← Chapters

မင်းသာ ငါ့ဘဝကို ပြီးပြည့်စုံစေတယ်

Vol. 136 Ch. 2034

မင်းသာ ငါ့ဘဝကို ပြီးပြည့်စုံစေတယ်

Vol. 136 Ch. 2034

တစ်စုံတစ်ရာက လည်ချောင်းဝ၌ တစ်ဆို့လာသကဲ့သို့ ကျီချင်းရန်၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ယင်သွားခဲ့သည်။

သူမ ပြောဆိုလိုသည့် စကားလုံးများအားလုံးကို ပြန်မျိုချလိုက်ရပြီး စကားတစ်ခွန်းပင် မထွက်ဆိုနိုင်ဘဲ ဖြစ်နေသည်။

သူမတို့ ကုမ္ပဏီတွင် ဆုံတွေ့ခဲ့သည့် အချိန်ကိုပါ ထည့်တွက်၍ နှစ်ဦးသား ရင်းနှီးသိကျွမ်းခဲ့သည့် အချိန်ကာလသက်တမ်းမှာ သုံးနှစ်နီးပါးပင်။ အတက်အကျ ၊ အနိမ့်အမြင့်တို့ များစွာ ရှိခဲ့သလို ပျော်ရွှင်မှုများ ၊ မျက်ရည်စက်များ … ထိုအရာများအားလုံးကို အတူဖြတ်ကျော်ခဲ့ဖူးသည်။

ယခုလို ကိစ္စမျိုး ဖြစ်ပျက်ခဲ့ပြီးသည့်နောက်တွင်ပင် သူမရင်ထဲ၌ လင်းရီကို လုံးဝ မေ့ဖျောက်ဖို့ မဖြစ်နိုင်ကြောင်ကို ဝန်ခံသည်။ ထို့ပြင် လင်းရီကို တစ်စုံတစ်ဦး၏ လက်ထဲသို့ သာမန်လျှံကာ မထည့်ပေးလိုက်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် လင်းရီက သူမ၏ လူဖြစ်၏။

“ ဘာလို့ ဘာမှမပြောတော့တာလဲ …”

“ လင်းရီ … နင် မကောင်းတဲ့ လူညစ်ကောင် ..”

ရုတ်ချည်းဆိုသလို ကျီချင်းရန်သည် ကြမ်းပြင်ထက်မှ ခုန်ပေါက်လာ၍ ခေါင်းအုံးကို ဆွဲယူပြီး လင်းရီကို ကြမ်းတမ်းစွာ ထုနှက်လိုက်သည်။

ထို့နောက် ဒေါသထွက်နေသည့် ခြင်္သေ့မကြီးသဖွယ် သူ့ဗိုက်ပေါ်သို့ ခုန်တက်လာခဲ့ပြီး အပေါ်စီးကနေ ခေါင်းအုံးဖြင့် ထပ်ခါထပ်ခါ ထုနှက်နေတော့၏။

“ နင့်ကို သေအောင် ရိုက်ပစ်မယ် … နင့်ကို သေအောင်ရိုက်ပစ်မယ်…. နင် မကောင်းတဲ့အကောင် .. ဘာလို့ ငါ့ကို ဒီလို လုပ်ရက်နိုင်ရတာလဲ … နင့်ကို သေအောင် ရိုက်လိုက်ရင် အကုန်ပြီးသွားပြီ …”

ရိုက်နှက်လာသည့် အချက်တိုင်း၌ ကျီချင်းရန်၏ အတွင်းစိတ်ထဲ ရှိနေသည့် မကျေမချမ်းမှုနှင့် ဒေါသတို့ ပါဝင်နေခဲ့သည်။ ဆယ်မိနစ်ခန့် ကြာပြီးသည့်နောက် သူမ၏ ဆံပင်မှာ ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး အင်္ကျီလည်း တွန့်ကြေနေလျက် ရှိကာ ရူးနှမ်းနေသည့် အမျိုးသမီးတစ်ယောက် အသွင် ဖြစ်နေခဲ့သည်။

“ ဘာလို့ ဘာမှ မပြောတော့တာလဲ … နင် စောနတုန်းက ယုံကြည်ချက် သိပ်ရှိနေခဲ့တာ မဟုတ်ဘူးလား … ပြောလေ … ငါ့ကို ဖြေရှင်းချက်ပေးစမ်း …”

“ ဖြည်းဖြည်း … ဒါ တကယ်နာတယ်ဟ ….”

“ နင် ဆက်ပြီး ဟန်ဆောင်နေတုန်းပေါ့ ….”

ကျီချင်းရန်၏ ဒေါသက ထောင်းခနဲ ပြန်ဖြစ်လာပြန်သည်။ သူမ ထုနှက်နေသည်က ခေါင်းအုံးဖြင့်ပင်။ ခေါင်းအုံးဖြင့် ထုနှက်သည်က နာကျင်နိုင်ပါမည်လော။

“ ကောင်းပြီလေ… ဒါဆိုလည်း ဆက်ပြီး နည်းနည်းလောက် ရိုက်လောက် … မင်းစိတ်ထဲ ခံစားလို့ကောင်းသွားမယ်ဆို ငါ့အတွက် တန်ပါတယ်…”

“ နင် ငကြောင် … မကောင်းတဲ့ အကောင် … လူညစ် … မောက်မာတဲ့ကောင် .... ဒီအချိန်ရောက်နေတာတောင် ငါ့ကို ဖြေရှင်းချက် မပေးသေးဘူးပေါ့ ဟုတ်လား …”

“ ငါ့ဖြေရှင်းချက်က ငါ မင်းကို ဘယ်တော့မှ လက်လျော့မှာ မဟုတ်ဘူးဆိုတာပဲ …” လင်းရီ ခိုင်မာသည့် လေသံဖြင့် ပြောဆိုလိုက်သည်။ “ မင်း ငါ့ကို လက်မထပ်ချင်ဘူး .. ရတယ်… အခုကတည်းက ရှင်းအောင် ပြောလိုက်မယ်… မင်း ဒီတစ်သက်လုံး တခြားတစ်ယောက်နဲ့ အတူ ရှိနိုင်မယ် မထင်နဲ့ … မင်း စမ်းကြည့်လို့ရတယ် … စမ်းကြည့်ရင် စမ်းကြည့်တဲ့လူကို ငါ ရှင်းမှာပဲ … မုဆိုးမ ဖြစ်ချင်တယ်ဆိုရင်တော့ လုပ်ကြည့်ပေါ့ …”

“ ငါ့ဘဝကို အဆုံးဖြတ်ပေးဖို့ နင့်ကို ဘယ်သူက အခွင့်ရေးပေးလို့လဲ … နင် ငါ့ကို သတ်ရင်တောင် ငါတော့ နင့်ကို မယူနိုင်ဘူး … တခြား တစ်ယောက်ကိုပဲ ယူမှာ …”

“ အဲ့တာက မင်းရဲ့ ရွေးချယ်ပိုင်ခွင့်ပဲ … မင်း ယူချင်တဲ့လူကိုယူ … သူတို့ကို စာရင်းရှင်းမှာက ငါ့ရဲ့ ရွေးချယ်မှုပဲ … ငါတို့ချင်း နှောင့်ယှက်နေတာလည်း မဟုတ်ဘူး …”

“ နင် ယုတ်မာတဲ့‌ကောင် … ငါနင့်ကို သတ်ပစ်မယ်…”

ကျီချင်းရန် စကားပြောလေလေ ၊ သူမ၏ ဒေါသက ကြီးသထက် ကြီးမားလာလေ ဖြစ်ပြီး လင်းရီကို တက်စီးရင်း သူမ၏ ဒေါသများအားလုံးကို ဖောက်ချနေလျက် ရှိသည်။

သို့သော် ရုတ်ချည်းဆိုသလို လင်းရီသည် ကျီချင်းရန်ကို ရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီး သူမ၏ နားသို့ တီးတိုးလေသံဖြင့် ပြောဆိုလိုက်၏။

“ မင်း လုပ်ချင်တာ လုပ်လို့ရတယ် … ဒါပေမယ့် ဒါကို မှတ်ထား … ဒီတစ်သက်လုံး မင်းက ငါ့အပိုင်ပဲ … မင်းငါ့ကို ခွင့်မလွှတ်ဘူးဆိုရင်တောင် ငါ လက်ခံနိုင်တယ်.. ဒါပေမယ့် ငါ့ဘက်ကတော့ မင်းကို လက်လျှော့သွားမှာ မဟုတ်ဘူး …”

“ နင် လက်မလျှော့လည်း ပြဿနာ မရှိဘူး … ငါကတော့ နင့်အတွက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး …” ကျီချင်းရန် အတင်းအကြပ် ရုန်းကန်လိုက်၏။

“ ငါ မပိုင်ဆိုင်နိုင်ဘူးဆိုရင် ဘယ်သူကမှလည်း မင်းကို ပိုင်ဆိုင်နိုင်မယ် မထင်နဲ့ …”

“ ဒါဆိုရင် ငါ ကျီချင်းရန် နင့်ကို လက်ထပ်ရမှာထက် တစ်ယောက်တည်း အိုမင်းပြီးပဲ သေလိုက်မယ်…”

သူမ၏ ခွန်အားများအားလုံးကို ညှစ်ထုတ် အသုံးပြုရင်း လင်းရီ၏ ရင်ခွင်ထဲမှ ကိုယ်လွတ်ရုန်းလာခဲ့ကာ ကြမ်းပြင်ထက်သို့ ပြန်ရောက်သွားခဲ့သည်။

အခန်းမှာ တစ်ဖန်ပြန်ပြီး တိတ်ဆိတ်သွားခဲ့ပြန်သည်။ လင်းရီ မည်သည့်စကားမျှ မဆိုချေ။ သို့သော် ကျီချင်းရန်မှာမူ ရင်ဘက် နိမ့်ချည်မြင့်ချည် ဖြစ်စွာဖြင့် အသက်ကို လေးပင်စွာ ရှူရှိုက်နေရလျက် ရှိသည်။

ပြန်ပြီး တည်ငြိမ်စေဖို့အတွက် အချိန်တချို့ လိုသည်။

သို့သော် မိနစ်ဝက်ခန့် ကြာပြီးသည့်နောက် ကျီချင်းရန် ရုတ်ချည်း မတ်တပ်ရပ်လာခဲ့ပြီး သူမ၏ မျက်ဝန်းအစုံမှာ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။

လင်းရီ လှည့်ကြည့်လာခဲ့၏။ “ ဘာဖြစ်တာလဲ …”

“ သွေး…” ကျီချင်းရန်၏ အသံမှာ တုန်ယင်နေပြီး “ ဒါပေမယ့် ဒီနေ့က မဖြစ်သင့်ဘူးလေ ….”

ထိတ်ထိတ်ပျာပျာ ဖြစ်စွာဖြင့် ကျီချင်းရန်သည် အိပ်ခန်းမီးကို လျင်မြန်စွာ ပြန်ဖွင့်လိုက်သည်။

သူမ၏ ပေါင်ခြံနှင့် ညအိပ်ဝတ်စုံတွင် သွေးများ ပေကျံနေသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ ခေတ္တမျှ အေးခဲသွားခဲ့ပြီး ရှက်ရွံ့မှုက ဒေါသကြောင့် ပြောဆိုမည့် စကားလုံးများကိုပင် ပျောက်ရှသွားစေခဲ့သည်။

သူမ တွက်ချက်ထားသည့်အတိုင်းဆိုပါက ယနေ့ မဖြစ်သင့်ပေ။ အဆိုးဆုံးအပိုင်းကတော့ ဤသည်ကို လင်းရီကိုယ်၌က မျက်မြင်တွေ့သွားခဲ့ခြင်း ဖြစ်၏။

သို့သော် နောက်တစ်ခဏ၌ ကျီချင်းရန်၏ မျက်နှာမှာ ထိတ်လန့်ဖွယ်ရာ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြူလျော်သွားခဲ့၏။

လင်းရီ၏ ဝမ်းဗိုက်တွင် သွေးတို့ဖြင့် ဖုံးလွှမ်းနေပြီး အိပ်ရာခင်းသည်ပင် ရွှဲနစ်လို့နေသည်။

ထိုအချိန်မှာပဲ ရုတ်တရက်ဆိုသလို သူမ သတိပြုမိသွားခဲ့၏။

ပေကျံနေသည့် သွေးတို့က သူမထံက မဟုတ်ဘဲ ထိုအစား လင်းရီထံကပင်။

ကျီချင်းရန် ကြက်သေသေသွားခဲ့ပြီး ကျောက်တုံးကြီး တစ်တုံးနှယ် တောင့်တင်းသွားခဲ့သည်။

“ ဘာ … ဘာတွေဖြစ်နေတာလဲ … ဘာလို့ နင့်ကိုယ်ပေါ်မှာ သွေးတွေ အများကြီး ရှိနေရတာလဲ …”

လင်းရီ အသက်ပြင်းပြင်း ရှူသွင်းရင်း အနိုင်နိုင် ထထိုင်လိုက်ကာ ကုတင် ခေါင်းရင်းသို့ မှီထားလိုက်၏။

“ တလောတုန်းက ဒဏ်ရာရထားခဲ့တာ အနာပြန်ပွင့်သွားလို့ နေမယ်…”

ပြောပြီးသည်နှင့် လင်းရီ ရှပ်အင်္ကျီကြယ်သီးကို ဖြုတ်လိုက်သည်။

ဝမ်းဗိုက်တွင် ပတ်တီးတို့ ထူထဲစွာ စည်းနှောင်ထားပြီး အဆိုပါ ပတ်တီးတစ်ခုလုံးလည်း သွေးတို့ ရွှဲနစ်နေသည်ကို ကျီချင်းရန် မြင်တွေ့လိုက်ရသည်။

လင်းရီ ပတ်တီးကို ဖြည်လိုက်သည့် အချိန်၌ အနည်းဆုံး နှစ်ဆယ်စင်တီမီတာခန့် ရှည်လျားသည့် အမာရွတ်ကြီးတစ်ခုကို သူမ မြင်တွေ့လိုက်ရ၏။ အပေါ်တွင် အပ်ချုပ်ရာတို့ ရှိနေပြီး လတ်ဆတ်သည့်သွေးတို့က ၎င်းအထဲကနေ စီးဆင်းစိမ့်ထွက်နေသည်။

“ ဒါ … ဒါ ငါ့ကြောင့်ဖြစ်သွားတာလား …”

ထိုအချိန်မှပဲ ကျီချင်းရန် အသိဝင်လာခဲ့တော့သည်။ သူမ လင်းရီအပေါ် တက်စီးခုန်ပေါက်နေသည့် အချိန်တုန်းက ဖြစ်လောက်ပေသည်။ ထိုစဉ်အချိန်က လင်းရီ နာကျင်သည်ဟု ပြောခဲ့သည်မှာ မထူးဆန်းတော့ချေ။ လက်စသတ်တော့ အနာပြန်ပွင့်သွားခဲ့သည်လေ။

“ ထွေထူးမဟုတ်ပါဘူး .. ပြန်သန့်ရှင်းလိုက်လို့ရတယ်…”

လင်းရီ ဘေးနားက တစ်သျှူးတချို့ယူပြီး အနာပေါ်ရှိ သွေးများအား ညင်သာစွာ ဖယ်သပ်လိုက်ကာ ဆေးထည့်ရန် ဟန်ပြင်လိုက်၏။

“နင် … ခဏလေးစောင့် … ငါ ဆေးရုံကား ချက်ချင်းခေါ်လိုက်မယ်….”

“ ငါကိုယ်တိုင်က ဆရာဝန်ပဲဟာ … သူတို့ကို ခေါ်လည်း အလကားပဲ ….”

လင်းရီ ခေါင်းငုံ့၍ အနာကို ဆက်လက်သန့်ရှင်းနေပြီး သူ၏ အမူအရာမှာ စိုးစဉ်းသော်မျှ ပြောင်းလဲမသွားခဲ့ချေ။

“ မင်းတို့အိမ်မှာ အရေးပေါ် ဆေးသေတ္တာရှိတယ်မလား … အဲ့တာ ယူလာခဲ့ပေးပါလား …”

“ အိုကေ … ဒီမှာစောင့်နေ .. ငါ ချက်ချင်း သွားယူလာခဲ့ပေးမယ်…”

ကျီချင်းရန်သည် အခန်းထဲက လျင်မြန်စွာ ပြေးထွက်သွားခဲ့ပြီး ဆေးသေတ္တာနှင့်အတူ ပြန်ရောက်လာခဲ့၏။

အိုင်အိုဒင်းနှင့် ပတ်တီးလိပ်အချို့ကို ယူကာ အနာကို ပိုးသတ်ပြီး ပတ်တီးပြန်စည်းဖို့ လင်းရီ ကြိုးစားလိုက်၏။

သူမကတော့ လင်းရီ အနာအား ကုသနေသည်ကို ဘေးတွင် တိတ်ဆိတ်စွာ ရပ်ကြည့်နေရင်း မျက်ရည်စက်တို့က ကျီချင်းရန်၏ မျက်ဝန်းထဲကနေ စီးကျလာခဲ့သည်။

လင်းရီ ယခုလို ဒဏ်ရာရနေသည်ကိုမြင်တော့ သူမ အသည်းနှလုံးတို့ နာကျင်ရ၏။ ယခုလို အခြေအနေမျိုး၌ အကူအညီမရသည့် သူမကိုယ်သူမလည်း မုန်းတီးမိသည်။

“ ငါ တောင်းပန်ပါတယ်… ငါက နင့်အတွက် ဝန်ထုပ်ဝန်ပိုးပဲ .. နင့်ကို ဘာမှလည်း မကူညီပေးနိုင်ဘူး … ပြီးတော့ အခု နင့်ကို ပိုပြီး နာကျင်အောင် လုပ်မိပြီ…”

“ မင်းက အဲ့လို မြင်နေတယ်ဆိုရင်တော့ … အင်း … ဟုတ်တယ်… မင်းငါ့ကို များများစားစား မကူညီပေးနိုင်ဘူး … ဒါပေမယ့် အဓိကကျတာက မင်းရဲ့ တည်ရှိမှုက ငါ့အတွက် တမူထူးခြားနေတာပဲ …”

“ တမူထူးခြားနေတယ် …….. “

“ လူသားတွေက အောက်ဆီဂျင် မရှိဘဲ အသက်မရှင်နိုင်သလိုမျိုး … သစ်ပင်တွေက မြေဆီလွှာမရှိဘဲ မရှင်သန်နိုင်သလိုမျိုး …. ငါလည်း မင်း မရှိဘဲ မရှင်သန်နိုင်ဘူး …”

လင်းရီသည် ခေါင်းကို ဆက်လက်ငုံ့ထားရင်း သူ၏ အနာကို တိတ်တဆိတ် ကုသနေသည်။

“ ငါက အစွန်းရောက်တဲ့လူ ဖြစ်ရင် ဖြစ်မယ်…. ငါ ပိုက်ဆံတွေ အများကြီး လိုချင်တယ်…. ငါ့ကို အထင်မြင်သေးတဲ့လူတိုင်းအပေါ် အထက်စီးကနေ ပြန်ပြီး ရိုက်ချချင်တယ်… နောက်ဆုံး ငါ့မိဘအရင်းတွေနဲ့ ပြန်တွေ့ခဲ့တဲ့ အချိန်မှာတောင် သူတို့ကို ကျိန်ဆဲပြီး သံယောဇဉ်ဖြတ်တောက်ဖို့အထိ စဉ်းစားခဲ့ဖူးတယ်… ဒါပေမယ့် မင်း ငါ့ဘဝထဲ ဝင်လာတဲ့ အချိန်မှာတော့ … မင်းကို သံယောဇဉ်ဖြတ်ဖို့ ငါ ဘယ်လိုမှ စဉ်းစားလို့ မရဘူးဖြစ်နေတယ်… မင်းက ငါ့ဘဝရဲ့ နေမင်းတစ်စင်းပဲ … ငါမင်းကို မရှိမဖြစ် လိုအပ်တယ်…”

ဟူး …..

လင်းရီ အသက်ပြင်းပြင်း ရှူထုတ်လိုက်ရင်း သူ့ နှလုံးသားထဲရှိ အနူးညံ့ဆုံးသော ခံစားချက်တို့အား ဖွင့်ဟလာသည်။

“ မင်းကသာ ငါ့ဘဝကို ပြီးပြည့်စုံစေတယ်… မင်းသာ မရှိဘူးဆိုရင် ငါ တစ်ယောက် ထိပ်ဆုံးမှာ ရပ်တည်နေဦးတော့ ဘာများ အဓိပ္ပာယ်ရှိဦးမှာလဲ …”

All Chapters