ဗွီအိုင်ပီ ပုဂ္ဂိုလ်ကြီး
Vol. 136 Ch. 2030
“ နင် …”
လင်းရီ၏ ပြန်လည် ချေပမှုကြောင့် လင်းဟန်မှာ ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ သူမမှာ အမြဲတစေ သူမ၏ ခွန်အားနှင့် အစွမ်းအစအပေါ် ယုံကြည်ချက် ရှိသည့်လူပင်။ ယနေ့တွင်တော့ အမှန်တကယ် အထင်သေးခံနေရ၏။
“ ပြီးတော့ အထဲရောက်ရင် ငတက်ပြားမျက်စိနဲ့ လျှောက်ကြည့်မနေနဲ့…. ငါတို့ကို လိုက်ကြည့်ပြီး အတုယူ …”
လင်းရီသည် ကူရိရန်နှင့် ထွက်ခွာမသွားမီ ထပ်ပေါင်းပြောဆိုလိုက်၏။ ထို့နောက် လင်းဟန်ကို ဆက်ပြီး အရေးလုပ်မနေတော့ချေ။
သူတို့ လမ်းလျှောက်နေရင်း ကျောက်စုက စကားဆိုလာသည်။
“ ခေါင်းဆောင် … ကျုပ်တို့ အခု ဘာဆက်လုပ်သင့်လဲ ….”
“ လျစ်လျူရှုထားလိုက် … သူပြောနေတာတွေ အားလုံးက ပေါက်ကရတွေချည်းပဲ … ငါတို့ရဲ့ နဂို အစီအစဉ်အတိုင်းပဲ သွားမယ်… သူ့အတွေးတွေကြောင့်နဲ့ ငါတို့ရဲ့ အစီအစဉ်ကို မပျက်စေနဲ့ …”
“ နားလည်ပြီ….”
ထိုစဉ် အပြင်ဘက်၌ ထောက်လှမ်းနေသည့် အသင်းမှာတော့ ၎င်းတို့၏ နားကြပ်ကိရိယာမှတဆင့် လင်းရီတို့၏ စကားဝိုင်းကို ကြားသိလိုက်ရလေသည်။ ဟန်ကျုံးယွီ ယခုလို မှတ်ချက်ပေးလိုက်မိ၏။
“ လောင်လျို … မင်းလူကတော့ တကယ့်စရိုက်ပဲ … အဲ့တာ ဘယ်လို သီအိုရီတွေလဲတဲ့ … ပြီးတော့ သူ့မှာရှိနေတာကလည်း အများကြီးပဲ …”
သူ့လေသံက မကျေမချမ်း ဖြစ်နေသည်မှာ အသိသာကြီးပင်။
လင်းရီက အသုံးမဝင်သည့် သတင်းအချက်အလက်များအား ပြောဆိုနေခြင်း ဖြစ်သည်ဟု သွယ်ဝိုက်ပြောဆိုနေလေသည်။
“ သတိဆိုတာ ပိုတယ်ရယ်လို့မှ မရှိတာ … မင်းတို့ လူတွေ တစ်ခုခု ဖြစ်သွားရင် ငါတို့လူလည်း ဖော်ထုတ်ခံလိုက်ရမှာပဲလေ…”
“ ဟမ့် .. ဘယ်လိုဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့ …” ဟန်ကျုံးယွီ အမှုမထားသည့် ဟန်ပန်ဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
တစ်ချိန်တည်းတွင် နှစ်သင်းလုံးက ချန်ကျန်း ရေချိုးစင်တာထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာခဲ့ကြပြီး သူတို့ကြား အကွာအဝေးက မည်မျှ ကွာခြားနေခြင်း မရှိပေ။
သို့သော် အသင်းဝင် လေးဦးမှာတော့ သုံးအုပ်စုအဖြစ်သို့ ကူးပြောင်းသွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် လင်းရီက ကူရိရန်နှင့် ဘေးချင်းကပ် လျှောက်လှမ်းမနေသောကြောင့်ပင်။
သူတို့နှစ်ဦးကြားတွင် မီတာဝက်မျှ အကွာအဝေးကို ထိန်းသိမ်းထားပြီး ယင်းက အရမ်းကြီးလည်း မနီးသကဲ့သို့ ဝေးကွာနေခြင်းလည်း မရှိပါချေ။ သူတို့၏ လက်ရှိ ပုံစံက တစ်ယောက်ကိုယ်တစ်ယောက် စိတ်ရှုပ်သော်လည်းပဲ ခွဲပြီး မနေနိုင်ကြသည့် စုံတွဲ အသွင်သို့ အခြားသူများကို ရှုမြင်စေခဲ့သည်။
အနောက်က လိုက်ပါလာရင်း ကျောက်စုမှာ အနည်းငယ် ရင်ထဲ တလှပ်လှပ် ဖြစ်နေသည်။
ပုံမှန် ဖြိုခွင်းသည့် စစ်ဆင်ရေးများနှင့် မတူညီဘဲ ဤတစ်ကြိမ်တွင် သူတို့က ပုံမှန် ဖောက်သည်များအဖြစ် အသွင်ယူထားရသည်။ ယင်းအချက်ကြောင့် သူ့စိတ်ထဲ အနည်းငယ် နေရခက်နေခဲ့၏။
“ သက်တောင့်သက်သာနေ … ခိုးကြောင်ခိုးဝှက် လုပ်မနေနဲ့ …” လင်းဟန် ယုံကြည်ချက် အပြည့်ဖြင့် ပြောဆိုလိုက်ပြီး “ ငါ ဦးဆောင်တဲ့နောက်ကိုသာ လိုက်ခဲ့ …”
“ ဟုတ်ကဲ့ …”
သို့နှင့် နှစ်ယောက်မှာ ကောင်တာသို့ ရောက်လာခဲ့ပြီး ပတ်ကေ့ချ် တစ်ခု ဝယ်ယူလိုက်၏။
သို့သော်လည်းပဲ ထိုအချိန် သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးက လင်းရီထံသို့ ဧရာမ အပြုံးပန်းကြီး တစ်ခုဖြင့် ချဉ်းကပ်လာသည်အား အံ့အားသင့်စွာ မြင်တွေ့လိုက်ရလေသည်။
“ အိုက်ယိုး .. ဘော့စ်လင်း … ဒီကို မလာတာတောင် အတော်ကြာပြီနော်… အရင်လိုပဲလား …”
လင်းဟန်နှင့် ကျောက်စုတို့မှာ မန်နေဂျာ မိန်းမကြီး၏ အားတက်သရော ကြိုဆိုမှုကြောင့် ကြက်သေသေသွားခဲ့၏။
သူတို့ အကုန်လုံးက အသွင်ဖမ်းထားကြတဲ့လူတွေ မဟုတ်ဘူးလား … ဘာလို့ လင်းရီကိုမှ ဗွီအိုင်ပီ ပုဂ္ဂိုလ်ကြီးလို ဆက်ဆံနေတာလဲတဲ့ …
သို့သော် ကူရိရန်ကတော့ တည်ငြိမ်လျက်သာ ရှိနေသည်။ လင်းရီ၏ ရေချိုးစင်တာများ၌ အနှိပ်ခံခြင်းအား နှစ်သက်သည့် အကျင့်စရိုက်ကို နားလည်ထားသည့်အတွက် ရေချိုးစင်တာတိုင်း၌ ဗွီအိုင်ပီဝင်ထားလားပင် မပြောတတ်ချေ။ ယခုလို ပျူငှာမှုဖြင့် ကြိုဆိုလာသည်က ထူးဆန်းသည့်အရာတော့ ဟုတ်မနေချေ။
“ အရင်လိုပဲ ဆိုတာက ဘာပြောချင်တာ … ကျုပ် ဒီနေ့ ဘယ်သူနဲ့ လာလဲ မမြင်ဘူးလား … မနောက်နဲ့ မနောက်နဲ့ ….” လင်းရီ ရယ်ကျဲကျဲ အမူအရာဖြင့် ပြောဆိုလိုက်၏။
မန်နေဂျာအမျိုးသမီးမှာ နောက်ရှိ ကူရိရန်ကို မြင်တွေ့သွားခဲ့ပြီး အခြေအနေအား ချက်ချင်းဆိုသလို သဘောပေါက်သွားခဲ့သည်။
“ အိုက်ယိုးဝေး … ငါ့နှယ်လေ …. အမြင်လျှမ်းသွားလို့ အမြင်လျှမ်းသွားလို့ … ဗွေမယူပါနဲ့နော် …” မန်နေဂျာက ပြောဆိုလိုက်ပြီးနောက် အပြုံးလေးဖြင့် “ လင်းကတော်ကို တွေ့ရသာ ဝမ်းသာပါတယ်…”
“ ငါက ဘယ်သူနဲ့လာတယ်ပဲ ပြောတာ … ကျုပ် ဇနီးနဲ့ လာတယ်လို့ မပြောမိပါဘူး … ခင်များက ဘာလို့ သူ့ကို ကျုပ်ဇနီးဆိုပြီး သွားနာမည်တပ်နေရတာ ….”
“ သိတာနေတာပဲ မဟုတ်ဘူးလား …” မန်နေဂျာက တခစ်ခစ် ရယ်မောလိုက်၏။ ထို့နောက် တီးတိုးလေသံဖြင့် “ ဘော့စ်လင်းရဲ့ အကြိုက်ကို ကျွန်မ မသိဘဲ နေမလား … D cup မှမဟုတ်ရင် စိတ်မဝင်စားဘူးလေ.. အခု လင်းကတော်က အများဆုံး B cup ပဲ … သူကသာ လင်းကတော် မဟုတ်ဘူးဆိုရင် လူကြီးမင်းလင်းနဲ့ ဘယ်လိုလုပ် အတူရှိနေမှာလဲ .. ကျွန်မ ပြောတာ မှန်တယ်ဟုတ် …”
မန်နေဂျာက အသံတိုးတိုးဖြင့် ပြောလိုက်သော်ငြားလည်း နားကြပ်တပ်ထားသည့် ကူရိရန်ကတော့ ရှင်းရှင်းလင်းလင်းကြီးကို နားထောင်လိုက်ရသည်။
ယခု သူမစိတ်ထဲ တစ်စုံတစ်ယောက်ကို ထုနှက်ချင်စိတ်တို့ ထောင်းခနဲ ဖြစ်လာခဲ့ရ၏။
ဒင်းတို့ကိုယ်ဒင်းတို့ ဘယ်သူ့ကို လာပြီး အထင်သေးနေတယ် ထင်လဲ …
“ အမြင်မဆိုးဘူး အမြင်မဆိုးဘူး …” လင်းရီ အားပါးတရ ရယ်မောမိသွားခဲ့သည်။
“ ကျုပ်ဖို့ ကောင်းကောင်းလေး စီစဉ်ပေး … ခုတလော အလုပ်တွေများနေတာ တအား ပင်ပန်းတယ်.. သေချာလေး အနားယူဖို့ လိုတယ်…”
“ ဘော့စ်လင်းနဲ့ လင်းကတော်တို့ .. ရှင်တို့ ဒီမှာ ခဏစောင့်ကြဦးနော်… ကျွန်မ စိတ်ထဲ သိပ်မသင်္ကာလို့ …” မန်နေဂျာက တီးတိုးလေသံဖြင့် ပြောဆိုလာခဲ့သည်။
“ ဘာမှားလို့လဲ …”
“ အဲ့ဒီ စောနက နှစ်ယောက်က တော်တော်လေး သံသယ ဝင်ဖို့ ကောင်းတယ်… ကျွန်မ အထင် ရဲအရာရှိတွေလား မသိဘူး … သူတို့သာ ရှောင်တခင် ဝင်စစ်ရင် ဘော့စ်လင်း အခက်တွေ့နေလိမ့်မယ်….”
“ ခင်များ အတည်ပြောနေတာလား … ကျုပ်ကို မခြောက်နဲ့နော် .. သူတို့ပုံစံ ကြည့်ရတာ ရဲတွေနဲ့လည်း မတူပါဘူး … ခင်များက ဘာလို့ အဲ့လို ထင်နေတာ …”
“ ကျွန်မ စုံတွဲတွေ အများကြီး မြင်ဖူးတယ်…. ဒါကြောင့်မို့ သတိထားမိစရာတွေ အများကြီး တတ်မြောက်ထားတာပေါ့ …” မန်နေဂျာက ရှင်းပြလိုက်သည်။ “ သူတို့ ဝတ်စားထားတာကိုပဲ ကြည့် … စုံတွဲမှန်း လုံးဝ သိသာနေတယ်… ဒါပေမယ့် ဒီကို လာလေ့ရှိတဲ့လူတွေက အပြင်က ဇယားလေးတွေနဲ့ပဲ များတယ်…. ဒါကြီးက တအား သိသာလွန်းတယ်… မဖြစ်ဘူး … ကျွန်မ သူဌေးကို သတိပေးမှဖြစ်တော့မယ်….”
“ မဖြစ်နိုင်ဘူးနော်…..” လင်းရီ ပြောဆိုလိုက်ပြီး “ ကျုပ် စောနကပဲ အပြင်မှာ သူတို့နဲ့ စုံခဲ့တာ စီးပွားရေး ကိစ္စတွေ ပြောနေကြတာပဲ .. ခင်များ အမှတ်မှားတာ နေမှာပါ … ဒီတိုင်း စုံတွဲပဲ နေမှာပေါ့ ….”
“ အဲ့လိုလား …..” မန်နေဂျာမှာ ချီတုံချတုံ ဖြစ်သွားခဲ့ပြီး “ လူကြီးမင်းလင်းက ပြောနေမှတော့ ကျွန်မ စိတ်ချလိုက်ပါ့မယ်…. အတွေးလွန်နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ ….”
လင်းရီ အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ “ ကဲ … အလုပ်သွားလုပ်တော့ … ကျုပ်လည်း အပေါ်တက်တော့မယ်….”
“ ဒါပေါ့ … ဘော့စ်လင်း .. ကောင်းကောင်း အနားယူနိုင်ပါစေနော်…”
ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး လင်းရီသည် ကူရိရန်နှင့်အတူ အပေါ်ထပ်သို့ ယုံကြည်ချက် အပြည့်ဖြင့် တက်လှမ်းသွားခဲ့သည်။ သူ့ကိုယ်သူ ဤ ရေချိုးစင်တာအား ပိုင်စိုးထားနိုင်သူကြီးနှယ် ကိုယ်ယောင်ကိုယ်ဝါတို့အား ထုတ်လွှတ်နေလျက် ရှိသည်။
အပြင်ဘက်တွင်တော့ ဟန်ကျုံးယွီနှင့် ကျန်သူများမှာ စိတ်သက်သာရစွာဖြင့် သက်ပြင်းချမိလိုက်ကြသည်။
အကယ်၍ လင်းရီ၏ အထာနက်မှုကြောင့်သာ မဟုတ်ပါက လင်းဟန်နှင့် ကျောက်စုတို့မှာ ဖော်ထုတ်ခံရပြီးနေလောက်ချေပြီ။
“ လောင်ဟန် … လင်းဟန်ရဲ့ ခွန်အားက ပြောင်မြောက်တယ်ဆိုပေမယ့် လူမှုရေး အတွေ့အကြုံမှာတော့ လိုအပ်ချက်တွေ ရှိနေသေးတုန်းပဲ … မင်း နောင်ကျ သူ့ကို ဒီအပိုင်းမှာ လေ့ကျင့်ပေးဖို့ သတိရ …” လျိုချွင်ကျန်းက အမိန့်ပေးလိုက်သည်။
“ တကယ့်ကိုပဲ …” ဟန်ကျုံးယွီ သဘောတူလိုက်၏။
သူ့ဘက်က မှားယွင်းနေသဖြင့် ပြန်လည် ငြင်းခုံ၍ မရသည်ကို ဟန်ကျုံးယွီ သိသည်။
ရေချိုးစင်တာ အတွင်းတွင်တော့ လင်းရီနှင့် ကူရိရန်တို့မှာ လော်ဘီထဲသို့ ရွေ့လျားသွားခဲ့ကြပြီး လင်းဟန်နှင့် ကျောက်စုတို့က အနောက်မှ လိုက်ပါလာသည်။ သူတို့နှစ်ဦး မည်မျှ အတိုင်းအတာအထိ ဖော်ထုတ်ခံရလုနီးပါး ဖြစ်သည်ကို သတိမမူမိဘဲ လင်းဟန်နှင့် ကျောက်စုတို့မှာ သူတို့၏ မစ်ရှင်အပေါ်တွင်သာ ဆက်လက် အာရုံစူးစိုက်နေလျက် ရှိ၏။
“ နေဦး … မလောသေးနဲ့ …”
ကူရိရန်က အပေါ်ထပ်သို့ တက်သွားတော့မည့်ဟန် ပြင်နေသည်ကို မြင်တော့ လင်းရီ တားမြစ်လိုက်သည်။
“ ဘာဖြစ်လို့လဲ …”
“ တတိယ အလွှာထက်က အထူးဝန်ဆောင်မှုပေးဖို့ အတွက် ဖွင့်ထားတာ … မင်း ဒီ အဝတ်အစားတွေနဲ့ တက်သွားရင် သူတို့ ပေးဝင်မှာ မဟုတ်ဘူး …” လင်းရီ ရှင်းပြလိုက်သည်။ “ မင်း အရင်ဆုံး အမျိုးသမီး ရေချိုးခန်းထဲ သွားပြီး ရေချိုးဝတ်ရုံဝတ်ခဲ့ .. ပြီးရင် ဆံပင်နဲ့ ခြေထောက်ကို ရေနည်းနည်းဆွတ်ခဲ့ … “
“ ဒီမှာ ဘာလို့ ဒီလောက်တောင် စည်းကမ်းတွေက များနေရတာလဲ …” ကူရိရန် မြည်တွန်တောက်တီးလိုက်သည်။
“ ဒါက စည်းမျဉ်း မဟုတ်ဘူး … ဒီတိုင်း မင်းတို့ကိုက ပုံမှန် လာလည်တဲ့ ဧည့်သည်တွေနဲ့ ကွဲနေလို့ … သူတို့ရဲ့ စိတ်အခြေအနေက မင်းတို့နဲ့ တူမယ်ထင်လား …”
“ အင်းလေ.. ပြီးတာပါပဲ …”
လင်းရီ ညွှန်ကြားသည့်အတိုင်း နှစ်ယောက်မှာ ကိုယ်စီ ရေချိုးခန်းသို့ ဦးတည်လိုက်ကြသည်။
ထိုမြင်ကွင်းကို အနောက်မှကြည့်နေရင်း လင်းဟန်နှင့် ကျောက်စုတို့မှာ ရှုပ်ထွေးသည့် အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။ လင်းရီနှင့် ကူရိရန်တို့ ဘာတွေ လုပ်နေလဲဆိုတာကို နားမလည်နိုင် ဖြစ်နေသည်။
သူတို့က ဒီကို ရာဇဝတ်သား ဖမ်းဖို့ လာခဲ့တာလေ… ဘာလို့ ရေသွားချိုးနေကြတာလဲ …
“ ခေါင်းဆောင် … သူတို့ အသွင်ယူတဲ့ လုပ်ငန်းစဉ်က နည်းနည်းလေး အလေးနက် ထားလွန်းမနေဘူးလား … အခု ရေတောင် သွားချိုးကြဦးမယ်…” ကျောက်စု မေးမြန်းလိုက်မိသည်။
“ ဖြစ်နိုင်တယ်… ဒါပေမယ့် မလိုပါဘူး …” လင်းဟန် ခွန်းတုံ့ပြန်လိုက်ပြီး “ ငါတို့ရဲ့ မစ်ရှင်က လေးလွှာကို တက်ပြီး ပိုင်ရုံရှိုကို ဖမ်းဆီးဖို့ပဲ .. အပိုအလုပ်တွေ လုပ်ပြီး အချိန်ဖြုန်းနေဖို့ မလိုဘူး …”
“ သဘောတူတယ်…” ကျောက်စု ပြောဆိုလိုက်သည်။ “ ဒါပေမယ့် ကျုပ်တို့ မြန်မြန်လေး လုပ်မှ ဖြစ်မှာ …”
လင်းဟန် ခေါင်းညိတ်လိုက်၏။ “ သွားစို့ …”
စိတ်ပိုင်းဖြတ်ပြီးသည်နှင့် နှစ်ယောက်မှာ အပေါ်သို့ တက်သည့် လှေကားထက်သို့ ခြေလှမ်းချလိုက်ကာ စတုတ္ထအထပ်သို့ ခိုးဝင်ရန် ဟန်ပြင်လိုက်ကြသည်။
ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက် လင်းရီနှင့် ကူရိရန်တို့မှာ ရေချိုးဝတ်ရုံ ကိုယ်စီ ဝတ်ထားကြပြီး ရေချိုးခန်း အသီးသီးထဲက ထွက်လာခဲ့ကြ၏။ လှည့်ပတ်ကြည့်လိုက်ကြသော်လည်းပဲ လင်းဟန်နှင့် ကျောက်စု၏ အရိပ်အယောင်ကိုပင် မမြင်တွေ့ရချေ။
“ သူတို့ ဘယ်သွားခဲ့တာလဲ …” ကူရိရန် ရေရွတ်လိုက်၏။
လင်းရီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး “ သေစမ်း … အဲ့ဒီနေရာကို သူတို့နည်း သူတို့ဟန်နဲ့ ခိုးဝင်ဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား …”