← Chapters

ပရော်ဖက်ရှင်နယ်ဆန်တယ်ဆိုတာ ဘာကိုခေါ်တာလဲ

Vol. 136 Ch. 2037

ပရော်ဖက်ရှင်နယ်ဆန်တယ်ဆိုတာ ဘာကိုခေါ်တာလဲ

Vol. 136 Ch. 2037

ကျန်းဖန့်၏ ထိတ်လန့်တကြား မြည်တမ်းသံက လင်းရီနှင့် ကျန်းဇီရှင်းတို့ နှစ်ဦးလုံးကို အံ့အားတကြီး ဖြစ်သွားစေခဲသည်။ သူတို့၏ အာရုံက ကျန်းဖန့်ထံ ကျရောက်သွားခဲ့ကြပြီး ဘာဖြစ်သွားခဲ့လဲ ဆိုတာကို သိချင်နေလေသည်။

ဟွာရှကဲ့သို့ တရားဥပဒေ တင်းကြပ်သည့် နိုင်ငံတစ်နိုင်ငံ၌ သေမှုသေခင်း ဖြစ်စဉ်တို့မှာ အင်မတန် လေးနက်သည့် ကိစ္စရပ်တစ်ခုပင်။

“ ဟုတ်ပြီ ဟုတ်ပြီ … ခင်များ အချိန်ယူပြီး ဖြည်းဖြည်းချင်း ရှင်းပြ…”

ကျန်းဖန့် မျက်မှောင်ကြုတ်လျက် မိနစ်ဝက်မျှ ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် စကားဆက်ပြောလာခဲ့၏။

“ ကောင်းပြီ … ကျုပ်ကို ဆေးရုံမှာ စောင့်နေ … ကျုပ် အခု လာနေပြီ …”

“ အစ်ကိုဖန့် … ဘာဖြစ်တာလဲတဲ့ …"

ဖုန်းချပြီးသည့်နောက် ကျန်းဇီရှင်းက မေးမြန်းလာခဲ့သည်။

“ ကျန်းလီရှားရဲ့ ခင်ပွန်းက ဆေးရုံမှာ ဆုံးသွားပြီ …”

အဆိုပါ သတင်းက သူတို့နှစ်ဦးလုံးကို အံ့အားသင့်သွားစေခဲ့သည်။ ရုတ်တရက်ကြီး ယခုလို နာရေးသတင်း ကြားလိုက်ရမည်ဟူ၍ မည်သူကမျှ ထင်မှတ်မထားကြပါချေ။

“ ဘာကြောင့်သေသွားခဲ့တာလဲ‌ရော ပြောသေးလား …” လင်းရီ မေးမြန်းလိုက်သည်။

“ သူ့ အမျိုးသားက ပြင်းထန်တဲ့ ပန်ကရိယ ဝေဒနာကို ခံစားနေရတာ … မနေ့တုန်းကပဲ ခွဲစိတ်ပြီး ICU ထဲ လွှဲပြောင်းခဲ့တယ်… ဒါပေမယ့် ဒီမနက်ခင်းမှာပဲ ဆုံးသွားခဲ့တယ်…”

“ အဲ့တာက ပုံမှန်ပဲ မဟုတ်ဘူးလား …” ကျန်းဇီရှင်း မှတ်ချက် ပေးလိုက်ပြီး “ ပြင်းထန်တဲ့ ပန်ကရိယ ဝေဒနာသည်က အသက်ရှင်နိုင်ချေ အရမ်းနည်းတယ်… ပြီးတော့ ICU ဆိုတာ သူတို့ အများစုရဲ့ နောက်ဆုံးမှတ်တိုင်ပဲ … အဲ့တာကို ရဲဆီ ဘာလို့ ဖုန်းခေါ်လာတာလဲတဲ့ …”

“ ဒါပေမယ့် သူဖုန်းထဲ ပြောတာတော့ ကျန်းကော်ဖျင်က သူ့အမျိုးသားကို သတ်လိုက်တယ်ဆိုပြီး ပြောနေတာပဲ … ဒီကိစ္စကို ရဲစခန်းမှာ အမှုဖွင့်ချင်နေတယ် …”

“ ဘာကြီး …” ကျန်းဇီရှင်း အံ့အားတကြီး မြည်တမ်းလိုက်မိသည်။

“ နှစ်ဖက်က အစေးမကပ်ကြဘူးဆိုရင်တောင်မှ ဒီလိုမျိုး လူသတ်ပါတယ်ဆိုပြီး စွပ်စွဲတာကြီးကတော့ များသွားပြီ … သူ့ အမျိုးသားက ICU မှာ ရှိနေတာကို ကျန်းကော်ဖျင်က ဘယ်လိုသတ်နိုင်မှာလဲ … အဲ့မိန်းမ စိတ်လွတ်သွားပြီလား …”

“ ငါလည်း အဲ့လို ထင်တာပဲ …” ကျန်းဖန့် တုံ့ပြန်လိုက်သည်။ “ ဒါပေမယ့် ထင်ကြေးပေးနေလို့လည်း အသုံးမဝင်ဘူး … ဆေးရုံသွားပြီး ကိုယ်တိုင် သွားကြည့်ကြတာပေါ့ … ဘာပဲဆိုဆို လူတစ်ယောက်သေတယ်ဆိုတာ အရေးကြီးတဲ့ ကိစ္စပဲလေ… သေချာလေး စုံစမ်းဖို့လိုတယ်…”

ကျန်းဇီရှင်း ခေါင်းညိတ်လိုက်သည်။ “ အစ်ကိုရီကော ကျွန်မတို့နဲ့ လိုက်ခဲ့ဦးမလား ….”

“ သွားကြတာပေါ့ … ငါလည်း တခြား လုပ်စရာမရှိသေးတာနဲ့ အတော်ပဲ …”

ဆုံးဖြတ်ချက် ချမှတ်ပြီးသည်နှင့် နှစ်ဦးမှာ ကျိုးဟိုင် ပထမ ဆေးရုံသို့ မောင်းနှင်လာခဲ့ကြသည်။ ထိပ်တန်းဆေးရုံတစ်ခု ဆိုသော်လည်းပဲ ဟွာရှန်းဆေးရုံနှင့် အဆင့်တူတွင် ရှိမနေချေ။

ဆေးရုံသို့ ရောက်ရှိလာသည်တွင် အသည်းနှင့် ပန်ကရိယ ခွဲစိတ်ကုသဌာနသို့ ဦးတည်လာခဲ့ပြီး ထိုနေရာတွင် ကျန်းလီရှားနှင့် သူ့သား လီချောင်ဖြစ်သူတို့နှင့် တွေ့ဆုံသည်။

၎င်းတို့ကိုယ်စီ၏ အမူအရာကတော့ တစ်ယောက်တစ်မျိုး ဖြစ်နေလျက်ရှိ၏။ ကျန်းလီရှားက ခင်ပွန်းဖြစ်သူ၏ စောလျင်စွာ ထွက်ခွာသွားမှုကြောင့် ယူကျုံးမရဖြစ်စွာ ငိုကြွေးနေပြီး သားဖြစ်သူ လီချောင်ကတော့ သူမဘေးတွင် နှုတ်ဆိတ်လျက် မတ်တပ်ရပ်နေသည်။ သူ့မျက်နှာ အမူအရာမှာတော့ မည်းမှောင်နေလျက် ရှိပြီး မုန်တိုင်းမလာမီ ငြိမ်သက်နေသကဲ့သို့ ထင်ရ၏။

“ အရာရှိကြီးတို့ … ရှင်တို့ ကျွန်မ ယောက်ျားကို တရားမျှတအောင် လုပ်ပေးရမယ်နော်…”

လင်းရီနှင့်ကျန်းဖန့်တို့ကို မြင်သည်တွင် ကျန်းလီရှား ငိုကြွေးပြီး တိုင်တန်းလာသည်။

“ ကျွန်မ ယောက်ျားကို သူတို့ သတ်ပစ်ကြတာ … ကျွန်မတို့အတွက် တရားမျှတအောင် လုပ်ပေးရမယ်…”

“ စိတ်ကို ငြိမ်ငြိမ်ထားပါ အစ်မကြီး … ကျုပ်တို့ ဒီကိစ္စကို သေချာစုံစမ်းပါ့မယ်…” ကျန်းဖန့် ပြောဆိုလိုက်သည်။ “ ငိုနေတာက ဘာပြဿနာကိုမှ မဖြေရှင်းနိုင်ဘူး …”

“ ဇီရှင်း … မင်း ဒီမှာနေပြီး အသေးစိတ်အချက်အလက်တွေ သိရအောင် စုံစမ်းထားလိုက် .. ငါ ဒေါက်တာနဲ့ စကားသွားပြောလိုက်ဦးမယ်…”

“ ဟုတ် အစ်ကိုရီ …”

ကျန်းဇီရှင်းနှင့် လီချောင်တို့သည် ကျန်းလီရှားကို ဘေးတွင် ထိုင်ရန် ကူညီပေးလိုက်ပြီး လင်းရီနှင့် ကျန်းဖန့်တို့ကတော့ သမားတော်နှင့် သွားရောက်တွေ့ဆုံသည်။

သမားတော်၏ နာမည်က လျိုရွေ့ ဖြစ်၏။ အနည်းငယ် ဝိတ်လွန်သည့် ခန္ဓာကိုယ်နှင့် ဖြစ်ပြီး ကိုင်းမျက်မှန်ကို ဝတ်ဆင်ထားကာ ဆိုစမတ်ပြုရလောက်သည့် ကြန်အင်လက္ခဏာတို့ ရှိမနေချေ။

“ အရာရှိကြီးတို့ … ကျေးဇူးပြုပြီး ထိုင်ကြပါဦး …”

ထိုင်ခုံတွင် ထိုင်ပြီးသည့်နောက် လင်းရီ စတင်မေးမြန်းလိုက်သည်။

“ ဒါရိုက်တာလျို … လူနာရဲ့ အခြေအနေကို တစ်ချက် ပြောပြပေးပါလား …”

“ မနေ့က ကျုပ်တို့ လူနာကို အစာအိမ်အူလမ်းကြောင်း ခွဲစိတ်မှုကို လုပ်ဆောင်တယ်… ဒါပေမယ့် ခွဲစိတ်မှု မစတင်ခင်မှာပဲ အဆုတ် နဲ့ နှလုံးက သူတို့ရဲ့ ကိုယ်စီ လုပ်ငန်းတာဝန်တွေကို ဆက်ပြီး မလုပ်ဆောင်နိုင်တော့တဲ့ လက္ခဏာတွေ ပြသလာတယ်.. ဒီရဲ့ ခွဲစိတ်မှုက အင်မတန် အန္တရာယ်များတယ်… ပြီးတော့ ကျုပ်တို့ ခွဲစိတ်မှု မလုပ်ဆောင်ခင်မှာ လူနာကိုလည်း ကြိုပြီး အသိပေးခဲ့ပါတယ်…” လျိုရွေ့က ရှင်းပြလိုက်သည်။ “ ဒါကြောင့်မို့ ဒီနေ့ရလဒ်က ကံမကောင်းခဲ့ဘူးဆိုပေမယ့် ကျုပ်တို့ မျှော်မှန်းထားတဲ့ အတိုင်းအတာထဲမှာပါပဲ … လူနာက ကွယ်လွန်သွားတာဆိုတော့ မိသားစုဝင်ရဲ့ စိတ်အခြေအနေကို ကျုပ်တို့လည်း နားလည်ပါတယ်… သူတို့လည်း လက်ခံရ ခက်ခဲနေမှာပေါ့ …”

“ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဆက်ပြီး မစွမ်းဆောင်နိုင်တော့တဲ့ လက္ခဏာတွေ ပြလာတာကိုတောင်မှ ခင်များတို့က ဘာလို့ ခွဲစိတ်မှုကို ဆက်ပြီး လုပ်ဆောင်ခဲ့သေးလဲ …” ကျန်းဖန့် မေးမြန်းလိုက်သည်။

“ အင်္ဂါရပ်တွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာက ပန်ကရိယနဲ့ အူလမ်းကြောင်း ရောင်ရမ်းမှု ပြဿနာကြောင့်ပါ … ခွဲစိတ်မှုလုပ်မယ်ဆို အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက် နည်းနည်းလေး ရှိသေးတယ်… မလုပ်ဘူးဆိုရင်တော့ သေမှာ ကျိန်းသေပေါက်ပဲ …”

လင်းရီ ပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။ လျိုရွေ့ ရှင်းပြသွားခဲ့သည် အဓိပ္ပာယ်ရှိသည်။ ယင်းက စံချိန်စံနှုန်း ပြည့်မီသည့် ကုသမှု အစီအစဉ်ဖြစ်ပြီး သံသယ ဝင်စရာကောင်းသည့် မည်သည့်အရာကိုမျှ မြင်တွေ့ရခြင်း မရှိချေ။

လက်ဆုပ်လက်ကိုင် ရှိနေသည့် သက်သေ အထောက်အထားတို့အရ မည်သည့် ပြဿနာမျှ ရှိမနေချေ။ ကျန်းလီရှား၏ စွပ်စွဲမှုက အခြေအမြစ်မဲ့သည့် စွပ်စွဲမှု တစ်ခု ဖြစ်၏။

“ ဒါရိုက်တာလျို .. လူနာ ဆေးရုံစတက်ပြီး မသေခင် အချိန်အထိ ရှိနေတဲ့ လူနာရဲ့ ဆေးမှတ်တမ်းကို ကျုပ်တို့ တစ်ချက် ကြည့်လို့ရမလား …” လင်းရီ မေးမြန်းလိုက်သည်။

“ ဒါပေါ့ …” လျိုရွေ့ ခွန်းတုံ့ပြန်လိုက်ပြီး “ ကျုပ် လက်ထောက်ကို ကော်ပီတစ်စုံ ပြင်ခိုင်းလိုက်မယ်…”

“ ကျေးဇူးပါပဲ … အဲ့တာက အတော်လေး အကူအညီ ဖြစ်စေပါတယ်…”

ဆယ်မိနစ်ခန့် ကြာပြီးသည့်နောက် ငယ်ရွယ်သည့် ဒေါက်တာတစ်ဦးက အညိုရောင် ဖိုင်စာအိတ်ကို သယ်ဆောင်လျက် အခန်းထဲသို့ ရောက်လာသည်။

လျိုရွေ့ စာအိတ်ကို လင်းရီနှင့် ကျန်းဖန့်ထံသို့ ကမ်းပေးလိုက်ပြီး ယုံကြည်ချက် အပြည့်ဖြင့် ဆိုလိုက်၏။

“ ဆေးမှတ်တမ်းတွေ အားလုံး ဒီမှာပါ … ကြိုက်တဲ့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးကြည့်လို့ရပါတယ်… ဒါပေမယ့် အရာရှိကြီးတို့ စိတ်ချ … ကျုပ်ရဲ့ ကုသမှုက လုံးဝကို အမှားယွင်းကင်းတယ်…”

“ ဘယ်ကျွမ်းကျင်သူနဲ့မှ ဆွေးနွေးစရာမလိုဘူး … ကျုပ်ဘာကျုပ် ကြည့်ပြီး နားလည်တယ်…”

“ အမ် … အရာရှိကြီးကလား …”

လျိုရွေ့ အံ့အားသင့်သွားခဲ့ရသည်။ ရဲအရာရှိတစ်ယောက်က ဆေးမှတ်တမ်းတွေကို နားလည်နေတယ်ပေါ့။ ဒီနေ့ခေတ်မှာ ရဲအရာရှိ ဖြစ်ဖို့က ဒီလောက်တောင် တင်းကြပ်နေပြီလားဟ။

လင်းရီ စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။ စာဖိုင်အထူက လေးစင်တီမီတာခန့်လောက် ရှိ၏။

လူအများစုကတော့ စာရွက်ပေါင်းများစွာနှင့် ဘာမှန်းမသိသည့် အစဉ်ဇယားတို့ကိုကြည့်ရင်း ဦးနှောက်ခြောက်သွားနိုင်သည်။ လက်ရှိ ကျန်းဖန့် ဖြစ်နေသကဲ့သို့ပင်။

သူ့အတွက် ဤအရာက ဂြိုဟ်သား ဘာသာစကားသဖွယ် ဖြစ်နေခဲ့သည်။

သို့သော် လင်းရီအတွက်ကတော့ ကလေးကစားစရာလေးမျှသာ ဖြစ်၏။ မိနစ်ပိုင်းအတွင်းမှာပဲ အရေးကြီးသည့် သတင်းအချက်အလက်များအားလုံးကို ခေါင်းထဲ မှတ်ပြီးသွားခဲ့ချေပြီ။

သို့သော် အရာအားလုံးကို စစ်ဆေးကြည့်ရှုပြီးသည့်တိုင် သံသယ ဝင်ဖွယ်ရာ မည်သည့်အချက်အလက်ကိုမျှ လင်းရီ မမြင်တွေ့ရချေ။

လျိုရွေ့ ဤမျှ ယုံကြည်ချက် ပြည့်ဝနေသည်မှာ ထူးဆန်းသည်လို့တော့ မဆိုသာပေ။

“ ဆေးကုသမှု အစီအစဉ်ကနေ အကဲဖြတ်ကြည့်ရသလောက်တော့ ခွဲစိတ်မှုက အောင်မြင်တယ်… လူနာရဲ့ အခြေအနေနဲ့ဆို အနည်းဆုံး ICU ထဲမှာ လေးဆယ့်ရှစ်နာရီလောက်တော့ အသက်ရှင်ဦးမှာပဲ … ဒါပေမယ့် ၂၄ နာရီ အတွင်းမှာပဲ သေဆုံးသွားခဲ့တယ်ဆိုတော့ ခင်များ ဒီရဲ့ ကွာဟချက်ကို တွေးကြည့်ဖူးလား …”

လင်းရီ၏ မေးခွန်းထုတ်လာမှုကြောင့် လီရွေ့ အံ့အားသင့်သွားခဲ့၏။

ရဲအရာရှိ တစ်ယောက်က လူနာမှတ်တမ်းများမှတဆင့် ဤမျှ မှန်ကန်သည့် အမြင်ဆုံးဖြတ်ချက်ကို ရရှိနေလိမ့်မည်ဟူ၍ မျှော်လင့်မထားခဲ့ပါချေ။ အရည်အချင်း ရှိ၍ ဘေးတွင် ခေါ်ယူထားသည့် သူ့လက်ထောင်သည်ပင် ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။

“ အရာရှိကြီး … အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် ကျုပ်လည်း အဲ့တာကို နည်းနည်း ဇဝေဇဝါ ဖြစ်နေတာပဲ …” လီရွေ့ ဝန်ခံလိုက်သည်။

“ ကျုပ် ဆေးကုသလာတဲ့ အတွေ့အကြုံတွေ အရဆိုရင် ခွဲစိတ်မှုက အဆင်ပြေပြေနဲ့ ဖြစ်သွားသင့်တာ .. ပြီးတော့ လူနာဆီမှာလည်း အသက်ရှင်နိုင်ချေမြင့်မားတဲ့ အခွင့်အလမ်းတွေ ရှိနေတယ်… အခြေအနေက ရှုပ်ထွေးလာရင်တောင်မှ အနည်းဆုံး ၄၈ နာရီကနေ ၇၂ နာရီလောက်အထိတော့ အသက်ရှင်သွားသင့်တယ်… ကျုပ်လည်း ဒီလိုမျိုး သေသွားတာကို ပြန်ပြီး ဆန်းစစ်နေတုန်းပဲ …”

“ ဒါရိုက်တာလျို … ဒါကို ဆေးပညာ ပေါ့ဆမှု အဖြစ် ယူဆလိုက်လို့ရမလား …”

“ ဒါက …”

လျိုရွေ့ ကိုးရို့ကားယား ပြုံးပြလာကာ “ အရာရှိကြီး … အဲ့စကားက နည်းနည်းတော့ ကြမ်းတယ်နော်…. ခွဲစိတ်မှုတွေတိုင်းက အမြဲတမ်း အန္တရာယ် ရှိတာပဲလေ… သွားလေးတစ်ချောင်းနှုတ်တာတောင် အမြင်ကွယ်သွားတဲ့အထိ ဖြစ်တတ်တာကို ပန်ကရိယ ဝေဒနာသည်ဆိုရင်တော့ ပြောမနေနဲ့တော့ …”

ကျန်းဖန့် နှုတ်ခမ်းကို ဖိကိုက်လိုက်၏။ လီရွေ့ ရှင်းပြသွားသည်ကလည်း ယုတ္တိရှိနေပြန်သည်။

“ ရောဂါကို ခွဲခြမ်းစိတ်ဖြာ ပြီးပြီလား …”

“ အင်း … နမူနာကို ရောဂါခွဲခြမ်းစိတ်ဖြာတဲ့ ဌာန ပို့ထားပြီးပြီ … ဒါပေမယ့် ကျုပ်ရဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး ပြောရမယ်ဆိုရင်တော့ သူက ကင်ဆာဖြစ်ဖို့ လမ်းကြောင်းပေါ်ကို ရောက်နေပြီ …”

လင်းရီနှင့် စကားပြောနေစဉ်တွင် လီရွေ့သည် ပိုပြီး ပရော်ဖက်ရှင်နယ် ဆန်နေသည်။

ကျန်းဖန့်ထံ၌ တူညီသည့် ကျွမ်းကျင်မှုတို့ ရှိမနေသည်မှာ သိသာလှ၏။

လင်းရီ ခေါင်းတဆတ်ဆတ်ညိတ်ရင်း စာရွက်များအား ကိုင်ကြည့်လျက် ရှိကာ စက္ကန့်အနည်းငယ်ကြာ တုံ့ဆိုင်းပြီးနောက် စကားစလာခဲ့၏။

“ ဒါရိုက်တာလျို … ခွဲစိတ်မှုပြီးတော့ ICU မှာ တာဝန်ကျတဲ့ ဒေါက်တာနဲ့ နာ့စ်တွေက ဘယ်သူတွေလဲ … ကျုပ်သူတို့ရဲ့ အချက်အလက်တွေ ကြည့်ချင်တယ်…”

All Chapters