ချစ်ဖို့ဆို သတ္တိရှိဖို့လိုတယ်
Vol. 136 Ch. 2033
“ အမေ … ဘာတွေလျှောက်ပြောနေတာလဲ …” ကျီချင်းရန် အော်ပြောလိုက်ပြီး “ အခုက အဲ့ဒီအတွက် အချိန်မဟုတ်သေးဘူး …”
“ ဘာလို့ မဟုတ်သေးတာ …” စုန့်မင်ဟွေ့ ခွန်းတုံ့ပြန်လိုက်ပြီး “ နင့်ကိုယ်နင် တဖြည်းဖြည်းနဲ့ ငယ်သွားတယ်များ ထင်နေလား … နောက် နှစ်နည်းနည်းနေရင် သုံးဆယ်ကျော်ပြီ … ဆက်ပြီး အချိန်ဆွဲနေရင် ကလေးမွေးဖို့ ပြဿနာတွေ ကြုံလာလိမ့်မယ်…”
ကျီချင်းရန်ကတော့ သူမ၏ အမြင်တွင် နောက်ကျမှ လက်ထပ်လည်း ကလေးမရနိုင်ဟု မမြင်ပေ။ သို့သော် သူမ အမေကိုတော့ ပြန်ခံမပြောဝံ့ပေ။
ကျီချင်းရန်ကို ငေါက်ငမ်းလိုက်ပြီးနောက် စုန့်မင်ဟွေ့၏ အာရုံက လင်းရီထံ ကျရောက်သွားခဲ့သည်။
“ ရီလေး … အန်တီ့မှာ နင့်အမေရဲ့ ဝီချက်နံပါတ်ရှိတယ်.. အားတိုင်းလည်း စကားတွေ အမြဲပြောဖြစ်တယ် သိလား … အန်တီတို့ နှစ်ယောက်လုံး သဘောတူတယ်နော်… နင်တို့နှစ်ယောက် ဘာပြဿနာမှ မရှိဘူးဆိုရင် စပြီး ပြင်ဆင်ထားတော့ … ဒီကိစ္စကို ဆက်ပြီး အချိန်ဆွဲနေစရာ အကြောင်း မရှိဘူး …”
“ အန်တီရယ် … ကျွန်တော်လည်း အဲ့ကိစ္စ စဉ်းစားနေတာ ကြာပေါ့ … ဒါပေမယ့် အန်တီ့သမီးမှ အဆင်သင့် မဖြစ်သေးတာ … ကျွန်တော်လည်း ဘယ်တတ်နိုင်မှာ …”
ကျီချင်းရန်သည် လင်းရီအား အကြည့်စူးစူး တစ်ချက်ပေးလိုက်သည်။ သို့သော် ဘာမျှတော့ မဆိုချေ။
ထိုအစား စုန့်မင်ဟွေ့ပေးနေသည့် ဖိအားကို နှုတ်ဆိတ်ရင်းဖြင့်သာ ကြံ့ကြံ့ခံနေလျက် ရှိသည်။
“ သမီးကရော ဘာလို့ ဘာမှ ဝင်မပြောတာ …” ထိုအချိန် ကျီအန်းထိုက်က စကားဝိုင်းထဲ ဝင်လာပြီး “ နင် အရင်ကဆို လင်းရီနား ကော်လိုကပ်နေတာပါ … အခု အလေးအနက်ထားရမယ့် အချိန်ကျတော့ ဘာမှ ဝင်မပြောတော့ဘူးပေါ့ …”
“ ဘာမှ ပြောစရာအကြောင်းမရှိဘူး … အဖေတို့ သမီးကိစ္စ ဝင်မပါနဲ့ … သမီးမှာ သမီးကိုယ်ပိုင် အတွေးနဲ့ သမီးရှိတယ်…”
“ အတွေး … ဘာအတွေးတုန်း …” စုန့်မင်ဟွေ့က ဆတ်ခနဲ မေးလာသည်။ “ ငါ နင့်ကို မေးလိုက်တိုင်း နင့်မှာ ကိုယ်ပိုင်အတွေး ရှိတယ်ပဲ ပြောတယ်… တွေးနေတာလည်း ဒီလောက်ကြာပြီ ဘယ်မှာလဲ ရလဒ် …”
ကျီချင်းရန်သည် ဆိုဖာပေါ်တွင် ထိုင်နေရင်း သူမ၏ ညအိပ်ဝတ်စုံကို လက်ဖြင့် ညှစ်ချေနေကာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေလျက် ရှိသည်။
လင်းရီ တိတ်တဆိတ်သာ သက်ပြင်းချလိုက်ပြီး မတ်တပ်ထရပ်လိုက်၏။
“ အန်ကယ် … အန်တီ … နောက်ကျနေပြီဆိုတော့ ကျွန်တော်ပြန်တော့မယ်… အန်ကယ်တို့လည်း စောစောနားကြပါ …”
“ သန်းခေါင်ကျော်နေပြီကို ဒီအချိန်ကြီး ကားမောင်းတာ အန္တရာယ်များတာပေါ့ဟယ်...”
စုန့်မင်ဟွေ့သည် လင်းရီအား ပြန်လွှတ်ပေးချင်လိုသည့်ပေါ် မပေါ်ချေ။
“ ဒီညတော့ ဒီမှာပဲ နေလိုက်တော့ …”
“ ဒီမှာ ညနေရမယ် … မသင့်တော်ဘူး ထင်တယ်နော်….”
“ ဘာ မသင့်တော်စရာ အကြောင်းရှိလို့ …” စုန့်မင်ဟွေ့ ပြောဆိုလိုက်ပြီး “ နင်တို့နှစ်ယောက်က လက်မထပ်ရသေးဘူးဆိုပေမယ့် နင့်အန်ကယ်နဲ့ အန်တီက နင့်ကို သားမက်အဖြစ် မှတ်ယူထားပြီးပြီ … ရေချိုးခန်းသုံး ပစ္စည်းအပိုတွေလည်း ရှိတယ်… သွား ရေမိုးချိုးပြီး အနားယူတော့ … မနက်ဖြန် အလုပ်သွားရမှာ နောက်ကျလို့ မဖြစ်ဘူးမလား …”
“ အမေ ဘာတွေ လျှောက်လုပ်နေပြန်ပြီလဲ …” ကျီချင်းရန်သည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်၏။
“ ဟန်ဆောင်မနေနဲ့ … နင့်အဖေကသာ မသိရင် မသိမယ်… ဒီခုတလော နင်တို့နှစ်ယောက် ထူးဆန်းနေတာကို ငါ မသိဘူး ထင်နေလား …” စုန့်မင်ဟွေ့ ပြောလိုက်ပြီး “ နင်တို့ လူငယ်တွေကိစ္စ အမေ ဝင်မစွက်ဖက်ချင်ဘူး … ဒါပေမယ့် သမီးရည်းစား ဆက်ဆံရေးမှာ အတက်အကျ အနိမ့်အမြင့် ရှိတယ်ဆိုတာ ပုံမှန်ပဲ… အချင်းချင်း ခြေတစ်လှမ်းနောက်ဆုတ်ပြီး ပြဿနာကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းသင့်တယ်… မဖြေရှင်းဘဲ ထားရင် ကြာရင် ဆိုးရွားလေပဲ … ခေါင်းမာမနေစမ်းနဲ့ …”
လင်းရီနှင့် ကျီချင်းရန်တို့နှစ်ဦးလုံးမှာ စုန့်မင်ဟွေ့၏ စကားကြောင့် အံ့အားသင့်သွားခဲ့ရသည်။ သူမက သူတို့နှစ်ဦး၏ စစ်အေးတိုက်ပွဲ အခြေအနေကို ရိပ်မိနေလေသည်။
“ ရပြီ .. အပေါ်တက်တော့ …"
စုန့်မင်ဟွေ့ လောဆော်တိုက်တွန်း၍ နှစ်ဦးလုံးကို အပေါ်ထပ်သို့ ခေါ်လာခဲ့ကာ ကျီချင်းရန်၏ အခန်းထဲသို့ တွန်းပို့လိုက်သည်။
ဘန်း …
သူမ၏ မစ်ရှင် ပြီးဆုံးပြီးနောက် စုန့်မင်ဟွေ့ ပြန်ထွက်သွားခဲ့ပြီး တံခါးပါ ပြန်ပိတ်ပေးသွားခဲ့သည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး လေထုအခြေအနေမှာ အနည်းငယ် ကိုးရို့ကားယား နိုင်နေသည်။
အကယ်၍ ပြန်ပေးဆွဲသည့် ဖြစ်ရပ်သာ ပေါ်ပေါက်ခဲ့ခြင်း မရှိဘူးဆိုပါက ယခုလို နှစ်ယောက်အတူ တစ်ခန်းတည်း နေဖို့ကို အင်မတန် ကသိကအောက်နိုင်နေလိမ့်မည်။ သို့သော် ယခုတွင်တော့ ဖော်မပြနိုင်သည့် ခံစားချက် တစ်ခုက နှစ်ဦးအကြားတွင် တည်ရှိနေသည်။
စကားလုံးဖြင့် ဖော်ပြဖို့ဆိုသည်မှာ အင်မတန် ခဲယဉ်းလှ၏။
သေခြင်းရှင်ခြင်းကို အတူတကွ ဖြတ်ကျော်ပြီးသည့် လူနှစ်ဦးတို့ လွယ်လင့်တကူ ကွဲကွာဖို့ ခက်ခဲသည်ဟူသော စကားက အတော်လေး မှန်ကန်နေသည်။
“ နင် ဘယ်မှာ အိပ်မလဲ ကြိုက်တာရွေး …”
ပြတင်းပေါက်ဘေးနားတွင် ရပ်နေရင်း ကျီချင်းရန် မေးလိုက်၏။ လင်းရီနှင့် သူမကြားတွင်တော့ အကွာအဝေးတချို့ ခြားထားပြီး လင်းရီနှင့်လည်း မျက်လုံးခြင်း မဆုံလိုဟန်ဖြင့် ဆက်တိုက် အကြည့်လွဲနေသည်။
“ အမှန်အတိုင်း ဝန်ခံရရင် ငါ မင်းရဲ့ အခန်းထဲ အကြိမ်အများကြီး ရောက်ဖူးတယ်… ဒါပေမယ့် တစ်ခါမှ ကုတင်ပေါ် မအိပ်ဖူးသေးဘူး … ဒီညတော့ ကုတင်ပေါ် အိပ်မယ်…” လင်းရီ အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။
ကျီချင်းရန် ခေါင်းညိတ်လိုက်၏။ “ ဒါဆို ငါ ကြမ်းပြင်မှာ အိပ်မယ်….”
လင်းရီ ရယ်မောလိုက်လျက် “ ကောင်းပြီလေ… မင်း အိပ်ချင်တဲ့ နေရာမှာအိပ် … ငါကတော့ ကုတင်ပေါ်မှာ အိပ်မှာပဲ …”
ကျီချင်းရန် သူ့အား စူးရဲစွာ ကြည့်လိုက်သည်။ သို့သော် မည်သည်ကိုမျှ မဆိုချေ။ ဗွီရိုထဲက အိပ်ရာခင်းတချို့ထုတ်၍ ကြမ်းပြင်သို့ ခင်းပြီး အိပ်စက်ရန် ဟန်ပြင်လိုက်သည်။
လင်းရီလည်း အချိန်ဖြုန်းမနေဘဲ ကုတင်ပေါ်သို့ တက်ကာ လဲလျောင်းလိုက်သည်။
ကျီချင်းရန်၏ အကျင့်စရိုက်အရ ပြဿနာကို မဖြေရှင်းပြီးခင် အချိန်အထိ ကုတင် တစ်ခုကို သူတို့နှစ်ဦး အတူ အသုံးပြုဖို့ မဖြစ်နိုင်ချေ။ မည်သည့်နေရာတွင် အိပ်စက်မည်ဟူသည့် အရေးနှင့် စပ်လျဉ်းပြီး ဆွေးနွေးငြင်းခုန်နေစရာ အကြောင်း မရှိချေ။
အိပ်မပျော်မီ လင်းရီ မီးမှိတ်လိုက်၏။
မှိန်ပျသည့် လရောင်က ခန်းဆီးလိုက်ကာမှတဆင့် ဖြာကျနေပြီး အခန်းတစ်ခွင်သို့ သဘာဝအလင်းရောင် ပေးစွမ်းနေသည်။
သို့သော် မည်သူမျှ အိပ်မပျော်နိုင်ကြချေ။ အတွေးကိုယ်စီထဲသို့ နစ်မြောနေကြလျက် ရှိ၏။
“ ငါ့ကို စိတ်ဆိုးနေတုန်းပဲလား …” လင်းရီ ညင်သာစွာ မေးလိုက်သည်။
“ ငါ နင်နဲ့ စကားမပြောဘူး …”
“ မပြောဘူးဆို ဘာလို့ ပြန်ဖြေနေလဲ …”
“ နင်နဲ့ မပြောချင်ဘူးဟာ … ငါ အိပ်နေတာကို လာမနှောင့်ယှက်နဲ့ … မနက်ဖြန် အလုပ်လုပ်ရမှာ …”
“ ငါ မနက်ဖြန် ချောင်ရန်အုပ်စုကို ဝယ်လိုက်မယ်… ဒီလိုဆို မင်း အလုပ်လုပ်စရာ မလိုတော့ဘူး …”
“ နင် စမ်းကြည့်လိုက်လေ…”
“ ငါ မလုပ်ရဲတာ မရှိဘူး …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ပြဿနာကို ခေါင်းရှောင်နေတာက ဖြေရှင်းနည်းလမ်း မဟုတ်ဘူး … ရှောင်နေလို့လည်း အသုံးမဝင်ဘူး .. မင်းက အခုရော .. နောင်ရော … ငါ့အပိုင်ပဲ .. ငါ မင်းကို ဘယ်တော့မှ လက်မလျော့ဘူး …”
ကျီချင်းရန် ချက်ချင်း တုံ့ပြန်မလာခဲ့ချေ။ အချိန်အကြာကြီး တိတ်ဆိတ်ပြီးနောက်တွင် သူမ စကားပြောလာခဲ့၏။
“ နင် အတိတ်မှာ ဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့ ငါ ဂရုမစိုက်ဘူး … နင် သူနဲ့ အဆက်အသွယ်ဖြတ်မယ်လို့ ကတိပေးရင် ငါ နင့်ကို ခွင့်လွှတ်မယ်…”
“ ပြဿနာ မရှိဘူး ..” လင်းရီ တုံ့ဆိုင်းခြင်း မရှိ ပြန်ဖြေလိုက်သည်။
လျန်ရူရွှယ်ကို လက်လျော့မည့် ရည်ရွယ်ချက် သူ့တွင် မရှိသော်လည်း ယခုအခိုက်အတန့်တွင်တော့ ဘယ်အရေးနည်း။ ကျီချင်းရန်ကို ချွေးသိပ်ဖို့က အရေးကြီးဆုံးပင်။
“ ငါ့ကို မညာနဲ့ …” ကျီချင်းရန် ပြောဆိုလိုက်ပြီး “ နင် ဘယ်လိုလူစားမျိုးလဲ ငါသိတယ်… နင်သူ့ကို လက်လျော့မှာ မဟုတ်ဘူး …”
“ မင်းစိတ်ထဲ ရှုပ်ထွေးနေတာ အဲ့တာလား …”
“ မဟုတ်လို့ ဘာဖြစ်ရဦးမှာ …”
ကျီချင်းရန်၏ အသံမှာ ရုတ်ချည်းဆိုသလို ညင်သာ ပျော့ပျောင်းလာခဲ့ပြီး ခံစားချက်တို့ဖြင့် စို့နင့်လာခဲ့သည်။
“ ငါက ဒီတိုင်း သာမန်အမျိုးသမီးတစ်ယောက်ပါပဲ … ငါ့ကို အပြည့်အဝ ချစ်မြတ်နိုးပေးမယ့်လူနဲ့ပဲ အတူရှိချင်တယ်… ငါနဲ့ လက်ထပ်ပြီး မိသားစုတစ်ခုကို အတူတည်ဆောက်မယ့်လူပေါ့ … ဒါပေမယ့် နင်က ငါလိုချင်တာကို မပေးနိုင်ဘူး …”
“ ငါက ဘာလို့ မပေးနိုင်ရမှာ … မင်းက ဘာလို့ ဒီလောက်တောင် တစ်သမတ်ကြီး တွက်နေရတာ ….”
“ နင့်ရဲ့ အချစ်ကို လူနှစ်ယောက်အတွက် ညီတူမျှတူ ခွဲဝေပေးနိုင်မှာလား …”
“ မင်းလိုချင်တာ အရာအားလုံးကို ငါပေးနိုင်တယ်…”
“ နင့်ကို ငါတစ်ယောက်တည်း ပိုင်ဆိုင်နိုင်ဖို့ကလွဲပြီး ငါ ဘာမှ မလိုချင်ဘူး …”
“ ငါက မင်းအပိုင်ပဲလေ…”
“ ဒါပေမယ့် ငါတစ်ဦးတည်းအတွက်မှမဟုတ်တာ … မဟုတ်လို့လား …” ကျီချင်းရန် ပြောလိုက်သည်။ “ နင်က ငါနဲ့ အတူ ရှိတဲ့အချိန်ကျရင် နင်က ငါ့အပိုင် … သူနဲ့အတူရှိတဲ့ အချိန်ကျရင်တော့ နင်က သူအပိုင် … ငါ စကားလုံးတွေနဲ့ ကစားနေရတာ မုန်းတယ်…”
“ မင်း ငါ့ကို လက်လျော့လိုက်တော့မလို့လား …”
“ ငါ့မှာ ရွေးချယ်စရာမှ မရှိတာ … နင် ငါ့ကို ကျဉ်းထဲကျပ်ထဲ ရောက်အောင် တွန်းပို့နေတာလေ… ဒီလိုဖြစ်အောင် နင်ကိုယ်တိုင် လုပ်နေတာပဲ …”
“ ဒါဆို မင်းသေချာ စဉ်းစားကြည့်ကြည့် … ငါတို့နှစ်ယောက် သိကျွမ်းခဲ့တဲ့ အချိန်သက်တမ်းက အကြာဆုံးပဲ … တခြားတစ်ယောက် ဝင်လာတာနဲ့ပဲ မင်းငါ့ကို ဒီတိုင်း လက်လျော့လိုက်တော့မယ်ပေါ့ … ကိုယ်လိုချင်တာကို အမြဲတမ်း ရအောင် ယူတတ်တဲ့ ငါသိတဲ့ ကျီချင်းရန်မှ ဟုတ်သေးရဲ့လား …”