ရှော့ခ်ရဖွယ် အထောက်အထား
Vol. 136 Ch. 2040
“ အဆင်ပြေတယ်… ငါတို့အခုပဲ သွားလုပ်လိုက်မယ်…”
ချန်ထန် အတွေးလွန်နေခြင်း မရှိပါဘဲ လျင်မြန်စွာ ချက်ချင်း သဘောတူလိုက်ကာ ထန်လိအတွက် စစ်ဆေးရန် ဟန်ပြင်လိုက်၏။
ထန်လိကတော့ စိတ်အတွင်း၌ ကြိတ်ကာ သက်ပြင်းချလိုက်မိသည်။ သူမ၏ နှလုံးက အနည်းငယ် ပြဿနာ ရှိနေပြီး ယခု တစ်မနက်ခင်းလုံး ပြေးလိုက်လွှားလိုက် လုပ်နေရသဖြင့် ပင်ပန်းနွမ်းနယ်လာနေသည်။ သို့သော် ရွေးချယ်စရာကား မရှိချေ။ သူမတို့က ဆေးစစ်ရန်အတွက် ရောက်လာခဲ့ခြင်း ဖြစ်နေသည်လေ။ ဆရာဝန်၏ စကားကို နားထောင်ရမည်က သူမတို့၏ တာဝန်ဖြစ်၏။
“ ညီကိုချန် … မင်းတို့ သွားပြီး စစ်ဆေးလိုက်ဦး … ငါ တခြား ကိစ္စလေးတွေ လုပ်စရာ ရှိသေးတယ်… ရလဒ် ထွက်လာရင် ငါ့ဆီ လာရှာလိုက် …” မာရှောင်ကွမ်း ပြောဆိုလိုက်သည်။
“ အင်း … ကူညီပေးလို့ ကျေးဇူးပဲကွာ ..”
ချန်ထန် အပြုံးလေးဖြင့် တုံ့ပြန်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ရန်စီကတော့ မည်သည်ကိုမျှ မဆိုချေ။ သို့သော် စိတ်ထဲတွင်တော့ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချမှတ်ပြီး ဖြစ်သည်။ သူမ၏ အဒေါ်ကို ထပ်ပြီး စစ်ဆေးခိုင်းမှာ မဟုတ်တော့ချေ။ လင်းရီ ရောက်လာသည်ကို စောင့်ဆိုင်းပြီးမှသာ ထပ်ပြီး ဆုံးဖြတ်ပေမည်။
ဒင် …
ထိုအချိန်မှာပဲ ဓာတ်လှေကား တံခါး ပွင့်လာခဲ့ပြီး လင်းရီ အပြင်သို့ ထွက်လာခဲ့၏။
“ လင်းရီ …”
လင်းရီကို မြင်တော့ ရန်စီ၏ မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့ပြီး သူ့အား အပြေးလေး လာကြိုသည်။
လင်းရီရောက်လာသည်ကို မြင်တော့ ချန်ထန်နှင့် ကျိုးရှင်းယွီတို့ နှစ်ဦးလုံး အလိုအလျောက် ပြုံးလိုက်မိကြသည်။ သို့သော် သူတို့၏ အပြုံးက ထေ့ငေါ့လှောင်ပြောင်ရိပ်တို့ကို ဆောင်ကြဉ်းထားလျက် ရှိနေသည်။
သူတို့နှစ်ဦးအဖို့ … လင်းရီက အသုံးချခံ ကိရိယာသပ်သပ်ပင်။ သူ၏ ရောက်ရှိလာမှုက သူတို့နှစ်ဦး၏ ဖြစ်တည်မှုကို ပိုပြီး အရေးပါသည့် နေရာသို့ ရောက်ရှိသွားစေမည်။ ထိုငနဲက ချိန်ကိုက်သား ရောက်လာခဲ့ခြင်းပင်။
“ အခြေအနေ ဘယ်လိုလဲ …” ရန်စီနှင့် တွေ့ဆုံပြီးနောက် လင်းရီ ချက်ချင်း မေးမြန်းလိုက်သည်။
“ နောက်ထပ် စစ်ဆေးမှု လုပ်ဖို့ပဲ ပြောတယ်…”
“ ဘယ်လို စစ်ဆေးမှုလဲ … ငါ့ပြစမ်းပါ …”
“ ဒီမှာ …”
ရန်စီသည် မာရှောင်ကွမ်း သူမတို့အား ပေးလာသည့် စလစ်ကို လင်းရီလက်ထဲ ကမ်းပေးလိုက်၏။
“ နှလုံး CTA လား …” လင်းရီ ရေရွတ်လိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့ကာ “ ဒါ ဘယ်လို စစ်ဆေးမှုကြီးလဲ … ဘယ်ဒေါက်တာလဲ ဒီလို လုပ်ဖို့ ပြောတာ …”
ထိုစကားကို ကြားတော့ ချန်ထန်နှင့် ကျိုးရှင်းယွီတို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။
အနီးနားရှိ နာ့စ်တစ်ဦးနှင့် စကားပြောနေသည့် မာရှောင်ကွမ်းလည်း လင်းရီ၏ စကားကို နားစွန်နားဖျား ကြားသွားခဲ့ပြီး ချက်ချင်းဆိုသလို ရန်လိုလာခဲ့တော့၏။
“ ငါ့ရဲ့ ကျွမ်းကျင်တဲ့ အကဲဖြတ်မှုကို ဘယ်သူက မေးခွန်းထုတ်နေတာလဲ …”
“ မင်း ကိုယ့်အဆင့်ကိုယ်တော့ သိပါတယ်ဟုတ် … မင်းကိုယ်မင်း ဒီလို အရေးမပါတဲ့ စစ်ဆေးမှုတွေ လျှောက်လုပ်ခိုင်းနေတာနဲ့ပဲ တခြားလူတွေက သတိမမူမိတော့ဘူးလို့ မင်းထင်နေလား …”
လင်းရီ အားနာနေခြင်း မရှိဘဲ မာရှောင်ကွမ်းကို ချက်ချင်း ဖိနှပ်လိုက်သည်။ ဤသို့ ပြန်ပြောလာမည်ကို မျှော်လင့်မထားသဖြင့် မာရှောင်ကွမ်းမှာ နေရာတွင် ကြက်သေသေသွားခဲ့၏။
သူ ဆေးရုံတွင် အလုပ်လုပ်နေသည်မှာ ကြာပြီ ဖြစ်သော်လည်းပဲ ဆရာဝန် တစ်ဦးအား ယခုလို ပြန်ပြောဝံ့သည့် လူတစ်ယောက်နှင့် ကြုံတွေ့ဖူးခြင်း မရှိသေးပါချေ။
“ လင်းရီ … မင်း ဘာတွေ လုပ်နေတာလဲ … မင်း စကားကို ဆင်ခြင်ပြီး ပြောစမ်း …”
ချန်ထန် အော်ငေါက်လိုက်ကာ သူ့မျက်နှာထက်တွင် ဒေါသထွက်နေသည့် အရိပ်အယောင်တို့ စတင်ပြသလာသည်။
“ ဒေါက်တာမာက ကျွမ်းကျင်တဲ့ ဆရာဝန်ပဲ … မင်းက သူ့ အရည်အချင်းကို မေးခွန်းထုတ်နေရုံတင် မကဘူး .. သူ့ရဲ့ အကျင့်စရိုက်ကိုပါ သင်္ကာမကင်း ဖြစ်နေတာပဲ … မင်း ဒီမှာ ဆက်ပြီး ဆေးမပြချင်တော့ဘူးလားကွ …”
“ ညီကိုချန် …” မာရှောင်ကွမ်း ကြားဖြတ်ပြောဆိုလိုက်ပြီး “ ငါတို့က နိုင်ငံကြီးသား ပီသတဲ့ လူတွေပဲလေ… သူ့လိုကောင်ကို အဖတ်လုပ်ပြီး ခေါင်းထဲ ထည့်နေစရာ မလိုပါဘူး … ငါ လုံခြုံရေး ခေါ်ပြီး မောင်းထုတ်ခိုင်းလိုက်မယ်….”
“ ဒေါက်တာလင်းလား …”
မာရှောင်ကွမ်း လုံခြုံရေးအား လှမ်းခေါ်တော့မည့် အချိန်မှာပဲ အံ့အားသင့်သံတစ်ခုက ထွက်ပေါ်လာသည်။
ပြောလိုက်သူက နာ့စ်ယူနီဖောင်းကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးဖြစ်သည်။
လင်းရီ သူမကို မှတ်မိ၏။ သူမက နှလုံးခွဲစိတ်ဌာနရှိ သူနာပြုခေါင်းဆောင် ၊ ဝမ်ဖန်းပင်။
ဒေါက်တာလင်းဟု ခေါ်ဆိုသံက ရှိနေသည့် လူတိုင်းအား ကြက်သေသေသွားခဲ့စေသည်။
ရန်စီပင် အတော်လေး အံ့အားသင့်သွားခဲ့ရ၏။ လင်းရီထံတွင် အားကောင်းသည့် အဆက်အသွယ်တို့ ရှိနေမည်ကို သူမ သိသော်လည်းပဲ သူသည် တစ်ချိန်က နှလုံးခွဲစိတ်ဌာန၏ ဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ဖူးပြီး ဤနေရာတွင် အတော်လေး လွှမ်းမိုးမှု ရှိသည်ကိုတော့ သိရှိခဲ့ခြင်း မရှိပါချေ။
“ အစ်မဖန်း …”
ဝမ်ဖန်း ချဉ်းကပ်လာသည်ကို မြင်တော့ မာရှောင်ကွမ်း သူမအား ကောင်းမွန်စွာ နှုတ်ဆက်လိုက်သည်။
ဆေးရုံတွင် ဒေါက်တာနှင့် နာ့စ်တို့က မတူညီသည့် စနစ်အောက်တွင် တည်ရှိနေကြခြင်းပင်။ မာရှောင်ကွမ်းက ပညာရေး အဆင့် ပိုမြင့်သော်လည်းပဲ ဤနေရာတွင်တော့ ဝမ်ဖန်းကို လေးလေးစားစား ဆက်ဆံဖို့ရာ လိုအပ်ဆဲ ဖြစ်သည်။
သူ့ကို မဆိုထားနှင့်။ သမားတော်ကြီး တချို့ပင် သူမအား မချေမငံ မပြောဆိုဝံ့ကြပေ။
“ နင် ဒီမှာ ဘာလုပ်နေတာလဲ … ဒေါက်တာလင်းကို အဲ့လို လေသံနဲ့ ပြောပြီး နင် ဟွာရှန်းဆေးရုံမှာ အလုပ် ဆက်မလုပ်ချင်တော့တာလား …”
“ ဒေါက်တာလင်း …. ဟုတ်လား …” မာရှောင်ကွမ်းမှာ ဇဝေဇဝါ ဖြစ်နေဆဲပင်။
“ အစ်မဖန်း … ကျွန်တော် သေချာမသိလို့ … ဒေါက်တာလင်းက ဘယ်သူကြီးလဲ …”
“ ဘယ်သူရှိရဦးမှာ …. နင့် အရှေ့မှာ ရပ်နေတဲ့လူပေါ့ … ” ဝမ်ဖန်း ခက်ထန်စွာ တုံ့ပြန်၍ “ ငါ ပြောပြမယ်… ဒေါက်တာလင်းက တစ်ချိန်က ဒီမှာ နှလုံးခွဲစိတ်ဌာနရဲ့ ဒါရိုက်တာ ဖြစ်ခဲ့ဖူးတယ်… အခု နှုတ်ထွက်သွားခဲ့ပြီ ဆိုရင်တောင် သူက နင် အဲ့လို လေသံနဲ့ ပြောလို့ရတဲ့ အနေအထား မဟုတ်ဘူး …”
“ နှလုံးခွဲစိတ် ဌာနရဲ့ ဒါရိုက်တာလား …”
အဆိုပါ ရာထူးခေါင်းစဉ်က လူတိုင်းကို အံ့ဩဘနန်း ဖြစ်သွားစေခဲ့သည်။
ဒီလောက်ငယ်တဲ့ လူက … ဘယ်လိုပဲ ကြည့်ကြည့် အသက် သုံးဆယ်အောက်ပဲ ရှိသေးတယ်လေ … အဲ့တာကို ဟွာရှန်းဆေးရုံရဲ့ ဌာန ဒါရိုက်တာ ဖြစ်ခဲ့ဖူးတယ်တဲ့လား …
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
“ ကျွန်တော် သူနဲ့ ဆေးရုံရဲ့ ဆက်ဆံရေးကို မသိလို့ပါ … ဒါကြောင့်မို့ … “ မာရှောင်ကွမ်း စကားကို ပြတ်တောင်း ပြတ်တောင်း ဖြစ်စွာ ပြောဆိုလိုက်ပြီး “ ပြီးတော့ … သူက နှုတ်ထွက်ပြီးနေပြီလေ… ကျွန်တော့်အထင် . . . .. “
“ ဘာလဲ … နင် ထင်နေတာ ဒေါက်တာလင်းက ရာထူးကနေ နှုတ်ထွက်သွားတာနဲ့ပဲ နင်ပြောချင်တဲ့ လေသံနဲ့ ပြောလို့ ရပြီ ထင်နေလား …” ဝမ်ဖန်း ခက်ထန်သည့် အမူအရာဖြင့် ဆက်ပြီး ပြောဆိုလိုက်၏။ “ ငါပြောလိုက်မယ်… ဒေါက်တာလင်းက ဒီတိုင်း ဌာန ဒါရိုက်တာ ဆိုပေမယ့် ငါတို့ ဌာနရဲ့ လက်ရှိ ခေါင်းဆောင် ဒေါက်တာစွန်းကတောင် သူ့ကို လေးစားသမှုနဲ့ ဆက်ဆံရတယ်… အခု နင့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေကို တွေးကြည့်စမ်း …”
“ အစ်မဖန်း … ကျွန်တော် ……”
မာရှောင်ကွမ်း၏ မျက်နှာသည် ဖြူလျော်သွားခဲ့ပြီး ပြောစရာစကားတို့ ပျောက်ရှသွားခဲ့ရသည်။
ယခုတိုင် အခြေအနေအား သူ ကောင်းစွာ နားမလည်နိုင်သေးချေ။ သူတစ်ဦးတည်းသာလျှင် မဟုတ်။ နေရာရှိ လူတိုင်းမှာ မူးနောက်နောက် ဖြစ်နေကြလေသည်။
နှလုံးခွဲစိတ် ဌာနက ဟွာရှန်းဆေးရုံတွင် အရေးပါသည့် ဌာနတစ်ခုဆိုသော်ငြားလည်း ယေဘုယျအားဖြင့် ဌာနအသီးသီး၏ ခေါင်းဆောင်တိုင်းသည် အဆင့်ချင်း တူညီကြသည်။
အဘယ်ကြောင့် သူ့အား ကွဲပြားစွာ ဆက်ဆံဖို့ လိုသနည်း။
ဒင် …
ထိုအချိန်မှာပဲ ဓာတ်လှေကားတံခါးက ထပ်မံ ပွင့်ဟလာပြီး လီချူးဟန်နှင့် မြောင်ကော်ဖုန်းတို့ အပြင်သို့ ထွက်လာခဲ့ကြသည်။
လင်းရီကို မြင်သည်တွင် လီချူးဟန် ညင်သာစွာ ပြုံးပြလာသည်။ သို့သော် ထို့ထက်ပိုသည့် ခံစားချက်များကိုတော့ မပြသခဲ့ပေ။ အထူးသဖြင့် ရန်စီက သူ့ဘေး၌ ရှိနေသည်ကို သတိပြုမိသွားသည့် အခါတွင်ပင်။
သူမ၏ အလိုလိုသိစိတ်က ပြောပြနေသည်မှာ ရန်စီသည် လင်းရီနှင့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု ရှိနေသည်ဟူ၍ပင်။ ထို့ကြောင့် သူမ၏ ခံစားချက်တို့အား ချုပ်တည်းထားခဲ့၏။
“ ဒါရိုက်တာမြောင် … ဒါရိုက်တာလီ …”
သူတို့ နှစ်ယောက်ကို မြင်တော့ နှလုံးဌာနရှိ ဝန်ထမ်းများအားလုံး မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်ကြသည်။ မာရှောင်ကွမ်းသည်ပင် ခြွင်းချက် မရှိပါချေ။
မြောင်ကော်ဖုန်းကတော့ ဆေးရုံအုပ်ကြီးသဖြင့် သူတို့အားလုံး နှုတ်ဆက်ကြရမည်မှာ သဘာဝပင်။ လီချူးဟန်မှာမူကား သူမသည် ဆေးရုံ၏ ကြယ်တစ်ပွင့် ဖြစ်လေသည်။ ဟွာရှန်းဆေးရုံ၌ သူမ၏ ထူးချွန်ပြောင်မြောက်လှသည့် အရည်အချင်းတို့ဖြင့် ဂုဏ်သတင်းမွှေးလှပြီး ယင်းတို့ကြောင့်ပဲ ဆေးရုံ၏ အရေးပါသူ တစ်ဦး ဖြစ်လာခဲ့ကာ ကောလဟာလ ပြောစကားတို့အရ အနာဂတ်တွင် လက်ထောက် ဆေးရုံအုပ်အဖြစ် ရာထူးတိုးခံရမည်ဆိုပင်။
ထို့ကြောင့် လူတိုင်းကလည်း သဘာဝအလျောက် သူမအား နှုတ်ခွန်းဆက်လာခြင်းပင်။
ဟွာရှန်း ဆေးရုံ၏ ဆေးရုံအုပ်ကြီးကို ဤနေရာတွင် ဆုံတွေ့လိုက်ရမည်ဟု မျှော်လင့်မထားသဖြင့် ရန်စီနှင့် အခြားသူတို့မှာ အံ့အားသင့်သွားခဲ့ကြသည်။ ဆေးရုံအုပ်ကြီးဆိုသည်မှာ လူတိုင်း တွေ့ချင်တိုင်း တွေ့ခွင့်မရနိုင်သည့်လူပင်။
“ ဒါရိုက်တာလင်း … မင်း ဒီကို ရောက်မလာတောင် အတော်ကြာပြီနော်…” မြောင်ကော်ဖုန်း အပြုံးလေးဖြင့် ပြောဆိုလာခဲ့၏။
“ ငါသာ ဒီနေ့ နှလုံးခွဲစိတ်ကို မရောက်ဖြစ်ခဲ့ဘူးဆိုရင် .. ပြီးတော့ မင်း ဒါရိုက်တာလီနဲ့ ဖုန်းပြောတာကို တစ်စွန်းတစ်စ မကြားလိုက်ရဘူးဆိုရင် မင်းနဲ့ တွေ့ရမယ့် အခွင့်အရေးကို လွဲချော်သွားတော့မှာပဲ …”
မြောင်ကော်ဖုန်း၏ လင်းရီအပေါ် ထားရှိသည့် သဘောထား အပြုအမူကို မြင်တော့ ချန်ထန်၊ ကျိုးရှင်းယွီနှင့် မာရှောင်ကွမ်းတို့မှာ မျက်နှာအမူအရာ မပြတတ်တော့လောက်သည်အထိ ရှော့ခ်ရသွားခဲ့ကြ၏။
ဤသည်က သာမန် လောကွတ်ချော်သည့် စကားဝိုင်း မဟုတ်ချေ။ လင်းရီအပေါ် ရိုသေလေးစားသည့် အရိပ်အယောင်တို့အား သူတို့ မြင်တွေ့နေရ၏။
လင်းရီက တကယ်ကြီး ဒီတိုင်း သာမန် ဌာန ဒါရိုက်တာဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား … သူက ဘယ်လိုလုပ်ပြီး မြောင်ကော်ဖုန်းလို အဆင့်ရှိတဲ့ ပုဂ္ဂိုလ်မျိုးကို လေးစားသမှုနဲ့ ဆက်ဆံရအောင် အမိန့်ပေးနိုင်နေရတာလဲ….
စာစဉ် (၁၃၆) ပြီး၏။