← Chapters

အပိုင်း ၈၀၉-၈၁၂

Vol. 41 Ch. 809-812

အပိုင်း ၈၀၉-၈၁၂

Vol. 41 Ch. 809-812

အပိုင်း ( ၈၀၉ )

ခင်ဗျားက အင်အားကြီးပါတယ်။ ဒါပေမဲ့ ကျုပ်နဲ့ မတွေ့မှပေါ့

ထိုအခါမှ တစ်စုံတစ်ယောက်က ဖြေလေသည်။

" အဲ့တာ ဖန်သား ...... ဖန်သားကျောက်စိမ်းအမျိုးအစား "

ဟား

ထိုစကားများကို ပြောလိုက်သည်နှင့် လူအုပ်ကြီးထဲ အင်မတန် ပွက်လောရိုက်ကုန်တော့သည်။

ဖန်သားအမျိုးအစားသည် အမြင့်ဆုံးကျောက်စိမ်းဖြစ်သည်။

အမည်ပေးထားသည့်အတိုင်း ဖန်သားအမျိုးအစားသည် ကြည်လင်ပြတ်သားမှု အလွန်မြင့်မားပြီး အပြစ်အနာအဆာကင်းကာ ဖန်နှင့်ပင် အလွန်နီးစပ်သောကြောင့် ဖန်သားအမည်တွင်လေသည်။

ဒီနေ့အတွက် ဖန်သားအမျိုးအစားကို ပထမဆုံး ရခြင်းဖြစ်သည်။

သူတို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။

" အမလေး ဘုရားရေ၊ နောက်ဆုံးအတုံးက တကယ်ကြီး ဖန်သားအမျိုးအစား ရခဲ့တာလား "

" အခု ငါ့ခံစားချက်တွေကို ဘယ်လိုဖော်ပြရမယ်မှန်းတောင် မသိတော့ဘူး။ ဦးရေပြားတွေ ထုံနေသလို ခံစားရတယ် "

" သူက လူမှဟုတ်ရဲ့လား။ သူက နတ်ဘုရားပဲ ဖြစ်ရမယ်။ အရင် ၉တုံးတုန်းကတောင် အရမ်းအထင်ကြီးနေတာ။ နောက်ဆုံးအတုံးက ပိုပြီးတောင် အထင်ကြီးစရာကောင်းနေမယ်လို့ မမျှော်လင့်ထားဘူး။ တကယ် ဖန်အမျိုးအစားပဲ "

" မြန်မြန် ပြပါဦး။ ဘယ်လောက်တန်နိုင်လဲဆိုတာ ကြည့်ရအောင် "

လူတော်တော်များများမှာ ထိုပစ္စည်း၏ တန်ဖိုးကို သိချင်ကြပြီး အမြန်မေးကြသည်။

ကျောက်ဖြတ်သည့် တာဝန်ခံမှ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ပြီး အနည်းငယ် မသေမချာဖြစ်နေသည်။

" အလေးချိန်က အနည်းဆုံး ၂ကီလိုဂရမ်လောက်ရှိတော့ လက်ရှိ ဈေးကွက်ပေါက်ဈေးအရ အနည်းဆုံး ယွမ် သန်း၄၀လောက် တန်တယ် ........ "

ထိုစကားကို လူတိုင်း ကြားသောအခါ ပေါက်ကွဲသွားကြသည်။

" သန်း ၄၀ဟုတ်လား။ ခုနက သန်း၉၀ကိုပါ ပေါင်းလိုက်ရင် သန်း၁၃၀ မဟုတ်ဘူးလား "

" သခင်လေး၊ ကျေးဇူးပြုပြီး ဒူးထောက်ပါရစေ။ ငါ့ဒူးတွေက အလိုလိုကို ဒူးထောက်နေပြီ "

" သန်း၁၃၀ဆို လောင်းကြေးအရ လီရွေ့က ယဲ့ဆရာလေးကို အနည်းဆုံး သန်း၂၆၀ ပေးရမှာ "

" ဒါက ကျောက်လောင်းကစားလောက တစ်ခုလုံးကို တုန်လှုပ်သွားစေမယ့် အံ့သြစရာကောင်းတဲ့ လောင်းကစားတစ်ခုပဲ "

" ဒီလို မကြုံစဖူး လောင်းကြေးပွဲကို မြင်ခွင့်ရတော့ ဒီနေ့ ဒီခရီးစဉ်က တကယ်ကို အချည်းနှီးမဖြစ်ဘူးပဲ "

" ဒီအကြောင်းကို တစ်သက်လုံး ကြွားလုံးထုတ်နိုင်လောက်တယ် ........ "

လူတိုင်း၏ ဆွေးနွေးမှုများသည် လီရွေ့၏ နားထဲသို့ တိုးဝင်လာခဲ့သည်။

ရင်ဘတ်တွင်းမှ အပူရှိန်ကို ခံစားနေရပြီး သွေးအန်ချင်လာသည်။

ယဲ့ဖန်သည် သူ့ကျောက်စိမ်းတွေက အနည်းဆုံး သန်း၁၃၀လောက် တန်သည်ဟု အစောပိုင်းက ပြောဖူးလေသည်။

သူ့ကို သန်း၂၀၀ပေးပါက ကျေအေးပေးမည်ဟု ညှိလေသည်။

ထိုအချိန်တွင် ယဲ့ဖန်မှာ မောက်မာပြီး ရူးနေပြီဟု သူထင်ခဲ့သည်။

အမှန်ဖြစ်နေမည်ဟု မထင်ခဲ့ပေ။

သို့သော် ယခု သူ့နားထဲ၌ ထိုစကားလုံးများမှာ ကြားယောင်နေပြီး နောက်ဆုံးမှာ ထိုကောင်လေး၏ ခန့်မှန်းချက် မည်မျှ မှန်ကန်ကြောင်း သူ သဘောပေါက်သွားသည်။

တကယ် သန်း၁၃၀ပဲ။

သူ ဘယ်လိုလုပ် ခန့်မှန်းခဲ့တာလဲ။

သူသည် သရဲတစ္ဆေမြင်နေသကဲ့သို့ ယဲ့ဖန်အား ကြောင်အစွာ ကြည့်လိုက်သည်။

သူ့ကို ပိုပြီး ရူးသွပ်စေသည်မှာ အနည်းဆုံး သန်း၂၆၀ လျော်ကြေးရမည့်အချက် ဖြစ်သည်။

ငွေပမာဏမှာ သူ့အတွက် မိုးလောက်မြင့်လေသည်။

အကယ်၍ ဤသို့ဖြစ်မည်ကို သူ စောစောက သိခဲ့လျှင် ယဲ့ဖန်၏ အကြံပြုချက်ကို သူ လက်ခံခဲ့ပေလိမ့်မည် ။

အနည်းဆုံး သန်း၆၀လောက်သာ ဆုံးရှုံးမှာ ဖြစ်သော်လည်း ယခုအချိန်မှာ အလွန်နောက်ကျသွားပြီဖြစ်သည်။

သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲသည် ပြီးဆုံးသွားသော်လည်း ရလဒ်မှာ လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့လေသည်။

မူလက လူတိုင်းမှ နတ်ဘုရားအဖြစ် လေးစားခံရသည့် လီဆရာကြီးသည် ပလ္လင်ပေါ်မှ ပြုတ်ကျခဲ့ရသည်။

ထိုအစား နာမည်မရှိခဲ့တစ်ဦးမှ ကျော်ကြားလာခဲ့သည်။

ဆယ်ဆမကသော ကွာဟချက်ဖြင့် နင်းချေသွားခဲ့သည်။

ဤပွဲမှာ လီဆရာကြီး၏ တစ်ဘဝလုံးအတွက် ရှက်စရာဖြစ်နေမည်မှာ သေချာလေသည်။

ကျောက်လောင်းစင်တာတစ်ခုလုံးသည် ထိုကျောက်စိမ်းလောက၌ ဆရာကြီးအသစ် မွေးဖွားလာခြင်းကို ဂုဏ်ပြုသောအားဖြင့် လက်ခုပ်သြဘာပေးကြသည်။

ယဲ့ဖန်သည်လည်း ဟိတ်ဟန်ခံမနေပေ။

ချက်ချင်းထရပ်ပြီး လူတိုင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။

လီရွေ့ သုန်မှုန်စွာဖြင့် ယဲ့ဖန်ဆီ လျှောက်လာသည်။

" ဂုဏ်ယူပါတယ် ယဲ့ဆရာကြီး "

ယဲ့ဖန်သည် သူ၏ ဂုဏ်ပြုမှုကို လက်ခံခဲ့သည်။

" တကယ်တော့ ခင်ဗျားက အရမ်းအစွမ်းထက်ပါတယ်။ ဒါပေမယ့် ခင်ဗျား ကျုပ်ကို မတွေ့ဖို့ပဲ လိုအပ်တာ "

လီရွေ့သည် နားထောင်နေသော်လည်း ထိုစကားမှာ ဘာအမှားအယွင်းမှ ရှိသည်ဟု မထင်ချေ။

အမှန်ပင် သူသည် ဒီကောင်လေးနှင့် မတွေ့ခဲ့ပါက သူသည် ကျောက်တုံးလောင်းကစားလောက၏ အလေးစားခံ ဆရာကြီးတစ်ယောက် ဖြစ်နေဆဲ ဖြစ်မည်။

သူ့ပရိသတ်တွေ၏ ချီးကျူးမှုကိုလည်း ခံနေရမည်။

ဤအခြေအနေသည် နှစ်ပေါင်းများစွာ ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။

သို့သော် ဒီကောင်လေးကြောင့် အရာရာ ပြောင်းလဲသွားရသည်။

" အရှုံးပေးဖို့ ဆန္ဒရှိပါတယ်။ မင်းရဲ့ အကောင့်နံပါတ် ပေး။ ငွေလွှဲပေးမယ် "

လီရွေ့ ထိုသို့ပြောရင်း သူ့နှလုံးသားမှ သွေးများ ယိုစီးနေလောက်သည်။

ပိုက်ဆံက သန်း၂၆၀တောင်ကွ။

သို့သော် လူများစွာရှေ့တွင် မငြင်းနိုင်ဘဲ အတိုင်းအတာတစ်ခုအထိ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရမည် ဖြစ်သည်။

ယဲ့ဖန်မှ လက်ကို ဝှေ့ယမ်းပြီး "မလိုပါဘူး၊ ဒါက မိတ်ဖြစ်ဆွေဖြစ် ကစားပွဲမလို့ မပေးပါနဲ့"ဟု ပြောစေရန် သူ မျှော်လင့်ခဲ့သည်။

သို့သော် ယဲ့ဖန်က သူဆန္ဒအတိုင်း မလုပ်ခဲ့ချေ။

ချက်ချင်း သူ့ဘဏ်ကတ်ကို ထုတ်ယူလာပြီး သူ့အကောင့်နံပါတ်ကို ပေးသည်။

" အကောင့်နံပါတ်က ၁၆၀၁ ....... "

လီရွေ့၏ မျက်နှာသည် နှစ်ကြိမ်လောက် တွန့်သွားသော်လည်း ယဲ့ဖန်၏ အကောင့်နံပါတ်ကို မှတ်လိုက်သည်။

ထို့နောက် ဖုန်းခေါ်ရန် ဘေးနားသို့ လျှောက်သွားသည်။

ပိုက်ဆံလွှဲရန် သူ့မိသားစုကို ဆက်သွယ်နေခြင်း ဖြစ်နိုင်လေသည်။

ဤမြင်ကွင်းကို လူတိုင်းမှ မြင်သောအခါ သူတို့သည် ချက်ချင်း သက်ပြင်းချမိကြသည်။

လီရွေ့သည် ယနေ့တွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။

သူ၏ ဂုဏ်ပုဒ်မှာ ပျက်စီးသွားရုံသာမက အလွန်မြင့်မားသော လျော်ကြေးငွေကိုလည်း ပေးဆောင်ရသည်။

ဒါက တကယ်ကို နှစ်ခါပြန်သေတာပဲ

သူတို့သည် လီရွေ့ကို သနားနေချိန် ယဲ့ဖန်မှ သူတို့ကို အန္တရာယ်ကင်းသည့် အပြုံးဖြင့် ကြည့်နေသည်။

" တောင်းပန်ပါတယ် ပြိုင်ပွဲက မပြီးသေးဘူး။ မိန်းကလေးရှုရဲ့ ကျောက် ၁၀ လုံးကို မခွဲရသေးဘူး။ အခု ပြိုင်ပွဲကို ဆက်လုပ်ကြရအောင် "

အစပိုင်း၌ လီရွေ့အပေါ် သစ္စာရှိယုံကြည်ခဲ့သည့် ပရိသတ်တွေမှာ ပြာကျမတတ် ဖြစ်သွားကြသည်။

လီရွေ့ ကိုယ်တိုင်မှာ ဆိုးရွားစွာ ရှုံးခဲ့လျှင် သူတို့မှာ ထည့်ပြောပြနေစရာပင် မလိုချေ။

သူတို့သည် ရုတ်တရက် အသနားခံကြတော့သည်၊

" ယဲ့ဆရာကြီး၊ ကျေးဇူးပြုပြီး ငါတို့ လွှတ်ပေးပါ။ အဲ့ဒီတုန်းက လီရွေ့က ငါတို့ကို လှည့်စားခဲ့တာ "

" ဟုတ်တယ်၊ ကျွန်တော်တို့ကို လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။ ဆရာကြီးကို သေချာပေါက် ကျေးဇူးတင်မိမှာပါ "

" ယဲ့ဆရာကြီး၊ ဒီနေ့ အရမ်းအမြတ်ရထားတော့ ကျွန်တော်တို့လောက်ကို ဂရုမထားတော့ဘူး မဟုတ်လား "

" ဟုတ်တယ်။ ဆရာကြီးက ဒီနေ့ ကျော်ကြားမှုရော ပိုက်ဆံတွေရော ရရှိထားတဲ့အပြင် ပိုပြီး သဘောထားကြီးနိုင်ရင် နာမည်ဂုဏ်သတင်းအတွက် ပိုအထောက်အကူ ဖြစ်ပါလိမ့်မယ် "

" ဆရာကြီးက သဘောထားကြီးတာမလို့ ငါတို့နဲ့ တွက်ချက်နေမှာ မဟုတ်လောက်ဘူး ...... "

အပိုင်း ( ၈၁၀ )

ယဲ့ဖန်၊ နင် ညစ်ပတ်တဲ့ဝက်ကြီး

ထိုလူတွေမှ အသနားခံ တောင်းဆိုနေသော်လည်း ခွင့်လွှတ်ပေးရန် သူ့ကို ခြိမ်းခြောက်နေသည်ကို ယဲ့ဖန် ကြားနေရသည်။

ပြိုင်ပွဲကို ဆက်လက်ကျင်းပပါက မကောင်းသည့်လူအဖြစ် သမုတ်နေသည်။

" ဟားဟား၊ ဒါကတော့ ခင်ဗျားတို့ကပဲ ဒီပွဲကို အစပြုခဲ့တာလေ။ အခု ရှုံးတော့မယ်ဆိုတာနဲ့ ခွင့်လွတ်ပေးဖို့ တောင်းဆိုနေတာလား။ ကျုပ်သာ ရှုံးတဲ့သူဆိုရင် ခင်ဗျားတို့က လွှတ်ပေးမှာလား "

သူ၏ အမေးကို ရင်ဆိုင်ရသည့်အခါ အသနားခံ တောင်းပန်နေသူများသည် အရှက်ကွဲသဖြင့် ခေါင်းငုံ့ထားကြသည်။

အကယ်၍ အသာစီးရသွားသူမှာ သူတို့ဖြစ်ပါက ယဲ့ဖန် ဒူးထောက်ကာ အသနားခံနေလျှင်ပင် သူတို့သည် မည်သည့်သော ကရုဏာကိုမှ ပြသမည် မဟုတ်ပေ။

ဤသည်မှာ သန်းဆယ်ချီ သို့မဟုတ် သန်းရာချီသည့် လောင်းကြေးနှင့် ပတ်သက်နေသည်။

မိုက်သောသူသာလျှင် အလွှတ်ပေးမှာ ဖြစ်သည်။

ပွဲကြည့်နေသည့် လူများမှာ သည်းမခံနိုင်တော့ချေ။

" မင်းတို့တွေက တကယ်ကို အရှက်မရှိတာဘဲ။ ယဲ့ဆရာကြီးက နိုင်တော့မှာကို မြင်လိုက်ရတော့ မင်းတို့က အသနားခံရောလား။ ခုနက မင်းတို့ ဘာလုပ်နေခဲ့တာလဲ "

" မှန်တယ်။ ရိုက်တုန်းကကျ ဝင်ရိုက်ပြီး တာဝန်ယူရမယ်ဆိုတဲ့အခါကျ ရှောင်ပြေးချင်နေလို့ မရဘူးလေ ဟုတ်တယ်မလား "

" အဲ့တာ ယဲ့ဆရာကြီးက မင်းတို့ကို အနာဂတ်မှာ အမှတ်ရစေဖို့ သင်ခန်းစာ ပေးလိုက်တာပဲ "

" လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုတွေအတွက် တာဝန်ရှိတယ်။ ယဲ့ဆရာကြီးနဲ့ ယှဉ်ဖို့ ရွေးချယ်ပြီးကတည်းက ဂိမ်းရဲ့ စည်းမျဉ်းတွေကို လက်ခံရမှာပဲ "

" ယဲ့ဆရာကြီး၊ အလျှော့မပေးနဲ့။ သူတို့ကို လေးလေးနက်နက် သင်ခန်းစာပေးသင့်တယ် ...... "

တစ်ဖက်တွင် ဤလူများသည် အမှန်ပင် ဒေါသထွက်ပေးနေကြပြီး အခြားတစ်ဖက်တွင် ရင်တမမ ဖြစ်နေကြသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် နောက်ကျမှ ရောက်လာခဲ့သည်။

အကယ်၍ သူတို့သည်လည်း စောစီးစွာ ရှိနေခဲ့ပါက သူတို့နှင့် တူညီသော ရွေးချယ်မှုကို လုပ်ခဲ့မိလိမ့်မည်။

လီရွေ့နောက်ကို မလိုက်ပါက အရူးဖြစ်ပေမလိမ့်မည်။

သို့သော် လီရွေ့နောက်လိုက်ခြင်းကြောင့် အမှန်တကယ် အရူးဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ယဲ့ဖန်သည် အချိန်မဖြုန်းတော့ပေ။

ကျောက်ဖြတ်သည့် တာဝန်ခံကို ခေါင်းညိတ်ပြသည်။

" ဆက်ဖြတ်ပါ "

ထိုလူမှာ သူ့ကံ ကောင်းသည်ဟု စိတ်ထဲမှ အော်နေလိုက်သည်။

ထိုအချိန်တွင် သူသည် ပါဝင်ချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ခွဲတမ်းမှာ ပြည့်နေသောကြောင့် သူ၏ ငွေနည်းနည်းလေးမှာ လုံးဝ မပါဝင်နိုင်ခဲ့ပေ။

အလွန်ကံကောင်းခဲ့သည် ဆိုရမည်။

မဟုတ်ပါက သူ့တွင် အဆောက်အဦးပေါ်မှ ခုန်ချရန်ပင် နှလုံးသားတောင် ရှိလိမ့်မည် မထင်ချေ။

" ဟုတ်ကဲ့ပါ၊ ယဲ့ဆရာကြီး "

ယဲ့ဖန်၏ ညွှန်ကြားချက်ကို ကြားပြီးနောက် သူသည် နောက်ထပ် ကျောက်စိမ်းတစ်တုံးကို ကောက်ယူပြီး ကျောက်ဖြတ်စက်ဆီသို့ လျှောက်သွားသည်။

ပထမတစ်တုံး၏ တန်ဖိုးမှာ ၄သန်း ဖြစ်သည်။

ဒုတိယတစ်တုံးမှာ ၆သန်း ဖြစ်သည်။

တတိယတစ်တုံးမှာတော့ ခန့်မှန်းခြေ ၅သန်းကျော် ..........

ရှုကျင်းရှင်း၏ ကျောက်များသည် အနည်းငယ် ပိုနိမ့်မှာ သိသာသည်။

ဈေးနှုန်းများကို အခြေခံအားဖြင့် ယွမ် ၄သန်း မှ ၅သန်းကြား အဆင့်တွင်သာ ထိန်းသိမ်းထားသည်။

သေချာသည်မှာ ထိုကျောက်စိမ်းများသည် ယဲ့ဖန်၏ ကျောက်စိမ်းများထက် အနည်းငယ်အားနည်းသော်လည်း လီရွေ့၏ ကျောက်စိမ်းများထက် များစွာ ပိုသာလေသည်။

လူတိုင်း၏ နှလုံးသားကို စည်းချက် ကျော်သွားစေခဲ့တယ်။

နောက်ဆုံးအတုံးကို ဖြတ်ပြီးနောက် ၁၀တုံး၏ စုစုပေါင်း နောက်ဆုံးဈေးကို သန်း ၅၀ဝန်းကျင် သတ်မှတ်ခဲ့သည်။

တစ်နည်းဆိုရသော် ရှုကျင်းရှင်းနှင့် လောင်းကစားတွင် ပါဝင်သူများသည် ယွမ် သန်း၁၀၀ခန့် ပေးဆောင်ရမည် ဖြစ်သည်။

သူတို့သည် စုစုပေါင်း အယောက် နှစ်ဆယ်ခန့်ရှိပြီး တစ်ဦးစီ ပျမ်းမျှ ယွမ်၅သန်းခန့် ပေးဆောင်ရပေမည်။

ပမာဏ နည်းသွားသော်လည်း အတော်လေးများသည့် ပမာဏဖြစ်နေဆဲဖြစ်သည်။

ထိုလူများ ပါဝင်သည့် ငွေအနည်းအများအပေါ် ပေးဆောင်ရမည့် ငွေမှာလည်း ကွဲလေသည်။

အဲ့ဒီအထိ လိုက်ကြည့်ရန် ယဲ့ဖန် စိတ်မရှည်ပေ။

ထိုလူများသည် အသီးသီး ညှိုးငယ်နေသည့် မျက်နှာထားများ ရှိနေကြသည်။

သို့သော် ထိုလူအများစုသည် ကျောက်လောကအတွင်းရှိ ကျော်ကြားသူများဖြစ်သောကြောင့် စကားမတည်ပါက အရှက်ရမည်ဖြစ်၍ ပေးရန် မပျက်ကွက်ကြပေ။

အားလုံးစုပြီး ငွေကို ရှုကျင်းရှင်းဆီသို့ လွှဲပေးကြသည်။

ရှုကျင်းရှင်း၏ လှပသော မျက်နှာလေးပေါ်တွင် ခံစားချက် မရှိနေသော်လည်း သူမ၏ နှလုံးသားထဲမှာတော့ ကမောက်ကမ ဖြစ်နေပြီဖြစ်သည်။

သူမအိမ်ကဲ့သို့ မိသားစုသည် အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုမရှိပါက စည်းစိမ်အမြောက်အများ ပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။

သန်း၁၀၀သည် သူမအတွက် စိတ်ကူးပင် မယဉ်နိုင်သော ငွေပမာဏဖြစ်သည်။

သို့သော် အခုအခါ နေ့တစ်ဝက်ပင် မပြည့်ဘဲ တကယ်ရရှိလာခဲ့သည်။

သူမသည် ဖြစ်ပျက်နေသည်များမှာ အစစ်အမှန် မဟုတ်ဘူးဟု ရုတ်တရက် ခံစားလိုက်ရသည်။

ယဲ့ဖန်သာ မရှိပါက သူမသည် တစ်သက်တာလုံးတွင် ဤမျှငွေများစွာ ရှာနိုင်မဟုတ်သည်ကို သူမ ကောင်းမွန်စွာ သိသည်။

" ယဲ့ဖန်၊ ကျေးဇူးတင်ပါတယ် "

သူမ ချက်ချင်း ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

သူမ၏ လှပသော မျက်လုံးလေးများသည် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။

" ကိုယ်က မင်းကို ယွမ် သန်း၁၀၀ရအောင် ကူညီပေးခဲ့တာကို မင်း ပြန်ပြောနိုင်တာက 'ကျေးဇူးတင်ပါတယ်' ဆိုတာတင်ပဲလား "

ယဲ့ဖန်သည် မကျေမနပ်ဖြစ်ကာ ချက်ချင်း နှုတ်ခမ်းကို မဲ့လိုက်သည်။

" ဒါဆို ဘယ်လို ကျေးဇူးတင်စေချင်တာလဲ။ ကိုယ့်ကိုယ်ကိုယ် ...... "

သူမသည် 'ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ရမှာလား'ဟု ပြောလိုက်ချင်သော်လည်း အဆုံး၌ သူမ ထိန်းထားနိုင်ခဲ့သည်။

ထိုသို့ စိတ်ထိန်းနိုင်မှုတို့ကြောင့် သူမ၏ ဇာတ်ရုပ်က မပျက်စီးခဲ့ချေ။

" ဘာ ကိုယ့်ကိုယ်ကိုယ်လဲ။ ဆက်ပြောလေ "

ယဲ့ဖန်၏ မျက်နှာတွင် နတ်ဆိုးဆန်သော အပြုံးတစ်ခု ရှိနေသည်။

" ကျွန်မ ရှင့်ကို ရိုက်လို့လည်း မရဘူး မဟုတ်လား "

ရှုကျင်းရှင်းသည် ရှက်ပြီး ဒေါသတကြီးဖြင့် သူ့ရှေ့၌ လက်သီးလေးများကို ဝှေ့ယမ်းပြလိုက်သည်။

" ကောင်းလိုက်တာ၊ ကိုယ်က မင်းအတွက် ပိုက်ဆံရှာပေးခဲ့တာကို မင်းက ကိုယ့်ကို ရိုက်နှက်ချင်သေးတာလား "

ယဲ့ဖန်သည် ချက်ချင်း သူမ၏ လက်သီးသေးသေးလေးကို လှမ်းဆွဲကာ ဆုပ်ကိုင်လိုက်သည်။

သူမက ဒေါသတကြီးဖြင့် ကြည့်နေလေသည်။

" ရှင် ..... ကျွန်မကိုလွှတ် "

ရှုကျင်းရှင်း၏ လက်လေးမှာ ဆုပ်ကိုင်ထားခံရသည်။

နှစ်ကြိမ်တိုင်တိုင် ဆွဲထုတ်ရန် ကြိုးစားသော်လည်း မထုတ်နိုင်ခဲ့ချေ။

သူမ ထိတ်လန့်တကြားဖြင့် ဘေးကို လှည့်ပတ်ကြည့်မိသည်။

ထိုအခိုက်အတန့်တွင် ကျောက်ဖြတ်ကွင်းရှိ လူများအားလုံးသည် ထို'သမီးရည်းစားနှစ်ယောက်' ပရောပလုပ်နေသည်ကို ကြည့်ရင်း ပြုံးနေကြသည်။

အော်ဟစ်နေသည့် သူတွေပင် ရှိသေးသည်။

" နမ်းပါ၊ နမ်းပါ ....... "

ရှုကျင်းရှင်းသည် မြေကြီးထဲ အပေါက်ရှာပြီးပင် ပုန်းနေချင်မိသည်။

ထိုအရှက်ရမှုသည် သူမ ရရှိခဲ့သော ယွမ် သန်း၁၀၀နှင့် မထိုက်တန်ချေ။

ယဲ့ဖန်သည် သူမ၏ စိတ်ဓာတ်ကို ဆက်ပြီး စိန်ခေါ်မနေခဲ့ချေ။

အမှန်တွင်လည်း သူမသည် ကျူးရှောင်ကျောင်းလောက် အရည်ထူသောသူ မဟုတ်ပေ။

သူမ၏ စိတ်ကို လူသိရှင်ကြား စိန်ခေါ်လိုက်ပါက အကျိုးဆက်များသည် အလွန်ပြင်းထန်မည်ဖြစ်သည်။

မျက်လုံးတွေက သူ့ကို လှည့်စားနေသလား မသိသော်လည်း ကျူးရှောင်ကျောင်းအကြောင်း တွေးလိုက်မိသည့်အခါ သူမ၏ ပုံရိပ်သည် သူ့မျက်လုံးထဲ၌ ရုတ်တရက် ပေါ်လာခဲ့သည်။

သေချာစွာ ပြန်ကြည့်လိုက်သည့်အခါ သူမကို မတွေ့တော့ပေ။

တကယ် မြင်လိုက်တာလား။

ထင်ယောင်ထင်မှားဖြစ်တာနေမှာပါ။

တစ်ချိန်တည်းမှာပင် ကျောက်လောင်းကစားပွဲတော်၏ ထောင့်တစ်နေရာတွင် မိတ်ကပ်ထူထူလိမ်းထားသည့် ကျူးရှောင်ကျောင်းသည် အဝေးမှ ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" ဒီကောင်၊ ငါ သူ့ကို အနီးကပ် မကြည့်တာနဲ့ တခြားမိန်းမတွေနဲ့ သွားပြီး အီစီကလီ လုပ်နေပြန်ပြီ၊ ဟွန့် "

သူမသည် မနေ့ညက ယဲ့ဖန်ကို ဆက်သွယ်ခဲ့ပြီး ဒီနေ့ သူအားလားဟု မေးခဲ့သည်။

ထိုအခါ သူက ဒီနေ့ လုပ်စရာရှိသည်ဟု ပြန်ဖြေသည်။

ဘာလဲဆိုတာကို မေးသော်လည်း သူမအား ပြောပြရန် ငြင်းဆိုခဲ့သည်။

သူမကို မခေါ်ချင်တာ ဖြစ်နိုင်သည်။

သူမသည် ယနေ့ ယန်းချန်မြို့တွင် ကျောက်လောင်းကစားပွဲတော်ကြီးတစ်ခု ရှိနေကြောင်းကို မေးမြန်း သိခဲ့ရသည်။

ဒီလို အမိုက်စားပွဲကို သူက ဘယ်လိုလုပ် အလွတ်ခံမှာလဲ။

မျှော်လင့်ထားသည့်အတိုင်း သူမသည် ထိုလူကို ပွဲတော်နေရာ၌ အမှန်တကယ် တွေ့ခဲ့သည်။

ထို့အပြင် သူမထက် မနိမ့်သော မိန်းမတယောက်ကို ခေါ်ဆောင်လာခဲ့သည်။

ထိုတိတ်ဆိတ်အေးဆေးသော ပုံစံမျိုးသည် သူမထက် အမျိုးသားများအတွက် ပို၍ ဆွဲဆောင်မှုရှိပုံ ရသည်။

'ယဲ့ဖန်၊ ညစ်ပတ်တဲ့ဝက်ကြီး။ ငါ နင့်ကို သေလောက်အောင်မုန်းတယ်'

သူမ ဒေါသအလွန်ထွက်ပြီး ဘေးနားရှိ တိုင်ကို ကန်ထည့်လိုက်ရာ နာကျင်ပြီး မျက်ရည်တွေ စီးကျလာသည်။

အပိုင်း ( ၈၁၁ )

ပိုက်ဆံရှာတာထက် ပိုလွယ်တာ ရှိသေးလို့လား။

ယဲ့ဖန်သည် အကြာကြီး စောင့်စရာမလိုဘဲ လီရွေ့ထံမှ ရရှိထားသော သန်း၂၆၀သည် သူ့အကောင့်ထဲသို့ ဝင်လာခဲ့သည်။

ထို့နောက် လီရွေ့သည် သုန်မှုန်သော အမူအရာဖြင့် လျှောက်လာခဲ့သည်။

" ငါ မင်းကို ပိုက်ဆံလွှဲပြီးပြီ။ ငါ လီရွေ့က ငါ့စကားကို အမြဲတည်ပြီး ဘယ်တော့မှ နောက်ပြန်မဆုတ်ဘူး။ ငါ ဒီနေ့ ဂရုမစိုက်မိလိုက်ပေမယ့် မင်းက ငါ့ထက် ပိုသန်မာတယ်လို့ မဆိုလိုဘူး။ တစ်နေ့ကျ မင်းကို ငါ့လက်နဲ့ အနိုင်ယူပြမယ် "

ယဲ့ဖန်သည် ထိုလူမှာ ဂုဏ်မောက်ပြနေသေးသည်ကို မြင်ပြီး လှောင်ရယ်လေသည်။

" ကြည့်ရတာ လက်မခံနိုင်သေးပုံရတယ်။ ဘာလို့ ထပ်မပြိုင်တာလဲ။ ဒီတစ်ခါ သုံးဆလုပ်လား "

လီရွေ့၏ မျက်နှာကြောသည် အကြိမ်အနည်းငယ် တုန်လှုပ်သွားသည်။

သူ့ပရိသတ်တွေရှေ့မှာ မျက်နှာပြန်ရဖို့ပဲ ပြောနေတာလေ။

ဒီကောင်က သူ့ကို လုံးဝ မျက်နှာသာမပေးဘဲ လူရှေ့သူရှေ့ အရှက်ခွဲမယ်ဆိုတာ ဘယ်သူသိမှာလဲ။

သူသည် သန်း၂၆၀ ရှုံးခဲ့ပြီဖြစ်သည်။

အရူးတစ်ယောက်သာ သူနှင့် ဆက်၍ လောင်းမှာ ဖြစ်မည်။

ထို့နောက် လီရွေ့ ချက်ချင်း လှည့်ထွက်သွားတော့သည်။

လီရွေ့ ထွက်သွားပြီးနောက် ကျောက်မျက်ကုမ္ပဏီများမှ လူအများအပြားသည် ရှေ့သို့ရောက်လာကြပြီး ယဲ့ဖန်၏ ကျောက်စိမ်းများကို ဝယ်ယူရန် အကြံပြုခဲ့ကြသည်။

ဤသည်မှာ ယဲ့ဖန် လိုချင်သည့်အရာ အတိအကျဖြစ်သည်။

သူသည် ထိုမျှများသော ကျောက်မျက်ရတနာများကို မယူချင်ပေ။

သူသည် ချက်ချင်းပင် စျေးမှန်သည့် ကုန်သည်ကို ရှာပြီး ကျောက်တွေ အားလုံးကို ရောင်းလိုက်သည်။

ရှုကျင်းရှင်း၏ အကောင့်တွင် နောက်ထပ် ယွမ်သန်း၅၀ ထပ်တိုးပြီး သူသည်လည်း နောက်ထပ် ယွမ် သန်း၁၃၀ တိုးလာသည်။

တစ်မနက်တည်း၌ သူ့အကောင့်ထဲသို့ ယွမ် သန်း၄၀၀နီးပါး ဝင်လာသည်။

ရှုကျင်းရှင်းပင်လျှင် ယွမ်သန်း၁၅၀ ရရှိခဲ့သည်။

သူမ ဘယ်လောက်ပင် ငြိမ်သက်နေပါစေ သူမ အလွန်ပျော်ရွှင်နေခဲ့သည်။

"ကျင်းရှင်း၊ မင်းနဲ့ တစ်ခုလောက် ဆွေးနွေးလို့ ရမလား "

ယဲ့ဖန်သည် ရှုကျင်းရှင်းကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ကြည့်တေသည်။

" ငွေနဲ့ ပတ်သက်တာဆိုရင် မေ့လိုက် "

ရှုကျင်းရှင်းသည် သူ့ကို ကြည့်ရုံဖြင့် မကောင်းကြောင်း သိနိုင်လောက်အောင် ထက်မြက်လေသည်။

" အိုး ..... တကယ် ငွေအကြောင်းပဲ။ ကြည့်လေ၊ မင်းက မိန်းကလေးဆိုတော့ ပိုက်ဆံတွေ အများကြီးရှိလည်း အသုံးမဝင်ဘူးမလား။ မင်း ဘာလို့ ကိုယ့်ကို အရင်မချေးထားတာလဲ။ အတိုးကို သေချာတွက်ပြီး ပေးပါ့မယ် ....... "

သူ၏စကား မပြီးခင်မှာပင် မမလေးရှု၏ ခေါင်းလေးမှာ ပလုတ်တုတ်လေးလို လှုပ်နေပြီဖြစ်သည်။

" မရဘူး၊ ကျွန်မ ပိုက်ဆံလိုတယ် "

ယဲ့ဖန်က အရှုံးမပေးခဲ့ချေ။

သူသည် သူမကို ဆက်လက် ဆွဲဆောင်ခဲ့သည်။

" မင်းက အများသောအားဖြင့် ခြွေတာတတ်တယ်၊ မဟုတ်ဘူးလား။ ၁၀သန်းက လုံလောက်ပါတယ်။ ကျန်တာ ကိုယ့်ကိုချေးလေ "

ရှုကျင်းရှင်း ခေါင်းကို ခါလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ပိုက်ဆံဆိုတာ အသုံးဝင်တယ်။ လက်လျှော့လိုက် "

ယဲ့ဖန်သည် သူမကို နောက်ပြောင်နေခြင်းသာ ဖြစ်သည်။

ပိုက်ဆံမရှိလျှင်ပင် မိန်းမတစ်ယောက်၏ ပိုက်ဆံကို သုံးမည် မဟုတ်ပေ။

ရှုကျင်းရှင်း လှည့်ကြည့်လိုက်သည်။

" ရှင် ...... ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဘာလို့ ရုတ်တရက် ငွေတွေအများကြီး လိုတာလဲ။ တကယ်အရေးတကြီးလိုအပ်ရင် ကျွန်မ .......... "

ယဲ့ဖန် သူမကို အလျင်စလို ဖြတ်ပြောသည်။

" ကိုယ်က မင်းကို နောက်နေတာပါ။ ကိုယ်က ဘယ်သူမလို့လဲ။ ကိုယ့်အတွက် ငွေရှာတာထက် ပိုလွယ်တာ ရှိသေးလို့လား။ မင်းပိုက်ဆံကို ဘာလို့ ဂရုစိုက်ရမှာလဲ "

လူစုမခွဲရသေးသည့် ဘေးပတ်ဝန်းကျင်၌ လူအများအပြား ရှိနေသေးသည်။

ယဲ့ဖန်စကားကို ကြားပြီးနောက် သူတို့သည် သူ့ကို ရိုက်ချင်မိကြသည်။

ရှေးဆိုရိုးစကားအတိုင်း ငွေသည် ရှာရခက်ပြီး ခံစားရ မကောင်းချေ။

သူတို့အတွက်တော့ ငွေရှာသည်ထက် ပိုခက်ခဲတာ ဘာမှမရှိချေ။

သို့သော် ထိုကောင်လေးက ပိုက်ဆံရှာရသည်ကို လွယ်ကူသည်ဟု ပြောခဲ့သည်။

သန်း၁၅၀ကိုတောင် ဂရုမစိုက်ဘူးလား။

ဒါကတော့ လွန်လွန်းပါတယ်။

ရှုကျင်းရှင်းက တခြားဘာမှ မပြောချေ။

အမှန်တွင် ဤငွေများကို ယဲ့ဖန်မှ သူမအား အလကားပေးခဲ့သည်ဆိုကြောင်း သူမကောင်းကောင်း သိလေသည်။

ကျောက်စိမ်းတုံးတွေဝယ်ရန် သူမ၏ ကိုယ်ပိုင်ပိုက်ဆံကို တကယ် သုံးခဲ့သော်လည်း ယွမ် ၁သန်းတောင် မပေးချေခဲ့ရပေ။

ထို့ကြောင့် သူမသည် ဤငွေများကို ကိုယ်ပိုင်ပိုက်ဆံအဖြစ် မသတ်မှတ်ချေ။

သူမသည် သူ့အတွက် ခေတ္တသိမ်းဆည်းထားပေးခြင်းသာ ဖြစ်သည်။

ယဲ့ဖန်သည် ငွေနှင့်ပတ်သက်လျှင် လက်ဖွာတတ်သူဟု သူမ ခံစားမိသည်။

သူ့အတွက် ပိုက်ဆံအား ဂရုစိုက်ရန် တစ်ယောက်ယောက် လိုလေသည်။

အနာဂတ် အရေးတကြီး လိုအပ်ပါက သူမ ထုတ်ပေးမည်ဖြစ်သည်။

သူမသည် ကိုယ်တိုင်ပင် သတိမထားမိလိုက်ပဲ သူမကိုယ်သူမ 'အိမ်ရှင်မလေးတစ်ယောက်' အခန်းကဏ္ဍအဖြစ် တွေးနေခဲ့သည်။

ပြိုင်ပွဲ ပြီးသွားသည့်အတွက် ပွဲကြည့်သည့် လူများမှာ လူစုကွဲသွားသည်။

သို့သော် မပြန်ကြသေးသူများလည်း ရှိကြသည်။

သူတို့အားလုံးသည် ယဲ့ဖန်ကို ကြည့်နေကြသည်။

သူတို့သည် 'ဆင်နောက် လိုက်ကာ ကြံစုပ်နိုင်မည်လား' စမ်းကြည့်ချင်ကြသည်။

ယဲ့ဖန်က သူတို့ကို အထူးတလည် ဂရုမစိုက်ချေ။

သူသည် ရှုကျင်းရှင်းကို ချက်ချင်း ခေါ်လာပြီး ကျောက်ဖြတ်ကွင်းထဲမှ ထွက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူတို့ဆီသို့ လျင်မြန်စွာ လျှောက်လာနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

" မင်္ဂလာပါ ယဲ့ဆရာကြီး။ ငါက ‘ဆုရှန်းမြို့တော်’ ဝယ်ယူရေးဌာနက မန်နေဂျာ ဟွမ်းဝေပါ။ ငါ မင်းနဲ့ သိခွင့်ရနိုင်မလား "

သူသည် ပြောသည့်အတိုင်း လိပ်စာကတ်ပြားကို ပေးလိုက်သည်။

ယဲ့ဖန်သည် နာမည်ကတ်ကို ယူလိုက်ပြီး စိတ်ရှုပ်စွာ သူ့ကို ကြည့်လိုက်သည်။

" ဘာလိုလို့လဲ "

" ဒီလိုပါ " ဟုအစချီ၍ ဟွမ်းဝေက ချက်ချင်း ရှင်းပြသည်။

" ငါတို့ ကျောက်စိမ်းဝယ်ဖို့ ဒီနေ့ ဒီကို ရောက်လာပေမယ့် ကျောက်စိမ်းတွေက အန္တရာယ်များလွန်းတယ်။ ငါတို့က အဲ့တာတွေကို ဖြစ်သလို မဝယ်ရဲဘူး။ ယဲ့ဆရာကြီးရဲ့ လုပ်နိုင်စွမ်းကို အခုပဲ သက်သေပြနိုင်ခဲ့ပြီးတော့ ကံနဲ့ ခွန်အားက တကယ်ကို ထူးခြားတာပဲ။ ကျောက်စိမ်း အတုံး၂၀လုံး တကယ်ပဲ ကျောက်အောင်ခဲ့တယ်။ အံ့သြစရာပဲ ...... "

ယဲ့ဖန်သည် သူ၏ မြှောက်ပင့်ပြောဆိုမှုကို ဟန့်တားလိုက်ပြီး ချက်ချင်း မေးလိုက်သည်။

" ခင်ဗျား ကျောက်စိမ်းရွေးဖို့ ကူညီစေချင်တာလား "

ဟွမ်းဝေက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်။ ယဲ့ဆရာကြီးရဲ့ ကံကောင်းတဲ့ လက်ကို ငှားနိုင်မယ်ဆိုရင် ငါတို့က ဒီတခေါက် အတောင်ပံတွေရှိတဲ့ ကျားတစ်ကောင်လို တိုက်ပွဲကို အနိုင်ယူနိုင်မှာပါ ....... "

ယဲ့ဖန်က သူ့ကို ထပ်ပြီးဖြတ်ပြောသည်။

" ကျောက်ရွေးဖို့ မကူညီနိုင်တာတော့ မဟုတ်ပေမဲ့ ဘာအကျိုးကျေးဇူး ရမှာလဲ "

ဟွမ်းဝေ အံ့ဩသွားသည်။

" အကျိုးကျေးဇူးလား "

ယဲ့ဖန်၏ နှုတ်ခမ်းက ပြုံးကာ တွန့်သွားသည်။

" ခင်ဗျားရဲ့ ‘ဆုရှန်းမြို့တော်’နဲ့ ကျွန်တော်နဲ့က ဆက်ဆံရေးမရှိဘူး။ အဲ့တော့ သေချာပေါက် စီးပွားရေးစကား ပြောရမှာပေါ့။ ဖျော်ဖြေရေး အဖွဲ့တစ်ဖွဲ့ကို ငှားရင်တောင် သူတို့ကို တင်ဆက်ကြေး ပေးရမှာပဲ မဟုတ်လား။ တစ်ပြားမှမပေးရဘဲ ကျောက်စိမ်းတွေ ရွေးဖို့ ကူညီခိုင်းနေတာတော့ မဟုတ်ဘူးမလား "

ဟွမ်းဝေ ခဏ တုံ့ဆိုင်းသွားသည်။

" ဒါဆို ဘယ်လိုလဲ။ ‘ဆုရှန်းမြို့တော်’က ကျောက်စိမ်းရိုင်းတွေ ဝယ်တဲ့ကြေးကို ပေးချေမယ်။ မင်းက အဲ့တာတွေကို ရွေးပေးရုံပဲ လိုတယ်။ ဘာမှ အန္တရာယ်မများပါဘူး။ ကျောက်တွေကို ဖြတ်ပြီးရင် ကျောက်စိမ်းရဲ့ တန်ဖိုးအပေါ် မူတည်ပြီး ကော်မရှင်ခ ၁၀ရာခိုင်နှုန်း ပေးမယ်။ ဒါဆို ငါတို့ဘက်က အရမ်းရက်ရောတယ် မဟုတ်လား "

ယဲ့ဖန် သူ့စကားကို ကြားပြီး ရယ်လိုက်သည်။

" ဟွမ်းလူကြီးမင်း၊ ခင်ဗျားက ကျုပ်ကို ရူးနေတဲ့လူလို့ ထင်နေလား။ အဲ့အစား ကျောက်ကို ကိုယ်တိုင်ဝယ်ပြီးပဲ ကိုယ်တိုင်ဖြတ်မှာပေါ့။ အဲ့ဒီ ကော်မရှင် ၁၀ရာခိုင်နှုန်းရဖို့အတွက်နဲ့ ဘာကိစ္စ ခင်ဗျားဆီမှာ လုပ်ရမှာလဲ "

ယဲ့ဖန်၏ ပရိသတ်အသစ်များပင်လျှင် သူ့ကို လှောင်ပြောင်ကြသည်။

" ဘယ်လိုတောင် စိတ်ကူးယဉ်ဆန်လိုက်လဲ။ အဲ့လောက်လေးနဲ့ ယဲ့ဆရာကြီးကို အလကားအလုပ်လုပ်စေချင်နေတာလား "

" ရှင်းရှင်းပြောရရင် ဒီ ‘ဆုရှန်းမြို့တော်’က ဘာမှမပေးဘဲ တစ်ခုခုရဖို့ ကြိုးစားနေတာ။ ယဲ့ဆရာကြီးက မင်းလို ကပ်ပါးကောင်လို့ ထင်နေလား "

" မှန်တယ်။ ယဲ့ဆရာကြီးမှာ အဲ့ဒီလို အရည်အချင်း ရှိနေတာ သူက ဘာလို့ ကျောက်စိမ်းတွေကို ကိုယ်တိုင် မဝယ်ရမှာလဲ။ ဘာလို့ မင်းတို့ရဲ့ ‘ဆုရှန်းမြို့တော်’ကနေ တစ်ဆင့်သွားရမှာလဲ "

" ဒီ ‘ဆုရှန်းမြို့တော်’က တကယ်ကို အရှက်မရှိဘူး "

ဟွမ်းဝေသည် လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသော်လည်း သူ မထွက်သွားခဲ့ပေ။

သူ၏ တောင်းဆိုချက် အခြေအနေတွေက ရယ်စရာကောင်းနေသည်ကို သူသိသည်။

ယဲ့ဖန်သည် ကျောက်စိမ်းများကို ရွေးချယ်နိုင်စွမ်းရှိပြီး ကိုယ်တိုင်လည်း ဝယ်နိုင်သည်။

ဘယ်လို အလုပ်လုပ်ပေးဖို့ ပြောရမည်နည်း။

သို့သော်လည်း သူသည် အဝယ်ဌာန၏ မန်နေဂျာသာ ဖြစ်သည်။

သူ၏ လုပ်ပိုင်ခွင့်အာဏာမှာ အကန့်အသတ်ရှိပြီး တစ်ဖက်သူကိုလည်း ကြီးမားသော ကတိမျိုးမပေးရဲပေ။

" ယဲ့ဆရာလေး၊ ငါ ဒီနေ့ သူဌေးနဲ့ လာခဲ့တာ။ ဒီနေ့ ကောင်းကောင်းစွမ်းဆောင်နိုင်ရင် ရာထူးတိုးခံရမှာ သေချာတယ်။ နောက်ဆို ငါက ‘ဆုရှန်းမြို့တော်’မှာ ပြောပိုင်ခွင့်တွေ များလာမှာ။ ဒါဆို မင်း နားလည်သင့်တယ်မဟုတ်လား "

သူသည် အတွေးတွေကို ရှင်းလင်းပြီး ပေါ်ထင်စွာ ပြောခဲ့သည်။

" ခင်ဗျား ရာထူးတိုးဖို့က ကျုပ်နဲ့ ဘာဆိုင်လဲ "

ယဲ့ဖန်သည် သူ့မျက်နှာပေါ်ရှိ သရော်လှောင်ပြောင်မှုကို မဖုံးကွယ်ထားပေ။

အပိုင်း ( ၈၁၂ )

အင်း၊ ခဏလေးပဲ။

" အဲ့တာက ငါနဲ့ ပတ်သက်တာတွေရှိတယ်။ ဒီနေ့ မင်းငါ့ကို ကူညီတာနဲ့ မင်းကို ကျေးဇူးအများကြီးတင်သွားပြီ။ နောင် မင်းမှာ ငွေကြေးလိုအပ်ချက်တွေ ရှိလာရင် ငါ့ကို လာရှာနိုင်တယ်။ ငါ မင်းကို ကူညီဖို့ အစွမ်းကုန် ကြိုးစားပေးမယ် "

ဟွမ်းဝေသည် သူ့ကို ဆက်ပြီး စည်းရုံးလေသည်။

" အိုး ဟုတ်လား။ ကျွန်တော်လည်း ဟိုတလောကမှ ပိုက်ဆံနည်းနည်း လိုနေတာ။ ဘယ်လောက်ပေးနိုင်လဲ "

ယဲ့ဖန်သည် ချက်ချင်းပင် စိတ်ဝင်စားလာသည်။

ဟွမ်းဝေ ခဏ တုံ့ဆိုင်းသွားသည်။

" ဒီနေ့ အမြတ်များများရရင် အဝယ်ဌာနရဲ့ ဒါရိုက်တာအဖြစ် ရာထူးတိုးခံရနိုင်တယ်။ ယွမ် သန်း၅၀၀အောက် ချေးပေးနိုင်တယ် ..... "

ထိုစကားကို ယဲ့ဖန် ကြားသောအခါ သူ စိတ်ပျက်သွားသည်။

" သန်း၅၀၀လား။ အဲ့တာဆို မေ့လိုက်တော့။ ခင်ဗျားဘာသာပဲ သိမ်းထားလို့ရတယ် "

ဟွမ်းဝေ စိတ်ပူနေသည်။

" မင်း ဘယ်လောက်လိုတာလဲ။ ဒီထက်များရင် ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက် လိုအပ်နိုင်တယ် "

ယဲ့ဖန်သည် ချက်ချင်း လက်ငါးချောင်းကို ဆန့်ထုတ်ပြလိုက်သည်။

" ခင်ဗျား ကျွန်တော့်ကို ရင်းနှီးမြုပ်နှံငွေ ၅ ဘီလီယံလောက် ပေးနိုင်ရင် စဉ်းစားပေးနိုင်တယ် "

ဟွမ်းဝေသည် တုန်လှုပ်သွားပြီး ချက်ချင်း မျက်လုံးပြူးသွားသည်။

" ဘယ်လောက်။ ၅ ဘီလီယံ ဟုတ်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါရိုက်တာဘုတ်အဖွဲ့က ဘယ်တော့မှ အတည်ပြုမှာ မဟုတ်ဘူး "

ယဲ့ဖန်သည် သူနှင့် စကားဆက်ပြောရန် စိတ်မ၀င်စားနိုင်တော့ပေ။

" ဒါဆို ခင်ဗျားရဲ့ ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုမှု ကျွန်တော့်ဆီလာနိုင်တယ်။ ဘာမှမပေးဘဲ တစ်ခုခုရဖို့ ကြိုးစားနေတာလား။ ခင်ဗျားက အရည်အချင်းမပြည့်မီဘူး "

သို့သော်လည်း ဟွမ်းဝေက လက်မလျှော့ခဲ့ပေ။

ယဲ့ဖန်အရှေ့၌ အမြန်ရပ်ပြီး ပြောသည်။

" ယဲ့ဆရာကြီး၊ ဒီတစ်ခါတော့ ကူညီပါ။ ဒီအခွင့်အရေးက ငါ့အတွက် အရမ်းအရေးကြီးတယ် "

ယဲ့ဖန် အနည်းငယ် စိတ်မပျော်မရွှင် ဖြစ်လာသည်။

" ဒီအခွင့်အရေးက ခင်ဗျားအတွက် အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ အဲ့တာက ကျုပ်နဲ့ မဆိုင်ဘူး။ နှောင့်ယှက်နေတာ ရပ်လိုက်။ မဟုတ်ရင် ခင်ဗျားကို ယဉ်ကျေးနေမှာ မဟုတ်ဘူး "

ယဲ့ဖန် သူ့ကို တွန်းထုတ်ပြီး ရှုကျင်းရှင်းနှင့် ထွက်သွားခဲ့သည်။

ဟွမ်းဝေသည် ထွက်သွားသည့် ကျောကို ညှိုးငယ်သော အမူအရာဖြင့် ကြည့်နေပြီး အရှုံးမပေးချင်သေးပေ။

ယဲ့ဖန် အနည်းငယ် စိတ်ပျက်နေသည်ကို ရှုကျင်းရှင်း မြင်ပြီး ချက်ချင်း ပြုံးကာ မေးလိုက်သည်။

" ကျွန်မတို့ ဘယ်သွားမလို့လဲ "

ယဲ့ဖန်သည် ကျောက်လောင်းကစား ဝိုင်းတစ်ခုလုံးကို ကြည့်လိုက်သည်။

" လောလောဆယ်တော့ ဒီထဲမှာ ကောင်းတဲ့ ပစ္စည်းတွေ မရှိတော့ဘူး။ ကျန်တဲ့ဟာလေးတွေကို တခြားသူတွေ လာယူဖို့ ချန်ထားပေးလိုက်မယ်။ တစ်ဝက်ဖွင့် လောင်းကစားဝိုင်းကို သွားကြည့်ရအောင် "

ရှုကျင်းရှင်းသည် နာခံမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်ပြီး အခြား ဘာမှမပြောချေ။

ဤလောင်းကစားဝိုင်းထဲရှိ ပစ္စည်းများမှာ အနည်းငယ် ပွင့်ဟနေသဖြင့် အထဲရှိ ကျောက်ရည်ကို အနည်းငယ် မြင်နေရပြီဖြစ်သည်။

ထို့ကြောင့် အပိတ်လောင်းကစား နေရာတစ်ခုလုံးရှိ ကျောက်ရိုင်းတုံး ဈေးထက် များစွာ မြင့်မားလေသည်။

သို့သော် တစ်ဝက်ဖွင့်ပစ္စည်းများကို အသုံးပြုရာ၌ အန္တရာယ်ရှိသည်။

မြင်နေရသည့် အပိုင်းသည် အမြတ်ရနိုင်သည်ဟု ထင်နိုင် ဖြစ်နိုင်သော်လည်း လုံးဝ ဖြတ်တောက်ပြီးသည့်အခါ အတွင်းရည်၌ အပြစ်အနာအဆာများရှိကာ ကျောက်မအောင်နိုင်ဖွယ်ရှိသည်။

လီရွေ့နှင့် တိုက်ပွဲအပြီးတွင် ယဲ့ဖန်၏ နာမည်သည် နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ယဲ့ဖန် လမ်းလျှောက်လာသည်ကို တွေ့ပြီး ဆိုင်ပိုင်ရှင်များ အားလုံးက သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို နှုတ်ဆက်ကြသည်။

ယဲ့ဖန် အနောက်တွင် ကောက်စားရန် စောင့်နေကြသူများလည်း ပါလာသည်။

ယဲ့ဖန်သည် ခဏတာ ပတ်လျှောက်ပြီးနောက် စျေးခန်းတစ်ခုထဲမှ ပစ္စည်းတစ်ခုကို ချက်ချင်း အကြည့်ရောက်သွားသည်။

သူ ဝယ်တော့မည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူ့နောက်မှ လူအုပ်ထဲရှိ ချောင်းမြောင်းနေသော အသွင်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။

ထိုသူမှာ ‘ဆုရှန်းမြို့တော်မှ ဟွမ်းဝေဖြစ်သည်။

ယဲ့ဖန်သည် တစ်ဖက်သူ၏ အတွေးကို ချက်ချင်း မှန်းဆလိုက်သည်။

ထိုလူသည် ယဲ့ဖန် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် စောင့်ဆိုင်းနေပြီး ကြားဖြတ်ယူမည့် အခွင့်အရေးကို လိုချင်နေတာ ဖြစ်ပေလိမ့်မည်။

ထိုသို့ တွေးမိလိုက်သည်နှင့် သူ့မျက်နှာပေါ်၌ အေးစက်သည့် အပြုံးတစ်ခု ပေါ်လာသည်။

' အဲ့လိုနဲ့ တားချင်နေတာလား။ ကောင်းပြီ၊ ခင်ဗျားကို ကြိုက်သလောက် ကြားဖြတ်ခွင့်ပေးလိုက်မယ် "

" သူဌေး၊ ဒီပစ္စည်းက ဘယ်လောက်လဲ "

သူသည် ဈေးဆိုင်တစ်ခုဆီသို့ လျှောက်သွားပြီး ကြည့်ရန် တစ်တုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်သည်။

" ၅သိန်း "

သူဌေးက ချက်ချင်း ဈေးပြောလေသည်။

ယဲ့ဖန်သည် ပစ္စည်း၏ အရည်အသွေးကို ကြည့်လိုက်သည်။

ပြထားသည့် အပိုင်းသည် ကျောက်စေးကို မြင်ရသော်လည်း ထိုကျောက်စေးသားအပိုင်းသည် အတွင်းထဲ၌ တစ်စင်တီမီတာလောက်သာ ရှိသည်။

အထဲတွင်တော့ လုံးဝ အဖြူသား ဖြစ်နေသည်။

ထိုပစ္စည်းမျိုးသည် ယွမ်၅သိန်း မဆိုနှင့် ယွမ် ၅သောင်းလောက်တောင် မတန်ချေ။

" ကောင်းပြီ၊ ဒီတစ်တုံး လိုချင်တယ် "

ယဲ့ဖန်သည် တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောပြီး ရတနာတစ်ခုကို ကောက်ယူလိုက်သလိုမျိုး သူ့မျက်နှာ၌ ထိန်းချုပ်လို့ မရသည့် ပျော်ရွှင်မှုတစ်ခု ရှိနေသည်။

မျှော်လင့်ထားသည့်အတိုင်း ဟွမ်းဝေသည် အလျင်အမြန် ထွက်လာသည်။

" သူဌေး၊ ဒီပစ္စည်း လိုချင်တယ် "

သူဌေးက ချက်ချင်း ခေါင်းခါလိုက်သည်။

" လူကြီးမင်း၊ ဒီပစ္စည်းကို သူများ ယူပြီးပါပြီ။ တခြားဟာတွေကို ကြည့်လို့ရပါတယ် "

သို့သော်လည်း ဟွမ်းဝေက ပြတ်သားစွာ ငြင်းဆိုခဲ့သည်။

" မရဘူး၊ ငါ ဒီပစ္စည်းကို လိုချင်တယ်။ ပိုပေးလည်း ရတယ်။ ၆သိန်း ပေးမယ် "

သူဌေးက တုံ့ဆိုင်းသွားသည်။

" အဲ့တာ ....... "

ယဲ့ဖန်လည်း 'စိုးရိမ်သွားသည့်ပုံ'ဖြင့် ပြောသည်။

" ကျွန်တော် ၇သိန်း ပေးမယ် "

" ၈သိန်း "

ဟွမ်းဝေသည် ယဲ့ဖန် အလွန်စိုးရိမ်နေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် ထိုပစ္စည်း၏ တန်ဖိုးကို ပိုသေချာသွားသည်။

စျေးကို ဆက်၍ တိုးပေးလေသည်။

" ၉သိန်း "

" ၁ သန်း "

" ၁.၁ သန်း "

" ၁.၂ သန်း ....... "

အဆုံးတွင် ဟွမ်းဝေသည် အဆိုပါပစ္စည်းကို ၁.၅သန်းဖြင့် ဝယ်ယူခဲ့သည်။

ယဲ့ဖန်သည် သူ့ကို 'စိတ်တိုနေသောအကြည့်'ဖြင့် စိုက်ကြည့်နေသည်။

" ခင်ဗျား အတိအကျ ဘာဖြစ်ချင်နေတာလဲ "

ဟွမ်းဝေ သူ့မျက်နှာ၌ အပြုံးမပျက်ချေ။

" ငါက ကျောက်စိမ်းတုံးတွေ ဝယ်နေတာလေ။ ဒီကျောက်မှာ ဆရာကြီးရဲ့ အမည်များ ပါနေလို့လား။ ဘာလို့ မဝယ်နိုင်ရမှာလဲ "

ယဲ့ဖန်သည် သူ၏ အရှက်မရှိသော စကားများကို ကြားလိုက်သောအခါ 'ဒေါသ' ဖြစ်လွန်း၍ စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။

ဒေါသတကြီးဖြင့် တခြားဆိုင်သို့ ဆက်လျှောက်သွားသည်။

ဟွမ်းဝေသည် ကောက်ကျစ်သော အမူအရာဖြင့် သူ့နောက်မှ လိုက်သွားခဲ့သည်။

သူ့အား စံနမူနာပြထားကာ အခြားသူများကလည်း တက်ကြွလာသည်။

ဒါက အကွက်မြင်တဲ့ လှုပ်ရှားမှုတစ်ခုပဲ။

ထို့ကြောင့် ယဲ့ဖန်သည် ထိုလူကို 'တကူးတက မြှားခေါ်ရန်' မလိုလိုက်ပေ။

သူသည် မည်သည့် ကျောက်စိမ်းတုံးကိုမဆို ကိုင်လိုက်သည်နှင့် ကျန်သူများမှ အလုအယက် လေလံဆွဲရန် အလျင်စလို လုပ်ဆောင်ကြသည်။

ရေကန်ထဲသို့ ငါးစာလက်တစ်ဆုပ်စာ ပစ်ချလိုက်သလိုမျိုးပင် ငါးတစ်စုမှာ ဝိုင်းဟပ်နေကြသည်။

နောက်ဆုံးတွင် ဟွမ်းဝေသည် ‘ဆုရှန်းမြို့တော်’၏ ဘဏ္ဍာရေးအင်အားကြောင့် အားသာချက်များစွာ ရှိခဲ့သည်။

ကျောက်စိမ်းအများစုမှာ သူ့လက်ထဲသို့ ရောက်သွားသည်။

အချိန်တိုလေး အတွင်း၌ပင် သူသည် ကျောက်စိမ်းများကို ဝယ်ယူရန် ယွမ် သန်း၅၀ နီးပါး သုံးစွဲခဲ့သည်။

သူသည် စုစုပေါင်း အတုံး၂၀ နီးပါး ဝယ်ခဲ့သည်။

ထိုရလဒ်သည် လုံလောက်သည်ဟု ခံစားမိသည့်အတွက် ဆက်၍ လေလံမဆွဲတော့ပေ။

" မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ ဆရာကြီး။ ဟားဟားဟား ....... "

သူသည် ယဲ့ဖန်ကို အပြုံးမပျက် ကြည့်လိုက်သည်။

သူ့ပုံစံမှာ လှောင်ပြောင်နေခြင်းသာ ဖြစ်သည်။

ပေးတဲ့ ၁၀ရာခိုင်နှုန်းကို မယူဘူးမလား။

အခု မယူဘဲ ပေးလိုက်ရတဲ့ ခံစားချက်က ဘယ်လိုလဲ။

ယဲ့ဖန်သည့် ထွက်သွားသည့် သူ့နောက်ကျောကို ကြည့်လိုက်သည်။

ယဲ့ဖန်မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။

ခင်ဗျား ခဏလောက် ပျော်ခွင့်ပေးလိုက်မယ်။

အင်း၊ ခဏလေးပဲ။

All Chapters