အပိုင်း (၁၃၅)
Vol. 10 Ch. 135
ထိုသတင်းသည် ရွှမ်ဝူမြို့ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို စုတ်တသတ်တသတ် ဖြစ်စေခဲ့၏။ မူလအားဖြင့် သူတို့သည် ချမ်းသာမှုကို မုန်းတီးကြ၏။ သို့ပေမည့် လက်ရှိအခြေအနေတွင် ချမ်းသာသူများ ပိုးစိုးပက်စက် သေဆုံးသည်ကို မြင်ရချိန်မှာတော့ စာနာသနားသလို ဖြစ်မိနေကြသည်။ သေမင်းသည် အယုတ်၊ အလတ်၊ အမြတ် မရွေးပေ။
နုကျင်းစီရင်စု၏ အုပ်ချုပ်ရေးမှုး ကျန်ချုံးသည် အချိန်အတိုင်းအတာတိုအတွင်းတွင် အလျင်အမြန်နှင့် ရောက်ရှိလာခဲ့၏။ သူသည် ရှစ်မိသားစု၏ ဖြစ်စဉ်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခြင်းပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ခမည်းခမက်များပင် မဟုတ်ပါလား။
.........
သုံးနာရီခန့် ကြာမြင့်ပြီးနောက် ထိပ်တန်းအရာရှိကြီးနှစ်ယောက်တို့သည် ရွှမ်ဝူအိမ်တော်ဆီသို့ လာရောက်ကာ လည်ပတ်ကြ၏။
ထျန်းနန်စီရင်စု ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အတိုင်ပင်ခံ ရန်ဝူကျိ၊ နုကျင်းစီရင်စု၏ အုပ်ချုပ်ရေးမှူး ကျန်းချုံးတို့ပင် ဖြစ်၏။ အုပ်ချုပ်ရေးမှူး ကျန်ချုံး၏ အမူအရာသည် ဝမ်းနည်းပက်လက် ဖြစ်လို့နေ၏။ ရှစ်မိသားစု၏ ဆိုးရွားသည့် အဖြစ်ဆိုးသည် သူ့အပေါ် သက်ရောက်နေသည့် ပုံပင်။ သို့ပေမည့် အုပ်ချုပ်ရေးမှူး တစ်ယောက်အနေနှင့် သူသည် သူ၏ဝမ်းနည်းမှုကို လူသိရှင်ကြား ထုတ်ဖော်ပြသ၍ မဖြစ်ချေ။
“ရွှမ်ဝူ.... ဒီတစ်ကြိမ် ကျုပ်တို့ လာခဲ့တာက ခင်ဗျားနဲ့ မြို့စားကျင်းဟိုင်တို့ ကြားမှာရှိနေတဲ့ မြေပိုင်ဆိုင်မှု အငြင်းပွားမှုကို ကြားဝင်ဖြေရှင်းပေးချင်လို့ပဲ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလို့ရနိုင်တဲ့ အကြောင်းအရာ မရှိနိုင်တော့ဘူးလား။ ခင်ဗျားတို့က အင်အားသုံးပြီး ဖြေရှင်းမှ ဖြစ်တော့မှာလား”
“အင်း... နှစ်ယောက်သား တစ်ဖက် တစ်ခြမ်းစီ ခွဲဝေယူလိုက်တာ အကောင်းဆုံးဖြစ်မယ်နဲ့တူတယ်။ ခင်ဗျားတို့နဲ့ မြို့စားကျင်းဟိုင်တို့က နိုင်ငံရဲ့ နောက်ခံကျောရိုးတွေပဲလေ။ ဒီတော့ ဘုရင်မင်းမြတ်အတွက် အရှေ့ဘက် ပင်လယ်ကို စောင့်ကြပ်နေတဲ့ လူတွေလို့လည်း သတ်မှတ်လို့ရတယ်။ ငြိမ်းချမ်းရေးက အရမ်းကို တန်ဖိုး ကြီးမားတယ်”
ဤအရာသည် နိုင်ငံရေးရာပင် ဖြစ်၏။ ကျင်းချန်ကျွန်းတိုက်ပွဲသည် ကျန်ချုံးတစ်ယောက် ရွှမ်ဝူအိမ်တော်ကို ပိုင်းဖြတ်ရန်အတွက် အလွန်ထက်ရှသည့် လက်နက်တစ်ခု ဖြစ်လာခဲ့ပေလိမ့်မည်။ သို့ပေမည့် သူတို့သည် ကြားဝင် ညှိနှိုင်းဆွေးနွေးသလို ဟန်ဆောင်လျက် ရှိနေ၏။ ကျန်ချုံးသည် တကယ်ပင် ထိုကဲ့သို့ သရုပ်ဆောင်ရခြင်းကို နှစ်သက်သည်မဟုတ်ချေ။ သို့ပေမည့် သူ့၌ ရွေးချယ်စရာ မရှိချေ။ ထို့ကြောင့် လုပ်ငန်းစဉ်အတိုင်း ပြုလုပ်နေရ၏။
ရွှမ်ဝူသည် ထူးမခြားနားဆိုသလိုပင် ပြောဆိုလိုက်သည်။ “ဘုရင်မင်းမြတ်ရဲ့ သံတမန်တွေက ထျန်းနန်စီရင်စုရဲ့ အုပ်ချုပ်ရေးမှူးရုံးကိုတောင် ရောက်လာခဲ့တယ်ပေါ့။ ဟုတ်လား”
ပြောပြောပြီးခြင်းမှာပင် ကျန်ချုံးနှင့် ရန်ဝူကျိတို့သည် ပြောဆိုနေရာမှ ချက်ချင်းရပ်တန့်လိုက်၏။ အားလုံးသော သူတို့သည် မျက်နှာဖုံးတပ်ကာ သရုပ်ဆောင်လျက် ရှိနေ၏။ သို့ပေမည့် ရွှမ်ဝူသည် သရုပ်ဆောင်ခြင်းကို မနှစ်သက်ချေ။ ထို့အပြင် သရုပ်ဆောင်ခြင်းသည် အဓိပ္ပာယ်မရှိဟုလည်း သူက ခံစားနေမိ၏။
အားလုံးသော သူတို့သည် ယုတ္တိဗေဒကျကျသာ ပြုမူပြောဆိုမှ ဖြစ်ပေလိမ့်မည်။ တစ်စုံတစ်ယောက်က ပူးပေါင်း ပါဝင်ခြင်း မရှိသောကြောင့် အခြေအနေတစ်ခုလုံးသည် အိုးတို့အန်းတမ်း ဖြစ်ကုန်သည်။
“နှုတ်ဆက်ပါတယ်” ကျန်ချုံးနှင့် ရန်ဝူကျိတို့သည် နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့၏။
ဤတစ်ကြိမ်မှာတော့ နုကျင်းစီရင်စုနှင့် ထျန်းနန်စီရင်စုတို့သည် နောက်ဆုံးအကြိမ် ကြားဝင်ဆွေးနွေးမှုကို ကျရှုံးခဲ့သည်ဟု သဘောပိုက်လိုက်ကြ၏။ နောက်ဆုံးမှာတော့ ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးရန်အတွက် ခရာမှုတ်ချိန်က ရောက်ရှိလာပေသည်။
.........
ရှစ်မိသားစု
ကျေးကျွန်နှင့် အစေခံများ အားလုံးတို့သည် ထွက်ပြေးပြ၏။ ၎င်းတို့သည် ရှစ်မိသားစု၏ ပိုင်ဆိုင်မှုများကိုပင် ယူဆောင်သွားခဲ့ကြ၏။ သခင် သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့် ကျေးကျွန်၊ အစေခံများသည် ပိုင်ရှင်မဲ့သည့် ခွေးများကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။ ပထမဦးဆုံး သူတို့သည် တိတ်တဆိတ် ပစ္စည်းများကို ခိုးယူကာ ထွက်သွားကြ၏။ ပြီးနောက်မှာတော့ ပြောင်ပြောင်တင်းတင်း ဆိုသလိုပဲ ရှစ်ကွမ်းယွမ်၏ အမေအိုကြီးဆီမှပင် လုယူလျက်ရှိနေကြ၏။
နှစ်ရက်ဆိုသည့် အချိန်အတိုင်းအတာအတွင်း ရှစ်မိသားစုပိုင်ဆိုင်သည့် ပိုင်ဆိုင်သမျှအရာအားလုံးတို့သည် ကျေးကျွန်များ၏ လုယက်ခြင်းကို ခံခဲ့ရ၏။ မျက်စိကန်းလုမတတ် မှုန်ဝါးကာ အိုမင်းနေသည့် အမေအိုကြီးနှင့်၊ ငါးနှစ်ပင်မပြည့်သေးသော ကလေးတစ်ယောက်သာလျှင် ကျန်ရှိခဲ့လေ၏။ အလွန်အထီးကျန်ဆန်လွန်းလှ၏။ လောက၏ သံဝေဂရစရာတရားပါတကား။
...............
ရှစ်မိသားစု၏ အသုဘသည် တကယ့်ကို ကြီးကျယ်ခမ်းနား၏။ အဘယ့်ကြောင့်ဆိုသော် ကျန်းကျင်းကိုယ်တိုင် ဦးစီးဦးဆောင် ပြုလုပ်နေသောကြောင့်ပင်။ ကျန်ချုံးနှင့် လျှိုဝူယမ်တို့သည် ရှစ်မိသားစု အိမ်တော်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့၏။ နုကျင်းစီရင်စု၏ အရာရှိကြီးများလည်း ရောက်ရှိလာခဲ့ကြသည်။
ကျန်ချုံးသည် ရှစ်ကွမ်းယွမ်၏အမေအိုကြီးလက်ကို အသာကိုင်ဆွဲရင်း မျက်နှာထက်တွင် မျက်ရည်များ စီးကျလျက် ရှိနေ၏။ “ကွမ်းယွမ်နဲ့ ကျုပ်က ညီအစ်ကိုတွေပဲ။ သူ အခု သေသွားခဲ့ပြီဆိုတော့ ကျုပ် တကယ် ဝမ်းနည်းမိတယ်။ အမေကြီး ဘာမှစိတ်မပူနဲ့။ ကွမ်းယွမ်ရဲ့အမေက ကျုပ်ရဲ့အမေပဲ။ ရှစ်ချင်းချင်းက ကျုပ်တို့ ကျန်မိသားစုနဲ့ တရားဝင်လက်ထပ်ခဲ့ခြင်း မရှိဘူးဆိုပေမဲ့ ကျုပ်ရဲ့နှလုံးသားထဲမှာတော့ သူက ကျုပ်ရဲ့ ချွေးမပဲ။ သူ့ရဲ့ခန္ဓာကိုယ်က ရှစ်မိသားစုရဲ့ ဘိုးဘေးသင်္ချိုင်းထဲမှာ သင်္ဂြိုဟ်မြှုပ်နှံခြင်းကို ခံခဲ့ရတယ်ဆိုပေမဲ့ သူ့ရဲ့ အုတ်ဂူက ကျုပ်တို့ ကျန်မိသားစုရဲ့ ဘိုးဘေးသင်္ချိုင်းထဲမှာလည်း ရှိလိမ့်မယ်”
ပြီးနောက် ကျန်ချုံးသည် ရှစ်ကွမ်းယွမ်၏ အမေအိုကြီးရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ “ချုံးက မွေးစားအမေကို ဂါရဝပြုပါတယ်”
ချက်ချင်းပဲ လူပေါင်းများစွာတို့သည် စိတ်လှုပ်ရှား တုန်လှုပ်သွားခဲ့မိကြ၏။ အုပ်ချုပ်ရေးမှူးကြီးသည် သစ္စာတရား နှင့် ပြည့်ဝသော သူတစ်ယောက်ဖြစ်လေ၏။ ရှစ်ကွမ်းယွမ်၏ အငယ်ဆုံး သားကလေးသည် ငယ်ရွယ်လွန်းသောကြောင့် ထောက်ပံ့ရန် လိုအပ်လျက် ရှိနေ၏။
ကျန်းကျင်းသည် ရှေ့ဆီသို့ ရဲရဲဝံ့ဝံ့ လှမ်းတက်လာခဲ့ပြီးသည့်နောက် အခေါင်း၏ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်၏။ ဧည့်သည်များ ရောက်ရှိလာသည့် အချိန်ကတည်းက သူဒူးထောက်ကာ ဦးညွှတ်လျက်ရှိနေ၏။
အသုဘအိမ်သို့ ရောက်ရှိလာခဲ့သည့် ဧည့်သည်များသည် စာနာသနားစွာ ပြောဆိုလိုက်ကြသည်။
“သခင်လေးကျန်း... ကျုပ် တကယ့်ကို ဝမ်းနည်းမိပါတယ်”
.........
သုံးရက်ခန့် ကြာမြင့်ပြီးသည့်နောက် ရှစ်မိသားစု၏ အသုဘသည် တရားဝင် ကျင်းပခဲ့ပြီ ဖြစ်၏။ ကျန်းကျင်းသည် အသုဘဝတ်စုံကို ဝတ်ဆင်ထားတုန်းပင်။ တကယ့်ကို ဝမ်းနည်းဆွေးမြေ့စရာ မြင်ကွင်းကြီးပင် ဖြစ်၏။ အသုဘ အခမ်းအနားတွင် လူပေါင်း ၁၀၀၀ ကျော်ရှိနေ၏။
ရွှမ်ဝူမြို့၏ စစ်သည်များသည် လမ်းကြောင်းများကို ဖွင့်လှစ်ပေးထားကြ၏။ အခေါင်းသယ်ဆောင်သွားရာ လမ်းကြောင်းအား မပိတ်စေချင်၍ဖြစ်သည်။
ကျန်းကျင်းသည် လမ်းတစ်လျှောက်လုံးတွင် အော်ဟစ်ငိုယိုလျက် ရှိနေ၏။ “မိန်းမ.. ပြန်လာခဲ့ပါ။ ငါ့ရဲ့မိန်းမ ချင်းချင်း ပြန်လာခဲ့ပါ .. ငါ့ကို မထားခဲ့ပါနဲ့။”
သူ့ကို ကြည့်ရှုရသည်မှာ တကယ်ပင် ဝမ်းနည်းပက်လက် ဖြစ်လို့နေခဲ့ပြီး မျက်လုံးများကလည်း သွေးကဲ့သို့ပင် နီရဲနေ၏။ သူ၏အသံသည် ခြောက်ကပ်လျက် ရှိနေ၏။ လည်ချောင်းများပင်လျှင် ကွဲအက်လုမတတ်ပင်။ အားလုံးသော သူတို့သည် စာနာသနားစွာဖြင့် သူ့ကို ကြည့်ရှုနေ၏။ ၎င်း၏ငိုသံသည် သွေးမြေကျနေသကဲ့သို့ပင်။ အားလုံးသောသူတို့ကို ခံစားရစေသည်။
“သခင်လေးကျန်းက တကယ့်ကို သစ္စာရှိပြီးတော့ ချစ်ခြင်းမေတ္တာကို အလေးထားတဲ့ လူတစ်ယောက်ပဲ။ သူရဲကောင်းဆိုတာ ဒီလို ခံစားချက်ကို အလေးပေးသူမျိုးပဲ”
“သိပ်ဟုတ်တာပေါ့။ အကြင်နာတရားကင်းမဲ့ပြီး နှလုံးသားမရှိတဲ့လူတွေက ဘယ်လိုလုပ် သူရဲကောင်း ဖြစ်လာမှာလဲ။ ရှစ်ချင်းချင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သေခဲ့တယ်ဆိုပေမဲ့ သူက သေဆုံးပြီးတဲ့နောက်မှာ သခင်လေး ကျန်းကျင်းလို လူမျိုး၊ သစ္စာရှိတဲ့လူမျိုးနဲ့ စေ့စပ်ခဲ့ရတဲ့အတွက် စိတ်အေးချမ်းသာစွာနဲ့ ရှိနေမှာပဲ”
“ရှစ်ကွမ်းယွမ်ကတော့ ဆိုးဆိုးရွားရွား သေဆုံးခဲ့တယ်ဆိုပေမဲ့ သူ ဒီအရာနဲ့ပတ်သက်ပြီးတော့ ဂုဏ်ယူနေ သင့်တယ်။ အုပ်ချုပ်ရေးမှူးကျန်းရဲ့ မိသားစုက တကယ့်ကို ကြင်နာသနားတတ်တဲ့ လူတွေပဲလေ”
..................
ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့၏ အခေါင်းများအား သင်္ချိုင်းဆီသို့ ပို့ဆောင်ခဲ့ကြ၏။ ကျန်းကျင်းသည် သတိလစ်မေ့မြောသည့်အထိ ငိုယိုပြီး မြေပေါ်သို့ လဲကျသွားခဲ့၏။
ဟုတ်ပေ၏။ ရှစ်ကွမ်းယွမ် ခန္ဓာကိုယ်က ရှိသေး၏။ သို့ပေမည့် ရှစ်ချင်းချင်း၏ ခန္ဓာကိုယ်မှာတော့ ပြာပုံသာလျှင် ရှိသည်။
တခြားတစ်ဖက်က ပြောရမည်ဆိုလျှင် ရှစ်ကွမ်းယွမ်အမေမှာတော့ ထူးထူးခြားခြား ငိုယိုခြင်း မရှိချေ။ ဖြစ်နိုင်သည်မှာ သူမ၏ မျက်ရည်များသည် အစောကြီးကတည်းက ခန်းခြောက်သွားခဲ့ခြင်းပင် ဖြစ်လိမ့်မည်။ သူမသည် စကားလုံးနှစ်လုံးကိုသာ အထပ်ထပ်ရွတ်ဆိုလျက်ရှိနေ၏။
“ချမ်းသာမှု... ကြီးမားတဲ့ ချမ်းသာမှုက အနာဂတ်မျိုးဆက်တွေအတွက် ကြီးမားတဲ့ဘေးဒုက္ခပဲ။ ကြီးမားတဲ့ ချမ်းသာမှု၊ ကြီးမားတဲ့ ဘေးဒုက္ခ”
အသုဘပွဲပြီးသည့်နောက် ရှစ်မိသားစု၏မိခင်အိုကြီးသည် စေ့စပ်စာချုပ်ကို ထုတ်ယူကာဖြင့် ကျန်ချုံးဆီသို့ ကမ်းပေးလိုက်၏။ “အုပ်ချုပ်ရေးမှူး... ချင်းချင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ မြေးမလေးနဲ့ ရှင့်ရဲ့သားတို့က တရားဝင် လက်ထပ်ရသေးတာ မဟုတ်ဘူးလေ။ စေ့စပ်တာပဲ ရှိသေးတယ်။ ဒီတော့ အိမ်ပြန်ရောက်ပြီဆိုရင် ကျွန်မက ရှင်တို့ကို တင်တောင်းထားတဲ့ ပစ္စည်းတွေ အကုန်လုံး ပြန်ပေးပါ့မယ်”
ကျန်ချုံးသည် ထိုအရာကို လက်သင့်မခံချေ။ ကျန်းကျင်းသည် သတိပြန်ရလာသည်။ ထိုအရာကို ကြားသည့် အချိန်မှာတော့ အဘွားကြီးရှေ့ဆီသို့ လေးဘက်ထောက်သွားကာ ငိုယိုပြောဆိုလိုက်သည်။ “အဘွား... ဒီလို မရက်စက်ပါနဲ့။ ချင်းချင်းက ကျုပ်အတွက် တစ်ရက်တာ မိန်းမဖြစ်ခဲ့တယ်ဆိုရင်တောင်မှ တစ်ဘဝသာ မိန်းမပါပဲ။ ကျေးဇူးပြုပြီး စေ့စပ်ပွဲကို ဖျက်သိမ်းမယ်ဆိုတဲ့ အကြောင်း မပြောပါနဲ့။ ကျုပ်ဒီလိုကိစ္စမျိုးကို သည်းမခံနိုင်ပါဘူး”
ရှစ်မိသားစု၏ အမေအိုကြီးသည် လက်ထပ်ပွဲစာချုပ်ကို လူမြင်ကွင်းတွင် ဆွဲဖြဲချင်စိတ်ရှိ၏။ ထိုမှသာလျှင် ကျန်းကျင်းသည် လက်မထပ်ရသေးသော လူပျိုအဖြစ်ရှိနေမည် မဟုတ်ပါလား။
ကျန်းကျင်းသည် စေ့စပ်ပွဲ စာချုပ်ကို အသာဆွဲယူကာဖြင့် ရတနာတစ်ခုကဲ့သို့ပင် သူ၏ရင်ခွင်ထဲတွင် ထည့်ကာ ပိုက်ထား၏။ ပြီးနောက် ရှစ်ချင်းချင်း၏ အုတ်ဂူဆီသို့ ပြေးသွားပြန်၏။
“မိန်းမ...... မိန်းမ... အတူတူ ကန်တော့ကြမယ်”
ပြီးနောက် ကျန်းကျင်းသည် အားလုံး၏ရှေ့တွင် အော်ဟစ် လိုက်၏။ “အခုကစပြီး ချင်းချင်းက ကျုပ်ရဲ့ စေ့စပ်ထားတဲ့ မိန်းမ မဟုတ်တော့ဘူး။ ကျုပ်ရဲ့ တရားဝင်မိန်းမ ဖြစ်သွားပြီ”
အားလုံးသောသူတို့သည် တုန်လှုပ်သွားခဲ့မိကြ၏။ ဤကဲ့သို့ နက်နဲသည့် နှလုံးသားနှင့် ချစ်ခြင်းမေတ္တာဆိုသည်မှာ ရှားပါးလွန်းသည် မဟုတ်ပါလား။
...........
ညသို့ ရောက်ရှိလာခဲ့၏။ အသုဘပွဲကို တက်ရောက်ကြသည့် လူပေါင်းများစွာတို့သည် စောစောစီးစီးတည်းက ပျောက်ကွယ်သွားခဲ့ကြ၏။ ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့ကို မြုပ်နှံ့ထားရာ သင်္ချိုင်းထဲတွင် လူတစ်ယောက်မှ မရှိတော့ချေ။
လေတိုးသံသည် တဝူးဝူးနှင့် တိုက်ခတ်လျက်ရှိနေပြီး ည၏ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း တိတ်ဆိတ် ငြိမ်သက်နေ၏။
ညသန်းခေါင်သို့ ရောက်သည့်အချိန်မှာတော့ လူနှစ်ယောက်သည် ငြိမ်ငြိမ်သက်သက်ဆိုသလိုပဲ သင်္ချိုင်းမြေဆီသို့ ဝင်ရောက်လာခဲ့ကြ၏။ ၎င်းတို့သည် ရတနာများကို ခိုးယူရန်အတွက် အုတ်ဂူကို လာရောက်တူးဆွခြင်းပင် ဖြစ်၏။ သူတို့၏ အထင်အရဆိုလျှင် ရှစ်မိသားစုသည် ဤမြို့တွင် အချမ်းသာဆုံးလူများဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ အခေါင်းထဲတွင် တန်ဖိုးကြီးရတနာများ ထည့်ကာ မြှုပ်နှံထားပေလိမ့်မည်။
ဤတစ်ကြိမ်တွင် သူတို့သည် ကျိန်းသေပေါက် ကံကောင်းခြင်းတရားကို ပိုင်ဆိုင်တော့မည် ဖြစ်၏။ မောပန်း နွမ်းနယ်စွာဖြင့် အသက်ကို ပြင်းပြင်းရှူပြီးနောက် မြေတွင်းကို တူးဆွသည့် လူများသည် အခေါင်းကို ဖွင့်လှစ် လိုက်၏။ အဆုံးသတ်မှာတော့ မည်သည့်ရတနာမှ မရှိချေ။
“ကံဆိုးလိုက်တာ။ ရှစ်မိသားစုက ဒီလောက်ဆင်းရဲလိမ့်မယ်လို့ ငါမထင်ဘူး” သင်္ချိုင်းတူးသူများသည် ဒေါသတကြီးဖြင့် သူတို့၏ ပေါက်တူးများကို ပြန်လည် သိမ်းဆည်းလိုက်၏။ ပြီးနောက် ထိုနှစ်ယောက်တို့သည် စိတ်ဓာတ်တကျဖြင့် ထွက်ခွာသွားခဲ့၏။ ဤနေရာတွင် ရှုပ်ထွေးလျက်ရှိနေသည့် မြေများနှင့် တွင်းကြီး နှစ်ခုသာလျှင် ကျန်ရှိတော့၏။ အလောင်းသည် တူးထုတ်ထားခြင်းကိုခံထားရသည်။
ဘာမှန်းမသိသည့် အချိန်ကာလတစ်ခုမှာတော့ ....
လှပလွန်းသော အမျိုးသမီးတစ်ယောက်သည် သင်္ချိုင်းဆီသို့ ရောက်ရှိလာခဲ့၏။ သူမသည် နှင်းကဲ့သို့ ဖြူစွတ်လွန်းသော အဖြူရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထား၏။ သူမသည် ပိုမိုကာ လှပလာပုံပင် ပေါ်၏။ သင်္ချိုင်းတူးသူ နှစ်ယောက်တို့သာ ရှိနေသည်ဆိုပါက ကျိန်းသေပေါက် သရဲတစ္ဆေကို တွေ့သလို ထကာ အော်ဟစ်မှာ သေချာ၏။
သူမ၏ မျက်ရည်များသည် ခန်းခြောက်နှင့်ပြီ ဖြစ်လေ၏။ အချိန်အတော်ကြာ တွေဝေငေးငိုင်ပြီးသည့်နောက် သူမသည် ရှစ်ကွမ်းယွမ် ခန္ဓာကိုယ်ကို အခေါင်းထဲသို့ ဖြည်းဖြည်းချင်း ပြန်လည်ကာ ထည့်၏။ ပြီးနောက် မြေဆီများကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရှစ်ကွမ်းယွမ်ကို ပြန်လည်ကာ မြှုပ်နှံခဲ့၏။ တခြားသော အခေါင်းနှင့် သင်္ချိုင်းကိုတော့ သူမသည် လှည့်ကိုမကြည့်ခဲ့ချေ။
ရှစ်ကွမ်းယွမ်ကို မြှုပ်နှံခဲ့ပြီးသည့်နောက် သူမသည် မြေပေါ်တွင် ဒူးထောက်ထိုင်ချပြီးသည့်နောက် အေးစက်စက် ပြောဆိုလိုက်၏။ “အဖေ... ကျွန်မ လက်စားချေပေးမယ်။ လက်စားချေဖို့အတွက်ဆိုရင် ကျွန်မ ဘာမဆိုကို ပေးဆပ်မယ်”
.............
ရှမ့်လန်နှင့် မူလန်တို့သည် အိမ်ဆီသို့ ပြန်လာခဲ့ကြ၏။ မူလန်သည် အချိန်အတော်ကြာအတွင်း ပထမဦးဆုံး နှစ်ယောက်တည်း အတူရှိရသည့်အတွက် တကယ်ပင် ချိုသာ၍ ကြည်နူးဖွယ်ရာကောင်းသည့် ခရီးစဉ်တစ်ခုအဖြစ် ခံစားနေမိသည်။
သူတို့သည် တစ်ယောက်နှင့် တစ်ယောက် ချစ်လျက်ရှိနေသည်ဟုလည်း သူမက ခံစားမိ၏။ ရှမ့်လန်၏ ရဲတင်းလွန်းသည့် အပြုအမူ၊ ပြောဆိုမှုများအောက်တွင် သူတို့၏ နှစ်ယောက်ကြားတွင် ရှိနေသည့် ဆက်ဆံရေးသည် ပိုမိုကာ တိုးတက်လာခဲ့၏။
အမျိုးသမီးများသည် လူဆိုးများကို ချစ်ခင်နှစ်သက်သည် ဆိုခြင်းမှာ အမှန်ပင် ဖြစ်နေလေသည်လား။
လက်ရှိတည်နေရာမှာတော့ .... လရောင်သည် လင်းလက် တောက်ပလျက်ရှိနေပြီး ကောင်းကင်ယံထက်တွင် ကြယ်များနှင့် ပြည့်နှက်နေ၏။ ကောင်းကင်ယံတစ်ခုလုံးသည် တကယ်ပင် လှပလျက် ရှိနေပြီး ပတ်ဝန်းကျင်တွင် ရေကန်ကြီးတစ်ခု တည်ရှိနေကာ ကျေးငှက်များ၏ တေးသီသံများ ထွက်ပေါ်လျက်ရှိနေ၏။ ရံဖန်ရံခါ ဆိုသလို ငါးများသည် ရေထဲမှ ခုန်ထွက်လျက်ရှိနေပြီး တကယ်ကို ကြည့်ကောင်းလွန်းလှ၏။
ရှမ့်လန်သည် မူလန်၏ပေါင်ပေါ်တွင် အသာလှဲလျောင်းလျက်ရှိနေပြီး သူမ၏ ကိုယ်သင်းနံ့လေးကို ရှူရှိုက်နေ၏။ သူသည် လပေါ်သို့ ပြန်တက်သွားခဲ့သော ချန်ဂီ၏ ဇာတ်လမ်းကို ပြောပြနေသည်။
အထူးသဖြင့် မူလန်ကိုယ်သင်းနံ့လေးသည် အလွန်မွှေးပျံ့သည့်အရာ မဟုတ်သော်လည်း ဆွဲဆောင်မှုကတော့ အလွန်ရှိလွန်း၏။ နှစ်နှစ်ခြိုက်ခြိုက် ထွေးပွေ့ထားချင်စရာ ရနံ့မျိုးပင်။
ချန်ဂီ၏ ပုံပြင်ကို ပြောပြပြီးသည့်နောက် ရှမ့်လန်က ရုတ်တရက် မေးမြန်းလိုက်၏။ “မိန်းမ... လပေါ်မှာ သက်ရှိ လူနှစ်ယောက်တည်းပဲ ရှိတယ်။ ဝူကန်းနဲ့ ချန်ဂီတဲ့။ ဝူကန်းက ချန်လီကို အရမ်းချစ်တယ်ဆိုပေမဲ့ ဘာကြောင့် ချန်ဂီ နဲ့ ပူးပေါင်းဖို့ မကြိုးစားခဲ့တာလဲ”
မူလန်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ဝူကန်းက ချန်လီကို နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တယ်။ ဒါပေမဲ့ သူက အလှပဲကြည့်ချင်တာ။”
ရှမ့်လန်က ပြောလိုက်၏။ “မဟုတ်ဘူး။ သူ့နာမည်က ဝူကန်းမလို့ပဲ”
မူလန်သည် မည်သည့်စကားမှ မဆိုချေ။ သူသည် ဤကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာမည်ကို ကောင်းကောင်း သိရှိ၏။
ရှမ့်လန်က ထပ်မံကာ မေးမြန်းလိုက်သည်။ “မိန်းမ... မင်း ဘာလို့ ချန်ဂီက ယုန်လေးတစ်ကောင်နဲ့အတူ နေရတာလဲ သိလား”
ရှမ့်လန်တစ်ယောက် ညစ်ပတ်သည့် ညစ်ညမ်းဟာသများကို ပြောဆိုတော့မည်ဖြစ်ကြောင်း မူလန်က သိရှိ၏။ သို့ပေမည့် သူမသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။ “ဘာကြောင့်လဲ”
ရှမ့်လန်က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ချန်ဂီက နေ့စဉ်နေတိုင်း မုန်လာဥနီကို အသုံးပြုတယ်လေ။ အသုံးပြုပြီးရင် စားဖို့အတွက် ယုန်လေးကို ပေးလို့ရတာပေါ့။ မဟုတ်ရင် ဖြုန်းတီးသလိုဖြစ်နေမယ် မဟုတ်လား။ အစားအသောက်ကို မဖြုန်းတီးသင့်ဘူးလေ”
ရုတ်တရက် မူလန်၏ နှလုံးသားထဲတွင် ရှိနေသည့် စိတ်ကူးယဉ်ဆန်သော အချစ်၏အချိန်ကာလများသည် အလုံးစုံ ပျက်စီးသွားခဲ့၏။ သူမသည် ရှမ့်လန်၏ နားရွက်ကို ဆွဲလိမ်ကာ ပြောလိုက်၏။ “ယောက်ျား... ရှင့်ခေါင်းထဲမှာ တစ်နေ့တစ်နေ့ ဒီလိုအရာမျိုးတွေပဲ အမြဲတွေးနေတာလား”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ဟုတ်တယ်။ ငါ အခု ဘယ်နေရာမှာ လှဲနေတယ်ဆိုတာ မင်းမမြင်ဘူးလား”
ထိုအချိန်မှာတော့ မူလန်က နားလည်သွားမိ၏။ သူမသည် ရှမ့်လန်၏ ဦးခေါင်းကို ဘေးတစ်ဖက်ဆီသို့ တွန်းဖယ်လိုက်၏။
ရှမ့်လန်သည် တကယ်ကို နှမြောတသ ဖြစ်သွားမိ၏။ သူ၏ ပါးစပ်သည် ပေါက်ကရများကို လျှောက်ကာ ပြောဆိုခဲ့သောကြောင့် လက်ရှိ အသားယူနေရသည့် အခြေအနေဆီမှ ကင်းလွတ်သွားခဲ့ပြီ ဖြစ်သည်။
သို့ပေမည့် မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ရှမ့်လန်သည် မူလန်၏ ပေါင်ပေါ်သို့ နောက်တစ်ကြိမ် ရောက်ရှိသွားခဲ့ပြန်၏။ သူတို့၏ နှစ်ယောက်သည် ဤတစ်ကြိမ်မှာတော့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ ရှမ့်လန်သည် ညစ်ညမ်းဟာသများကို ထပ်မံကာ မပြောချင်သောကြောင့် မဟုတ်ချေ။ လေထုထဲတွင် ရှိနေသည့် ရနံ့များသည် ပိုမိုကာ မွှေးကြိုင်လာသောကြောင့်ပင်။ သူသည် ထိုအရာကို အာရုံစိုက်လျက်ရှိနေ၏။
မူလန်မှာတော့ ရှမ့်လန်၏ ပါးများကို အသာပွတ်သပ်ကာဖြင့် လည်ကုပ်ကို နှိပ်ပေးနေ၏။ သူမ၏ လှုပ်ရှားမှုသည် တကယ်ကို ညင်သာ၏။ အားလည်း မပါချေ။
“မိန်းမ... ကြယ်ကြွေဓားကွက်က တကယ့်ကို အံ့အားသင့်စရာပဲ” ရှမ့်လန်က ရုတ်တရက်ပြောဆိုလိုက်၏။
သူမ၏ ယောက်ျားသည် နောက်ဆုံး အလုပ်အကြောင်းကို ပြောဆိုတော့မည်ဖြစ်ကြောင်း သိရှိချိန်မှာတော့ မူလန်သည် စိတ်သက်သာရာရသလို သက်ပြင်းကို ချလိုက်မိ၏။ သို့ပေမည့် သူမ၏ စိတ်ထဲမှာတော့ အနည်းငယ် နှမြောသလိုလည်း ခံစားနေမိ၏။ သူမယောက်ျား၏ စနောက်ခြင်းကို ခံရသည့် ခံစားချက်သည် နှလုံးသားအား တဝုန်းဝုန်းနှင့် လှုပ်ခါစေခဲ့၏။ သူမသည် မျက်နှာတစ်ခုလုံး နီမြန်းသည်အထိ ရှက်ရွံ့လျက် ရှိနေသည် ဆိုလျှင်တောင် အလွန်လည်း စိတ်လှုပ်ရှားမိသည်။
ရှမ့်လန်က ပြောလိုက်၏။ “အခုအချိန်မှာ ဒီဓားကွက်ကို ဘယ်သူမှ မယှဉ်ပြိုင်နိုင်ကြဘူး။ လူငယ်လူရွယ် ကျွမ်းကျင်သူပေါင်း များစွာက ထန်ယင်ကို စိန်ခေါ်ခဲ့ကြတယ်။ ဒါပေမဲ့ အားလုံးက ခြွင်းချက်မရှိ ရှုံးနိမ့်ခဲ့ကြတယ်။ အားလုံးသောသူတွေက ချက်ချင်း ရှုံးနိမ့်သွားခဲ့တာပေါ့။ ဒီဓားနည်းစနစ်ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ နိယာမက ဘာလဲသိလား”
မူလန်က ပြောလိုက်၏။ “ကျေးဇူးပြုပြီး လမ်းညွှန်ပြသပါအုံး ဆရာကြီး”
မြောက်ဘက်ဆီသို့ သွားရောက်လမ်းတစ်လျှောက်တွင် မူလန်ကို စနောက်ခြင်းထက်စာလျှင် ရှမ့်လန်သည် အချိန်ရှိသရွေ့ ကြယ်ကြွေဓားနည်းစနစ်ကို လေ့လာခဲ့၏။ ကြယ်ကြွေဓားကွက်နှင့် သက်ဆိုင်သော စာမျက်နှာတစ်ရာကျော်အား သူ၏ ဦးနှောက်ထဲတွင် သိမ်းဆည်းထားခဲ့ပြီ ဖြစ်၏။ ထိုအရာကို လေ့လာပြီးသည့်နောက် ရှမ့်လန်သည် အံ့အားသင့်စွာပင် အရာအားလုံးကို နားလည်ခဲ့သည်။