ခမည်းခမက်နှင့် အမှတ်မထင် ဆုံတွေ့လိုက်ရခြင်း
Vol. 136 Ch. 2031
ကူရိရန် ပတ်ဝန်းကျင်သို့ ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်ပြီး “ ဖြစ်နိုင်တယ် … သူတို့နောက် လိုက်သွားကြမလား …”
“ ဒီ မြေနိုးနှစ်ကောင်နဲ့တော့ …” လင်းရီ ကျိန်ဆဲလိုက်ပြီး “ ငါတို့ သွားရှာရင် ငါတို့လည်း ဖော်ထုတ်ခံလိုက်ရမှာပဲ … လေးလွှာကိုပဲ သွားစို့.. သူတို့ကို မေ့ထားလိုက် …”
“ ဒါဆိုလည်း ဘာမှ မဖြစ်သေးခင် အမြန်သွားကြမယ်လေ….”
နှစ်ဦးမှာ မိမိတို့ တတ်နိုင်သလောက် သဘာဝကျကျ သရုပ်ဆောင်ရင်း ဓာတ်လှေကားထဲသို့ ဝင်ရောက်လိုက်ကြသည်။
“ ပြဿနာက အဲ့လောက်ထိ ကြီးလို့လား … နင့် မျက်နှာကြီးက ဘာလို့ တင်းထော်နေရတာလဲ….” ကူရိရန် မေးမြန်းလိုက်ရင်း “ လင်းဟန်က အောင်မြင်မှုတွေ အများကြီးရထားတဲ့ အတွေ့အကြုံရှိတဲ့ စုံထောက်တစ်ဦးပဲလေ… သူ အဆင်ပြေမှာပါ … “
“ အတွေ့အကြုံဆိုတာ အမျိုးမျိုးရှိတယ်… ကျွမ်းကျင်သူချင်းတောင် သူ ကျွမ်းကျင်တဲ့ နယ်ပယ်အလိုက် မတူဘူး … အဲ့မိန်းမက ရာဇဝတ်သားတွေ ဖမ်းတဲ့နေရာမှာ တော်ရင် တော်လိမ့်မယ်… ဒါပေမယ့် ဒီမှာ ဘယ်လိုလည်ပတ်နေလဲဆိုတာကို သူ နားမလည်ဘူး … သူတို့သာ လှေကားကနေ အပေါ်တက်သွားခဲ့လို့ကတော့ ဖော်ထုတ်ခံရနိုင်မယ့် ရာခိုင်နှုန်းက အတော်များတယ်…”
“ ငါ ပြောပြီးပြီလေ… လင်းဟန်က ကျွမ်းကျင်တဲ့ စုံထောက်ပါဆိုနေ … အခြေအနေကို လိုက်ပြီး စွမ်းဆောင်နိုင်မှာပါ … ဒီနေရာကို သေချာ နားမလည်ဘူးဆိုရင်တောင် ထွေထူးကြီးကြီးမားမားတော့ မဖြစ်နိုင်ပါဘူး … ပြီးတော့ ဒီလာပြီး အဓိက အချက်ကို ဖမ်းမိထားပြီပဲလေ..”
“ ငါ ပြောပြမယ်… ချန်ကျန်း ဆိုတဲ့ ဒီနေရာကြီးက ဘာမှဟုတ်တာ မဟုတ်ဘူး … နေရာက ကြီးပြီး ခမ်းနားတယ်… ဒါပေမယ့် တကယ့်လက်တွေ့ အတွေ့အကြုံ ခံစားကြည့်ရင် ဘာမှ ကောင်းမနေဘူး … ဒါတောင် ဒီနေရာကို နေ့တိုင်း လူတွေ ဘာလို့ ဒီလောက်ထိ ဝင်ထွက်သွားလာနေလဲ မင်းသိလား …” လင်းရီသည် ကူရိရန်ကို ကြည့်ပြီး မေးမြန်းလိုက်သည်။
သူမ ခေါင်းခါယမ်းလိုက်၏။ ဤနေရာ၏ လျှို့ဝှက်ချက်အကြောင်း သူမ မသိပေ။
“ ဘာလို့ဆို စိတ်ချရလို့ပဲ …” လင်းရီ ရှင်းပြလိုက်ပြီး “ တခြား ရေချိုးစင်တာတွေနဲ့ ယှဉ်ရင် ဒီနေရာက လုံးဝ သန့်ရှင်းနေတာ မဟုတ်ဘူး … တရားမဝင်တဲ့ အရောင်းအဝယ် အလဲအလှယ်တွေဆိုတာ ဒီမှာ ပုံမှန်လိုပဲ … ဒါကြောင့်မို့ ဒီနေရာကို ဝင်ထွက်သွားလာတဲ့ လူတိုင်းကို တင်းတင်းကြပ်ကြပ်နဲ့ စောင့်ကြည့်နေကြတာ … အထူးသဖြင့် အပေါ်ပိုင်း အထပ်တွေကိုပဲ … အလွှာတိုင်းမှာ လုံခြုံရေး အစောင့်တွေ ရှိတယ်… ဒါတောင် အဲ့နှစ်ယောက်က ခိုးဝင်ချင်တယ်ဆိုပဲ …”
ကူရိရန် ငြိမ်ကျသွားခဲ့၏။ လင်းရီ ချဲ့ကားပြောနေခြင်း မဟုတ်သည်ကို သူမ ယုံကြည်သည်။ ယခုလို ပြောဆိုနေခြင်းမှာလည်း သူ့အကြောင်းနှင့်သူရှိလိမ့်မည်။
အကယ်၍ လင်းဟန်နှင့် ကျောက်စုကသာ သူမတို့နှင့် လိုက်ပါမလာဘူးဆိုပါက တကယ်ကို ရှုပ်ထွေးလေပြီ။
မကြာမီ ဓာတ်လှေကားက စတုတ္ထအလွှာသို့ ရောက်လာခဲ့ပြီး တံခါး ပွင့်လာသည်နှင့် အနီးနားတွင် စောင့်ကြပ်နေသည့် လုံခြုံရေး အစောင့်နှစ်ဦးက သူတို့နှစ်ဦးကို နှုတ်ဆက်သည်။
“ ဘော့စ်လင်း …”
အစောင့်တစ်ဦးက ရှေ့သို့ တိုးလာပြီး လင်းရီကို ပြုံးရွှင်စွာ နှုတ်ခွန်းဆက်လာသည်။
လင်းရီ ပြန်ပြီး ခေါင်းညိတ်ပြလိုက်၏။ “ သီးသန့်ခန်းတွေ ရယ်ဒီပဲမလား …”
“ အားလုံး ပြင်ဆင်ပြီးသားပါပဲ … အနှိပ်ပညာရှင်တွေလည်း အကုန်ရောက်နေပြီ ..”
“ ကောင်းပြီ .. မင်း အခု သွားလို့ရပြီ …”
လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး သီးသန့်ခန်းများ ရှိရာဘက်သို့ ဦးတည်လိုက်၏။ ကူရိရန်က အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ သူတို့၏ သွင်ပြင်က သာမန်စုံတွဲများကဲ့သို့ပင်။
လျှောက်လှမ်းနေရင်းဖြင့် ကူရိရန်မှာ စိတ်သက်သာ ရစွာဖြင့် သက်ပြင်းချမိလိုက်၏။ ဤနေရာရှိ လုံခြုံရေးက အမှန်တကယ်ကို တင်းကြပ်လှသည်။ ပတ္တယောင်လှည့်နေသည့် လုံခြုံရေး ဝန်ထမ်းများပင် ရှိလိုက်သေး၏။
အကယ်၍ သူမနှင့် လင်းရီကသာ ရေချိုးဝတ်ရုံများနှင့် မဟုတ်ဘူးဆိုပါက …၊ အကယ်၍ လင်းရီကသာ ပုံမှန် လာလည်နေကြ ဖောက်သည်တစ်ဦး မဟုတ်ခဲ့ဘူး ဆိုပါက တစ်ဖက်သူ၏ သံသယစိတ်ကို နှိုးဆွမိစေမှာ အမှန်ပင်။
“ သူတို့ကြည့်ရတာ ဒီကို ရောက်မလာသလိုပဲနော်…” ကူရိရန် တီးတိုးပြောလိုက်သည်။
“ ပြဿနာ တက်နေတာ နေမှာပေါ့ … ငါတို့ မြန်မြန် လှုပ်ရှားဖို့ လိုတယ်… တကယ်လို့ ချန်ကျန်းက ဝန်ထမ်းတစ်ယောက်ယောက်ကသာ အချက်ပေးလိုက်ရင် ကျန်တဲ့ အစီအစဉ်တစ်ရပ်လုံး ကမောက်ကမ ဖြစ်ကုန်လိမ့်မယ်…”
လင်းရီသည် သူ၏ ခြေလှမ်းများကို ခပ်သွက်သွက် အရှိန်မြင့်ရင်း အခန်း ၄၀၉ သို့ ဦးတည်လာခဲ့လိုက်သည်။ ထောင့်ကွေးတစ်နေရာသို့ ရောက်သည်၌ နားကြပ်ထဲသို့ စကားပြောဆိုလိုက်၏။
“ ဝင်ခဲ့တော့ …”
သူ အမိန့်ပေးလိုက်သည်နှင့် အပြင်ဘက်၌ ရဲကား ဥဩစွဲသံတို့ ဆူညံလာလေသည်။
လေးလွှာတစ်ထပ်လုံး ရုန်းရန်းဆန်ခတ် ဖြစ်သွားခဲ့ပြီး အများစုက အပေါ်ပိုင်း ကိုယ်ဗလာကျင်းလျက် ရှိနေပြီး ခါးတစ်ဝိုက်တွင်သာ တဘက်ပတ်ထားသည်။
သူတို့နောက်တွင်တော့ အဝတ်ဗလာကျင်းနေသည့် အရွယ်အမျိုးမျိုးနှင့် အမျိုးသမီးတို့ ပြေးထွက်လာခဲ့ကြပြီး ဘာတွေ ဖြစ်နေလဲဆိုတာ နားလည်ရန် မခဲယဉ်းပေ။
“ ငါချီးပဲ … စောက်ရဲစုတ်တွေက ဒီကို ဘာလာလုပ်တာတုန်းဟ …”
“ ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ … ငါ့အစ်မသာ ငါ ဒီမှာ ဂလေရိုက်နေတာကို သိသွားလို့ကတော့ အဆုံးသတ်ပြီပဲ …’
“ မပူနဲ့ … ချန်ကျန်းရဲ့ လုံခြုံစိတ်ချရမှုက လုံးဝ ထိပ်တန်းပဲ … ငါတို့ အဆင်ပြေမှာပါ …”
ဆူညံသည့် ဥဩဆွဲသံတို့က ကန်အတွင်း ကျောက်တုံးတစ်တုံး ပစ်ခတ်လိုက်သည့်နှယ် မရေမတွက်နိုင်သည့် လှိုင်းကြပ်ခွပ်တို့ ဖြစ်ပေါ်လာသည်။ ရှိရှိသမျှ လူတိုင်းမှာလည်း စိုးရိမ်ပူပန်မှု ကိုယ်စီဖြင့် ပျာယာခတ်နေလျက် ရှိကြ၏။
တချို့က သူတို့ ခယ်မများနှင့် ၊ တချို့က သူတို့အစ်ကို၏ မိန်းမများနှင့် ၊ တချို့က ဤနေရာရှိ အနှိပ်ပညာရှင်များနှင့် … ဤနေရာ၌ တကယ့်စုံတွဲဟူ၍ မရှိကြပေ။
သို့သော် ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် အခင်းနေရာက လင်းရီနှင့် ကူရိရန်တို့အတွက်တော့ အပြီးပြည့်ဆုံးသော ကာဗာတစ်ခုဖြစ်၏။ ယင်းက သူတို့ကို သံသယ မဖြစ်ပွားစေပဲ လူအုပ်ကြီးထဲသို့ အလွယ်တကူ ရောနှောခွင့် ပြုစေသည်။ ထောင့်တစ်နေရာတွင် ရှိနေရင်း ခေါင်းမပါသည့် ကြက်များကဲ့သို့ ပြေးလွှားနေသည့် လူတိုင်းကို လျစ်လျူရှုလျက် သူတို့နှစ်ဦး၏ မျက်ဝန်းအစုံက အခန်း 409 သို့ အာရုံစူးစိုက်ထားလျက်ရှိသည်။
သူတို့ ရရှိထားသည့် သတင်းအရ ပိုင်ရုံရှိုက အခန်း 409 ထဲတွင် ရှိနေသင့်သည်။
ယခုကဲ့သို့ ဆူညံနေသည့် ပတ်ဝန်းကျင်နှင့် တစ်ဖက်ကလည်း ယခုလောက်ဆို လှုပ်ရှားလာသင့်လေပြီ။ သို့သော် အချိန်အတန်ကြာပြီးနောက် လင်းရီနှင့် ကူရိရန်တို့နှစ်ဦးလုံးမှာ စတင်ပြီး မသက်မသာ ဖြစ်လာခဲ့ကြ၏။
အခန်း 409 မှာ တုတ်တုတ်မျှ လှုပ်မလာခဲ့ချေ။ ကြည့်ရသည်မှာတော့ တစ်ခုခု မှားယွင်းနေဟန်ပင်။
ဧကန္တ .. ပိုင်ရုံရှိုက ထိုအခန်းထဲ၌ လုံးဝ မရှိနေသည်လော။
မကြာမီ ခရိုင်ရဲစခန်းနှစ်ခုက လက်ရွေးစင် အသင်းသားတို့မှာ လေးလွှာသို့ ရောက်လာခဲ့ကြပြီး အခန်း 409 သို့ ချိုးဖျက် ဝင်ရောက်လိုက်ကြ၏။
တံခါးကို ကန်ကျောက်ပြီး ဖွင့်လိုက်သည်တွင် အတွင်း၌ မည်သူတစ်ဦးတစ်ယောက်ကမျှ ရှိမနေသည်ကို မြင်တွေ့လိုက်ရ၏။
လီရှန်းဟွေ့နှင့် ကျန်သူများမှာ တံခါးပေါက်ဝတွင် မတ်တပ်ရပ်နေရင်း တိတ်ဆိတ်ငြိမ်ကျသွားခဲ့ကြသည်။
ဤကဲ့သို့ ရလဒ်တစ်ခုကို လက်ခံနိုင်ရန် ခဲယဉ်းနေခဲ့ကြ၏။ အသည်းအသန် ကြိုးပမ်းအားထုတ်ပြီးခါမှ အတွင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိနေသည်မှာ သူတို့အဖို့ ပြင်းထန်သည့် ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်၏။
နှစ်ပေါင်းများစွာကြာသည့် လုပ်သက် အတွေ့အကြုံက ပြောပြနေသည်မှာ သူတို့၏ အတွင်းသတင်းပေးသည် တစ်ခုခု မှားယွင်းနေပြီဟူ၍ပင်။
“ ဒီကနေ ထွက်သွားကြစို့ ..” လင်းရီသည် ကူရိရန်၏ နားသို့ တီးတိုးပြောလိုက်၏။
လီရှန်းဟွေ့နှင့် သူ့အသင်းက ဤနေရာတွင် ရှိနေသဖြင့် သူတို့ဘက်က ဆက်ပြီး အသွင်ယူထားစရာ မလိုတော့ချေ။ ထို့ကြောင့် လူအုပ်ကြီးထဲက တိတ်တဆိတ် ခွဲထွက်လာခဲ့လိုက်၏။
ချိန်းဆိုထားသည့် နေရာသို့ ရောက်သည့်အချိန်၌ လျိုကွမ်းရှန်နှင့် ကျန်သူများ၏ မျက်နှာအမူအရာမှာ သိပ်ပြီးတော့မှ ကောင်းမွန်မနေချေ။ အတွင်း၌ မည်သို့သော အခြေအနေ ရှိသည်ကို သူတို့ သိရှိပြီး ဖြစ်ပုံရ၏။
“ မင်းတို့ အထဲရောက်တော့ သံသယ ဝင်စရာ တစ်ခုတစ်လေ တွေ့မိသေးလား ….” လျိုချွင်ကျန်း မေးမြန်းလာခဲ့သည်။
“ မတွေ့မိဘူး … ဒါပေမယ့် ကျုပ်အထင်ကတော့ ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိတယ်… တစ်ခုက အတွင်းသတင်းပေးတဲ့လူက သောက်သုံးမကျတာပဲ …”
ထို့နောက် ဟန်ကျုံးယွီသို့ တည့်တည့်ကြည့်ပြီး “ တခြား ဖြစ်နိုင်ချေကတော့ ခင်များတို့လူကို တစ်ဖက်က ဝယ်ပြီးသွားပြီ … အဲ့တာကြောင့် ကြိုပြီး အပြင်ထွက်သွားနိုင်ခဲ့တာပဲ … ဘာကြောင့်လဲ ဆိုတာကို သေချာပြန်ဆန်းစစ်ဖို့လိုတယ်…”
“ မင်း ဘာပြောချင်နေတာ … ဒီလို ဖြစ်တာက ငါတို့လူကြောင့်ပေါ့ ဟုတ်လား …” ဟန်ကျုံးယွီ ထောင်းခနဲ ဖြစ်သွားခဲ့သည်။ “ လင်းဟန်ရဲ့ စစ်ဆင်ရေးက လုံးဝ အမှားအယွင်း မရှိဘူး …. ငါ မြင်တာတော့ မင်းတို့ အသင်းကြောင့် စစ်ဆင်ရေး ကျရှုံးတာပဲ …”
“ ခင်များ ဘာလို့ ဒီလောက် ဒေါသထွက်နေတာ ..” လင်းရီ တည်တည်ငြိမ်ငြိမ် တုံ့ပြန်၍ “ ခင်များတို့ အားလုံးလည်း အထဲမှာ ဖြစ်သမျှကို ကြားနေရတာပဲ … ဒီကိစ္စ ကျုပ်နဲ့လာပြီး ငြင်းခုန်နေစရာ မလိုဘူး .. ဘယ်နေရာ မှားသွားလဲ ကိုယ့်ဘာကိုယ် ပြန်ဆန်းစစ် ….”
လင်းရီသည် ဟန်ကျုံးယွီနှင့် စကားဆက်ပြောလိုစိတ် မရှိတော့ချေ။ ထို့ကြောင့် ဘေးတွင် ကပ်ရပ်နေလိုက်ပြီး အခြားသူများ ပြန်အလာကို စောင့်ဆိုင်းနေလေသည်။
“ မင်း ….”
“ တော်ပြီ နှစ်ယောက်လုံး …”
လျိုချွင်ကျန်း၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေသည်။
ပိုင်ရုံရှိုကို ဖမ်းဆီးဖို့က ဖြိုခွင်းသည့် စစ်ဆင်ရေး၏ အဓိက သော့ချက်ဖြစ်ပြီး မဖမ်းမိသည့် ရလဒ်ကို သူ မလိုချင်ဆုံးပင်။
လင်းရီကတော့ သမ်းဝေလိုက်ရင်း လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေကို စိတ်ထဲ၌ပင် ရှိမနေချေ။
ယနေ့ညကတော့ တကယ့်ကို အလကားသပ်သပ် အချိန်ဖြုန်းလိုက်ရသည့် ည ဖြစ်၏။
အကယ်၍ ယခုလို ဖြစ်မည်ကို စောသိခဲ့မည်ဆိုပါက လျင်လျင်မြန်မြန် လှုပ်ရှားခဲ့ပါသည်။ ယခုတော့ အချိန်နှင့် အားစိုက်ထုတ်မှု နှစ်ခုလုံး သဲထဲရေသွန် ဖြစ်သွားခဲ့ရ၏။
ထိုစဉ် ရေချိုးစင်တာထဲရှိ လူများအားလုံးမှာ အပြင်သို့ တစ်ယောက်ပြီး တစ်ယောက် ဖမ်းခေါ်လာခြင်း ခံရ၏။ သူတို့ထဲတွင် လင်းဟန်နှင့် ကျောက်စုတို့လည်း ရောပါလာပြီး နှစ်ဦးလုံး၏ အမူအရာသည်လည်း ကောင်းမွန်နေခြင်း မရှိလှပေ။
သို့သော် ထိန်းသိမ်းခံထားရသည့် လူအုပ်ကြီး ကြားထဲ၌ လင်းရီ အမှတ်မထင် ရင်းနှီးနေသည့် မျက်နှာ တစ်ခုကို အမှတ်မထင် မြင်တွေ့လိုက်ရပြီး သူ၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားခဲ့ရသည်။
“ အဲ့တာ ငါ့ ခမည်းခမက်ကြီး မဟုတ်လား …”