အပိုင်း ၈၂၉-၈၃၂
Vol. 42 Ch. 829-832
အပိုင်း ( ၈၂၉ )
သူသာ လူလွတ်ဖြစ်ခဲ့ရင်
နောက်ဆုံး၌ အစောင့်သည် အသိပြန်ကပ်လာပြီး အမြန် ပြန်ဖြေသည်။
" မဟုတ်ဘူး .... အဆင်ပြေပါတယ် .... သူမအသက်လျက် ထွက်လာခဲ့ပါတယ် ......"
ကျူးရှောင်ကျောင်း ဒေါသတကြီး စိုက်ကြည့်သည်။
" စကားပြောလို့ ရပြီလား။ သေပြီးမှ ပြောရမှာလား "
ပြောပြီးသည်နှင့် လက်ကိုင်ဖုန်းကို လုယူလိုက်လေသည်။
" ဟယ်လို အဘိုး၊ ရှောင်ကျောင်းပါ။ စိတ်မပူနဲ့ နေကောင်းပါတယ် "
တစ်ဖက်မှ လူသည် စက္ကန့်အနည်းငယ်ကြာ ရပ်သွားပြီးနောက် မယုံနိုင်စရာ လေသံဖြင့် မေးလိုက်သည်။
" ရှောင်ကျောင်းလား၊ တကယ်ပဲ မင်း ဟုတ်ရဲ့လား။ တကယ် အဆင်ပြေရဲ့လား။ ဒီကလေးက မင်းအဘိုးကို သေအောင်ခြောက်နေတာပဲ "
ကျူးရှောင်ကျောင်းသည် ဤတစ်ကြိမ်တွင် သူမ၏ အဘိုးအို တုန်လှုပ်သွားသည်ကို သိလိုက်သည်။
ထို့ကြောင့် သူမ အမြန်နှစ်သိမ့်ပေးသည်။
" အဘိုး၊ စိတ်မပူပါနဲ့။ အခုနေကောင်းနေပါပြီ။ အရင်ကထက် အများကြီး ပိုကောင်းလာတယ်"
ကျူးလူကြီးမင်း၏ အသံသည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
" မင်းအခု စွမ်းအင်တွေ အပြည့်နဲ့ ပြောနေတာ အဘိုးကြားရတယ်။ အရင်ကထက် အများကြီး ပိုကောင်းသွားပုံပဲ။ ယဲ့ဖန်ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက တကယ်ကို အံ့သြစရာပဲ "
ကျူးရှောင်ကျောင်းသည် သူ့အဘိုး ယဲ့ဖန်အကြောင်း စုံစမ်းမေးမြန်းထားသည်ကို မအံ့သြချေ။
" ဟုတ်တယ်၊ သူ့ရဲ့ ဆေးပညာ အရည်အချင်းက အရမ်းကောင်းတယ်။ သူက ငွေအပ်နဲ့ အကြိမ်အနည်းငယ် ထိုးလိုက်ရုံနဲ့ သမီးရောဂါက သက်သာသွားပြီ။ အရင်က သွားပြခဲ့တဲ့ ဆရာဝန်တွေထက် အများကြီး ပိုကောင်းတယ် "
ကျူးလူကြီးမင်း မယုံကြည်နိုင်စွာ ပြောလိုက်သည်။
" သူက တကယ်ကို တန်ခိုးကြီးတာလား။ ဒါဆို ရှောင်ယဲ့နဲ့ ဖုန်းပြောခွင့် ပေးပါဦး။ အဘိုးက သူ့ကို ကျေးဇူးတင်ရမယ် "
ကျူးရှောင်ကျောင်း၏ စိတ်သည် ရုတ်တရက် အနည်းငယ် စိတ်ဓာတ်ကျလာသည်။
" သူက သမီးကို ကယ်တင်ဖို့အတွက် အားသုံးပြီး ပင်ပန်းလွန်းလို့ မေ့လဲသွားတယ်။ သူ့ကို အခု ဆေးရုံကို ပို့လိုက်တော့မယ် မပြောတော့ဘူး။ နှုတ်ဆက်ပါတယ် အဘိုး "
ပြောပြီးသည်နှင့် ဖုန်းကို အမြန်ချပြီး လှည့်ကာ ယာဉ်မောင်းကို အမိန့်ပေးလိုက်သည်။
" မြန်မြန်မောင်း ဆေးရုံကိုသွား "
.......................................
ယန်ကျင်းမြို့။
ဖုန်းကို အကြာကြီး ချိတ်ထားသော်လည်း ကျူးလူကြီးမင်းသည် ဖုန်းကို မချဘဲ အကြာကြီး ကိုင်ထားဆဲ ဖြစ်သည်။
ကျူးလူကြီးမင်း၏အမည်မှာ ကျူးကျင်းယွမ် ဖြစ်သည်။
ယခုအခါ သူသည် အနားယူသွားပြီ ဖြစ်သော်လည်း ယန်ကျင်းမြို့တွင် သူ၏ ပြောရေးဆိုခွင့်ရှိပုံကို လျှော့မတွက်သင့်ပေ။
သူသည် ငရဲတံခါးမှ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ခုန်တက်ခဲ့ဖူးပြီး တစ်ခါမှ မကြောက်ခဲ့ဖူးပေ။
သို့သော် ယနေ့ သူ့မြေးမလေး၏ သတင်းဆိုးကို ကြားလိုက်ရပြီး သူ အမှန်တကယ်ကို ကြောက်လန့်သွားခဲ့ရသည်။
ဆံပင်ဖြူဖြင့် သူသည် ဆံပင်အနက်ဖြင့် သူ့အချစ်ဆုံး မြေးမလေးကို လိုက်ပို့ရမည့်နေ့ကို သူ အတော်ကြောက်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မှားယွင်းသော ထင်မြင်ချက် ဖြစ်ခဲ့ပြီး သူ့ဘဝတစ်လျှောက်လုံးအတွက် ကျေးဇူးတင်မှုကို အမှန်တကယ် ခံစားရစေသည်။
ကျူးကျီချင်းသည် သူ့အဖေကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
" အဖေ ....... ရှောင်ကျောင်းလေး အဆင်ပြေရဲ့လား "
ထိုမှသာ ကျူးကျင်းယွမ်သည် အသိစိတ် ပြန်ဝင်လာသည်။
" ရှောင်ကျောင်း နေကောင်းပါတယ်။ ဒီကလေးက ငါတို့ကလေးအသက်ကို ကယ်ခဲ့တယ် "
ထိုအခါ ကျူးကျီချင်းသည်လည်း သက်ပြင်းချရင်း ပြောသည်။
" ကောင်းတယ်၊ ကောင်းတယ်။ ဒီကလေးက ဆေးပညာ ဒီလောက်ကောင်းမယ်လို့ မမျှော်လင့်ထားဘူး "
ကျူးကျင်းယွမ် သူ့စကားကို ကြားသည့်အခါ သူ့မျက်လုံးများက တောက်ပလာခဲ့သည်။
" ဒီကောင်လေးဆိုတာ ဘာကိုလဆိုလိုတာလဲ။ သူက မင်းသမီးရဲ့ ကယ်တင်ရှင်ပဲ။ သူ့ကို ဒီလိုခေါ်တာ ယဉ်ကျေးသလား "
ကျူးကျီချင်းသည် အစွပ်စွဲ ခံရသည်။
အဖေလည်း အဲ့လိုခေါ်တယ် မဟုတ်ဘူးလားဟု ပြောချင်မိသည်။
ကျွန်တော်က ဘာလို့ မခေါ်နိုင်ရတာလဲ။
သို့သော် သူသည် သူ့အဖေကို အမြဲကြောက်ရသောကြောင့် ခေါင်းညိတ်ကာ ဟုတ်ကဲ့ဟုသာ ဖြေလိုက်သည်။
" ဒီ ယဲ့လူကြီးမင်းလေးက ဆေးပညာမှာ တကယ်ကို ကျွမ်းကျင်တာပါ။ အရင်က ဆရာဝန်တွေ အများကြီးနဲ့ တိုင်ပင်ဖူးပေမဲ့ တစ်ယောက်ကမှ သူ့ထက် ပိုကောင်းတာ မရှိဘူး "
နောက်ဆုံးတွင် ကျူးကျင်းယွမ်၏ မျက်နှာပေါ်တွင် ရွှင်လန်းမှု ပြလာခဲ့သည်။
" ဟုတ်တယ်၊ ရှောင်ကျောင်းနဲ့ တွေ့တာက အခွင့်အရေးပဲ။ သူက ရှောင်ကျောင်းရဲ့ ရောဂါကို လုံးဝ ပျောက်ကင်းအောင် ကုသပေးနိုင်ရင် ငါ သူ့ကို ဒူးထောက်ပြီးတောင် အရိုအသေပေးနိုင်တယ် "
ကျူးကျီချင်း၏ စိတ်သည်လည်း ပြေလျော့သွားသည်။
" အဖေက သူ့ကို ဒူးထောက်ချင်ရင် ကျွန်တော်ကလည်း ဒူးထောက်ရမှာပဲ။ အဖေက ဘယ်လို အနေအထားမလို့လဲ။ အငယ်တန်းကလေးကို ဘယ်လိုလုပ် ဒူးထောက် အရိုအသေပေးမှာလဲ ...... အဲ့လို အငယ်ကို "
ကျူးကျင်းယွမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ ပြောသည်။
" အဲ့လို ပြောလို့မရဘူး။ သူက ငါတို့မိသားစုရဲ့ ကယ်တင်ရှင်ပဲ။ ငါတို့က သူ့ကို ကျေးဇူးရှင်တစ်ယောက်လို ဆက်ဆံသင့်တယ်။ ပြီးတော့ သူက ငယ်သေးလို့ သူ့ကို မထီမဲ့မြင်မပြုရဘူး "
ကျူးကျီချင်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသော်လည်း သူ့စိတ်ထဲတွင် မထားခဲ့ပေ။
ကျူးကျင်းယွမ်သည် သူ့လက်များကို အားတက်သရော ပွတ်သပ်လိုက်သည်။
ထို့နောက် လှည့်၍ ငွေပေးချေရန် စားပွဲဆီသို့ ပြန်သွားကာ 'ကျန်းမာချမ်းသာ'ဟူသော စာလုံးကြီးလေးလုံးကို ရေးဆွဲလိုက်သည်။
ထို့နောက် လက်မှတ်ရေးထိုးပြီး သားဖြစ်သူအား ရှင်းပြသည်။
" မင်း အဲ့ဒါကို တစ်စုံတစ်ယောက်ကနေ ယူသွားပြီး အဲ့ဒီကလေးဆီ ပို့ပေးလိုက်။ ရှောင်ကျောင်းကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်အဖြစ် "
ကျူးကျီချင်း အနည်းငယ် အံ့သြသွားသည်။
" အဖေ၊ သူ့ကို စာတစ်စောင်ပို့ချင်တာလား။ ဒီကလေးက ပြဿနာဖြစ်နိုင်တယ်ဆိုတာ ကြားထားတယ်။ မတော်လို့ "
အဘိုးအိုတစ်ယောက်အနေဖြင့် တစ်စုံတစ်ဦးကို စာတစ်စောင် ပို့လိုက်မည်ဆိုပါက နှစ်ဖက်သည် သိမ်မွေ့သော ဆက်သွယ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ယဲ့ဖန်သည် ထိုအချိန်စပြီး သူတို့၏ နာမည်အောက်တွင် မှားယွင်းစွာ ပြုမူနေထိုင်ပါက သူတို့၏ လုပ်ငန်းရှင် ဂုဏ်သိက္ခာကို သေချာပေါက် ထိခိုက်စေမည်ဖြစ်သည်။
ကျူးကျင်းယွမ်သည် သူ့သား ဘာကို စိတ်ပူနေမှန်း သိပြီး မပြုံးဘဲ မနေနိုင်တော့ပေ။
" ငါက လူဆိုးလူအိုကြီးတစ်ယောက်ပဲ။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ငါ့ရဲ့ဂုဏ်သတင်းက ငါ့အတွက် ဘာမှမရှိဘူး။ မြေးလေးကို ကယ်တင်နိုင်သရွေ့ လက်ဆောင်တစ်ခု မပြောနဲ့ သူ့ကို ငါ့ခေါင်း ပေးလိုက်ရရင်တောင် မျက်မှောင်ကြုတ်နေမှာ မဟုတ်ဘူး "
ကျူးကျီချင်းသည် သူ့အဖေမှ ဤကိစ္စ ပြောပြီးနေသည်ကို သိလိုက်၍ သူ့မှာလဘ်း ပြောစရာ မရှိတော့ချေ။
သမီးလေး ရှင်သန်နိုင်ရန်မှာ တခြားအရာများထက် ပိုအရေးကြီးလေသည်။
ထို့ကြောင့် သူတို့၏ ဂုဏ်နာမည်ကို ထိုကလေးအား ချေးငှားခွင့် ပေးလိုက်မည်။
မလွန်သေးသရွေ့ လုပ်ခွင့်ပေးနိုင်သည်။
သူ့အဖေနှင့် ခဏ စကားစမြည်ဆက်ပြောကြသည်။
ထို့နောက် လက်ရေးလှကို ယူပြီး ထွက်လာခဲ့သည်။
တံခါးအပြင်ကို ထွက်ခါနီး၌ အဘိုးအိုမှ ရုတ်တရက် သူ့ကို အနောက်ကနေ တားလိုက်သည်။
" ဒါနဲ့ ဒီကလေးမှာ ရည်းစားရှိလား "
ကျူးကျီချင်းသည် ခဏမျှ အံ့အားသင့်သွားပြီး အမြန် ပြန်ဖြေသည်။
" ကြည့်ရတာ ... တစ်ယောက်တော့ ရှိတယ် "
ကျူးလူကြီးမင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်သည်။
" နှမြောစရာပဲ။ အဲ့ကလေး လူလွတ်ဖြစ်ရင် ဘယ်လောက် ကောင်းမလဲ "
ကျူးကျီချင်း အနည်းငယ် အံသြသွားသည်။
ဒါက ဘာကိုဆိုလိုတာလဲ။
ဒါက မြေးသမက်တော်ဖို့လား။
သူ့အဖေမှ စကား ဆက်မပြောတော့၍ အပြင်ကို ဆက်လျှောက်သွားသည်။
ထို့နောက် စာကြည့်ခန်းထဲမှ အဖေ၏ ရွှင်မြူးစွာ သီချင်းဆိုသံကို ကြားလိုက်ရသည်။
" မြစ်ကြီးတစ်စင်းက လှိုင်းကြီးပြီး လေက ကမ်းနှစ်ဖက်မှာ စပါးနဲ့ ပန်းတွေကို တိုက်တယ် ...... "
သူ့အမြင်၌ သူ့အဖေသည် အမြဲတမ်း လေးနက်ပြီး သူ့ကို မျက်နှာသာ မပေးခဲ့ချေ။
နောက်ဆုံးအကြိမ် သူပျော်ခဲ့သည်မှာ ရှောင်ကျောင်းမွေးတုန်းကသာ ဖြစ်သည်။
ဒီတစ်ခါက ရှောင်ကျောင်းနဲ့ အဲ့ ...... ကောင်စုတ်လေးကြောင့် ဖြစ်သွားတာလား။
အပိုင်း ( ၈၃၀ )
ငါ့နည်းလမ်းကို မေးခွန်းထုတ်နေတာလား။
ယဲ့ဖန် နိုးလာသောအခါ နောက်တစ်နေ့မနက် ရောက်နေပြီဖြစ်သည်။
ပတ်လည်ကို ပထမဆုံး ကြည့်လိုက်သည့်အခါ ဆေးရုံကုတင်ပေါ် ရောက်နေသည်ကို တွေ့လိုက်ရသည်။
ရှုကျင်းရှင်းသည် လူနာကုတင်ပေါ်တွင် အိပ်နေပြီး မျက်လုံးထောင့်တွင် မျက်ရည်စများ ရှိနေကာ ငိုထားပုံရသည်။
မထိန်းနိုင်ဘဲ ထိုပုံစံက သူ့ကို အတော်လေး ရင်ထဲထိသွားစေသည်။
ကြည့်ရတာ တစ်ညလုံး စောင့်နေပေးခဲ့ပုံပဲ၊ ဟုတ်တယ်မလား။
မနေ့က ကုသမှုသည် ယဲ့ဖန်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ခွန်အား အားလုံးနီးပါး ကုန်ဆုံးသွားမတတ် ဖြစ်စေခဲ့သည်။
သို့သော် သူ့ကို အံ့အားသင့်စေခဲ့သည်မှာ လက်ရှိအချိန်တွင် အားနည်းနေမည်ဟု ခံစားရမည့်အစား သူ၏ ခွန်အားတွေမှာ ပြည့်နေသလို ခံစားရပြီး အနည်းငယ်ပင် အားအင် တိုးတက်လာသည်ကို တွေ့ရသည်။
ထိုရှာဖွေတွေ့ရှိမှုက သူ့ကို ချက်ချင်း အံ့အားသင့်စေခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲကို တိတ်တဆိတ် ခံစားနေချိန် ရှုကျင်းရှင်းလည်း နောက်ဆုံး၌ လန့်နိုးလာသည်။
သူနိုးလာသည်ကို မြင်ပြီး ချက်ချင်း ဝမ်းသာသွားသည်။
" နိုးပြီလား "
ယဲ့ဖန် သူမကို တိတ်တဆိတ် ကြည့်နေသည်။
" မနေ့ညက မင်း ဒီမှာ ကိုယ်နဲ့ ရှိနေခဲ့တာလား "
ရှုကျင်းရှင်း သဘာဝမကျစွာ ပြုံးလိုက်သည်။
" ကျွန်မ ....တကယ်တော့ ကျွန်မ ဘယ်မှာအိပ်တာက အရေးမကြီးပါဘူး။ မျက်လုံးမှိတ်ထားလိုက်တာနဲ့ အိပ်ပျော်သွားနိုင်တယ် ..... "
" ကျေးဇူးတင်ပါတယ် ..... "
ယဲ့ဖန် သူမကို ရိုးသားစွာ ကျေးဇူးတင်လိုက်သည်။
သူသည် ရုတ်တရက် တည်ကြည်လာ၍ ရှုကျင်းရှင်း အနည်းငယ် စိတ်ရှုပ်သွားသည်။
" ဒါက ကျွန်မ လုပ်သင့်တာပါ "
ယဲ့ဖန် သူမကို စိုက်ကြည့်နေသည်။
မနေ့က RVကားထဲ၌ စိတ်မရှည်လွန်းသောကြောင့် သူမအပေါ် ဒေါသပုံချမိသွားငည်ကို သူ သတိရမိသည်။
အခု တွေးကြည့်သည့်အခါ အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။
ထိုအချက်ကို တွေးပြီး စောင်ကို ရုတ်တရက်ဖယ်လိုက်ပြီး ကုတင်ပေါ်က ခုန်ဆင်းလိုက်သည်။
" လာ၊ သွားအိပ်တော့ "
ရှုကျင်းရှင်း အလျင်အမြန် ငြင်းဆန်လိုက်သည်။
" မလိုပါဘူး ကျွန်မ အိပ်ရေးဝနေပြီ ...... "
ယဲ့ဖန် သူမကို ဆေးရုံကုတင်ပေါ်သို့ တွန်းပို့ရုံမှလွဲပြီး မတတ်နိုင်တော့ပေ။
" ဒါဆို မင်း အားပြန်ကောင်းလာရန် ကူညီပေးမယ်။ မိန်းမတစ်ယောက် အိပ်ရာဝင်နောက်ကျတာက အရမ်းအန္တရာယ်များတယ်။ အဲ့တာကြောင့် ကိုယ့်ကို တစ်ညလုံး စောင့်ရှောက်ပေးခဲ့တဲ့ မင်းကို ကျေးဇူးတင်ပါတယ် "
ရှုကျင်းရှင်း ပိုပြောချင်သော်လည်း သူ့လက်က သူမနောက်ကျောကို ရောက်နေပြီ ဖြစ်သည်။
" အင်း .… "
သက်သောင့်သက်သာရှိသော အသံကို သူမ မထိန်းနိုင်ဘဲ ထွက်သွားပြီးနောက် သူမ ရှက်သွားသည်။
" ရှင် ... ဒုက္ခမခံပါနဲ့။ တကယ် မလိုအပ်ဘူး ........ "
ယဲ့ဖန် သူမပြောတာကို ဂရုမစိုက်ဘဲ သူမနောက်ကျောနှင့် ခြေထောက်တွေကို ညင်သာစွာ နှိပ်နယ်လိုက်သည်။
ထုံကျင်ခြင်းများသည် တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားကာ ရှုကျင်းရှင်းကို ရှက်ရွံ့သွားစေသည်။
တစ်ချိန်တည်းမှာပင် အလွန်စိတ်သက်သာရာရကာ ရှက်စရာကောင်းသော အသံများ မထွက်စေရန် သူမလက်ကို အလျင်စလိုကိုက်လိုက်သည်။
သို့သော် ထိုဖိနှိပ်မှုက ပိုလို့ပင် သည်းမခံနိုင် ဖြစ်စေသည်။
ယဲ့ဖန် သူ့ကိုယ်သူ အတွေးမများစေရန် စိတ်လျှော့ပြီး နှိပ်နယ်ပေးနေသည်။
ဒါက သာမန် နှိပ်နယ်ခြင်း တစ်ခုပဲဖြစ်ပြီးတော့ တခြားအဓိပ္ပါယ် လုံးဝမရှိဘူး။
" မမလေးရှု၊ အဆင်မပြေရင် ပြောပါ။ စိတ်မထိန်းထားနဲ့ "
" လုံးဝ အဆင်မပြေဘူး ...... မြန်မြန် ... မြန်မြန် ရပ်လိုက် "
" အဆင်မပြေဘူးလား။ ကိုယ့်အရည်အချင်းတွေကို မေးခွန်းထုတ်နေတာလား။ ပြီးရော ကိုယ့်ရဲ့ တကယ့်အရည်အချင်းတွေကို ပြပေးမယ် "
ဆေးရုံခန်းအတွင်းရှိ လေထုသည် အနည်းငယ် ရှုပ်ထွေးနေချိန်တွင် တံခါးကို ရုတ်တရက် တွန်းဖွင့်လာသည်။
" မမလေး၊ ဟိုကောင် ယဲ့ဖန် နိုးပြီလား "
ဆရာကြီး လျုံဝမ်းယွမ်ထံမှ အသံထွက်လာသော်လည်း လမ်းတစ်ဝက်တွင် ရုတ်တရက် ရပ်တန့်သွားသည်။
လျုံဝမ်းယွမ်သည် သူ့လက်ထဲတွင် အငွေ့ထွက်နေသည့် ပူပူနွေးနွေး မနက်စာကို ကိုင်ထားပြီး ဆေးရုံကုတင်ပေါ်မှ အဖြစ်အပျက်ကို စိုက်ကြည့်နေသည်။
အမှန်တော့ မနေ့ကတည်းက သူ သတင်းကြားပြီး ဒီကို ရောက်လာပြီး တစ်ညလုံး နေခဲ့တာဖြစ်သည်။
အခုပဲ မနက်စာ သွားဝယ်လာတာ ဖြစ်သည်။
သို့သော် သူ ပြန်လာသည့်အခါ ထိုမြင်ကွင်းမျိုး ကြုံရမည်ဟု မမျှော်လင့်ထားချေ။
" ငါ ..... အဲ့တာ ... ဘာမှ မတွေ့လိုက်ဘူး ...... "
သူသည် မျက်လုံးများကို အလျင်အမြန် မှိတ်လိုက်ပြီး စကားပြောရင်း အမြန် နောက်ဆုတ်လိုက်သည်။
ရှုကျင်းရှင်း၏ လှပသော မျက်နှာသည် နားရွက်များအထိ နီရဲနေပြီး သူမ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
" ဦးလေးလျုံ နားလည်မှုလွဲနေတာပါ။ မြန်မြန်ဖယ်လေ ရှင်က "
ယဲ့ဖန် သူ့နှုတ်ခမ်းတွေကို ကွေးလိုက်သည်။
" နားလည်မှုလွဲရင် နားလည်မှုလွဲပါစေပေါ့။ သူ့ကို စိတ်မပူပါနဲ့ ဆက်နှိပ်ကြရအောင် "
သူသည် စကားပြောရင်းဖြင့် သူမကို နှစ်ခါထပ်ဖိနှိပ်လိုက်သည်။
ထိုအချိန်၌ မမလေးရှု မခံနိုင်တော့ချေ။
ကြောက်လန့်နေသော သမင်လေးတစ်ကောင်ကဲ့သို့ ထကာ လှပသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။
ယဲ့ဖန် ရှက်စိတ်ဖြင့် နှစ်ကြိမ် ချောင်းဆိုးလိုက်သည်။
" ဘယ်လိုလဲ ..... ကိုယ့်အရည်အချင်းက မဆိုးဘူး မဟုတ်လား "
ရှုကျင်းရှင်း သူ့ကို ခါးသီးစွာ စိုက်ကြည့်ပြီးနောက် အိပ်ရာမှ ထကာ သူမအဝတ်အစားတွေကို ပြန်ပြင်ပြီး အပြင်ကို ထွက်သွားသည်။
သို့သော် ထိုကောင်လေး၏ အနှိပ်နည်းစနစ်မှာ အမှန်တကယ် ကောင်းသည်ဆိုတာ သူမစိတ်ထဲမှာ ဝန်ခံခဲ့ရသည်။
အချိန်တိုလေးအတွင်းမှာ သူမ တစ်ညလုံး မအိပ်ရသော မောပန်းနွမ်းနယ်မှုများ ပြေပျောက်ပြီး သူမ၏ ခန္ဓာကိုယ်သည် ထူးခြားစွာ ပေါ့ပါးသွားခဲ့သည်။
လျုံဝမ်းယွမ်သည် မကြာမီ သူမမှ ပြန်ခေါ်၍ အထဲသို့ ဝင်လာခဲ့သည်။
အဘိုးအိုသည် ယဲ့ဖန်ကို မြင်သောအခါ မျက်ခုံးပင့်ပြီး သူ့ကိုကြည့်သည်။
သူ့အကြည့်မှာ "ကောင်စုတ်လေး၊ မင်းတကယ် အသံမထွက်ဘဲ မမလေးရှုကို အပိုင်သိမ်းနေတာပဲ"ဟု ပြောနေပုံရသည်၊
ယဲ့ဖန်က သူ့ကို လျစ်လျူရှုလိုက်သည်၊
" ဆရာကြီး၊ ဘာလို့ ကျုံးဟိုင်ကနေ ရုတ်တရက် ပြေးလာတာလဲ "
မနက်စာ ပြင်ဆင်ပေးနေစဉ် လျုံဝမ်းယွမ်က ပြန်ပြောသည် ။
" မနေ့က ငါ့ကို မမလေးဆီက ဖုန်းလာတယ်။ မင်း မေ့လဲသွားတယ်လို့ ပြောလို့ ငါ အရမ်းစိုးရိမ်ပြီး ကားနဲ့ အမြန်ပြေးလာတာ။ အခု မင်း ဘယ်လိုနေလဲ၊ အဆင်မပြေဘူးလား "
သူသည် သူ၏ ကိုယ်ခံပညာအိပ်မက်ကို ထိုအဖိုးတန် တပည့်လေးတွင် အပ်နှင်းထားသောကြောင့် အမှားအယွင်း မရှိစေချင်ပေ။
ယဲ့ဖန် ခေါင်းခါလိုက်သည်။
" အဆင်ပြေပါတယ်၊ ဒါပေမယ့် ကျွန်တော့်ခွန်အားတွေ အများကြီး တိုးတက်လာတယ်လို့ ခံစားရတယ် "
လျုံဝမ်းယွမ် ခဏလောက် ထိတ်လန့်သွားပြီး သွေးခုန်နှုန်းကို စမ်းသပ်ရန် သူ့လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်သည်။
ထို့နောက် မယုံနိုင်စရာကို ခံစားလိုက်မိသည်။
" တကယ်ကို အများကြီး တိုးတက်လာပုံရတယ်။ ဒါက တကယ်ကို အံ့သြစရာကောင်းတာပဲ "
" မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေက ပင်ပန်းနွမ်းနယ်နေပေမယ့် မင်းရဲ့ အတွင်းအားက ထိခိုက်မှု မရှိဘူးလား။ ဘာလို့လဲ "
ယဲ့ဖန် ခေါင်းခါလိုက်သည်။
" မသိဘူး၊ ကျွန်တော်က ဆရာ့ကို မေးချင်တာ။ ဒါပေမယ့် ဆရာက မသိဘူး ထင်တယ် "
ဆရာတစ်ယောက်အနေဖြင့် လျုံဝမ်းယွမ်သည် သူ့တပည့်ဆီမှ မထီမဲ့မြင်ပြုခြင်းကို ခံခဲ့ရသည့်အတွက် သဘာဝအတိုင်း လက်မခံနိုင်ပေ။
" ဘယ်သူပြောတာလဲ မသိဘူးလို့ "
" ဆိုရိုးစကားအတိုင်း ဆေးပညာနဲ့ ကိုယ်ခံပညာက ကွာခြားမှု မရှိဘူး။ မင်းရဲ့ ဆေးဘက်ဆိုင်ရာ စွမ်းရည်က အရမ်းကောင်းတာမို့ မင်းရဲ့ ကိုယ်ခံပညာ လေ့ကျင့်မှုမှာလည်း အထောက်အကူ ဖြစ်လာတာ ဖြစ်မယ် "
ယဲ့ဖန်က သံသယဖြစ်နေသည်။
" တကယ်လား "
လျုံဝမ်းယွမ်က သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
" ဆရာက မင်းကို လိမ်လို့ရမလား။ မင်းရဲ့အရည်အချင်းကတော့ မယုံနိုင်စရာပဲ။ မင်း ဆက်လျှောက်နိုင်သရွေ့ မင်း ဒဏ္ဍာရီလာ သခင်ကြီးတစ်ယောက်ရဲ့ နယ်ပယ်ထဲကို တကယ်လှမ်းနိုင်လိမ့်မယ်။ အဲ့ဒီနေ့ကို တကယ် မြင်နိုင်ရင် ငါ သေသွားရင်တောင် ပျော်နေမိမှာ "
သူ ထိုစကားပြောသည့်အခါ သူ့လေသံမှာ အနည်းငယ် ဝမ်းနည်းသွားသည်။
သူ့တပည့်သိုင်းပညာ အထွတ်အထိပ်ရောက်သည့်နေ့ကို မတွေ့ရတော့မည်ကို ကြောက်နေမှန်း သိသာလေသည်။
မူလက ဤအကြောင်းအရာသည် လေးနက်သော အကြောင်းအရာဖြစ်သော်လည်း ယဲ့ဖန်၏ စကားများက လေထုကို ချိုးဖျက်ပစ်လိုက်သည်။
" ကျွန်တော်က ဒဏ္ဍာရီလာ ဆရာသခင်ကြီးအဆင့် ဖြစ်နိုင်ရင်တောင် အနည်းဆုံး အနှစ်လေးဆယ်ငါးဆယ်လောက် ကြာလိမ့်မယ်။ ဆရာက ဒီနှစ် အသက်ခုနစ်ဆယ်ကျော်နေပြီ။ နောက်ထပ် အနှစ်လေးဆယ်ငါးဆယ်ကျော်ရင် အသက်တစ်ရာ့နှစ်ဆယ်ကျော်တော့မယ်။ အဲ့ကျ မသေဘဲ ရှိပါ့မလား "
" မင်း၊ မကောင်းတဲ့ ကောင်စုတ်လေး "
လျုံဝမ်းယွမ် သူ့မျက်နှာကို ရိုက်ချလိုက်သည်။
အပိုင်း ( ၈၃၁ )
ဒီတစ်ယောက်က တကယ်ကို နှလုံးသားကြီးလွန်းတယ်။
လျုံဝမ်းယွမ်သည် ယဲ့ဖန်၏ လတ်တလော လေ့ကျင့်ပုံကို မေးမြန်းကြည့်ရာ ယဲ့ဖန် အခြေအနေ ကောင်းမွန်ကြောင်း သိလိုက်ရ၍ ငြိမ်သက်စွာ ထွက်သွားခဲ့သည်။
သူထွက်သွားသည်နှင့် တပြိုင်နက် ဘေးပတ်လည်အတွင်းရှိ လေထုသည် အဆင်မပြေ ဖြစ်လာပြန်သည်။
ရှုကျင်းရှင်းသည် ယခု ယဲ့ဖန်လုပ်ခဲ့သည့် ကိစ္စကို တွေးလိုက်သည့်အခါ သူမ၏ ပါးပြင်နှစ်ဖက်မှာ အလွန်ပူထူလာပြီး ဒေါသဖြစ် ဟန်ဆောင်တော့သည်။
ယဲ့ဖန်က တစ်ခုခု ရှင်းပြရန် စဉ်းစားနေသည်။
ထိုအချိန် ရုတ်တရက် တံခါးခေါက်သံကြောင့် ယဲ့ဖန် ရွေးချယ်စရာ မရှိဘဲ ထပြီး တံခါးဖွင့်ရသည်။
တံခါးအပြင်ဘက်တွင် ရပ်နေသည့် ကျူးရှောင်ကျောင်း၏ အစောင့်တစ်ယောက်ရှိသည်။
ထိုလူအား ကျောက်ရှဝူလို့ ခေါ်ကြောင်း ကျူးရှောင်ကျောင်းမှ သူ့အား ပြောခဲ့သည်ကို ယဲ့ဖန် မှတ်မိလိုက်သည်။
တံခါးကိုဖွင့်လိုက်သည်မှာ ယဲ့ဖန် ဖြစ်သည်ကို တွေ့လိုက်ရပြီး ထိုလူက အလွန်ဝမ်းသာသွားသည်။
" ယဲ့လူကြီးမင်း၊ နိုးပြီလား "
ယဲ့ဖန်သည် အမူအရာ ထုတ်ဖော်မပြဘဲ ခေါင်းညိတ်ပြသည်။
" မိန်းကလေးကျူး၊ အခု ဘယ်လိုနေသေးလဲ "
ကျောက်ရှဝူမှ ယဲ့ဖန်အား ဝမ်းသာအားရဖြင့် ရှင်းပြလေသည်။
" ဆေးရုံက မမလေးကို ပြန်စစ်ဆေးပြီးတော့ သူမရဲ့ အခြေအနေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်သွားပြီ ပြောတဲ့အပြင် အခုအချိန်အထိ ကြီးလေးတဲ့ ပြဿနာလည်း မရှိဘူးလို့ ပြောပါတယ်။ ဒီကိစ္စအတွက် ယဲ့လူကြီးမင်းကို ကျေးဇူးတင်ရမှာပါ "
ယဲ့ဖန် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပြီ၊ နောက်မှ သူမကို သွားစစ်လိုက်မယ်။ ခင်ဗျား ကျွန်တော့်ကို တွေ့ဖို့ လာတာလား၊ ဘာကိစ္စရှိလို့လဲ "
ကျောက်ရှဝူသည် အခန်းတွင်းရှိ ရှုကျင်းရှင်းကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် တုံ့ဆိုင်းသွားသည်။
ရှုကျင်းရှင်းသည် ထက်မြက်စွာဖြင့် ချက်ချင်း ထရပ်လိုက်သည်။
" ကျွန်မ အပြင်ထွက်ပြီး ရေနွေးသွားသောက်လိုက်ဦးမယ်။ ရှင်တို့နှစ်ယောက် အရင်ပြောကြ "
ထိုစကားပြောပြီးနောက် ရေနွေးအိုးကို ယူကာ ထွက်လာခဲ့သည်။
ယဲ့ဖန်သည် ကျောက်ရှဝူကို နားခန်းထဲသို့ ခေါ်လာသည်။
" ဘာကိစ္စရှိလို့လဲ၊ ပြောပါ "
ကျောက်ရှဝူသည် ချက်ချင်းပင် သူ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ လေးစားစွာ ပြောလိုက်သည်။
" ယဲ့လူကြီးမင်းက ဒီတစ်ခေါက် မမလေးရဲ့အသက်ကို ကယ်ခဲ့တာပါ။ အဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်က လူကြီးမင်းကို စကားပြောချင်နေပါတယ်။ သူက လူကြီးမင်းကို ကျေးဇူးတင်စကား ပြောချင်နေတာပါ "
ယဲ့ဖန် မျက်ခုံးပင့်တင်လိုက်သည်။
" မလိုအပ်ဘူး မဟုတ်လား။ လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ "
အဓိက အကြောင်းအရင်းမှာ ယဲ့ဖန်သည် ကျူးရှောင်ကျောင်းအား အသက်စိုးရိမ်စေခဲ့ရသည့် အန္တရာယ်တစ်ခုအား ကျရောက်စေခဲ့ရ၍ ယခုအခါ သူမ၏ မိဘများနှင့် စကားပြောဆိုရန် လိုအပ်လေသည်။
ထိုအကြောင်းကို တွေးမိသည့်အခါ အနည်းငယ် ကြောက်ရွံ့နေသေးကြောင်း ခံစားရသည်။
အထူးသဖြင့် "ခေါင်းဆောင်"တွင် ထူးခြားသော နောက်ခံရှိမည်ကို သိသဖြင့် ပို၍ပင် စိတ်မသက်မသာ ဖြစ်စေသည်။
ကျောက်ရှဝူသည် သူ့စကားကို ကြားသောအခါ တိတ်တဆိတ် လေးစားသွားသည်။
အကယ်၍ အခြားသူများသာ ဖြစ်လျှင် ခေါင်းဆောင်နှင့် ကြုံလာပါက ခြေသလုံးကို ပွေ့ဖက်ချင်နေလိမ့်မည်။
ယဲ့ဖန်သည် ကြင်နာတတ်ပြီး သူ၏ ကြင်နာမှုအတွက် အခွင့်ကောင်း ပြန်မယူချင်သည့်ပုံစံမှာ လူအများကြားတွင် ရှားပါးလွန်းလှသည်။
" ကျွန်တော်တို့ရဲ့ခေါင်းဆောင်က ယဲ့လူကြီးမင်း နိုးတာနဲ့ အကြောင်းကြားဖို့ ထပ်ခါ တလဲလဲ အမိန့်ပေးထားလို့ပါ။ ကျွန်တော်တို့ကို အခက်အခဲတွေ့အောင် မလုပ်ပါနဲ့ဗျာ "
ယဲ့ဖန်မှ ငြင်းနေသည်ကို မြင်ပြီး ကျောက်ရှဝူသည်လည်း ဆက်လက် စည်းရုံး
ရန်က လွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
ယဲ့ဖန် တုံ့ဆိုင်းသွားသော်လည်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ "
ကျောက်ရှဝူသည် ချက်ချင်းပင် ဝမ်းသာသွားကာ ဘာမှ ပြန်မပြောဘဲ လူကြီးမင်းကျူးကို အမြန်ခေါ်လိုက်သည်။
ဖုန်းသည် အကြိမ်အနည်းငယ် မြည်သွားပြီးနောက် တစ်ဖက်မှ ဖုန်းကိုင်လာလေသည်။
ကျောက်ရှဝူမှ အသံတိုးတိုးဖြင့် သတင်းပို့လိုက်သည်။
" သခင်ကြီး၊ ယဲ့လူကြီးမင်း နိုးလာပါပြီ "
ချက်ချင်း တစ်ဖက်မှ ဒေါသတကြီး အသံထွက်လာသည်။
" ဒါ ရှောင်ယဲ့လူကြီးမင်း ဟုတ်လား။ ငါက ရှောင်ကျောင်းလေးရဲ့ အဘိုး ကျူးကျင်းယွမ်။ ဒီတစ်ခါ ရှောင်ကျောင်းလေးအတွက် မင်း လုပ်ပေးခဲ့တာအတွက် ကျေးဇူးတင်ချင်ပါတယ် "
ယဲ့ဖန်သည် ထိုနာမည်ကို ကြားပြီးနောက် သူ့နှလုံးသည် အကြိမ်အနည်းငယ် ချက်ချင်းတုန်ခါသွားသည်။
ဤနာမည်သည် သူ့အတွက်သာမက တရုတ်လူမျိုး အများစုအတွက် အထူးအဆန်းမဟုတ်ပေ။
ထိုနာမည်သည် သတင်းများတွင် မကြာခဏ ပေါ်လာလေ့ရှိသည်။
ကျူးရှောင်ကျောင်း၏ မိသားစုနောက်ခံသည် သာလွန်ကောင်းမွန်ကြောင်း သူ သိထားသော်လည်း ဤအဆင့်ထိသို့ ရောက်နေရန် မမျှော်လင့်ထားပေ။
ကံကောင်းထောက်မစွာဖြင့် သူ့စိတ်လှုပ်ရှားမှုမှာ အတော် တည်ငြိမ်သွားပြီး တည်ငြိမ်မှုကို အမြန် ပြန်ရလာသည်။
" ကျူးလူကြီးမင်း၊ မင်္ဂလာပါ။ ကျွန်တော့်နာမည်က ယဲ့ဖန်ပါ။ ရှောင်ကျောင်းက ကျွန်တော့် သူငယ်ချင်းကောင်းမလို့ လုပ်သင့်တာကို လုပ်ခဲ့တာပါပဲ။ ယဉ်ကျေးနေဖို့ မလိုပါဘူး "
ကျောက်ရှဝူသည် ယဲ့ဖန်၏ အမူအရာကို တစ်ချိန်လုံး ဂရုတစိုက် စိုက်ကြည့်နေသဖြင့် ယဲ့ဖန်သည် ကျူးရှောင်ကျောင်း၏ အဘိုး မည်သူဖြစ်သည်ကို ကြားပြီး အနည်းငယ် အံ့အားသင့်သွားပုံကို မြင်လိုက်ရသည်။
ယဲ့ဖန်သည် ထိုလူဖြစ်မယ်မှန်း မမျှော်လင့်ထားမိသည်မှာ ထင်ရှားလေသည်။
သို့သော် ပို၍ မမျှော်လင့်ထားသည်မှာ ယဲ့ဖန်သည် အမြန်ပင် ပြန်လည် စိတ်တည်ငြိမ်သွားသည်။
ဤကဲ့သို့ ရာထူးရှိ လူကြီးနှင့် ရင်ဆိုင်ရသည့်အခါ တည်ငြိမ်နေရန်မှာ သာမန်လူသားများ မလုပ်နိုင်သည့် အရာတစ်ခုဆိုသည်မှာ သေချာလေသည်။
ကျူးကျင်းယွမ်သည်လည်း ထိုကလေးသည် သူနှင့် ပြောဆိုနေသည့်အခါ ဤမျှ တည်ငြိမ်နိုင်မည်ဟု မမျှော်လင့်ထားပေ။
စကားဆက်မပြောမီ ခဏလောက် ခေတ္တရပ်လိုက်သည်။
" ဘာပဲဖြစ်ဖြစ်၊ မင်းက ရှောင်ကျောင်းရဲ့ ကယ်တင်ရှင်ပဲ။ ဆိုလိုတာက ငါတို့ ကျူးမိသားစုကြီးရဲ့ ကျေးဇူးရှင်ပဲ။ မင်းမှာ တောင်းဆိုစရာရှိရင် ငါ လုပ်ပေးနိုင်သရွေ့ မင်း တောင်းဆိုနိုင်တယ်။ ငါ့စည်းမျဉ်းတွေကို မချိုးဖောက်သရွေ့ အစွမ်းကုန် ကူညီပေးမယ် "
ဘေးမှာ ရပ်နေသည့် ကျောက်ရှဝူက ပိုလို့ပင် အံ့သြသွားသည်။
ကျူးလူကြီးမင်းသည် မည်သူ့ကိုမျှ ဤကဲ့သို့ ကတိပေးတာမျိုး တစ်ခါမှ မကြားခဲ့ဖူးချေ။
ဤကဲ့သို့ ထောက်ပံ့နိုင်သူမှ ကမ်းလှမ်းလာလျှင် ယဲ့ဖန်၏ အခြေအနေများမှာ ကောင်းမွန်သော်လည်း တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်သည်။
တစ်သက်မှာ တစ်ခါပင် မရနိုင်သည့် အခွင့်အရေးဖြစ်သည်။
သို့သော်လည်း ယဲ့ဖန်၏ အဖြေသည် သူ့မေးရိုးကို ပြုတ်ကျမတတ် ဖြစ်စေခဲ့သည်။
" ကျူးလူကြီးမင်း၊ ကျွန်တော် ခင်ဗျားကို အရမ်းလေးစားပါတယ်။ တခြားသူသာဆိုရင် ကျွန်တော် အခု ဖုန်းချလိုက်မှာပါ။ လူကြီးမင်းက စော်ကား ပြောဆိုနေတာ မဟုတ်ပေမဲ့ ဒါက လူကြီးမင်းရဲ့ မြေးမပါ။ ကျွန်တော် သူမဆီက တစ်ခုခုရဖို့ အတွက်နဲ့ ကယ်ခဲ့တာလို့ ထင်နေတာလား "
ယဲ့ဖန်၏ အသံတွင် ဒေါသအနည်းငယ် ပါနေပြီး သတိမထားမိဘဲ တစ်ဖက်သူကို ပြစ်တင်ကြိမ်းမောင်းလိုက်သည်။
သူ့ဘေးနားရှိ ကျောက်ရှဝူမှာ အလွန်ကြောက်နေပြီဖြစ်သည်။
ဒီတစ်ယောက် ရူးနေတာလား။
သခင်ကြီးကို ဒီလိုလေသံနဲ့ ဘယ်လိုတောင် ပြောရဲတာလဲ။
မရေမတွက်နိုင်သော ရှင်ခြင်းနှင့် သေခြင်းတို့ကို တွေ့ကြုံခဲ့ရသော်လည်း ယခုအခါ သူ ကြောက်ရွံ့နေလေသည်။
သခင်ကြီးသည် ဒေါသထွက်ပြီး ထိုကောင်လေးကို သတ်ပစ်ရန် အမိန့်ပေးမည်ကို စိုးရိမ်နေသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူ့သခင်ကြီးမှာ သူ ထင်ထားသလို စိတ်အဆင်မပြေ မဖြစ်ခဲ့ချေ။
ဖုန်း၏ အခြားတစ်ဖက်မှ စက္ကန့်အနည်းငယ်မျှသာ တိတ်ဆိတ်သွားသည်။
ယဲ့ဖန်၏ စကားကြောင့် သူ အံ့အားသင့်သွားသော်လည်း မကြာလိုက်ဘဲ စိတ်လိုလက်ရ ရယ်မောသံ ထွက်ပေါ်လာပြန်သည်။
" ရှောင်ယဲ့လူကြီးမင်း၊ ငါ့ကို အထင်မမှားနဲ့။ ငါ အဲ့ဒီလို ဆိုလိုတာမဟုတ်ဘူး။ မင်း ရှောင်ကျောင်းကို ခင်မင်ရင်းနှီးမှုကြောင့် ကယ်ခဲ့တာကို ငါသိပါတယ်။ ငါက အလောတကြီး ဖြစ်သွားလို့ မင်းကို တောင်းပန်ပါတယ်။ မင်းနဲ့ ရှောင်ကျောင်းက ဒီလောက်ကောင်းတဲ့ ဆက်ဆံရေး ရှိနေမှတော့ ငါ မင်းကို မယဉ်ကျေးတော့ဘူး။ နောက် မင်း ယန်ကျင်းမြို့ကို ရောက်ဖြစ်ရင် အိမ်မှာ ညစာလာစားပါ "
ထို့နောက်တွင် မိသားစုတစ်ခုမှ လူကြီးတစ်ဦးသည် မျိုးဆက်သစ် လူငယ်တစ်ဦးနှင့် စကားပြောနေသကဲ့သို့ အလွန်ရင်းနှီးလာခဲ့သည်။
သူ့ဘေးနားရှိ ကျောက်ရှဝူမှာ ထိတ်လန့်စွာ စိုက်ကြည့်နေသည်။
ငါ့သခင်ကြီးက တစ်ယောက်ယောက်ကို တကယ်ကြီး တောင်းပန်ခဲ့တာလား။
ဒါက အိပ်မက်မက်နေတာများလား။
သူ့ကို ပိုလို့ပင် အံ့အားသင့်စေခဲ့သည်မှာ နောက်တွင် ဆက်ပြောလိုက်သည့်စကားကြောင့် ဖြစ်သည်။
ဘယ်သူကို ယဉ်ကျေးဖို့ မလိုတာလဲ၊ သိလား။
သေချာပေါက်၊ မိသားစုအချင်းချင်းကိုပဲပေါ့။
ယဲ့ဖန်ကို အပြင်လူအဖြစ် မဆက်ဆံတော့ဘူးလို့ ငါ့သခင်က ဆိုလိုတာလား။
သူ့ကို ညစာ "အိမ်လာစား"တာတောင် ခွင့်ပြုတာလား။
ဒါက မယုံနိုင်စရာပဲ။
ယဲ့ဖန်၏ မျက်နှာကို ကြည့်လိုက်ရာ လှိုင်းလုံးများ မရှိဘဲ ရေပြင်ကဲ့သို့ ငြိမ်သက်နေသည်။
ဒီကောင်လေးက ဒီစကားကို ကြားပြီးတာတောင် ဘာလို့ ငြိမ်နေသေးတာလဲ။
ဒီကောင်လေးက တကယ်ကို နှလုံးသားကြီးလွန်းတယ်။
…......................
" မင်းက ရှောင်ကျောင်းနဲ့ ဆက်ဆံရေးကောင်းရှိတော့ မင်းကို ငါ မတွေ့ရသေးပေမဲ့ အခုကတည်းက ရှောင်ဖန်လို့ပဲ ခေါ်မယ်။ ရှောင်ဖန်၊ မင်းပြောကြည့်၊ ရှောင်ကျောင်းလေးက သက်တမ်း ဘယ်လောက်ထိ အသက်ရှင်နိုင်မယ်လို့ မင်းထင်လဲ "
ကျူးကျင်းယွမ်သည် အစက "ရှောင်ကျောင်းရဲ့ ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်လား"ဟု မေးချင်တာဖြစ်သည်။
သို့သော် ထိုသည်မှာ အနည်းငယ် မဖြစ်နိုင်၍ "ဘယ်နှစ်နှစ် အသက်ရှင်နိုင်မလဲ"ဆိုပြီးသာ စကား ပြောင်းမေးလိုက်သည်။
ယဲ့ဖန် မျက်မှောင်ကြုတ်ပြီး ခဏလောက်စဉ်းစားပြီး နောက်ဆုံး၌ ဖြေသည်။
" ဒီကုသမှုကြောင့် သူမက အခုတော့ အန္တရာယ်ကနေ လွတ်မြောက်သွားပါပြီ။ ကျွန်တော် သူမအတွက် ဆေးအချို့ ညွှန်ပေးထားတာကို အချိန်တိုင်း သောက်ပါ။ သုံးနှစ်အတွင်းတော့ ဘာပြဿနာမှ မဖြစ်နိုင်လောက်ပါဘူး "
ကျူးကျင်းယွမ်၏ အသံသည် တုန်လှုပ်နေသည်။
" သုံးနှစ်ပဲ အသက်ရှင်နိုင်မှာလား။ ဒါက အံ့ဖွယ်တစ်ခု ဖြစ်နေပြီဆိုတာ ငါသိပါတယ်။ ကမ္ဘာပေါ်မှာ နှလုံးရောဂါအတွက် အကောင်းဆုံး ဆရာဝန်တွေကို ရှာတွေ့ခဲ့တာတောင် သူတို့က တစ်နှစ်တောင် အသက်မရှင်နိုင်ဘူးလို့ အားလုံးက ပြောခဲ့ကြတာ။ မင်းက သူ့ကို နောက်ထပ် နှစ်နှစ်သက်တမ်း ပေးနိုင်ခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပေမယ့် ........ "
ယဲ့ဖန် သူ့စကားကို အမြန် နှောင့်ယှက်လိုက်သည်။
" ဒီကုသမှုက သူမကို သုံးနှစ်လောက် ကျန်းမာအောင် ထိန်းထားနိုင်ပေမယ့် သူမက သုံးနှစ်တည်းပဲ အသက်ရှင်တော့မယ်လို့ ကျွန်တော် မပြောခဲ့ပါဘူး "
ကျူးကျင်းယွမ် ခဏတာ အံ့အားသင့်သွားပြီး ချက်ချင်း စိတ်လှုပ်ရှားလာသည်။
" မင်း ဆိုလိုတာက ငါတို့ကလေးလေး ရောဂါ ပျောက်ကင်းဖို့ မျှော်လင့်ချက်ရှိသေးတာလား "
အပိုင်း ( ၈၃၂ )
ကျွန်တော် အသက်ရှင်နေသရွေ့ သူမ မသေနိုင်ပါဘူး။
ယဲ့ဖန် ခဏ တုံ့ဆိုင်းသွားပြီး နောက်ဆုံး၌ ပြန်ဖြေလေသည်။
" ကျွန်တော် ၁၀၀ရာခိုင်နှုန်းတော့ အာမ မခံနိုင်ပေမယ့် ကျွန်တော့်ရဲ့ ခွဲစိတ်မှုစွမ်းရည်က အတိုင်းအတာတစ်ခုအထိ တိုးတက်နေသရွေ့ သူမကို ကုသဖို့ မျှော်လင့်ချက်ရှိနေတုန်းပါပဲ။ အတိုချုပ်ပြောရရင် ကျွန်တော် အသက်ရှင်နေသရွေ့ သူမ မသေနိုင်ပါဘူး "
ထိုအချိန်တွင် အဝေးတွင်ရှိသည့် ယန်ကျင်းမြို့တွင် ရှိနေသော ကျူးကျင်းယွမ်သည် လုံးဝ အံ့အားသင့်သွားပြီး သူ့နားကိုပင် မယုံနိုင် ဖြစ်သွားသည်။
အချိန်အတော်ကြာ ငေးမှိုင်နေပြီးနောက် သူ၏ ပါးပြင်ပေါ်သို့ မျက်ရည်နှစ်ကြောင်း စီးဆင်းလာသည်။
ထိုစကားသည် ဤနှစ်များအတွင်း သူ ကြားရသော အကောင်းဆုံးသတင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
နှစ်တွေကြာလာသည်နှင့်အမျှ သူ၏ မြေးမလေးရှိ ရောဂါကြောင့် ညစဉ် ကောင်းမွန်စွာ မအိပ်ခဲ့ရဘဲ ဆေးစာအုပ်များကိုပင် ကိုယ်တိုင် သွားရှာခဲ့ဖူးသည်။
နှစ်အနည်းငယ်ကြာပြီးနောက် သူသည်ပင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနီးပါး ဖြစ်လာသည်။
သို့သော် သူ၏ မြေးမလေးရှိ ရောဂါအကြောင်း ပိုသိလာလေလေ ပို၍ ပူလောင်လာလေလေ ဖြစ်ခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာများဖြင့် ရှောင်ကျောင်းလေး၏ ရောဂါအား ကုသနိုင်သည့်အကြောင်း စံနမူနာ လုံးဝ မရှိချေ။
သူ အတော် စိတ်ညစ်ခဲ့ရသည်။
ယနေ့ သူ၏ မြေးမလေးနှင့် အသက်အရွယ်တူ လူငယ်လေး တစ်ယောက်ဆီမှ ဤသို့ သတင်းကောင်းကြားရရန်လည်း ဘယ်တုန်းကမျှ မမျှော်လင့်ထားဖူးချေ။
ကျွန်တော် အသက်ရှင်နေသရွေ့ သူမ မသေနိုင်ပါဘူး။
ထိုစကားမှာ တုံးအပုံ ရသော်လည်း စကားလုံးများက သူ့ကို ထိတ်လန့်သွားစေခဲ့သည်။
" ရှောင်ဖန်၊ ဒါဆို ရှောင်ကျောင်းလေးကို မင်းကို လုံးဝ အပ်ထားလိုက်တော့မယ်။ သူမက အရမ်း ကလေးဆန်တယ်။ မင်းကို စိတ်မချမ်းသာအောင် လုပ်မယ့် အချိန်တွေလည်း ရှိမှာ သေချာတယ်။ အဲ့တာကြောင့် မင်းဘက်က ပိုပြီးတော့ သည်းခံရမယ် ........ "
ကျူးကျင်းယွမ်၏ စကားကို ကြားသောအခါ ယဲ့ဖန် စကားမပြောနိုင်ပင် ဖြစ်သွားသည်။
" မင်းကိုပဲ အပ်ထားမယ် "ဆိုတာ ဘာကြီးလဲ။
တစ်ဘဝလုံးအတွက် အားကိုးလိုက်သလိုကြီး ဘာလို့ ခံစားရတာလဲ။
" စိတ်မပူပါနဲ့၊ အဘိုး။ ကျွန်တော် သူ့ကို အကောင်းဆုံး ပြုစုကုသပေးပါမယ်။ အခု သူမ နိုးနေလောက်ပြီ။ ကျွန်တော် သူမကို အရင် သွားတွေ့လိုက်ဦးမယ် မပြောတော့ဘူး "
" ကောင်းပြီ၊ မြန်မြန်သွား။ ငါတို့ကို အချိန်မရွေး အဆက်အသွယ်လုပ် ......... "
ကျူးကျင်းယွမ်မှ သဘောတူပြီး တစ်ဖက်မှ ဖုန်းချသွားပြီးနောက်တွင် အံ့သြလျက် ကြောင်အစွာဖြင့်သာ ထိုင်နေလိုက်သည်။
ထိုအချိန်တွင် သားဖြစ်သူ ကျူးကျီချင်းနှင့် ချွေးမ ဖန့်ယွီတို့ ဝင်လာပြီး အဘိုးအိုမှာ ငူငေါင်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသောအခါ ထိတ်လန့် တုန်လှုပ်သွားကြသည်။
" အဖေ၊ ဘာဖြစ်နေတာလဲ "
ကျူးကျီချင်းမှာ အမြန်ပြေးလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။
ထိုအခါမှ ကျူးကျင်းယွမ်သည် အသိစိတ်ပြန်ဝင်လာပြီး ပေါ့ပါးစွာ ပြောပြလိုက်သည်။
" ငါ အခု ရှောင်ဖန်နဲ့ ဖုန်းပြောခဲ့တယ် "
" ရှောင်ဖန်က ဘယ်သူလဲ "
ဖန့်ယွီမှ စူးစမ်းစွာဖြင့် မေးသည်။
အဘိုးအိုမှ ထိုကောင်လေးကို ကြင်နာစွာ ခေါ်သည့်အသံကို ကြားပြီး ထိုသူသည် မိသားစုထဲမှ အငယ်လေးတစ်ယောက်ယောက် ဖြစ်ရမည်ဟု ထင်မိသည်။
သို့သော် မိသားစုထဲ၌ ထိုနာမည်ဖြင့် လူကို မမှတ်မိချေ
" အဖေ ယဲ့ဖန်အကြောင်း ပြောနေတာ မဟုတ်လား "
ကျူးကျီချင်းလည်း အနည်းငယ် အံ့အားသင့်သွားသည်။
သူ့အဖေက သူ့စကားကို ပြောင်းသွားမည်ဟု မမျှော်လင့်ထားချေ။
" ဟုတ်တယ်၊ သူပဲ "
ကျူးကျင်းယွမ် ခေါင်းညိတ်လိုက်သည်။
" သူ ...... သူ ဘာပြောလဲ "
ဖခင်ဖြစ်သူ၏ စိတ်ပျက်လက်ပျက်အကြည့်ကို မြင်လိုက်ရပြီး ကျူးကျီချင်း၏ နှလုံးသည် ချက်ချင်းပင် ခုန်ပေါက်လာသည်။
" သူပြောတာ ...... ရှောင်ကျောင်းလေးကို ကယ်နိုင်သေးတယ်တဲ့ ........"
ကျူးကျင်းယွမ်သည် ထိုစကားကို ပြောသည့်အခါ သူ့အမူအရာမှာ တုန်လှုပ်နေပြီး သူ၏ မျက်နှာအိုကြီးမှာ မထိန်းနိုင်ဘဲ ဝမ်းသာရိပ်သာ ပေါ်နေသည်။
" အဲ့တာ ...... ကယ်တင်နိုင်မယ်ဆိုတာ ဘာကို ဆိုလိုတာလဲ "
ဖန့်ယွီသည် အဘိုးအိုကို စိုက်ကြည့်နေသည်။
သူမ၏ မှတ်ဥာဏ်ထဲတွင် အဘိုးအို ဤမျှ အသိစိတ်လွတ်နေပုံကို တစ်ခါမှ မမြင်ဖူးပေ။
ကျူးကျီချင်းသည် သူ့အဖေကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
" အဖေ .......သူပြောတာ အမှန်ပဲလား "
ကျူးကျင်းယွမ် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
" သူ့ရဲ့ ခွဲစိတ်မှုစွမ်းရည်ကို မြှင့်တင်နိုင်ရင် ရှောင်ကျောင်းလေးရဲ့ ရောဂါပျောက်ကင်းဖို့ မျှော်လင့်ချက်ရှိတယ်လို့ ငါ့ကို ကိုယ်တိုင်ကိုယ်ကျ ပြောပြခဲ့တာ။ သူ ယုံကြည်မှုရှိတာ သေချာတယ်လို့ ငါ ကြားခဲ့တယ် "
ကျူးကျီချင်း စိတ်မလှုပ်ရှားနိုင်ခင်မှာ ဇနီးဖြစ်သူ ဖန့်ယွီ၏ ခြေမှာ အားလျော့ပြီး မြေပြင်ပေါ် လဲကျသွားခဲ့သည်။
သူမကို အမြန် ကူညီပေးလိုက်သည်။
" ဖန့်ယွီ၊ မင်း အဆင်ပြေရဲ့လား "
ဖန့်ယွီ၏ မျက်နှာပေါ်၌ မျက်ရည်များစီးကျလာကာ သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
" ကျီချင်း ရှင် ကြားလား။ ရှောင်ကျောင်းလေးကို ကယ်နိုင်တယ်တဲ့။ သူမကို ကယ်နိုင်သေးတယ်တဲ့ ....... "
ကျူးကျီချင်းလည်း စိတ်လှုပ်ရှားလွန်း၍ သူ့ကိုယ်သူပင် မထိန်းနိုင်ဘဲ အမြန် ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်၊ ငါတို့သမီးကို ကယ်နိုင်သေးတယ်။ မသေနိုင်ဘူး "
ဇနီးသည်မှာ သမီးလေးကို မွေးဖွားပြီးနောက်မှာ အပြင်းဖျားပြီး ကိုယ်ဝန်မဆောင်နိုင်တော့ချေ။
ထို့ကြောင့် ရှောင်ကျောင်းလေးသည် သူမ၏ တစ်ဦးတည်းသော အသက်သွေးကြောဟု ပြောလို့ရနိုင်သည်။
နှစ်တွေကြာလာသည်နှင့်အမျှ ဇနီးမောင်နှံသည် သမီးဖြစ်သူ၏ ဖျားနာမှုကို ကူညီရန်အတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။
ထိုသတင်းကို ရုတ်တရက် ကြားလိုက်သည်နှင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုကို တွေးကြည့်နိုင်သည်။
ကျူးကျင်းယွမ်သည် ယခုအချိန်တွင် မထိန်းနိုင်တော့ဘဲ ချက်ချင်း ခေါင်းမော့ကာ ရယ်မောလိုက်သည်။
" ဟားဟားဟား၊ ငါ တစ်သက်လုံး ဖြောင့်မတ်ခဲ့တာ ငါပဲ သိတယ်။ တစ်ခါမှ အမှားမလုပ်ဖူးဘူး။ ဒါကြောင့် ငါ့သားသမီးတွေ မြေးတွေကို ငါ့ကြောင့်နဲ့ ဒုက္ခရောက်စေမှာ မဟုတ်ဘူး။ ယဲ့ဖန်၊ တော်တယ်ကွာ ဟားဟားဟား ......... "
ကျူးကျီချင်းနှင့် သူ့ဇနီးသည်တို့သည် စိုးရိမ်ပူပန်မှုကို ဖြေရှင်းပြီးနောက် စိတ်ပျော်၍ သူတို့လည်း ရယ်ကြသည်။
" အဖေ၊ မိသားစုထဲက လူတိုင်းကို သတင်းအကြောင်း အသိပေးသင့်တယ်။ အားလုံးကို ဖိတ်ပြီး ဒီည အတူတူ ညစာစားလိုက်မယ်။ ဘယ်လိုထင်လဲ "
ကျူးကျီချင်းသည် သူ့အဖေအား ညွှန်ကြားချက်ပေးဖို့ အမြန် မေးသည်။
ကျူးကျင်းယွမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဒီသတင်းကို အခုလောလောဆယ် ထုတ်မပြောနဲ့ဦး။ ရှောင်ဖန်က သူမကို ကယ်နိုင်တာ သေချာတယ်လို့ ပြောပေမယ့် သေချာတဲ့သတင်းရတဲ့အထိ စောင့်ရအောင် "
သူ့အဖေ ပြောသည်ကို ကြားပြီးနောက် ကျူးကျီချင်းလည်း ဘာမှ ပြန်မပြောနိုင်တော့ချေ။
" ကောင်းပြီ၊ မင်းတို့ အရင်ထွက်သွားကြဦး။ ငါ နည်းနည်း အိပ်ငိုက်နေပြီ။ ငါကောင်းကောင်း အိပ်ချင်တယ်"
ကျူးကျင်းယွမ်သည် ပြောသည့်အတိုင်း အိပ်ငိုက်ခြင်းမှာ အမှန်တကယ် သက်ရောက်လာပြီး လှုပ်နေသော ကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ အိပ်ပျော်သွားသည်။
ကျူးကျီချင်းသည် အနှောင့်အယှက် မပေးတော့ချေ။
သူ့အဖေ ဒီနှစ်တွေအတွင်း ညဘက် ကောင်းကောင်း မအိပ်ရကြောင်း သူသိလေသည်။
အခု သူ့စိုးရိမ်မှုတွေထဲက တစ်ခုကို စွန့်လွှတ်လိုက်နိုင်ပြီ ဖြစ်၍ နောက်ဆုံး၌ သူ မထိန်းနိုင်တော့ချေ။
သူသည်လည်း မကြုံစဖူး ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရပြီး ပြန်သွားကာ ကောင်းမွန်စွာ အိပ်စက်မည် ဖြစ်သည်။ လင်မယားနှစ်ယောက်သည်လည်း အနားယူရန် တိတ်ဆိတ်စွာ ပြန်သွားကြသည်။