အပိုင်း ၈၀၅-၈၀၈
Vol. 41 Ch. 805-808
အပိုင်း ( ၈၀၅ )
ရေခဲသားလား
ရှုကျင်းရှင်းသည် ထိုအချိန်တွင် အတော်လေး စိတ်လှုပ်ရှားနေခဲ့သော်လည်း လူအများကြီးရှေ့၌ လွန်လွန်ကဲကဲ မလုပ်ပြချင်ပေ။
ထိုပုံစံမှာလည်း သူမ၏ စိတ်နေစိတ်ထားနှင့် မကိုက်ညီချေ။
သို့သော် သူမ၏ တုန်ရီနေသော လက်လေးများမှာ သူမခံစားချက်ကို သစ္စာဖောက်နေသည်။
လက်ရှိတွင် သူမတို့သည် ၅သန်းသာ ရရှိထားသေးသော်လည်း အစကောင်းဟု ပြောနိုင်လေသည်။
ကျန်ကျောက်ပုံများထဲမှ ဤကဲ့သို့ အရည်အသွေးတူ နှစ်တုံးကို ထပ်ရလိုက်ပါက သူတို့ နိုင်မည်ဖြစ်သည်။
လီရွေ့၏ အမူအရာမှာ အတော်လေး အကျည်းတန်လာသည်။
ယဲ့ဖန်သည် လက်ရှိတွင် သူ့ကို မကျော်နိုင်သေးသော်လည်း ထိုပစ္စည်း၏ အရည်အသွေးက သူ့ကို အရှက်ရစေလေသည်။
အများမှ သူ့အား ဆရာကြီးဟု ချီးကျူးမြှောက်ပင့်ကြသော်လည်း သူသည် ယွမ်၅သန်းတန်ကျောက်ကို မဖြတ်ဖူးချေ။
ယဲ့ဖန်သည် သူ့အား မထင်မှတ်သော ဖြတ်ရိုက်ချက်တစ်ခု ပေးလိုက်သည်။
လီရွေ့သည် မျက်နှာမကောင်းတော့သည်ကို မြင်ပြီး သူ၏ ပရိတ်သတ်များမှ ချက်ချင်း ရပ်တည်ပေးလိုက်ကြသည်။
" ဟားဟားဟား၊ ဒါက တစ်ခုတည်းပဲ မဟုတ်လား။ ဘာဂုဏ်ယူစရာ ရှိနေလဲ။ ကျန်တဲ့ဟာတွေက အပေါစားတွေလားဆိုတာ ပြောမရဘူး "
" ဟုတ်တယ်။ တစ်ခုတည်းသော ကောင်းတာလေး ဖြစ်နေဦးမယ် "
" အခုမှ ၅သန်းပဲ ရှိသေးတာ။ ဆရာကြီးလီက ၁၅သန်းအပြည့်ပဲ။ ငါတို့ကို မီအောင်သာ အရင်လုပ်စမ်းပါဦး "
" ဒီကလေးက ဒီလောက်ကောင်းတဲ့ပစ္စည်းကို ရွေးနိုင်တာတင် တော်တော်လေး ကံကောင်းနေပါပြီ။ ကံကောင်းတာနဲ့ လီဆရာကြီးရဲ့ ခွန်အားကို ယှဉ်နိုင်ပါ့မလား "
" သတ္တိရှိရင် ဆက်ဖြတ်လေ။ ကြက်ကန်းဆန်အိုးတိုးတာလား၊ အရည်အချင်းရှိလားဆိုတာ ကြည့်ကြသေးတာပေါ့ "
ယဲ့ဖန်သည် လူတိုင်း၏ ပြောနေသံများကို နားထောင်လျက် ခပ်ဖျော့ဖျော့သာ ပြုံးနေသည်။
သူသည် ၅သန်းတန်သော အရောင်မဲ့ရေခဲသားကျောက်ကို အမှိုက်ပစ်သလို ဘေးကိုပစ်လိုက်သည်။
လူတိုင်းမှာ အသည်းနာသွားသလို ခံစားလိုက်ရသည်။
ကျောက်ပုံထဲမှ နောက်ထပ် ကျောက်တစ်တုံးကို အေးဆေးစွာ ရွေးပြီး ကျောက်ဖြတ်စက်ထဲသို့ ထည့်လိုက်ပြန်သည်။
ကျွီ............
နောက်ထပ် ဖြတ်နေသည့် စူးဝါးသော အသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း၏ စိတ်မှာ တင်းမာနေကြပြီး မည်သူမျှ စကားမပြောဖြစ်ကြတော့ပေ။
သို့သော် ဤတစ်ကြိမ် ဖြတ်တောက်မှု ပြီးသည့်နောက် ယဲ့ဖန်မှာ ချက်ချင်း မထုတ်ခဲ့ချေ။
ကျောက်ဖြတ်စက်ရှေ့၌ ခဏ ကစားနေခဲ့သည်။
ထိုမြင်ကွင်းအား လူတိုင်း မြင်သောအခါ သူတို့၏ စိတ်ထဲ၌ ချက်ချင်း အတွေးများသွားခဲ့သည်။
" ပထမတစ်ခုပြီးတော့ ဒီတစ်ခုက ကျောက်ရည်မရှိလို့ ဒီကလေးက ငါတို့မြင်အောင် မထုတ်ပြရဲတာလား "
" အဲ့တာ ဖြစ်နိုင်လောက်မယ်ထင်တယ်။ နှစ်ကြိမ်ဆက်တိုက် နိုင်ဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
" ဟားဟားဟား၊ ကျောက်လောင်းကစားဆရာအသစ်တစ်ယောက် ပေါ်လာတော့မယ်ထင်ထားတာ။ ဒါက ကြွက်သေတစ်ကောင်ကို တွေ့လိုက်ရတဲ့ မျက်ကန်းကြောင်တစ်ကောင် ဖြစ်နေခဲ့တာလား "
" ဆရာကြီးလီရဲ့အနေအထားကို ဒီလိုလူက လှုပ်ခတ်နိုင်မယ်လို့ မင်းက ထင်နေတာလား။ ဒီကလေးက လီဆရာကြီးရဲ့ ဖိနပ်ကိုတောင် သယ်ဖို့ အဆင့်မရှိဘူး "
" ဒီမှာကောင်လေး၊ ခေါင်းမာမနေနဲ့တော့။ အဲ့တာကို ဖယ်ထုတ်ပြီး မင်းရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ကောင်းလဲဆိုတာ ကြည့်ရအောင် "
" ဟုတ်တယ်၊ ထုတ်လိုက်စမ်းပါ။ ကြည့်ပေးမယ်လေ ဟားဟားဟား ........ "
လူတိုင်းသည် ယဲ့ဖန်ကို စတင် လှောင်ရယ်ကြသည်။
သူ့ကိုယ်သူ အရူးလုပ်မိမည်ကို မြင်ချင်နေကြသည်။
လီရွေ့၏ အမူအရာမှာလည်း အနည်းငယ် စိတ်ချသွားပုံရသည်။
အမှန်တွင် လီဆရာကြီးသည် အခုနက ချွေးအေးများ ထွက်လာသည်အထိ ထိတ်လန့်နေခဲ့ရသည်။
ယဲ့ဖန်သည် ဤတစ်ကြိမ်၌ မအောင်မြင်ဘူးဟု လူတိုင်းမှ ထင်ထားကြချိန်မှာပဲ ဒုတိယအဖြတ်ကို ဖြတ်ပြီးသွားခဲ့သည်။
စက်ကို ရပ်လိုက်ပြီးနောက် ကျောက်စိမ်းကို ထုတ်ယူလိုက်သည်။
တခဏချင်းတွင် ယဲ့ဖန်အား လှောင်ပြောင်နေခဲ့ကြသူများ၏ အမူအရာများမှာ အေးခဲသွားကြသည်။
ကျောက်ခွဲစက်နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ယဲ့ဖန်၏ လက်ထဲမှ ကျောက်မျက်ရတနာတုံးကို စိုက်ကြည့်နေရင်း လူတိုင်းမှာ ထိတ်လန့်နေကြသည်။
ထိုအချိန်တွင် ကျောက်စိမ်းကို နှစ်ခြမ်းခွဲထားပြီး ဖြစ်၍ အတွင်းမှ ကျောက်အမျိုးအစားကို မြင်နိုင်သည်။
" ရေခဲသား၊ နောက်ထပ် ရေခဲသားအမျိုးအစားလား "
" ဒါက အစိမ်းရောင် ရေခဲသားအမျိုးအစားပဲ။ ဒီကျောက်ရည်နဲ့ ကျောက်သားက အရမ်းလှတာပဲ မဟုတ်လား "
" ကျောက်သားက ကြင်လင်နေပြီး အရည်အသွေးကလည်း မဆိုးဘူး။ ပိုပြီး ရှားတာက ကျောက်တုံးတစ်ခုလုံး ရေခဲသားအမျိုးအစားပဲ။ ဒီအတိုင်းဆို တန်ကြေးက အဖိုးမဖြတ်နိုင်လောက်အောင် များမှာပဲ "
" ဒီပစ္စည်းက အနည်းဆုံး ၁၀သန်းလောက်ရှိသင့်တယ် မဟုတ်လား "
" ဘုရားရေ၊ သန်းဆယ်ချီတာလား။ ဒါဆို ဒီနှစ်ခုပေါင်းရင် ၁၅သန်းထက် ပိုမသွားဘူးလား "
" ဒီလိုသာဆိုရင် ဆရာကြီးလီက ရှုံးသွားတာ မဟုတ်ဘူးလား ....... "
လူတိုင်းသည် အသံတိုးတိတ်စွာသာ ပြောဆိုနေကြပြီး အဆုံးတွင် အသံမထွက်သည်အထိ တိတ်သွားကြသည်။
အားလုံးမှာ အလွန်ဆိုးရွားသော ပြဿနာတစ်ရပ်ကို နားလည်လိုက်သောကြောင့် ဖြစ်သည်။
ယဲ့ဖန်၏ ကျောက်ရိုင်းတုံး ၂တုံးတည်း၏ ပေါင်းလဒ်မှာ လီရွေ့၏ ၁၀တုံးပေါင်းနှင့် ညီမျှသည်။
ထိုကောင်လေးမှာတော့ နှစ်တုံးတည်းသာ ဖြတ်ရသေးသည်။
ကျန်သည်များမှာတော့ ........
ထိုသည်ကို ဆက်၍ပင် မတွေးရဲကြတော့ပေ။
ဆရာကြီးလီက ဒီနေ့ တကယ် ရှုံးတော့မှာလား။
ဘယ်သူမှန်း မသိတဲ့ကောင်လေးကို တကယ် ရှုံးမှာလား။
ထိုသို့ အတွေးမျိုး တွေးလိုက်ရုံဖြင့် သူတို့၏ ကျောရိုးတစ်လျှောက်ကို အေးစက်သွားစေသည်။
လီရွေ့၏ အကြည့်များမှာလည်း အနည်းငယ် ကြောင်အနေသည်။
ယဲ့ဖန်၏ လက်ထဲမှ ကျောက်အား မယုံကြည်နိုင်စွာ ကြည့်နေလေသည်။
လီရွေ့၏ အမြင်ဖြင့် ထိုကျောက်အား အနီးကပ်မကြည့်လျှင်ပင်တောင်မှ ကျောက်ရည်ကို လှမ်းမြင်နိုင်လေသည်။
သို့သော် သူ မထိန်းနိုင်ဘဲ ရှေ့သို့လျှောက်လှမ်းလာမိသည်။
သူသည် ထိုရေခဲသားကျောက်စိမ်း အမျိုးအစားကို ကြည့်ပြီး ခက်ခဲစွာဖြင့် တံတွေးမျိုချမိလိုက်၏။
" မင်း ..... မင်း ဘယ်လိုလုပ်လိုက်တာလဲ "
တစ်ကြိမ်တစ်ခါသာ အောင်မြင်လျှင် ကံဟု ဆိုနိုင်သော်လည်း နှစ်ကြိမ်ဆက်တိုက် အောင်နိုင်နေခြင်းမှာ ကံကောင်းခြင်းဖြင့် ရှင်းပြ၍ မရနိုင်ချေ။
အရည်အချင်းသာလျှင် ဖြစ်နိုင်လေသည်။
ယဲ့ဖန်မှ ကျောက်ရိုင်းများ ရွေးနေခြင်းကို သူ ကိုယ်တိုင် မြင်ခဲ့ရသည်။
ဖြစ်စဉ်တစ်ခုလုံးမှာ ၅မိနစ်ပင် မကြာခဲ့ပေ။
၅မိနစ်။
သူသာဖြစ်ပါက ထိုအချိန်လောက်ဖြင့် ကျောက်အမျိုးအစားကိုပင် ခွဲ၍ မရနိုင်ပေ။
အဲ့ကောင်လေးက စိတ်ထင်ရာ ရွေးလာတာလား။
ယဲ့ဖန်သည် အပြစ်ကင်းသောအပြုံး ပြုံးလျက် ပြောသည်။
" ခုနက ပြောလိုက်သလိုပါပဲ ဆရာကြီးတွေက ခံစားချက်နဲ့ ရွေးတယ်ဆိုတာ "
သို့သော် ထိုအပြုံးက လီရွေ့ကို ကြက်သီးမွေးညင်း ထလာစေသည်။
ဒီတစ်ယောက်က တကယ် ကြောက်ဖို့ကောင်းတာပဲ။
အပိုင်း ( ၈၀၆ )
ဆရာကြီးတဲ့လား။
ယဲ့ဖန်သည် ၁၀သန်းတန်သော ကျောက်စိမ်းတုံးကို ဘေးသို့ ပစ်ချလိုက်သည်။
သူသည် ကျောက်ပုံကြီးထဲမှ နောက်တစ်တုံးကို ကောက်ယူပြီး ကျောက်ဖြတ်စက်ဆီသို့ လျှောက်လှမ်းတော့မည် ဖြစ်သည်။
သူ၏ ရိုးရှင်းသော လုပ်ရပ်ကို မြင်လိုက်ရပြီး အားလုံးမှာ ထိတ်လန့်သွားကြသည်။
အခုအခါ သူ့ကို ဘယ်သူမှ မထီမဲ့မြင် မပြုရဲတော့ချေ။
တကယ်တွင် သူတို့အားလုံးသည် ယဲ့ဖန်ကို အလွန်ပင် ကြောက်နေကြပြီဖြစ်သည်။
ထိုကောင်လေးသည် ကျောက်ရိုင်းတုံး နှစ်တုံးကိုသာ ဖွင့်ခဲ့သော်လည်း တန်ဖိုးမှာ လီရွေ့ ရွေးချယ် ဖွင့်ဖြတ်ခဲ့သော ကျောက်တုံး ဆယ်လုံး၏ တန်ဖိုးနှင့် ညီမျှနေသည်။
နောက်တစ်တုံးသည် တစ်သန်းလောက်သာ တန်ဖိုးရှိသည်ဖြစ်စေ လီရွေ့ကို အနိုင်ရသွားမည်မှာ သေချာလေသည်။
ထိုကောင်လေး အနိုင်ရမည့်သူမှာ ကျောက်စိမ်းလောင်းကစားလောကရှိ အငယ်ဆုံးနှင့် အကျော်ကြားဆုံး ဆရာကြီးလီရွေ့ ဖြစ်သည်။
အကယ်၌ အနိုင်ရခဲ့လျှင် ယဲ့ဖန်သည် ယနေ့တွင် ယန်းချန်မြို့၌ နာမည်အကြီးဆုံး ကျောက်လောင်းကစား ဆရာကြီး ဖြစ်လာလိမ့်မည်။
အမှန်တွင် ယဲ့ဖန်၏ လက်ရှိ အောင်မြင်မှုနှင့်ပင် ကျောက်လောင်းကစားလောက၌လည်း နာမည်ကြီးရန်မှာ လုံလောက်ပေသည်။
နှစ်တုံးတည်းဖြင့် ဆရာကြီးလီရွေ့အား တန်ဖိုးချင်း ယှဉ်လိုက်နိုင်သည်။
ရလဒ်များမှာ အမှန်ပင် မူးဝေစေနိုင်သည်။
ထိုအချိန် လီရွေ့သည် ရုတ်တရက် ရှေ့သို့တက်လာပြီး ယဲ့ဖန်ကို ဆွဲလိုက်သည်။
" မိတ်ဆွေလေး၊ မင်း ကျန်တဲ့ဟာတွေကို ဆက်ခွဲစရာ မလိုတော့ဘူး။ ဒီပွဲကို သရေအဖြစ် သတ်မှတ်လိုက်။ အဆင်ပြေလား "
လီရွေ့သည် ထိုကောင်လေးကဲ့သို့ အမည်မရှိသူကို ရှုံးပါက သူသည် ကျောက်လောင်းကစားလောကတွင် အမှန်တကယ်ပင် လှောင်ရယ်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုရလဒ်ကို သူအနေဖြင့် လုံးဝ လက်မခံနိုင်ပေ။
ထို့ကြောင့် မာနကို ခဝါချပြီး ယဲ့ဖန်နှင့် ညှိနှိုင်းတောင်းဆိုရတော့သည်။
သူ၏ လေသံမှာ အတော်ပင် ပျော့ပြောင်းတိုးလျနေသည်။
ယဲ့ဖန်မှလွဲ၍ သူ့စကားကို မည်သူမျှ မကြားချေ။
" သရေပွဲတဲ့လား။ ဒါဆို လောင်းကြေးတွေကရော "
ယဲ့ဖန်သည် သူ၏ အကြံပြုချက်ကို ကြားပြီးနောက် မျက်ခုံးပင့်သွားရသည်။
" မင်းအခုဖွင့်ပြီးသား ကျောက်တွေအတွက် ငါ နှစ်ဆ ပြန်ပေးမယ်။ အဲ့တော့ ၁၅သန်းစာအတွက် စုစုပေါင်း သန်း၃၀ပေးမယ်။ ဘယ်လိုလဲ "
လီရွေ့သည် ထိုစကားမှာ အတော်လေး ရက်ရောသည်ဟု သူ့ကိုယ်သူ ခံစားမိသည်။
ကျောက်လောင်းကစားလောကမှ ဆရာကြီးတစ်ဦးအနေဖြင့် ဦးညွတ်ကာ ညှိနှိုင်းနေရသည်။
ထို့အပြင် တစ်ဖက်သူကို သန်း၃၀ပင် ပေးရန် ဆန္ဒရှိနေလေသည်။
တစ်ဖက်သူမှ ငြင်းဆိုစရာအကြောင်း မရှိလောက်ချေ။
သို့သော် ယဲ့ဖန်သည် ထိုစကားများကို ကြားပြီးသောအခါ ချက်ချင်း ဟက်ခနဲ အသံပြုလိုက်သည်။
" သန်း ၃၀တဲ့လား။ သူတောင်းစားကို မောင်းထုတ်သလို လုပ်နေတာလား။ ကျန်တဲ့အတုံးတွေက အရည်အသွေးမကောင်းဘူးလား၊ ကောင်းလားဆိုတာ ခင်ဗျားက သိမှာမလို့လား "
လီရွေ့သည် ယဲ့ဖန်၏ အကြောက်အလန့်ကင်းသော အသွင်အပြင်ကို ကြည့်ပြီး စိတ်ထဲမှ အလွန်မုန်းတီးမိသည်။
သို့သော် သူသည် မျက်လုံးပေါင်းများစွာအောက်တွင် ရှိနေ၍ မတတ်နိုင်ဘဲ ခေါင်းကိုငုံ့ပြီး ဆက်၍ တောင်းဆိုရတော့သည်။
" ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျန်တဲ့ အတုံးတွေအတွက် ငါမင်းကို စုစုပေါင်း ၁၅သန်း ပိုပေးမယ်။ နှစ်ဆဆိုတော့ သန်း ၃၀။ ခုနက သန်း၃၀နဲ့ ပေါင်းပြီး လျော်ကြေးက စုစုပေါင်း သန်း၆၀ဖြစ်သွားမယ်။ ဒါပေမဲ့ ငါ မင်းကို သီးသန့်ပဲပေးမယ်။ ကျန်တဲ့သူတွေတော့ မသိစေနဲ့။ ဒီသဘောတူညီချက်ကိစ္စကို မဖော်ပါဘူးလို့ အာမခံရမယ် "
ထိုလူသည် တောင်းဆိုမှု အများကြီး ပြုလုပ်နေပြီး သူမှ အကူအညီတောင်းနေရသူ ဖြစ်သော်လည်း သူ၏ မောက်မာသော ဆရာကြီးပုံစံကို မဖျောက်နိုင်ကြောင်း ယဲ့ဖန် မြင်နေရသည်။
ထို့ကြောင့် မထိန်းနိုင်ဘဲ ရယ်မိသည်။
" သန်း ၆၀တဲ့လား။ နည်းလွန်းတယ်။ ခင်ဗျားကို ပြောရရင် အဲ့ကျောက်တွေကနေ စုစုပေါင်း သန်း၁၃၀လောက် ရမယ်လို့ ယုံကြည်ချက်ရှိတယ်။ ခင်ဗျား သန်း၂၀၀ လျော်ပေးမယ်ဆို ကျန်တဲ့ကျောက်ဖိုးတွေအတွက် မတောင်းတော့ဘူး။ ဒီလိုဆို ခင်ဗျား ပိုက်ဆံကုန်လည်း သက်သာမယ့်အပြင် ခင်ဗျားရဲ့ ဆရာကြီးဂုဏ်ပုဒ်ကိုလည်း ထိန်းနိုင်လိမ့်မယ်။ အဲ့တော့ ခင်ဗျားအတွက် အရှုံးမရှိပါဘူး "
လီရွေ့သည် ယဲ့ဖန်၏ ထိုစကားများကို ကြားပြီးနောက် ဒေါသတကြီး လှောင်ရယ်လိုက်သည်။
" မင်းက ငါ့ကို အရူးထင်နေလား။ သန်း၁၃၀ထိတောင် ပြောရဲမှတော့ ၁ဘီလီယံထိ ပြောလိုက်ပါတော့လား "
ယဲ့ဖန်သည် သူ့ကို အမူအရာမဲ့စွာ ကြည့်လိုက်သည်။
" ဒါဆို သဘောမတူဘူးလား "
လီရွေ့၏ အမူအရာမှာ အေးစက်နေသည်။
" သဘောမတူနိုင်ဘူး။ သန်း၂၀၀လျော်ကြေးတဲ့လား။ မင်းက သူများအိမ် အလကား မီးတက်ရှို့ချင်နေတာပဲ "
ယဲ့ဖန်သည် သူ့လက်များကိုသာ ဆန့်ကာ ပြောခဲ့သည်။
" ခင်ဗျားကို အခွင့်အရေးပေးပါတယ်။ ဒါပေမယ့် ခင်ဗျားက အဲ့တာကို မလိုချင်ဘူးဆိုမှတော့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ အရင်လောင်းကြေးအတိုင်း ဆက်လုပ်ကြတာပေါ့ "
လီရွေ့၏ မျက်လုံးများတွင် ခြိမ်းခြောက်သည့်အကြည့် ပေါ်လာသည်။
" မင်း တကယ် ဆက်လောင်းချင်တာလား။ ပြီးရင် ဖြစ်လာမယ့် အကျိုးဆက်တွေကိုတော့ စဉ်းစားထား။ ငါ့ရဲ့ နာမည်ပျက်ရင် မင်းကို လုံးဝ လွှတ်မထားဘူး "
ယဲ့ဖန်သည် သူ၏ ခြိမ်းခြောက်မှုကို ကြားပြီး အထင်သေးစွာဖြင့် ရယ်မောလိုက်သည်။
ထို့နောက် သူက ချက်ချင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
" ဘာလဲ၊ ဆရာကြီးလီရွေ့က ကျုပ်ကို လာဘ်ထိုးပြီး သန်း၆၀နဲ့ ပွဲရပ်ချင်ပေမယ့် ကျုပ်က သဘောမတူတော့ ပုဂ္ဂိုလ်ရေးအရ ခြိမ်းခြောက်ချင်နေတာလား။ ကျုပ်၊ ယဲ့ဖန်က ဒီကျောက်လောကမှာ ဘယ်သူမှတော့ မဟုတ်ပေမဲ့ ဘယ်သူကမှ အနိုင်ကျင့်လို့ ရမယ်မထင်နဲ့။ သတ္တိရှိရင် စမ်းကြည့်လို့ရတယ် "
ကျောက်ခွဲစက်နားမှ လူတွေသည် သူတို့နှစ်ဦး ဘာပြောနေကြသည်ဆိုတာ မှန်းဆနေသည်။
ယဲ့ဖန်၏ စကားများကို ကြားလိုက်ကြရာ လူတိုင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်လာကြသည်။
" ဆရာကြီးလီက တကယ်ပဲ အသနားခံခဲ့တာလား။ တကယ်ကြီး သန်း၆၀နဲ့ ကမ်းလှမ်းခဲ့တာလား "
" သူ့ကမ်းလှမ်းချက်ကို ငြင်းပယ်လို့ အဲ့ကောင်လေးကို တကယ်ပဲ ခြိမ်းခြောက်နေတာလား။ ဒါကြီးက သိပ်တရားလွန်းတယ်၊ မဟုတ်လား "
" ဒီ ….. ဆရာကြီးလီက ဒီလိုလူ မဟုတ်ဘူး။ ဒီကလေးရဲ့ တစ်ဖက်သတ်စကားကို နားမထောင်နဲ့ "
" သူက လီရွေ့ရှေ့မှာတောင် သတ္တိရှိရှိ ပြောရဲမှာတော့ သူက လိမ်နေတာ မဟုတ်လောက်တာ သေချာတယ် "
" ဟုတ်တယ်၊ လီရွေ့က သူ့ကို အခုလေးတင် အရင် စကားစပြောခဲ့တာလေ။ သူရှုံးတာကို မဝန်ခံချင်တာဖြစ်မယ် ထင်တယ် "
" ကျောက်စိမ်းက နှစ်တုံးတည်းနဲ့ကို ယွမ် ၁၅သန်းဖိုး ရနေပြီလေ။ အဲ့တော့ သူက ကြောက်ပြီး ပိုက်ဆံသုံး အဆုံးသတ်ချင်နေတာ ဖြစ်နိုင်တယ်။ တစ်ဖက်က သဘောမတူတော့ သူက အရှက်ကွဲ ဒေါသထွက်ပြီးတော့ တစ်ဖက်ကို ခြိမ်းခြောက်နေတာ ဖြစ်လိမ့်မယ် "
" လီရွေ့ရဲ့ စရိုက်က ဒီလောက် နိမ့်ကျမယ်လို့ မမျှော်လင့်ထားဘူး "
" စာအုပ်တစ်အုပ်ကို အဖုံးနဲ့ အကဲဖြတ်လို့ မရဘူးဘဲ။ သူက လူအဝတ်နဲ့ ဘီလူးပဲ ...... "
ခဏကြာပြီးနောက် ကျောက်ဖြတ်စက်တစ်ဝိုက်ရှိ လူများထံမှ လီရွေ့အား ကျိန်ဆဲနေသံများ ပြည့်နှက်သွားတော့သည်။
လီရွေ့သည် ယဲ့ဖန်မှ သူတို့၏ သီးသန့် သဘောတူညီချက်ကို ထုတ်ပြောသည်အထိ ရက်စက်ကြမ်းကြုတ်သူ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူ၏ အမူအရာမှာ ရုပ်ဆိုးသွားခဲ့သည်။
" ကောင်းပြီ၊ ကောင်းတယ်။ မင်း စောင့်နေလိုက် "
သူက လူတိုင်းကို ဘာမှ မရှင်းပြချေ။
သူသည် ဘေးဘက်သို့ ဆုတ်သွားကာ ယဲ့ဖန်ကို အေးစက်စွာ ကြည့်နေသည်။
ရှုကျင်းရှင်း အမြန်လျှောက်လာသည်။
" ယဲ့ဖန်၊ ရှင် အဆင်ပြေရဲ့လား "
ယဲ့ဖန်၏ နှုတ်ခမ်းမှာ ကွေးတက်ပြီး ပြုံးလိုက်သည်။
" ပြေပါတယ်၊ ကိုယ်အရင်က မမြင်ဖူးတာ ဘာရှိလို့လဲ။ ကိုယ်က ဒီလိုကောင်စုတ်လေးကို ကြောက်နေရမှာလား။ ဘယ်လိုဟာသလဲ "
ရှုကျင်းရှင်း သူ့စကားကို ကြားပြီး ရယ်ချင်လာသည်။
လီရွေ့အား 'လီဆရာကြီး'ဟု အခေါ်ခံရသော်လည်း သူသည် အသက်နှစ်ဆယ့်လေးနှစ် သို့မဟုတ် နှစ်ဆယ့်ငါးနှစ်လောက် ရှိနေပြီဖြစ်သည်။
ထို့ကြောင့် သူသည် အခြားကျောက်လောင်းကစား ဆရာကြီးများထက် အနည်းငယ် ငယ်ရွယ်သည်။
သို့သော် ယဲ့ဖန်မှာတော့ လက်ရှိနှစ်တွင် အသက်နှစ်ဆယ်သာ ရှိသေးသည်။
ထိုသည်က သူက လီရွေ့အား 'ကောင်စုတ်လေး'ဟု ခေါ်လိုက်လေသည်။
ထိုစကားမှာ ရယ်စရာဖြစ်နေခဲ့သည်။
သို့သော် ယဲ့ဖန်၏ အတွေ့အကြုံများနှင့် အောင်မြင်မှုများကို ထည့်တွက်လျှင် သူ့အသက်ကို မေ့ထား၍ပင် ရသည်။
ယဲ့ဖန်သည် လီရွေ့ကို လှမ်းကြည့်ပြီးနောက် ကျောက်ဖြတ်စက်ဆီသို့ ဆက်လျှောက်သွားခဲ့သည်။
ခြိမ်းခြောက်ရဲမှတော့ ငါ့ဒေါသကို ခံနိုင်ဖို့ အသင့်ပြင်ထားလိုက်။
ဆရာကြီးတဲ့လား။ ကျုပ်ကမှ ဆရာကြီးပဲ။
အပိုင်း ( ၈၀၇ )
မြေပြင်ပေါ်ထိ ရိုက်ချခံရခြင်း
ကျွီ ...…......
နောက်ထပ် ကျောက်ဖြတ်သံသည် ကျောက်ဖြတ်စက်နေရာတစ်လျှောက် ပဲ့တင်သံ ထပ်နေသည်။
အားလုံးသည် အသက်ရှူပင် အောင့်မိနေပြီး ရလဒ်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
မူလက ကျောက်ဖြတ်သည့်နေရာတွင် စက်အများအပြား ရှိခဲ့သော်လည်း လက်ရှိတွင် စက်များ အားလုံး ရပ်ပြီး အားလုံးက ပွဲကြည့်ရန် လာစုနေကြသည်။
နောက်မှ ရောက်လာသည့် လူတချို့ကလည်း အခြေအနေကို အလောတကြီး မေးလေသည်။
သူတို့ထဲမှ ဗိုက်ပူပူ၊ အနက်ရောင်ဝတ်စုံဝတ်နှင့် လူလတ်ပိုင်း ယောက်ျားတစ်ဦးသည် လူအုပ်ထဲသို့ ခက်ခက်ခဲခဲ တိုးဝှေ့ဝင်လာခဲ့သည်။
ထို့နောက် တစ်စုံတစ်ယောက်ကို အမြန်ဆွဲပြီး မေးသည်။
" ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဘယ်သူမှ ကျောက်ဖြတ်တာတို့ ကျောက်လောင်းတာတို့ မဟုတ်ဘဲအားလုံးက ကျောက်ဖြတ်ကွင်းမှာပဲ ရှိနေကြတာလဲ "
ထိုမေးမြန်းသူသည် အောင်မြင်သူတစ်ယောက် ဖြစ်ပုံရသည်ကို မြင်ပြီး ထိုအမေးခံရသူက အမြန် ပြန်ဖြေလေသည်။
" ကျောက်လောင်းကစားက အချိန်မရွေး ကစားနိုင်ပေမယ့် ဒီလို တစ်ယောက်ချင်း ယှဉ်တဲ့ အခြေအနေက အချိန်မရွေး ကြုံတွေ့နိုင်တဲ့အရာ မဟုတ်ဘူး "
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ကွင်းပတ်လည်ကို လှမ်းကြည့်ပြီး စိတ်ရှုပ်သွားသည်။
" ဘယ်သူတွေက တစ်ယောက်ချင်း ယှဉ်တာလဲ "
ထိုလူက ဆက်၍ ဖြေသည်။
" လီဆရာကြီးနဲ့ အဲ့ဒီ ..... ယဲ့ဘာဆိုလား တစ်ခုခုဘဲ။ ဘာပဲဖြစ်ဖြစ် သူက သိပ်နာမည်ကြီးတာတော့ မဟုတ်ဘူး "
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လီရွေ့ကို မြင်ပြီး သူ့မျက်လုံးများ ချက်ချင်း အရောင်တောက်ပလာသည်။
" ဒီဆရာကြီးလီဆိုတာက မနှစ်က သူ့ရဲ့ အစွမ်းကို ပြခဲ့တဲ့သူ မဟုတ်လား "
ထိုလူက ခေါင်းညိတ်သည်။
" ဟုတ်တယ်၊ အဲ့တာ ဆရာကြီးလီပဲ။ အဲ့ဒီတုန်းက အဖြစ်အပျက်ကို မှတ်မိသေးတယ်။ တကယ်ကို စိတ်လှုပ်ရှားစရာပဲ "
" ဆရာကြီးလီကို စိန်ခေါ်ရဲတဲ့သူ တကယ်ကြီး ရှိတာလား။ အဲ့တစ်ယောက်ရဲ့ သတ္တိက တကယ်ကို ချီးကျူးစရာပဲ "
ထိုလူလတ်ပိုင်းအရွယ် ယောကျာ်းက မယုံကြည်နိုင်စွာ ပြောလိုက်သည်။
" အခုပွဲက ဘယ်မှာလဲ။ ဆရာကြီးလီက သေချာပေါက် အနိုင်ရနေတာ မဟုတ်လား "
ထိုအချိန်တွင် ဖြေသည့်လူက နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်သည်။
" ဘယ်ဟုတ်မှာလဲ။ လီဆရာကြီးက တစ်ဖက်သူဆီက ရှယ်ခံနေရပြီး ရှုံးတော့မှာ "
ထိုလူက တုန်လှုပ်သွားတယ်။
" မင်း နောက်နေတာလား။ လီဆရာကြီးက ဘာမှမဟုတ်တဲ့သူကို ရှုံးမှာလား "
ထိုလူတင်မကဘဲ အခုမှ ရောက်လာသည့်သူတွေလည်း အများကြီးရှိလေသည်။
သူတို့နှစ်ယောက်ကြားမှ စကားကို ကြားလိုက်ရပြီး အလွန်အံ့သြသွားကြသည်။
အစကတည်းက ရောက်နေကြသော လူအများမှ သူတို့အား ပြန်ရှင်းပြကြသည်။
" လီဆရာကြီးက ကျောက်တွေကို အရင်ဖြတ်ခဲ့တာ။ ကျောက်ရိုင်းတုံး ၁၀ တုံးရဲ့ စုစုပေါင်းတန်ဖိုးက ၁၅သန်းကျော် ရှိတယ် "
" ဒါပေမယ့် သူက ဒီလိုခက်ခဲတဲ့ ပြိုင်ဘက်နဲ့တွေ့ရဖို့ မမျှော်လင့်ထားဘူး။ ပထမဆုံး အတုံးကတင် ၅ သန်း တန်နေတယ်လေ "
" ဒုတိယတစ်တုံးက ပိုပြီးတောင် အံ့သြစရာကောင်းသေးတယ်။ ၁၀သန်းကျော်တန်တယ်။ အတုံးနှစ်တုံးရဲ့ စုစုပေါင်းတန်ဖိုးနဲ့တင် လီဆရာကြီးရဲ့ ၁၀တုံးနဲ့ ယှဉ်နိုင်နေပြီ "
" လောလောဆယ် တတိယတစ်တုံးကို ခွဲနေတယ်။ သူ့ရဲ့ ဒီတစ်တုံးက ၁သန်းကျော်တာနဲ့ သူက လီဆရာကြီးကို သေချာပေါက် အနိုင်ယူနိုင်သွားမှာ "
" ဒီတစ်တုံး ကျောက်မအောင်ရင်တောင် အရေးတော့မကြီးပါဘူး။ သူမှာ ခုနစ်တုံးတောင် ကျန်သေးတယ် "
" အခု လီဆရာကြီးက အန္တရာယ်ရှိနေပြီ။ သူက နာမည်မရှိတဲ့သူကို ရှုံးရင် လုံးဝကို သိက္ခာကျမှာပဲ "
" သူက အခုကျ သရေပွဲလုပ်ဖို့ ခြိမ်းခြောက်နေတယ်လေ။ သူ့စရိုက်က အရမ်း အောက်တန်းကျတယ် ....... "
ထိုလူများသည် ယဲ့ဖန်အကြောင်း ပြောနေသောအခါတွင် သူတို့၏ မျက်နှာပေါ်တွင် လေးစားမှု အပြည့်ရှိနေသည်။
ကျောက်လောင်းကစားလောက၌ အရည်အချင်းမှာ အထူး လေးစားအားကျခံရသည်။
သန်မာလျှင် ဆရာတင်ခံရပြီး အဖြစ်မရှိပါက ညီငယ်လေးသာ ဖြစ်ပေမည်။
ယဲ့ဖန်သည် လုံလောက်သော ခွန်အားကို ပြသထားပြီးဖြစ်၍ သူသည် ထိုက်တန်သော လေးစားမှုကို သဘာဝကျစွာပင် ရရှိသွားပေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူတို့၏ ရှင်းပြချက်ကို ကြားသောအခါ တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။
သူ့အမည်မှာ ဟွမ်းဝေဖြစ်ပြီး သူသည် “‘ဆုရှန်းမြို့တော်’”မှ ဝယ်ယူရေးမန်နေဂျာဖြစ်သည်။
သူသည် ကျောက်စိမ်းဝယ်ရန် ရောက်လာခြင်းဖြစ်သည်။
ဤသည်မှာ သူ့အတွက် အခွင့်အရေးတစ်ခုဖြစ်သလို စွန့်စားခြင်းတစ်ခုလည်း ဖြစ်သည်။
သူဌေးရှေ့၌ ကောင်းမွန်စွာ စွမ်းဆောင်နိုင်လျှင် သူ့အခြေအနေမှာ ဥက္ကာပျံကြီးကဲ့သို့ ပျံတက်သွားနိုင်မှာဖြစ်သည်။
သို့သော် သူဌေးအား စိတ်ပျက်စေလျှင် သူ့အနာဂတ်မှာလည်း ပျက်စီးသွားပေမည်။
သူ့သူဌေးအား မည်သို့ အံ့အားသင့်အောင် လုပ်ပေးရမည်ကို တွေးနေစေ၌ ဤကဲ့သို့ နတ်ဘုရားမျိုးနှင့် တွေ့ရမည်ဟု မမျှော်လင့်ထားချေ။
ထိုကောင်လေးသည် ကျောက်နှစ်တုံးကိုသာ ဖွင့်ခဲ့ရသေးသော်လည်း စုစုပေါင်း တန်ဖိုးမှာ ၁၅သန်းအထိ ရရှိနေပြီ ဖြစ်သည်။
ထိုဆရာကြီးကို အကူအညီတောင်းနိုင်ပါက သူသည် သူ့သူဌေးရှေ့၌ တောက်ပနေမည်မှာ သေချာလေသည်။
ဟားဟားဟား ........
ထိုအကြောင်းကို သူ့တွေးလေလေ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။
သို့သော် သူသည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းထားလျက် ထိုလူငယ်လေးမှ အံ့ဖွယ်များ ဆက်လက် လုပ်ဆောင်မည်ကို စောင့်ကြည့်ရန် ပြင်ဆင်နေသည်။
လူတိုင်း အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ယဲ့ဖန်သည် နောက်ဆုံးတွင် ကျောက်ဖြတ်စက်ကို ရပ်လိုက်ပြီး ကျောက်စိမ်းကို ထုတ်ယူလိုက်သည်။
လူအုပ်ကြီးသည် ချက်ချင်းပင် ရှေ့သို့ တိုးလာကာ အနီးကပ် ကြည့်ချင်နေကြသည်။
ထိုအချိန် အရှေ့ဆုံးထဲမှ တစ်ယောက်ယောက်က ရုတ်တရတ် အော်လိုက်သည်။
" အမလေး ဘုရား၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
နောက်မှ လူများသည် အဝေးမှ အခြေအနေကို မမြင်နိုင်သဖြင့် စိုးရိမ်နေကြသည်။
ထို့ကြောင့် မေးမြန်းကြသည်။
" ဘာတွေ ဖြစ်နေတာလဲ။ ဘယ်ပစ္စည်းကို ဖြတ်မိတာလဲ "
မေးပြီးသည်နှင့် ချက်ချင်းပင် သူ့ရှေ့မှ တစ်စုံတစ်ယောက်၏ တုန်လှုပ်နေသော အသံနှင့် ပြန်ဖြေသံကို ကြားလိုက်ရသည်။
" အရည်မြင့် ရေခဲ ...... ကျောက်ရည်မြင့်တဲ့ ရေခဲသားအမျိုးအစားပဲ "
ထိုစကားကို ပြောပြီးသည်နှင့် ကျောက်ဖြတ်စက်တစ်ကွင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
" ဟား၊ အဲ့တာက တကယ် အရည်မြင့်တဲ့ ရေခဲသားလား။ ဒီယဲ့ဆရာကြီးက နတ်ဘုရားဆန်လွန်းနေတာ မဟုတ်ဘူးလား "
" ပထမ နှစ်တုံးက ကံကောင်းတယ်လို့ ရတယ်ဆိုပြီး အစက ထင်နေခဲ့တာ။ အခုကျ သူ့မှာ တကယ် အရည်အချင်းအစစ်တွေ ရှိနေတာပဲ "
" ဒါက နတ်ဘုရားဆန်တဲ့ အရည်အချင်းဆိုတာပဲ။ ကျောက်ခွဲတာ အကုန် သုံးခုလုံး ကျောက်အောင်တဲ့အပြင် အရည်မြင့်တွေချည်းပဲ။ သူ့မှာ ဓာတ်မှန်အမြင် ရှိမရှိတောင် သိချင်သွားပြီ "
" ဆရာကြီးလီကတော့ မြေကြီးပေါ် ရိုက်ချခံလိုက်ရသလိုပဲ "
" ဘာဆရာကြီးလီလဲ။ ဒီဆရာကြီးယဲ့ အရှေ့မှာ အားလုံးက အငယ်တန်းတွေပဲ "
" အရင်က သူ့ကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်ခဲ့ပေမယ့် သံပြားကို ကန်မိမယ်တော့ မမျှော်လင့်ထားဘူး၊ ဟားဟားဟား ...... "
တစ်ချိန်တည်း၌ အရှေ့တွင် ရပ်နေသည့် လီရွေ့သည် ယဲ့ဖန်၏ လက်ထဲမှ ကျောက်စိမ်းကို စိုက်ကြည့်နေသည်။
သူသည် မူးဝေပြီး ဟန်ချက်ပျက်မတတ် ဖြစ်သွားခဲ့သည်။
သူ့၏ ခန့်မှန်းချက်အရ ထိုကျောက်စိမ်းသည် အနည်းဆုံး ယွမ် ၁၅သန်းလောက် တန်ကြေးရှိနိုင်သည်။
ဒါက ဘယ်လို အရည်အချင်းကြီးလဲ။
တစ်နည်းဆိုရသော် ထိုကောင်လေး၏ ပစ္စည်းတစ်ခု တန်ဖိုးသည် သူ၏ ကျောက်ဆယ်ခု၏ စုစုပေါင်းတန်ဖိုးနှင့် ညီမျှသည်။
ယနေ့ တိုက်ပွဲအပြီးတွင် သူ၏ ဂုဏ်သတင်းမှာ နိမ့်ကျသွားပြီး ကျောက်လောင်းကစားလောက၏ ရယ်မောစရာဖြစ်လာမည်ကို သူသိလေသည်။
ကျောက်လောင်းကစား ပညာရှင်ကြီးတစ်ဦးသည် နာမည်မရှိ၏ ရှေ့တွင် ပြန်မတိုက်ခိုက်နိုင်သည်အထိ ထိုးနှက်ချက်ခံခဲ့ရသည်။
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။
သွေးအန်ချင်စေသည့် အခြားအရာတစ်ခုလည်း ရှိနေသေးသည်။
ယဲ့ဖန် ရွေးထားသော ပစ္စည်းသုံးမျိုး၏ စုစုပေါင်းတန်ဖိုးသည် သန်း၃၀ ရှိနေပြီဖြစ်သည်။
ယခင် သဘောတူညီချက်အရ နှစ်ဆတိုး၏ သန်း ၆၀ ပေးဆောင်ရပေမည်။
ထို့အပြင် ဤအရာမှာ အဆုံးသတ် မဟုတ်သေးပေ။
ယဲ့ဖန်သည် ကျောက်သုံးတုံးသာ ဖွင့်ပြီးတာဖြစ်သည်။
နောက်ထပ် ခုနစ်တုံး ကျန်နေသေးသည်။
နောက်ဆုံးခုနစ်ခုလုံးမှာလည်း တန်ဖိုးတက်နေလျှင် .............
လီရွေ့သည် အကျိုးဆက်များအကြောင်းကို ဆက်၍ မတွေးဝံ့တော့ပေ။
သူသည် အစိုးရိမ်လွန်၍ နေရာမှာတင် သွေးအန်မိမတတ် ဖြစ်နေသည်။
အပိုင်း ( ၈၀၈ )
သာမန် လုပ်ရိုးလုပ်စဉ်တစ်ခု
ရှုကျင်းရှင်းသည် စိတ်မရှည်သည့်ပုံစံ မပေါက်စေရန် သူမ၏ ခံစားချက်များကို ထိန်းချုပ်ထားရသည်။
သို့သော် ထိုတတိယမြောက်ကျောက်၏ အခြေအနေကို သိရပြီးနောက် သူမ၏ မြင့်တက်နေသော ခံစားချက်များကို ချုပ်တည်း၏ မရနိုင်တော့ပေ။
သူမသည် သူမကိုယ်သူမ ယဲ့ဖန်၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်၏။
" ယဲ့ဖန်၊ တောင်းပန်ပါတယ်။ ရှင်က ရန်သူကို လျှော့တွက်နေတယ်လို့ ပြောမိတာ တကယ်ပဲ ကျွန်မရဲ့အမှားပါ။ စိတ်မဆိုးပါနဲ့နော်။ ကျွန်မကို အပြစ်မတင်ဘူးမလား "
ယဲ့ဖန်သည် သူမနှင့် ဤကဲ့သို့ အနီးကပ် နေဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူ၏ ရင်ထဲတွင် ဗလောင်ဆူနေတော့သည်။
ရှုကျင်းရှင်းသည် အများသောအားဖြင့် လုံခြုံပြီး ပွယောင်းသော အဝတ်အစားများကိုသာ ဝတ်လေ့ရှိပြီး ကိုယ်ခန္ဓာကို ပြသလေ့မရှိပေ။
အမှန်တွင် သူမသည် ခန္ဓာကိုယ်ကောင်းလေး ရှိသည်။
လက်ရှိအချိန်တွင် သူမသည် သူနှင့် ကိုယ်လုံးချင်း ပူးကပ်လျက် ရှိနေ၍ အတွေးတွေ ရောက်ယက်ခတ်ကုန်စေသည်။
ယဲ့ဖန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ ကျောလေးကို ပုတ်လိုက်သည်။
သူသည် မထိန်းနိုင်ဘဲ သူ့ကိုယ်သူ ရေရွတ်မိသည်။
" ခံစားလို့ ကောင်းတယ် "
" ဘာကို ခံစားလို့ ကောင်းတာလဲ "
ရှုကျင်းရှင်းသည် သူ့ရင်ခွင်ထဲမှ ချက်ချင်း ခွာလိုက်သည် ။
" ဘာလဲ။ ကိုယ် ...... ဆိုလိုတာက ဒီကျောက်စိမ်းက ကောင်းတယ်။ အရမ်းချောပြီး ကျောက်ရည်က စိုနေတာပဲလို့ ....... "
ယဲ့ဖန်၏ လုပ်ကြံရှင်းပြချက် ထွက်လာသည်။
ရှုကျင်းရှင်း၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့် ယဲ့ဖန် ဘာတွေးနေသည်ဆိုတာ သူမ သိနိုင်လေသည်။
သူမ ရှက်သွားပြီး သူ့ကို လျစ်လျူရှုလိုက်တော့သည်။
ယဲ့ဖန်သည် နူးညံ့သိမ်မွေ့သော ပတ်ဝန်းကျင်မှ အမြန် ထွက်ခွာလေသည်။
ထို့နောက် လီရွေ့ကို လှည့်ကြည့်လိုက်သည်။
" လီဆရာကြီး၊ ခင်ဗျား ရှုံးနေပြီ။ ဆက်ဖြတ်ဖို့ လိုအပ်သေးလား။ ထားလိုက်၊ ဒီတစ်ခါတော့ ခင်ဗျားကို လွှတ်ပေးလိုက်မယ်။ ဈေးလျှော့ပေးမယ် "
ယဲ့ဖန်သည် ရှိနေသူအားလုံး သူ့စကားကို ကြားနိုင်စေရန် တမင်တကာ ကျယ်လောင်စွာ ပြောဆိုခဲ့သည်။
လီရွေ့ ဒေါသအရမ်းထွက်ပြီး အံကြိတ်လိုက်သည်။
ထိုကောင်လေးသည် သူ့အား အမှန်တကယ် လွှတ်ပေးချင်လျှင် တိုးတိုးတိတ်တိတ် ပြောရန်သာ လိုသည်။
ထိုသို့ဆိုလျှင် သူသည်လည်း သဘောတူညီချက် ယူရမည်ကို လိုတာထက် ပိုပျော်မည်မှာ သေချာလေသည်။
သို့သော် ထိုကောင်လေးက ကျယ်လောင်စွာ ပြောလိုက်လေသည်။
အခု အရှုံးကို ဝန်ခံလိုက်လျှင် သေလောက်အောင် အလှောင်ရယ်ခံရလိမ့်မည်။
" ဟက် "
လီရွေ့သည် ချက်ချင်း အေးစက်စွာ အသံပြုလိုက်သည်။
" ငါ လီရွေ့က ရှုံးခဲ့ရင်တောင် တရားမျှတတဲ့သူ ဖြစ်တယ်။ ဒီပွဲကို ငါ တကယ်ပဲ ရှုံးသွားပြီ။ ဒါပေမဲ့ ကျန်တဲ့ ကျောက်တွေကို ဆက်ဖြတ်နိုင်တယ်။ တန်ဖိုးက ဘယ်လောက်ပဲရှိရှိ အရင်က သဘောတူထားတဲ့အတိုင်း ပေးမယ် "
ထိုစကားကို လူတိုင်းမှ ကြားသောအခါ အားလုံးက ခေါင်းညိတ် ချီးကျူးကြသည်။
" လီရွေ့က ရှုံးသွားပေမယ့် အနည်းဆုံးတော့ သူက ယောက်ျားပီသပြီး သူ့စကားကို တည်သားပဲ "
" ဟ၊ ကြည့်နေတဲ့သူတွေ အများကြီးလေ။ သူ့စကားကို မတည်လို့ရမလား။ အဲ့လိုသာဆို နောက်ကျ ကျောက်လောင်းကစားနဲ့ ရှေးဟောင်းပစ္စည်း လောကမှာ ရှင်သန်လို့ရမှာ မဟုတ်ဘူး "
" ဟုတ်တယ်၊ ငွေကုန်တာက ဘာမှမဖြစ်ဘူး။ သူ့နာမည်ပျက်သွားရင် အနာဂတ်ကျ လုပ်ငန်းခွင်မှာ ဆက်နေဖို့ မေ့လိုက်ရမှာ "
" ယဲ့ဆရာကြီးက တကယ် သဘောထားကြီးတယ်လို့ ခံစားရတယ်။ လီရွေ့ကို အရမ်းကြီး ပိုက်ဆံကုန်မှာစိုးလို့ လွှတ်ပေးလိုက်ဖို့ ဆန္ဒရှိတယ် "
" မှန်တယ်။ ဒီယဲ့ဆရာကြီးရဲ့ စရိုက်က တကယ် ကောင်းတယ်။ သူ့မှာ အရည်အချင်းရော ကိုယ်ကျင့်တရားရော ရှိတယ် "
" ဒါက ဆရာကြီးအစစ်တစ်ယောက်ရဲ့ ပုံစံပဲ ....... "
ထိုအချိန်တွင် လီရွေ့အား မည်သူကမျှ 'ဆရာကြီး'ဟု မခေါ်ကြတော့ချေ။
သူသည် ဒီတစ်ကြိမ်၌ ဆိုးရွားစွာ ရှုံးသွားခဲ့ရပြီး သူ့အား 'ဆရာကြီး'ဟု မခေါ်ထိုက်တော့ချေ။
ယဲ့ဖန်သည် လီရွေ့မှ ခေါင်းမာနေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။
ထို့နောက် လူတိုင်းကို ပြုံးပြသည်။
" ကျောက်တွေကို ခွဲနေရတော့ လက်တွေ နည်းနည်း နာနေပြီ။ ဘယ်သူက ကူညီပေးချင်လဲ "
ထိုစကားကို ပြောလိုက်သည်နှင့် မရေမတွက်နိုင်သော လက်တွေ ချက်ချင်း မြောက်လာသည်။
ယဲ့ဖန်သည် ယနေ့မှာတင် ကျောက်လောက၌ နာမည်ကြီးလာသည်မှာ သေချာသည်။
သူသည် ကျောက်လောင်းကစား ဆရာကြီးအသစ် ဖြစ်လာလိမ့်မည်။
ထိုကဲ့သို့ ငယ်ရွယ်ထူးချွန်သည့် ကျောက်လောင်းကစားဆရာအသစ်အတွက် ကျောက်ခွဲခြင်းမှု ထမ်းဆောင်နိုင်ခြင်းမှာ ဂုဏ်ယူစရာဖြစ်သည်။
ရှုကျင်းရှင်းသည် ထိုမြင်ကွင်းကို မြင်သောအခါ အလွန်ပြောင်မြောက်လွန်းသည်ဟု သူမ ခံစားခဲ့ရသည်။
ယဲ့ဖန်သည် ပထမဆုံးအကြိမ် သူ့အတွက် ဘယ်သူက ကျောက်ဖြတ်ချင်ပေးလဲဟု မေးစဉ်က လူတိုင်းက သူ့ကို မထီမဲ့မြင်ပြုခဲ့ကြသည်။
သူ့အတွက် ဘယ်သူကမှ အလုပ်လုပ်ပေးချင်စိတ် မရှိခဲ့ကြချေ။
အခုမှာတော့ ယဲ့ဖန်သည် တောက်ပနေပြီဖြစ်၍ လူတိုင်းက ပထမဆုံး အလုပ်လုပ်ပေးဖို့ ရုန်းကန်နေကြသည်။
လက်တွေ့မဆန်လိုက်တာ။
ယဲ့ဖန်သည် အချိန်အကြာကြီး မဆွဲခဲ့ပေ။
ယဲ့ဖန်သည် လီရွေ့ကျောက်များကို ဖြတ်ရန် ကူညီခဲ့သူကို တန်းပြီး ရွေးချယ်ခဲ့သည်။
ထိုလူသည် အမှန်ပင် အလွန်ကျွမ်းကျင်ပုံရသည်။
သူသည် အတွေ့အကြုံရင့်သူ တစ်ယောက်ဆိုသည်မှာ ထင်ရှားလေသည်။
ထိုလူသည် သူ့အား လှမ်းခေါ်လိုက်သည်ကို မြင်ပြီး ဝမ်းသာစွာပင် အံ့ဩသွားသည်။
ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ လျှောက်သွားသည်။
" ကျေးဇူးတင်ပါတယ် ဆရာကြီး။ ကျွန်တော် စိတ်မပျက်စေရဘူးဆိုတာ သေချာပါတယ်။ မသေမချင်း အစွမ်းကုန်လုပ်ပေးပါ့မယ် ...... "
ယဲ့ဖန်မှ ရှက်ရွံ့စွာ ပြုံးလိုက်သည်။
" ချဲ့ကားလွန်းနေပါပြီ၊ ချဲ့ကားလွန်းနေပါပြီ "
လီရွေ့၏ မျက်လုံးများသည် မီးစများ တောက်လောင်နေပြီ ဖြစ်သည်။
ထိုလူများသည် ယခင်က သူ၏ သစ္စာရှိပရိသတ်များ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ သူတို့သည် ယဲ့ဖန်အား မော်ကြည့်နေကြပြီ ဖြစ်သည်။
သစ္စာဖောက်ခံသလို ခံစားရသည်။
ယဲ့ဖန်ကတော့ သူ ဘယ်လိုထင်သည်ကို ဂရုမစိုက်ချေ။
သူသည် ကျန်သည့် ကျောက်စိမ်းများပေါ်တွင် မျဉ်းတစ်ကြောင်း အမှတ်အသားပြု ဆွဲပေးပြီးနောက် စိတ်မပူတော့ချေ။
သူသည် ရှုကျင်းရှင်းကို ခေါ်ပြီး ဘေးနားသို့ သွားကာ အနားယူနေခဲ့သည်။
နောက်ထပ် ကျောက်များမှာလည်း ခြွင်းချက်မရှိ တန်ဖိုးကြီးလေသည်။
အဆိုးဆုံးမှာ ၈သန်းကျော် တန်ကြေးရှိပြီး ကျန်သည့်အတုံးများမှာ ၁၀သန်းကျော် တန်လေသည်။
အစပိုင်းတွင် ကျောက်တစ်တုံးကို ခွဲပြီးတိုင်း လူအုပ်ကြီးထံမှ စိတ်အားထက်သန်သော အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။
သို့သော် နောက်ဆုံး၌ အားပေးသံတွေမှာ အားပျော့ပျောင်းလာပြီး လူတိုင်းသည် အနည်းငယ် ထုံသွားကြသည်။
၁၀သန်းအဆင့်ရှိ ပစ္စည်းများကို ဖြတ်ထားသော ယဲ့ဆရာကြီးတွင် ထပ်ပြီး အံ့ဩစရာမရှိတော့ချေဟု သူတို့ ခံစားမိကြသည်။
ဖြတ်လိုက်လျှင် တန်ဖိုးကြီးသည်မှာ သာမန် လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်လာသည်။
ဆန့်ကျင်ဘက်အနေဖြင့် ၁၀သန်းထက် နည်းလျှင်သာ အံ့သြစရာဖြစ်လာသည်။
ကျောက်များ ဖြတ်ပြီးလေလေ လီရွေ့၏ အမူအရာမှာ ပို၍ ဆိုးရွားလာလေလေ ဖြစ်သည်။
အကြောင်းမှာ ခွဲခဲ့သည့် ကျောက်များ၏ တန်ကြေးနှစ်ဆကို လျော်ကြေးပေးဆောင်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။
ကိုးခုမြောက် ကျောက်အား ဖြတ်လိုက်ပြီးသောအခါ တန်ဖိုးစုစုပေါင်းသည် သန်း၉၀အထိ ရောက်ရှိသွားခဲ့သည်။
တစ်နည်းဆိုရလျှင် လီရွေ့သည် အနည်းဆုံး သန်း၁၈၀ ပေးချေရမည် ဖြစ်သည်။
သူ့မိသားစုမှာ အလွန်ချမ်းသာသော်လည်း ထိုပမာဏမှာ သူ့အတွက် အနည်းငယ် လွန်လေသည်။
တစ်ဖက်တွင် ယဲ့ဖန်မှာတော့ လုံးဝကွဲပြားခြားနားသော အခြေအနေတွင် ရှိနေသည်။
ထိုအချိန်တွင် သူသည် သူ့ခြေထောက်များကို ချိတ်ထိုင်နေကာ သူ့ဘေးရှိ ရှုကျင်းရှင်းနှင့် စကားစမြည်ပြောနေသည်။
သူတို့နှစ်ဦးသည် အလောင်းအစားအကြောင်း မေ့သွားသလို ရံဖန်ရံခါ ရယ်မောနေတတ်ကြသည်။
ကျောက်ခွဲကွင်းရှိ လူများမှာ ယဲ့ဖန်ကို မနာလိုစွာ ကြည့်နေကြသည်။
ချောမောလှပသော အမျိုးသမီးလေးနှင့် စကားပြော၊ ရယ်မောနေရင်း သူ၏ အိတ်ကပ်ထဲသို့ ငွေများ စီးဝင်လာနေသည်။
ဤသည်မှာ ယောက်ျားသားတိုင်း စိတ်ကူးယဉ်ခဲ့သောဘဝ ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ယဲ့ဖန်သည် ထိုအရာအားလုံးကို သူ၏ ခွန်အားဖြင့် ရယူခဲ့ကြောင်း သူတို့အားလုံး ရှင်းလင်းစွာ မြင်ထားကြသည်။
ထို့ကြောင့် မနာလိုစိတ် မရှိကြချေ။
လက်ရှိတွင် ကျောက်ဖြတ်ခြင်း၏ ရလဒ်ကို မည်သူမျှ ဂရုမစိုက်ကြတော့ပေ။
သူတို့အားလုံးသည် ယဲ့ဖန်၏ သရုပ်မှန်နှင့် မိန်းမလှလေးတို့ကြား ပြောနေသည့် စကားများကိုသာ ခန့်မှန်းကာ အချင်းချင်း တီးတိုးပြောနေကြသည်။
ထိုအချိန်တွင် ကျောက်ဖြတ်နေသည့် တာဝန်ခံမှ နောက်ဆုံး ကျောက်စိမ်းတုံးကို ဖွင့်ဖြတ်ပြီးသွားခဲ့သည်။
စက်အဖုံးကို ဖွင့်ကြည့်ပြီး အထဲမှာ ကျောက်စိမ်းတုံးကြီးကို တွေ့လိုက်ရသည့်အခါ ချက်ချင်း အံ့အားသင့်သွားပြီး အချိန်အကြာသည်အထိ မလှုပ်ရှားနိုင်တော့ပေ။
သူ့အနီးနားရှိ လူတချို့က သူ့ကို ဆော်ဩလေသည်။
" ဘာလုပ်နေပါလဲ။ မြန်မြန် လူတိုင်းကို ပြပါဦး "
" ဟုတ်တယ်၊ ဒီတစ်ခုပဲ ကျန်တော့တာ။ အချိန်ဖြုန်းမနေနဲ့ "
" တစ်ခုခုဖြစ်တာလား။ ကျောက်ရှုံးသွားလို့လား "
" ကျောက်ရှုံးရင်ရော ဘာဖြစ်လဲ။ ယဲ့ဆရာကြီးက မိုးလောက်မြင့်တဲ့ တန်ဖိုးရှိတဲ့ ကျောက်စိမ်းကိုးခုကို ဆက်တိုက် ရပြီးပြီလေ။ မြင်းကို တစ်ခါလောက် တိုက်မိတာက ကြီးကြီးမားမားပြဿနာ မရှိပါဘူး "
" ဟုတ်တယ်။ မြန်မြန်ထုတ် ....... "
ရှိနေသူအားလုံးမှာ အလွန် စိတ်ဝင်စားနေကြသည်။
ကျောက်ကို ဖြတ်သည့် တာဝန်ခံက ဘာမြင်သွားလို့လဲ။
သူက ဘာလို့ ရုတ်တရက် ရပ်နေတာလဲ။
ရှုကျင်းရှင်းသည်ပင် စကားပြောနေသည်ကို ရပ်လိုက်ပြီး စူးစမ်းစွာ လှမ်းကြည့်လိုက်သည်။
ဖြစ်ပျက်နေသည်များကို ယဲ့ဖန်သာ မကြည့်ဘဲ သိနိုင်သည်။
ထိုအချိန်တွင် ကျောက်ဖြတ်သူသည် ဖွင့်ထားသော ကျောက်စိမ်းအပိုင်းကို ပြလိုက်သည်။
အရှေ့ဆုံးမှ လူအုပ်ကြီးသည် ကျောက်စိမ်းတုံးကြီးကို တွေ့လိုက်သောအခါ သူတို့၏ မျက်လုံးအိမ်များ ပြူးကျယ်သွားကာ မျက်နှာများတွင်လည်း တစ္ဆေမြင်လိုက်သလို တောင့်ခဲ့နေသည့် အမူအရာများ ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် လူတိုင်းသည် အနောက်တိုင်းဒဏ္ဍာရီမှ မယ်ဒူဆာကို မြင်လိုက်ရသလို ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ဖြစ်ကုန်သည်။
သူတို့အားလုံးသည် တုံ့ပြန်မှု လုံးဝမရှိကြချေ။
အခြေအနေကို အတိအကျ မမြင်နိုင်သူများမှ စိုးရိမ်တကြီး မေးကြသည်။
" ဘာတွေ ဖြစ်နေတာလဲ။ တစ်ခုခုပြောကြပါဦး "
" .............. "