရက်ရက်စက်စက် သတ်ပစ်သင့်တယ်”

မြို့စားကြီးသည် ရှမ့်လန်၏ မျက်နှာကို မြင်ယောင်လာမိ၏။ ရတနာ…. ဤအရာသည် တကယ့်ကို ရတနာကြီး ဖြစ်၏။ ထို့ကြောင့် ယခုသတ်၍မဖြစ်ချေ။

“ချောင်ရှောင်း…. ဒီအချိန်က ပိုက်ဆံပြန်ပေးရမယ့် အချိန်မဟုတ်သေးဘူး။ ငါတို့ ရွှမ်ဝူအိမ်တော်က ပိုက်ဆံတွေကို တစ်ခါတည်း စုစည်းလို့ မဖြစ်နိုင်သေးဘူး”

ရွှမ်ဝူက ပြောလိုက်၏။ “အရင်ဆုံး မင်းကို ငါ ရွှေဒင်္ဂါး ၃၀၀၀ ပေးလိုက်မယ်။ ကျန်တဲ့ ရွှေဒင်္ဂါး ၆၀၀၀ ကတော့ ပေးရမယ့်နေ့ရောက်မှပဲ ပေးမယ်”

ပြီးနောက် ရွှမ်ဝူက လက်ကို ယမ်းခါလိုက်သည်။

ကျင်းဟွေ့သည် သေတ္တာတစ်လုံးနှင့်အတူ ရှေ့ဆီသို့ လှမ်းတက်လာ၏။ ထိုထဲတွင် ရွှေဒင်္ဂါး ၃၀၀၀ ပါဝင်၏။

ချောင်ရှောင်းသည် ထိုသေတ္တာကို ဓားဦးဖြင့် အသာထိုးဖွင့်ကာပြီး အထဲတွင်ရှိနေသည့် ရွှေဒင်္ဂါးများကို ကြည့်ရှုလိုက်၏။ သူသည် ပိုက်ဆံတောင်းရန် လာရောက်ခြင်း မဟုတ်ချေ။ ပွဲလာကြည့်ခြင်းသာလျှင် ဖြစ်၏။

ဤပွဲတွင် တည်ရှိနေသည့် ဝေစုကို သူက လိုချင်၏။ ရွှမ်ဝူအိမ်တော်သည် ဖျက်ဆီးခံရတော့မည်။ ဤကဲ့သို့ ဖျက်ဆီးခံရခါနီး အလောင်းကောင်ဆီမှ မဖျက်ဆီးခံရခင် အချိန်အတောအတွင်း ရသလောက် ညှစ်ထုတ်ရန် သူက ကြိုးစားနေခြင်းပင်။ ကျင်းမိသားစုသည် သူတို့ကို အကြွေးများ ပေးရန် ရှိနေသည်မဟုတ်ပါလား။ တခြားအရာများ ကို မဆိုနှင့်။ ချောင်မိသားစုသည် ဝမ်ကျားကျွန်းတစ်ဝက်လောက်ကို ရလျှင်ပင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဝမ်ကျားကျွန်းတွင် ရှိနေသည့် ဆားတွင်းများကို ရရှိသည်ဆိုပါက သူတို့၏ ငွေကြေးပိုင်းဆိုင်ရာ သည် ဝုန်းခနဲ တိုးတက်သွားမည် မဟုတ်ပါလား။

“ရွှေဒင်္ဂါးတွေကို ယူလိုက်တော့” ရုတ်တရက် ဓားပြတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ပြီး ရွှေဒင်္ဂါး ၃၀၀၀ ပါဝင်သော သေတ္တာကို ယူဆောင်ကာ မြင်းပေါ်သို့ တင်လိုက်၏။

ချောင်ရှောင်းသည် အသာပင် ခုန်ချပြီးသည့်နောက် အမျိုးသမီး ပင်လယ်ဓားပြတစ်ယောက်၏ အနောက်ဘက်ဆီသို့ ဆင်းသက်လိုက်၏။ ပြီးနောက် သူ့၏လက်ကြီးသည် သူမ၏ ဘောင်းဘီအတွင်းဆီသို့ ရောက်ရှိသွားခဲ့သည်။

ပြီးနောက် သူသည်ဓားဦးဖြင့် ကျင်းကျန့်နန်ကို လှမ်းညွှန်ကာ ပြောလိုက်၏။ “မိန်းကလေး…. မင်း မသေနဲ့အုံး။ ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရပြီးရင် ငါ မင်းနဲ့ ကျင်းမူလန်တို့ကို နုရှောင့်မြို့ကို ခေါ်သွားမယ်။ မင်းတို့ကို ငါ ဆောင်ကြာမြိုင်ဆီသို့တော့ မပို့နိုင်ဘူး။ ကဲ .... သွားကြရအောင်”

ချောင်ရှောင်းနှင့် သူ့၏လူများသည် မြင်းပေါ်သို့ ခုန်တက်ကာဖြင့် အသော့နှင်၍ ထွက်ခွာသွားခဲ့၏။ “ရွှမ်ဝူ……. နုရှောင့်မြို့ထဲကနေ ခင်ဗျားတို့မိသားစု ဖျက်ဆီးခံရတာကို ကျုပ်ကြည့်နေမယ်”

......

ရှစ်မိသားစု၏ မီးသည် ရွှမ်ဝူမြို့ကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

မြို့တော်ဝန် လျှိုဝူယမ်သည် ကိုယ်တိုင်ကိုယ်ကျ ဆိုသလို စစ်သည်တော် ၁၀၀ ကျော်ကို ဦးဆောင်ကာဖြင့် မီးကို လာရောက်ငြှိမ်းသတ်၏။ မီးများကို အပြင်ဘက်ဆီ မပျံ့နှံ့သွားရန် တားဆီးကာကွယ်နိုင်ခဲ့သည်ဆိုသော်လည်း ရှစ်မိသားစု၏ အိမ်တော်တစ်ခုလုံး မှာတော့ ပြာကျခဲ့၏။

ကျန်းကျင်းသည် အကြိမ်ပေါင်းများစွာ မီးထဲသို့ တိုးဝင်လျက်ရှိနေ၏။ သူသည် သူ၏စေ့စပ်ထားသည့် မိန်းကလေး ရှစ်ချင်းချင်းကို ကယ်တင်ရန် ကြိုးစားလျက်ရှိနေခြင်းပင်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးများစွဲလောင်လျက်ရှိနေပြီး သူ၏ဆံပင် တစ်ချို့တစ်လေပင်လျှင် မီးကျွမ်းခြင်းကို ခံထားရ၏။ ခန္ဓာကိုယ်ပေါ်တွင် မီးလောင်ဒဏ်ရာများ နှင့်ပင် ပြည့်နှက်နေ၏။ သို့ပေမည့် မအောင်မြင်ခဲ့ချေ။ သူ၏စေ့စပ်ထားသည့် မိန်းကလေး မီးပင်လယ်ထဲ၌ သေဆုံးသွားခဲ့သည်ကိုသာ မချိတင်ကဲဖြင့် အတိုင်းသား ကြည့်ရှုနေရသည်။

လက်ရှိအချိန်မှာတော့ ကျန်းကျင်းသည် ဝမ်းနည်းပက်လက်နှင့် ငိုကြွေးနေမိ၏။ အားလုံးသောသူတို့၏ ရှေ့တွင် သူသည် သွေးများအန်ထွက်ကာဖြင့် သတိလစ်မေ့မြောသွားခဲ့၏။

ပြီးနောက် တခြားသောသူများသည် မိသားစုခေါင်းဆောင် ရှစ်ကွမ်းယွမ်၏ အသက်မဲ့နေသည့် ခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိခဲ့၏။ ထို့အပြင် ၎င်း၏ ဘေးနားတွင် သေတမ်းစာလည်း တည်ရှိနေသည်။ “ရှမ့်လန်က ကျုပ်မိသားစုတစ်ခုလုံးကို ဖျက်ဆီးခဲ့တယ်။ ကျုပ်ရဲ့သမက်….. ကျုပ်အတွက် လက်စားချေပေးပါ”

လျှိုဝူယမ်သည် ရှစ်ချင်းချင်း၏ ပန်းထိုးဆောင်ကို သေသေချာချာ စစ်ဆေးခဲ့၏။ ဤအရာသည် ပထမဦးဆုံး မီးလောင်ကျွမ်းခဲ့သည့် အဆောက်အအုံပင်ဖြစ်၏။ ပြီးနောက် အနီးအနားတွင် ဆီ၏ အကြွင်းအကျန် အငွေ့အသက်များကို ရှာဖွေတွေ့ရှိခဲ့၏။

ထို့ကြောင့် ရှစ်ချင်းချင်းသည် ကိုယ်တိုင်ကိုယ်ကျ ဤအဆောက်အအုံကို မီးရှို့လိုက်ခြင်းဖြစ်ကြောင်း သူက သုံးသပ်လိုက်မိ၏။ သူမသည် ကြီးမားသည့် ဘေးဒုက္ခ၏ အခြေအနေတစ်ခုကို မခုခံနိုင်ခဲ့ချေ။ ထို့ကြောင့် မိမိကိုယ်ကိုယ် သတ်သေရန်အတွက် ရွေးချယ်ခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

ရှစ်ချင်းချင်းအပြင် ရှစ်မိသားစု၏ တခြားသော သားသုံးယောက်တို့သည်လည်း မိမိကိုယ်ကိုယ် သတ်သေသွား ခဲ့၏။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် မီးလောင်ကျွမ်းသွားခဲ့၏။

ရှစ်မိသားစုတစ်ခုလုံးတွင် ရှစ်ကွမ်းယွမ်၏ အမေအိုကြီးနှင့် မယားငယ်တစ်ယောက်ဆီမှ မွေးဖွားသည့် အသက် ငါးနှစ်အရွယ်ရှိ သားငယ်လေး တစ်ယောက်သာလျှင် ကျန်ရှိခဲ့၏။ ကျန်သော ရှစ်မိသားစုအဖွဲ့ဝင် အားလုံးတို့သည် သေဆုံးသွားခဲ့ကြသည်။

All Chapters