ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်ပေးမယ်
Vol. 136 Ch. 2039
“ နင့်ရည်းစားကို ဘာလို့ ဒီခေါ်လိုက်တာလဲ ..” ထန်လိ အနည်းငယ် သဘောမကျစွာ မေးမြန်းလာခဲ့သည်။“ ထွေထူး ကိစ္စလည်း မဟုတ်တာကို သူ့ကို ဒုက္ခပေးဖို့ မလိုပါဘူး …”
ထန်လိမှာ ရန်စီကို ဤကိစ္စထဲသို့ စွဲသွင်းမိသဖြင့် အတော်လေး အားတောင့်အားနာ ဖြစ်ရသည်။ ယခု သူမ ကောင်လေးကပါ ပတ်သက်လာပြီ ဖြစ်သဖြင့် သူမအား ပို၍ပင် နေရခက်သွားစေသည်။
“ ဒုက္ခပေးတယ်လို့ မခေါ်ပါဘူး … သူက ဒီရက်ပိုင်း အချိန်တွေ တအားပေါနေတာ … ကိစ္စ မရှိပါဘူး …” ရန်စီ သူမအား နှစ်သိမ့်ပေးလိုက်ပြီး “ ပြီးတော့ အန်တီ့ကို လာပြီး ဂရုစိုက်ပေးတာက ပုံမှန်ပဲ မဟုတ်ဘူးလား …”
“ ဒါပေမယ့် သူ လာတော့ရော ဘာထူးမှာ .. ထန်ထန်လည်း ဒီမှာ ရှိနေတာကို သူလာလို့လည်း အပိုပဲကို …” ကျိုးရှင်းယွီ သဘောမကျစွာဖြင့် ပြောဆိုလာခဲ့၏။
“ ဝမ်းကွဲ …. မင်း သူ့ကို ဖုန်းပြန်ဆက်လိုက်ပါလား … သူ တကယ်ကြီး ဒီကို လာဖို့ မလိုတာ … ငါတို့လည်း လိုအပ်နေတာမှ မဟုတ်တာ …” ချန်ထန်လည်း ဖြည့်စွက် ပြောဆိုလာခဲ့သည်။ “ ဒီ မနက်ခင်းမှာ ငါနဲ့ ဒေါက်တာမာ ဘယ်လောက် သဟဇာတ ဖြစ်ထားလဲ မင်းလည်း အမြင်ပဲ … လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီးသွားရင် ဘာမှားနေလဲဆိုတာ ငါတို့ သိရပြီလေ.. အလကားနေ အလကား စိုးရိမ်နေဖို့ မလိုပါဘူး …”
“ ပြောတောင် ပြောပြီးနေမှတော့ လာခိုင်းလိုက်တော့မယ်… သူ့ကို တကူးတကကြီး ပြန်မောင်းထုတ်လို့ကလည်း မကောင်းဘူးလေ…”
ပုံမှန်ဆိုပါက ရန်စီ ဤမျှ ခေါင်းမာနေမှာ မဟုတ်ချေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ကွဲပြား၏။ များပြားသည့် စစ်ဆေးမှုတို့ ပြုလုပ်ပြီးသည့်တိုင် ရောဂါကို အဖြေရှာမရနိုင်သေးသည်က ရန်စီအား ပိုပြီး မသက်မသာ ဖြစ်စေသည်။
တစ်ခုခု အကြီးအကျယ် မှားယွင်းသွားမှာကို စိုးရိမ်နေမိသည်။
အကယ်၍ လင်းရီသာ ဤနေရာတွင် ရှိမည်ဆိုပါက သူမလည်း စိတ်သက်သာရလိမ့်မည်။ ထို့ကြောင့် ခေါင်းမာနေရခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေ သူတို့က ဆရာဝန်ပြရန် ရောက်လာကြခြင်း ဖြစ်ပြီး ဂရုမစိုက်ဘဲ နေ၍ မရချေ။
“ ဒါပေမယ့် ငါ့အထင်တော့ . . . .”
“ တော်ပြီ ရှင်းရှင်း … ရပ်လိုက်တော့ .. မင်းရဲ့ ဝမ်းကွဲပြောတာကို နားထောင်လိုက် …” ချန်ထန် ကြားဖြတ်ပြောဆိုလာခဲ့ပြီး သူ့နာရီကို တစ်ချက် ကြည့်လိုက်သည်။
“ မစောတော့ဘူး … စစ်ဆေးမှု ရလဒ်လည်း အခုလောက်ဆို ထွက်လာလောက်ရောပေါ့ … သွားယူပြီး ငါ့သူငယ်ချင်း ကြည့်ရအောင် သွားပြကြစို့ ..”
“ အခုက နေ့လည်စာစားတဲ့အချိန်ကြီးလေ … ငါတို့ အခုသွားရင် သူ အနားယူတာကို အနှောင့်အယှက် ပေးသလို ဖြစ်သွားမှာပေါ့ … နည်းနည်းလောက် ထပ်စောင့်သင့်တယ် ထင်တယ်နော်…” ထန်လိ အကြံပေးလိုက်သည်။
“ အားနာနေစရာ မလိုပါဘူးအန်တီရယ် .. ကျုပ်တို့ချင်းက ရင်းနှီးတဲ့ မိတ်ဆွေတွေပါ … ဒါတွေ မလိုဘူး … အခုပဲ သွားကြစို့ …”
“ ကဲပါလေ… ဒါဆိုလည်း သွားကြတာပေါ့ …”
ချန်ထန် ဘေလ်ရှင်းရန် ထသွားခဲ့သည်။ ထို့နောက် လေးယောက်သား ဟိုင်ရန် မျှော်စင်က ထွက်လာ၍ ဟွာရှန်းဆေးရုံသို့ ထွက်လာခဲ့လေသည်။
ရန်စီနှင့် ထန်လိတို့ကတော့ ရှေ့မှဦးဆောင်ရင်း ရောဂါအကြောင်းကို ပြောဆိုနေလျက် ရှိကာ ချန်ထန်နှင့် ကျိုးရှင်းယွီတို့ စုံတွဲကတော့ နောက်မှ တိတ်ဆိတ်လျက် လိုက်ပါလာသည်။
“ ထန်ထန် … နင် စောနတုန်းက ဘာလို့ ငါ့စကားကို ဖြတ်ပြီး ပြောတာလဲ …” ကျိုးရှင်းယွီ မေးမြန်းလိုက်၏။ “ ငါတော့ အဲ့လူကို မမြင်ချင်ဘူး … သူ့ကို မြင်လိုက်တိုင်း အလိုလို ဒေါသထွက်လာလို့ …”
ယမန်နေ့ ဖူရုံရှန်း စားသောက်ဆိုင်ရှိ ဖြစ်ရပ်ကို တွေးမိလိုက်တိုင်း သူမမှာ စိတ်ထဲ ရှက်ရွံ့မိစမြဲပင်။ လင်းရီကို ထပ်ပြီး မြင်တွေ့ရဦးမည်ဟူသော အတွေးက သူမကို အတော်လေး ဒေါသထွက်စေသည်။
“ ငါလည်း အစကတော့ သဘောမတွေ့ဘူး … ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်တော့ သူ ရောက်လာကတည်း ဆိုးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး …”
“ ဒါဆို ကောင်းတဲ့ ကိစ္စလား .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
“ တွေးကြည့် … ငါ့ မိတ်ဆွေက ဒီမှာ အလုပ်လုပ်နေတယ်… ဒါ နာမည်ကြီး ဟွာရှန်းဆေးရုံနော်… သူသာ ရောက်လာလည်း ဘေးက ရပ်ကြည့်ပြီး တောက်တိုမယ်ရ နည်းနည်းပါးပါးပဲ လုပ်ပေးနိုင်မှာ … ငါတို့က စပေါ့လိုက် မီးရောင် အောက်မှာ ရှိနေမယ့်လူတွေပဲ … မင်းကိုယ်မင်းလည်း ဝမ်းကွဲထက် ပိုသာတဲ့လူဆိုတာ သက်သေပြပြီး ရောက်တာပေါ့ …”
ချန်ထန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျိုးရှင်းယွီလည်း အသိစိတ်ဝင်လာခဲ့ပြီး အပြုံးတစ်ခုက သူမ မျက်နှာထက်တွင် ထွက်ပေါ်လာခဲ့သည်။
“ ထန်ထန် .. နင်ပြောတော့လည်း ဟုတ်နေတာပဲ … ငါတော့ နင့်ဆီကနေ သင်ယူဖို့ လိုသေးတာပဲ …”
“ ထွေထူး မဟုတ်ပါဘူးကွာ …”
ချန်ထန် ဘဝင်ခိုက်စွာ ပြုံးလိုက်ပြီး “ စောင့်သာ ကြည့်နေလိုက် … ငါ မင်းရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး ဆည်ပေးမယ်…”
“ အွန်း အွန်း အွန်း … မွ …”
ကျိုးရှင်းယွီသည် အပျော်လွန်းပြီး ချန်ထန်၏ ပါးကို နမ်းမိသည် အထိပင်။ “ နင်က သိပ်တော်တာပဲရော်…”
မကြာမီ အုပ်စုမှာ ပြင်ပလူနာ အဆောက်အဦးသို့ ရောက်လာခဲ့ကြပြီး ရလဒ်မှတ်တမ်းကို ယူဆောင်၍ အမှတ် ၈ အတွင်းလူနာဌာနသို့ ဦးတည်လာခဲ့ကြသည်။
ချန်ထန်၏ မိတ်ဆွေ ၊ မာရှောင်ကွမ်းက နှလုံး ဌာနရှိ ဆရာဝန် တစ်ဦးဖြစ်လေသည်။ သို့သော် နှလုံးခွဲစိတ်ဌာနနှင့်တော့ တစ်လွှာခြား၏။ ၎င်းတို့က နှလုံးခွဲစိတ်ဌာန၏ အောက်ဘက်အလွှာတွင် တည်ရှိခြင်းပင်။
ထိုအချိန်မှာပဲ လင်းရီသည် ဟွာရှန်းဆေးရုံသို့ ရောက်လာခဲ့သည်။
သို့ပေမယ့် ရန်စီထံသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမည့်အစား HR ဌာနသို့သာ တန်းမတ်စွာ ဦးတည်လိုက်၏။
“ ဟင် ဒါရိုက်တာလင်း … ရှင် ရောက်နေတာလား … မတွေ့တာတောင် ကြာပြီ … ပိုပိုပြီးလည်း ချောလာတယ်နော်…” HR ဌာန၏ ဒါရိုက်တာ ချန်ပင်းက ပြောဆိုလိုက်၏။
“ ခင်များလည်း ပိုကြည့်ကောင်းလာတာပဲ ဒါရိုက်တာချန် .. ကျုပ်မှာသာ ကောင်မလေး မရှိဘူးဆိုရင် ကျိန်းသေပေါက် ခင်များကို ပိုးပန်းမိလောက်တယ်…”
“ တော် တော် ဒါရိုက်တာလင်း … နင့် ဒီစကားတွေကို အသက်လေးဆယ် အရွယ်ရှိတဲ့ ငါ့ နှလုံးသားလေးက တောင့်မခံနိုင်မှာ စိုးရတယ်… ခစ်ခစ်ခစ် …” ချန်ပင်း ရွှတ်နောက်စွာ ပြောဆိုလိုက်သည်။ “ ငါသာ စိတ်လိုက်မာန်ပါတွေလုပ်မိပြီး ကွာရှင်းလိုက်ရင် နင် တာဝန်ယူရမှာနော်…”
“ ရတာပေါ့ဗျာ … ကျုပ် အပြည့်အဝ တာဝန်ယူပေးမယ်…”
“ တော်ပြီ … အီစီကလီ လုပ်နေတာ တော်လိုက်တော့ …” ချန်ပင်း ရယ်မောလိုက်ပြီး “ နင် ဒီကို လာလည်ရုံသပ်သပ် ရောက်လာတာတော့ မဟုတ်ဘူးမလား …”
“ အင်း … ကျုပ် စုံစမ်းချင်တာလေး ရှိလို့ … နှလုံးဌာနမှာ ဒေါက်တာ မာရှောင်ကွမ်းဆိုတဲ့ တစ်ယောက် ရှိလား … တစ်ချက် စစ်ပေးစမ်းပါ …”
“ ခဏလေး … ငါ ကြည့်ကြည့်လိုက်ဦးမယ်… “
ချန်ပင်း သူမ၏ ကွန်ပျူတာသို့ နာမည်ရိုက်နှိပ်လိုက်ပြီး “ တွေ့ပြီ … သူက အလုပ်သင် ဆရာဝန် လေ့ကျင့်ရေးပြီးလို့ နှလုံးဌာနကို ဝင်လာတာ မကြာသေးဘူး ..”
“ ဆိုတော့ အတော်လေး ငယ်ဦးမှာပေါ့ …”
“ ဒီနှစ်မှာ သုံးဆယ်ပြည့်ပြီ … ဒီကို မလာခင် နိုင်ငံခြားမှာ အတွေ့အကြုံယူနေသေးတယ်… အလုပ်သင် ဆရာဝန် လေ့ကျင့်ရေးပြီးတာနဲ့ နှလုံးဌာနထဲ ဝင်ဖို့ စာရင်းပေးလာတာပဲ …”
“ နားလည်ပြီ … ကျေးဇူးပဲနော် ဒါရိုက်တာချန် … ကျုပ် သွားလိုက်ဦးမယ်…” လင်းရီ လက်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။ “ ပြီးတော့ ခင်များယောက်ျားကြီးနဲ့ ကွာဖြစ်ရင်လည်း အသိပေးဖို့ မမေ့နဲ့ဦး .. ကျုပ် စောင့်နေတယ်…”
“ ထွက်သွားစမ်း …”
“ ဟားဟားဟား ….”
HR ဌာနက ထွက်လာခဲ့ပြီးနောက် လင်းရီသည် ရန်စီထံသို့ ဖုန်းခေါ်လိုက်ရာ သူမ ရှိနေသည့် နေရာကို သိရှိပြီးသည်နောက် အမှတ် ၈ အတွင်း လူနာဌာသို့ ရောက်ရှိလာသည်။
တစ်ချိန်တည်းတွင် လင်းရီသည် မာရှောင်ကွမ်းအကြောင်း စဉ်းစားနေလျက် ရှိသည်။
ရန်စီ၏ ပြောစကားတို့အရ သူမတို့မှာ ပုံမှန် အမည်စာရင်းပေးသည့် လုပ်ငန်းစဉ်ကို ကျော်၍ ထိုဒေါက်တာနားသို့ တိုက်ရိုက် ချဉ်းကပ်ခဲ့သည်။ လူနာကြည့်သည့် အတွေ့အကြုံပင် လုံလောက်စွာ မရှိသေးသည့် ဆရာဝန် အသစ်လေး တစ်ယောက်က ယခုလို ကုသမှုမျိုး ပြုလုပ်ရန်အတွက် အရည်အချင်း မပြည့်မီသင့်ပေ။ သူ၏ လက်ရှိ အနေအထားအရ သူ့ကိုယ်ပိုင် လူနာ ရှိဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေ လူတိုင်းက လီချူးဟန်ကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် ထူးချွန်နေကြသည် မဟုတ်ပေ။
ဤသည်က ကနေဦး သိရှိထားသည့် အချက်အလက်အပေါ် အခြေခံ၍ မာရှောင်ကွမ်းအပေါ် ထားရှိသည့် သူ၏ အမြင်ပင်။
ရန်စီ့ အဒေါ်၏ အခြေအနေမျိုးက နှလုံးခွဲစိတ်ဌာနရှိ အတွေ့အကြုံရှိ သမားတော်ကြီးများနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ သာမန်လူတို့က မသိနိုင်သော်လည်းပဲ ဟွာရှန်းဆေးရုံရှိ ဆရာဝန် တစ်ဦး ဖြစ်သည့် မာရှောင်ကွမ်းကတော့ ကျိန်းသေပေါက်ကို သိသင့်လေသည်။ သို့တိုင် မှန်ကန်သည့် သမားတော်ထံ ညွှန်မပြပေးသည်ကတော့ အတော်လေး ပြဿနာ ရှိနေချေပြီ။ ဤသည်ကို စဉ်းစားမိတော့ လင်းရီသည် လီချူးဟန်ထံသို့ ဖုန်းခေါ်၍ နှလုံး ဌာနသို့ လာပြီး ရန်စီ၏ အဒေါ်ကို ကြည့်ပေးရန် တောင်းဆိုလိုက်သည်။
….
အမှတ် ၈ ၊ အတွင်းလူနာဌာနတွင်။
ရန်စီနှင့် သူမ၏ အုပ်စုသည် နှလုံးဌာနသို့ ရောက်ရှိလာပြီး မာရှောင်ကွမ်းနှင့် ထပ်မံ၍ တွေ့ဆုံသည်။
အသက်က သုံးဆယ်ဆိုသော်လည်းပဲ မာရှောင်ကွမ်းသည် ရှိရင်းစွဲ အသက်ထက် ပိုပြီး ရင့်ကျက်နေပုံပေါ်ကာ အသက် ၃၅ ဟု ထင်ရ၏။
“ ဒေါက်တာမာ .. ကျွန်မတို့ စစ်ဆေးမှု ရလဒ် ရလာခဲ့ပါပြီ … တစ်ချက် ကြည့်ပြီး ဘာဖြစ်နေလဲ ပြောပြပေးပါလား …”
“ ဒါပေါ့ … ကျုပ် တစ်ချက် ကြည့်ပါဦးမယ်…”
မာရှောင်ကွမ်းသည် စစ်ဆေးမှု ရလဒ်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ပြဿနာ ရှိနေ၍ မဟုတ်ဘဲ ဘာဖြစ်နေလဲဆိုတာကို အဖြေရှာမရနိုင်သောကြောင့်ပင်။ သို့သော် ရိုးသားရမည့်အစား ….
“ ကျုပ် လက္ခဏာ တချို့တော့ မြင်နေရပြီ … ဒါပေမယ့် စစ်ဆေးမှုတွေ ထပ်လုပ်ဖို့တော့ လိုဦးမယ်… ကျုပ် ခင်များတို့ကို ပြင်ပလူနာ ဒုတိယထပ်မှာ စစ်ဆေးဖို့ ဆရာဝန်ညွှန်းစာ ရေးပေးလိုက်မယ်…”
ရန်စီ အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး စိတ်မရှည် ဖြစ်လာခဲ့မိတော့သည်။ သူမတို့ တစ်မနက်ခင်းလုံးလည်း စစ်ဆေးမှုများ လှည့်ပတ်ပြုလုပ်နေရင်း မည်သည့် ရေရာသေချာသည့် အဖြေတစ်ခုကိုမျှ ကြားရခြင်း မရှိသေးချေ။ ဤအကောင်၏ လုပ်ရည်ကိုင်ရည်ကို သူမ အမှန်ပင် စောဒကတက်မိချင်လာတော့၏။