ကိုယ့်အခန်းကိုယ် သန့်ရှင်းရေးလုပ်
Vol. 136 Ch. 2035
စိတ်ရင်းစစ်မှန်သည့် ခံစားချက် စကားသံတို့အား နားထောင်ပြီးသည့်နောက် ကျီချင်းရန်၏ ရင်ဘက်ထဲ ထိရှစွာ ခံစားမိသွားခဲ့၏။ ထိုအချိန်မှာပဲ ထူးဆန်းသည့် အရာတစ်ခုအား သူမ သတိပြုမိသွားခဲ့သည်။ ယင်းက မကုသနိုင်သည့် ဒဏ်ရာဟူသည် မရှိသကဲ့သို့ အဆုံးမဲ့ ကျဆုံးခန်းဟူသည်လည်း မရှိပေ။ ဆုံးရှုံးသွားခဲ့သည့် အရာရာတိုင်းက ပုံစံ အသစ်တစ်မျိုးဖြင့် မိမိတို့ထံ ပြန်ရောက်လာတတ်၏။
လက်ရှိ သူမ၏ ခံစားချက်များကဲ့သို့ပင်။
ဇွီ့ ….
လင်းရီသည် ပတ်တီးစအား ဖြဲ၍ အနာကို သေချာပြန်စည်းထားလိုက်သည်။ ထို့နောက် သွေးတို့ရွှဲနစ်နေသည့် ပတ်တီးအဟောင်းကို ဘေးသို့ ချထားလိုက်၏။
“ အဲ့တာက နာနေသေးလား….”
သဘာဝအလင်းရောင် ထွန်းလင်းနေသည့် အခန်းလေးထဲ၌ ကျီချင်းရန်၏ အသံက တုန်ခါနေခဲ့၏။
“ မင်း မရှိတဲ့ နေ့ရက်တွေကိုတောင် တောင့်ခံပြီး ဖြတ်ကျော်ခဲ့သေးတာ ဒီရဲ့ နာကျင်မှုသေးသေးလေးက မပြောပလောက်ပါဘူး …”
“ ဒီလိုမျိုး ပေါက်တတ်ကရတွေ လျှောက်ပြောနေ … နာတာ နည်းတောင် နည်းသေးတယ်…”
အမျိုးသမီးတို့၏ စိတ်အခြေအနေက ဧပြီလ၏ ရာသီဥတုကဲ့သို့ ပြောင်းလဲနိုင်လွန်းလှသည်။ သတိမပေးဘဲ ရုတ်ချည်း ရောက်ချလာတတ်၏။
ထို့နောက် ကျီချင်းရန်သည် လင်းရီကို ဆက်ပြီး ဂရုစိုက်မနေတော့ချေ။ အိပ်ရာခင်းထက်သို့ လဲချရင်း ဒေါသတကြီးနှင့် လင်းရီကို ကျောပေးထားလိုက်၏။ နောက်သို့ ပြန်လှည့်လာမည့် ရည်ရွယ်ချက်ကိုလည်း မတွေ့ရချေ။
အဖြူရောင်လ၏ အလင်းရောင်က လင်းရီ၏ မျက်နှာထက်သို့ မှိန်ပျပျ အလင်းပြန်နေပြီး အပြုံးတစ်ခုက နှုတ်ခမ်းထက်တွင် တွဲလဲခိုနေသည်။ တိတ်ဆိတ်သည့် အခန်းလေးထဲ၌ လူတစ်ဦးသည် နာကျင်နေသော်လည်းပဲ တစ်ချိန်တည်း၌ ပျော်ရွှင်မှုကို ခံစားနေရလျက် ရှိသည်။
နောက်တစ်နေ့ နံနက်ခင်း လင်းရီ အိပ်ရာက နိုးတော့ ကျီချင်းရန်က ဘေး၌ မရှိတော့ပြီကို သတိထားမိလိုက်သည်။
လင်းရီ ထပ်မအိပ်ပါချေ။ အထူးသဖြင့် သူ့ ယောက္ခမကြီး၏ အိမ်တွင် ရှိနေသည့် အခါ၌ ဖြစ်၏။
သူ့ကိုယ်သူ ချိန်ညှိပြီးနောက် အိပ်ရာပေါ်က ဆင်းလာခဲ့သည်။
ကုတင်ဘေးရှိ ဗီရို အသေးလေးပေါ်တွင် အဝတ်အစားအသစ်များ သပ်ရပ်စွာ တင်ထားလျက် ရှိသည်ကို မြင်တော့ လင်းရီ အံ့အားသင့်သွားခဲ့၏။
အတွင်းဝတ်မှ အပြင်ဝတ်အထိ အားလုံးကို သူ့အတွက် ပြင်ဆင်ပေးထားလေသည်။
လင်းရီ ကောက်ကိုင်ကြည့်လိုက်ပြီး စတိုင်နှင့် ဆိုဒ်က သူ့ပုံမှန် ဝတ်နေကျအတိုင်း ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။
“ သူ ဒါတွေ ငါ့အတွက် ဝယ်ထားပေးတာများလား …”
လင်းရီ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်တော့ လက်ရှိ ဝတ်ထားသည့် အင်္ကျီ၌ သွေးကွက်တို့ စွန်းထင်းနေသည်။ ဤအဝတ်အစားများကို ကျီချင်းရန်က တခြားတစ်ယောက်ကို စီစဉ်ခိုင်းပြီး ညတွင်းချင်း လာပို့ခိုင်းထားခြင်း ဖြစ်ရမည်။ မည်သို့ပင်ဖြစ်စေ သွေးစွန်းနေသည့် အဝတ်စားများနှင့်တော့ အပြင်ထွက်၍ မဖြစ်ပေ။
ဤသည်ကို တွေးမိတော့ လင်းရီ၏ မျက်နှာက အလိုအလျောက် ပြုံးရွှင်သွားခဲ့ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“ ငါ့ကို ဂရုစိုက်ပေးနေတုန်းပဲ …”
အလုပ်ရှိသေးသဖြင့် လင်းရီ အချိန်ဖြုန်းမနေတော့ချေ။ အဝတ်အစားအသစ်များအား လဲဝတ်ပြီးနောက် ရေချိုးခန်းထဲသွားကာ ကိုယ်လက်သန့်စင်လိုက်လေသည်။ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးစွာ ခံစားနေရလျက် ရှိ၏။
“ ရီလေး … မနက်စာစားမယ်ဆို ဆင်းခဲ့တော့နော် …”
“ ဟုတ် အန်တီ … လာပြီဗျ …”
လင်းရီ ပြန်ဖြေပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့ကာ မနက်စာက အဆင်သင့် ဖြစ်နေသည်။ မျက်စိထဲ အထင်းနေဆုံးကတော့ ကြက်စွပ်ပြုတ်ဖြစ်ပြီး ရွှေရောင်ဝင်းနေသည့် ဆီစက်များအားလည်း မြင်တွေ့နေရသည်။ မနက်စာအတွက် အနည်းငယ် ဆီများနေသော်လည်းပဲ အရသာရှိမှာကတော့ ကျိန်းသေသည်။
“ ရီလေး … လာခဲ့ … အန်တီ နင့်ဖို့ စွပ်ပြုတ်လုပ်ထားပေးတယ်…” စုန့်မင်ဟွေ့ အပြုံးပန်းကြီး တစ်ခုဖြင့် ပြောလာသည်။
“ ချင်းရန်က နင့်အတွက် အထူးတောင်းဆိုပေးတာနော်… နင်မြန်မြန် ပြန်ပြီး အားမွေးနိုင်အောင်တဲ့ ….”
အာ ….
သူ၏ လက်ရှိ အခြေအနေအရ ခွန်အားဖြစ်စေသည့် စွပ်ပြုတ်ကို သောက်သုံးသည်က ယုတ္တိရှိသည်။ သို့သော် စုန့်မင်ဟွေ့၏ မျက်နှာကို ကြည့်လိုက်သည်တွင် သူမ၏ မျက်ဝန်းတို့က တစ်စုံတစ်ရာကို အထင်လွဲမှားနေဟန်ပင်။
“ သူ လုပ်ခိုင်းတာ … သမီးနဲ့ ဘာမှမဆိုင်ဘူး …”
လေထုအခြေအနေက အနည်းငယ် ထူးဆန်းလာသည်ကို ခံစားမိတော့ ကျီချင်းရန် ချက်ချင်းပဲ ဝင်ပြောလာခဲ့၏။ သို့တိုင် အနည်းငယ် နောက်ကျသွားခဲ့သည်။ ဆန်ပြုတ်ကိုသာ ခေါင်းမဖော်ဘဲ သောက်နေရင်း ရှက်ရွံ့နေသည့် မျက်နှာကို အကောင်းဆုံး ဖုံးကွယ်ထားခဲ့၏။ ဤသည်က သူမ၏ အိမ်မဟုတ်ဘဲ လင်းရီ၏ အိမ်ဖြစ်နေသကဲ့သို့ပင်။
“ အန်တီ .. ဒီ ကြက်စွပ်ပြုတ်က သိပ်အရသာ ရှိတာပဲဗျာ …” လင်းရီ အားပါးတရ ချီးမွမ်းလိုက်လေသည်။
“ ဒါဆိုလည်း များများစား …. နင်က ကြိုးစားထားရတာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုတယ်…”
“ ဟုတ် အန်တီ…”
နာရီဝက်ခန့် ကြာပြီးနောက် သုံးဦးလုံး မနက်စာ သုံးဆောင်ပြီးသွားခဲ့ပြီး လင်းရီလည်း ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
“ အန်ကယ် … အန်တီ … ကျွန်တော် ရုံးပြန်သွားရတော့မှာမို့လို့ သွားလိုက်ပါဦးမယ်ဗျ ….”
“ သေချာလေး မောင်းသွားဦး … ညစာစားချိန် အမီ ပြန်ခဲ့ဦးနော်….”
“ ဟုတ် ဟုတ် အန်တီ …”
ကျီချင်းရန်ကတော့ စားပွဲတွင် နှုတ်ဆိတ်လျက်သာ ထိုင်နေရင်း မည်သည့်စကားတစ်ခွန်းမျှ ဆိုလာခဲ့ခြင်း မရှိချေ။ သို့တိုင် ယမန်နေ့ကနှင့် နှိုင်းစာလျှင်တော့ သူမ၏ အခြေအနေက တိုးတက်လာသည်ဟု ပြော၍ ရလေသည်။
လင်းရီ ထွက်ခွာသွားခဲ့ပြီးနောက် အိမ်ထဲရှိ လေထုသည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့၏။
ယမန်နေ့ညက ဖြစ်ရပ်အတွက် အပြစ်ရှိသလို ခံစားနေရရင်း ကျီအန်းထိုက်သည် သူ့ကိုယ်သူ မီးဖိုချောင်ထဲ၌ စားပြီးသား ပန်းကန်တွေ ဆေးရင်း အပြစ်ပေးနေသည်။ စုန့်မင်ဟွေ့ကတော့ အခန်းသိမ်းရန်အတွက် အပေါ်ထပ်သို့ တက်သွားခဲ့၏။
ကျီချင်းရန်လည်း အလုပ်သွားဖို့အတွက် ပြင်ဆင်လေတော့သည်။
“ ချင်းရန် …”
စုန့်မင်ဟွေ့၏ ရှင်းလင်းကျယ်လောင်သည့် အသံက အပေါ်ထပ်မှ ထွက်ပေါ်လာသည်။
“ ဘာကြီးလဲ …”
“ ဒီကိုလာခဲ့စမ်း …”
ကျီချင်းရန်သည် အဘယ်ကြောင့်ဟူသည့် အကြောင်းပြချက်ကို နားမလည်နိုင်ပါဘဲ ဇဝေဇဝါ ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် သူမ၏ အခန်းတံခါးဝသို့ ရောက်လာခဲ့၏။
“ အမေ … ဘာဖြစ်လို့လဲ …” ကျီချင်းရန် မေးမြန်းလိုက်သည်။
“ နင် အခု လူကြီးဖြစ်နေပြီ … ဒါတောင် ကိုယ့်အခန်းကိုယ် သိမ်းရကောင်းမှန်း မသိဘူးလား … “ စုန့်မင်ဟွေ့ မေးခွန်းထုတ်လိုက်၏။ “ မကြာခင် အိမ်ထောင်တောင် ပြုရတော့မယ် … ဒါတောင် နင့်အမေကို လိုက်ပြီး သိမ်းဆည်းပေးစေချင်နေသေးတာလား ဟုတ်လား …”
ကျီချင်းရန်ကို ဆူငေါက်ပြီးသည့်နောက် စုန့်မင်ဟွေ့သည် သူမ၏ အခန်းထဲသို့ ပြန်သွားခဲ့သည်။
ကျီချင်းရန်မှာ နေရာတွင် မလှုပ်မယှက် နေရင်း ကြောင်အမ်းနေလျက် ရှိ၏။
လင်းရီက တစ်ညလေးပဲ နေသွားခဲ့တာပါ … အဲ့တာကို အမေက ဘာတွေ ဖြစ်ပျက်ပြနေတာလဲတဲ့ …
သို့သော် နောက်တစ်ခဏ ကျီချင်းရန်၏ အမူအရာမှာ နေရာတွင် အေးခဲသွားခဲ့ပြီး မျက်နှာတစ်ပြင်လုံး ခရမ်းချဉ်သီးသဖွယ် ရဲမှည့်နီရဲသွားခဲ့တော့သည်။
အိပ်ရာခင်းထက်၌ နီရဲနေသည့် သွေးစွန်းကွက်တစ်ခုအား သူမ မြင်တွေ့လိုက်ရလေသည်။
ယင်းက လင်းရီ၏ သွေးများ ဖြစ်သည်မှာတော့ သံသယ ရှိရန် မလိုပေ။
သို့သော် ပြဿနာက … သူမ မိခင်မှာ မသိဘဲ နားလည်မှုလွဲနေခြင်းပင်။ ထိုအကြောင်းကို တွေးတောမိတော့ ကျီချင်းရန်၏ မျက်နှာတစ်ပြင်လုံး နီရဲသွားခဲ့ပြီး မည်သို့ မျက်နှာပြရမှန်းပင် မသိတော့ချေ။
လူကြီးတစ်ယောက်အနေဖြင့် သူမ အမေ အဘယ်ကြောင့် ဆူငေါက်သွားရလဲဆိုတာကို ချက်ချင်း နားလည်သဘောပေါက်လိုက်လေသည်။
….
ကျီချင်းရန်၏ အိမ်ထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် ရန်စီထံသို့ ဖုန်းခေါ်လိုက်၏။
“ ထပြီလား … ငါ လာတော့မလို့ …”
“ ခဏလေး … အခု လာဖို့ မလိုသေးဘူး …”
ရန်စီ၏ လေသံက ဝိုးတဝါးတားဖြစ်နေပြီး ရေကျနေသည့် အသံလည်း ကြားနေရကာ နားထောင်ရသည်မှာတော့ သူမ သွားတိုက်နေဟန်ပင်။
“ မင်း အန်တီ ဒီနေ့ ဆေးပြမယ် မဟုတ်ဘူးလား … အဲ့တာ မသွားတော့ဘူးလား …”
“ ချန်ထန် ဒီမနက်ပဲ ဖုန်းဆက်လာလို့ … သူပြောတာ သူ့ဘာသူပဲ ဂရုစိုက်ပေးလိုက်မယ်တဲ့ … အဲ့တာ နင်လာဖို့ မလိုတော့ဘူး …”
“ ဟွာရှန်း ဆေးရုံက သူ့အဆက်အသွယ်တွေက ငါ့ထက်ပိုကောင်းတာ မင်းသေချာလား …”
“ အဲ့လိုတော့ ဘယ်ဖြစ်နိုင်မှာ … ဒါပေမယ့် ဘာပဲပြောပြော ဒါက သူတို့ ကိစ္စလေ … ငါ့အန်တီနဲ့ ဘယ်လောက်ပဲ ရင်းနှီးတယ်ပြောပြော ငါက အပြင်လူ ဖြစ်နေတုန်းပဲ … သူတို့ကိစ္စ သူတို့ ဦးဆောင်တာပဲ ကောင်းပါတယ် … ဆိုတော့ နင် စိတ်ပူမနေနဲ့ …” ရန်စီ ရှင်းပြလိုက်ပြီး “ ငါ့အန်တီက ဒီတိုင်း နှလုံး မသက်မသာ ဖြစ်ရုံပါပဲဟယ် … ထွေထူးကြီးကြီးမားမားလည်း မဟုတ်တာကို တကယ်လို့ ရှုပ်ထွေးလာတယ်ဆိုရင်တော့ နင့်ကို လှမ်းခေါ်လိုက်မယ်လေ…”
“ အင်း … ဟုတ်ပြီ …”
“ အွန်း … ဒါပေမယ့် ဒီနေ့ လျှောက်သွားမနေနဲ့ဦး … အနာပြန်ပွင့်လာနေဦးမယ်… ဂရုစိုက် … ကြားလား ….”
“ မပူနဲ့ … ငါနားလည်တယ်…”
ဖုန်းပြောပြီးနောက် လင်းရီသည် သူ့ကားအား လမ်းကြောင်းပြောင်း၍ ရဲစခန်းသို့ ဦးတည်လာခဲ့လိုက်သည်။
လမ်းတွင် လီချူးဟန်က ဖုန်းခေါ်လာသည်။
မနေ့ညက အိမ်ပြန်မလာသည့်အပြင် သူ့အနာအတွက်လည်း စိတ်ပူသောကြောင့် သတင်းမေးလာခဲ့ခြင်း ဖြစ်၏။
စကားဝိုင်းကတော့ ရန်စီနှင့်အတူတူပင်။ အနာ ပြန်မပွင့်စေရန်အတွက် လင်းရီအား ဂရုစိုက်ရန် အတန်တန်မှာကြားနေလျက် ရှိသည်။
မိနစ် လေးဆယ်ခန့် မောင်းနှင်ပြီးနောက်တွင် လင်းရီသည် ရှန်းရှန်းရဲစခန်းသို့ ရောက်လာခဲ့၏။ သူ ရောက်သည့်အချိန်၌ လူတိုင်းက ကိုယ်စီ အလုပ်ရှုပ်နေကြသည်။ သို့တိုင်လည်းပဲ ပင်ပန်းနွမ်းနယ်နေသည့် အမူအရာများဖြင့် ဖြစ်ကာ တစ်ညလုံး မအိပ်စက်ရသေးသည့်ဟန်ပင်။
“ ဒီနေ့တော့ တယ်စောလှပါလားကွ လင်းရီ …”
ကျန်းဟွေ့ ကိုယ်ညောင်းဆန့်ရင်း စီးကရက် တစ်လိပ်ကို မီးညှိလိုက်သည်။
“ ဆိုစမ်းပါဦး … မင်း မနေ့ညက ခမည်းခမက်ကြီးနဲ့ ဘယ်လိုတွေများ နှစ်ပါးသွားဖြစ်ကြလဲ …”
ဤသည်ကို ကြားတော့ လီရှန်းဟွေ့နှင့် ကျူးကျွင်းချီတို့ အားပါးတရ ရယ်မောလာခဲ့ကြသည်။
ဖြိုခွင်းသည့် စစ်ဆင်ရေး၌ ခမည်းခမက်ကြီးနှင့် ဆုံတွေ့ရခြင်း … ဤသည်က အတော်လေး ပြောလို့ကောင်းမည့် ဇာတ်လမ်းတစ်ပုဒ်ပင်။
“ ထွေထူးမပြောပါဘူး .. ကျုပ်ကို တိတ်တိတ်လေး နေဖို့ပဲ ပြောတာ …” လင်းရီ ရယ်မောလျက် ဆိုလိုက်၏။
“ အခုကစပြီး မင်းဘက်မှာ ခမည်းခမက်လောင်းကြီး ရှိနေပြီဆိုတော့ အခွင့်အရေးကို ကောင်းကောင်းအသုံးချ .. “
“ ဟားဟား … အစ်ကိုဟွေ့ … ခင်များက ဘယ်လို အခွင့်အရေးယူရမလဲဆိုတာ သိနေတဲ့လူပဲ …”
အတူတကွ ရယ်မောပြီးနောက်တွင် လင်းရီသည် လီရှန်းဟွေ့ဘက်သို့ လှည့်လိုက်၏။
“ အစ်ကိုလီ … ကျုပ်တို့ မနေ့က ပိုင်ရုံရှိုကို မဖမ်းမိလိုက်ဘူးဆိုတော့ နောက် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ …”