ကောင်းကင်ပြက္ခဒိန် ၁၀၀၅၈ ခုနှစ်
Vol. 146 Ch. 2079
လိပ်နတ်ဘုရားကျွန်းစုတောင် အနောက်ဘက်မှ ကျင့်ကြံရေးနေရာတွင် အဖြူရောင်ဆံပင်နှင့် ပုံရိပ်က တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေခဲ့သည်။ ထိုသူသည် ရီဖူရှင်း ဖြစ်သည်။
ထိုအချိန်တွင် ရီဖူရှင်း၏ သက်စောင့်ဟော်နန်းအတွင်း ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ သူ့ရှေ့တွင် နတ်နှလုံးသားတစ်ခုက လေထဲ၌ မျောလွင့်နေ၏။ နတ်နှလုံးသားအနီးတွင် အဆုံးမဲ့ ကြီးမားသော ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းမှာ ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ ပုံရိပ်ဖြစ်သည်။
သက်စောင့်ဟော်နန်းအတွင်း ကောင်းကင်နှင့် မြေကြီးတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ရှိနေသည်။ ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ တောင်ပံများက ဖြန့်ကျက်လာသောအခါ အဆုံးမဲ့လေဟာနယ်ကို ကာရံပြီး နေမင်းကို ပိတ်ဆို့တားဆီးထား၏။ ၎င်းတွင် ရတနာတို့နှင့် ဆင်ယင်ထားသော ရောင်စဉ်ဖြာနေသည့် နတ်တောင်ပံများရှိပြီး မှန်စီရွှေချထားသလို နတ်ရောင်ဝါများ ရောင်ပြန်ဟပ်နေကာ အဆုံးမဲ့လေဟာနယ်အား ဖုံးလွှမ်းထားသည်။ နတ်အလင်းတို့ ထွန်းလင်းနေသော နေရာတိုင်းက ဥဒေါင်းမိစ္ဆာနတ်ဘုရားနှင့် သက်ဆိုင်သကဲ့သို့ ထင်မှတ်ရသည်။
ထိုနတ်နှလုံးသားက ကောင်းကင်နှင့်မြေကြီးကြားမှ မဟာလမ်းစဉ် စွမ်းအားများကို လောဘတကြီး စုပ်ယူဝါးမြိုနေပြီး မဟာလမ်းစဉ်စွမ်းအင်လှိုင်းများက ရစ်ပတ်နေသည့် မြင်ကွင်းကို ဖန်တီးထားသည်။ ရီဖူရှင်းသည် ဥဒေါင်းမိစ္ဆာနတ်ဘုရားက ဤလောက၌ တည်ရှိခဲ့ကြောင်း ခံစားမိ၏။ သူ့စွမ်းအားနှင့် ရီဖူရှင်း၏ သက်စောင့်ဟော်နန်းကမ္ဘာက တူညီကာ တစ်သားတည်း ဖြစ်နေသည်။
ထိုသည်မှာ ရီဖူရှင်းအား သူ၏ ကိုယ်ပိုင်လမ်းစဉ်ကို တွေ့ကြုံခံစားမိစဉ်က ကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းသည်။ သူသည် ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ရန် ကံကြမ္မာရှိပုံပေါ်သည်။
အလွန်ခမ်းနားလှသည့် နတ်ဘုရားများလောကအတွင်း ရီဖူရှင်းသည် ရှေးဟောင်းအရှိန်အဝါကို ခပ်ရေးရေး ခံစားမိသည်။ နတ်ဘုရားများ ဘုံအတွင်းတွင် ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ တောင်ပံရှိ ရတနာများမှ ထွက်ပေါ်လာသော အလင်းနှင့် ထိတွေ့မိသည့် နေရာတိုင်းက ပြိုကွဲပျက်စီးသွားသည်။ သူတို့ လျှို့ဝှက်နယ်မြေအတွင်းရှိစဉ်က အရာအားလုံးက ဖျက်ဆီးခံလိုက်ရပြီး ရန်ဟောင်များမှာ သတ်ဖြတ်ခံလိုက်ရသည်။
ရီဖူရှင်းက သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး သလင်းကဲ့သို့ ကြည်လင်သော မိစ္ဆာနတ်ဘုရား၏ နှလုံးသားကို စိုက်ကြည့်လိုက်သည်။ ထိုအရာမှာ မိစ္ဆာနတ်ဘုရား၏ နှလုံးသားဖြစ်ပြီး စစ်မှန်သော နတ်ရတနာဖြစ်ကာ ယခု သူ၏ စိတ်ဝိညာဉ်နှင့် တစ်သားတည်း ဖြစ်လာပြီ ဖြစ်၏။ သူက ထိုအရာကို သန့်စင်လိုက်လျှင် မည်သို့ ဖြစ်လိမ့်မည်နည်း။
သူသည် ထိုသို့ တွေးလိုက်မိသည့်အခါ ရှေးဟောင်းကမ္ဘာ့သစ်ပင်၏ မရေတွက်နိုင်သော အကိုင်းအခက်နှင့် အရွက်များက ကခုန်နေပြီး မိစ္ဆာနတ်ဘုရား၏ နှလုံးသားထံ တိုးဝင်သွားကာ ၎င်းကို ဖုံးလွှမ်းလိုက်သည်။ ထို့နောက် ၎င်းကို ရှေးဟောင်းကမ္ဘာ့သစ်ပင်အတွင်းသို့ ဆွဲယူဝါးမြိုလိုက်သည်။ ရှေးဟောင်းအကိုင်းအခက်နှင့် အရွက်များက ၎င်း၏ စွမ်းအားကို စုပ်ယူကာ စိတ်ဝိညာဉ်စွမ်းအားများအဖြစ် ပေါင်းစပ်အားဖြည့်လိုက်တော့သည်။ထိုအချိန်၌ အပြင်ဘက်လောကတွင် အဆုံးမဲ့ အကိုင်းအခက်နှင့် အရွက်များက ထိုးထွက်လာကာ ထိုနေရာ၌ ထိုင်နေသည့် ရီဖူရှင်းပေါ် ပေါက်ပေါက်လာခဲ့သည်။ အမြစ်များက သူ၏ ခြေထောက်အောက် ရှိနေခဲ့ပြီး ကမ္ဘာ့အတွင်းပိုင်းသို့ တိုးဝင်သွားသည်။ သူ့တစ်ကိုယ်လုံးက ရှေးဟောင်းသစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရ၏။
တဖြေးဖြေးနှင့် ရီဖူရှင်းသည် ထူးခြားဆန်းကြယ်သော လောကအတွင်း ကျရောက်သွားတော့သည်။ ထိုထူးခြားဆန်းကြယ်သော ခံစားချက်သည် သူက နတ်သစ်ပင်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရပြီး ထိုရှေးဟောင်းအကိုင်းအခက်နှင့် အရွက်များက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရကာ သူ၏ အသက်စွမ်းအားက အလွန် အားကောင်းခိုင်မာလာသည်။
ဒုန်း... ဒုန်း....
နှလုံးခုန်သံများက ကျယ်လောင်လာ၏။ ရီဖူရှင်း၏ မျက်ခုံးများက စုကျုံ့သွားသည်။ ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ နတ်နှလုံးသား စွမ်းအားက သူ့ခန္ဓာကိုယ်နေရာအနှံ့တွင် စီးဆင်းနေပြီး သူ့သွေးများအတွင်း နစ်မြုပ်သွား၏။ သူ့နှလုံးသားက ၎င်းနှင့် တသားတည်း ဖြစ်သွားကာ ပြင်းထန်စွာ ခုန်လှုပ်လာသည်ကို ခံစားမိသည်။
ထိုသို့သော ခံစားချက်မှာ သူ့ကို လျှို့ဝှက်နယ်မြေအတွင်း မိစ္ဆာနတ်ဘုရားမျှော်စင်၏ အပြင်ဘက်၌ ရပ်နေသလို ထင်မှတ်မိစေသည်။ သို့သော် စိတ်ဝိညာဉ်က ထိုနတ်နှလုံးသားကို ဝါးမြိုလိုက်သည်နှင့် ၎င်းခံစားချက်က တည်ငြိမ်လာတော့သည်။
သို့သော်လည်း ၎င်းက ယခုတစ်ကြိမ်၌ ပြန်လည် ဖြစ်ပေါ်လာပြီဖြစ်ကာ ဤတစ်ကြိမ်၌ ပို၍ပင် ပြင်းထန်လာတော့သည်။ သူ့နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်နေသည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများက အရူးအမူးအော်မြည်ကာ လှုပ်ရှားနေခဲ့၏။
ဘုန်း...
ရီဖူရှင်းသည် နတ်အလင်းတစ်ခုက နတ်နှလုံးသားနှင့် သူ့ကိုယ်ပိုင်နှလုံးသားကို ထိုးဖောက်သွားသလို ခံစားရသည်။ သူက ရှင်းပြ၍မရနိုင်သော ခံစားချက်ကို ခံစားလိုက်ရပြီး ထိုနှစ်ခုက သေချာသော ဆက်သွယ်ချက် ရှိသွားသကဲ့သို့ ထင်မှတ်ရ၏။ သူ၏ စိတ်ဝိညာဉ်လောကအတွင်းတွင် ရှေးဟောင်းသစ်ပင်က လွှမ်းခြုံထားပြီး ရီဖူရှင်း၏ နှလုံးသား၌ တောက်ပသော နတ်အလင်းတန်းတစ်ခု ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
၎င်းသည် ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလွန် တောင့်တင်းလာစေသည်။ ၎င်းမှာ သူ၏ နှလုံးသားနှင့် ရှင်းမပြတတ်သော ဆက်သွယ်မှု ဖြစ်တည်လာသည့် မိစ္ဆာနတ်ဘုရား၏ နတ်နှလုံးသားစွမ်းအင်ကြောင့် ဖြစ်ပုံရသည်။ သူက နည်းနည်းလေးဂရုမစိုက်မိလျှင်ပင် သူ့ နှလုံးသားသည် ပေါက်ကွဲသွားလိမ့်မည်ဖြစ်၏။
သူ့ နှလုံးခုန်သံက ကြောက်မက်ဖွယ် ကောင်းလောက်အောင် လျင်မြန်လာသည်။ သူသည် ပြင်းထန်လှသော နှလုံးခုန်သံကို ကြားနေရ၏။ သူ့ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအားက ပေါက်ကွဲထွက်လာပြီး ရှေးဟောင်းကမ္ဘာ့သစ်ပင်၏ စွမ်းအင်လှိုင်းများက နှလုံးသားဆီသို့ ရောက်ရှိလာသည်။ သူက ၎င်းကို ကာကွယ်ရန် ကြိုးစားသော်လည်း နတ်နှလုံးသားက သူ၏ ကိုယ်ပိုင်နှလုံးသားနှင့် ဆက်သွယ်ချက်ကို စတင်တည်ဆောက်နေသည်။
ဘုန်း.. ဘုန်း...
ထိုအချိန်တွင် နတ်သစ်ပင်၏ အကိုင်းအခက် အရွက်များနှင့် ရစ်ပတ်ခံထားရသော ရီဖူရှင်းက ကြမ်းတမ်းစွာ ခုန်လှုပ်နေသော နှလုံးသားမှ အလင်းများ ပေါက်ကွဲထွက်လာသည်ကို သိလိုက်ရသည်။ သန့်စင်တောက်ပသော အလင်းများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို တော်ဝင်ရောင်ဝါတို့နှင့် လွှမ်းခြုံထားသည်။ ထိုအချိန်တွင် ရီဖူရှင်း၏ အသက်စွမ်းအားက အလွန် ပြင်းထန်နေပြီး ရှေးဟောင်းသစ်ပင်သည်ပင် ထွက်ပေါ်လာသည့် နတ်အလင်းတို့ကို မရပ်တန့်နိုင်ဘဲ ကောင်းကင်သို့ ထိုးဖောက်သွားခဲ့သည်။
ဘုန်း...
ရုတ်တရက် ဆန့်ကျင်ဘက်တောင်ထွတ်တွင် လူနှစ်ယောက် ထွက်ပေါ်လာ၏။ သူတို့က အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်တို့ ဖြစ်သည်။ သူတို့သည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် မြင်ကွင်းကိုမြင်လိုက်ရပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ သို့သော် သူတို့က ရီဖူရှင်း၌ ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိသည်ကို သိကြ၏။ မူလဘုံမှလာသော ဤပါရမီရှင်က သူတို့အမြင်၌ နင်ဟွာ၏ ပါရမီအောက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။
အင်ပါယာရှီက လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ကြီး ချက်ချင်းပင် ထိုနေရာမှ နတ်အလင်းများ အပြင်သို့ ထွက်သွားခြင်းကို တားဆီးရန် လေဟာနယ်အား ချိပ်ပိတ်လိုက်သည်။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ရီဖူရှင်း၏ ရှုံ့တွနေသော မျက်နှာကို မြင်သည့်အခါ သူက မေးလိုက်သည်။ "ဆရာ.. ကျွန်တော်တို့ ဝင်ပါသင့်လား။" အင်ပါယာရှီက ခေါင်းယမ်းရင်း ပြောလိုက်သည်။ "ဒါက သူ့ရဲ့ မဟာလမ်းစဉ် အခွင့်အရေးပဲ။ သူကိုယ်တိုင်ပေါ်မှာပဲ မူတည်တယ်။ ထားလိုက်ပါ။"
မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ခေါင်းညိတ်လိုက်သည်။ သူသည် ရီဖူရှင်းက ဤအခိုက်အတန့်အား မည်သို့ ဖြတ်ကျော်မည်ကို မသိပေ။ သို့သော် သူ့ခန္ဓာကိုယ်တွင် စိမ့်ဝင်ပျံ့နှံ့နေသည့် ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ စွမ်းအားများကို မြင်သောအခါ ၎င်းသည် နယ်မြေသခင်အိမ်တော်၏ လျှို့ဝှက်နယ်မြေအတွင်းမှ လျှို့ဝှက်ချက်နှင့် ဆက်စပ်နိုင်ကြောင်း တွေးမိလိုက်သည်။
ရီဖူရှင်းက ထိုစွမ်းအားကို သန့်စင်နိုင်ပုံရသည်။
ရီဖူရှင်းသည် ဆယ့်လေးရက်ပတ်လုံး အိပ်မက်ကမ္ဘာအတွင်း ကျရောက်နေခဲ့၏။ သူက အချိန်ရေများစွာ အန္တရာယ်တို့ တွေ့ကြုံရပေမယ့် အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်တို့က ထိုနေရာ၌ ထိုင်၍ စောင့်ကြည့်နေကာ ဝင်မစွက်ဖက်ခဲ့ပေ။ သူတို့က အခြားလူများကိုလည်း ဤနေရာသို့ လာနှောက်ယှက်ရန် ခွင့်ပြုမထားဘဲ ရီဖူရှင်းကို ကိုယ်တိုင်ကျင့်ကြံနိုင်ရန် ခွင့်ပြုထားသည်။ဆယ့်လေးရက်ကြာပြီးနောက် ရီဖူရှင်းထံမှ ပြိုင်ဘက်ကင်း ရောင်ဝါတို့ ပေါက်ကွဲထွက်လာသည်။ သူ၏ တစ်ကိုယ်လုံးက အတော်လေး ပြောင်းလဲသွားခဲ့သည်။ သူ၏ တိကျသေသပ်ကာ ချောမောသည့်မျက်နှာက ပို၍ ဆွဲဆောင်မှု ရှိလာပြီး ထက်မြက်ကာ သိမ်မွေ့သည့် အရှိန်အဝါတို့ ရှိနေသည်။
"သူ အောင်မြင်သွားပြီပဲ။" အင်ပါယာရှီ နှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်တို့၏ မျက်လုံးများထဲ၌ အပြုံးတို့ ရှိနေခဲ့သည်။ သူတို့သည် ရီဖူရှင်းက ပြောင်းလဲမှုအချို့ ရှိသွားသည်ကို သိသော်လည်း တိတိကျကျ မပြောတတ်ကြပေ။ ကြည့်ရသည်မှာ သူသည် အချို့သော အစွမ်းထက်အင်အားနှင့် ပေါင်းစပ်သွားပုံရသည်။"သွားကြစို့။" သူတို့နှစ်ယောက်က ထိပ်ဆုံး၌ ရှိနေသူများဖြစ်ပြီး မည်သည့် တပ်မက်မှုမှ မရှိသလို နတ်ရတနာများကို လိုချင်စိတ်လည်း မရှိပေ။ သူတို့သာ ထိုသို့သော ပုဂ္ဂိုလ်များဖြစ်နေလျှင် ရီဖူရှင်းကို ကူညီရန် အကြောင်းမရှိပေ။ သူတို့က သူ့ထံမှ ထိုလျှို့ဝှက်ချက်များကို ရယူနိုင်သည်။
ထိုနှစ်ယောက်ရှေ့တွင် ရီဖူရှင်းထံ၌ ပြန်တိုက်ခိုက်ရန် စွမ်းရည်မရှိပေ။ ဤသည်မှာ ရီဖူရှင်းက မည်သည့်အတွက်အေးချမ်းစွာ ကျင့်ကြံနိုင်ရသလဲဟူသည်ပင် ဖြစ်၏။ အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် နှစ်ယောက်လုံးက ထူးချွန်ထက်မြက်ကာ သာမန်မဟုတ်သော စိတ်ထားတို့နှင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်သည်။ သူတို့က ရတနာကို လိုချင်ခဲ့လျှင် ဟန်ဆောင်နေရန် မလိုအပ်ပေ။ သူတို့က သူ့ထံမှ တိုက်ရိုက်ယူဆောင်သွား၍ ရသည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ရီဖူရှင်းက ထိုနေရာ၌ ထိုင်နေဆဲဖြစ်ကာ အစွမ်းထက်သည့်မြင်ကွင်းကို ဖြစ်ပေါ်နေစေသည်။ အဆုံးမဲ့လောကအတွင်း၌ ဥဒေါင်းမိစ္ဆာနတ်ဘုရားက ကောင်းကင်နှင့် မြေကြီးအကြားရပ်နေသည်။ ၎င်း၏ နတ်တောင်ပံများက ဖြန့်ကျက်လာပြီး တောက်ပသော နတ်အလင်းများ ထုတ်လွှတ်နေ၏။ ယခု သူသည် နတ်နှလုံးသားနှင့် ပေါင်းစပ်သွားပြီး ် ၎င်း၏ အကြောင်းကို ပို၍ နားလည်လာသည်။
သူ့ခန္ဓာကိုယ်အထက်တွင် ပို၍ တည်ငြိမ်သော ခံနိုင်ရည်စွမ်းအားနှင့် ကြီးမားသည့် သစ်ပင်ကြီး ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်အတွင်းမှ နှလုံးခုန်သံက သလင်းကျောက်ကဲ့သို့ အလွန် တောက်ပနေသည်။ ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ နတ်နှလုံးသားက သူ့ကိုယ်ပိုင်နှလုံးသားနှင့် ပေါင်းစပ်သွားသည့်အတွက် သူ့နှလုံးသားက ယခု ခံနိုင်ရည်အပြည့်ဖြစ်သွားလေသည်။ တစ်ချက်ခုန်လိုက်တိုင်း များပြားသော အသက်စွမ်းအားများ ပါဝင်နေပြီး အဆုံးမဲ့ ခွန်အားတို့နှင့် ပြည့်နှက်နေသလို ခံစားရ၏။
ပေါင်းစပ်ပြီးနောက် ရီဖူရှင်းက မရပ်တန့်ဘဲ ဆက်လက်ကျင့်ကြံနေခဲ့သည်။ သူ သန့်စင်လိုက်သည့် စွမ်းအားနှင့် သူ့ကိုယ်သူ ရင်းနှီးအောင်လုပ်ရင်း ပိုအဆင့်မြင့်သော ရလဒ်သို့ ရောက်အောင် မြှင့်တင်နေသည်။
ဤတစ်ကြိမ်၌ အဆင့်မတက်မချင်း ထွက်ခွာလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်း ပြန်ဆုတ်ခွာလာသည့်အခါ နယ်မြေသခင်အိမ်တော်က သူနှင့် ဆေးအင်ပါယာအပြင် အခြားသူများကိုပါ ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့သည်။ နယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များသည်ပင် နတ်သမုဒ္ဒရာကုန်းမြေသို့ ရောက်လာကြသေးသည်။ သို့သော်လည်း လိပ်နတ်ဘုရားကျွန်းစုသို့ ဝင်ရောက်ရန် ကြိုးစားသူများကို မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က မောင်းထုတ်ခဲ့သည်။ ဤကြီးမြတ်သော ပုဂ္ဂိုလ်ကြီးနှစ်ယောက်က လိပ်နတ်ဘုရားကျွန်းစုကို စောင့်ရှောက်နေရာ မည်သူကမှ လှုပ်ရှားမှု မပြုရဲကြပေ။ အထူးသဖြင့် အင်ပါယာရှီကိုယ်တိုင်က နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ဖူးသူ ဖြစ်သည်။ သူတို့အပေါ်၌ နယ်မြေသခင်ကိုယ်တိုင်ပင် ယဉ်ကျေးစွာ ဆက်ဆံရလေရာ မည်သူကမှ ကျွန်းပေါ်သို့ ရှာဖွေရန် မပြောရဲကြပေ။ဆေးအင်ပါယာနှင့် လီချန်ရှန်းတို့သည် အစအနမကျန် ပျောက်ကွယ်သွားလေသည်။ အချို့က ပြောကြသည်မှာ သူတို့က အခြားဘုံများသို့ ထွက်ပြေးသွားသည်ဟု ဖြစ်ကာ အချို့က သူတို့သည် ရီဖူရှင်းကို ခေါ်ဆောင်ကာ ကောင်းကင်ဒေသသို့ အတူ သွားခဲ့ကြပြီး သူတို့ ကျင့်ကြံဆင့်မြင့်မားသည့် နေ့၌ ပြန်လာရန် စောင့်ဆိုင်းနေသည်ဟု ဆိုကြသည်။
သို့သော်လည်း မည်သူကမှ မခန့်မှန်းကြပေ။ ဆေးအင်ပါယာနှင့် ရီဖူရှင်း မည်သည့်နေရာ၌ ရှိကြောင်း မည်သူမှ အတိအကျမသိရှိကြချေ။
အချိန်ကုန်လွန်သွားပြီး ဤမုန်တိုင်းသည်လည်း လောကကြီးက မေ့လုနီးပါး မှေးမှိန်သွားခဲ့သည်။
တုန်းဟွာနယ်မြေက ကျယ်ပြောလှ၏။ ကျင့်ကြံခြင်းလောကတွင် နေ့စဉ်နှင့်အမျှ ပြဿနာများမြောင်လှပြီး နောက်ထပ် အခြားအရေးကြီး ဖြစ်ရပ်များလည်း ပေါ်ပေါက်တတ်ရာ မည်သူကမှ အတိတ်၌ ထာဝရနေမနေနိုင်ကြပေ။
…
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး လောကကြီးကလည်း အဆက်မပြတ် ပြောင်းလဲနေသည်။
အချိန်က လျှပ်စီးကဲ့သို့ပင် မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီ ဖြစ်၏။
ဤနှစ်အတွင်းတွင် တုန်းဟွာနယ်မြေရှိ ကုန်းမြေအားလုံးကို ဖြတ်၍ တုန်လှုပ်သဖွယ် သတင်းများ ရရှိခဲ့ကြသည်။ နယ်မြေအတွင်းမှ ပထမတန်းပါရမီရှင် နင်ဟွာက တုန်းဟွာကျောင်းတော်တွင် အဆင့်ရှစ်ရန်ဟောင်အဖြစ်သို့ အဆင့်တက်သွားကြောင်း ဖြစ်သည်။ ထိုသတင်းက တုန်းဟွာနယ်မြေတစ်ခွင်ကို ပျံ့နှံ့သွားသည်။နင်ဟွာ၏ အဆင့် ချိုးဖျက်မှုက သူသည် ယခုချိန်၌ တုန်းဟွာနယ်မြေအတွင်း ခေါင်းဆောင်ပိုင်းများမှလွဲ၍ အခြားသူများနှင့်ယှဉ်လျှင် ပြိုင်ဘက်ကင်းဟု ဆိုနိုင်သည်။ သူက အမှန်တကယ် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်၏။ အချို့က ပြောကြသည်မှာ နင်ဟွာက ကျွမ်းကျင်သူ ဆရာသခင်အချို့ကိုပင် တိုက်ခိုက်နိုင်သည်ဟု ဖြစ်သည်။ လူအများသည် ထိုသို့သော တိုက်ပွဲမျိုးကို စိတ်ဝင်စားကြသည်။ သို့သော် ဤသို့ ခမ်းနားသည့် တိုက်ပွဲမျိုးက ရှားပါးပြီး အခွင့်အခါသင့်မှ ဖြစ်ပေါ်နိုင်ကြောင်း သိကြသည်။
နင်ဟွာသည် ယခင်ကထက်ပို၍ အထွတ်အထိပ်သို့ ရောက်ရန် နီးကပ်လာပြီး အဆင့်ကိုးရန်ဟောင်ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။ မရေတွက်နိုင်သော လူများက နင်ဟွာအဆင့်ကိုးကို ချိုးဖျက်ဝင်ရောက်နိုင်မည်အား စောင့်ဆိုင်းနေကြ၏။
ရီဖူရှင်း၊ ချန်ယိနှင့် လီချန်ရှန်းတို့ကဲ့သို့ အမည်များက သူတို့၏ စိတ်ထဲမှ တဖြေးဖြေး မေ့ပျောက်လာကြပြီး ရည်ညွှန်းပြောဆိုခြင်း သိပ်မရှိတော့ပေ။ ထိုအကြောင်းအရာများက အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
ကောင်းကင်ပြက္ခဒိန် ၁၀၀၅၈ ခုနှစ်က တုန်းဟွာနယ်မြေအတွက် ထူးခြားသော နှစ်ဖြစ်သည်။ နင်ဟွာ၏ အဆင့်တက်မှုအပြင် ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် လင်းရှောင်နန်းတော်သည် လက်ထပ်ပွဲဖြင့် တရားဝင်မဟာမိတ်များ ဖြစ်လာခဲ့သည်။ သူတို့၏ ပူးပေါင်းမှုက တုန်းဟွာနယ်မြေအတွင်းမှ အခြားသော အစွမ်းထက်အင်အားစုများကို ဖိအားများစွာ ခံစားရစေသည်။
ထို့အပြင် နင်ဟွာက ထိုက်ဟွာတောင်မှ နတ်မိမယ်ထိုက်ဟွာ၏ တာအိုလက်တွဲဖော် ဖြစ်လာလိမ့်မည်ဟု ကောလာဟလလည်း ရှိနေသေးသည်။ ထိုသို့ ဖြစ်လာလျှင် နယ်မြေသခင်အိမ်တော်က အဆင့်တစ်ခုသို့ မြင့်တက်သွားပြီး အကြွင်းမဲ့အုပ်စိုးသူ ဖြစ်လာလိမ့်မည်။
***