သေးနုပ်သောရန်ဟောင်များ
Vol. 146 Ch. 2077
တလောကလုံးသည် လီချန်ရှန်းက ဆေးအင်ပါယာ၏ တပည့်ခေါင်းဆောင်ဖြစ်သည်ကိုသာ သိသော်လည်း သူ့အကြောင်းများများစားစား မသိကြပေ။ သူတို့အားလုံးက နှစ်ပေါင်းများစွာ ဆေးအင်ပါယာနောက် လိုက်ခဲ့သည့် လီချန်ရှန်းကို အထင်ကြီးလေးစားမှုသာ ရှိသည်။
အမှန်တွင် လီချန်ရှန်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို တည်ထောင်ကတည်းက ဆေးအင်ပါယာနှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်သော်လည်း ထိုအဖြစ်က အလွန် ကြာညောင်းနေပြီ ဖြစ်၏။ ပြောရလျှင် သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင် တဖြေးဖြေးနှင့် အဆင့်အတန်းတစ်ခုနှင့် ကျော်ကြားလာကာ တုန်းရှောင်းကုန်းမြေမှ လူများ၏ လေးစားဖွယ်ရာ ဖြစ်လာပြီး အကြွင်းမဲ့ သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာသည်ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်များအတွင်း သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်လာသည့် တပည့်များကို စောင့်ရှောက်ပေးခဲ့သည်။
သူသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အဖွဲ့ဝင်သစ်များ ခေါ်ယူတိုင်း ရှိနေခဲ့သည်။ ရီဖူရှင်းနှင့် အခြားသူများ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ရောက်လာသောအခါ၌လည်း သူရှိနေပြီး ရီဖူရှင်းနှင့် ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ ပဋိပက္ခများကိုလည်း မျက်မြင်တွေ့ခဲ့ရသည်။
လီချန်ရှန်းက သူ၏ သက်တမ်းတလျှောက် နှစ်များစွာကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ကုန်ဆုံးခဲ့သည်။
ယခု ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ရှင်းလင်းခံရသည့်အခါ တုန်းရှောင်းကုန်းမြေအနှံ့မှ ရန်ဟောင်များက အပြေးလာ၍ လုယက်ချင်နေကြ၏။ ထိုသည်ကပင် သူက တန်ခိုးရှင်များကို အဆက်မပြတ် သတ်ဖြတ်မှု ဖြစ်လာစေခြင်း ဖြစ်သည်။
ထိုအချိန်တွင် လီချန်ရှန်းက သေဆုံးရန် အပြည့်အဝ ပြင်ဆင်ပြီး ဖြစ်သည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ထိပ်တွင် ထိုင်နေကာ ရှေးဟောင်းသစ်ပင် နတ်ဝင်ရိုးကို ထုတ်လွှတ်၍ ထိုမြေ၌ အမြစ်တွယ်စေပြီး အဆုံးမဲ့နွယ်များနှင့် အကိုင်းအခက်တို့အား ဝမ်ရှန့်စောင့်ကြည့်မျှော်စင် တစ်ခွင်လုံး ဖြတ်သန်းလွှမ်းခြုံသွားစေသည်။သို့သော် အမြင့်တစ်နေရာတွင် ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တစ်ဦးရပ်နေခဲ့ပြီး ပူပြင်းသော နေမင်းကဲ့သို့ လောကကြီးအား လောင်ကျွမ်းစေသည်။ သူရှိနေသည့် နေရာတွင် အဆုံးမဲ့ မီးလျှံများ တောက်လောင်နေပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ထောင့်နေရာတိုင်းတွင် ပေါ်ပေါက်လာကာ ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်နှင့် အရွက်များကို ကျွမ်းလောင်စေ၏။
အာခီမီနတ်နန်းတော်၏ နန်းတော်သခင်က နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံခဲ့ပြီး သူ့ကျင့်ကြံခြင်းက ပြောင်းလဲခြင်းအဆင့်သို့ ဝင်ရောက်နေခဲ့ပြီး ဖြစ်သည်။ သူက နှစ်ပေါင်းများစွာအကြာကပင် ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီး အချိန်တိုင်း အန္တိမပန်းတိုင်ရောက်အောင် လိုက်စားနေပေသည်။ ဤတစ်ကြိမ် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အရေးအခင်း၌ သူက မဟာလမ်းစဉ်အခွင့်အရေးတစ်ခုခု ရှိနိုင်မလားဟု ထွက်လာကြည့်ခြင်း ဖြစ်၏။ လီချန်ရှန်းက လက်လွတ်စပယ် လူတိုင်းကို သတ်ဖြတ်ခဲ့သည်။ သူ၏ ဒေါသကြောင့် အာခီမီနတ်နန်းတော်မှ လူများ သေဆုံးခဲ့ရသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် စာရင်းမှ ဖယ်ထုတ်ခံရပြီး ဖြစ်သည်။ သေတော့မည့် လူတစ်ယောက်အနေနှင့် လီချန်ရှန်းက ထိုမျှ အတင့်ရဲစွာ ပြုမူနေသည်။
သူက လက်များကို ဆုပ်လိုက်လျှင် ချက်ချင်းပင် သူ့အနီးရှိ ပတ်ဝန်းကျင်မှ မီးလျှံများက လောင်ကျွမ်းလာ၏။ အနက်ရောင်မီးလျှံများက အရာအားလုံးကို ပြာများအဖြစ် ပြောင်းလဲသွားစေသည်။ ထိုခံနိုင်ရည်အပြည့်နှင့် ရှေးဟောင်း အကိုင်းအခက်နှင့် အရွက်များက မီးလျှံများနှင့် တွေ့ဆုံမိသည့်အခါ ပြာများအဖြစ် ပြောင်းလဲသွားလေသည်။
လီချန်ရှန်းအား ကြည့်သည့် သူ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ် မီးလျှံများဖြင့် ပြည့်နေ၏။ ရုတ်တရက် မရေတွက်နိုင်သော အနက်ရောင်မီးလျှံများက လေဟာနယ်မှ ကျဆင်းလာပြီး အနက်ရောင်ဥက္ကာခဲများကဲ့သို့ ထင်မှတ်ရသည်။
သို့သော် လီချန်ရှန်းက ဂရုမစိုက်ပေ။ သူက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး ရှေးဟောင်းသစ်ပင်က ဆက်လက်ကြီးထွားနေပြီး မရေတွက်နိုင်သည့် အကိုင်းအခက်နှင့် အရွက်များက ထက်ရှသော ဓားများကဲ့သို့ ယိမ်းနွဲ့နေကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ရှိနေသမျှ သက်ရှိများကို သတ်ဖြတ်ရန် ကြံရွယ်နေသည်။ သူက မျက်လုံးများကို မှိတ်လိုက်ပြီး တိတ်ဆိတ်စွာ ထိုင်ချလိုက်၏။ အရာအားလုံးက သူနှင့် မည်သို့မှ မသက်ဆိုင်သကဲ့သို့ ရှိနေသည်။
မီးလျှံများ ကျူးကျော်လာသောအခါ လီချန်ရှန်း၏ အနီးတွင် နတ်အလင်းလွှာတစ်ခု ဖြစ်တည်လာသည်။ သို့သော် ၎င်းက မီးလျှံများဖြင့် တဖြေးဖြေး တိုက်စားခံနေရ၏။
တစ်ချိန်တည်းတွင် ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်များက တိုက်ခိုက်မှုများကို စတင်လိုက်ကြ၏။ အဆင့်ကိုးရန်ဟောင်ဖြစ်သော အစွမ်းထက် ကျင့်ကြံသူနှစ်ယောက်က ကောင်းကင်ကိုပင် ဖုံးလွှမ်းထားနိုင်သည့် နတ်နဂါးတစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ ၎င်း၏ လက်သည်းများက စတီးကဲ့သို့ မာကြောနေကာ ထက်ရှမှုများ အပြည့်နှင့် ဖြစ်သည်။ ယင်းတို့က အလင်းလွှာကို ထိုးဖောက်လာပြီး ဆုတ်ဖြဲကာ အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။
သို့ဆိုလျှင်ပင် သူတို့က အချိန်အကြာကြီး လီချန်ရှန်းထံ ချဉ်းကပ်နိုင်ခြင်း မရှိကြပေ။
ကောင်းကင်ထက်တွင် ယန်ဟန်ရှင်းက သတ်ဖြတ်လိုစိတ်အပြည့်နှင့် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။ ကျယ်လောင်သော နဂါးအော်မြည်သံများ ကြားလိုက်ရပြီး ကျယ်ပြောသော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ လေဟာနယ်က ပြင်းထန်စွာ တုန်ခါလာ၏။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ကျန်သည့် ရန်ဟောင်များသည်လည်း တစ်ချိန်တည်းမှာပင် နဂါးအော်မြည်သံများကို ထုတ်လွှတ်လိုက်သည်။ မီးနဂါးတေးသွားက ပဲ့တင်ထပ်လာပြီး လေဟာနယ်ကို ဖြတ်၍ ကြောက်မက်ဖွယ် မဟာလမ်းစဉ်က လေထုကိုပင် ပြိုကွဲသွားစေသည်။
နှိုင်းယှဉ်မရသော နတ်နဂါးတစ်ကောင်က ယန်ဟန်ရှင်း၏ အနီး၌ ကောင်းကင်ကို ကာရံကာ ပေါ်ပေါက်လာသည်။
ထိုနတ်နဂါးက ကောင်းကင်နှင့်မြေကြီးကြားမှ မဟာလမ်းစဉ်ကို စုပ်ယူဝါးမြိုနေသည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်က ကောင်းကင်ထက်တွင် ပျံသန်းနေပြီး လေဟာနယ်ကို တုန်ခါသွားစေ၏။ သူ့လက်သည်းများက ကြောက်မက်ဖွယ် ရွှေရောင်တို့နှင့် တောက်ပနေပြီး ဖျက်ဆီး၍ မရနိုင်အောင်ပင်။ ထိုမြင်ကွင်းမြင်လိုက်ရသူများမှာ ကြောက်ရွံ့သွားကြသည်။
"လီချန်ရှန်း ခင်ဗျား သေချင်နေတယ်ဆို ဆန္ဒကို ဖြည့်ဆည်းပေးမယ်။"
ယန်ဟန်ရှင်း၏ အသံ ပျောက်ကွယ်သွားပြီး နဂါးကြီးက ဆင်းချလာကာ အလွန်ထက်ရှသော လက်သည်းများဖြင့် ခုခံကာကွယ်မှုကို ထိုးဖောက်သွား၏။
ဝှီး...
အသံတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် လက်သည်းများက လီချန်ရှန်းကို ထိုးဖောက်လာကာ သူ့ကို အပေါက်ဖြစ်အောင် ပြုလုပ်ချင်နေသည်။ ကြီးမားသော လက်သည်းများရှေ့၌ လီချန်ရှန်းက အလွန် သေးငယ်ပုံပေါ်ပြီး သူက ထိုနေရာ၌ သေဆုံးရတော့မလိုပင်။ ထိုသည်မှာ အမှန်တကယ် ရက်စက်သော မြင်ကွင်းဖြစ်သည်။
"သူတော့ သေပြီပဲ။"
လူတိုင်းက သူတို့မျက်စိရှေ့မှ အဖြစ်အပျက်ကို စောင့်ကြည့်နေပြီး ပြင်းထန်စွာ တုန်ယင်လာကြသည်။ လီချန်ရှန်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ သေဆုံးရတော့မည်။
လီချန်ရှန်း၏ သတ်ဖြတ်ခြင်းကို မခံလိုက်ရသူများက သူတို့၏ ကံကောင်းမှုကို ကျေးဇူးတင်နေကြသည်။ လီချန်ရှန်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ခြေချလာသည့်အချိန်၌ စောင့်ကြည့်မျှော်စင်သို့ ရောက်နေသော ရန်ဟောင်များက သုတ်သင်ခံခဲ့ရသည်။ သူတို့၏ ကံမကောင်းသော သေဆုံးခြင်းက အခြားသူများကို ထိတ်လန့်စေခဲ့၏။ ယခု လီချန်ရှန်းက နောက်ဆုံး၌ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သွေးများက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တည်ရှိရာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားပြီး လီချန်ရှန်းသည်လည်း မည်သည့်နာကျင်မှုမှ မခံစားရတော့ပေ။
သို့သော် သေဆုံးရလျှင်ပင် သူက ဤမြေကို စောင့်ရှောက်နေဆဲ ဖြစ်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ဤလောက၌ အမြဲတည်ရှိသည်။
ဘုန်း....
အဆုံးမဲ့ နတ်အလင်းတို့က နေရာအနှံ့တွင် လင်းလက် တောက်ပနေသည်။ သူတို့သည် မရေတွက်နိုင်သော အစိမ်းရောင်အလင်းများက ထိုးဖောက်ခံလိုက်ရသော ခန္ဓာကိုယ်၏ အပြင်သို့ ပျံသန်းထွက်လာပြီး မရေတွက်နိုင်သော အရွက်များနှင့် အကိုင်းအခက်တို့ ရှိနေသည့် လောကအတွင်းမှ ရှေးဟောင်းသစ်ပင်နှင့် ရောစပ်သွားလေသည်။
ကြည့်ရသည်မှာ လီချန်ရှန်း၏ စိတ်ဝိညာဉ်က ထိုနယ်မြေအတွင်း ပေါင်းစပ်သွားကာ အမြစ်တွယ်၍ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တလျှောက် ဖြန့်ကျက်သွားပုံရသည်။
"သူ သေသွားပြီ။ သူ့ရဲ့ စိတ်ဝိညာဉ်က ပြန့်ကျဲသွားလိမ့်မယ်။" ထိုမြင်ကွင်းအား မြင်သောအခါ လူတိုင်းသည် သူတို့၏ အရှိန်အဝါများကို ပြန်ရုတ်သိမ်းလိုက်ကြသည်။ ယန်ဟန်ရှင်း၊ အာခီမီနတ်နန်းတော်သခင်နှင့် အခြားသော ရန်ဟောင်များက အောက်ဘက်ရှိ အလောင်းများကို ဂရုမစိုက်စွာ ကြည့်လိုက်ကြ၏။ ယခင်တိုက်ပွဲ၌ ကျုံးချန်က အသတ်ခံလိုက်ရပြီး ယခု ဆေးအင်ပါယာ၏ တပည့်ခေါင်းဆောင်ကလည်း သေသွားပြီဖြစ်သလို ရီဖူရှင်းနှင့် ဆေးအင်ပါယာ ကိုယ်တိုင်ကလည်း ထွက်ပြေးနေရသည်။
ဆေးအင်ပါယာက သူတို့၏ တာဝန်မဟုတ်ဘဲ နယ်မြေသခင်က ကိုင်တွယ်လိမ့်မည်။ ယခု သူတို့က ရီဖူရှင်းကို ရှာကာ သတ်ရန်သာ ကျန်ရှိပြီး ထိုသို့လုပ်ပြီးသည်နှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က အဆုံးသတ်သွားတော့မည် ဖြစ်သည်။
အခြားလူများအတွက် သူတို့က အများကြီး ဂရုမစိုက်ကြပေ။
"သွားကြစို့။" ယန်ဟန်ရှင်းက ပြောလိုက်၏။ "ကြာကြာထပ်နေဖို့ မလိုတော့ဘူး။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို မီးရှို့လိုက်တော့။"
နယ်မြေသခင်သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အမည်ကို တုန်းဟွာနယ်မြေမှ အပြီးတိုင် ရှင်းထုတ်ပစ်မည်ဟု ကြေညာခဲ့သည်။ ယခုမှ စပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တည်ရှိတော့မည် မဟုတ်ပေ။
သူက ပြန်လှည့်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
ထိုအခိုက်တွင် မြေပေါ်မှ မြစိမ်းရောင်အကိုင်းအခက်များနှင့် သစ်ရွက်များတွင် ရုတ်တရက် အလင်းတစ်ခုဖြစ်ပေါ်လာသည်။ ထိုနေရာ၌ ထူးဆန်းသော လှုပ်ရှားမှု ရှိလာသလိုထင်မှတ်ရ၏။ မူလက ထိုအချင်းအရာကို မည်သူကမှ သတိမပြုမိပေ။ ၎င်းအကိုင်းအခက်နှင့် အရွက်များက ယိမ်းနွဲ့ကာ လင်းလက်နေပြီး မြစိမ်းရောင်အလင်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုနေရာတွင် ပြင်းထန်သော အသက်ဓာတ်များ ထွက်ပေါ်လာပြီး မြေပြင်မှ ရှေးဟောင်းသစ်ပင်သည် ညှိုးခြောက်လုနီးပါးဖြစ်နေရာမှ ပြန်လည်ရှင်သန်လာကာ အလျင်အမြန် ကြီးထွားလာတော့သည်။
အသက်ဓာတ်ပြည့်ဝနေသည့် မရေတွက်နိုင်သော အလင်းစက်များက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာသည်။ ၎င်းက နေရာအနှံ့တွင် တည်ရှိနေ၏။ ထိုအခိုက်တွင် တလောကလုံးသည် အလင်းများဖြင့် ပြည့်နှက်နေသည်။
"ဘာတွေ ဖြစ်နေတာလဲ။"
လူအုပ်ကြီးသည် တစ်ခုခုကလွဲချော်နေပြီကို ခံစားလိုက်ရ၏။ အာခီမီနတ်နန်းတော်မှ နန်းတော်သခင်သည် အရာအားလုံးကို ဖျက်ဆီးရန်အတွက် ချက်ချင်းပင် ကြောက်မက်ဖွယ် နတ်မီးလျှံတို့ကို ထုတ်လွှတ်လိုက်သည်။ မဟာလမ်းစဉ်နတ်မီးလျှံတို့က ထိုအလင်းမှုန်းလေးများ ဖြစ်နေဆဲ အကိုင်းအခက်နှင့် အရွက်များပေါ်သို့ ကျရောက်လာသော်လည်း ၎င်းတို့ကို ဖျက်ဆီးရန် မတတ်နိုင်ခဲ့ပေ။ အကိုင်းအခက်နှင့် အရွက်များက ဆက်လက်၍ ယိမ်းနွဲ့နေကာ အလင်းများက ပိုမို၍ တောက်ပလာသည်။ အလင်းများက ရှေးဟောင်းအကိုင်းအခက်နှင့် အရွက်များအဖြစ် ပြောင်းလဲသွား လေသည်။ သစ်ပင်က အရူးအမူးကြီးထွားကာ မြင့်မားလာသည်။ ၎င်းက ကောင်းကင်ကို ထိုးဖောက်တော့မတတ်ပင်။
"အဲဒီလိုမဟုတ်လောက်...." ယန်ဟန်ရှင်းသည် တစ်ခုခုက မှားယွင်းနေသည်ဟု ခံစားမိလိုက်သည်။ သူက နတ်အာရုံသိစိတ်အား ထုတ်လွှတ်ကာ မျက်ခုံးတန်းနှစ်ခုကြားကို လက်နှင့်ထောက်လိုက်၏။ ရုတ်တရက် ကြောက်မက်ဖွယ် နတ်အလင်းတစ်ခုက သူ့မျက်လုံးများမှ ထိုးထွက်လာပြီး ထက်ရှသော ဓားတစ်လက်ကဲ့သို့ လေဟာနယ်ကို ကြည့်လိုက်သည်။ ထိုအခိုက်တွင် သူက အနန္တ အလင်းစက်များကို မမြင်ရတော့ဘဲ နားလည်ရန်ခက်ခဲသော မရေတွက်နိုင်သော ပုံရိပ်များကို မြင်လိုက်ရသည်။
ထို့အပြင် ပုံရိပ်တစ်ခုချင်းစီတိုင်းက နေရာတိုင်းတွင် ရှိနေခဲ့သည်။ ထိုပုံရိပ်များက လီချန်ရှန်းနှင့်တူသည်။
"မဖြစ်နိုင်လိုက်တာ..." ယန်ဟန်ရှင်း၏ မျက်နှာက ကြောက်ရွံ့ခြင်းတို့ဖြင့် ပြောင်းလဲသွားပြီး သူ့နှလုံးသားက လျင်မြန်စွာ တဒိတ်ဒိတ်ခုန်နေသည်။ သူက သူ့လက်များဖြင့် လီချန်ရှန်းကို သတ်ခဲ့ပြီး ဖြစ်ကာ သူ့မျက်လုံးများဖြင့် လီချန်ရှန်းသေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့သည်။ သို့ဆိုလျှင် ယခု သူ့မျက်စိရှေ့၌ မြင်နေရသည်က မည်သူနည်း။
ထိုသည်က မဖြစ်နိုင်ပေ။
ထိုအခိုက်တွင် အကြောင်းအရာ အများအပြားက ယန်ဟန်ရှင်း၏ စိတ်ထဲ၌ ဖြတ်ပြေးသွားသည်။ ရုတ်တရက် သူ့ခေါင်းထဲသို့ အတွေးတစ်ခု ရောက်လာခဲ့၏။ "ဒါက ပြန်လည်ရှင်သန်ခြင်းလမ်းစဉ်လား။"
ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ အိမ်ရှေ့စံမင်းသားအနေနှင့် သူသည် နက်နဲသော အကြောင်းအရာများကို အခြားသူများထက်ပို၍ သိရှိထားသည်။
သူက သိရှိသည့်အတွက် ကြောက်ရွံ့လာ၏။
သူက ထိပ်သီးအဆင့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တည်လာရန် ဖိအားပေးမိသွားခြင်းလား။
ဘုန်း...
ယန်ဟန်ရှင်းက အရူးမဟုတ်ပေ။ သူက ထိုဖြစ်နိုင်ချေကို တွေးမိလိုက်သည်နှင့် သူက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ချက်ချင်းပင် သူက အဝေးသို့ ပျံသန်းထွက်သွားခဲ့သည်။ သူက တစ်ချိန်တည်းမှာ အော်ဟစ်လိုက်၏။ "ပြန်ဆုတ်ကြ..."
လူတိုင်းသည် မည်သည်တို့ ဖြစ်ပျက်နေသည်အား မသိကြဘဲ ယန်ဟန်ရှင်းက ချက်ချင်းပျောက်ကွယ်သွားပြီး ပြန်ဆုတ်ခွာရန် အမိန့်ကိုသာ ကြားလိုက်ရသည်။
သူတို့က ယန်ဟန်ရှင်းရှိရာသို့ ကြည့်လိုက်ကြလျှင် သူက ပျောက်ကွယ်သွားပြီး အဝေးမှ မမြင်နိုင်သော နေရာထိပင် ရောက်ရှိသွားပြီ ဖြစ်၏။ သူသည် အလွန် လျင်မြန်လှသော အရှိန်နှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အဝေးသို့ ဆုတ်ခွာသွားပြီးဖြစ်သည်။
သူက တစ်ခုခု ဖြစ်တော့မည်ကို အာရုံရနေ၍လား။
"သွား.." ကျန်သည့်သူများက မည်သည်တို့ ဖြစ်နေသည်ကို နားမလည်သော်လည်း ယန်ဟန်ရှင်း၏ ပြန်ဆုတ်ခွာရန် အမိန့်ကြောင့် တွေဝေမနေဘဲ ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်မှ အနန္တနတ်အလင်းများက ထိုရှေးဟောင်းသစ်ပင်၏ ထိပ်ဖျားသို့ ကျဆင်းလာသည်။ ရုတ်တရက် မြင့်မားသော ရှေးဟောင်းသစ်ပင်က ကောင်းကင်ကို ထိုးဖောက်ကာ ၎င်း၏ အကိုင်းအခက်နှင့် အရွက်တို့က တောင်တန်းနှင့် မြစ်များကို လွှမ်းခြုံသွားသည်။
ထိုအချိန်တွင် အကိုင်းအခက်များထဲမှ တစ်ခုက တစ်နေရာသို့ ရိုက်ခတ်လိုက်သည်။ ထိုနေရာမှ ထွက်ခွာရန် ရည်ရွယ်နေသည့် ရန်ဟောင်တချို့သည် ရပ်တန့်သွား၏။ တစ်ယောက်မှာ ရှေ့ကို သွားနေသော သူ့အရှိန်ကို ထိန်းထားသော်လည်း နောက်တခဏ၌ သူ့ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားလေသည်။ သူက နေရာမှာပင် ဆိုးဆိုးဝါးဝါး သေဆုံးသွား၏။
ချက်ချင်းပင် အခြားသော ရန်ဟောင်အားလုံးက သူတို့၏ အရိုးများထဲမှ နက်ရှိုင်းသော အေးစက်မှုကို ခါးသီးစွာ ခံစားလိုက်ကြရသည်။ သူတို့သည် ရန်ဟောင်အချို့ အသတ်မခံရခင်ထိ မည်သည်တို့ဖြစ်နေသည်အား သတိမပြုမိခဲ့ကြပေ။
ဘုန်း...
နတ်သစ်ပင်အထက်မှ များပြားလှသောအကိုင်းအခက်နှင့် အရွက်များက ယိမ်းနွဲ့နေပြီး ထိုအကိုင်းအခက်များသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ လာရောက်ကြသည့် ရန်ဟောင်များဆီ တိုးဝင်သွားလေသည်။ သူတို့က ကြောင်အနေစဉ်မှာပင် သစ်ရွက်များဖုံးထားသော အကိုင်းအခက်တို့က သူတို့ကို ဖြတ်သန်းသွားသည်။ ချက်ချင်းပင် လေဟာနယ်အတွင်း သွေးမိုးရွာသွားတော့၏။
"ဒီနေရာက ထွက်သွားကြတော့။"
လူတိုင်း၏ အမူအရာက ထိတ်လန့်တကြား ပြောင်းလဲသွားပြီး အသည်းအသန် ပြေးထွက်သွားကြသည်။ သို့သော်လည်း ရှေးဟောင်းသစ်ပင်ကြီးက နေရာအနှံ့သို့ ရောက်ရှိကာ ကောင်းကင်တစ်ခုလုံးကို ဖြန့်ကျက်ထားပြီး လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံထား၏။ လှုပ်ရှားသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး မရေတွက်နိုင်သော အကိုင်းအခက်နှင့် အရွက်များက ကောင်းကင်မှ ကျဆင်းလာကာ သတ်ဖြတ်သံများကို ကြားနေကြရသည်။
ထိုအခိုက်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် သွေးလွှမ်းသော လောကတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အစွမ်းထက်ရန်ဟောင်များက ပုရွက်ဆိတ်များကဲ့သို့ အသတ်ခံနေရသည်။
အာခီမီနတ်နန်းတော်မှ နန်းတော်သခင် ထုတ်လွှတ်သော မီးလျှံများသည် တောင်တန်းနှင့် သမုဒ္ဒရာများကိုပါ ချေမှုန်းနိုင်သော်လည်း အကိုင်းအခက်နှင့် အရွက်တို့ ကျဆင်းလာသောအခါ မီးလျှံတို့က ငြှိမ်းသတ်ခံလိုက်ရသည်။ ၎င်း၏ မဟာလမ်းစဉ်ခုခံကာကွယ်မှုက စက္ကူစကဲ့သို့ ပျော့ဖတ်နေပြီး တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။
အကိုင်းအခက်နှင့် အရွက်များက ခန္ဓာကိုယ်ကို ဖြတ်သန်းသွားကာ ချက်ချင်းပင် သူ့ခန္ဓာကိုယ်အား လေထဲ၌ တောင့်တင်းသွားစေတော့သည်။ သူ့မျက်နှာတွင် ထိတ်လန့်မှုတို့နှင့် ပြည့်နေခဲ့ပြီး သူက မယုံကြည်နိုင်စွာဖြင့် နတ်သစ်ပင်ကို ကြည့်နေခဲ့သည်။"ရှင်သန်ထမြောက်ခြင်း..." သူက ရေရွတ်လိုက်သည်။ သူသည် ပြန်၍ပင် မတိုက်ခိုက်နိုင်ဘဲ သူ့ဝိညာဉ်က ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အပြင်ဘက်တွင် ရှိနေသော တန်ခိုးရှင်အချို့မှာ ထိုမြင်ကွင်းကို တစ်သက်မေ့နိုင်ကြတော့မည် မဟုတ်ပေ။ နတ်သစ်ပင်က ကောင်းကင်ကို ထိုးဖောက်ကာ အကိုင်းအခက်နှင့် အရွက်များ ကျဆင်းလာသောအခါ ထိုရန်ဟောင်များက သေးနုပ်သော ပုရွက်ဆိတ်များကဲ့သို့ အသတ်ခံလိုက်ကြရသည်။
***