ဗိုလ်ကျတဲ့ပန်းလေး
Vol. 136 Ch. 2027
“ ဟင် ….. ခင်များ ပြောချင်နေတာက ဘာကြီးလဲ … ကျုပ် တကယ် နားမလည်တော့ဘူး …”
“ မင်း … အားတိုင်းယားတိုင်း အလေလိုက်နေတဲ့ကောင် … စု့န်ကျန်း ရဲစခန်းမှာ ဘာတွေ ဖြစ်ပျက်နေလဲ မင်း မသိဘူးမလား …” ကျန်းဟွေ့ ပြောဆိုလိုက်ပြီး “ အဲ့က လူတွေက ဘာအထင်ကြီးစရာမှ မရှိဘူးဆိုပေမယ့် လင်းဟန်လို့ ခေါ်တဲ့ အမျိုးသမီးကတော့ လုံးဝ မယုံကြည်နိုင်လောက်အောင် ကြမ်းတယ်… ငါတို့ သူ့ကို သတိထားဖို့လိုတယ်…”
(လင်းဟန် - အေးစက်သောဆောင်းဟု အဓိပ္ပာယ်ရ )
“ ခင်များ အတည်ကြီး ပြောနေတာလား … အမျိုးသမီး တစ်ယောက်က ခင်များတို့ အကုန်လုံးကို ဒီလောက်ထိ စိတ်ဖိအား ပေးနိုင်နေတယ်ပေါ့ …”
ပြောရင်းဖြင့် လင်းရီသည် ကူရိရန်ကို ကြည့်လိုက်မိသည်။
လင်းရီ၏ စိတ်ထဲတွင်တော့ ကူရိရန်သည်လည်း အမျိုးသမီးတို့ကြားထဲ၌ အတော်လေး ဖြုံချင်စရာကောင်းသည့် ပြိုင်ဘက်တစ်ဦး ဖြစ်နေချေပြီ။
“ သူက ငါတို့နဲ့ အဆင့်တစ်ခုတည်းက မဟုတ်ဘူးကွ … B cup နဲ့ D cup ကို နှိုင်းယှဉ်သလိုမျိုး မင်း တွေးကြည့်ကွာ … အခု အခြေအနေက အဲ့လောက်ကြီးကို ကွာခြားနေတာဟေ့ …”
“ ဟဲ့ … ရှင်တို့တွေ ဥပမာပေးချင်တယ်ဆိုလည်း တခြားဟာနဲ့ ပေးလေ … “ ကူရိရန် နှာကစ်မိသွားခဲ့သည်။
“ စိတ်မဆိုးနဲ့ စိတ်မဆိုးနဲ့ … ဒါက ဥပမာပေးပြီးပြောတာ …” ကျန်းဟွေ့ ပြောဆိုလိုက်သည်။
“ ပြီးတော့ မင်း စောနက ပြောနေတဲ့ အမျိုးသမီးက မင်းတို့နှစ်ယောက်ထက် ဘယ်လောက်မှ အသက်မကြီးဘူး … မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အစွမ်းအစရှိတယ်… ပျော့ရင်ဖယောင်း ၊ မာရင်သံချောင်းပဲ … လင်းရီ … ငါ့ အထင်တော့ မင်းတောင် သူ့ကို အနိုင်ယူနိုင်မယ် မထင်ဘူး …”
“ တကယ် … သူက အဲ့လောက် စကေးကြမ်းတယ်ပေါ့ …”
လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူ၏ အစွမ်းအစ အပြည့်အဝကို လူတိုင်းရှေ့မှောက်တွင် မပြသဖူးသော်ငြားလည်း ရှင်းရှန်း ရဲစခန်း၏ ထိပ်သီး အဖွဲ့သားတစ်ဦး အဖြစ် သတ်မှတ်၍ ရသည်။ ယခု သူသည်ပင် တစ်ဖက် အမျိုးသမီးအား အနိုင်ယူနိုင်ဖို့ရာ ရေရာခြင်း မရှိဟု ပြောဆိုလာနေသည်။ ဤသည်ကိုတော့ လင်းရီ အနည်းငယ် မျှော်လင့်မထားခဲ့မိပေ။
“ ဆိုတော့ ခင်များတို့အားလုံး ဒီလောက်ထိ နိုးနိုးကြားကြား ရှိနေကြတာ သူ့ကြောင့်ပေါ့ …”
“ အတိအကျပဲ … သူက တကယ့် ဒိတ်ဒိတ်ကျဲကွ …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ အင်း ….. တစ်ဖက်သူက အမျိုးသမီးဆိုတော့ စောက်ကြမ်းကြီးလို့ သုံးပြန်ရင်လည်း မကောင်းဘူး….”
ကလင် ကလင် ကလင် ..
ထိုအချိန်မှာပဲ လီရှန်းဟွေ့၏ ဖုန်းသံ မြည်လာခဲ့ပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။
“ ဟုတ်ကဲ့ အမိန့်ရှိပါ …”
“ ဟုတ်ကဲ့ … နားလည်ပါပြီ …”
လိုရင်းတိုရှင်း ပြောဆိုပြီးသည့်နောက် လီရှန်းဟွေ့ ချက်ချင်း မတ်တပ်ရပ်၍ “ ကိုင်း ကိုယ့်လူတို့ … စကားပြောနေတာတွေ တော်ပြီ … အခု အချိန်ကျပြီ …”
“ အိုကေ … လုပ်လိုက်ကြစို့ …”
ထိုစဉ် ရဲစခန်းရှိ အခြား ယူနစ်များကလည်း ပစ္စည်ကိရိယာများအား ဝတ်ဆင်နေကြသည်။ ပြီးသည့်နောက် အကုန်လုံးက ရဲစခန်းကွင်းပြင်ထဲ၌ စုဝေးကြကာ ရဲအရာရှိ ငါးဆယ်ကျော်သည် လေးတန်းအညီ တန်းစီး၍ ဆက်လက်ညွှန်ကြားမည့် အမိန့်ကို နာခံရန် စောင့်ဆိုင်းနေလျက် ရှိကြ၏။
မကြာမီ လျိုကွမ်းရှန်က အဆောက်အဦးမှ ထွက်လာခဲ့ပြီး သူ၏ အမူအရာက လေးနက်တည်ကြည်နေလျက် ရှိကာ လီရှန်းဟွေ့နှင့် ကျန်သူတို့၏ ရှေ့၌ ရပ်တန့်လိုက်သည်။ လူအုပ်ကြီးအား စူးရှသည့် အကြည့်တစ်ချက်ဖြင့် သိမ်းကျုံးကြည့်ပြီးနောက် စကားဆိုလိုက်၏။
“ ဖြိုခွင်းမယ့် စစ်ဆင်ရေး ကာလက မကြာခင် နိဂုံးချုပ်တော့မယ်… ပြီးတော့ ဒီနေ့ညက နောက်ဆုံပဲ … ငါတို့ ပိုင်ရုံရှိုနဲ့ တခြား သံသယ တရားခံ ၁၆ ယောက်ကို ထွက်ပြေးဖို့ အခွင့်အရေးမပေးဘဲ ဖမ်းဆီးကြရမယ်… ကြားကြလား …”
“ ဟုတ်… “
“ ကောင်းပြီ … စထွက်တော့ …”
အမိန့်လက်ခံပြီးသည်နှင့် အရာရှိများအားလုံး သက်ဆိုင်ရာ ကားတို့ထံ ပျံ့ကျဲသွားခဲ့ကြ၏။
……….
စုန့်ကျန်း ရဲစခန်းတွင်လည်း အလားတူ သိပ်သည်းလေးလံသည့် ဖိအားတစ်ရပ်က ကြီးစိုးနေပြီး ရဲကား ဒါဇင်ကျော်ခန့်မှာ ၎င်းတို့၏ သတ်မှတ်တည်နေရာများသို့ ဦးတည်နေလျက် ရှိ၏။
ရဲစခန်းနှစ်ခု၏ ပူးပေါင်းစစ်ဆင်ရေးတွင် ရဲကား အစင်းရေ စုစုပေါင်း သုံးဆယ်ခန့်မျှ ပါဝင်ပြီး စစ်ဆင်ရေးကြီး တစ်ခုကို ပြုလုပ်နေသည်။ အဆိုပါ များပြားသည့် ယာဉ်များက ပိုင်ရုံရှို တစ်ဦးတည်းကို ဖမ်းဆီးရန် အတွက် မဟုတ်ဘဲ ဒါဇင်ချီသည့် သူ့လက်အောက်ငယ်သားများအတွက်လည်း ပါဝင်သည်။ ၎င်းတို့အားလုံးကို တစ်ချီတည်းနှင့် အပြတ်ဖြုတ်ဖို့ စီစဉ်ထား၏။
ဦးဆာင်လာသည့် ရဲကားအတွင်း၌ ဒရိုင်ဘာအပါအဝင် လူလေးဦး ရှိနေပြီး ရှေ့ခန်းရှိ ခရီးသည်ထိုင်ခုံတွင်တော့ ဆံပင်အရှည်နှင့် အမျိုးသမီး တစ်ဦး ထိုင်နေလျက် ရှိသည်။ သူမ၏ ဆံပင်ကို သပ်ရပ်စွာ ထုံးထားသော်လည်းပဲ ရှိရင်းစွဲ အလှကျက်သရေကိုတော့ ပျောက်ပျက်မသွားစေခဲ့ချေ။
အနှီ အမျိုးသမီးက လင်းဟန် ဖြစ်ပြီး လီရှန်းဟွေ့နှင့် ကျန်သူများ တွေးတောရင်း ဖိအားများနေရသူပင်။
နေရာတော်တော်များများ၌ အမျိုးသမီးတို့၏ ကြံ့ခိုင်မှုက ယောက်ျားသားတို့နှင့် ယှဉ်သာနိုင်ခြင်း မရှိပေ။ သို့သော် လင်းဟန်အမည်ရသည့် အမျိုးသမီးကတော့ ခြွင်းချက် ဖြစ်၏။ သူမရှေ့မှောက်တွင် မည်သည့် အမျိုးသားကမျှ အမောက်မထောင်ဝံ့ချေ။ လက်ရည်ချင်း ဖလှယ်သည့် အချိန်၌ မည်သူကမျှ သုံးချက်ထက်ပို၍လည်း တောင့်ခံနိုင်ခြင်း မရှိကြပေ။ ၎င်းကြောင့် သူမသည် ယခု စစ်ဆင်ရေး၏ ခေါင်းဆောင်အကြီးအကဲ ဖြစ်လာရခြင်း ဖြစ်၏။
လင်းဟန်က အဘယ်ကြောင့် ဤမျှ ခွန်အားစွမ်းပကား ကြီးမားနေရတာလဲ ဆိုသည့် အကြောင်းပြချက်ကတော့ သူမသည် တန်းထျန်အတွင်းမှ အင်အားထုတ်နိုင်သည့် တိုက်ခိုက်ရေးနည်းစနစ်ကို ကျွမ်းကျင်ထားသောကြောင့်ပင်။
သူမက E အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။
ထို့ကြောင့်ပဲ စုန့်ကျန်းရဲစခန်းအတွင်း၌ တစ်နှစ်တာအတွင်း ယခုကဲ့သို့ အောင်မြင်မှုမျိုး ရရှိလာခြင်း ဖြစ်လေသည်။ ရှေ့ဆက်ပြီး မရွေ့လျားမီ သူမ၏ ခွန်အားအုတ်မြစ်ကို ပိုပြီး သန်မာအောင် ပြုလုပ်ထားချင်သည်။ သူမထံတွင်လည်း ကိုယ့်အစီအစဉ်နှင့်ကိုယ်ရှိ၏။ ရဲစခန်း၌ ရာသက်ပန် အလုပ်လုပ်ရန် စီစဉ်မထားပဲ သူမ အားကျရသည့် အနာဂတ်လမ်းသို့ လျှောက်လှမ်းဖို့ရာ ရည်ရွယ်ထားသည်။
လင်းဟန် သူမ၏ ပစ္စည်းကိရိယာများအား စစ်ဆေးကြည့်လိုက်ပြီး သူမ၏ အမူအရာမှာ လေးနက်တည်ကြည်နေလျက် ရှိ၏။
“ ခေါင်းဆောင် .. ဘာလို့ ဒီလောက်ထိ အလေးအနက် ဖြစ်နေရတာ … ရှင်းရှန်း ရဲစခန်းကကောင်တွေ ကျုပ်တို့ကို ကျော်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… ခင်များ အခုဟာက ကျုပ်တို့ကို စိတ်မွန်းကြပ်အောင် လုပ်နေတာပဲ …”
သူမဘေးရှိ အမျိုးသား အဖွဲ့ဝင်က ပြောဆိုလာသည်။
သူ့နာမည်က ကျောက်စု ဖြစ်ပြီး လင်းရီနှင့် သက်တူရွယ်တူဖြစ်သည်။ သူမ၏ လက်အောက်တွင် အလုပ်လုပ်နေသည်မှာတော့ နှစ်နှစ်ကျော်မျှ ရှိပြီ ဖြစ်၏။
“ ငါတို့ ဘက်ခြမ်းက ရှင်းရှန်းရဲစခန်းနဲ့ မတူလို့ဘဲ အလေးအနက် ထားဖို့ လိုတာ…”
၎င်း၏ စကားအသွားအလာမှတဆင့် ပိုင်ရုံရှိုကို ဖမ်းဆီးရမည့် ကိစ္စအပေါ် စိုးရိမ်နေခြင်း မရှိသည်ကို အထင်းသား မြင်တွေ့နိုင်သည်။ လူမိုက်ကြီး ပိုင်ရုံရှိုမှာတော့ လူအထင်သေးခံနေရလျက် ရှိ၏။ နှစ်ဘက် အဖွဲ့၏ အဓိက အာရုံစိုက်ရာမှာ ရရှိလာမည့် အကျိုးဆောင် အမှတ်များပင် ဖြစ်သည်။
“ အဓိက ရဲစခန်းတွေကြားထဲမှာ သူတို့က အမြဲတမ်း သိုသိုသိပ်သိပ်ပဲ နေတယ်… ငါ သူတို့အကြောင်း သိပ်မသိဘူး … စုန့်ကျန်း စခန်းရဲ့ အစွမ်းအစနဲ့ဆို ကျုပ်တို့ချည်းသပ်သပ်တောင် ဖမ်းလို့ရတယ်… သူတို့ကို လိုတောင် လိုမနေဘူး … “
“ ခရိုင်ချင်း ပူးပေါင်းတဲ့ စစ်ဆင်ရေးက ဒီလိုပဲလေ.. နင် မကျေနပ်လည်း စောဒကတက်လို့ မရဘူး …” လင်းဟန် ပြန်ဖြေလိုက်သည်။ “ ပြီးတော့ ဒီနှစ် ရှင်းရှန်းခရိုင် ရဲစခန်းကို အထင်မသေးနဲ့ … သူတို့ဘက်မှာ စကေး အတော်ရှိပုံရတဲ့ လင်းရီဆိုတဲ့ တစ်ယောက် ရောက်လာတယ်… ဆိုတော့ လူတိုင်း … ထက်ထက်မြိမြိနေ … စပေါ့လိုက်မီးရောင်ကို သူတို့ မလုယူသွားစေနဲ့ …”
“ လင်းရီ ….”
ကျောက်စု ထိုနာမည်အား ရေရွတ်လိုက်ပြီး “ တစ်ခါမှ မကြားဖူးဘူး … သူက အသစ်လား …”
“ အင်း …. အသစ် .. ဒါပေမယ့် အတော်လေး အစွမ်းအစ ရှိတယ်…” လင်းဟန် လေးနက်တည်ကြည်စွာ ပြောဆိုလိုက်ပြီး “ သိပ်မကြာခင်တုန်းကပဲ ရှင်းရှန်းရဲစခန်းက တခြား ခရိုင်ရဲစခန်းနှစ်ခုနဲ့ ပြိုင်ပွဲမှာ သူတစ်ယောက်တည်းက ဦးဆောင်ပြီး အားအနည်းဆုံး ရဲစခန်းကို ပထမရအောင် လုပ်ပေးလိုက်နိုင်တယ်… သူလည်း ခေတဲ့ထဲ မပါဘူး …”
“ ဟက် … အဲ့ဒီ ပြိုင်ပွဲကဖြင့် ပါမွှားလေးတွေ အတွက်ကိုများ … ဘယ်လောက်ကြီးမှလည်း မဟုတ်ပါဘူး …” ကျောက်စု ပြောဆိုလိုက်ပြီး “ မြို့ပေါင်းစုံ ပြိုင်ပွဲမှာ ကျုပ်တို့ နှစ်တိုင်း ဗိုလ်စွဲနေတာကိုပဲ ကြည့်လိုက်ရင် ဘယ်သူက အကောင်လဲ ဆိုတာ သိသာနေတာပဲ မဟုတ်ဘူးလား … တခြား ရဲစခန်းတွေဆိုရင် ဒုတိယ နေရာအတွက်ပဲ တိုက်ခိုက်နိုင်ကြတယ်….”
“ အတိအကျပဲ … တကယ်လို့ အဲ့ဒီ လင်းရီဆိုတဲ့ ငနဲသာ ခေါင်းဆောင်ရှေ့ရောက်လာခဲ့ရင် သူ တစ်ချက်လေးတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး …” အခြား အဖွဲ့ဝင် အမျိုးသမီးတစ်ဦးကလည်း ဝင်ဖြည့်ပြောလာသည်။
“ အဲ့လိုဆိုရင်တောင် ငါတို့လေးလေးနက်နက်နေဖို့လိုတယ်… ဘာပဲလုပ်လုပ် အစွမ်းကုန်လုပ် …”
“ ဟုတ်ကဲ့ …”
ကားထဲရှိ လူတိုင်း သံပြိုင် ဖြေဆိုလိုက်၏။ စိတ်ထဲတွင်တော့ ရှင်းရှန်း ရဲစခန်းကို လှောင်ရယ်နေပြီး မည်သူကမျှ လေးလေးနက်နက် မထားကြပါချေ။
အမှောင်ထုအတွင်း၌ ဒါဇင်ချီသည့် ရဲကားများက ကျိုးဟိုင်တစ်လျှောက် မြန်နှုန်းမြင့်၍ မောင်းနှင်နေလျက် ရှိပြီး ၎င်းတို့၏ ပစ်မှတ်ကိုယ်စီသို့ ဦးတည်နေလျက် ရှိသည်။
မိနစ် လေးဆယ်ခန့် ကြာပြီးသည့်နောက် ရဲကား ငါးစင်းက ကျိုးဟိုင် ချန်ကျန်း ရေချိုးစင်တာသို့ ရောက်ရှိလာသည်။
သို့သော် ရဲကား လေးစင်းကသာလျှင် စခန်းနှစ်ခု၏ ကားများဖြစ်ပြီး ကျန်ကား တစ်စင်းကတော့ စစ်ဆင်ရေးအား စောင့်ကြည့်ရန် လိုက်ပါလာသည့် ဗဟိုရုံးက ခေါင်းဆောင်များ၏ ကားဖြစ်၏။
သူတို့၏ ရည်ရွယ်ချက်က ကျိုးဟိုင်၏ ဖိအားပေး ဖြိုခွင်းနှိမ်နှင်းသည့် ဖြစ်စဉ်ကို အချို့ယွင်းကင်းစွာဖြင့် အဆုံးသတ်စေချင်ပြီး အမှတ်တချို့ ရရှိလိုခြင်းပင်။
ရဲကားငါးစင်းက ထောက်လှမ်းသတိပြုမိသွားခြင်းမှ ရှောင်ကြဉ်ရန်အတွက် လူအမြင် သိပ်မသိသာသည့် နေရာတစ်ခုတွင် ရပ်တန့်လိုက်သည်။
ကားအသီးသီး နေရာယူပြီးသည်နှင့် ခရိုင်နှစ်ခုမှ အဖွဲ့သားများအားလုံး ထွက်လာကြလေသည်။
လင်းရီသည် လျိုကွမ်းရှန်၏ အနောက်၌ မတ်တပ်ရပ်နေသည်ကို စုန့်ကျန်း ရဲစခန်းအသင်းက သတိထားမိလိုက်၏။
ကျောက်စုသည် လင်းဟန်အနားသို့ ကပ်သွားပြီး တီးတိုးစကားတချို့ ဆိုလိုက်သည်။
“ ခေါင်းဆောင်… အဲ့ဒီ ခပ်ချောချောကောင်လေးက ခင်များပြောတဲ့ လင်းရီဆိုတာလား ….”