အပိုင်း ၈၂၁-၈၂၄
Vol. 42 Ch. 821-824
အပိုင်း ( ၈၂၁ )
လက်ရှိအချိန်မှာ သူက နတ်ဘုရားတစ်ပါးပဲ
ယဲ့ဖန် လေလံဆွဲသည့်ပစ္စည်း ပြီးသည့်နောက် လေလံကွင်းမှာ ထပ်ပြီး အုတ်အုတ်သဲသဲ ဖြစ်သွားပြန်သည်။
ဤကျောက်မျက်ရတနာလုပ်ငန်းရှင်များသည် ယဲ့ဖန်နှင့် မယှဉ်ပြိုင်ရဲသောကြောင့် အခြားသူများကိုတော့ လွှတ်ထားမည်ဟု မဆိုလိုချေ။
သူတို့သည် အဆုံး၌ အသည်းအသန် လုကြသည်။
လေလံတင်ပစ္စည်းများ၏ စျေးနှုန်းသည်စံချိန်သစ်သို့ ရောက်ရှိခဲ့သည်။
စျေးအကြီးဆုံးပစ္စည်းအား သန်း၂၈၀ဖြင့် လေလံတင် ရောင်းချခဲ့သည်။
ထိုပစ္စည်းများနှင့် နှိုင်းယှဉ်ပါက ယဲ့ဖန်၏ ယွမ် ၆သန်းတန် ပစ္စည်းသည် အလကား ကောက်ရသည့်ပစ္စည်းလိုပင် ဖြစ်နေသည်။
လေလံပွဲ၏ ဒုတိယပွဲလှည့်သို့ ရောက်သောအခါ နောက်ဆုံးတွင် ယဲ့ဖန်မှ အခြားပစ္စည်းများကို ရွေးရန်အလှည့် ပြန်ရောက်လာပြီ ဖြစ်သည်။
တင်ဆက်သူသည် လုပ်ထုံးလုပ်နည်းအရ ပစ္စည်းအကြောင်းကို အသေးစိတ် ရှင်းပြရန် စင်ပေါ်သို့ တက်လာခဲ့သည်။
သူမ၏စကား မဆုံးခင်ပင် စင်အောက်မှ တစ်စုံတစ်ယောက်မှ စိတ်မရှည်စွာ ပြောသည်။
" ကောင်းပြီ၊ စကားပြောနေတာ ရပ်လိုက်တော့။ ယဲ့ဆရာကြီးက ဒီပစ္စည်းကို သဘောကျနေပြီးသား ဆိုမှတော့ ရလဒ်ကိုပဲ တန်းကြေညာနိုင်လိုက်ပါတော့ "
ပရိတ်သတ်များသည် ချက်ချင်းပင် ရယ်မောလိုက်ကြပြီး တင်းမာနေသော လေထုမှာ ပြေလျှော့သွားသည်။
ရလဒ်ကို ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ရပေမည် ဖြစ်သည်။
ယဲ့ဖန်သည် ယခင်ကအတိုင်း ၇သန်းကို ၁သိန်း ပိုထည့်ကာ ၇.၁သန်းဖြင့် လေလံဈေးခေါ်ပြန်သည်။
ဘယ်သူကမှ ပြိုင်ပြီး လေလံမဆွဲရဲကြချေ။
တင်ဆက်သူသည်လည်း အလွန်ကူကယ်ရာမဲ့နေပြီး နောက်ဆုံးတွင် ပစ္စည်း၏ သတ်မှတ်ထားပြီးဖြစ်သော ကံကြမ္မာကို ကြေညာခဲ့သည်။
ထိုကဲ့သို့ပင် ပစ္စည်းနှစ်ခုလုံးသည် ယဲ့ဖန်၏ လက်ထဲသို့ သံသယဖြစ်စရာ မရှိဘဲ သေချာပေါက် ကျရောက်သွားပြီး အနိမ့်ဆုံးဈေးဖြင့် လေလံဆွဲနိုင်ခဲ့သည်။
ထိုအဖြစ်အပျက်သည် ကျောက်လောင်းကစားဝိုင်းစင်တာအတွက် နောက်ထပ် အံ့ဖွယ်တစ်ခုကို ဖန်တီးခဲ့ခြင်းဟု ဆိုနိုင်သည်။
လေလံပွဲသည် မီးခိုးတစ်မှုတ်အတွင်း ပြီးဆုံးသွားခဲ့ပြီး လူတိုင်း၏ မျက်နှာအမူအရာမှာလည်း သိပ်မကောင်းကြချေ။
မရသည့်သူများမှာတော့ မပျော်နိုင်ကြပေ။
လေလံအောင်သည့်သူများမှာလည်း စျေးကြီးပေးခဲ့သော ပစ္စည်းများမှာ ဈေးကောင်းကောင်းရနိုင်မည်လားဆိုသည်ကို မသိကြသည့်အတွက် စိတ်ပူနေကြလေသည်။
ယဲ့ဖန်ကသာလျှင် အားစိုက်ထုတ်စရာမလိုလိုက်ဘဲ ပစ္စည်းနှစ်ပိုင်းကို ရနိုင်ခဲ့သည်။
အလောင်းအစား ရှုံးသွားလျှင်ပင် မည်သည့်စိတ်ထိခိုက်မှုမှ ခံစားရမည်မဟုတ်ပေ။
မြင်ကွင်းတွင် ရှိနေသည့်သူများကလည်း သူရှုံးမည်ဟု မည်သူမျှ မထင်ကြပေ။
ယဲ့ဆရာကြီး၏စွမ်းရည်ဖြင့် နည်းနည်းရခြင်းနှင့် များများရခြင်းသာ ကွာပေလိမ့်မည်။
ဆရာကြီးအတွက် ဆုံးရှုံးခြင်းဆိုတာ မရှိနိုင်ပေ။
ကျောက်ကုန်သည်များသည် ငွေပေးချေပြီးနောက် သူတို့၏ ကျောက်စိမ်းများကို ကျောက်ခွဲရာနေရာသို့ ယူဆောင်ရန် မစောင့်နိုင်တော့ပေ။
ထိုနေရာတွင် ကျောက်တုံးများကို မဖြတ်သေးဘဲ သိမ်းဆည်းထားရန် ပြင်ဆင်နေသည့် လူအနည်းစုလည်း ရှိသေးသည်။
ထိုအချိန်တွင် ထူပေါရန်သည် နောက်တစ်ကြိမ် လျှောက်လာပြန်သည်။
" ယဲ့ဆရာကြီး၊ ဒီပစ္စည်းနှစ်ခုကို ဒီမှာတင် ဖြတ်ဖို့ စိတ်ကူးထားတာလား "
သူတို့၏ မန်ကျူးလက်ဝတ်ရတနာသည် ဤတစ်ကြိမ်တွင် ရလဒ်ကောင်း ရရှိခဲ့သည်။
သူတို့သည် စုစုပေါင်းပစ္စည်းသုံးမျိုး ရရှိခဲ့ပြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအကြား အမြတ်အစွန်းအရှိဆုံးဟု ယူဆနိုင်သည်။
ယဲ့ဖန် စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
" သေချာတာပေါ့ "
ထူပေါရန်သည် ချက်ချင်းပင် မျှော်လင့်ချက်အပြည့် ဖြစ်သွားသည်။
" ဒါဆို အခုပဲ ကျောက်ခွဲတဲ့နေရာကို သွားကြရအောင်။ ယဲ့ဆရာကြီး ကျောက်ခွဲမှာကို တကယ် မျက်မြင် တွေ့ချင်မိတယ် "
ကျောက်ခွဲသည့် နေရာသို့ ရောက်သောအခါ လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
" အောင်ပြီ၊ အောင်နေပြီကွ ဟားဟားဟား ......... "
" က၊ ငါနည်းနည်းတော့ ရှုံးသွားပြီ။ ကံကောင်းလို့ပေါ့ အရမ်းမရှုံးတာ ....… ”
" က… သွားပြီ ...… အကုန်ကုန်ပြီ .... ”
ကျောက်ခွဲသည့်နေရာ၌ အသံမျိုးစုံဖြင့် ပြည့်နှက်နေသည်။
အချို့သော သူများသည် သူတို့၏ ကျောက်များ အမြတ်တက်လျှင် အလွန်ပျော်ကြသော်လည်း အရာအားလုံးကို ဆုံးရှုံးသွားသူများလည်း ရှိနေသည်။
ထိပ်တန်းလောင်းကစားဝိုင်းမှ ပစ္စည်းများသည် ပို၍ ကောင်းမွန်ပေသည်။
မည်သို့ပင်ဖြစ်စေ ထိုနေရာမှ ပစ္စည်းများအားလုံးကို ကျွမ်းကျင်သူများမှ ရွေးချယ်ထားပြီး ဖြစ်သောကြောင့် အမြတ် ပိုမြင့်မည် ဖြစ်ပေသည်။
ထို့ကြောင့် ဖြစ်နိုင်ချေအရ ဆယ်ခုလောင်းလျှင် တစ်ခု၊ နှစ်ခုလောက်သာ ဆုံးရှုံးမည်ဖြစ်ပြီး ကျန်သည်များမှာ ကျောက်ကောင်းများသာ ဖြစ်သည်။
ယွမ် သန်း၂၀၀လောက်ပင် တန်သည့် ထိပ်တန်းပစ္စည်းတစ်ခုလည်း ရှိနေသေးသည်။
သို့သော် လေလံဆွဲရာ၌ ငွေအမြောက်အမြား သုံးစွဲခဲ့သောကြောင့် အမြတ်များစွာ ပြန်မရနိုင်ပေ။
........................
မန်ကျူးကျောက်မျက်ရတနာ၏ ကံကြမ္မာသည် ဤတစ်ကြိမ်တွင် အနည်းငယ် ဆိုးရွားခဲ့သည်။
သုံးခု လေလံဆွဲနိုင်ခဲ့သော်လည်း တစ်ခု ကျောက်ရှုံးသွားခဲ့သည်။
ထိုကျောက်ရိုင်းကို သန်း၈၀နှင့် ဝယ်ထားခဲ့သော်လည်း အတွင်းကျောက်ရည်မှာ အများဆုံး ၆သန်းမှ ၇သန်းလောက်သာ ရှိပေသည်။
ကံကောင်းထောက်မစွာဖြင့် ကျန်နှစ်ခုမှာ ကျောက်အောင်ခဲ့ပြီး တွက်ချက်လျှင် ဆုံးရှုံးမှု အနည်းငယ်သာ ရှိပေသည်။
ထူပေါရန်သည် စိတ်ကောင်းရှိ မနေနိုင်တော့ပေ။
သူသည် ယဲ့ဖန်အပေါ်ကိုသာ မျှော်လင့်ချက် ထားနိုင်တော့လေသည်။
အခြားကျောက်ကုန်သည်များသည် သူတို့၏ ကိုယ်ပိုင်ကျောက်ရိုင်းတုံးများကို ဖွင့်ပြီးသော်လည်း အလျင်စလို မထွက်သွားကြပေ။
သူတို့အားလုံးသည် ဆရာကြီးယဲ့၏ ပစ္စည်းအရည်အသွေးများကို မြင်ရန် စောင့်မျှော်နေကြသည်။
ကျောက်နှစ်လုံးတည်းသာ ရှိသောကြောင့် ယဲ့ဖန်သည် အခြား မည်သူ့ကိုမျှ မနှောင့်ယှက်ခဲ့တော့ပေ။
သူ ကိုယ်တိုင်သာ ကျောက်တုံးများကို ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
ယဲ့ဖန်သည် ယခင်က ကျောက်များကို ဖြတ်ဖူးပြီး ဖြစ်သည့်အတွက် ထိုအလုပ်နှင့် အလွန်ရင်းနှီးနေပြီ ဖြစ်သည်။
သူသည် ကျောက်ရိုင်းများကို ကျောက်ဖြတ်စက်ပေါ်တွင် တင်ပြီး ခလုတ်ကို နှိပ်လိုက်သည်။
ကျီ ...ကျီ....
ကျောက်ဖြတ်သံသည် ကျောက်ခွဲသည့် နေရာတစ်ခုလုံး ပဲ့တင်သံထပ်သွားသည်။
လူတိုင်းသည် မျက်တောင်မခတ်ဘဲ ဖြတ်စက်ကို စိုက်ကြည့်နေကြသည်။
ဆရာကြီးယဲ့မှ ကျောက်ဖြတ်နေသည်ကို လူများစွာက ကြားသိသွားပြီး အားလုံးသည် ကျောက်ဖြတ်ကွင်းသို့ အပြေးလာကြသည်။
မကြာခင် ထိုနေရာ၌ လူများစွာ ဝိုင်းအုံလာကြလေသည်။
နောက်မှရောက်လာသည့် လူများသည် အထဲကို ၀င်၍ မရကြတော့ပေ။
သူတို့အားလုံးသည် အပြင်တွင်သာ စိတ်လှုပ်ရှားနေကြရတော့သည်။
" မင်းတို့ ပြောကြပါဦး။ ဆရာကြီးယဲ့က အခုတစ်ခေါက် ဘယ်ကျောက်ကို ဖွင့်မှာလဲ "
" ဒီတစ်ခေါက် ရေခဲသားကျောက်စိမ်း အမျိုးအစားလို့ ထင်တယ်။ ဆရာကြီးယဲ့ရဲ့ လှုပ်ရှားမှုက ထူးထူးခြားခြားပဲ "
" အဲ့တာက ပြောဖို့ခက်တယ်။ ဆရာကြီးယဲ့ ကျောက်ရွေးတဲ့အခါ သိပ်ပြီး ဂရုတစိုက် မကြည့်ဘူးလို့ ကြားတယ်။ ဆရာကြီးက သိပ်မမျှော်လင့်ထားဘူး ထင်တယ် "
" ဘယ်လိုကျောက်အမျိုးအစားပဲ ဖြစ်နေပါစေ သေချာပေါက် အမြတ်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် ကျောက်တစ်ခုစီကို သန်းနည်းနည်းလေးနဲ့ ရခဲ့တာပဲလေ "
" အဲ့တာအမှန်ပဲ။ ကျောက်ရောင်းတဲ့သူတွေက ဆရာကြီးယဲ့ကို အရမ်း မျက်နှာသာပေးကြတယ်။ တကယ်တော့ ဘာပြိုင်ဆိုင်မှုတောင် မရှိလိုက်ဘူး "
" ဘယ်ကျောက်သမားက ဆရာကြီးနဲ့ ပြိုင်ပြီး ရန်ဘက်ဖြစ်ချင်မှာလဲ "
ထိုလူအားလုံးသည် အချင်းချင်း တီးတိုးပြောနေကြသည့်အချိန်မှာပင် ယဲ့ဖန်မှ ပထမတစ်ကြိမ် ဖြတ်ပြီးသွားလေသည်။
သို့သော် ကျောက်ကို ဖယ်ဖို့ အလျင်မလိုဘဲ ဒုတိယအကြိမ် ထပ်မံဖြတ်လေသည်။
အားလုံးက စိုးရိမ်စွာဖြင့် ဆက်လက်စောင့်ကြည့်နေကြသည်။
ယဲ့ဆရာကြီးနေရာတွင် တခြားသူသာ ဖြစ်လျှင် သူတို့ စပြီး ကျိန်ဆဲနေကြလိမ့်မည် ဖြစ်သည်။
ကံကောင်းစွာဖြင့် ယဲ့ဖန်မှာ သုံးကြိမ်သာ ဖြတ်ပြီး စက်ရပ်လိုက်သည်။
လူတိုင်းသည် ဆရာကြီး၏ မျက်နှာမှ သဲလွန်စအချို့ကို မြင်နိုင်ရန် မျှော်လင့်စောင့်စားနေကြသည်။
သို့သော် ယဲ့ဖန်သည် မည်သည့်အမူအရာမှ မပြခဲ့ပေ။
သူသည် စက်ကိုသာ စိုက်ကြည့်နေပြီးနောက် ကျောက်ကို ထုတ်လိုက်သည်။
ဆရာကြီး၏ အပြုအမူကြောင့် စောင့်ကြည့်နေကြသူများ စိုးရိမ်တုန်လှုပ်နေကြသည်။
ကျောက်ရှုံးသွားတာ ဖြစ်နေမလား။
လူတွေ အမှားလုပ်တတ်ပြီး မြင်းတွေ ပြေးလမ်းချော်သည်မှာ ပုံမှန်ဖြစ်ကိစ္စဖြစ်သောကြောင့် ကျောက်ဆရာများသည်လည်း သူတို့ အမှတ်အသားကို ၁၀၀ ရာခိုင်နှုန်း ကျောက်အောင်နိုင်မည်ဟု အာမမခံနိုင်ပေ။
သို့သော် ယခုအချိန်အထိ ယဲ့ဖန်သည် ပြီးပြည့်စုံသော အောင်ပွဲများကိုသာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။
ယခုအခေါက်တွင် ရှုံးသွားခဲ့လျှင် စိတ်ပျက်စရာ ကောင်းသွားပေလိမ့်မည်။
ထိုအချိန်တွင် .................
ဖြတ်ပြီးသား ကျောက်ရိုင်းကို ယဲ့ဖန် ထုတ်ယူလိုက်ပြီး လူအများရှေ့တွင် ပြသခဲ့သည်။
ထိုကျောက်သည် အလေးချိန် ဆယ်ကီလိုဂရမ်ခန့်ရှိသည်။
အနီရောင်၊ ခရမ်းရောင်နှင့် အစိမ်းဟူ၍ အရောင်သုံးမျိုးစပ်ဖြစ်ပေသည်။
ထို့အပြင် ကျောက်ရည်ကြည်ပြီး အရည်အသွေး မြင့်သည်။
စောင့်ကြည့်နေကြသူများ၏ စကားသံများ မထွက်ပေါ်လာခင် ထိုနေရာတစ်ခုလုံး စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့တယ်။
“ ဟ၊ အဲ့တာက နောက်ထပ် သုံးရောင်ပါတဲ့ ကျောက်စိမ်းတုံးပါလား။ ပြီးတော့ အရွယ်အစားက အရမ်းကြီးပါလား "
" ဆရာကြီးယဲ့ မင်းအရင်တစ်ခါက သုံးရောင်စုံ ကျောက်စိမ်းတုံးကို ဖြတ်လိုက်ပေမယ့် ဒီတစ်ခါ အရွယ်အစားက ပိုကြီးတယ် "
" သုံးရောင်စုံတွေကို မေ့ထားလိုက်။ ဒါပေမယ့် ဒီတစ်ခုက တကယ်ကို အရည်အသွေးမြင့်တဲ့ ရေခဲကျောက်စိမ်းလား။ အမလေး သူက လူရောဟုတ်ရဲ့လား "
" ဆရာကြီးက ငါတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်။ သူက လူသားမဖြစ်နိုင်ဘူး နတ်ဘုရားပဲ ဖြစ်ရမယ် "
" ကျောက်ဆရာဆိုတဲ့ နာမည်က သူ့နဲ့မထိုက်တန်တော့ဘူး။ သူက ကျောက်တွေရဲ့ နတ်ဘုရားပဲ "
" နတ်ဘုရားယဲ့က အင်အားအရမ်းကြီးလွန်းတယ်။ အင်အားတွေမျှပေးပါ "
" အားကိုးပါတယ် ယဲ့နတ်ဘုရား ....... "
ထိုမြင်ကွင်းကို မြင်သူတိုင်းသည် သူတို့၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထား၍ မရနိုင်တော့ဘဲ သူတို့၏ စိတ်ထဲမှ အားကုန်အော်ဟစ်ကြသည်။
ကျောက်ခွဲသည့် နေရာတစ်ခုလုံးသည် ရုတ်တရက် ပါတီတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ယုတ်မာသည့် ရည်ရွယ်ချက်ရှိသော လူအနည်းငယ်မှလွဲ၍ ကျောက်ဝိုင်းလောင်းကစားစင်တာတွင် ပါဝင်နိုင်သူ အများစုသည် ကျောက်လောင်းကစားကို အလွန်အမင်း စွဲလမ်းကြသည်။
သူတို့သည် ကျောက်လောင်းကစားခြင်း၏ ပျော်စရာကောင်းမှုကို ကောင်းစွာသိရှိခဲ့ကြပြီး ထိပ်တန်းကျောက်စိမ်းတစ်ပိုင်းကို ရှာဖွေရန် မည်မျှခက်ခဲသည်ကိုလည်း သိရှိခဲ့ကြသည်။
ကျောက်တုံးကို ရွှေအဖြစ်ပြောင်းလဲနိုင်ပြီး ဘယ်သောအခါမှ မရှုံးနိုင်သော လူတစ်ယောက်ကို တွေ့လိုက်သောအခါ သူတို့၏ နှလုံးသားထဲတွင် လေးစားသွားကြလေသည်။
သူတို့၏ နှလုံးသားထဲတွင် ထိုအခိုက်အတန့်၌ ယဲ့ဖန်မှာ နတ်ဘုရားတစ်ပါး ဖြစ်နေသည်။
အပိုင်း ( ၈၂၂ )
လူတိုင်း တုန်လှုပ်သွားကြခြင်း
ရှုကျင်းရှင်းသည် ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်အောင် စိတ်ကို ထိန်းနိုင်ရန် ကြိုးစားခဲ့သော်လည်း မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် မတည်ငြိမ်နိုင်တော့ပေ။
ယဲ့ဖန်ကို လူအများမှ အထင်ကြီးလေးစားနေကြသည်ကို သူမ ခံစားမိနေသည်။
တစ်ချို့လူများမှာ စွဲလမ်းနေသည်အထိ ဖြစ်နေကြလေသည်။
ယခုအချိန်တွင် ယဲ့ဖန်နှင့် ပတ်သတ်ပြီး တစ်စုံတစ်ယောက်မှ မကောင်းပြောလျှင် ရူးသွပ်နေသော ပရိတ်သတ်များ၏ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
သို့သော် သူမသည် သူတို့၏ ခံစားချက်များကို နားလည်နိုင်သည်။
ထိုသူများကဲ့သို့ပင် သူမကိုယ်တိုင်လည်း အံ့အားသင့်သွားခဲ့သည်။
သူမသည် ယခင်က ကျောက်လောင်းကစားကို ကစားခဲ့ဖူးသော်လည်း ဆယ်ကြိမ်မှ တစ်ကြိမ် အောင်နိုင်ခဲ့သည်မှာ အလွန်ပင် ကောင်းမွန်နေလှပြီဖြစ်သည်။
သို့သော် ဒီကောင်လေးသည် အချိန်တိုင်း ကျောက်အောင်နေလေသည်။
ထိုကိစ္စသည် အနည်းငယ် ယုတ္တိမတန်ဘဲ ရှိလှသည်။
သူက လူသားစင်စစ်ရော ဟုတ်ရဲ့လား။
သူမနှင့် အလွန် ရင်းနှီးသည်ဆိုသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူသည် ဂြိုလ်သားတစ်ယောက် ဖြစ်သည်ဟု သံသယဖြစ်မိလိမ့်မည်။
ကိုယ်ခံပညာကို လအနည်းငယ်မျှသာ လေ့ကျင့်ပြီး လျုံဝမ်းယွမ်၏ ဆယ်စုနှစ်များစွာသော ကြိုးစားအားထုတ်မှုကို အမှီလိုက်နိုင်ခဲ့သည်။
နှစ်ဝက်လောက် စီးပွားရေးလုပ်ပြီးနောက် ကြီးမားသော စီးပွားရေးအင်ပါယာကို ဖန်တီးနိုင်ခဲ့သည်။
သူသည် ကျောက်လောင်းကစားကိုပင် ပုံမှန်လူများ မရောက်နိုင်သည့် အဆင့်အထိ ကစားနိုင်ခဲ့သည်။
ထိုအရာများသည် လူသားတစ်ယောက် လုပ်နိုင်သည့် အရာများ မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် လူအုပ်ထဲတွင် ညှပ်နေသော ကျူးရှောင်ကျောင်းသည်လည်း စကားမပြောနိုင်လောက်အောင်ပင် ထိတ်လန့်သွားသည်။
ယခင်က ကျောက်လောင်းကစားကို မကစားဖူးသော်လည်း မည်မျှခက်ခဲကြောင်း သူမ သိလေသည်။
သို့သော် အဘယ်ကြောင့် ယဲ့ဖန်၏ လက်ထဲရောက်လျှင် ကိစ္စတိုင်းက ဤမျှ ရိုးရှင်းသွားရသနည်း။
သူနှင့် ပိုသိရလေလေ၊ သူ့ကို နားမလည်နိုင် ဖြစ်ရလေလေ ဖြစ်လာသည်။
ယဲ့ဖန် ဘယ်လိုလူဖြစ်သည်ကို သူမ မသိနိုင်တော့ပေ။
ကျောက်သမားအားလုံးသည်လည်း အံ့သြသွားကြလေသည်။
သန်းဆယ်ဂဏန်း သို့မဟုတ် သန်းရာချီဖြင့် လေလံဆွဲခဲ့သော ကျောက်များသည်ပင် သန်းအနည်းငယ်မျှသာ ရရှိခဲ့ပြီး ဆရာကြီးယဲ့၏ ကျောက်နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
ကွာခြားချက်ကြီး တစ်ခု ဖြစ်ပေသည်။
" ဒီပစ္စည်းရဲ့ အရွယ်အစားကို ကြည့်လိုက်ရင် အနည်းဆုံး သန်းတစ်ရာလောက် တန်သင့်တယ် မဟုတ်လား "
" ဟုတ်တယ်၊ ဒီသုံးရောင်စုံကျောက်စိမ်းမျိုးက အရမ်းရှားနေပြီ။ အဲ့တာထက် ဒီလိုအရွယ်အစား အရမ်းကြီးတာက ပိုလို့တောင် ရှားသေးတယ် "
“ ဒါက အရည်အသွေးမြင့်တဲ့ ရေခဲကျောက် အမျိုးအစားပဲ။ ဒါက ပိုလို့တောင် မယုံနိုင်စရာ ကောင်းသေးတယ် "
“ ဆရာကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ဒီဖြစ်ရပ်က တကယ်ကို ထူးခြားတာပဲ "
“ ငါဆို ဒီကျောက်လောကမှာ ကျင်လည်နေတာ အသက်တစ်ဝက်လောက်ရှိပြီ။ ဆရာကြီးယဲ့က ငါတွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ကျောက်ဆရာလို့ ပြောလို့ရတယ်။ ”
“ အံ့သြစရာပဲ ........ "
လူတိုင်းသည် သူတို့ ကံကောင်းသွားကြသည်ဟူသော အသိစိတ်နှင့် တိတ်တဆိတ် သက်ပြင်းချကြလေသည်။
ကံကောင်းစွာဖြင့် သူတို့သည် ယဲ့ဖန်နှင့် ရန်သူဖြစ်ရန် မရွေးချယ်ခဲ့ကြပေ။
ထိုသို့သော ကျောက်ဆရာသည် အလွန်ပင် ကြောက်စရာကောင်းလှသည်။
အထူးသဖြင့် ထူပေါရန်သည် သူ၏ နှလုံးအိမ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
ကျန်းဥက္ကဌမှ သူ့ကို အချိန်မှီ မခေါ်ခဲ့ဘူးဆိုလျှင် သူ ဒီနေ့ ယဲ့ဖန်ကို တကယ်ပင် အနှောင့်အယှက် ပေးမိသွားပေလိမ့်မည်။
ထိုသည်က မန်ကျူးကျောက်မျက်ရတနာ လုပ်ငန်းအတွက် အန္တရာယ်ကြီးတစ်ခု ဖြစ်လာမည်။
ယဲ့ဖန်သည် ကျောက်ကို အထူးတလည် ပြမနေတော့ပေ။
သူသည် ထိုကျောက်ကို ဘေသို့ ချထားလိုက်ပြီး အခြားကျောက်တစ်ပိုင်းကို ကောက်ကိုင်လိုက်ကာ ကျောက်ဖြတ်စက်ဆီသို့ လျှောက်သွားလိုက်သည်။
ထိုကျောက်သည် အမှန်တကယ် ထိပ်တန်းအဆင့် အရည်အသွေးရှိသည်ကို သိရှိသူမှာ ဤနေရာတွင် သူတစ်ဦးတည်းသာ ဖြစ်ကောင်းဖြစ်နိုင်သည်။
သုံးရောင်စုံ ကျောက်စိမ်းသည် အဖိုးတန်သော်လည်း ယခုကျောက်နှင့် ယှဉ်လိုက်လျှင် အရောင်ဖျော့လွန်းသည်။
လူအုပ်ကြီးသည် ဘာမှမသိခဲ့ကြပေ။
တုန်လှုပ်သွားကြပေဦးမည်လား။
သူတို့ ဘောင်းဘီထဲမှာပင် ဆီးများ ထွက်ကြမည်လား။
ကျောက်တုံးဖြတ်စက်ကို ဖွင့်လိုက်ပြီး ဆရာကြီးယဲ့သည် စတင်ဖြတ်တော့သည်။
ကျွီ.....ကျွီ...........
ဖြတ်တောက်လိုက်သောအသံသည် ယခင်ကကဲ့သို့ နားတွင် စူးစူးရှရှ ရှိနေဆဲ ဖြစ်သော်လည်း လူအုပ်ကြီး၏ နားတွင်မူ သဘာဝသံစဉ်များကဲ့သို့ အထူးသာယာသောအသံ ဖြစ်နေလေသည်။
ပထမတစ်ခေါက် ဖြတ်တောက်ပြီးနောက် ယဲ့ဖန်သည် ကျောက်ရည်ကို ချက်ချင်း မထုတ်ခဲ့ပေ။
ဒုတိယအခေါက် ဆက်ဖြတ်လေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ မည်သူမျှ စိတ်မရှည်ကြတော့ပေ။
ယဲ့ဖန်သည် အနည်းငယ် အရှိန်လျော့ချလိုက်ပြီး အံ့ဖွယ်အခိုက်အတန့်ကို ခံစားခွင့်ပေးမည်ဟုပင် လူအုပ်ကြီးက မျှော်လင့်နေကြသည်။
သို့သော်လည်း လူအုပ်ကြီး မျှော်လင့်ထားသလို မဟုတ်ပေ။
ယဲ့ဖန်သည် ကျောက်စိမ်းတုံးကို အမြန်ဖြတ်လိုက်သည်။
ထို့နောက် စက်ထဲမှ ကျောက်စိမ်းကို ယူကာ လူတိုင်းကို လှည့်ကြည့်လိုက်လေသည်။
အားလုံးက အမြန်ကြည့်ကာ အံ့သြသွားကြသည်။
ယဲ့ဖန်၏ လက်ထဲ၌ ကိုင်ဆောင်ထားသည်မှာ ကျောက်စိမ်းမဟုတ်ဘဲ လှီးဖြတ်ထာသည့် အခွံတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။
သူသည် လူအုပ်ကြီးနှင့် ကစားနေသည်မှာ ထင်ရှားလှသည်။
လူတိုင်းသည် မူလက တင်းမာနေသော်လည်း ရိုက်နှက်ခံရပြီးနောက် လေထုသည် အနည်းငယ် ငြိမ်သက်သွားသည်။
" ဟားဟား ဒါဆို ဆရာကြီးက ငါတို့အားလုံးကို လှည့်စားခဲ့တာပဲ "
" နောက်ဆုံးတော့လဲ သူက လူငယ်လေး တစ်ယောက်သာသာပါပဲ။ သူက ငါတို့ကို နောက်ပြောင်နေတယ်ဆိုတာ မလွဲမသွေပဲ “
“ မင်းရဲ့ သတိပေးချက်က မှန်တယ်။ ဆရာကြီးက ကလေးပဲ ရှိသေးတယ် ဆိုတာကို မေ့မတတ် ဖြစ်ခဲ့တာပဲ ”
" သူကြည့်ရတာ အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးပေမယ့် ကျောက်ကစားဝိုင်းမှာ ကစားနိုင်စွမ်း ရှိနေပြီ "
“ သူက ငါ့သားနဲ့ အသက်အရွယ်တူပဲ။ အသုံးမကျတဲ့ ငါ့သားက တစ်နေ့လုံး ဂိမ်းဆော့နေဖို့ကိုပဲ သိတာ။ ဆရာကြီးနဲ့ ယှဉ်လိုက်ရင် ကောင်းကင်နဲ့ မြေကြီးလိုပဲ ”
“ ဆရာကြီးလို ပါရမီရှင်တစ်ယောက်က နှစ်ရာချီမှ တစ်ကြိမ်ပဲ ပေါ်လာနိုင်တာ။ သာမာန်လူတွေကို သူနဲ့ ဘယ်လိုလုပ် နှိုင်းရမှာလဲ ”
" ဘယ်နှစ်ရာနဲ့ချီလဲ။ နှစ်တစ်ထောင်မှာမှ တစ်ကြိမ်ပဲ ပေါ်လာတာထင်တယ် ”
ကျောက်လောင်းကစား၀ိုင်းရှိ လေထုသည် ယခင်ကလို မပြင်းထန်တော့ပေ။
လူတိုင်းက ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေကြသည်။
ထိုမှသာ ယဲ့ဖန်သည် ထိုကျောက်ရည်ကို ထုတ်ယူလိုက်သည် ။
ထိုပစ္စည်း ပေါ်လာသည်နှင် မူလက အသက်ဝင်နေသော ကျောက်ခွဲသည့် နေရာမှာ ချက်ချင်း ငြိမ်သက်သွားသည်။
လူတိုင်းသည် တုန်လှုပ်ခြောက်ခြားသွားကြသလို မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားကြသည်။
တစ်စက္ကန့်။
နှစ်စက္ကန့်။
သုံးစက္ကန့်…
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားသော်လည်း ဘယ်သူမှ စကားမပြောဖြစ်ကြသေးပေ။
လူအုပ်ထဲတွင် ညှပ်နေသော ကျူးရှောင်ကျောင်းသည် လူတိုင်း၏ အမူအရာကို ကြည့်ကာ ချက်ချင်း စိတ်ရှုပ်သွားသည်။
သူမသည် ကျောက်စိမ်းအကြောင်း သိပ်မသိသောကြောင့် ထိုကျောက်စိမ်းတုံး၏ အရည်အသွေးကို သူမ မပြောနိုင်ပေ။
မကောင်းဘူးဟု သူမ ထင်ခဲ့သည်။
ယဲ့ဖန်အတွက် သူမ စိတ်ပူနေမိသည်။
သူမ အနားကလူကို လှည့်ပြီး မေးသည်။
" ဘာဖြစ်နေတာလဲ။ ဒီကျောက်က မကောင်းလို့လား ”
သူမ၏ အသံသည် အလွန်နူးညံ့သော်လည်း ယခုအချိန်တွင်မူ ကျောက်တုံးဖြတ်သည့် နေရာတစ်ခုလုံး တိတ်ဆိတ်နေသောကြောင့် သူမ၏ အသံမှာ အလွန်ပင် ထင်ရှားပြတ်သားနေသည်။
ငြိမ်သက်နေသည့် ရေကန်ထဲသို့ ကျောက်တုံးသေးသေးလေး ပစ်ချလိုက်သည်နှင့် တပြိုက်နက် ချက်ချင်း လှိုင်းဂယက်တွေ ဝိုင်းသွားသလိုပင် ဖြစ်နေသည်။
“ ပစ္စည်းက မကောင်းဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒါက ဖန်တော်ဝင် ကျောက်စိမ်းပဲ ”
" အဲ့တာအမှန်ပဲ မိန်းကလေး၊ မင်း ဘယ်လိုပြောလိုက်တာလဲ။ ဆရာကြီးကို ဘယ်လို မေးရဲတာလဲ "
" ဆရာကြီးယဲ့ဆိုတာ ဘယ်သူထင်လဲ။ နတ်ဘုရားပဲလေ ဟုတ်တယ်မလား။ ကျောက်လောင်းကစားရဲ့ နတ်ဘုရားသခင်ပဲ ”
" ဆရာကြီးအကြောင်း မကောင်းပြောရဲရင် သူ့ကို သေတဲ့အထိ တိုက်မယ် "
ကျူးရှောင်ကျောင်းသည် သူတို့၏ ပြင်းထန်သော အမူအရာကြောင့် ထိတ်လန့်သွားလေသည်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည် သူမအား မမှတ်မိစေလိုသောကြောင့် သူမ၏ မျက်နှာကို လက်နှင့် အမြန်အုပ်လိုက်သည်။
သို့သော်လည်း ဆူပူအုံကြွမှုကြောင့် ခန်းမတစ်ခုလုံး ဆူညံသံများ ပေါက်ကွဲသွားလေသည်။
“ချီး၊ အဲ့တာက တကယ့် ဖန်သားအမျိုးအစား တော်ဝင်ကျောက်စိမ်းလား။ ငါ အိပ်မက်မက်နေတာလား "
" တကယ်ကို ဒီလိုမျိုး အဆင့်မြင့်တဲ့ ကျောက်စိမ်းတစ်ခုကို ရနိုင်ပါ့မလား။ ငါ ...... ဘယ်လို ဖော်ပြရနလဲတောင် မသိတော့ဘူး။ တကယ်ကို အံ့သြဖို့ကောင်းလွန်းတယ် "
" ဒါက ဖန်တော်ဝင်ကျောက်စိမ်းတုံးကို လူတစ်ယောက် ကျောက်ဖွင့်တာ မြင်ဖူးတာ ငါ့ဘဝမှာ ပထမဆုံးအကြိမ်ပဲ "
" ဒီအရောင်က အရမ်းလှတယ်မဟုတ်လား။ ကြည့်ခွင့်ရတာကို ဝမ်းသာမိတယ် ”
“ ဘုရားရေ၊ ဆရာကြီးက တကယ် မသေနိုင်တဲ့သူတော့ မဖြစ်နိုင်ဘူးမလား။ ဒါက လူလုပ်လို့ ရတာလား "
“သူ့ကို သံသယဖြစ်စရာ မလိုပါဘူး။ သူက နတ်ဘုရားပဲ”
ထိုဖန်တော်ဝင်ကျောက်စိမ်းကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားမှုများကို ဘယ်သောအခါမှ မကြုံဖူးကြပေ။
ကျောက်မျက်ကုမ္ပဏီများမှ လူများသည်လည်း အံသြသွားကြသည်။
သူတို့၏မျက်လုံးများကိုပင် မယုံနိုင်ကြပေ။
ကျောက်အပိုင်းအစသည် ဘတ်စကတ်ဘောလုံး တစ်ဝက်ခန့် အရွယ်အစားရှိသည်။
စိုလွင်သော အစိမ်းရောင်လည်း ရှိသည်။
လူတိုင်း မျက်စိလွှဲချင်စရာ မရှိလောက်အောင်ပင် မှော်အတတ်မျိုး ပါနေသကဲ့သို့ အပြစ်အနာအဆာ တစ်ခုမှ ရှိမနေချေ။
" ဆရာကြီး မင်းက ဒီလိုအဆင့်မြင့်ပစ္စည်းကို တကယ် ဖွင့်နိုင်ခဲ့တာလား။ ဒါက မယုံနိုင်လွန်းစရာပဲ "
" ဖန်တော်ဝင်ကျောက်စိမ်း၊ အကောင်းဆုံးရဲ့ အကောင်းဆုံးပဲ။ဒီကျောက်စိမ်း ဖြတ်တာရဲ့ ဖြစ်စဉ်ကို မျက်မြင်တွေ့နိုင်လောက်အောင် ကံကောင်းမယ်လို့ ကျွန်တော် မမျှော်လင့်ထားဖူးဘူး။ ဒီအကြောင်းကို တစ်သက်လုံး ကြွားလုံးထုတ်နိုင်ပြီ "
အပိုင်း ( ၈၂၃ )
ဖန်တော်ဝင်ကျောက်စိမ်း
" ကျွန်တော့်ရဲ့ အရိုအသေကို ခံယူပေးပါ။ ကျွန်တော်မျိုးရဲ့ အပေါ်ကနေသာ ဖြတ်လျှောက်သွားပါတော့ "
" ဒီကျောက်စိမ်းက အနည်းဆုံး သန်း ၂၀၀ လောက် တန်ကောင်းတန်နိုင်တယ်မလား "
" သန်း ၂၀၀လား။ ငါကတော့ အနည်းဆုံး သန်း ၃၀၀တန်တယ် ထင်တယ် "
ကျောက်သမားများသည် ယဲ့ဖန်၏ စွမ်းရည်ကို လုံးဝ ယုံကြည်နေကြပြီ ဖြစ်သည်။
သူတို့သည် ယဲ့ဖန်အား ကိုးကွယ်ရန်ပင် စည်းရုံးနေကြလေသည်။
ယဲ့ဖန်သည် ထိုကျောက်များ ရွေးချယ်နေခဲ့သည်ကို သူတို့ကိုယ်တိုင် တွေ့ခဲ့ကြသော်လည်း ထိုကျောက်နှစ်ခုအား သူသည် ရွေးချယ်စစ်ဆေးခြင်းမပြုဘဲ အပေါ်ယံသာ ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။
ထိုကျောက်နှစ်ခုသည် အကောင်းတကာ့ အကောင်းဆုံးဖြစ်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။
ဤကဲ့သို့ ပုံမှန်မဟုတ်သော စွမ်းရည်မျိုးကို မည်သည့်အခါကမျှ မကြားဖူးခဲ့ချေ။
ယခုအခါ ထူပေါရန်သည် ပထမဆုံး တုန့်ပြန်ခြင်းကို ပြုလုပ်လိုက်လေသည်။
သူသည် ယဲ့ဖန်၏ လက်မောင်းကို ကိုင်လိုက်သည်။
" ဆရာတစ်ဆူပဲ။ ငါတို့အရင်က သဘောတူထားတဲ့အတိုင်းပဲ မန်ကျူးလက်ဝတ်ရတနာလုပ်ငန်းကို ဒီပစ္စည်းနှစ်ခု အရင် ရောင်းပေးရမယ် "
ယဲ့ဖန်မှ မည်သည့်အရာကိုမျှ ပြန်မပြောမီ တခြားသော ကျောက်သမားများသည် မပျော်နိုင်ကြတော့ပေ။
" ဒုဥက္ကဌထူ၊ စကားကို လျှောက်မပြောပါနဲ့။ ဘယ်တုန်းက ဆရာကြီးယဲ့က ခင်ဗျားရဲ့ တောင်းဆိုမှုကို သဘောတူထားလို့လဲ "
" ဟုတ်တယ်။ ငါတို့အားလုံး အဲ့ဒီအချိန်တုန်းက ရှင်းရှင်းလင်းလင်း ကြားခဲ့ရတယ်။ ဆရာကြီးယဲ့က 'အချိန်ကျလာရင် ပြောမယ်'လို့ပဲ ပြောထားတာ မင်းကို ရောင်းပါမယ်လို့မှ မပြောထားတာ "
“ အဲ့တာ ဟုတ်တယ်။ လူတိုင်းက ဒီလိုကောင်းတဲ့ ပစ္စည်းတွေအတွက် မျှမျှတတ ယှဉ်ပြိုင်ရမယ်။ မန်ကျူးလက်ဝတ်ရတနာလုပ်ငန်းကပဲ လက်ဝါးကြီးအုပ်ချင်လို့မရဘူး "
“ ဟုတ်တယ်။လူတိုင်းက သူတို့အစွမ်းအစနဲ့ ရအောင်ယူကြလိမ့်မယ် "
“ ဆရာကြီးယဲ့ ပြောမယ့် စကားကို နားထောင်ကြရအောင် "
လူအုပ်ကြီးသည် ဆရာကြီးယဲ့ဘက်ကို မကြည့်မီ ခဏတာ ငြင်းခုန်နေကြသည်။
ဆရာကြီးယဲ့ ပြောမည့်စကားကို သူတို့ ကြားချင်နေကြသည်။
အကယ်၍ ဆရာကြီးယဲ့ကသာ မန်ကျူးလက်ဝတ်ရတနာလုပ်ငန်းကို ရောင်းချင်သည် ဆိုလျှင် သူတို့ မည်သို့ပင် လက်မခံနိုင်ကြပါစေ သူတို့တွင် ဘာမျှ ပြောစရာရှိကြမည် မဟုတ်ချေ။
ယဲ့ဖန်က လူအုပ်ကြီးကို ပြုံးမပြမီ ခဏတာ စဉ်းစားနေလေသည်။
“ လူတိုင်းက အရမ်းစိတ်အား ထက်သန်နေတဲ့အတွက် ဘယ်သူ့ကိုမှ ဘက်လိုက်မှာ မဟုတ်ပါ။ မျှမျှတတ ယှဉ်ပြိုင်ကြပါ။ အမြင့်ဆုံးဈေးကို ပေးနိုင်မယ့်သူက ဒီကျောက်တွေကို ရပါလိမ့်မယ် "
ဆရာကြီးယဲ့ ပြောသည်ကို ကြားသောအခါ သူတို့ အလွန်ပင် ပျော်သွားကြလေသည်။
ထူပေါရန်သာ အနည်းငယ် စိတ်ပျက်သွားလေသည်။
သို့သော် ဆရာကြီးယဲ့သည် အဘယ်ကြောင့် ဤသို့ပြုမူခဲ့သည်ကို သူနားလည်နိုင်သည်။
ပထမတစ်ချက်သည် သူတို့၏ မန်ကျူးလက်ဝတ်ရတနာလုပ်ငန်းသည် မည်သည့်အခါမျှ စရံငွေ မသွင်းခဲ့ပေ။
ဆရာကြီးယဲ့နှင့်လည်း အဆက်အသွယ်မရှိခဲ့ဖူးချေ။
ထို့ကြောင့် သူတို့ကို ပေးရန် မလိုအပ်ပေ။
ဒုတိယအချက်မှာ ဆရာကြီးယဲ့သည် ဤကျောက်စိမ်းနှစ်ခုကို မန်ကျူး လက်ဝတ်ရတနာလုပ်ငန်းသို့ တိုက်ရိုက် ပေးခဲ့လျှင် အခြားကျောက်သမားများ ကျေနပ်လိမ့်မည် မဟုတ်ပေ။
ယဲ့ဖန်သည် ထိုကိစ္စများကို ဂရုမစိုက်ဘဲ လူတိုင်းကို ယှဉ်ပြိုင်ဖို့ မျှတသော အခွင့်အရေးပေးခြင်းသည် အနည်းဆုံး မကျေနပ်မှုများကို လျော့ချနိုင်မည်ဖြစ်သည်။
“ ကျွန်တော်တို့ရဲ့ မန်ကျူးလက်ဝတ်ရတနာလုပ်ငန်းက ဒီပစ္စည်းနှစ်ခုရဲ့ အတွဲလိုက် စျေးနှုန်းအတွက် သန်း ၄၁၀နဲ့ ကမ်းလှမ်းချင်ပါတယ် "
“ ကျွန်တော်တို့ရဲ့ ချမ်းမင်းလက်ဝတ်ရတနာလုပ်ငန်းက သန်း ၄၂၀ ပေးဖို့ ဆန္ဒရှိပါတယ် "
“ ကျွန်တော်တို့ရဲ့ ပထမတောင်တန်း လက်ဝတ်ရတနာလုပ်ငန်းက သန်း ၄၄၀ ကမ်းလှမ်းချင်ပါတယ် "
“ ကျွန်တော်တို့ရဲ့ ရွှေစီးပွားရေးသမား လက်ဝတ်ရတနာလုပ်ငန်းက သန်း ၄၆၀ ပေးချင်ပါတယ် "
“ မန်ကျူးလက်ဝတ်ရတနာလုပ်ငန်းက သန်း၄၇၀နဲ့ လေလံဆွဲပါတယ် "
ရတနာလုပ်ငန်းအုပ်စုများသည် ချက်ချင်းပင်လေလံဆွဲပြီး လေလံဆွဲသူများသည် အနည်းဆုံးဆယ်သန်းစီ တိုးပေးနေကြသည်။
ကြည့်ရှုသူများသည်လည်း စိတ်လှုပ်ရှားနေကြသည်။
လူတိုင်း ပြိုင်ဆိုင်နေကြသောကြောင့် စျေးနှုန်းသည်လည်း တက်လာနေလေသည်။
လက်ရှိစျေးကွက်အရ ထိုကျောက်စိမ်း နှစ်ခု၏ ပေါက်ဈေးမှာ ယွမ်သန်း၄၀၀ခန့် ရှိသည်။
သို့သော် ဤကဲ့သို့ အရည်အသွေးကောင်းသော ကျောက်မျိုးကို တွေ့ရသည်မှာ အလွန်ပင် ကံကောင်းလွန်းလှသောကြောင့်သာ ဖြစ်ပေသည်။
သူတို့သည် ပထမဦးစွာ သိုလှောင်ရန် စီစဉ်ထားပြီး အလွန်မြင့်မားသော စျေးနှုန်းရနိုင်မည့် အချိန်ထိ စောင့်ဆိုင်း ထိန်းသိမ်းထားကြမည် ဖြစ်သည်။
သို့သော် စျေးနှုန်းသည် သန်း၅၀၀အထိ ရောက်ရှိပြီးနောက် လေလံဆွဲသူ အရေအတွက်သည် ကျဆင်းသွားသည်။
“ မန်ကျူးလက်ဝတ်ရတနာလုပ်ငန်း သန်း၅၆၀ “
မန်ကျူး လက်ဝတ်ရတနာလုပ်ငန်းမှ ဤနံပါတ်ကို ကြွေးကြော်ပြီးနောက် အခြားကျောက်ကုန်သည်များသည် သဘောမတူချင်ကြသော်လည်း အဆုံး၌ အခြားမည်သည့်အရာကိုမျှ မပြောခဲ့ကြပေ။
သန်း၅၆၀သည် ဤပစ္စည်းနှစ်ခု၏ စစ်မှန်သော တန်ဖိုးကို ကျော်လွန်နေပြီ ဖြစ်သည်။
မန်ကျူးလက်ဝတ်ရတနာလုပ်ငန်းသည် ဆရာကြီးနဲ့ မိတ်ဆွေဖြစ်ရန်အတွက် ငွေအမြောက်အများ ပေးကာ ၀ယ်ယူနေသည်နှင့်ပင် တူလှသည်။
ပွင့်ပွင့်လင်းလင်း ဆိုရမည်ဆိုလျှင် မိတ်ဆွေဖြစ်ရန် အတွက် ငွေကြေးအနည်းငယ် အဆုံးရှုံးခံလိုက်ခြင်းသာ ဖြစ်သည်။
ယဲ့ဖန်သည် မည်သူမျှ ထပ်မံလေလံမဆွဲကြတော့သောအခါ ထူပေါရန်ကို ကြည့်လိုက်သည်။
" ဆိုတော့ ဂုဏ်ယူပါတယ်။ ဥက္ကဌထူ၊ ဒီ ကျောက်စိမ်းနှစ်ခုက မန်ကျူးလက်ဝတ်ရတနာလုပ်ငန်းရဲ့ အပိုင်ဖြစ်သွားပါပြီ "
ထူပေါရန်သည် စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
" ဆရာကြီးယဲ့ အနာဂတ်မှာ ဒီလိုမျိုးပစ္စည်းတွေရှိသေးရင် မန်ကျူး လက်ဝတ်ရတနာလုပ်ငန်းကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ စိတ်မပူပါနဲ့။ ငါတို့ပေးမယ့် စျေးနှုန်းက အခြားလက်ဝတ်ရတနာကုမ္ပဏီတွေထက် ပိုများစေရပါမယ် "
သူသည် ယဲ့ဖန်နှင့် ရေရှည်လက်တွဲလုပ်ချင်သည့်အတွက်ကြောင့် ထိုသို့ပြောလိုက်ခြင်းဖြစ်ပေသည်။
မန်ကျူးလက်ဝတ်ရတနာလုပ်ငန်းသည် ဆရာကြီးယဲ့အား အမှန်တကယ် တွယ်ကပ်နိုင်ပါက ကျားတစ်ကောင်ကို အတောင်ပံများ တပ်ပေးခြင်းနှင့် တူပေလိမ့်မည်။
ယဲ့ဖန်သည် ငြင်းပယ်မည် မဟုတ်ချေ။
သူသည် ပိုက်ဆံအများကြီးသုံးစွဲခဲ့သည်။
ယဲ့ဖန်သည် သူ့ကို မျက်နှာသာ အနည်းငယ် ပေးသင့်သည်။
သူသည် ချက်ချင်းပင် ယဲ့ဖန်နှင့် ဖုန်းနံပါတ်လဲခဲ့သည်။
ဤအဖြစ်အပျက်သည် အခြားကျောက်ကုန်သည်များကို မနာလိုဖြစ်စေခဲ့သည်။
မန်ကျူးလက်ဝတ်ရတနာလုပ်ငန်းသည် ငွေအမြောက်အများ သုံးစွဲခဲ့ရသော်လည်း ဆရာကြီးယဲ့နှင့် မိတ်ဖွဲ့နိုင်ရန် အောင်မြင်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်သွားပေသည်။
မန်ကျူးလက်ဝတ်ရတနာလုပ်ငန်း၏ လုပ်ဆောင်ချက်များသည် အလွန်ပင် မြန်ဆန်လှသည်။
ထူပေါရန်၏ ဖုန်းခေါ်ဆိုမှုအပြီးတွင် ငါးမိနစ်မျှ မပြည့်လိုက်ဘဲ သန်း ၅၆၀ ကို ယဲ့ဖန်၏ ဘဏ်အကောင့်သို့ လွှဲပေးလိုက်သည်။
ယခုအချိန်တွင် အလွန်ကြီးကျယ်လှသော အရောင်းအ၀ယ်ကိစ္စ ပြီးစီးသွားခဲ့လေပြီ။
ယခု သန်း၄၆၀အပြင် မနက်တွင် ယဲ့ဖန်သည် ၁.၀၂ဘီလီယံ ၀င်ခဲ့သေးသည်။
ထိုအရာသည် အခြားသူများအတွက် စိတ်ကူးယဥ်လို့ပင် မရနိုင်သည့် အရာဖြစ်သည်။
ထိုမြင်ကွင်းကို လူအုပ်က တွေ့လိုက်ရသောအခါ အုတ်အော်သောင်းနင်း ဖြစ်ကြပြန်သည်။
“ အမယ်လေး နတ်ဘုရားယဲ့က သန်း ၅၀၀ကျော်ကို လွယ်လွယ်လေးနဲ့ ၀င်နိုင်တယ်။ ဒါက တကယ်ကို ကြောက်စရာကောင်းတာပဲ "
“ ဒီကျောက်စိမ်းနှစ်ခုအတွက် ၁၀ သန်းကျော်ပဲ ပေးခဲ့ရတယ်။ ဒါပေမယ့် အခုက အဆ ၅၀ ကျော်တိုးလာတယ်တဲ့လား "
“ ဒါက မင်းက နတ်ဘုရားယဲ့ရဲ့ အရင်ကျောက်ဖြတ်တာကို မမြင်ရခဲ့လို့ပါ။ သူက စုစုပေါင်း တစ်သန်းကျော်ပဲ သုံးခဲ့ရပြီး သန်း ၄၆၀ ရခဲ့တာပဲ။ ဒါက ထောင်ပေါင်းများစွာ အများကြီးပိုတယ် "
“ သူကတစ်မနက်တည်းမှာတင် ၁ ဘီလီယံကျော်ရခဲ့တာ။ တကယ့်ကိုနတ်ဘုရားပဲ "
“ ဒီလိုမှမဟုတ်ရင် သူ့ကို 'နတ်ဘုရား' လို့ ဘယ်ခေါ်နေမှာလဲ။ ဒါမျိုးက ငါတို့လို့ သေမျိုးတွေက နားလည်နိုင်မယ့်အရာကို မဟုတ်ဘူး။ "
" ငါ့ကို ခေါ်သွားပေးပါ မီးဖိုချောင်မှာပဲ လုပ်ရလုပ်ရ အဆင်ပြေပါတယ်။ "
“ တကယ်လို့ ငါသာ မိန်းကလေးဆိုရင် မင်းအတွက် ကလေးလေးမွေးပေးချင်မိတယ် "
လူတိုင်းသည် ယခုအချိန်တွင် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
စိတ်လှုပ်ရှားမှုများသည် တစ်ဦးနှင့် တစ်ဦးမတူနိုင်သော်လည်း လူတိုင်း အသိအမှတ်ပြုထားသောအရာတစ်ခုရှိလေသည်။
ကျောက်လောကတစ်ခုလုံးတွင် ဆရာကြီးယဲ့၏ နာမည်မှာ သေချာပေါက် ထင်ကျန်နေလိမ့်မည်။
ထို့အပြင် ထိုအကြောင်းအရာသည် နောက်နှစ်အနည်းငယ်အထိ ကျော်ဇောနေပေလိမ့်မည်။
ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ခွင့်ရခဲ့သော သူတို့သည် အလွန်ပင် ကံကောင်းခဲ့ကြသည်။
သူတို့က ကံအကောင်းဆုံးလူသားများသာ ဖြစ်ကြပေသည်။
အပိုင်း ( ၈၂၄ )
မင်း ငါ့ကို နောက်နေတာလား
ရှုကျင်းရှင်းသည် အလွန်စိတ်လှုပ်ရှားနေသည်။
ကျောက်လောင်းကစားစင်တာ မလာခင်က ယဲ့ဖန်သည် တစ်မနက်တည်းတွင် ၁ ဘီလီယံ ရလိုက်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
သူရခဲ့သည်မှာ ၁ ဘီလီယံတောင် ဖြစ်လေသည်။
ကုမ္ပဏီအများစုသည်ပင် တစ်နှစ်အတွင်း ဤမျှလောက် ၀င်ငွေ မရှာပေးနိုင်ပေ။
သူမသည် ငွေရေးကြေးရေးကို အလွန်အမင်း တွက်ချက်လေ့ရှိသူ မဟုတ်သော်လည်း သူ၏ စွမ်းရည်ကြောင့် တုန်လှုပ်ခြောက်ခြားမှုကိုတော့ မထိန်းချုပ်နိုင်ခဲ့ပေ။
သို့သော် လူအုပ်ထဲမှ အမျိုးသမီးအများအပြားသည် ယဲ့ဖန်အတွက် မျိုးဆက်သစ်မွေးပေးချင်ကြောင်း အရှက်မဲ့စွာ အော်ဟစ်သံများကို သူမ ကြားလိုက်ရသောအခါတွင် မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီမိန်းမတွေက အရှက်မရှိဘူးလား။
သူမ၏ စိတ်ခံစားမှုများ ပြောင်းလဲလာသည်နှင့်အမျှ ယဲ့ဖန်သည် ရုတ်တရက် လှည့်လာကာ သူမကို ကြည့်လိုက်သည်။
" ဘာလို့ မနာလိုဖြစ်နေရတာလဲ "
ရှုကျင်းရှင်းသည် သူမကိုယ်တိုင်ပင် သတိမထားမိဘဲ မျက်နှာနီရဲသွားသည်။
" ဘယ်သူ...ဘယ်သူက မနာလိုတာလဲ။ ရှင်...ရှင် သိပ်ကိုအတ္တကြီးလွန်းနေတာ မဟုတ်ဘူးလား။ "
ယဲ့ဖန်အတွက် သူမ ရှက်နေသည်ကို မြင်ရသည်မှာ ရှားလွန်းလှပြီး ရယ်စရာတစ်ခုဖြစ်နေလေသည် ။
“ မင်း ဒီကိစ္စကို သေချာစဉ်းစားသင့်တယ်။ ကိုယ့်ကို သဘောကျတဲ့ မိန်းကလေးတွေက အများကြီးပဲ။ မင်းအတွက် ပြိုင်ဆိုင်မှုက အရမ်းကြီးနေတော့မှာပဲ”
ရှုကျင်းရှင်း၏ မျက်နှာသည် ပို၍ပင် နီရဲလာသည်။
" ဘယ်သူက သူတို့တွေနဲ့ ပြိုင်ချင်နေလို့လဲ။ ကျွန်မကတော့ စိတ်ကိုမ၀င်စားဘူး “
ထိုအဖြစ်အပျက်ကို ထူပေါရန်မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ယဲ့ဖန်ကို ချက်ချင်း ပြုံးပြလိုက်သည်။
" ဆရာကြီးယဲ့၊ ဒီမိန်းကလေးက မင်းရည်းစားလား။ တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပါပဲ ”
အခြားသော လက်ဝတ်ရတနာ လုပ်ငန်းရှင်များကလည်း သူ့ကို ချီးကျူးကြသည်။
" ဟုတ်တယ် ဆရာကြီးရဲ့ စွမ်းရည်က ထူးခြားပြီးတော့ သူ့ဘေးနားမှာလည်း ဒီလို အလှလေး ရှိနေတယ်။ အဲ့တာက သူများတွေကို မနာလိုဖြစ်စေတာ အမှန်ပဲ။”
" အစက ငါတွေးနေခဲ့တာ၊ ဆရာကြီးလို ပါရမီရှင်တစ်ယောက်အတွက် ဘယ်လို မိန်းကလေးမျိုးနဲ့ ထိုက်တန်ပါလိမ့်လို့။ အခု တွေ့လိုက်ရတော့ တကယ် လိုက်ဖက်ပါပေတယ် ”
“ ဒီမိန်းကလေးက ပညာတတ်မိသားစုကနေ ဆင်းသက်လာပုံရတယ်။ ဆရာကြီးယဲ့က မိန်းကလေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ကံကောင်းခြင်းတွေ ရှိနေတာပဲ ”
“ ဒါက နတ်ဖတ်တဲ့ စုံတွဲပဲ။ ဆရာကြီး မင်္ဂလာပွဲလုပ်တဲ့အခါ ကျွန်တော်တို့ကို ဖိတ်ရမယ်နော် ”
ယဲ့ဖန်သည် သူတို့၏ စကားများကို ကြားသောအခါ မည်သည်ကိုမျှ မရှင်းပြခဲ့ပေ။
သူသည် ပြုံးပြပြီး ခေါင်းညိတ်နေလိုက်သည်။
ရှုကျင်းရှင်းသည် ပို၍ပင် ရှက်လာသည်။
သူမသည် ခါးကို တင်းတင်းကြပ်ကြပ် ဆွဲလိမ်လိုက်လေသည်။
နာကျင်လွန်းသဖြင့် ယဲ့ဖန်သည် ရှုံ့မဲ့သွားလေသည်။
ယခုမြင်ကွင်းသည် ငယ်ရွယ်သော စုံတွဲများအကြား ကျီစယ်စနောက်နေကြသကဲ့သိုပင် ဖြစ်နေပြီး ကျောက်သမားအုပ်စုက ရယ်မောနေကြသည်။
လူအုပ်ထဲရှိ ကျူးရှောင်ကျောင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒေါသတကြီး ဖြစ်သွားသည်။
ဒီအကျင့်မကောင်းတဲ့ကောင်က လူတွေအများကြီးရှေ့မှာ တခြားမိန်းမနဲ့ အီစီကလီလုပ်နေတာလား။
သူမ အရမ်း ဒေါသထွက်သွားလေသည်။
သူမသည် အားပြင်းပြင်းနှင့် ရိုက်ချချင်လာလေသည်။
သို့သော် လူအများရှေ့တွင် ဖြစ်နေသောကြောင့် ဆရာကြီးယဲ့ကို မျက်နှာ မပျက်စေချင်ပေ။
' ထားလိုက်တော့။ နောက်မှရှင်းကြတာပေါ့ '
သူမ စိတ်ထဲရှိ ဒေါသများကို မျိုသိပ်၍ ယဲ့ဖန်ရှေ့မှ တမင်တကာ ဖြတ်လျှောက်ပြီး သူ့ကို သတိပေးလိုက်သည်။
သူမသည် သူ၏ အရှက်မရှိသော လုပ်ရပ်အားလုံးကို မြင်ခဲ့ကြောင်းကို သူ့အား သိစေလိုသည်။
ယဲ့ဖန်သည် ကျောက်မျက်ရတနာသမားများနှင့် စကားပြောရယ်မောနေရင်း ကျူးရှောင်ကျောင်းကို ရုတ်တရက်တွေ့လိုက်ရလေသလေ။
သူ အံ့ဩသွားလေသည်။
" ရှောင်ကျောင်း.....မင်း ဘာလို့ ဒီကိုရောက်နေတာလဲ "
ကျူးရှောင်ကျောင်းသည် သူ၏ အသံကို ကြားသောအခါ အနည်းငယ် မာန်တက်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း သူမ မရပ်သွားပေ။
ယဲ့ဖန်သည် သူမကို ဖမ်းပြီး လက်မောင်းကို ဆွဲရမ်းလိုက်သည်။
" ငါ မင်းကို မေးနေတယ်။ မင်း ဘာလို့ ဘာမှမပြန်ပြောတာလဲ။ "
ကျူးရှောင်ကျောင်းသည် သူ့ကို ဒေါသတကြီး ကြည့်နေလေသည်။
" သခင်လေးယဲ့က တခြားမိန်းမတွေနဲ့ အီစီကလီလုပ်နေတာကို ငါ မနှောင့်ယှက်ရဲပါဘူး။ "
ယဲ့ဖန်သည် သူမ ဒေါသတကြီးနှင့် ပြောနေမှန်း သိလေသည်။
သူက ရယ်နေသည်။
" မင်း ဒါဘာလုပ်နေတာလဲ။ ငါ မင်းကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်မိဘူး မဟုတ်လား "
ကျူးရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ရသောအခါ ပို၍ပင် ဒေါသထွက်လာလေသည်။
" နင် ငါ့ကို စိတ်အနှောင့်အယှက်မပေးမိဘူးလို့ ဘယ်သူပြောတာလဲ။ မနေ့ညက နင့်ကို ဒီနေ့ အားလားလို့ မေးတော့ အလုပ်ရှုပ်နေတယ်လို့ ပြောပြီး အခုကျ တခြားမိန်းမနဲ့ လာပြီး အီစီကလီလုပ်နေလိမ့်မယ်လို့ ငါ ဘယ်ထင်ထားမလဲ။ နင်က ငါ့ကိုကျ မခေါ်ခဲ့ဘဲနဲ့ နောက်မိန်းမတစ်ယောက်နဲ့တောင် အီစီကလီလာလုပ်နေတာလေ…”
သူမသည် ဒေါသများ တရိပ်ရိပ် ထွက်လာနေလေသည်။
နောက်ဆုံးတွင် သူမ၏ မျက်လုံးများ နီရဲလာသည်။
ယဲ့ဖန်သည် အရှုံးပေးလိုက်ရလေသည်။
" ဘာလို့ငိုနေတာလဲ။ ကိုယ်…..”
မထွက်သွားသေးသော သူများ အများကြီးရှိနေဆဲဖြစ်သည်။
အားလုံးသည် ထိုမြင်ကွင်းကို စိတ်၀င်တစားကြည့်နေကြသည်။
အထူးသဖြင့် ယဲ့ဖန်နှင့် ရှုကျင်းရှင်းကို ဂုဏ်ပြုစကားပြောခဲ့သော ကျောက်သမားများသည် အံသြသွားနေကြသည်။
" နောက်ထပ် အလှလေးတစ်ယောက်လား။ ဒီဆရာကြီးက နည်းနည်းတော့…... သူက နည်းနည်းတော့ မတည်ကြည်ဘူးဘဲ မဟုတ်လား ”
“ သူက လူငယ်တစ်ယောက်ပဲမလို့ ပလေးဘွိုင်းတစ်ယောက်ဖြစ်ခဲ့ရင်တောင် ဒါက မဆန်းပါဘူး။ ဆရာကြီးက အရမ်းတော်တယ်လေ။ အဲ့တာကြောင့် မိန်းကလေးတွေကို ရဖို့ဆိုတာ သူ့အတွက်တော့ ချောင်းဆိုသလို လွယ်နေမှာပဲ…...”
" ဒီကျောက်အရောင်းစင်တာကြီးက ဘာလို့ အချစ်ဒရာမာဇာတ်လမ်းတွဲလို ရုတ်တရက်ကြီး ပြောင်းသွားရတာလဲ။ "
" ဒီအလှလေး နှစ်ယောက်မှာ ဘယ်သူက တကယ့်မင်းသမီးလဲ "
" ဆရာကြီးရဲ့ ဒီလို အကွက်ရွှေ့တတ်ချက်တွေနဲ့ ဆိုရင် ပင်မနန်းတော်ထဲမှာ တခြားတစ်ယောက်တောင် ရှိရင် ရှိနေမှာပဲ "
“ ငယ်ရွယ်မှုက တကယ်ကို ကောင်းတာပဲ…”
ရှုကျင်းရှင်းသည် သူတို့၏ ရွဲ့စောင်းသော စကားကို နားထောင်ပြီး သူမ၏ ပုံမှန် တည်ငြိမ်သော အသွင်အပြင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သို့သော် သူမ၏ နှလုံးသားခုန်နှုန်းသည် ထင်သလောက် မငြိမ်သက်တော့ပေ။
သူမ သည် ယဲ့ဖန်ကို သဘောကျ အထင်ကြီးမိခဲ့သော်လည်း ထိုခံစားချက်ကို သိသာစွာ ထုတ်မပြခဲ့ပေ။
သို့သော် ယခု သူမရှေ့တွင် အခြားအမျိုးသမီးတစ်ဦးကို နှစ်သိမ့်ပေးနေသည်ကို သူမ မြင်လိုက်ရသောအခါ သူမ နှလုံးအိမ်ထဲရှိ မနာလိုမှုများကို ထိန်းမထားနိုင်တော့ပေ။
ရှုကျင်းရှင်းသည် သူမအား ဒီကို ဘာအတွက်ခေါ်လာသလဲဟု တကယ်ပင် ၀င်မေးလိုက်ချင်နေလေသည်။
သို့သော် ဘာအတွက်ကြောင့် သူ့ကို မေးရမည်နည်း။
ယဲ့ဖန်သည် သူမကို ဘာအတွက်မျှ ကတိမပေးထားခဲ့ချေ။
သူမတွင် သူ့ကို မေးခွန်းထုတ်ပိုင်ခွင့် ရှိမနေပေ။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ နူးညံ့သိမ်မွေ့သော စကားများအောက်တွင် ကျူးရှောင်ကျောင်းသည် နောက်ဆုံး၌ အငိုရပ်သွားသော်လည်း သူမ တုန်လှုပ်နေဆဲဖြစ်သည်။
ထိုမှသာ ယဲ့ဖန်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။
သူက စိတ်မချမ်းသာစွာဖြင့် ပြောသည်။
" မဆိုးပါဘူး၊ မမလေးကျူးက အခုလူတွေကို ဘယ်လိုခြေရာခံရမလဲဆိုတာ သိသွားပြီပဲ "
ကျူးရှောင်ကျောင်း ထိတ်ထိတ်ပြာပြာ ဖြစ်သွားလေသည်။
“ နင် အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ငါမလုပ်ဘူး။ "
ယဲ့ဖန်သည် ပေါ့ပေါ့ပါးပါး ရယ်လိုက်လေသည်၊
" ဒါဆို မင်း ဘာလို့ ဒီကိုရောက်နေတာလဲ "
ကျူးရှောင်ကျောင်းသည် သူ့ကို စိုက်ကြည့်နေသည်။
“ ဒီကျောက်လောင်းကစားစင်တာကို နင့်မိသားစုက ပိုင်တာမှ မဟုတ်တာ၊ နင်တောင်လာနိုင်ရင် ငါကဘာလို့ လာလို့မရရမှာလဲ "
ယဲ့ဖန်က သူမ၏ ၀တ်စားပုံကို ညွှန်ပြလိုက်သည်။
“ လာချင်ရင်တောင် အနည်းဆုံးတော့ ပုံမှန်လေးဖြစ်အောင် ဝတ်လာသင့်တယ်၊ မဟုတ်ဘူးလား။ ဒါက သရဲပွဲတော်မှ မဟုတ်ဘဲ၊ ကျောက်လောင်းကစားစင်တာလေ။ မင်းထွက်လာတာနဲ့ လူတွေအကုန် လန့်ကုန်ကြပြီ။ "
ကျူးရှောင်ကျောင်းဒေါသထွက်သွားသည်။
" နင်က ဘယ်သူ့ကို သရဲလို့ ခေါ်နေတာလဲ။ နင်ကမှ သရဲလေ။ အနံ့အသက်ကဆိုးပြီး ရူးနေတဲ့ ပလေးဘွိုင်း…”
ယဲ့ဖန်အနည်းငယ် ဆွံ့အသွားသည်။
" မှန်ကို အရင် ကြည့်စမ်းပါဦး။ ငါတို့ထဲက ဘယ်သူက သရဲနဲ့တူလဲ ကြည့်ရအောင် "
ကျူးရှောင်ကျောင်းသည် သူမ၏ အိတ်ထဲမှ မှန်လေးကို ထုတ်ကာ သူမ၏ မျက်နှာကို သံသယစ၀င်လာကာ ကြည့်လိုက်လေသည်။
သူမသည် မိတ်ကပ်ထူထူလေး လိမ်းလာခဲ့တာဖြစ်ပြီး အချိန်အတော်ကြာအောင် ငိုပြီးနောက်တွင် သူမ၏ မိတ်ကပ်များသည် ပျံ့ပြီး ပေပွနေလေသည်။
သူမ၏ မျက်ခုံးသည် မျက်ရည်များဖြင့် စင်သွားပြီး မျက်နှာပေါ်တွင် အနက်ရောင်မျဉ်းနှစ်ကြောင်း ကျန်ရစ်ခဲ့ နေသည်။ တော်တော်ကြောက်စရာကောင်းသည့် ပုံစံဖြစ်နေလေသည်။
" ဟားဟား…......”
ကျူးရှောင်ကျောင်းသည် သူမမျက်နှာကိုမြင်သောအခါ မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။
ယဲ့ဖန်သည်လည်း သူမ၏ ရယ်သံကြောင့် ကူးစက်ခံလိုက်ရသည်။
သူလည်း ရယ်နေလေသည်။
သို့သော် ကျူးရှောင်ကျောင်း၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။
သူမ မျက်လုံးများ မှုန်ဝါးလာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားပြီး သူမကို ကြောင်အစွာ ကြည့်လိုက်သည်။
သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
' ကျူးရှောင်ကျောင်း၊ မင်း ကိုယ့်ကို လာနောက်နေတာလား '