ထင်မှတ်မထားသည့် နာရေးသတင်း
Vol. 136 Ch. 2036
“ ဒီကိစ္စက အခုလောလောဆယ်မှာ အတော်လေး ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ရပ်ပဲ …”
လီရှန်းဟွေ့ လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ မနေ့ညက စစ်ဆင်ရေး ကျရှုံးပြီးကတည်းက ငါတို့ရဲ့ သတင်းပေးနဲ့လည်း အဆက်အသွယ် ပြတ်သွားခဲ့တယ်… ကြည့်ရသလောက်တော့ သတင်းပေးက ဘက်ကူးသွားတဲ့ပုံပဲ …”
“ ဆိုတော့ … အခုလောလောဆယ် ပိုင်ရုံရှိုကို ကိုင်တွယ်နိုင်မယ့် နည်းလမ်း မရှိသေးဘူးပဲ ဆိုပါတော့ …”
“ အမှန်ပဲ …” လီရှန်းဟွေ့ တုံပြန်လိုက်သည်။ “ ငါတို့ လုပ်ရပ်က ရန်သူကို တပ်လှန့်သလို ဖြစ်သွားတော့ အခု သူ ဘယ်မှာ ပုန်းနေလဲ မသိတော့ဘူး …”
“ ဆိုတော့ အခု ဘယ်လိုလုပ်ကြမှာ .. ကျုပ်တို့ ဆက်ပြီး လိုက်ကြဦးမှာလားတဲ့ …”
“ ဒါပေါ့ကွ … ငါတို့ သေချာပေါက် ဖမ်းရမှာပေါ့ …” လီရှန်းဟွေ့ အသံကို ဖိ၍ ပြောလိုက်ပြီး “ အထက်ကလည်း အမိန့်ထုတ်လာခဲ့ပြီ … အထူးသဖြင့် ပိုင်ရုံရှိုဆိုတဲ့ကောင်ကို ဖမ်းဖို့ပဲ … ငါတို့ မြန်မြန်လေး လှုပ်ရှားမှရမှာ .. မဟုတ်ရင် အထက်က ပေးလာမယ့် ဖိအားက ခေါင်းကိုက်ချင်စရာပဲ …”
“ စုန့်ကျန်း ရဲစခန်းကရော အခြေအနေ ဘယ်လိုရှိလဲ .. နှစ်ဖက် အစည်းအဝေးရော လုပ်ပြီးပြီလား … နောက်တစ်ဆင့် အစီအစဉ်က ဘာတွေလဲတဲ့ …”
“ ဒီအခြေအနေ ရောက်မှတော့ ပူးတွဲ စစ်ဆင်ရေးတွေ လုပ်နေဖို့ မလိုတော့ပါဘူးကွာ … ပိုင်ရုံရှိုကို ဘယ်သူ အရင်တွေ့လဲ … တွေ့တဲ့ကောင် အရင်ဖမ်းပဲ …” လီရှန်းဟွေ့ ပြောဆိုလိုက်ပြီး “ ဒီလို အရေးကြီးတဲ့ အချိန်ရောက်မှတော့ ထွေထူးစဉ်းစားနေလို့ မဖြစ်ဘူး …”
လင်းရီ လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ အကယ်၍ ယခုလို ဖြစ်လာမည်ကို ကြိုသိခဲ့မည်ဆို့ပါက ဝမ်ရှုကွမ်းနှင့် ပိုက်ရုံရှိုကို ထိုညကတည်းက ကြိုပြီး ဖမ်းဆီးခဲ့ပါသည်။ ထိုသို့ဆိုပါက ပြဿနာတော်တော်များများလည်း ဖြေရှင်းပြီးသား ဖြစ်သွား၏။
သို့ပေမယ့်လည်း ပိုင်ရုံရှိုကို သူတစ်ဦးတည်း ဖမ်းဆီးနိုင်စွမ်း ရှိသဖြင့် လက်ရှိ အနေအထားက မည်သို့ပင် ဖြစ်စေကာမူ နောက်ဆုံးရလဒ်ကိုတော့ ပြောင်းလဲနိုင်စွမ်းရှိမှာ မဟုတ်ချေ။
“ နားလည်ပြီ …” လင်းရီ အညောင်းဆန့်ရင်း ပြောဆိုလိုက်ပြီး “ တကယ်လို့ တခြား မရှိတော့ဘူးဆိုရင် ကျုပ်သွားတော့မယ်…”
“ သွား … ဒါပေမယ့် မင်းဖုန်းကို ဖွင့်ထားဦး … လိုအပ်ရင် အချိန်မရွေး ဆက်သွယ်ဖို့လိုတယ်…”
လီရှန်းဟွေ့သည် လင်းရီ၏ အကျင့်စရိုက် မည်သို့ ရှိသည်ကို နားလည်ထား၏။ သူက အရေးကိစ္စများအပေါ် ပေါ့ပေါ့ပါးပါး ရှုမြင်တတ်သူပင်။ ထို့ကြောင့် သူ့အပေါ် စည်းကမ်းသတ်မှတ်ချက်တို့ဖြင့် များစွာ ချုပ်ချယ်ထားခြင်း မပြုခဲ့ပေ။ လုပ်ဆောင်ရမည့် တာဝန်ကို လျစ်လျူမရှုသရွေ့ အဆင်ပြေသည်။
“ မပူပါနဲ့ .. ကျုပ်လည်း အဝေးကြီးတွေ လျှောက်မသွားပါဘူး … ဒီတိုင်း တခြား ဌာနတွေကို လိုက်ကြည့်မလို့ ….”
“ ကောင်းပြီ သွားလေ …”
လင်းရီ လှည့်ပြီး ထွက်ခွာလာခဲ့ကာ ကျန်းဖန့်၏ ရုံးခန်းသို့ ဦးတည်လာခဲ့၏။
ကျန်းမိသားစု အမွေဆက်ခံသည့် အမှုက ယခုထိတိုင် မဖြေရှင်းရသေးဘဲ ရှိနေသည်။ ထို့ကြောင့် မည်မျှ ခရီးပေါက်နေပြီဆိုလဲဆိုတာကို စစ်ဆေးရန် ရောက်လာခဲ့ခြင်းပင်။ အဓိကကတော့ သူ့ကိုယ်သူ အားမနေဘဲ တစ်စုံတစ်ရာဖြင့် အလုပ်များနေစေရန်အတွက် ဖြစ်၏။ စနစ်က သူ့ကို မည်သည့် သတင်းအချက်အလက်မျှ မပေးလာသဖြင့် အရေးကြီးသည့် သဲလွန်စ အချက်အလက်တစ်ချို့ကို ရှာဖွေတွေ့ရှိဖို့ မျှော်လင့်နေမိသည်။ မဟုတ်ပါက မစ်ရှင်သည်လည်း ပြီးမြောက်နိုင်တော့မှာ မဟုတ်ချေ။
“ ညီကိုရီ … မင်းရောက်လာပြီပဲ …”
လင်းရီ ဝင်လာသည်ကို မြင်တော့ ကျန်းဖန့် သူ့စီးကရက်ကို ပြာခွက်ထဲသို့ ဖိချေလိုက်ပြီး နှုတ်ဆက်လာသည်။
ကျန်းဇီရှင်းလည်း ရုံးခန်းထဲတွင် ရှိနေပြီး သူမကတော့ သူမအလုပ်ဖြင့် သူမ အလုပ်များနေခဲ့သည်။
“ ဘာတွေ အလုပ်ရှုပ်နေတာ …” လင်းရီ သာမန်လျှံကာ မေးမြန်းလိုက်၏။
“ ကျန်းမိသားစု အမွေဆက်ခံတဲ့ အမှုလေ …” ကျန်းဖန့် ပြန်ဖြေလိုက်ပြီး “ ငါတို့ မိသားစု နှစ်ခုလုံးကို သေချာလေး စုံစမ်းပြီးသွားတော့ သူတို့ရဲ့ အခြေအနေကို အတော်လေးတော့ နားလည်လာပြီ …”
လင်းရီ သူ့ခွက်ထဲသို့ ရေနွေးကြမ်းတစ်ချို့ ငှဲ့လိုက်ပြီး ဆိုဖာပေါ် ထိုင်ချလိုက်သည်။
“ အသေးစိတ် ပြောပြစမ်းပါ … ငါ နားထောင်ကြည့်မယ်…”
“ သူတို့ရဲ့ နောက်ခံတွေက သန့်သန့်ရှင်းရှင်းပဲ … ကျန်းကော်ဖျင်ရဲ့ အဆိုးရွားဆုံး အမှုကတောင် အရက်မူးပြီး ကားမောင်းတာလောက်ပဲ .. ဘာမှ ထွေထူးမဟုတ်ဘူး … ကျန်းလီရှားရဲ့ သက်သေထွက်ဆိုချက်ကတော့ စစ်ဆေးကြည့်လိုက်တာ အများစုက မှန်ကန်နေတယ်… သူ့အဖေရဲ့ သေတမ်းစာကိုလည်း ဒစ်ဂျစ်တယ် မှုခင်း ဆေးပညာဌာကို ပို့ထားတယ်… မကြာခင် ရလဒ် ထွက်လာတော့မှာ …” ကျန်းဖန့် ပြောဆိုပြီးနောက် ခေတ္တရပ်နားလိုက်၏။ ထို့နောက် ဆက်ပြီး ပြောလာသည်။
“ အပေါ်ယံ မြင်နေရတဲ့ သက်သေ အချက်အလက်တွေကနေရင် ကျန်းလီရှားဘက်က ဘာအမှားအယွင်းမှ ရှိမနေဘူးဆိုတာ မြင်သာထင်ရှားတယ်… ပြီးတော့ သေတမ်းစာကလည်း သူ့အဖေကိုယ်တိုင်ကိုက ဆန္ဒရှိရှိနဲ့ ရေးထားသာ ဖြစ်ဖို့များတယ်…”
လင်းရီ တဆတ်ဆတ် ခေါင်းညိတ်လိုက်သည်။ အဆိုပါ သတင်းအချက်ကြောင့် အံ့အားသင့်သွားခဲ့ခြင်း မရှိချေ။
သူကိုယ်တိုင်လည်း ကနေဦး စုံစမ်းစစ်ဆေးမှု တချို့ ပြုလုပ်ခဲ့ဖူးပြီး အနီးပတ်ဝန်းကျင်ရှိ အိမ်နီးချင်းတို့ကလည်း သူမအကြောင်း ကောင်းသည့် စကားတို့ကိုသာ ဆိုပေးခဲ့ဖူးသည်။ သူမက ပြဿနာ ရှာတတ်သည့် လူစားမျိုးတော့ မဖြစ်နိုင်လောက်ချေ။
“ ဇီရှင်း … မင်း ကျန်းကော်ဖျင်အကြောင်း ဘာတွေ တွေ့ထားသေးလဲ .. သူ့မိသားစု အခြေအနေက ဘယ်လိုရှိလဲ …”
“ သူ့ဘက်လည်း ထွေထူး များများစားစား မရှိပါဘူး … သူက တက္ကစီဒရိုင်ဘာ … သူ့သမီးက KTV မှာ ငွေကိုင်ဝန်ထမ်း .. ဒါပေမယ့် အမွေကိစ္စအကြောင်း သိတာနဲ့ သားအဖနှစ်ယောက်လုံး အလုပ်ထွက်ပြီး ပျော်ပါးရင်းနဲ့ အချိန်ကုန်နေကြတာပဲ … သူတို့ ကြည့်ရတာ တာဝန်ယူတတ်တဲ့ မိသားစုက ဖြစ်ပုံတော့ မပေါ်ဘူး …”
“ သူတို့ အလုပ်တွေကနေ ထွက်သွားကြတယ် ဟုတ်လား … ပိုက်ဆံတွေ အကုန်လုံးက သူ့ညီမ လက်ထဲမှာလေ… ဝင်ငွေ မရှိဘဲ သူတို့ဘယ်လို နေကြလဲ …” လင်းရီ မေးမြန်းလိုက်သည်။ “ ပြီးတော့ ငါ အဲ့ဒီနေ့တုန်းက သူ့မိန်းမရဲ့ အဝတ်တွေ တွေ့လိုက်တာ အတော်လေး ဈေးနည်းမယ့်ပုံ မပေါ်ဘူး … သာမန် မိသားစုတစ်ခု တတ်နိုင်တဲ့ အရာတွေ မဟုတ်ဘူး …”
“ သူတို့ အိမ်ရောင်းထားတဲ့ ငွေတွေနဲ့ သုံးဖြုန်းနေကြတာလေ… အခု သူတို့လက်ထဲ သိမ်းထားတဲ့ ငွေတွေနဲ့ ထိုင်စားနေတာလို့ ပြောလို့ရတယ်…” ကျန်းဇီရှင်း ရှင်းပြလိုက်သည်။ “ ဒါပေမယ့် လတ်တလောတော့ ရှေ့နေနဲ့ ဆက်သွယ်ပြီး သူ့ညီမလက်ထဲက ပိုက်ဆံတွေ ပြန်ယူဖို့ ကြိုးစားနေတယ်…”
“ ရှေ့နေကို ဆက်သွယ်လည်း အကူအညီ ဖြစ်မှာ မဟုတ်ဘူး …” ကျန်းဖန့် ပြောဆိုလိုက်ပြီး “ တကယ်လို့ မှုခင်းဆေးဌာနကသာ သေတမ်းစာက တရားဝင်ဖြစ်တယ်လို့ အတည်ပြုလာခဲ့ရင် အိမ်နဲ့ ပိုက်ဆံ အကုန်လုံးက ကျန်းလီရှားအပိုင် ဖြစ်သွားမှာပဲ … သူတို့ တရားရုံးတက်နေမယ်ဆိုရင်တောင် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ….”
“ ဒါကြောင့်မို့ ကျွန်မတို့က အခု မှုခင်းဆေးဌာနရဲ့ အတည်ပြုရလဒ်ကို စောင့်နေကြတာပေါ့ …” ကျန်းဇီရှင်း ပြောလိုက်ပြီး “ ဒါပေမယ့် သေတမ်းစာရဲ့ သက်သေကို ပိုပြီး အထောက်အပံ့ဖြစ်အောင် တခြား အချက်အလက်တွေ နည်းနည်းလောက် စုဆောင်းဖို့လိုတယ်… အဲ့လိုမှ ပိုပြီး ခိုင်လုံသွားမှာ ..”
“ အင်း … ကျိန်းသေပေါက်ပဲ …”
ကျန်းဖန့် သူ့ထိုင်ခုံ နောက်ကျောသို့ မှီရင်း သက်ပြင်းချလိုက်သည်။
“ လူတွေက တဖြည်းဖြည်းနဲ့ အတ္တကြီးလာကြပြီပဲ … သူတို့ မိဘတွေ အသက်ကြီးပြီး ဂရုစိုက်ပေးဖို့ လိုအပ်လာတဲ့ အချိန်ကျ ကျေပွန်ရမယ့် ဝတ္တရားကို ရှောင်လွဲကြတယ်… ဒါပေမယ့် သေတမ်းစာနဲ့ ပတ်သက်လာပြီဆိုရင်တော့ အရှက်မရှိ သူတို့ ရနိုင်သလောက် ယူချင်ကြတယ်… စက်ဆုပ်စရာပဲ …”
“ ဒီရဲ့ ကျန်းကော်ဖျင်က တကယ့်ကို သောက်သုံးမကျတဲ့လူပဲ … စဉ်းစားဉာဏ် နည်းနည်း ရှိတဲ့လူတိုင်း ဘယ်သူမှ အဲ့လို ပြုမူမှာ မဟုတ်ဘူး …” ကျန်းဇီရှင်း မှတ်ချက်ပြုလိုက်သည်။
“ အတိအကျပဲ … “ ကျန်းဖန့် ပြောဆို၍ “ ချမ်းသာတဲ့ မိဘတွေရဲ့ ကလေးသားသမီးတွေဆိုရင် စောင့်ရှောက်ချင်လွန်းလို့ကို အဲ့ဒီအခွင့်အရေးအတွက် ရန်ဖြစ်နေကြတာ … နေ့တိုင်း ဆေးရုံမှာ ဂရုစိုက်ပေးပြီး သူတို့ရဲ့ စိတ်စေတနာကို မြင်သာအောင် ပြကြတယ်… ဒါပေမယ့် ဒီငနဲကတော့ … လိုအပ်တဲ့အချိန်ကျတော့ ပေါ်မလာဘဲ အမွေဆက်ခံရမယ်ဆိုတဲ့ အချိန်ကျမှ သားအကြီးပါဆိုပြီး ခေါင်းစဉ်တပ်လာယ်.. ငါတော့ သူ့အစား ရှက်လွန်းလို့ …”
ကျန်းဖန့် ပြောပြီးနောက် ခစ်ကနဲ ရယ်မောလိုက်သည်။ “ ဒါပေမယ့် တစ်ချက် ချီးကျူးရမှာက သူ့အဖေ ပထမတစ်ခေါက် နာမကျန်း ဖြစ်တဲ့အချိန် ကျိုးဟိုင် ပထမဆေးရုံဆီ ပို့ပေးခဲ့တဲ့ ကိစ္စပဲ … အဲ့တစ်ချက်တော့ မဆိုးဘူး .. အဲ့တာကလွဲပြီးလည်း ပြောစမတ်ပြုလောက်စရာဆိုလို့ ဘာမှလည်း မရှိဘူး …”
“ အဲ့တာကြောင့်မို့ သူ့ကို စဉ်းစားတတ်တဲ့ ဉာဏ်မရှိဘူးဆိုပြီး ပြောတာပေါ့ …” ကျန်းဇီရှင်း သရော်လိုက်ပြီး “ ကျွန်မတို့က အခု တရားဥပဒေစိုးမိုးတဲ့ အစိုးရလက်အောက်မှာ ရှိနေတာ … အရင်လို မြေရှင်ပဒေသရာဇ်စနစ် လက်အောက်ခံလည်း မဟုတ်ဘဲနဲ့ကို သူ ဦးနှောက်က ဘယ်လိုအရာတွေ စဉ်းစားနေမှန်း တကယ်ကို နားမလည်တော့တာ … ထမင်းစားပြီး ကြီးပြင်းလာတာမှ ဟုတ်ရဲ့လား မသိဘူး …”
“ ငါတော့ ဒါက ကျန်းကော်ဖျင်ရဲ့ အကြံဉာဏ်လို့ မထင်ဘူး .. သူ့ဇနီးက နောက်ကွယ်ကနေ ထိန်းချုပ်နေတာလို့ ထင်တယ်…”
“ နင် ပြောချင်တဲ့ သဘောက …”
“ ကျန်းကော်ဖျင်က အမှိုက် ဖြစ်ရင် ဖြစ်မယ်… ဒါပေမယ့် ဒီလောက်ထိ ဉာဏ်များ ကောက်ကျစ်တတ်မယ်လို့ ငါ မယုံဘူး … ဒါတွေ အကုန်လုံးက သူ့ဇနီးရဲ့ စနက်တွေပဲ ဖြစ်ရမယ်… သူ့အဖေကို ရောဂါဖြစ်တဲ့အချိန် မကုဘဲ ပြစ်ထားခိုင်းပြီး သေမှ အမွေတွေ လက်ဝါးကြီး အုပ်ပစ်ချင်တာပေါ့ …”
“ အင်းနော်… အဲ့လိုလည်း ဖြစ်နိုင်တာပဲ …” ကျန်းဇီရှင်း ပြောဆိုလိုက်ပြီး “ ငါ သူတို့ မိသားစုဆီ သွားစုံစမ်းတုန်းက သူ့မိန်းမက တကယ့်ကို ကောက်ကျစ်မယ့် မျက်နှာကြန်အင်နဲ့ .. မျက်နှာမှာ မိတ်ကပ်ဆိုတာလည်း လိမ်းထားတာ ထူပိန်းနေတာပဲ … ရွံစရာကြီး …”
“ ကဲ … တော်လောက်ပြီ … မင်းတို့နှစ်ယောက် အတင်းတုပ်နေတာတွေ တော်ကြတော့ …” လင်းရီ အပြုံးလေးဖြင့် ပြောဆိုလိုက်ပြီး “ အမှုက ပိတ်လုနီးပါး ဖြစ်နေပြီ ဆိုမှတော့ အချိန်ဆွဲမနေနဲ့တော့လေ … ကျန်းလီရှားကိုပဲ သူနဲ့ ထိုက်တန်တဲ့ တရားမျှတမှု ရအောင် လုပ်ပေးလိုက်ပေါ့ …”
“ ညီကိုရီ ပြောတာ မှန်တယ်… သူများ ကိစ္စကြောင့်နဲ့ ကိုယ့်စိတ်အခြေအနေအပေါ် သက်ရောက်မှု ရှိစရာ အကြောင်း မရှိဘူး … ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့ဒီ အမွေတွေ ငါတို့လည်း တစ်ပြားတစ်ချပ် ရမှာလည်း မဟုတ် . . . .. “
ကလင် ကလင် ကလင် ..
ကျန်းဖန့် စကားပြောဆိုနေစဉ်မှာပဲ ဖုန်းမြည်သံက သူ့စကားကို နှောင့်ယှက်လာသည်။
“ ကျန်းလီရှား ဖုန်းခေါ်လာတာပဲ ..”
သူ့ကိုယ်သူ ရေရွတ်ရင်း ကျန်းဖန့် ဖုန်းဖြေလိုက်သည်။
“ ခင်များ ဘာပြောတယ်… လူသေသွားပြီ ဟုတ်လား …”