ပေါင်းစပ်နိယာမခြောက်ခု...
Vol. 36 Ch. 553
လမ်းညွှန်မှုလမ်းကြောင်းအတွင်း ကြီးမားသော အသက်နှင့် သေခြင်းနိယာမများက အဆက်မပြတ် ရောယှက်ပြီး တည်ငြိမ်သော စက်ဝန်းပုံစံတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် လင်းယွမ်တည်ဆောက်ထားသော စက်ဝန်းပုံစံက လမ်းညွှန်လမ်းကြောင်း၏ စက်ဝန်းပုံစံမှ သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။
လင်းယွမ်က အံ့ဩခြင်းမရှိပေ။ လမ်းညွှန်မှုလမ်းကြောင်းအတွင်း သေခြင်းရှင်ခြင်းနိယာမက စတုတ္ထအဆင့် ပေါင်းစပ်နိယာမတစ်ခုဖြစ်လေသည်။ သူက ဒုတိယအဆင့်တွင်သာ ရှိသောကြောင့် သက်ရောက်မှုရှိစေရန် ခက်ခဲလေသည်။
လမ်းညွှန်မှုလမ်းကြောင်း၏ အပြင်ဘက်တွင် အနက်ရောင်ဝတ်ရုံနှင့်လူက ပေါ်လာသည်။
" ဟင် ဒီနေရာက အသက်နဲ့ သေခြင်းနိယာမရဲ့ဟန်ချက်ညီမှုကို ပြင်ပစွမ်းအားတစ်ခုက သက်ရောက်မှုရှိစေတာလား။ " အနက်ရောင်ဝတ်ရုံနှင့်လူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ယဇ်ပလ္လင်၏ စိတ်ဝိညာဉ်အနေဖြင့် သူက လမ်းညွှန်မှုလမ်းကြောင်းအတွင်း ပြောင်းလဲမှုမှန်သမျှကို သိနိုင်လေသည်။
" လမ်းညွှန်မှုလမ်းကြောင်းအတွင်းက သေခြင်းရှင်ခြင်းနိယာမရဲ့ ဟန်ချက်ညီမှုကို သေခြင်းရှင်ခြင်းနိယာမ ကိုင်စွဲထားသူတွေပဲ သက်ရောက်မှုဖြစ်စေနိုင်တယ်။ အဲ့ဒီကောင်လေးက သေခြင်းရှင်ခြင်းနိယာမကို ဒုတိယအဆင့်ထိ ကျင့်ကြံနိုင်သွားပြီလား။ " အနက်ရောင်ဝတ်ရုံနှင့်လူက နားလည်သွားသည်။
" ဒုတိယအဆင့်.... ဘယ်လောက်တောင်ကြာသေးလို့လဲ။ " သူက မှင်သက်နေမိသည်။
သူက သေခြင်းရှင်ခြင်းနိယာမ၏ ဒုတိယအဆင့်မှာ အထင်ကြီးစရာမကောင်းသည်ကို သိလေသည်။ ၎င်းက အလွှာဆယ့်တစ်သက်ရှိတစ်ယောက်အတွက် သာမန်စံနှုန်းတစ်ခုသာဖြစ်သည်။ သို့သော် သူ့ကို အံ့ဩစေသည်မှာ လွန်ခဲ့သော နှစ်ငါးဆယ်က သေခြင်းရှင်ခြင်းနိယာမအပေါ် လင်းယွမ်၏ နားလည်မှုက မိတ်ဆက်အဆင့်သာ ရှိလေသည်။ ယခု နှစ်ငါးဆယ်ကြာပြီးနောက် သူက ဒုတိယအဆင့်သို့ တိုးတက်သွားခဲ့သည်။
" အချိန်စီးဆင်းမှုက ပြောင်းလဲတာမရှိဘူး။ " လင်းယွမ်က ပင်မအချိန်စီးဆင်မှုအတိုင်း သွားနေသည်ကို သူက အတည်ပြုခဲ့သည်။
လမ်းညွှန်မှုလမ်းကြောင်းအတွင်းမှ သေခြင်းရှင်ခြင်းနိယာမ၏ အနှစ်သာရက ဆင့်ကဲပြောင်းလဲသူများကို နှစ်ပေါင်းတစ်သောင်းလောက် ပိတ်မိစေသော အတားအဆီးများကို နှစ်ပေါင်းခုနှစ်ထောင်မှ ရှစ်ထောင်အတွင်း နားလည်သွားစေနိုင်လေသည်။ ၎င်းက အနည်းငယ် လွယ်ကူသွားစေရုံသာဖြစ်ပြီး အခက်အခဲကို သုညအထိ တိုက်ရိုက်လျှော့ချခြင်းမဟုတ်ပေ။
ဥပမာ ဒုတိယအဆင့် အဓိကနိယာမများကို နည်းနည်းပိုစော၍ နားလည်စေခြင်းက လူတစ်ယောက်ကို သူတို့၏ သက်တမ်းမကုန်ဆုံးမီ အလွှာဆယ့်တစ်သို့ ထိုးဖောက်နိုင်ရန် ခွင့်ပြုပေးနိုင်လေသည်။
ယခုအချိန်တွင် လင်းယွမ်၏ စွမ်းဆောင်ရည်က အနက်ရောင်ဝတ်ရုံနှင့်လူကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေလေသည်။
လွန်ခဲ့သော နှစ်ငါးဆယ်ကျော်အတွင်း လင်းယွမ်က အခြားအဓိကပေါင်းစပ်နိယာမများကိုလည်း နားလည်ခဲ့ပြီး အခြားတံခါးများ၏ လမ်းညွှန်မှုလမ်းကြောင်းများသို့ ကိုယ်ပွားများ စေလွှတ်ထားခဲ့သည်။ ဆိုလိုသည်မှာ နှစ်ငါးဆယ်အတွင်း သေခြင်းရှင်ခြင်းနိယာမအပေါ် လင်းယွမ်သုံးစွဲခဲ့သောအချိန်က အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။
" ကြောက်စရာပဲ။ " အနက်ရောင်ဝတ်ရုံနှင့်လူက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ သူ၏ မှတ်ဉာဏ်က ချို့တဲ့နေသော်လည်း လင်းယွမ်၏ နားလည်နိုင်စွမ်းက ကြောက်စရာကောင်းသည်ကို ခန့်မှန်းမိလေသည်။
" ငါ အခု အလွှာဆယ့်တစ်ကို တက်လှမ်းနိုင်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။
အလွှာတစ်ဆယ်မှ အလွှာဆယ့်တစ်သို့ တက်လှမ်းရန် သတ်မှတ်ချက်က အဓိကပေါင်းစပ်နိယာမတစ်ခုကို ဒုတိယအဆင့်ထိ ကျင့်ကြံနိုင်ရန်ဖြစ်သည်။ ၎င်းက ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ် စသည့်လိုအပ်ချက်များရှိသော်လည်း လင်းယွမ်၏ အခြေခံအုတ်မြစ်က အားလုံး ပြည့်စုံနေပြီဖြစ်သည်။
ဆိုလိုသည်မှာ လင်းယွမ်သာ အလိုရှိလျှင် အလွှာဆယ့်တစ်သို့ တက်လှမ်းနိုင်လေသည်။ အလွှာတစ်ဆယ်သို့ ဝင်ရောက်ပြီးနောက် နှစ်ငါးဆယ်အတွင်း အလွှာဆယ့်တစ်သို့ တက်လှမ်းနိုင်သည်။ ထိုအကြောင်းသာ ပျံ့နှံ့သွားလျှင် အလွှာတစ်ဆယ် သက်ရှိများ ရူးသွပ်သွားနိုင်ပြီး အလွှာဆယ့်တစ်သက်ရှိများက ယုံကြည်နိုင်မည်မဟုတ်ပေ။
အလွှာတစ်ဆယ်မှ အလွှာဆယ့်တစ်သို့ တက်လှမ်းခြင်းက အသက်အနှစ်သာရ၏ တက်လှမ်းခြင်းဖြစ်သည်။ ထိုအဆင့်တွင် နှစ်သန်းပေါင်းများစွာ နေထိုင်ခဲ့သော သက်ရှိများ ရှိကြလေသည်။
" အလျင်မလိုဘူး။ ငါ အခု အနက်ရောင်ဂြိုလ်ပေါ်က တံခါးဆယ့်နှစ်ခုရဲ့ လမ်းညွှန်မှုလမ်းကြောင်း ဆယ့်နှစ်ခုထဲက ခြောက်ခုကို နားလည်နေတုန်းပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
အလွှာဆယ့်တစ်သို့ တက်လှမ်းရန် ထင်ရှားသော အကျိုးမရှိသောကြောင့် အဆင့်တက်မည့်စိတ်ကူးကို ဘေးဖယ်ထားလိုက်သည်။ ပစ္စုပ္ပန်တွင် လင်းယွမ်က ဖိအားမရှိပေ။ လူသားမျိုးနွယ်၏ ကာကွယ်မှုဖြင့် သူက နောက်ကျမှ အလွှာဆယ့်တစ်သို့ တက်လှမ်းလည်း ကိစ္စမရှိပေ။
ထို့အပြင် သူက အလွှာဆယ့်တစ်သို့ တက်လှမ်းပြီးလျှင် အနက်ရောင်ဂြိုလ်ပေါ်မှ ကျန်ရှိသော တံခါးများကို ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။ အနက်ရောင်ဂြိုလ်က အလွှာတစ်ဆယ် အမွေအနှစ်ဂြိုလ်ဖြစ်ပြီး အလွှာတစ်ဆယ်သက်ရှိများသာ ဝင်ရောက်ခွင့်ရှိလေသည်။ အလွှာဆယ့်တစ်သက်ရှိများ ဝင်ရောက်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် လင်းယွမ်အတွက် အကောင်းဆုံး ရွေးချယ်မှုမှာ အနက်ရောင်ဂြိုလ်ပေါ်မှ တံခါးဆယ့်နှစ်ခုနှင့် သက်ဆိုင်သော ပေါင်းစပ်နိယာမများကို နားလည်ပြီး ကိုယ်ပွားများကို လမ်းညွှန်မှုလမ်းကြောင်းများသို့ စေလွှတ်ရမည်ဖြစ်သည်။ ကိုယ်ပွားများက လမ်းညွှန်မှုလမ်းကြောင်းများသို့ ဝင်ရောက်ထားလျှင် လင်းယွမ်က အလွှာဆယ့်တစ်သို့ တက်လှမ်းခဲ့လျှင်တောင် နှင်ထုတ်ခံရတော့မည်မဟုတ်ပေ။
ထို့အပြင် အလွှာတစ်ဆယ်တွင် ပေါင်းစပ်နိယာမများကို ပို၍ နားလည်လေ ပို၍ အကျိုးရှိလေဖြစ်သည်။ ထို့ကြောင့် မည်သည့်ရှုထောင့်မှဖြစ်စေ လင်းယွမ်က အလွှာဆယ့်တစ်သို့ အလျင်စလို တက်လှမ်းရန် အကြောင်းပြချက်မရှိပေ။
အခြားအလွှာတစ်ဆယ်အထွတ်အထိပ်များက အဓိကပေါင်းစပ်နိယာမတစ်ခုကို ဒုတိယအဆင့်ထိ မြှင့်တင်ပြီးနောက် အလွှာဆယ့်တစ်သို့ တက်လှမ်းရန် တုန့်ဆိုင်းနေကြမည်မဟုတ်ပေ။ ၎င်းက အလွှာတစ်ဆယ်တွင် သူတို့၏ အလားအလာက အကန့်အသတ်သို့ ရောက်နေပြီဖြစ်ပြီး ထပ်မံအချိန်ဆွဲရန် အကြောင်းပြချက်မရှိသောကြောင့်ဖြစ်သည်။
" နှစ်ငါးဆယ်အတွင်းမှာ သေခြင်းရှင်ခြင်းနိယာမနဲ့ မဟာဖျက်ဆီးခြင်းနိယာမအပြင် အခြားပေါင်းစပ်နိယာမလေးခုကိုလည်း နားလည်ခဲ့ပြီးပြီ။ " လင်းယွမ်က တွေးလိုက်သည်။
ပေါင်းစပ်နိယာမများစွာ ရှိသော်လည်း အနက်ရောင်ဂြိုလ်မှ တံခါးများ၏ နောက်မှ လမ်းညွှန်မှုလမ်းကြောင်းများ၏ သက်ရောက်မှုကို သိနေသောကြောင့် လင်းယွမ်က ထိုပေါင်းစပ်နိယာမ ဆယ့်နှစ်ခုကိုသာ အာရုံစိုက်ထားခဲ့သည်။
" ငါ အခုနားလည်ထားတဲ့ ပေါင်းစပ်နိယာမခြောက်ခုက အဓိကနိယာမနှစ်ခုကြား ရိုးရှင်းတဲ့ ပေါင်းစပ်မှုတွေပဲ။ ကျန်တဲ့ ခြောက်ခုက ပိုခက်ခဲလာတယ်။ အဲ့ဒါက အဓိကနိယာမ သုံးခု၊ လေးခုအပြင် ငါးခုပေါင်းစပ်တာတွေတောင် ပါနေတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
ပေါင်းစပ်နိယာမတွင် ပါဝင်သော အဓိကနိယာမအရေအတွက်က နောက်ဆုံး ပေါင်းစပ်နိယာမ၏ အဆင့်ကို ဆုံးဖြတ်ပေးလေသည်။
" ဖြည်းဖြည်းပေါ့။ ငါမှာ အချိန်အများကြီး ကျန်ပါသေးတယ်။ " လင်းယွမ်က တွေးလိုက်သည်။ အလွှာတစ်ဆယ်သက်ရှိတစ်ယောက်က နှစ်ပေါင်းသန်းတစ်ရာကျော်အေယင် အသက်ရှင်နိုင်လေသည်။
" အချိန်နိယာမကို လေဟာနယ်နိယာမနဲ့ ပေါင်းစပ်ဖို့ နှစ်ခုလုံးက အဓိက နိယာမတွေပဲ။ " လင်းယွမ်က နှစ်များတစ်လျှောက် အချိန်လေဟာနယ်တွင် သူ၏ ကြိုးစားမှုများကို တွေးလိုက်သည်။
အချိန်နိယာမကို သာမန်နိယာမတစ်ခုနှင့် ပေါင်းစပ်လျှက်တောင် ပုံမှန်ပေါင်းစပ်နိယာမများထက် ပို၍ အစွမ်းထက်လေသည်။
" အချိန်နဲ့ လေဟာနယ်ကို ပေါင်းစပ်ပြီး အချိန်လေဟာနယ်နိယာမကို ပဉ္စမအဆင့်ထိ မြှင့်တင်တာက အလွှာဆယ့်တစ်သက်ရှိတွေ အလွှာဆယ့်နှစ်ကို ကြိုးစားဖို့ သတ်မှတ်ချက်တွေထဲက တစ်ခုပဲ။"
ကြီးမြတ်သူများအတွက် အရေးကြီးဆုံးကဏ္ဍမှာ အချိန်မြစ်၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ရန်ဖြစ်ပြီး ၎င်းက အချိန်နှင့် လေဟာနယ်ကို ထိန်းချုပ်ရန် လိုအပ်လေသည်။ ထို့အပြင် ဒဏ္ဍာရီထဲမှ ဖရိုဖရဲနိယာမများကို နားလည်ခြင်းကလည်း ကြီးမြတ်သူဖြစ်လာရန် များစွာ အထောက်အကူ ပြုလေသည်။
" ဖရိုဖရဲသလင်းကျောက် " လင်းယွမ်က မီးခိုးရောင်သခင်းကျောက်တစ်ခုကို ထုတ်လိုက်ပြီး ၎င်းအတွင်း နိယာမအများအပြားက ပေါင်းစပ်လိုက် ပြန့်ကျဲလိုက်ဖြစ်နေသည်။
" ဒါက ဆယ်ဆ အဆတစ်ရာ ပိုကြီးခဲ့ရင် ငါ့ကို အနက်ရောင်ဂြိုလ်ထက် ပိုပြီး ကူညီပေးနိုင်လိမ့်မယ်။ "
ဖရိုဖရဲသလင်းကျောက်က အလွန်သေးငယ်ပြီး ၎င်းတွင်ပါဝင်သော နိယာမအနှစ်သာရများက မရှင်းလင်းပေ။
စစ်မြေပြင် A098။
ထိုက်ယန်မူလစိတ်ဝိညာဉ်က မိုင်ထောင်ချီကျယ်ပြန့်သော ထာဝရလေဟာနယ်အက်ကြောင်းအောက်တွင် ထိုင်နေသည်။
" မကြာသေးခင်က အင်းဆက်မျိုးနွယ်က စစ်ပွဲကို ပြင်းထန်စေဖို့ အလွှာဆယ့်တစ် တော်တော်များကို ဖိတ်ခေါ်ခဲ့တယ်။ "
ထိုက်ယန်မူလစိတ်ဝိညာဉ်က ထာဝရလေဟာနယ်အက်ကြောင်းမှ မထွက်သွားသော်လည်း မူလခန္ဓာကိုယ်က စစ်မြေပြင်အကြောင်း အချက်အလက်များကို အဆက်မပြတ် စုဆောင်းနေခဲ့သည်။ နောက်ဆုံးတွင် သူက စစ်မြေပြင်မှ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုစည်းမှုအရှိန်ကို အတော်လေး ကျေနပ်နေခဲ့သည်။ ကြီးမားသော အကြောင်းပြချက်မရှိလျှင် သူက စစ်မြေပြင်မှ ထွက်သွားမည်မဟုတ်ပေ။
" အခု ငါ့မှာ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် ငါးရာနီးပါးရှိနေပြီ။ အများစုက ဒီမှာ စုဆောင်းထားတာပဲ။ " ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် ငါးရာနီးပါးက လင်းယွမ်ကို ကြွယ်ဝသော ခံစားချက် ပေးစွမ်းနိုင်လေသည်။
" စစ်ပွဲက သိပ်မပြင်းထန်ဖို့ မျှော်လင့်ရမှာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
သမိုင်းဝင်စစ်ပွဲများက စစ်မြေပြင်များကို ဖျက်ဆီးခဲ့ပြီး ကြီးမြတ်သူများကိုယ်တိုင် ကြားဝင်ခဲ့ရလေသည်။ ထိုအဆင့်သို့ ရောက်လျှင် လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို စုဆောင်းရန် အချိန်ရှိတော့မည်မဟုတ်ပေ။
" လွန်ခဲ့တဲ့ နှစ်ငါးဆယ်က စကြာဝဠာအပြင်ဘက်က လာတဲ့ အော်ရိုရာကို ကြီးမြတ်သူတွေက ဘယ်လိုကိုင်တွယ်ခဲ့တာလဲ။ "