ဂိုဏ်းဆရာ အထွတ်အထိပ်! ဒီကောင်က ဘယ်လိုတွေ လုပ်နေတာလဲ?
Vol. 5 Ch. 69
"ဘာ!?"
ဟူးယန်ကျန့်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ့မျက်နှာပေါ်တွင် ထိတ်လန့်တကြား အမူအရာများ ထွက်ပေါ်လာတော့၏။
ဒါဆို ဒီလီကျစ်ရွှမ်းက တကယ်တော့ ဓားနတ်ဘုရားရဲ့ တိုက်ရိုက်တပည့်လား။
ဒီသတင်းက တကယ်ကို ထိတ်လန့်စရာ သတင်းပင်။ ဒီသတင်းသာ ထွက်လာရင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာ သေချာပြီး အွန်လိုင်းလူထုရဲ့ ထင်မြင်ချက်နောက်ထပ် လှိုင်းလုံးကြီး ထလာမှာ သေချာသည်။
"တပည့်လေး... စိတ်မရှည်မလုပ်နဲ့ သေချာစဉ်းစား..."
ယွီဝမ်ရွှမ် ဖြည်းဖြည်းချင်း ပြောလာသည်။
"မင်းက ငါ့တပည့် မွေးရာပါနယ်ပယ်အောက်က ပြိုင်ဘက်မရှိ... ကျန်းဟိုင်မြို့မှာ အင်အားအကောင်းဆုံးလူကတောင် မွေးရာပါ နယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိတယ်... လီကျစ်ရွှမ်းလို ပါရမီရှင်တစ်ယောက်ကို သူတို့ ဘယ်လိုလုပ် သင်ကြားပေးနိုင်မှာလဲ"
ဒီလိုကြားလိုက်တာနဲ့ ဟူးယန်ကျန့် အနည်းငယ် မျက်မှောင်ကြုတ်ကာ ယွီဝမ်ရွှမ် ပြောချင်သော အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်လိုက်သည်။
တစ်ဖက်အဖွဲ့မှာ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ ဖြစ်သည်။ သင်ကြားရေးမှာ အားနည်းနေပြီး သူတို့၏ တစ်ဦးတည်းသော အရည်အချင်း ရှိသူမှာ မွေးရာပါနယ်ပယ်၏ အထွတ်အထိပ်တွင်ရှိသော လူအိုလီ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဟူးယန်ကျန့်ဟာ မွေးရာပါနယ်ပယ်က ထိုဆရာများကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ဖူးသည်။
သူတို့သည် "ဓားတစ်သောင်းမူလပြန်ခြင်း" ကို ချိုးဖျက်နိုင်သော ဓားသိုင်းကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာတဲ့လဲ။ ဤအတွေးဖြင့် ဟူးယန်ကျန့်သည် ဆိုဖာပေါ်မှ ထကာ သက်ပြင်းချရင်း သံသယများ ပြေပျောက်သွားသည်။
ရုတ်တရက် သူ့နှလုံးသားက သမုဒ္ဒရာကြီးလို ကျယ်ပြောလာသည်။ စိတ်ဓာတ်ကျခြင်းနဲ့ ဝန်ကို မထမ်းထားတော့ချေ။ ကိုယ်ခံပညာစင်မြင့်ပေါ်က တိုက်ပွဲအပြီးတွင် လီကျစ်ရွှမ်းဟာ ဓားနည်းပညာကို ကျွမ်းကျင်ပြီး ထူးခြားစွာ ထူးချွန်သူဟု သူ ယုံကြည်ခဲ့သည်။
ထိုကဲ့သို့ ဉာဏ်ကြီးရှင်တစ်ယောက်၏ ဓားရောင်ဝါက ဟူးယန်ကျန့်၏ ဓားရှည်ကို ယိမ်းယိုင်စေခဲ့သည်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ ယွီဝမ်ရွှမ်ရဲ့ လမ်းညွှန်မှုဖြင့် ယနေ့ညမှာတင် သူ့အာရုံတွေကို ပြန်ရလာခဲ့၏။
လတ်စသတ်တော့ လီကျစ်ရွှမ်းကလည်း သူကိုယ်တိုင်ကဲ့သို့ပင် သခင်တစ်ဦးဆီက သွန်သင်ခြင်းကို ခံခဲ့ရသည်။
"ဟုတ်ကဲ့ တပည့်ကို နားလည်ပေးလို့ ဝမ်းသာပါတယ်"
ဟူးယန်ကျန့် အခြေအနေ ကောင်းမွန်လာတာကို မြင်တော့ ယွီဝမ်ရွှမ်က တည်ငြိမ်စွာ ပြုံးလိုက်သည်
"လီကျစ်ရွှမ်းလို တပည့်တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်ဘူး... ဒီကျန်းဟိုင် ဓားနတ်ဘုရားရဲ့ အစွမ်းသတ္တိကိုတော့ ငါ ပိုသိချင်လာပြီ!"
ထို့နောက် ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ လမ်းပေါ်ရှိ လမ်းသွားလမ်းလာများကို လှမ်းကြည့်လိုက်သည်။
"မနက်ဖြန် ငါ ဓားတောင်ကြားကို သွားပြီး သူနဲ့ ပညာချင်းဖလှယ်နိုင်အောင် စောင့်မယ်!"
"ဆရာကြီး..."
ဒါကိုကြားတဲ့အခါ ဟူးယန်ကျန့် ခဏ တုံ့ဆိုင်းသွားပြီး။
"ဒီကျန်းဟိုင် ဓားနတ်ဘုရားက အမြဲတမ်း တွေ့ရခဲတယ်တဲ့.... သူက ဆရာ့ကို လာတိုက်ပါ့မလား?"
"ဟားဟား... ဆရာကတော့ သူ လာမယ်လို့ ယုံတယ်"
ယွီဝမ်ရွှမ် ပြုံးလိုက်ပြီး သူ့လက်ထဲက ကျောက်လက်ကောက်ကို လှည့်ရင်း စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်သည်။
"တပည့်လေး... ငါ့အဆင့်ရောက်ရင် မင်းနားလည်လိမ့်မယ်... ဂိုဏ်းဆရာနယ်ပယ် ဆိုတာ ဖြတ်ကျော်ဖို့ အရမ်းခက်ခဲတယ်.. လှုံ့ဆော်မှုက အထူးအရေးကြီးတယ်... ဒီတိုက်ပွဲက အဲဒီလှုံ့ဆော်မှုကိုရယူဖို့ အဓိကနည်းလမ်းပဲ..."
"ဒါဆို ဆရာက သူလည်း သူ့နယ်ပယ်ကို ဖြတ်ကျော်ဖို့ သေချာပေါက် ရောက်လာမယ်လို့ ယုံကြည်ထားတာပေါ့"
...
ချင်းယန်သည် အိမ်ပြန်လာပြီး ဆိုဖာပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းရင်း ဗီဒီယိုတိုများကို ကြည့်နေသည်။
မီးဖိုချောင်မှာတော့ အိုးများနှင့် ဒယ်အိုးများက ပြန့်ကျဲနေပြီး နေ့စဉ်ဘဝ၏ ရနံ့များက လေထဲ ပျံ့လွင့်သွားသည်။ ရှောင်ပိုင်သည် စင်သေးသေးလေးပေါ်တွင် ကပ်လျက် အသီးအရွက်များကို အခွံခွာပြီး ဆေးကြောနေသည်။ အိုးထဲက ရိုးရာဟင်းရည်ကိုလည်း သုံးနာရီလောက် ဆူလာအောင် တည်ထား၏။
"အချိန်နီးပြီ..."
ချင်းယန် အချိန်ကို တွက်ချက်နေသည်။ ယခု ဆုလက်ခံလိုက်ပါက ညစာအပေါ် ချောချောမွေ့မွေ့ အာရုံစိုက်နိုင်မည် မဟုတ်ပေ။ သို့နှင့် သူ့ဖုန်းကိုချပြီး ဉာဏ်အလင်းနယ်ပယ်ထဲကို နစ်မြုပ်သွားပါတော့သည်။
"စလိုက်ရအောင်!"
စနစ်က ချီးမြှင့်တဲ့ နှစ်တစ်ရာ ကျင့်ကြံမှုကို စုပ်ယူလိုက်သည်။ စုပ်ယူမှုများစွာ ပြုလုပ်ပြီးနောက် သူသည် နှစ်တစ်ရာ ကျင့်ကြံမှုကိုလည်း ခန္ဓာကိုယ်ထဲစုပ်ယူသည့် လုပ်ငန်းစဉ်အပေါ်လည်း ရင်းနှီးနေပြီဖြစ်သည်။
ခဏအတွင်း ကြယ်စွမ်းအင်က တဟုန်းဟုန်းတောက်ကာ သူ၏ခြေလက်များနှင့် အရိုးများထဲအထိ ဖြတ်သန်းကာ နွေးထွေးသွားစေသည်။ ပူပြင်းတဲ့ ရေတွင်းထဲမှာ စိမ်ထားရသလိုပါပဲ။ ချင်းယန် ဆိုဖာပေါ်မှ ငြိမ့်ညောင်းစွာ မတ်တတ်ထရပ်လိုက်ပြီး လက်နှစ်ဖက်ဖြန့်ကာ သူ့အတွင်းမှ ကြယ်စွမ်းအင် ပြောင်းလဲမှုများကို ခံစားကြည့်လိုက်သည်။
ရှောင်ပိုင်ခမျာ သူမအမြီးရိုးမှ ပူနွေးသော လျှပ်စီးကြောင်းသည် တဖြည်းဖြည်း ကျယ်လာပြီး တုန်တုန်ယင်ယင်နှင့် အော်ဟစ်လိုက်သည်။
"ဟင်း~~"
သာယာသော ညည်းညူသံတစ်သံ ထွက်ပေါ်လာသည်။
မီးဖိုချောင်ထဲမှာတော့ ရှောင်ပိုင်ရဲ့ နားရွက်တွေက တဆတ်ဆတ် တုန်ပြီး ချက်ချင်း သတိရှိလာ၏။
"?"
သခင့်ဆီက အော်နေတာ ဘာသံကြီးလဲ။
စပ်စုမိသော ရှောင်ပိုင်သည် သူမခွံ့နေသော ပုဇွန်ကို အမြန်ချလိုက်ပြီး ချင်းယန်၏ ဦးတည်ရာဆီသို့ လှမ်းချောင်းကြည့်လိုက်သည်။ သူသည် "太" ဟူသော စာလုံးပုံစံအတိုင်း ဆိုဖာပေါ်တွင် ထိုင်နေကာ ထူးထူးခြားခြား အသံတွေလည်း ထွက်နေသည်။
ဒါကိုမြင်တော့ ရှောင်ပိုင် စိတ်ရှုပ်သွားကာ ရွံရှာမှုတွေ အပြည့်နဲ့ နှာခေါင်းရှုံ့လိုက်သည်။ တခြားမြေခွေးတွေ လူသားအထီးတွေရဲ့ ထူးခြားတဲ့ ဇီဝကမ္မ အခြေအနေအကြောင်း ပြောနေတာကို သူမ မှတ်မိသေးသည်။
ဥဥတဲ့ကာလလို့ ခေါ်လား မသိ။
"သခင် တစ်ခုခုလုပ်နေတာလား"
ဒါကိုတွေးရင်း ရှောင်ပိုင်ရဲ့ ရွံရှာဖွယ်အမူအရာက နက်ရှိုင်းလာတော့သည်။ သည်းမခံနိုင်တော့ဘဲ လှည့်ထွက်သွားပြီး ပုဇွန်ကိုသာ ဆက်ခွာနေလိုက်၏။
ဒါပေမယ့် ခေါင်းငုံ့လိုက်ချိန်၌ ဧရာမကြယ်ကြီး၏ အရှိန်အဟုန်ပြင်းပြင်း ပေါက်ကွဲသံကြီးလို အသံနက်ကြီးက အခန်းအနှံ့ ပျံ့နှံ့သွားပြီး သူမ၏ လှုပ်ရှားမှုများကို ချက်ချင်း အနှောင့်အယှက် ပေးလိုက်သည်။
မြေပြိုကျတာ၊ ဆူနာမီရေလှိုင်းခတ်လို့ အသက်ရှုကြပ်လာသလိုပင်။
"???"
သူမ အမြီးသည် ကြောက်ရွံ့မှုများနှင့်အတူ တင်းတင်းမာမာဖြစ်ပြီး ပန်းကန်ပြားကို အလိုလိုကောက်ယူကာ သူမကိုယ်သူမ ကာကွယ်ရန်အတွက် အရှေ့တွင် ကာထားမိသည်။
ကြောက်စရာ ကောင်းလိုက်တဲ့ ကြယ်ဖိအား။
"ဒါ... ဒါ အထွတ်အထိပ် သခင်ကြီးပဲ!"
ရန်သူ ရောက်လာတာလား?
သူမအတွက် အကျပ်အတည်းတစ်ခု တိုးလာကာ သူမသည် ကြယ်ဖိအား၏ အရင်းအမြစ်ကို ရှာတွေ့ရန် အမြန် ထွက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမသည် ချင်းယန်ထံ ပြေးတက်ပြီး ပြေးဖို့ပြောရန် အသင့်ဖြစ်နေပြီ။
သူမရဲ့ ဒီမသေနိုင်တဲ့ဘဝက သူ့လက်ထဲမှာ ရှိနေတယ်လေ။ သူတို့က သေရေးရှင်ရေးကို အတူတကွ ချည်နှောင်ထားကြသူတွေ ဖြစ်သည်။ ကြက်ဥဆုံးရှုံးတာက သေးငယ်သော ကိစ္စဖြစ်သော်လည်း အသက်ဆုံးရှုံးတာကတော့ လေးနက်သော ကိစ္စဖြစ်သည်။
ဤသို့တွေးကာ အဖြူရောင်လေးသည် ချင်းယန်ဆီသို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ သို့သော် သူမ နီးကပ်လာသည်နှင့်အမျှ အမည်မသိကြယ်များ၏ ဖိအားများက ပိုမိုပြင်းထန်လာနေတာကို ခံစားလာရ၏။
သူမ ချင်းယန်ထံမှ နှစ်မီတာအကွာ ရောက်လာတဲ့အခါ ကြောက်မက်ဖွယ်ကောင်းသော ကြယ်ဖိအားက အရာဝတ္ထုတစ်ခုအဖြစ် ခိုင်မာလာပြီး သူမ ပိုမိုနီးကပ်လာနေတာကို တားမြစ်လိုက်သည်။
"?"
ရှောင်ပိုင် အံ့သြသွား၏။ သူမသည် ဆိုဖာပေါ်ရှိ ချင်းယန်ကို ကွက်တိကွက်တိ စိုက်ကြည့်ရင်း မျက်နှာပေါ်က ထိတ်လန့်သွားသည့် အကြည့်ဖြင့် နောက်ဆုံးတွင် နားလည်လိုက်သည်။
ထပ်ဖြစ်ပြန်ပြီ!
ထပ်ဖြစ်ပြန်ပြီ!
ဒီလူ တကယ်ကို ထိုးဖောက်နေပြန်အြီ!
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
ရှောင်ပိုင်မှာ ထိုနေရာတွင်သာ ဝပ်နေပြီး သူမ၏ အမြီးကို ဆုပ်ကိုင်ကာ သူမ၏ ကံကြမ္မာကို မေးခွန်းထုတ်နေမိသည်။
ဒီကောင်က ဘယ်လိုလူဆိုးလဲ။ စာကြည့်တိုက်ထဲမှာ တစ်နေကုန် လဲလျောင်းနေတာမျိုးသာ တွေ့နေရတာတောင် ဘယ်လိုလုပိ လွယ်လွယ်နဲ့ ဖြတ်ကျော်နိုင်ခဲ့တာလဲ။
ပြီးတော့ ဂိုဏ်းဆရာ နယ်ပယ်ရဲ့ အထွတ်အထိပ်မှာတောင် ရှိနေပြီ။
"ဒေါသထွက်ချင်စရာကြီး!"
ရှောင်ပိုင် ချက်ချင်းပင် လေဖြတ်ချင်သွားသည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူမသည် သူမ၏ ခြေထောက်များကြားတွင် အမြီးကိုသာ ညှပ်ရင်း ဟင်းလျာ၏ ကျန်ပါဝင်ပစ္စည်းများကို ဆက်လက်ပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ တုန်တုန်ယင်ယင်ဖြင့် ပြန်လှည့်သွားခဲ့သည်။
ဘာတတ်နိုင်မှာလဲ?
မြေခွေးတစ်ကောင်အနေနဲ့ ဒီကမ္ဘာမှာ သူတို့ရဲ့ နှလုံးသားကို လိုက်နာရမယ်!
တစ်ချိန်တည်းမှာပင် ချင်းယန်သည် နှစ်တစ်ရာ ကျင့်ကြံမှုကို စုပ်ယူခဲ့ပြီးသွားတာကြောင့် ကျန်ဆုနှစ်ခုကိုလည်း စတင်စုပ်ယူခဲ့သည်။ အံ့ဖွယ်ကောင်းကင်ဆေးကျမ်းက အဂ္ဂိရတ်ဆေးများကို သန့်စင်နည်း ဖြစ်သည်။
၎င်းထဲတွင် အဂ္ဂိရတ်ဆေး သန့်စင်နည်းများအကြောင်း မရေမတွက်နိုင်သော ထိုးထွင်းဥာဏ်များ ပါ၀င်ပြီး မရေမတွက်နိုင်သော ဆေးဝါးဗေဒဆိုင်ရာ လျှို့ဝှက်ချက်များ ပါဝင်သည်။ လူ့အသက်ကို ကယ်တင်ခြင်းနှင့် သတ်ဖြတ်ခြင်းမှာ တစ်ခုတည်းသော အတွေးတစ်ခုဖြင့်ပင် ဆုံးဖြတ်ပေးလို့ ရလောက်၏။
သူ၏ ထူးကဲသော နားလည်နိုင်စွမ်းကို အားကိုးထားသော ချင်းယန်သည် အသိပညာကို တခဏချင်း ပေါင်းစပ်ကာ အရာအားလုံးကို နားလည်လာသည်။
"မဆိုးပါဘူး မဆိုးပါဘူး ဒါပေမယ့် ခေါင်းတွေ ယားနေသလိုပဲ"
ချင်းယန် ကျေနပ်စွာဖြင့် ခေါင်းကုတ်လိုက်ပြီးနောက် နောက်ဆုံး အင်ပါယာအဆင့် ကိုယ်ခံပညာ "လောကအကွာအဝေး" ကို ဆက်လက် ပေါင်းစပ်လိုက်သည်။
ခဏအကြာ၌ စနစ်မှ ထုတ်ပေးသော ဆုများအားလုံးကို လက်ခံလို့ ပြီးသွားခဲ့၏။
"သက်တောင့်သက်သာ ရှိသွားတာအဲ"
ချင်းယန် ကျေနပ်စွာဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ရှောင်ပိုင်သည် ဟင်းလျာများကို ချနေပြီဖြစ်ပြီး ညစာအတွက် ပြင်ဆင်နေတာ တွေ့လိုက်ရသည်။
ထို့နောက် သူသည် "လောကအကွာအဝေး" စွမ်းရည်ကို အသုံးပြုကာ သူမအနားသို့ ချက်ချင်းရောက်ရှိသွားသည်။ ရှောင်ပိုင်မှာ အလွန်ထိတ်လန့်သွားတာကြောင့် တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် အော်ဟစ်လိုက်လေသည်။
"ထူးဆန်းလို့လား?"
ဒါကိုမြင်တော့ ချင်းယန် အံ့သြသွား၏။
ရှောင်ပိုင် ဒိည ငါ့ကို ပိုကြောက်နေတယ်လို့ ဘာလို့ ခံစားနေရပါလိမ့်?
…………
နောက်တစ်နေ့ မနက်စောစောတွင် ချင်းယန် အလုပ်လုပ်ဖို့ စာကြည့်တိုက်ကို ရောက်လာခဲ့သည်။ စာကြည့်တိုက်ထဲသို့ ချဉ်းကပ်လာသောအခါ ဒီနေ့တော့ စာဖတ်တဲ့ ဖောက်သည်အရေအတွက် အရမ်း နည်းနေတာကို သတိပြုမိလိုက်သည်။
ခါတိုင်းထက် အများကြီး နည်းနေသည်။
အများအားဖြင့်တော့ ဒီအချိန်မှာ လူတွေက တံခါးရှေ့မှာ တန်းစီနေကြပြီး ဧည့်ခန်းထဲမှာ နေရာတစ်ခုရအောင် အရင်ဝင်ဖို့ ကြိုးစားကြမှာပင်။ ယခုမူကား လူအနည်းငယ်မျှသာ ရှိတော့သည်။
"ဟေ့ ဒီနေ့ အလုပ်ပိတ်တဲ့နေ့တော့ မဟုတ်ဘူးမလား"
ထိုစဥ် အဝေးမှ ပြေးလွှားလာနေသော ရှဟဲကို ရုတ်တရက် မြင်လိုက်ရသည်။ ရှဟဲက လက်ထဲတွင် ဖုန်းကိုင်ကာ စခရင်ကို ညွှန်ပြရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေ၏။
"မင်းရဲ့ဖုန်းကို စစ်ကြည့်စမ်းပါဦး လောင်ချင်း! တစ်ခုခုတော့ ဖြစ်သွားပြီ!"
"ဓားတောင်ကြားမှာ ဓားသူတော်စင်က ကျန်းဟိုင်ဓားနတ်ဘုရားကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်နေပြီကွ!"