← Chapters

အပိုင်း (၁၃၆)

Vol. 10 Ch. 136

အပိုင်း (၁၃၆)

Vol. 10 Ch. 136

ဓားနည်းစနစ်ကို ဖန်တီးခဲ့သည့် လူသည် တကယ်ကို အံ့အားသင့်စရာကောင်း၏။ ပြီးနောက် ရှမ့်လန်က စတင်ကာ ရှင်းပြလိုက်၏။ “ဒီဓားနည်းစနစ်ကို ကျင့်ကြံတဲ့ လူတွေက နေ့စဉ်နေတိုင်း ဆိုသလို ထူးခြားတဲ့ သတ္တုမှုန့်တစ်မျိုးကို စားရတယ်။ ဒီသတ္တုက ကြယ်ကြွေဓား နည်းစနစ်ကနေ ရရှိခဲ့တာပဲ။ ဒီနည်းလမ်းနဲ့ သူ့ရဲ့သွေး၊ ခန္ဓာကိုယ်တွေအကုန်လုံးက ထူးခြားတဲ့ သတ္တုအမျိုးအစားတစ်ခုအဖြစ် ဖြစ်လာခဲ့တယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက သံလိုက်စက်ကွင်းတစ်ခုလို ဖြစ်လာတာပေါ့။ သူ့ရဲ့ အတွင်းအားနဲ့ အသက်စွမ်းအင်တွေကို ထုတ်လွှင့်လိုက်ရင် တိုက်ခိုက်ရေးနေရာက သံလိုက် စက်ကွင်းကြီးတစ်ခုလို ဖြစ်လာခဲ့တယ်”

မူလန်က တုန်လှုပ်သွားခဲ့၏။ ကျင်းကျုး ဘိုးဘေးကြီးသည် ဤဓားနည်းစနစ်ကို ကျင့်ကြံခြင်းမှာ ကောင်းမွန်သည့်အရာ မဟုတ်ဘဲ မျိုးမပွားနိုင်သည့်အန္တရာယ်ရှိသည်ဟု ပြောဆိုခဲ့ခြင်းသည် ဟာသတစ်ခု မဟုတ်ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ သူ့ရဲ့ခန္ဓာကိုယ်... ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ထူးခြားတဲ့ သတ္တုတွေက အကန့်အသတ်ထက် ကျော်လွန်သွားရင် အတွင်းအားဆီက သံလိုက်အားကလည်း လျော့ကျသွား လိမ့်မယ်”

မူလန်က ပြောလိုက်၏။ “သံလိုက်အားက လျော့ကျသွားတယ်ဆိုရင် ဘယ်လိုလုပ် ပြိုင်ဘက်ကင်း ဖြစ်လာမှာလဲ”

ရှမ့်လန်က မေးလိုက်သည်။ “မိန်းမ... မင်း မုန်တိုင်းကို သိလား”

မူလန်က ဖြေလိုက်၏။ “သိတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း ... လေတွေပဲရှိနေတာ။ လေရဲ့အားအင်က အရမ်းကို အားနည်းတဲ့ပုံပေါ်တယ်။ ဒါပေမဲ့ အဲဒီ လေက မြန်မြန်ဆန်ဆန် လည်ပတ်လာမယ်ဆိုရင် ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခု ဖြစ်လာတာပဲ”

မူလန်က ပြောလိုက်၏။ “ဒါဆိုရင် ကျွန်မ နည်းနည်းနားလည်သလိုတော့ ဖြစ်လာပြီ”

ရှမ့်လန်က ပြောလိုက်သည်။ “ထန်ယင်အသုံးပြုတဲ့ ဓားက ကြယ်ကြွေဓားနည်းစနစ်နဲ့ ဖန်တီးသွန်းလုပ်ထားတဲ့ အရာပဲ။ စဉ်းစားရမယ်ဆိုရင် ဒီဓားက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ထူးခြားတဲ့ သတ္တုဓာတ်နဲ့ ချိတ်ဆက်ထားတဲ့အရာဖြစ်လိမ့်မယ်။။ ကြယ်ကြွေဓားနည်းစနစ်ကို သုံးလိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ခန္ဓာကိုယ်နား တစ်ဝိုက်မှာ သံလိုက်မုန်တိုင်းကြီးတစ်ခုက ပြောင်းပြန်မွှေပြီး လည်နေလိမ့်မယ်”

မူလန်သည် အနည်းငယ် နားလည်သလို ဖြစ်လာခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီမုန်တိုင်းက အရမ်းကို အားကောင်းတယ်။ ဘာလို့လဲဆိုတော့ သူ့ဆီမှာ တကယ့်ကို ကြီးမားတဲ့ ဗဟိုချက် အားအင်တစ်ခု ရှိနေလို့ပဲ။ ကြယ်ကြွေဓားနည်းစနစ်က ဒီဗဟိုချက်ကို ထောက်ပံ့ပေးတဲ့ အရာ တစ်ခုပဲ။ ဒီထဲကို တိုးဝင်လာတဲ့ လူရဲ့အားအင်က ပိုပြီး အားကောင်းလေ အပြင်ဘက်ကို ပြန်ပြီး ကန်ထွက် သွားနိုင်တဲ့ အားအင်က ပိုပြီး ကြီးမားလေပဲ။ ဒီအတွက် ဖြေရှင်းနည်းမရှိဘူး”

ပြီးနောက် ရှမ့်လန်သည် ဦးထုတ်ကို ထုတ်ယူပြီးသည့်နောက် လက်နှင့် ချာချာလည်အောင် လှည့်ပြလိုက်၏။ ထိုအရာပေါ်သို့ ကျောက်တုံးတစ်ခုကို ပစ်တင်လိုက်သည့်အချိန်မှာတော့ ကျောက်တုံးသည် အပြင်ဘက်သို့ လွင့်စင်သွားခဲ့၏။ ဤစမ်းသပ်မှုသည် ရိုးရှင်းလွန်း၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် နားလည်နိုင်သည့် အရာပင် ဖြစ်၏။

ရှမ့်လန်သည် ဆက်လက်ကာ ရှင်းပြလိုက်သည်။ “သိုင်းသမားတွေက အတွင်းအားတစ်ခုကိုပဲ နားလည်ကြတယ်လေ။ ဒီတော့... ဒီလို... သံလိုက်ဓာတ်ဆိုတဲ့ အရာတွေကို သတိပြုမိမှာ မဟုတ်ဘူး။ ကြမ်းတမ်းတဲ့ အားအင်ကို အသုံးပြုပြီးတော့ ဒီအရာကို ဘယ်လိုချိုးဖြတ်ရမလဲဆိုတာကိုပဲ စဉ်းစားခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ မသိတာက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အားအင်တွေက ပိုပြီး အားကောင်းလေ ဒီသံလိုက်စက်ကွင်းရဲ့ တွန်းကန်နိုင်မှုအားက ပိုပြီး အားကောင်းလေပဲ။ ဒါကြောင့်လည်း လူငယ်လူရွယ်တွေ အကုန်လုံးက ထန်ယင်ကို ရှုံးနိမ့်ကြတာပဲ။ ထန်ယင်ထက် ပိုပြီးတော့ အတွင်းအားကောင်းတဲ့ လူတွေကိုတောင်မှ ထန်ယင်က တစ်ခါတည်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်”

မူလန်က ပြောလိုက်၏။ “ဒီဓားနည်းစနစ်က တကယ့်ကို မယုံကြည်နိုင်လောက်အောင် အားကောင်းတာပဲ။ ယောက်ျား... ဒီအရာကို ချိုးဖြတ်ဖို့အတွက် နည်းလမ်းရှိလား”

ရှမ့်လန်က ပြောလိုက်သည်။ “သိပ်ရှိတာပေါ့”

မူလန်က ပြောလိုက်၏။ “ကျင်းချန်ကျွန်းတိုက်ပွဲက စတော့မယ်။ ထန်ယင်နဲ့ ကျွန်မရဲ့တိုက်ပွဲက မကြာခင် စတော့မှာပဲ။ အခုအချိန်မှ လေ့ကျင့်မယ်ဆိုရင် နောက်ကျနေပြီ မဟုတ်လား”

မူလန်၏ စိုးရိမ်ပူပန်မှုသည် ကျိုးကြောင်းဆီလျော်လွန်း၏။ တခြားသော ဆန်းကြယ်လွန်းလှသည့် သို့မဟုတ် အားကောင်းလှသည့် ဓားနည်းစနစ်များသည် သင်ယူလေ့လာရန်အတွက် အချိန်အတော်ကြာမြင့်သည် မဟုတ်ပါလား။

ထန်ယင်သည် ကြယ်ကြွေဓားကွက်ကို ဆယ့်နှစ်နှစ်တိုင်တိုင် လေ့ကျင့်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ မူလန်၏ အချိန်သည် တကယ်ကို နည်းပါးနေ၏။

သို့ပေမည့် ရှမ့်လန်က ပြောလိုက်သည်။ “နောက်မကျသေးပါဘူး။ တိုက်ပွဲက မနက်ဖြန် စမယ်ဆိုရင်တောင်မှ နောက်မကျသေးဘူး”

မူလန်က အံ့အားသင့်သွား၏။ “ထန်ယင်က ဒီဓားတစ်ကွက်ကို ဆယ့်နှစ်နှစ်ကျော်သာ လေ့ကျင့်ခဲ့တာလေ။ ဘယ်လိုဖြစ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ချိုးဖြတ်လို့ရနိုင်မှာလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... တည်ဆောက်ဖို့ဆိုတာ ခက်ခဲတယ်။ ဒါပေမဲ့ ဖျက်ဆီးဖို့ဆိုတာကတော့ အရမ်းလွယ်တယ်။ ဓားနည်းစနစ်က ပြိုင်ဘက်ကင်းလေ ပြစ်ချက်တွေအများကြီးကို ပိုမိုပြီး ရှာဖွေတွေ့ရှိနိုင်လေပဲ”

မူလန်က ပြောလိုက်၏။ “ယောက်ျား... ကျွန်မကို သင်ပေးပါအုံး”

ရှမ့်လန်သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ အင်း... အရင်ဆုံး မင်းလျှာရဲ့ အရသာကို ငါ စမ်းကြည့်ရအုံးမယ်”

မူလန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ ပြီးနောက်... သူမ၏ချစ်စဖွယ်ကောင်းသည့် နှာခေါင်းလေးကို ရှုံ့လိုက်လေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “နောက်တာပါ။ မင်းကို ဝမ်းနည်းသွားအောင် ဘယ်လိုလုပ် လုပ်ရက်မှာလဲ”

ပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “ဒီမုန်တိုင်းက အရမ်းကို အားကောင်းတယ်။ ဒါပေမဲ့ မုန်တိုင်းရဲ့ ဗဟိုချက်နေရာက အလုံခြုံဆုံးနေရာပဲ။ ကြယ်ကြွေဓားကွက်ကလည်း ဒီလိုပဲ။ သူ့ဆီမှာလည်း မုန်တိုင်းကြီးလိုပဲ ဗဟိုချက်ဆိုတဲ့ နေရာတစ်ခုရှိတယ်။ ဒီဗဟိုချက်ကို ရှာဖွေနိုင်ပြီဆိုတာနဲ့ ချက်ချင်းချိုးဖြတ်လို့ရတယ်။ အင်း... ဗဟိုချက်နေရာက အမြဲတမ်းတော့ ပြောင်းနေတာပေါ့။ ဒါက... ကောက်ရိုးပုံထဲမှာ အပ်ရှာသလိုပဲ ခက်ခဲတယ်။ အချိန်အတိုင်းအတာအတွင်း ရှာနိုင်မှာ မဟုတ်ဘူး”

မူလန်က ပြောလိုက်သည်။ “ကြယ်ကြွေဓားရဲ့ လျှို့ဝှက်နည်းစနစ်က... ယင်နဲ့ယန် ခွဲခြားထားတယ်လို့ဆိုတယ်။ ယင်ဘက်ခြမ်းက ဆိုရင် ကြယ်ကြွေဓားနည်းစနစ်ဖြစ်ပြီး ယန်ဘက်ခြမ်းကတော့ ဒါကို ချိုးဖြတ်ဖို့အရာပေါ့။ ဒီတော့... ကျွန်မတို့ ဒီမုန်တိုင်းရဲ့ ဗဟိုချက်ကို ဘယ်လိုရှာဖွေရမလဲ”

ရှမ့်လန်သည် ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ယင်ဘက်ခြမ်းရဲ့ သိုင်းကျမ်းက စာမျက်နှာ ၂၃၀ ရှိပြီးတော့ ယန်ဘက်ခြမ်းရဲ့ စာမျက်နှာကတော့ သုံးရွက်ပဲ ရှိတယ်။ ငါ မင်းကို နောက်ကျရင် သင်ပေးမယ်။ လေးနာရီအတွင်း မင်းကို ငါ သင်ပေးနိုင်မယ်လို့ ကတိပေးတယ်။ ဟုတ်တယ်။ ပိုပြီး အရေးကြီးမားတဲ့ အရာတစ်ခု ရှိသေးတယ်။ ထန်ယင်နဲ့ တိုက်ခိုက်တဲ့အချိန်ကျရင် သစ်သားဓားကို အသုံးပြုရမယ်။ တခြားသတ္တုဓားတွေကို အသုံးပြုလို့ မဖြစ်ဘူး”

ထန်ယင်၏ ကြယ်ကြွေဓားကွက်သည် အားကောင်းလွန်းသည့် တွန်းကန်အားကို ပိုင်ဆိုင်ထားရုံသာမကဘဲ စုပ်ယူနိုင်စွမ်းလည်း ရှိ၏။ ထို့ကြောင့် သတ္တုဓားများသည် လွယ်လွယ်ကူကူနှင့် ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

မူလန်က ပြောလိုက်၏။ “လက်ရှိ ဓားပညာရှင် လီချင်းချိုးက သူ့ရဲ့မိန်းမကို သတ်ပစ်ခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ။ ဒီနည်းလမ်းကို လွယ်လွယ်ကူကူ ချိုးဖြတ်နိုင်မဲ့ အရာပေါ်ပေါက်သွားပြီဆိုရင် တောင်ပင်လယ်ဓားကျွန်းကြီးတစ်ခုလုံး ပြိုလဲသွားနိုင်တယ်”

ထာဝရပြိုင်ဘက်ကင်းဆိုသည့် အရာကို ထိန်းသိမ်းထားနိုင်ရန်အတွက် လီချင်းချိုးသည် သူ၏မိန်းမကိုပင် သတ်ဖြတ်ခဲ့သည်။

ရှမ့်လန်သည် ရုတ်တရက် ထကာ ပြောဆိုလိုက်၏။ “ဒီအရာကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်း ရှိတယ်ဆိုပေမဲ့ ငါ မပျော်ရွှင်ဘူး”

မူလန်က မေးလိုက်သည်။ “ဘာကြောင့်လဲ”

ရှမ့်လန်က ပြောလိုက်၏။ “ငါဘာလို့ ကောင်းကင်ပင်လယ်နန်းဆောင်ကို သွားပြီး သိုင်းကျမ်းကို အဖြေရှာခဲ့တာလဲ။ ငါ့အတွက်လည်း အသုံးမဝင်ဘူးလေ”

ရှမ့်လန်၏ စကားများမှာ အမှန်ပင်ဖြစ်၏။ သို့ပေမည့် ထို့ထက်ပိုမိုကာ အမှန်တိုင်းပြောရမည်ဆိုလျှင် ဟန်ထုတ်နေခြင်းပင် ဖြစ်၏။ ဟန်ထုတ်ခြင်းဆိုင်ရာနှင့် ပတ်သက်လျှင် သူသည် တစ်ရာတွင် ကိုးဆယ့်ကိုးမှတ်လောက် ရမည့်လူပင်။ မိန်းမအတွက် ဤမျှကြိုးစားခဲ့ခြင်းဖြစ်ကြောင်း တစ်ဖက်လှည့်ဖြင့် ပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့ပေမည့် မူလန်က ပြောလိုက်၏။ “ယောက်ျားက အတော်ဆုံးပဲလေ။ လောကကြီးမှာ အံ့အားသင့်စရာ အကောင်းဆုံးလူလည်း ဖြစ်တယ်။ လျှို့ဝှက်သိုင်းကျမ်းဆီက ရှင်တစ်ခုခု ရှာဖွေမတွေ့ရှိနိုင်ဘူးဆိုရင်တောင်မှ ကိစ္စမရှိဘူး။ ကျွန်မတို့ နှစ်ရက်၊ သုံးရက်လောက် အတူတူ အချိန်ဖြုန်းနိုင်ခဲ့တယ်။ ဒါက ပျော်စရာပဲ မဟုတ်လား”

ပြီးသည့်နောက် မူလန်၏ လျှာလေးသည် ရုတ်တရက် ထွက်ပေါ်လာပြီး ရှမ့်လန်၏ နှုတ်ခမ်းဆီသို့ ရောက်ရှိ သွားခဲ့သည်။ “ကောင်းပြီ။ ကျွန်မကို သင်ပေးတော့ ယောက်ျား” .

................

ရှမ့်လန်နှင့် မူလန်တို့သည် အိမ်ဆီသို့ ပြန်လာခဲ့၏။ သူတို့သည် ကြယ်ကြွေဓားကွက်ကို မည်သို့ ချိုးဖြတ်ရမည် ဆိုသည့် နည်းလမ်းကို သယ်ယူပြီးခဲ့ပြီးဖြစ်၏။ မူလန်၏ ပျော်ရွှင်စရာကောင်းသည့် အချစ်ခရီးစဉ်သည် အချိန်အတိုင်းအတာအတွင်း ပြီးဆုံးသွားခဲ့လေ၏။ ရက်အနည်းငယ်အတွင်းသည် ပျော်ရွှင်စရာ ကောင်းသည့် အရာမျိုးဖြစ်ခဲ့၏။ သူမသည် တစ်နေ့လျှင် ရေသုံးခါ ချိုးရသည်မှလွဲလျှင် အရာအားလုံးသည် ကောင်းမွန်လွန်း၏။ အရာအားလုံးသည် ပျော်ရွှင်စရာပင်။

ရေမချိုး၍လည်း မဖြစ်ချေ။ သူမ၏ယောက်ျားသည် သူမကို မထိချင်သလို ဟန်ပန်အမူအရာမျိုးဖြင့် ပြုလုပ် နေသည် မဟုတ်ပါလား။ ခြောက်နာရီကျော်၍ ရေတစ်ခါ မချိုးသည်ဆိုပါက ထိတွေ့ကိုင်တွယ်ချင်စိတ် ရှိသည့်ပုံစံမျိုး မပေါ်တော့ချေ။

သို့ပေမည့် ရှမ့်လန်သည် မူလန်၏ ခန္ဓာကိုယ်၏ အရေးကြီးသည့် နေရာမျိုးသို့ လက်ရောက်လာသည် ဆိုပါက ချက်ချင်းပဲ မူလန်က လက်ကို ရိုက်ဖယ်တတ်၏။ သို့ပေမည့် မည်သည့်လက်မှ မလာသည် ဆိုလျှင်လည်း သူမသည် စိတ်စနိုးစနောက်အဖြစ် ခံစားရ၏။ မိန်းကလေးများ၏ အတွေးသည် တကယ်ကို ရှုပ်ထွေးလွန်းလှချေ၏။

အိမ်ဆီသို့ ပြန်ရောက်ပြီးသည့်နောက် ရှမ့်လန်သည် ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့၏ သေဆုံးခြင်းအကြောင်းကို သိရှိခဲ့သည်။

“ကျန်ချုံးက ငါ့ကို တကယ်ပဲ စိတ်မပျက်စေခဲ့ဘူးပဲ” ရှမ့်လန်က ပြောလိုက်၏။ ရက်ရက်စက်စက် ပြုမူခဲ့သည်ဆိုသော်လည်း ကျန်းချုံးသည် သရုပ်ဆောင် ပိုင်နိုင်လွန်းလှ၏။

မူလန်က ပြောလိုက်သည်။ “ကျန်ချုံးက တကယ်ကို ကျားတစ်ကောင်လိုပဲ။ ကိုယ့်ရဲ့လူအပေါ်မှာတောင် ရက်စက် ကြမ်းကြုတ်တတ်တယ်။ ရန်သူဆိုရင်တော့ ပြောမနေနဲ့။ ဒီလိုရန်သူမျိုးနဲ့ ရင်ဆိုင်ရတယ်ဆိုတာ ကြက်သီးထလောက်စရာကိစ္စပဲ”

ရှမ့်လန်သည် လှမ်းကာ ပြောဆိုလိုက်၏။ “မိန်းမ... ငါ့လိုရန်သူမျိုးနဲ့ ရင်ဆိုင်ရတယ်ဆိုတာ လူတွေအားလုံးက အမြီးတောင် ထောင်ပြီး ပြေးချင်စိတ်ပေါက်သွားမယ့် ကိစ္စမျိုးပဲ”

ကံဆိုးစွာနှင့် ဤနေရာတွင် တခြားမည်သူမှ မရှိချေ။ ထို့ကြောင့် ရှမ့်သခင်လေး၏ ဟိတ်ဟန်ထုတ်နေခြင်းမှာ အပိုပင်ဖြစ်သည်။

.................

ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့၏ အသုဘပြီးပြီး နောက်တစ်ညမှာတော့ လကြီးသည် တောက်ပ ရှင်းလင်းလျက် ရှိနေ၏။ သို့ပေမည့် ရုတ်တရက်ဆိုသလိုပဲ လရောင်အောက်တွင် အမည်းရောင် တိမ်တိုက်ကြီး တစ်ခုက ဖုံးလွှမ်း သွားခဲ့၏။ ရွှမ်ဝူမြို့၏ ကောင်းကင်ယံတစ်ခုလုံးသည် မည်းနက်သွားခဲ့၏။ ကြီးမားသည့် သားရဲကြီး တစ်ကောင်သည် မြို့ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သကဲ့သို့ပင်။

မုန်တိုင်း လာတော့မည်ဖြစ်၏။ ကောင်းကင်တစ်ခုလုံး မဲမှောင်သွားခဲ့ရုံသာမက ရွှမ်ဝူမြို့ကြီးတစ်ခုလုံးသည် တရားဝင်ဆိုသလိုပဲ အပြင်ထွက်ခွင့်ကို ချုပ်ချယ်ခဲ့လ၏။ မည်သူမှသည် အပြင်သို့ ထွက်ခွင့် မရှိကြချေ။ မလိုက်နာသည့် လူများအားလုံးသည် သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

“ဘယ်သူ့မှ အပြင်မထွက်ရ”

“အပြင်ထွက်ခွင့် ပိတ်တယ်ဟေ့”

ရွှမ်ဝူမြို့တော်ဝန် အိမ်တော်ဆီမှ အစောင့်များနှင့် ရွှမ်ဝူစစ်တပ်ကြီး တစ်ခုလုံးသည် သက်ဝင်လှုပ်ရှားလာခဲ့ကြ၏။ ရှိရှိသမျှသော လမ်းများ၊ ဂိတ်များ၊ အရာအားလုံးတို့သည် စစ်သည်များနှင့် ပြည့်နှက်သွားခဲ့၏။

မြင်းသည်တော်တစ်ဖွဲ့သည် အရှိန်အဟုန်ပြင်းစွာဖြင့် စီးနင်းဝင်ရောက်လာခဲ့ကြ၏။ ရွှမ်ဝူမြို့ကြီးတစ်ခုလုံး၏ အခြေအနေသည် တကယ်ကို လေးနက်သွားခဲ့၏။ အရေးကြီးသည့် အရာတစ်ခုခု ဖြစ်တော့မည်ဖြစ်ကြောင်း အားလုံးက သိရှိလိုက်ကြသည်။

တကယ်ပင် ကြီးမားသည့် အရာတစ်ခုက ဖြစ်လာခဲ့၏။

ဖြောင်း ဖြောင်း ဖြောင်း

များပြားလွန်းသည့် မြင်းခွာသံများသည် တိတ်ဆိတ်မှုကို ဖြိုခွင်းသွားခဲ့၏။ မြေပြင်တစ်ခုလုံးက တုန်ခါလျက် ရှိနေ၏။ လက်ရွေးစင် မြင်းတပ်ကြီးသည် ရွှမ်ဝူအိမ်တော်ဆီသို့ အပြင်းအထန်နှင့် အသော့နှင်လျက် ရှိနေ၏။ ၎င်း ဖြတ်သန်းသွားရာ လမ်းတစ်ခုလုံးသည် တုန်ယင်လျက်ရှိနေသည်။

မြင်းတပ်များအဖွဲ့၏ အလယ်တွင်တော့ ကြီးမားလွန်းသည့် အမည်းရောင် ရထားလုံးကြီးတစ်ခုက အရှိန်အဟုန် ပြင်းပြင်းဖြင့် သွားလာနေသည်။ ထိုရထားလုံး၏အပေါ်တွင် ရွှဲ့ပြည်နယ်အလံကို စိုက်ထူထား၏။

စစ်တပ်ကြီး တစ်ခုလုံးသည် မြို့ကို ဖြတ်သန်းသွားခဲ့၏။ ရေတွက်၍မရအောင် များပြားသည့် မြင်းခွာသံများသည် ရွှမ်ဝူမြို့တစ်ခုလုံး ကိုပင် တုန်ယင်သွားစေခဲ့သည်။

လူပေါင်းများစွာတို့သည် အခန်းထဲတွင် ပုန်းအောင်းလျက်ရှိနေပြီး အပြင်ဘက်ကို ချောင်းကာ ကြည့်ရှုခဲ့၏။ နှစ်နာရီခန့်ကြာပြီးနောက် ထိုအမည်းရောင်မြင်းတပ်ကြီးသည် ရွှမ်ဝူအိမ်တော်ဆီသို့ တိုက်ရိုက်ဆိုသလိုပဲ ရောက်ရှိသွားခဲ့၏။ သူတို့သည် စတင်ကာ စီတန်းရပ်ကြ၏။

သပ်သပ်ရပ်ရပ် စီစီရီရီနှင့် စီတန်းကာ ရပ်လျက်ရှိနေသည်ဆိုသော်လည်း တည်နေရာထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်အဟုန်ကောင်းကောင်းနှင့် ဖြစ်တည်နေခဲ့၏။ ၎င်းတို့သည် ညီညီညာညာနှင့် ရပ်တန့်နေကြခြင်းဖြစ်ပြီး တကယ့်ကို အထူးလေ့ကျင့်ထားသည့် စစ်သည်များဖြစ်ကြောင်း သိသာလှသည်။

မိန်းမစိုးတစ်ယောက်သည် မြင်းပေါ်မှ အသာဆင်းပြီးသည့်နောက် ကျယ်လောင်စွာ ပြောလိုက်၏။ “ဘုရင်မင်းမြတ်ရဲ့ အမိန့်တော် ရောက်ရှိလာခဲ့ပြီ။ ရွှမ်ဝူမြို့စား ကျင်းကျိုး... ဒူးထောက်ပြီး ခစားပါ”

ရွှမ်ဝူအိမ်တော်၏ အဓိက တံခါးမကြီးက ပွင့်သွားခဲ့သည်။

ရွှမ်ဝူမြို့စားကြီး ကျင်းကျိုး၊ သူ၏ဇနီး စုဖေးဖေး၊ ဆက်ခံသူ ကျင်းမူကုန်းနှင့် ကျင်းမူလန်တို့သည် အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့ကြ၏။ ၎င်းတို့သည် ရွှဲ့ပြည်နယ်၏တော်ဝင်ဝတ်စုံများကို ဝတ်ဆင်ထားခဲ့ကြပြီး အဓိက ဂိတ်တံခါးဆီမှ တည်တည်ငြိမ်ငြိမ်နှင့် လှမ်းထွက်လာခဲ့ကြ၏။

အပြင်ဘက်သို့ ရောက်သည့်အချိန်မှာတော့ ဒူးထောက်ကာ ကြိုဆိုလိုက်ကြသည်။ “ကျင်းကျိုးက အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်”

ကြီးမားလွန်းသည့် ရထားလုံးကြီး၏ တံခါးက ပွင့်သွားခဲ့၏။ မိန်းမစိုးတစ်ယောက်သည် အလျင်အမြန် ပြေးသွား ခဲ့ပြီး ရထားလုံး၏ဘေး၌ လေးဘက်ထောက်လိုက်၏။ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် မိန်းမစိုး၏ ကျောကုန်းကို နင်းကာ အောက်သို့ ဆင်းလိုက်၏။

ထျန်းနန်စီရင်စု၏ အုပ်စိုးသူ ကျူးကျွင်းသည် အသာဦးညွှတ်ပြီးသည့်နောက် ထိုလူငယ်၏နောက်၌ ပေါ်ပေါက် လာခဲ့ကြ၏။ ဤလူငယ်သည် ဘုရင်မင်းမြတ်၏ စတုတ္ထမြောက်သား နင်ကျန်းပင် ဖြစ်သည်။

ရွှမ်ဝူသည် တကယ်ပင် တုန်လှုပ်သွားခဲ့၏။ ဤကဲ့သို့သော လူမျိုးရောက်ရှိလာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒသည် တကယ်ပင် အားကောင်းလွန်းလှချေ၏။ ရွှမ်ဝူမြို့ကို ဖျက်ဆီးမည့် ခေါင်းလောင်းသံသည် တရားဝင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ထိုခေါင်းလောင်းသံကို တီးခတ်သည့်သူသည် စတုတ္ထမင်းသားကိုယ်တိုင်ပင် ဖြစ်လို့နေခဲ့၏။

စတုတ္ထမင်းသား နင်ကျန်းသည် ရွှမ်ဝူကို လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် ကျင်းမူလန်ကို ကြည့်ရှုကာဖြင့် လက်ကို ယမ်းခါလိုက်သည်။ “ထကြတော့”

ပြီးနောက် သူသည် ရှေ့ဆုံးမှ ဦးဆောင်ပြီး မြို့စားကြီးအိမ်တော်ထဲသို့ လှမ်းဝင်လိုက်၏။ စစ်သည်ပေါင်း ရာချီတို့သည် မြို့စားအိမ်တော်ဆီသို့ ပြေးဝင်သွားခဲ့ကြပြီး ညီညီညာညာဖြင့် အသင့်အနေအထား ရပ်လျက် ရှိနေ၏။

ထျန်းနန်စီရင်စု၏ အုပ်စိုးသူ ကျူးကျွင်း၊ ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးနှင့် တခြားသောသူများအားလုံးသည် ဦးညွှတ်ပြီး နောက်ဘက်ဆီမှ အသာပင် လိုက်ပါလာခဲ့ကြသည်။

ရွှမ်ဝူအိမ်တော်၏ အဓိကဟောခန်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် စတုတ္ထမင်းသား နင်ကျန်းသည် အဝါရောင် စာလိပ်တစ်ခုကို ထုတ်ယူကာဖြင့် ဖြေလိုက်၏။

“အရှင်မင်းကြီး၏ အမိန့်တော်... ရွှမ်ဝူမြို့စား ဒူးထောက်ပြီး လက်ခံပါ”

.................

ရှစ်ကွမ်းယွမ်၏ သင်္ချိုင်းထဲမှာတော့ ရှစ်ချင်းချင်းသည် သုံးကြိမ်သုံးခါတိုင်တိုင် ဦးချကာ ကန်တော့လျက်ရှိနေ၏။ ဟုတ်ပေ၏။ လက်စားချေဖို့အတွက် သူမသည် ဘာမဆိုကို ပြုလုပ်မှာဖြစ်၏။ အဆုံးမဲ့သည့် နာကျင်မှုများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ လက်ရှိအချိန်တွင် နှလုံးသားထဲတွင် နက်ရှိုင်းလွန်းသည့် အမုန်းတရားများသာ ကျန်ရှိခဲ့၏။ ထိုအမုန်းတရားသည် မီးတောက်မီးလျှံကြီး တစ်ခုကဲ့သို့ပင် သူမ၏ နှလုံးသားနှင့် ဝိညာဉ်ကိုပါ တိုက်စားလျက် ရှိနေသည်။

သူမ အတိတ်က ပြုလုပ်ခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ နောင်တ မရချေ။ သူမ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်သည် နောင်တဆိုသည့် စကားလုံးကိုပင် သည်းခံနိုင်စွမ်းမရှိချေ။ သူမ၏ ခံစားမှု အားလုံး၊ သူမ၏ အားအင်အားလုံး၊ အရာအားလုံးသည် အမုန်းတရားအတွက် အသုံးပြုရပေလိမ့်မည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးဘောလုံးကြီးတစ်ခုကဲ့သို့ပင် တောက်လောင်လျက်ရှိနေ၏။ သူမကို တောက်လောင်ရုံသာမက သူမ၏ရန်သူကိုလည်း ဖျက်ဆီးတောက်လောင်ပစ်ရပေလိမ့်မည်။

သူမကို ထောက်ပံ့ထားခဲ့သည့် ယုံကြည်မှုသည် အသက်ရှင်သန်ရန်ပင် ဖြစ်ပြီး ထိုအသက်ရှင်သန်ခြင်းကသာလျှင် လက်စားချေခြင်းကို ပြုလုပ်နိုင်ပေလိမ့်မည်။ လက်စားချေခြင်းအတွက် သူမသည် မိစ္ဆာများနှင့်အတူ ကခုန်ခြင်းကိုပင် ရဲရဲဝံ့ဝံ့ ပြုလုပ်မှာဖြစ်၏။ ရန်သူ၏ ရန်သူသည် မိတ်ဆွေပင် ဖြစ်၏။ ဤရန်သူ၏ ရန်သူ ဆိုသည်မှာ ရှမ့်လန်ပင် ဖြစ်၏။

ရှစ်ချင်းချင်းသည် သူမအဖေ၏ အုတ်ဂူ ကို နောက်ဆုံးအကြိမ် တစ်ချက်ကြည့်ပြီးနောက် ပြောဆိုလိုက်သည်။ “အဖေ... ကျွန်မကို စောင့်နေပါ။ ကျန်းကျင်းကို သတ်ပြီးသွားရင် အဖေ့နောက်ကို လိုက်ခဲ့မယ်”

ပြီးနောက် ရှစ်ချင်းချင်းသည် ရွှမ်ဝူအိမ်တော်တည်ရှိရာ နေရာဆီသို့ အလျှင်အမြန်ဖြင့် သုတ်ချေတင်လေ၏။

All Chapters