လျှာဖြတ်ခံရခြင်း
Vol. 21 Ch. 290
အစ်ကိုကြီး၏စကားသည် အစ်ကိုလူ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ရာတစ်ခုကို နှိုးဆွလိုက်သကဲ့သို့ ရှိနေခဲ့သည်။
သူ၏မျက်နှာ အမူအရာသည် လက်ငင်းပင် ပြောင်းလဲသွားခဲ့သည်။ ထိုသို့ဖြစ်နေသည်ကို မြင်ရသောအခါ ကျန်းရီက “မင်းတို့အမေ ဆုံးတုန်းက ဘာတွေဖြစ်ခဲ့တာလဲ” ဟု မေးမြန်းခဲ့လိုက်သည်။
ကျန်းရီမေးလိုက်သည်နှင့် အစ်ကိုလူတို့ နှစ်ယောက်က တစ်ဦးကိုတစ်ဦး ကြည့်လျက် သူတို့၏အမေဆုံးပြီးနောက် ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ရှင်းပြခဲ့ကြသည်။
“ကျွန်တော်တို့အမေ ဆုံးခါနီးတုန်းက ခံစားရတာတွေက တကယ်ကို စိတ်မကောင်းစရာပါပဲ။ သားတွေဖြစ်တဲ့ ကျွန်တော်တို့ စဉ်းစားမိတဲ့အခါတိုင်း စိတ်ထဲမှာ အရမ်းကို မသက်မသာဖြစ်ရတယ်။ ခင်ဗျားသိမှာပါ ခွေးရူးပြန် ရောဂါသည်တစ်ယောက် အရူးထတဲ့အခါ ဘယ်လိုမျိုးလဲဆိုတာ” အစ်ကိုကြီးရဲ့ ပြောပြချက်အရ ကျန်းရီဟာ နားလည်သွားခဲ့သည်။
သူတို့၏ အမေသည် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးခဲ့ခြင်းလား။
“ကျွန်တော်တို့ အမေကို ခွေးတွေ တိရစ္ဆာန်တွေက ကိုက်တာမျိုးတစ်ခါမှ မရှိခဲ့ဘူး။
ဆေးရုံတွေ အများကြီးကို ခေါ်သွားပြီး ကုသမှုခံယူခဲ့တယ်။
ခွေးကိုက်ထားတဲ့ ဒဏ်ရာရဲ့ အမှတ်အသား တစ်ခုမှတောင်မှ မတွေ့ရဘူး၊ ခန္ဓာကိုယ် တစ်ခုလုံး စစ်ဆေးလည်း ဘာမှ မတွေ့ရခဲ့ဘူး။
သူမမှာ တစ်ခုခု မှားယွင်းနေခဲ့တယ်။
ခွေးရူးပြန်ရောဂါနဲ့ တူနေခဲ့တယ်။
အဲ့ဒီ နေ့ရက်တွေတုန်းမှာ သူမမျက်လုံးတွေက သွေးရောင်လိုမျိုး နီရဲနေပြီး အချိန်တိုင်း အော်နေတတ်တယ်။ ညဘက်တွေမှာဆို ရောဂါလက္ခဏာတွေက ပိုပြီးထင်ရှားတယ်”
“ပထမဆုံးအကြိမ် သူမမှာ ပြဿနာ စတင်ခဲ့တာက သေဆုံးမှုမတိုင်ခင် သုံးရက်အလိုမှာပါ။ ညဘက်မှာသူမက အဆင်ပြေနေခဲ့ပေမယ့် ညသန်းခေါင် ရောက်တဲ့အခါမှာ ရုတ်တရက် ထထိုင်လိုက်မိတယ်။ အစက ထိုင်နေတာပါ။ အိပ်ရာပေါ်မှာတိတ်ဆိတ်စွာထိုင်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေတယ်။
ကျွန်တော်အဖေက သူမရဲ့ အပြုအမူတွေကြောင့် နိုးလာပြီး ဘာဖြစ်နေတာလဲလို့ မေးတော့ ကျွန်တော်တို့အမေက မဖြေခဲ့ဘူး”
“သူမက အိမ်အပြင်ဘက်ကို တိတ်တိတ်လေးပဲ ကြည့်နေခဲ့တယ်။
အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ အိမ်အပြင်ဘက်မှာ သစ်ပင်ကြီးတစ်ပင် ရှိနေခဲ့တယ်။ အဲ့သစ်ပင်ကြီးရဲ့အရွက်တွေက အရမ်းစိမ်းစိုနေတယ်။
ကျွန်တော့် အဖေပြောတာက ကျွန်တော်တို့ အမေ သစ်ပင်ကိုစိုက်ကြည့်နေတဲ့ မိနစ်ပိုင်းအတွင်းမှာပဲ အပြင်ဘက်က လေတွေ စတင်တိုက်ခတ်လာတယ်။
အရွက်တွေ အသံတွေမြည်လာတဲ့အထိ အပြင်းအထန်တိုက်ခတ်လာတယ်။ ကျွန်တော်တို့ အမေက ဆက်ပြီး ကြည့်နေတုန်းပဲ၊ ဒါပေမယ့် သူ့မျက်လုံးတွေက ပိုပြီးနီရဲလာတယ်”
“ကျွန်တော်အဖေက သူမကိုဒီလိုမျိုးမြင်တော့ စိတ်ပူသွားပြီး ဘာဖြစ်နေတာလဲလို့ မေးတယ်။ ဒါပေမယ့် မျှော်လင့်မထားတာက ကျွန်တော်တို့ အမေက ရုတ်တရက် သူ့ပါးစပ်ကို ပိတ်လိုက်တယ်။ ဥပမာ- တစ်ယောက်ယောက်က သူ့လျှာကို ဆွဲဖြတ်နေသလိုမျိုးပေါ့”
“သူ့လျှာကိုဆွဲဖြတ်တာလား”
“ဟုတ်တယ်၊ သူ့ပါးစပ်ကို ပိတ်လိုက်တယ်။ ဒါပေမယ့် လက်တစ်စုံက သူ့လက်ကို ဆွဲဖယ်လိုက်ပြီး သူ့လျှာကို တစ်ဖြည်းဖြည်း ဆွဲထုတ်နေသလိုမျိုးပါပဲ။
ကြာလာတာနဲ့အမျှ ပိုရှည်လာပြီး သူ့သွားရည်တွေက အိပ်ရာတစ်ခုလုံးကို ယိုစီးနေတယ်။
ကျွန်တော်အဖေက ဒါကိုမြင်တော့ ကျွန်တော်တို့ဆီကို ပြေးလာပြီး ကျွန်တော်တို့ကို ခေါ်လိုက်တယ်။
ကျွန်တော်တို့အမေရဲ့ အဲ့ဒီပုံစံကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ။
တကယ်ကိုကြောက်စရာကောင်းတယ်”
“သူမက သိသိသာသာကြီးကို နာကျင်နေတာ၊ ဒါပေမယ့် လျှာက ဆက်ပြီးထွက်နေတုန်းပဲ။
ကျွန်တော်တို့က အထဲကို ဝင်ရောက်လာခဲ့တယ်၊သူမရဲ့ နီရဲနေတဲ့ မျက်လုံးတွေကနေ မျက်ရည်တွေ ကျနေတယ်။
ဒါပေမယ့် ကျွန်တော်တို့ သူမကို ခေါ်တဲ့အခါ သူမက တုံ့ပြန်နိုင်ခြင်းမရှိခဲ့ဘူး၊ လှုပ်ရှားဖို့တောင်မှ မတတ်နိုင်ခဲ့ဘူး။ သူမက အပြင်ဘက်ကိုပဲဆက်ကြည့်နေတယ်။
ကျွန်တော်က သစ်ပင်ကို တွေ့လိုက်တော့ အပြင်ဘက်ကို ပြေးထွက်သွားတယ်။
အဲ့ဒီအချိန်တုန်းက ဘာကို တွေးမိနေမိမှန်းတောင် မသိဘူး၊ ဒါပေမယ့် သစ်ပင်မှာ တစ်ခုခုရှိမယ်လို့ ထင်မိခဲ့တယ်၊ ဒါကြောင့် အဝတ်အစားတွေ လှမ်းဖို့ လုပ်ထားတဲ့ ဝါးတန်းတန်းနဲ့ပဲ အရှေ့က သစ်ပင်ကို ရိုက်လိုက်တယ်”
“ကျွန်တော်က သစ်ပင်ကို ရိုက်တဲ့အချိန်မှာ ကျွန်တော်တို့အမေရဲ့လျှာက နည်းနည်းချင်းစီ ပြန်ဝင်သွားတယ်။
ဒါနဲ့ ကျွန်တော့်အဖေနဲ့ ကျွန်တော်က ကျွန်တော်တို့အိမ်ရှေ့က သစ်ပင်ကြီးမှာ တစ်ခုခုမှားယွင်းနေတယ်လို့ ထင်ပြီး နောက်နေ့မနက်မှာပဲ ကျွန်တော်တို့ ညီအစ်ကိုတွေက ကိရိယာ တန်ဆာပလာတွေ ယူပြီး သစ်ပင်ကို ခုတ်ပစ်ခဲ့ကြတယ်”
“ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်မထားတာက သစ်ပင်ကို ခုတ်လိုက်တဲ့အခါ ကျွန်တော်တို့အမေက ပြန်ကောင်းသွားသလိုမျိုး ရှိနေတယ်၊ ဒါပေမယ့် နောက်ညကျတော့ ကျွန်တော်တို့ အမေက ညသန်းခေါင်မှာ ရုတ်တရက် နိုးလာတယ်။ အဲ့ဒါနဲ့ မနေ့ညကလိုပဲ… တိတိကျကျ ပြောရရင် မနေ့ညထက် ပိုဆိုးတယ်။
သူမက အရမ်းနာကျင်နေပြီး..
သူ့လျှာကလည်ယ ဆွဲထုတ်ခံရပြီးတော့
သူမက ဘာမှ ပြောဆိုနိုင်ခြင်း မရှိခဲ့ဘူး..
သူမရဲ့ သွားရည်တွေက အိပ်ရာတစ်ခုလုံးကို ယိုစီးနေခဲ့တယ်။
ကျွန်တော်အဖေက အော်ခေါ်တယ်
ကျွန်တော်တို့လည်း အော်ခေါ်ကြတယ်..
ကျွန်တော်တို့အမေကို ကျွန်တော်တို့ ဆေးရုံကို ညအချိန် အမြန်ဆုံး ခေါ်သွားလိုက်တယ်”
“ဆရာဝန်က ဘာမှမတွေ့ခဲ့ရဘူး၊ စမ်းသပ်စစ်ဆေးမှု အမျိုးမျိုးလုပ်ကြည့်တယ်၊ ကျွန်တော်တို့အမေက အရမ်းကို ကျန်းမာနေတယ်ဆိုတာကိုပဲ အားလုံးက ပြနေခဲ့တယ်။ ဒါကြောင့်ဆရာဝန်က ကျွန်တော်တို့အမေကို စိတ်ရောဂါဆေးရုံကို ပို့ဖို့ အကြံပြုခဲ့တယ်၊ ကျွန်တော်တို့လည်း သွားခဲ့တယ်။ ဒါပေမယ့်စိတ်ရောဂါဆေးရုံက ဆရာဝန်တွေကလည်း ဘာမှမတွေ့ရှိခဲ့ဘူး၊ ဒါကြောင့် ထူးဆန်းတယ်….
တကယ်ကို ထူးဆန်းတယ်…
ဒါပေမယ့် ပိုထူးဆန်းတာက ကျွန်တော်တို့ အမေကို အိမ်ပြန်ခေါ်လာပြီးနောက် အငယ်ဆုံးကို သူမကို စောင့်ကြည့်ရှုခိုင်းခဲ့တယ်”
“ အဲ့ဒီနေ့က ဘာတွေဖြစ်ခဲ့တာလဲ”
ဒါကိုကြားတော့ အစ်ကိုလူက နာကျင်နေတဲ့ ပုံစံနဲ့ ပြောပြခဲ့တယ်- “အဲ့နေ့က အိမ်ကို ပြန်လာပြီးနောက် ကျွန်တော်က အမေ့ကို ကြည့်ရှုနေခဲ့တယ်၊ ဒါပေမယ့် သူမက ညအချိန် လုံးဝမအိပ်ဘဲ ဟိုဟိုဒီဒီပြေးနေတာကြောင့် သူမငြိမ်သက်နေတဲ့အချိန်ကို ကြည့်ပြီး အိပ်ရာဘေးမှာ လှဲအိပ်လိုက်တယ်။ ဒါပေမယ့် မတော်တဆ အိပ်ပျော်သွားတယ်၊ နိုးလာတဲ့အခါမှာ သူမပျောက်သွားတယ်။ တောင်ကုန်းတွေ၊ လယ်ကွင်းတွေအနှံ့ လိုက်ရှာဖွေခဲ့ကြတယ်၊ နောက်ဆုံးမှာတော့ သူမကိုယ်တိုင် အိမ်ပြန်ရောက်လာတယ်”
“သူမက အိပ်ရာပေါ်မှာလှဲနေပြီး ရင်ဘတ်မှာ ဓာတ်ပုံတစ်ပုံကို ပွေ့ဖက်ထားတယ်။ သူမရဲ့ ဓာတ်ပုံကို ပြေးယူခဲ့တာပါ။
အရင်တုန်းက အမေတို့ နှစ်ယောက်လုံးက ကျန်းမာနေခဲ့တယ်လေ၊ ဒါကြောင့် ဓာတ်ပုံတွေ ဘယ်တုန်းကမှ မပြင်ဆင်ဖူးဘူး။
ဒါပေမယ့် အဲ့ဒီနေ့မှာတော့ သူမက လျှို့ဝှက်စွာ ထွက်ပြေးသွားပြီး ဓာတ်ပုံကို ရိုက်ယူခဲ့တယ်။
ပြီးသွားတဲ့ အခါသူမက အိပ်ရာပေါ်မှာ လှဲနေရင်း အရမ်းတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်၊ ကျွန်တော်တို့က သူမကို ဒီလိုမျိုးမြင်တော့ မနေနိုင်ဘဲ မေးလိုက်တယ်”
“ဒါပေမယ့်သူမက စကားတစ်ခုတည်းကို ထပ်ခါထပ်ခါပြောနေတယ်၊ သူမက ကျွန်တော်တို့ ညီအစ်ကိုတွေ တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင်နေကြဖို့ တောင်းဆိုခဲ့တယ်။ ကျွန်တော်တို့ကလည်း သဘောတူခဲ့ကြတယ်၊ ဒါပေမယ့် ဓာတ်ပုံကိုတော့ ကျွန်တော်တို့ကို ပေးဖို့ပြောတယ်၊ ဒါပေမယ့် သူမက နားမထောင်ဘူး၊ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတုန်းပဲ။
တတိယမြောက် မနက်အထိ၊ ညဘက်တွေမှာ သူမက ဘာပြဿနာမှ မရှာတော့ဘူး
မနက်အိပ်ရာထချိန်မှာ ကျွန်တော်တို့ အဖေက မနက်စာစားဖို့ သူမကို နှိုးလိုက်တယ်၊ ဒါပေမယ့် သူမကို ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့အမေက ဓာတ်ပုံကို ပွေ့ဖက်ထားရင်း မျက်လုံးတွေကလည်း ပြူးနေပြီး ပါးစပ်ကလည်း ဟနေခဲ့တယ်”
“ပြီးတော့…သူ့လျှာကလည်း တစ်နေရာကနေ ပြတ်နေတယ်၊ ပါးစပ်ထဲမှာပဲ ဖြတ်ထားတာဖြစ်ပြီး သွေးတစ်စက်မှလည်း ထွက်မနေဘူး”
ပြောပြီးတဲ့နောက် အစ်ကိုလူက နာကျင်မှုတွေနဲ့ မျက်လုံးမှိတ်ထားခဲ့ပြီး သူ့အစ်ကိုကြီးလည်း ထိုနည်းတူစွာပင်။
ညီအစ်ကို နှစ်ယောက်စလုံး၏ မျက်နှာများတွင် ဝမ်းနည်းပူဆွေး မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“ဒါဆိုမင်းတို့အဖေ ဘယ်လိုသေဆုံးခဲ့တာလဲ” ကျန်းရီက မေးလိုက်သည်။
ညီအစ်ကိုနှစ်ယောက်က“ကျွန်တော်တို့ အဖေက ပျင်းစရာကောင်းတဲ့ သူပဲ။ စကားနည်းတဲ့ သူမျိုးပေါ့။ သူက လေးယောက်ထဲမှာ နာကျင်မှုမရှိဘဲ သေသွားတဲ့ သူပဲ။ အိပ်ပျော်သွားပြီးတော့ နောက် နိုးမလာတော့ဘူး”
ကျန်းရီက ခေါင်းညိတ်လိုက်ကာ တွန့်ဆုတ်နေပေမယ့်လည်း ဆက်လက် မေးခဲ့လိုက်သည်- “မင်းတို့အမေ သက်ရှိထင်ရှား ရှိစဉ်တုန်းက စကားအရမ်းများသူလား”
“ဟုတ်တယ်၊ သူမက အသံကျယ်ကျယ်နဲ့ စကားအများကြီးပြောတတ်သူပါ။ ပြီးတော့ တစ်ခါတလေ လူတွေအကြောင်း အတင်းပြောကိုလည်းလည်း ကြိုက်တယ်”
ညီအစ်ကိုနှစ်ယောက် ပြောပြီးတာနဲ့ ရုတ်တရက် တစ်ခုခုကို သတိရသွားသလို ဖြစ်ကာ “ဒါကြောင့် ကျွန်တော်တို့အမေက သေပြီးနောက် လျှာဆွဲထုတ်ခံရတာလား” ဟု မေးခဲ့ကြသည်။
ကျန်းရီက မဖြေခဲ့ဘူး။ အခြား မေးခွန်းတစ်ခုကို မေးခဲ့လိုက်တယ်- “မင်းတို့မိသားစု နှစ်ခုကြားမှာ လူသေတွေ လက်ထပ်တာကို ငါဘာကြောင့် မြင်ရတယ်ဆိုတာ သိလား”
“ဂရိတ်ဖရု အရွက်ကြောင့်လား”
“ဟုတ်လည်း ဟုတ်တယ်၊ ဟုတ်လည်း မဟုတ်ဘူး၊ ဂရိတ်ဖရုအရွက်တွေ ပျောက်ကွယ်သွားတာက မင်းတို့မိဘတွေ ပြန်လည် မမွေးဖွားရသေးတာကို ဆိုလိုတယ်။
ပြန်လည်မမွေးဖွားရသေးတဲ့အတွက် မင်းတို့မိဘတွေရဲ့ ဂူသင်္ချိုင်းတွေမှာ မကျေနပ်မှုတွေ စုဝေးနေတာကို ငါမြင်လိုက်ရတယ်၊ အဲ့ဒီမကျေနပ်မှုတွေက လင်းလောင်တောင် မြောက်ဘက်ကို ဦးတည်နေတယ်။
မြောက်ဘက်မှာ ဂူနှစ်လုံးရှိတယ်၊ ဂူတစ်လုံးစီမှာ ရုပ်ကလာပ် နှစ်ခုစီရှိတယ်”
“မင်းတို့အမေ ဒုက္ခအရမ်းရောက်ပြီး သေရတာက တိတ်တိတ်ပုန်း လက်ထပ်ထားတဲ့ မိန်းကလေးနှစ်ယောက်အကြောင်းကို အတင်းစကားပြောမိလို့ပဲ။ ရှောင်ဖူကတော့ တစ်ခြားအကြောင်းကြောင့် သေဆုံးသွားရတာ”