ပြောစရာစကား ကင်းမဲ့သွားခြင်း
Vol. 136 Ch. 2029
လင်းရီ၏ စကားလုံးက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
တောင်ဘက် ဝင်ပေါက်ဝတွင် ထိုကဲ့သို့ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်မျိုး ရှိနေလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပါချေ။
“ ငါတို့လူတွေကို အထဲလွှတ် စုံစမ်းခိုင်းထားပြီးသား … တံခါးပေါက်ရှေ့မှာ ပိတ်ဆို့ထားတဲ့ ပစ္စည်းတွေက နည်းတာ မဟုတ်ဘူး … တကယ်လို့ တစ်ယောက်ယောက်သာ အဲ့ဒီ တံခါးပေါက်ဝက ထွက်ချင်တယ်ဆိုရင် အဲ့ဒီ ပစ္စည်းတွေကို အရင် ဖယ်ဖို့ လိုတယ်… ရဲတွေရဲ့ ရှောင်တခင် စစ်ဆေးတာက အချိန်တိကျတယ်… တစ်မိနစ်ကနေ နှစ်မိနစ်အတွင်း အထဲက မထွက်နိုင်ရင် သူတို့ ဖမ်းခံရမှာပဲ … ဒီတော့ မင်းရဲ့ သီအိုရီက အသုံးမဝင်ဘူး …” ဟန်ကျုံးယွီ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
“ သေချာစုံစမ်းပြီးပြီဆိုတာ ခင်များ သေချာလား …” လင်းရီ မေးမြန်းလိုက်၏။
“ ဒါပေါ့ …” ဟန်ကျုံးယွီ ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေ၍ “ အစီအစဉ် အမှားအယွင်းမရှိအောင် ငါကိုယ်တိုင် လင်းဟန်ကို စေလွှတ်ပြီး စုံစမ်းခိုင်းခဲ့တာ … ဘာပြဿနာမှ မရှိနိုင်ဘူး …”
မျက်လုံးများ အားလုံးက လင်းဟန်ထံ အကြည့်ရောက်သွားခဲ့ကြပြီး သူမမှာ ငန်းတစ်ကောင်ကဲ့သို့ ဝံ့ကြွားစွာ မတ်တပ်ရပ်နေလျက် ရှိ၏။ သူမ၏ စုံစမ်းစစ်ဆေးမှုက မမှားယွင်းနိုင်ဟု လူတိုင်းကို ပြောဆိုနေသယောင်ပင်။
လျိုချွင်ကျန်းမှာ ဘေးတွင် ရပ်နေပြီး အခြေအနေက အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားနေရ၏။ ယခု မည်သူ၏ သုံးသပ်ချက်က မှန်ကန်လဲဆိုတာကို ကြည့်ရှုရတော့မည့် အချိန်ပင်။
“ ပြဿနာ ရှိနေတယ်ဆိုရင် ပြဿနာ ရှိနေတာပဲ … ခင်များ ဘယ်သူ့ကိုပဲ လွှတ်လွှတ် အသုံးမဝင်ဘူး …” လင်းရီ ပြောဆိုလိုက်ပြီး “ အဲ့ဒီ တောင်ဘက် အပေါက်ဝမှာ ရှုပ်ပွနေတာတွေက ဒီတိုင်း အယောင်ပြသပ်သပ်ပဲ ဆိုတာ ကျုပ် တာဝန်ခံနိုင်တယ်… တံခါးပေါက်မှာ ပစ္စည်းတွေ အများကြီး ပိတ်ဆို့နေတယ် ထင်ရပေမယ့် အနောက် တစ်ဝက်လောက်က အခေါင်းပေါက် ဗလာကြီး … အဲ့တာက ဒီတိုင်း လှည့်ကွက်ပဲ …”
“ ပြီးတော့ တကယ်လို့ ခင်များလူတွေကိုသာ တကယ်စေလွှတ်ပြီး စုံစမ်းခိုင်းထားတယ်ဆိုရင် တံခါးနဲ့ မျက်နှာချင်းဆိုင်မှာ စတိုခန်းရှိတာကို ခင်များတို့ သိမှာပေါ့ .. အဲ့ဒီ စတိုခန်းထဲမှာလည်း ရှုပ်ပွနေတဲ့ ပစ္စည်းတွေရဲ့နောက်ကို ရောက်သွားစေနိုင်မယ့် လျှို့ဝှက် တံခါးတစ်ချပ် ရှိသေးတယ်… အဲ့ကနေတဆင့် တောင်ဘက်တံခါးပေါက်ဝကနေပြီး ဘယ်သူမှ သတိမမူမိဘဲ အပြင်ကို ထွက်သွားဖို့ဆိုတာ အလွယ်လေး …”
“ ဒါက … “
လင်းရီ၏ ရှင်းပြချက်ကို နားထောင်ပြီးသည့်နောက် ဟန်ကျုံးယွီမှာ ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့ရသည်။
လက်ရှိ အခြေအနေရ လင်းရီ၏ စကားလုံးများ မှန်ကန်ခြင်း ရှိမရှိကို အတည်ပြုမနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဘက်က နောက်တစ်ကြိမ် ထပ်မံ သွားစုံစမ်းခြင်း မပြုလုပ်နိုင်သောကြောင့်ပင်။
ထို့ပြင် … အကယ်၍ လင်းရီ၏ သတိပေးချက်ကို လျစ်လျုရှုပြီး မူလ အစီအစဉ်အတိုင်း ဆက်လုပ်ခဲ့မည်ဆိုပါက အမှားအယွင်း တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင် မည်သူကမျှ တာဝန်ခံနိုင်မှာ မဟုတ်ပေ။
အနီးနားတွင် မတ်တပ်ရပ်နေသည့် လျိုကွမ်းရှန်သည် အံ့အားသင့်သွားခဲ့ပြီး လီရှန်းဟွေ့၏ နားသို့ တီးတိုးဆိုလိုက်၏။
“ သူ ဘာလို့ ဒီလောက်တောင် သိနေတာလဲတဲ့ … မင်း သူ့ကို စောနတုန်းက စုံစမ်းဖို့ လွှတ်လိုက်သေးလား …”
“ ဟင့်အင်း .. ကျုပ် မလွှတ်ပါဘူး …”
လီရှန်းဟွေ့ ခေါင်းယမ်းပြီး တုံ့ပြန်လိုက်သည်။
“ လင်းရီ ဒီလောက်ထိ သိနေတာက ရေချိုးစင်တာတွေ သွားရတာ တအားကြိုက်လို့လေ .. ဒီမြို့ထဲက ရေချိုးစင်တာတွေကို သူ့လက်ဖမိုးလိုမျိုး ကောင်းကောင်းကြီးသိတယ်….”
လျိုကွမ်းရှန် မရယ်ဘဲ မနေနိုင်ချေ။ သူ မည်သို့သော လူစားမျိုးကို ခေါ်လာခဲ့မိသနည်း။
“ ကျုပ် ပြောခဲ့တဲ့ တောင်ဘက် တံခါးပေါက်အပြင် အဆောက်အဦးမှာ အပန်းဖြေဖို့ သပ်သပ်ဆိုပြီး လုပ်ထားတဲ့ မြေအောက်ခန်းလည်း ရှိသေးတယ်… အဲ့ကနေလည်း အပြင်ကို အလွယ်လေး ထွက်လို့ရတယ်…” လင်းရီ ဆက်ပြီး ပြောသည်။ “ ပြီးတော့ သူ့ရဲ့ ထွက်ပေါက်က အပြင်မြေအပေါ်ဘက်ကို ဦးတည်နေတာ မဟုတ်ဘူး … ဘေးချင်းကပ် မောလ်က ကားပါကင်ဆီကိုပဲ … အခု ကျုပ်က ဒီတိုင်း ရဲအရာရှိ အသစ်လေးဆိုတော့ ခင်များဘက်က မယုံကြည်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်… ဒီအတွက် ကျုပ်တို့ ရှင်းရှန်း ရဲစခန်းက အဲ့ဒီ နှစ်ပိုင်းကို တာဝန်ယူ စောင့်ကြပ်ပေးနိုင်တယ်…”
လင်းရီ၏ ဒုတိယ ဖော်ထုတ်မှုက ရှိနေသည့် လူတိုင်းကို ပို၍ပင် ရှော့ခ်ရသွားစေခဲ့သည်။
တောင်ဘက် တံခါးပေါက်ဝကို သိရှိနေသည့်က တစ်စိတ်တစ်ပိုင်းပင်။ သို့သော် မြေအောက်ခန်း၌ ဝှက်ထားသည့် တံခါးပေါက်ကိုပါ သိရှိနေသည်ကတော့ မတူကွဲပြားသည့် အခြားအရာတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်၏။
သူ ဘာလို့ ဒီလောက်တောင် သိနေရတာလဲတဲ့ .. မဟုတ်မှလွဲ သူ ဒီတံခါးပေါက်တွေသုံးပြီး အပြင်ထွက်ဖူးနေတာများလား …
“ ဒါက ….”
စုန့်ကျန်း ရဲစခန်းမှ အရာရှိများအားလုံး ပြောစရာ ကင်းမဲ့သွားခဲ့ကြလေသည်။
လင်းရီ၏ ကန့်ကွက်မှုက ဟိတ်ဟန်ထုတ်လိုခြင်း မဟုတ်ပါဘဲ အစီအစဉ်၏ တကယ့် ချွတ်ယွင်းချက်များကို ထောက်ပြသွားခဲ့ခြင်းပင်။
ထို့ပြင် တောင်ဘက် တံခါးပေါက်ဝ ပြဿနာက လင်းရီသည် သူ့ကိုယ်သူ သက်သေပြရန် ပြောဆိုနေသည်ဟု မြင်ယောင်စေပြီး မြေအောက်ခန်းရှိ ဝှက်ထားသည့် တံခါးချပ်ကတော့ လင်းရီ၏ စိုးရိမ်ပူပန်မှုတို့က တကယ့်စစ်မှန်မှု ဖြစ်သည်ကို အတည်ပြုပေးလိုက်ခြင်းပင်။
မည်သို့ပင်ဆိုစေ တစ်ချက် စစ်ဆေးကြည့်လိုက်သည်နှင့် တစ်ဖက်သူက အတန်းရှင်းလိုချင်နေခြင်း ဟုတ်မဟုတ်ဆိုတာကို အတည်ပြုနိုင်လေသည်။ တွေးခေါ်တတ်သည့် လူတိုင်း ထိုသို့ ဦးနှောက်မဲ့သည့် လုပ်ရပ်ကို ပြုလုပ်မှာ မဟုတ်ချေ။
“ ငါတို့ နဂို အစီအစဉ်အတိုင်းပဲ သွားမယ်… ဒါပေမယ့် တောင်ဘက် တံခါးပေါက်ဝ၌ မြေအောက်ခန်းက လျှို့ဝှက် တံခါးပေါက်ကိုတော့ ရှင်းရှန်းခရိုင် ရဲစခန်းက ကိုင်တွယ်ရမယ်…”
လျိုချွင်ကျန်းက ဆုံးဖြတ်ပေးလိုက်ပြီး လင်းရီ စိုးရိမ်နေသည့် ပြဿနာကို လျိုကွမ်းရှန်ထံ ခေါင်းလွှဲပေးလိုက်၏။
အကယ်၍ လင်းရီသာ မှန်ကန်နေခဲ့မည်ဆိုပါက ဤသည်က ဆုလဒ်တစ်ခုပင်။ သို့သော် မှားယွင်းနေခဲ့မည်ဆိုလျှင်တော့ အကျိုးဆက်ကို သူတို့ကိုယ်၌ ခံစားရမည်ဖြစ်၏။
“ နားလည်ပါပြီ..” လျိုကွမ်းရှန် တုံ့ပြန်လိုက်သည်။
“ အချိန်ကျတော့မယ်… ကျန်တဲ့ အသေးစိတ်ကို အမြန်ညွှန်ကြားတော့ … အချိန်မဖြုန်းနဲ့ …” လျိုချွင်ကျန်း အမိန့်ပေးလိုက်၏။
“ ဟုတ်ကဲ့ …”
ဟန်ကျုံးယွီသည် သူ၏ နဂိုကိုယ်ဟန်ကို ပြန်လည်ထိန်းသိမ်း၍ လျိုကွမ်းရှန်အား ကြည့်ရှုလိုက်သည်။
“ ငါတို့ဘက်မှာက လင်းဟန်နဲ့ ကျောက်စု ရှိတယ်… မင်းတို့ဘက်မှာ ဘယ်သူရှိလဲ …”
“ ရီလေးနဲ့ ကူလေး … ရှေ့ထွက်ခဲ့ …”
လင်းရီနှင့် ကူရိရန်တို့ ရှေ့သို့ ခြေတစ်လှမ်း တက်လာခဲ့ကြပြီး လျိုကွမ်းရှန် ပြောဆိုလိုက်သည်။
“ မင်းတို့လေးယောက်က စုံတွဲဟန်ဆောင်ရမယ်… မင်းတို့ရဲ့ ပစ်မှတ်က လေးလွှာမှာ ရှိတဲ့ အခန်း 409 ကိုပဲ … ပိုင်ရုံကို ထွက်ပြေးနိုင်မယ့် အခွင့်အရေး မပေးနဲ့ … နားလည်လား …”
“ နားလည်ပါတယ်….”
“ စစ်ဆင်ရေးစမယ်…”
အမိန့်လက်ခံရရှိပြီးသည်နှင့် လင်းရီနှင့် ကျန်သူများအားလုံး စတင်လှုပ်ရှားကြပြီး ဆက်သွယ်ရေး ကိရိယာ နားကြပ် အသေးစားလေးများအား နားထဲ ထည့်ကာ ချန်ကျန်း ရေချိုးစင်တာသို့ ဦးတည်လိုက်ကြသည်။
အခြားတစ်ဖက်ခြမ်းတွင်တော့ လင်းဟန်နှင့် ကျောက်စုတို့က ဇာတ်ကောင်မုဒ်သို့ ချက်ချင်း ဝင်သွားခဲ့ပြီး လင်းဟန်က ကျောက်စု၏ လက်မောင်းကို အခြားစုံတွဲများနည်းတူ တွယ်ဖက်ထားသည်။
ကူရိရန်သည်လည်း ထိုနည်းတူစွာ လင်းရီ၏ လက်မောင်းကို ဖက်ထားလေသည်။
“ ဟင် … ဘာလို့ လက်မောင်းလာဖက်နေတာလဲ … မင်းငါ့ကို အသားယူချင်နေတာလား မှန်မှန်ပြောစမ်း ….”
“ အသားယူတယ်… အမယ်လေး ကိုယ်တော်… စဉ်းစားပြီးမှလည်း ပြောဦး … ဘော့စ်လျိုက စုံတွဲ ဟန်ဆောင်ခိုင်းတာလေ… ပီပြင်အောင် လုပ်ရမှာပေါ့ …” ကူရိရန် ပက်ခနဲ ပြန်ပြောလိုက်၏။
“ သူတို့ကိုကြည့်လိုက် … သူတို့ဆို ဇာတ်ကောင် မုဒ်ထဲ ရောက်နေပြီ မြင်လား … ငါတို့လည်း နောက်ကောက်ကျကျန်နေခဲ့လို့ မဖြစ်ဘူး …”
“ ဒီမယ် မမ … သူတို့ပုံစံနဲ့ သရုပ်ဆောင်လုပ်မယ်ဆို သူတို့ အရည်အချင်းနဲ့ အရံဇာတ်ရုပ်တောင် ရမှာ မဟုတ်ဘူး …”
လင်းဟန်သည် လင်းရီထံသို့ မကျေနပ်သည့် အကြည့်တစ်ချက် ပေးပို့လိုက်သော်ငြားလည်း မည်သည်ကိုမျှ မဆိုခဲ့ချေ။
ယခုက အချိန်မဟုတ်သေးပေ။
“ နင် အဲ့တာ ဘာပြောချင်နေတာ …” ကူရိရန် မေးမြန်းလာခဲ့သည်။
“ မင်းကိုယ်မင်း ဘယ်နေရာ ရောက်နေလဲ ကြည့်လိုက်လေ .. ဒါ ရေချိုးစင်တာ မြင်လား …” လင်းရီ ရှင်းပြလိုက်ပြီး “ ဘယ်လိုကောင်က သူတို့ရဲ့ ချစ်သူကောင်လေးကို ဒါမှမဟုတ် ကြင်သူသက်ထားကို ဒီလိုနေရာမျိုး ခေါ်လာမှာ … မင်းထင်နေတာ ဒီကို ညစာလာစားတယ်များထင်နေလား … လက်မောင်းတွဲပြီးတော့မှလေ…”
“ နင့်မျက်လုံကို သေချာဖွင့်ပြီးကြည့် … ဟိုမှာ လက်ချင်းချိတ်ပြီး တွဲသွားတွဲလာလုပ်နေကြတဲ့လူတွေ မြင်လား …. နားမလည်ဘူးဆိုလည်း ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့ …” လင်းဟန် ဤတစ်ကြိမ်တွင်တော့ ပြန်ပြီး ချေပလိုက်သည်။
လင်းရီ ဆွံ့အသွားခဲ့ရ၏။ ဤမိန်းမက ခွန်အားသာ ရှိပြီး ဦးနှောက်မရှိသူပင်။
“ ဒါဆို မင်းသေချာကြည့်စမ်း … အခု လက်မောင်းချင်းချိတ်ပြီး တွဲသွားတွဲလာ လုပ်နေကြတဲ့လူတွေက ဘယ်လိုလူတွေလဲ …” လင်းရီ ပြောလိုက်၏။ “ ဒီမှာ လက်မောင်းချင်းချိတ်ပြီး အဲ့လို လုပ်နေကြတဲ့လူတွေက တကယ့် စုံတွဲတွေ ဒါမှမဟုတ် လင်မယားတွေ မဟုတ်ဘူးဆိုတာ ငါ အာမခံနိုင်တယ်… သူတို့က မယားငယ်တွေ .. ဒါမှမဟုတ် ဒီတိုင်း သူငယ်ချင်းတွေ… တကယ့် စုံတွဲအစစ်နဲ့ လက်ထပ်ထားတဲ့လူတွေက ဒီမှာ ဘယ်သူမှ လက်မောင်းချင်း မချိတ်ဘူး ..”
( ဒီတိုင်း သူငယ်ချင်းတွေပဲဆိုတာကို နားလည်တယ်မလား … ကိုယ့်ကောင်မလေးက မေးလာလို့ ဖြေမိရင်တော့ တော်တော်လေး အန္တရာယ်ရှိတဲ့ စကားပဲနော်… )
လင်းရီ၏ စကားက ကူရိရန်၏ နားအတွင်းသို့ ပဲ့တင်ထပ်သွားခဲ့သည်။
တကယ့် စုံတွဲ အစစ်အမှန်များနှင့် လက်ထပ်ပြီးသူတို့က ဤသို့သော နေရာမျိုးတွင် ယခုလို မပြုမူသည်က အမှန်တကယ်ပင်။
သူမ၏ အစ်ကိုနှင့် ယောင်းမလည်း အပြင်ထွက်သည့် အခါတိုင်း ဘယ်တော့မှ လက်ချင်းမတွဲကြသလို လက်မောင်းချင်းလည်း မချိတ်ကြပေ။ သို့သော် ယင်းက သူတို့၏ ဆက်ဆံရေးအပေါ်ကိုတော့ သက်ရောက်ခြင်း မရှိပါချေ။
“ ဒါပေမယ့် အဲ့တာက အရေးမပါဘူး …” လင်းဟန် ပြောလိုက်ပြီး “ သူတို့ အထင်လွဲလည်း ကိစ္စ မရှိဘူး … မစ်ရှင် အောင်မြင်တယ်ဆိုရင် ပြီးတာပဲ …”
“ မင်းတော့ အတွေးလွန်နေပြီ… သူတို့က မင်းတို့ရဲ့ ရင်းနှီးပတ်သက်မှုကို အထင်လွဲမှာ မဟုတ်ဘူး…. ဒါပေမယ့် မင်းတို့ကိုယ်၌က သံသယ ဖြစ်ဖို့ ကောင်းနေတာ ….” လင်းရီ နားကြပ်ထဲသို့ ခွန်းတုံ့ပြန်လိုက်၏။
“ နင် ဘာသဘောလဲ …”
“ ဒီမှာ လူတွေ ဘယ်လိုဝတ်လဲ မင်းကြည့်လိုက် … စကတ်အတို မဟုတ်ရင် အကျပ်တွေချည်းပဲ … အခု မင်းတို့နှစ်ယောက် ကိုယ့်ကိုယ်ကို ပြန်ကြည့်စမ်း … ဝတ်စားထားတာကိုက ဖက်ထုပ်လိုပဲ … မင်းတို့ အထဲဝင်တာနဲ့ ဝန်ထမ်းက မင်းတို့ကို သံသယ ဝင်မှာ ကျိန်းသေတယ်… ဒီတော့ ပြဿနာအရှုပ်ထဲ ငါတို့ကို စွဲမထည့်အောင် လူခွဲပြီး သွားကြစို့ …”