လူသိရှင်ကြားကြေညာခြင်း...
Vol. 36 Ch. 541
" ကျွန်တော် အဲ့ဒါကို တကယ် ဖုံးကွယ်ထားနိုင်တယ်ပေါ့။ " လင်းယွမ်က သိလိုစိတ်နှင့် မေးလိုက်သည်။
" ငါသာ မျက်မြင်ကိုယ်တွေ မကြုံခဲ့ရရင် အလွှာတစ်ဆယ်ကို တက်လှမ်းတာက ဒီလိုသက်ရောက်မှုမျိုး ဖြစ်ပေါ်စေနိုင်တာကို ယုံကြည်မှာမဟုတ်ဘူး။ " ကြီးမြတ်သူ ရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။
သူ၏ ဘေးမှ ကြီးမြတ်သူ ယုတိုင်ကလည်း လင်းယွမ်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
" အခု မင်းက အလွှာတစ်ဆယ်ကို ရောက်သွားပြီဆိုတော့ ငါလည်း ပြန်တော့မယ်။ မင်း အလွှာတစ်ဆယ် ခွန်အားနဲ့ ရင်းနှီးအောင် လုပ်လိုက်ဦး။ " ကြီးမြတ်သူရှချင်က ပြောပြီး ပျောက်ကွယ်သွားသည်။
အလွှာတစ်ဆယ်သို့ တက်လှမ်းပြီးသောအခါ ရုတ်တရက် တိုးတက်လာသော စွမ်းအားကို လိုက်လျောညီထွေဖြစ်အောင် လုပ်ရသေးသည်။ လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို ရရှိခဲ့သောကြောင့် သူ၏ ခွန်အားတိုးတက်လာမှုကလည်း အခြားအလွာတစ်ဆယ်များထက် များစွာသာလွန်လေသည်။
ကြီးမြတ်သူယုတိုင်ကလည်း ပျောက်ကွယ်မသွားမီ လင်းယွမ်ကို တစ်ချက်ကြည့်သွားခဲ့သည်။ လင်းယွမ်က နဂါးငွေ့တန်းပင်မကြယ်သို့ ပြန်သွားခဲ့သည်။
ကြီးမြတ်သူများက အချိန်နှင့် လေဟာနယ်ကို ခွဲခြားခဲ့သောကြောင့် နဂါးငွေ့တန်းကြယ်နယ်မြေတွင် ရှိသော ဆင့်ကဲပြောင်းလဲသူများက ဘာမှသတိမထားမိခဲ့ကြပေ။ ပင်မကြယ်ပေါ်မှ အဋ္ဌမအလွှာများပင် ဘာမှမသိကြပေ။
ခန်းမအတွင်း လင်းယွမ်က ပေါ်လာပြီး ထိုင်လိုက်သည်။ အလွှာတစ်ဆယ်ကို တက်လှမ်းပြီးနောက် သူက ကြီးမြတ်သူနှစ်ယောက်ကို ချက်ချင်း သွားတွေ့ခဲ့ပြီး သူ၏ ခွန်အားများကို စစ်ဆေးချိန်မရလိုက်ပေ။
" ငါ့ရဲ့ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်က အဆတစ်ထောင်လောက် တိုးတက်လာတယ်။ "
လင်းယွမ်က သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို စစ်ဆေးနေပြီး အကယ်၍ သူ၏ ထိန်းချုပ်မှုကိုသာ လွှတ်ပေးခဲ့လျှင် အလင်းနှစ်အချို့ရှိ အရာအားလုံးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
" ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ဆို ရုပ်ခွန်အားသက်သက်နဲ့တောင် လေဟာနယ်အလွှာပေါ်က အလွှာတွေကို ဖျက်ဆီးနိုင်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သူ၏ ကြီးမားသော အတွင်းကမ္ဘာမှ ကမ္ဘာစွမ်းအားများကလည်း ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အဆက်မပြတ် အားဖြည့်ပေးနေလေသည်။ ထို့အပြင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကလည်း ရုပ်ခန္ဓာကို အထူးပြုထားခဲ့သည်။
" အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်က နဝမအလွှာတွေနဲ့ တိုက်ခိုက်ပြီး လွတ်မြောက်နိုင်တာကို ကြားဖူးခဲ့တယ်။ နဝမအလွှာတွေက အလွှာတစ်ဆယ်ကို တိုက်ခိုက်ပြီး လွတ်မြောက်နိုင်တာကို မကြားဖူးတာ အံ့ဩစရာမရှိဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
" အဆင့်က ပိုမြင့်လာတာနဲ့ ကွာဟချက်က ပိုကြီးမားလာတယ်။ အလွှာတစ်ဆယ်နဲ့ အလွှာဆယ့်တစ်လည်း အတူတူပဲ။ အလွှာဆယ့်တစ်နဲ့ ကြီးမြတ်သူတွေကြား ကွာဟချက် ပိုတောင် ကြီးမားသေးတယ်။ "
အထူးသဖြင့် အလွှာဆယ့်တစ်နှင့် ကြီးမြတ်သူများကြား ကွာဟချက်က အချိန်မြစ်မှ လွတ်မြောက်ခြင်းပင်ဖြစ်သည်။ ကြယ်စကြာဝဠာထဲတွင် အလွန်ရှေးကျပြီး အင်အားကြီးမားသော အလွှာဆယ့်တစ်သက်ရှိများ ရှိနေသော်လည်း ကြီးမြတ်သူအဆင့်ကို တက်လှမ်းရန် တုန့်ဆိုင်းနေကြသည်။
" အတွင်းကမ္ဘာ " လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားသည်။
အဆုံးမရှိသော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို ထိန်းသိမ်းထားပြီး အတွင်းကမ္ဘာ၏ အရွယ်အစားက ပြောင်းလဲခြင်းမရှိခဲ့သော်လည်း ရှုထောင့်အားလုံးက သိသာသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။
၎င်းက အင်မော်တယ်တာအိုကမ္ဘာနှင့် စိတ်ဝိညာဉ်ကမ္ဘာကဲ့သို့ပင် ကွာခြားချက်က ကြီးမားလေသည်။ လေဟာနယ်က ပို၍ တည်ငြိမ်လာပြီး နိယာမများက ပို၍ ဟန်ချက်ညီလာခဲ့သည်။
" ဖရိုဖရဲဟင်းလင်းပြင်က မူလရင်းမြစ်ကို လက်ခံပြီးတဲ့နောက်မှာ ငါ့ရဲ့ အတွင်းကမ္ဘာက ဖရိုဖရဲဟင်းလင်းပြင်နဲ့ ချိတ်ဆက်သွားပြီး အချိန်တိုင်း တိုးတက်လာနေတယ်။ " လင်းယွမ်က တွေးလိုက်သည်။
သူက ဘာမှမလုပ်လျှင်တောင် အတွင်းကမ္ဘာထဲမှ လေဟာနယ်အလွှာများက တဖြည်းဖြည်း တိုးတက်လာသည်။ သူ၏ အတွင်းကမ္ဘာက လုံးဝ လွတ်လပ်ပြီး ဖရိုဖရဲဟင်းလင်းပြင်၏ စွမ်းအားကို ဖြည်းဖြည်းချင်း စုပ်ယူနိုင်လေသည်။
အတွင်းကမ္ဘာထဲမှ လေဟာနယ်အလွှာများက အလိုအလျောက် ဖွင့်လှစ်နေကြသည်။ ထို့ကြောင့်လည်း အလွှာတစ်ဆယ်သက်ရှိများက အတွင်းကမ္ဘာ၏ လေဟာနယ်အလွှာ အရေအတွက်ကို ဂရုမစိုက်ကြခြင်းဖြစ်သည်။ အလွှာတစ်ဆယ်တွင် အတွင်းကမ္ဘာများက ပင်မစကြာဝဠာ သို့မဟုတ် ဖရိုဖရဲဟင်းလင်းပြင်နှင့် ချိတ်ဆက်နေပြီး လေဟာနယ်အလွှာများက တိုးတက်လာစေမည်ဖြစ်သည်။
အချို့ ရှေးကျသော အလွှာတစ်ဆယ် သက်ရှိများ၏ အတွင်းကမ္ဘာထဲမှ လေဟာနယ်အလွှာ အရေအတွက်က သန်းပေါင်းများစွာ သို့မဟုတ် ဘီလီယံပေါင်းများစွာ ရှိကြလေသည်။
လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်သန်းနှစ်ရာကျော်ရှိပြီး လေဟာနယ်အလွှာက ၂.၃ ဘီလီယံကျော် ရှိလေသည်။ အဆင့်တက်လှမ်းချိန်တွင် စကြာဝဠာထဲ ဖောက်ခွဲလိုက်သော အက်ကြောင်းက အလင်းနှစ် ဆယ့်နှစ်ကို ရောက်ရှိခဲ့သည်။ ရရှိလာသော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်က လင်းယွမ်၏ ခွန်အားကို များစွာတိုးတက်သွားစေခဲ့သည်။
" ငါ့ရဲ့ လက်ရှိတိုက်ခိုက်ရေးစွမ်းအားက အနက်ရောင်ကြယ်သခင် သုံးယောက်ကနေ ငါးယောက်လောက်ကို ကိုင်တွယ်နိုင်လောက်တယ်။ " လင်းယွမ်က သူ၏ ကိုယ်ပိုင်ခွန်အားကို အကဲဖြတ်လိုက်သည်။
အနက်ရောင်ကြယ်သခင်က အဓိကနိယာမနှစ်ခု ပေါင်းစပ်ခြင်းကို နားလည်ထားသော အလွှာတစ်ဆယ် အဆင့်အေ တစ်ယောက်ဖြစ်သည်။ လင်းယွမ်က အဓိကနိယာမနှစ်ခု ပေါင်းစပ်ခြင်းကို နားမလည်သေးလျှင်တောင် သူ ထုတ်လွှတ်နိုင်သော စွမ်းအားက ကြောက်စရာကောင်းလှသည်။
သူတို့က အမှန်တကယ် ရင်ဆိုင်ရလျှင် အနက်ရောင်ကြယ်သခင်၏ အပြည့်အဝ တိုက်ခိုက်မှုက လင်းယွမ်၏ ကာကွယ်မှုကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။ လင်းယွမ်၏ သာမန်တိုက်ခိုက်မှုတစ်ခုက အနက်ရောင်ကြယ်သခင်ကို ထိသွားခဲ့လျှင် သူက ချက်ချင်း ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။
" ဒြပ်စင်ခန္ဓာ " လင်းယွမ်က နတ်ဘုရားကမ္ဘာမှ ရရှိခဲ့သော ရုပ်ခန္ဓာနတ်စွမ်းရည်အကြောင်း တွေးလိုက်မိသည်။
အလွှာတစ်ဆယ်များကြား တိုက်ခိုက်မှုက သူတို့၏ ပေါင်းစပ်နိယာမများအပေါ် မှီခိုလေသည်။ ပေါင်းစပ်နိယာမများကလည်း နိယာမများသာ ဖြစ်သောကြောင့် ဒြပ်စင်ခန္ဓာက ခုခံကာကွယ်နိုင်လေသည်။
လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံရရှိချိန်တွင် မူလစိတ်ဝိညာဉ်နှစ်ခုကလည်း မူလခန္ဓာနီးပါး အကျိုးရှိခဲ့လေသည်။
" မင်းက စစ်မြေပြင်ကြီးကိုသွား " လင်းယွမ်က ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။
အလွှာတစ်ဆယ်သို့ ဝင်ရောက်ပြီးဖြစ်သောကြောင့် လင်းယွမ်က မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကြီးသို့ သွားရောက်ရန် စီစဉ်ခဲ့သည်။ အခြားအရာများမရှိလျှင်တောင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို စုဆောင်းသည့်အရှိန်က ပို၍ မြန်လာပေလိမ့်မည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ငါးနှစ်ကြာသွားခဲ့သည်။
ကြီးမြတ်သူရှချင်၏ အစီအစဉ်အတိုင်း လင်းယွမ် အလွှာတစ်ဆယ်သို့ တက်လှမ်းသွားသည့်အကြောင်းကို ကြေညာခဲ့သည်။ ၎င်းကို မကြေညာခဲ့လျှင်တောင် နဂါးငွေ့တန်းကြယ်သခင်က အလွှာတစ်ဆယ်သို့ ဝင်ရောက်သွားပြီဟု သံသယများရှိပေလိမ့်မည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်ပြသခဲ့သောခွန်အားက အလွှာတစ်ဆယ်သို့ တက်လှမ်းရန် မခက်ခဲပေ။
" အလွှာတစ်ဆယ် လင်းယွမ်က အလွှာတစ်ဆယ်ကို တကယ် ဝင်ရောက်သွားတာလား။ "
" နှစ်နှစ်ရာအောက်မှာ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်။ "
" ငါတို့ကန်လန်ကြယ်က လင်းယွမ်လိုမျိုး တည်ရှိမှုကို တကယ် မွေးထုတ်ပေးနိုင်ခဲ့တယ်။ "
နှစ်ပေါင်းများစွာ ကြာပြီးနောက် ကန်လန်ကြယ်က အချို့သော ကြယ်စနစ်များမှ ပင်မကြယ်များထက် နိမ့်ကျခြင်းမရှိတော့ပေ။ လင်းယွမ် အလွှာတစ်ဆယ်သို့ ဝင်ရောက်သွားသည်ကို ကြားသောအခါ သူတို့က အလွန်အမင်း ဂုဏ်ယူခဲ့ကြလေသည်။
VR ကမ္ဘာတွင် လင်းယွမ်က အနက်ရောင်ကြယ်သခင်၊ လျိုလီကြယ်သခင်တို့နှင့် ထိုင်နေသည်။
" နဂါးငွေ့တန်းကြယ်သခင် မင်း အလွှာတစ်တယ်ကို တက်လှမ်းတော့ စကြာဝဠာရဲ့ မူလရင်းမြစ်ကို ကြုံတွေ့တုန်းက ဘယ်လိုခံစားခဲ့ရလဲ။ " အနက်ရောင်ကြယ်သခင်က မေးလိုက်သည်။
အလွှာတစ်ဆယ်များက စကြာဝဠာမှ မူလရင်းမြစ်လက်ဆောင်ကို ရရှိကြပြီး ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်ခဲ့လေသည်။ အသန်မာဆုံး ဆင့်ကဲပြောင်းလဲသူများပင် သူတို့၏ တစ်သက်တာအတွင်း နှစ်ကြိမ် သုံးကြိမ်သာ ကြုံတွေ့နိုင်လေသည်။
" မဆိုးပါဘူး။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
သူက အလွှာတစ်ဆယ်သို့ တက်လှမ်းသည်မှာ ငါးနှစ်ရှိပြီဖြစ်သော်လည်း ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို စုပ်ယူခြင်းက သူ့ကို စွဲလမ်းနေစေတုန်းပင် ဖြစ်သည်။
အနက်ရောင်ကြယ်သခင်နှင့် လျိုလီကြယ်သခင်တို့က ပြုံးလိုက်ကြသည်။ အလွှာတစ်ဆယ်သို့ မဝင်ရောက်သေးသော နဂါးငွေ့တန်းကြယ်သခင်က သူ၏ အလားအလာကို တန်ဖိုးထားခြင်းသာဖြစ်ပြီး ယခု အလွှာတစ်ဆယ်သို့ ဝင်ရောက်သွားသော နဂါးငွေ့တန်းကြယ်သခင်က သူတို့နှင့် တန်းတူရပ်နိုင်ပြီဖြစ်သည်။
အလွှာတစ်ဆယ် အဆင့်အေသို့ ရောက်ရန် လင်းယွမ်အတွက် အချိန်တစ်ခုသာ လိုအပ်လေသည်။ ပြင်ပတွင်ရှိသော အဓိကအင်အားစုများက နှစ်ထောင်အနည်းငယ်အတွင်း လူသားမျိုးနွယ်က နောက်ထပ် အလွှာတစ်ဆယ် အဆင့်အေ တစ်ယောက် ရှိလာလိမ့်မည်ဟု ခန့်မှန်းကြလေသည်။
အနက်ရောင်ကြယ်သခင်နှင့် လျိုလီကြယ်သခင်တို့ မသိသည်မှာ လက်ရှိလင်းယွမ်က အလွှာတစ်ဆယ် အဆင့်အေကို ကျော်လွန်နေပြီး ထောင်စုနှင်အနည်းငယ်ကြာလျှင် အလွှာဆယ့်တစ်သို့ပင် တက်လှမ်းသွားလောက်ပြီဖြစ်သည်။
ဇီယွင်ကြယ်နယ်မြေတွင် ချီခွန်မျိုးနွယ်၏ ပထမတောင်ထိပ်သခင်က ခန်းမထဲတွင် ထိုင်ပြီး သူ၏ ရှေ့မှ အလင်းမျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို ကြည့်ရှုနေသည်။ ၎င်းတို့က နဂါးငွေ့တန်းကြယ်သခင် အလွှာတစ်ဆယ်သို့ တက်လှမ်းသွားသည့် အကြောင်းအရာများ ဖြစ်လေသည်။
" ညီငယ်လေးက အလွှာတစ်ဆယ်ကို ဝင်ရောက်သွားပြီ။ " မဟာတောင်ထိပ်သခင်က သူ၏ နှာခေါင်းကို ပွတ်လိုက်သည်။ " အဲ့ဒီတုန်းက ငါ ညီငယ်လေးအရင် အဋ္ဌမအလွှာထဲကို ဝင်ရောက်ခဲ့တာပဲ။ "
" အခုလည်း ငါက အဋ္ဌမအလွှာမှာ ရုန်းကန်နေရတုန်းပဲ။ ဒါပေမယ့် ညီငယ်လေးကတော့ အလွှာတစ်ဆယ်ကို ရောက်သွားခဲ့ပြီ။ "
ဆဋ္ဌမအလွှာသို့ တက်လှမ်းချိန်ကပင် သူ၏ ကာကွယ်မှုကို လိုအပ်ခဲ့သော ကောင်လေးက ယခု လူသားမျိုးနွယ်၏ ထောက်တိုင်တစ်ခု ဖြစ်လာခဲ့သည်။
" ငါ ညီငယ်လေးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာ ကံကောင်းတာပဲ။ " မဟာတောင်ထိပ်သခင်က ပြုံးလိုက်သည်။