ကျန်းဟိုင်ဓားနတ်ဘုရား နဲ့ မင်းက ဘယ်လိုပတ်သက်လဲ
Vol. 5 Ch. 67
"ဒီဓားသိုင်းကိုပဲ ထပ်ပြီး!"
ကိုယ်ခံပညာစင်မြင့်အောက်တွင် လူအိုလီ၏ မျက်လုံးများ ပြူးကျယ်လာပြီး VIP ထိုင်ခုံမှ စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။ လီရွှေရေကန်တွင် အရင်တစ်ခါက မျှော့များ သောင်းကျန်းလာသောအခါ လီကျစ်ရွှမ်းသည် ဤအံ့မခန်းဓားဖြင့် သွေးနတ်ဆိုးကို အောင်မြင်စွာ ဒဏ်ရာရစေခဲ့သည်။
ထိုအချိန်မှစ၍ သူသည် သူမအား ဤအကြောင်းကို မေးမြန်းခဲ့သည်။ ဒါပေမယ့် လီကျစ်ရွှမ်းက စကားမပြောဘဲ နှုတ်ဆိတ်နေတာကြောင့် လူအိုလီလည်း ဒီကိစ္စကို မေ့ပစ်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
နောက်ဆုံးတော့ ဒီဓားသိုင်းက ဘယ်ကလာနေပါစေ အလွန်အဖိုးတန်တဲ့ အခွင့်အရေးတစ်ခုကို ရသွားတာက လီကျစ်ရွှမ်းရဲ့ ကံကြမ္မာပါပဲ။ သူသည် သူ့တပည့်ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသောကြောင့် နည်းစနစ်ကို ခိုးယူခြင်းကဲ့သို့ ရှက်ဖွယ်လိလိကို သဘာဝအတိုင်း ပြုမည်မဟုတ်ပေ။
သို့သော် ဒါကို သူ မမျှော်လင့်ခဲ့။ယခု ရက်အတော်ကြာပြီးနောက်တွင် လီကျစ်ရွှမ်းဟာ ဤဓားသိုင်းကို ထပ်မံအသုံးပြုခဲ့ပြီး ၎င်းရဲ့ စွမ်းအားကလည်း အဆများစွာ တိုးလာခဲ့သည်။
"ငါတို့ သိပ်မတွေ့ရတာ ရက်ပိုင်းပဲရှိသေးတယ်မလား... ရွှမ်းရွှမ်း ကြီးပြင်းလာပြီ..."
လူအိုလီသည် ကောင်းကင်ယံတွင် ပြည့်နေသော တောက်ပနေသည့် ဓားအလင်းတန်းများကို ငေးမောရင်း ခေါင်းကို မော့လိုက်သည်။ လေက အူနေပြီး အရှိန်က ဆူနာမီရေလှိုင်းလို လွှမ်းမိုးနေသည်။
ခန်းမထဲတွင် ထောင်နှင့်ချီသော ပရိသတ်များကလည်း သူနှင့်အတူ ဤအံ့မခန်း ထိုမြင်ကွင်းကို ကြည့်ရှုခဲ့ကြ၏။ မျက်လုံးများ ပြူးကျယ်ကာ ခန္ဓာကိုယ်နှင့် စိတ်များပါ လွန်စွာ တုန်လှုပ်သွားကြသည်။
ကောင်းကင်ထက်က ကောင်းကင်ဖြစ်စဉ်များ သိသိသာသာ ပြောင်းလဲသွားသည်။
ဓားစွမ်းအင်သည် လှိုင်းထန်နေသော ရေစီးကြောင်းကဲ့သို့ ခုန်တက်သွားပြီး နဂါးနှစ်ကောင်ကြား တိုက်ပွဲတစ်ခု ဖြစ်သွားစေသည်။ နေရောင်ခြည်ကို ရှာတွေ့နိုင်ဖို့ ထူထပ်နေသော ပင်လယ်ကြီးကို ဖြိုခွင်းလိုက်သည့်အလား ထင်ရှားသော ဓားစွမ်းအင်နှစ်ခု အချင်းချင်း တိုက်မိသွားသည်။
ကိုယ်ခံပညာကွင်း အတွင်း၌ လျှိုမြောင်များနှင့် တွင်းနက်များသည် မြေပြင်ကို ဖုံးလွှမ်းသွားသည်။ ထောင့်လေးထောင့်ရှိ ကြယ်စွမ်းအင်ကမ္ပည်းစာများ အရူးအမူး လှည့်ပတ်ကာ အနီးနားရှိ ဓားစွမ်းအင်များကို မထိခိုက်စေရန် ကြယ်စွမ်းအင်ကို ကာကွယ်သည့် ကန့်လန့်ကာကို မြှင့်တင်လိုက်ရသည်။
ခရက်!
စူးစူးဝါးဝါး ကွဲအက်သံတစ်ခု ပဲ့တင်ထပ်သွားသည်။ ပရိတ်သတ်များလည်း အသံ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ရာ အကာအကွယ်ကြယ်ပွင့်ပေါ်မှာ အက်ကြောင်း သေးသေးလေးများ ပေါ်လာ၏။ ၎င်းဟာ အချိန်မရွေး ပြိုကွဲသွားတော့မလိုပင်။
ဒါကိုမြင်တော့ လူတိုင်း အံ့ဩသွားကြသည်။
ဒါက ဘယ်လိုစွမ်းအားမျိုး ဖြစ်နိုင်လဲ။
ဤဖွဲ့စည်းမှုသည် အကာအကွယ်အတွက် အထူးဒီဇိုင်းထုတ်ထားတာ ဖြစ်သည်။ မွေးရာပါနယ်ပယ် အစောပိုင်းအဆင့်က သခင်တစ်ဦး၏ နောက်ဆက်တွဲ ရလဒ်ကိုပင် ခဏတာ ခုခံနိုင်ခဲ့သည်။
ယခုတော့ မွေးရာပါနယ်ပယ်ကိုတောင် မရောက်ဖူးသေးတဲ့ ဒီလူငယ်လေးနှစ်ယောက်က တကယ်ကို ထိတ်လန့်စရာ အစွမ်းအစတွေ ပြသနေ၏။ အားလုံးက ထိတ်လန့်တကြားဖြင့် ကြည့်နေကြသည်။
"ပါရမီရှင်တစ်ယောက်ကတော့ ထင်ထားတဲ့ အတိုင်းပဲ... "
"သူမ မွေးရာပါနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားမျိုးကို ထုတ်လွှတ်နေတာ... သူ့ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ မသိဘူး"
လူတိုင်းပြောနေကြသလိုပဲ ကိုယ်ခံပညာကွင်းပြင် အလယ်ဗဟိုမှာရှိတဲ့ လေဖိအားက ပိုပြင်းထန်လာတာနဲ့အမျှ ကြောက်စရာကောင်းတဲ့ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ မရေမတွက်နိုင်သော ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ကြယ်စွမ်းအား အတားအဆီးနှင့် အပြင်းအထန် တိုက်မိသွားသည်။
လူတွေ ထိတ်လန့်ကုန်သည်။ ထိုဓားစွမ်းအင်များက မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်။ ပေါက်ထွက်လာလျှင် သေချာပေါက် ထိခိုက်နစ်နာကုန်လိမ့်မည်။ ပွဲကြည့်ဖို့ လက်မှတ်ဝယ်ထားတာက အသက်ကို စွန့်စားဖို့အထိတော့ မဟုတ်ပေ။
"မထိတ်လန့်ပါနဲ့... ဒီအစီအရင်က ချိုးဖျက်လို့မရဘူး!"
ဤအခိုက်အတန့်တွင် လူအိုလီက လူအုပ်တစ်ခုလုံးကို ငြိမ်သက်သွားအောင် အော်လိုက်သည်။
နောက်အခိုက်အတန့်၌ အင်အားပြင်းသော ကြယ်ပွင့်များက ကြယ်စွမ်းအင် အတားအဆီးကို လွှမ်းမိုးသွားခဲ့ပြန်သည်။ သို့နှင့် ယွီဝမ်ရွှမ်နှင့် အခြားသော သခင်များလည်း အက်ကြောင်းများကို ပြုပြင်ရန် ပူးပေါင်းခဲ့ကြရသည်။
သူတို့အတားအဆီးသည် ကျောက်တုံးကဲ့သို့ ခိုင်ခံ့မြဲမြံနေခဲ့ပြီး ဓားစွမ်းအင်ကို ကိုယ်ခံပညာကွင်းပြင်တစ်ဝိုက် မပျံ့နှံ့အောင် တားဆီးထား၏။ ထိုစဥ် စင်မြင့်ပေါ်ရှိ ဓားစွမ်းအင်က သဲမုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လူတိုင်း၏ အမြင်အာရုံကို ပိတ်ဆို့ထားသောကြောင့် အတွင်းမှာ ဖြစ်ပျက်နေသော တိုက်ပွဲကို ပိုင်းခြားရန် ခက်ခဲလာစေသည်။ အခု သူတို့ လုပ်နိုင်သမျှ စောင့်နေခြင်းသာ ဖြစ်လေ၏။
ဤအခိုက်အတန့်တွင် ဓားမုန်တိုင်း၏ ရည်ရွယ်ချက် ရပ်တန့်သွားပြီး ဖုန်မှုန့်များ ပြေငြိမ်းသွားမှသာလျှင် ကြယ်စွမ်းအား၏ အတားအဆီးက နောက်ဆုံးတွင် ပျောက်ကွယ်သွားမည် ဖြစ်သည်။ သို့နှင့် ပရိတ်သတ်များ တိတ်သွားကြသည်။
နောက်ဆုံး ကန့်လန့်ကာကို စောင့်မျှော်နေသောကြောင့် ကိုယ်ခံပညာကွင်း အလယ်ဗဟိုဆီသို့သာ မျက်လုံးများစွာက စုစည်းသွားသည်။
မိနစ်အနည်းငယ်ကြာတဲ့အခါ စင်မြင့်ပေါ်မှ ဓားသွားရောင်ဝါ ရည်ရွယ်ချက်များ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။
လေထုဖိအား ရုတ်တရက် မြင့်တက်လာသည်။ ကြယ်စွမ်းအားအတားအဆီးသည် ဖြည်းညှင်းစွာ လွင့်စင်သွားပြီး ၎င်း၏ဗဟိုမှ ဖုန်မှုန့်များလည်း အရပ်ရပ်သို့ ပြန့်ကျဲသွား၏။ ဒါကိုမြင်တော့ လူတိုင်းဟာ စင်မြင့်ရဲ့ အလယ်ဗဟိုကို အလျင်အမြန် စိုက်ကြည့်လိုက်ကြသည်။
ဟူးယန်ကျန့် ဒူးတစ်ဖက် ထောက်နေကာ သူ့ရဲ့ ဓားရှည်က ကျိုးသွားပြီ။ ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး မျက်နှာကလည်း စက္ကူတစ်ရွက်အလား ဖြူဖျော့နေသည်။
သူ့ရှေ့မှာတော့ လီကျစ်ရွှမ်းက ဂုဏ်ယူဝံ့ကြွားစွာ ရပ်လျက် သူမဓားကို မြှောက်ကာ ဟူးယန်ကျန့်ရဲ့ နဖူးကို ဓားထိပ်ဖျားဖြင့် ချိတ်ထားသည်။ သူမ၏ အမူအရာမှာ ရေခဲတစ်မျှ အေးစက်နေ၏။
“အောင်နိုင်သူ အဆုံးအဖြတ်ပဲ”
ခံစားချက်ကင်းမဲ့သော သူမ၏ လေသံက တိုးတိုးလေး ထွက်လာသည်။ ဒါကိုကြားတော့ ဟူးယန်ကျန့် ဖြည်းညှင်းစွာထရပ်ပြီး ကျိုးနေတဲ့ဓားကို ကိုင်ကာ လီကျစ်ရွှမ်းကို ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်လိုက်သည်။
အရှက်တရား၊ နာကြည်းမှု၊ အားကိုးရာမဲ့မှု စသဖြင့် ခါးသီးတဲ့ ခံစားချက်တွေက သူ့ရင်ဘတ်ထဲမှာ ပေါက်ဖွားလာခဲ့ပြီး နောက်ဆုံးမှာတော့ ပြောလာခဲ့သည်။
"ဟုတ်တယ်..ငါ ရှုံးတယ်...."
စကားတွေကို ကြားလိုက်ရတဲ့ ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။ မတ်တတ်ရပ်ကုန်တဲ့ မရေမတွက်နိုင်သော လူများကလည်း လီကျစ်ရွှမ်းအမည်ကို အော်ဟစ်ခဲ့ကြသည်။
ထိုဟောက်သံက နှစ်သစ်ကူး မောင်းသံကြီးအလား ဆူညံနေ၏။
"နိုင်ပြီ...ဆရာတူအစ်မလီ နိုင်သွားပြီ!"
"ဓားသူတော်စင် တပည့်ရဲ့ နိုင်ပွဲက ကျန်းဟိုင်မှာ ပြီးသွားပြီ... အရမ်းမိုက်တယ်ဟေ့!"
"ငါတို့ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီက ကမ္ဘာပေါ်မှာ နံပါတ်တစ်ပဲ..."
ပရိတ်သတ်ထဲက ကျောင်းသားများမှာ အချင်းချင်း ပွေ့ဖက်ကာ ပျော်ရွှင်စရာကောင်းသော အခိုက်အတန့်များကို အခွင့်အရေး ရတုန်း ခံစားနေကြသည်။ လီကျစ်ရွှမ်းရဲ့ တိုက်ပွဲက အလွန်အရေးကြီးသည်။ ဒါဟာ ပုဂ္ဂိုလ်ရေး ရုန်းကန်မှုသက်သက်မဟုတ်တော့ဘဲ အစုအဖွဲ့တစ်ခုလုံးကြား လျှို့ဝှက်တိုက်ပွဲတစ်ခု ဖြစ်လေ၏။
တစ်ယောက်ရဲ့အောင်မြင်မှုကို လူတိုင်း မျှဝေကြပြီး တစ်ယောက်ရဲ့ ဆုံးရှုံးမှုကိုလည်း အားလုံးက မျှဝေကြရမှာပင်။
ပရိသတ်အားလုံးသည် ဤသမိုင်းဝင်အခိုက်အတန့်ကို ဖမ်းယူ၍ ဆယ်လ်ဖီရိုက်ရန် ၎င်းတို့၏ဖုန်းများကိုပါ ကိုင်ဆွဲကုန်ကြသည်။
"ဟေး ချင်းအိုကြီး... မင်းပြောတာ မှန်တယ်ကွ!"
လူအုပ်ထဲမှ ရှဟဲသည် သူ့ဖုန်းကို ထုတ်လိုက်ပြီး စင်ပေါ်ကို မှီကာ သူ့ selfie အတွက် ထောင့်တစ်ခုကို ချိန်ညှိလိုက်သည်။
"ကံကောင်းသွားရုံပါ..."
ချင်းယန် ပြုံးပြီး ကြည်နူးနေမိသည်။ သူသည် ရှဟဲနှင့် လက်နှစ်ဖက်ကို ချိတ်ပြီး အခိုက်အတန့် ဓာတ်ပုံတစ်ပုံ ရိုက်လိုက်သည်။ ဓာတ်ပုံရိုက်ပြီးတာနဲ့ ရှဟဲ သူ့ဘေးနားရှိ ချင်းယန်ကိုကြည့်ကာ လှောင်ပြောင်လေတော့သည်။
"ဒီကလေးမလေးက ဒီလောက်ကြောက်ဖို့ကောင်းမယ်လို့ မမျှော်လင့်ထားဘူး... လောင်ချင်း အခုကစပြီး သတိထားတော့.. သူ့ကို စိတ်ဆိုးအောင် သွားမလုပ်နဲ့.. မဟုတ်ရင် ဓားနဲ့ အခုတ်ခံရလိမ့်မယ် ဟားဟား"
ချင်းယန် ပြုံးပြသော်လည်း ဘာမှမပြောတော့ပေ။ နံဘေးက အော်ဟစ်ပြောဆိုသံကြောင့် သူတို့၏ စကားသံများက တိမ်မြုပ်သွားခဲ့သည်။ စင်မြင့်ပတ်လည်တွင် ပရိသတ်များ လွှမ်းခြုံထားသည့် အော်ဟစ်ဆူညံသံများဖြင့်သာ ပြည့်နှက်နေသည်။
ဟူးယန်ကျန့် ဆူညံသံကို နားထောင်ရင်း သူ့လက်ထဲက ကျိုးနေသောဓားကို ငုံ့ကြည့်ကာ သူ့အမူအရာ အနည်းငယ် မှိန်းနေပြီး။
"တကယ် ရှုံးသွားတာလား..."
"သေချာပေါက် ငါ ပြန်လာခဲ့မယ်..."
သူက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သစ်သားတုံးကြီးလို လှည့်ကာ ရင်ပြင်ထဲက ထွက်ခွာသွားခဲ့သည်။ သူ့ပုံစံက လုံးဝ တိတ်ဆိတ်နေကာ ခြေလက်တွေ တောင့်တင်းပြီး ကြိုးတွေဖြတ်ထားတဲ့ ရုပ်သေးရုပ်လိုပင်။
"ဟေး..."
လီကျစ်ရွှမ်း သူ့ကို လှမ်းအော်လိုက်ပေမယ့် ရုတ်တရက် သူမနောက်ကျောမှာ အေးစက်သွားသလို ခံစားလိုက်ရ၏။ စိတ်ပျက်ဖွယ်ကောင်းသော အငွေ့အသက်များ ကျဆင်းလာကာ ယွီဝမ်ရွှမ် သူမထံ တိတ်တဆိတ် ချဉ်းကပ်လာသည်။
"မဆိုးပါဘူး! ဒီလောက်သေးငယ်တဲ့ ကျန်းဟိုင်မှာ အလားအလာရှိတဲ့ အရည်အချင်းရှိသူတွေ ရှိနိုင်တယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး"
ယွီဝမ်ရွှမ် ဟက်ဟက်ပက်ပက် ရယ်မောကာ ဖြည်းညှင်းစွာ ချဉ်းကပ်ရင်း သူမကို ချီးကျူးနေခဲ့သည်။ သူက ဟူးယန်ကျန့်ရဲ့ ကျောပြင်ကို ငုံ့ကြည့်ပြီး။
"ငါ့တပည့်အတွက်တော့ စိတ်မပူပါနဲ့ ငါ ဒါကို သဘာဝကျကျ ကိုင်တွယ်လိုက်မယ်"
"ဟုတ်ကဲ့"
လီကျစ်ရွှမ်း နှိမ့်ချမှုဖြင့် ဦးညွှတ်လိုက်သည်။
"အကြီးအကဲက အရမ်းကြင်နာတတ်ပါတယ်"
"ဟားဟား"
ယွီဝမ်ရွှမ်သည် သူ့မျက်လုံးများကို အနည်းငယ်မှေးထားကာ သူမကို ကြင်နာသော စီနီယာတစ်ယောက်လို ကြည့်နေသည်။ အငွေ့အသက်က အေးချမ်း၏။
လက်ရှိနေရာရှိ သတင်းထောက်အချို့သည်ပင် အရှိန်အဟုန်ဖြင့် ပြေးလာကာ ၎င်းတို့၏ ကင်မရာများကို မြှင့်တင်ကာ ဤငြိမ်းချမ်းသောမြင်ကွင်းကို ရိုက်ကူးရန် ကြိုးစားနေကြသည်။
လီကျစ်ရွှမ်း သတင်းထောက်များကို ကြည့်ကာ သူမ၏ လက်နှင့် အလင်းတန်းများကို ကာရင်း ထွက်သွားတော့မည့်အခိုက် ရုတ်တရက် ဓားသူတော်စင်ရဲ့အသံက သူမစိတ်ထဲမှာ ပဲ့တင်ထပ်လာခဲ့သည်။
"ကလေးမ... ကျန်းဟိုင်ဓားနတ်ဘုရားနဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ"
ထိုစကားတွေ ကျလာရင်ပဲ လီကျစ်ရွှမ်း၏ သူငယ်အိမ်များ ကျဉ်းမြောင်းလာကာ သူမ၏ နှလုံးခုန်သံများ တုန်ခါသွားသော်လည်း သူမကိုယ်သူမ ငြိမ်သက်နေအောင် အတင်းအကြပ် ထိန်းထားဆဲ။
"အကြီးအကဲ ဘာကိုဆိုလိုတာလဲ နားမလည်ပါဘူး"
ယွီဝမ်ရွှမ်သည် မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး လီကျစ်ရွှမ်းကို အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် ရယ်မောပြလာသည်။ သို့သော် ဘာမှ မပြောတော့ဘဲ ဟူးယန်ကျန့် ထွက်သွားသောလမ်းကြောင်းအတိုင်း လှည့်၍ လျှောက်သွားခဲ့သည်။