လှံရှည်
Vol. 146 Ch. 2083
ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ မင်းသားယန်ချီသည် ရထားလုံးထဲ၌ ထိုင်နေသည်။ ထို့နောက်တွင် သူက ထရပ်လိုက်ကာ ရထားလုံးအပြင်သို့ လမ်းလျှောက်လာခဲ့သည်။ သူက အရှေ့တွင် ရှိနေသော ပုံရိပ်ကို ကြည့်လိုက်၏။
ထိုသည်မှာ သူ၏ ညီငယ်လေး ယန်တုန်းရန်ကို သတ်ဖြတ်သွားသော ရီဖူရှင်း မဟုတ်ပါလား။ ယခု ရီဖူရှင်းက မင်္ဂလာပွဲအတွက်သွားသည့် သူတို့၏ လမ်းကြောင်းတွင် သူ့ကို သတ်ဖြတ်ရန် ကြားဖြတ် တားဆီးခဲ့သည်။
"အရှင်မင်းသား အထဲကို ပြန်၀င်လိုက်ပါ။ ဒီလူက အန္တရာယ်များတယ်။" အနက်ရောင်၀တ်ရုံနှင့် လူတစ်ယောက်က ယန်ကျူး၏ ဘေးသို့ လျှောက်လာရင်း ပြောလိုက်သည်။ သူက ယန်ကျူးကို အထဲပြန်၀င်၍ နောက်ဆုတ်နေရန် အကြံပေးလိုက်သည်။ ရီဖူရှင်းက ယခင်ကထက် ပို၍ပင် အစွမ်းထက်လာပြီဖြစ်သည်။ တုန်းဟွာအခမ်းအနားအတွင်း၌ ရီဖူရှင်းသည် အဆင့်လေးရန်ဟောင်တစ်ပါးဖြစ်သော်လည်း ယခု သူက အဆင့်ငါးသို့ ရောက်နေခဲ့ပြီဖြစ်၏။ သူ၏ မဟာလမ်းစဉ်က တည်ငြိမ်နေလေရာ သူသည် ဤအဆင့်သို့ လွန်ခဲ့သော သုံးလေးနှစ်ကပင် ရောက်ရှိနေခဲ့ခြင်း ဖြစ်လိမ့်မည်။
ရီဖူရှင်း၏ ကျင့်ကြံဆင့်က မြင့်လာသည့်အပြင် သူသည် မဟာလမ်းစဉ် အခွင့်အလမ်း တစ်ချို့ကိုလည်း ရရှိခဲ့ပုံပေါ်သည်။ သူ၏ ခန္ဓာကိုယ်မှ မိစ္ဆာချီ ခပ်ဖျော့ဖျော့ ထုတ်လွှတ်နေ၏။ ထိုသည်မှာ ယခင်က နယ်မြေသခင်အိမ်တော်၏ လျှို့၀ှက်နယ်မြေအတွင်းရှိ မိစ္ဆာနတ်ဘုရားမျှော်စင်မှ ရရှိခဲ့သော ထိုအခွင့်အလမ်းနှင့် ဆက်နွယ်နေပုံ ရလေသည်။
အဝေးမှ ရီဖူရှင်းသည် သူရှိရာ နေရာသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ရီဖူရှင်း၏ မျက်လုံးများက နက်ရှိုင်းကာ အေးစက်နေ၏။ ယန်ကျူးသည် သူ၏ ကျောရိုးတလျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရ၏။ ရီဖူရှင်းက သူတို့ကို အေးစက်စက်နှင့် ရက်စက်သော အကြည့်များဖြင့် ကြည့်နေခဲ့သည်။ ထိုသည်မှာ သူက သူတို့အား သေလူအဖြစ် သတ်မှတ်ထားသကဲ့သို့ ဖြစ်သည်။
ယန်ကျူးက ရှေးဟောင်းတော်၀င်ယန် မိသားစု၏ မင်းသားတစ်ပါးဖြစ်ပြီး ဤနေရာရှိ တန်ခိုးရှင်များမှာလည်း အကုန် ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်။ သူတို့၏ အင်အားက အစွမ်းထက်လှသည်။ အခြားတစ်ဖက်တွင် ရီဖူရှင်းထံ၌လည်း လူများစွာ ရှိသည်။ သူတို့က ရဲတင်းလှစွာဖြင့် အရေအတွက်ကို လျစ်လျူရှူကာ စီတန်းလှည့်လည်သည့် အခမ်းအနားကို ဟန့်တားခဲ့သည်။ ထိုသည်မှာ ရယ်စရာကောင်းသော်လည်း ယခုတွင် ရှေးဟောင်းတော်၀င်ယန်မိသားစုမှ တန်ခိုးရှင်များက အမှန်တကယ် ခြိမ်းခြောက်မှုကို ခံစားနေရသည်။
ရီဖူရှင်းက သူတို့ထံသို့ လျှောက်သွား၏။ သူ ဖြတ်သွားသမျှ နေရာတိုင်းတွင် ကောင်းကင်မှ သွေးမိုးရွာကျလာစေသည်။ နဂါးအော်မြည်သံများက နာနာကျင်ကျင် ထွက်ပေါ်လာပြီး ရန်ဟောင်များက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။ မည်သူကမှ သူ့ကို မဟန့်တားနိုင်ခဲ့ပေ။ အဆင့်ရှစ်နဂါးအင်ပါယာသည်ပင် သူ့ကြောင့် ချက်ချင်း အသတ်ခံလိုက်ရသည်။ အဆင့်ကိုးအောက်မှ မည်သူမှ သူ့ကို မဟန့်တားနိုင်ကြချေ။
တိုက်ပွဲအပြင်ဘက် အဝေးတစ်နေရာတွင် ရှေးဟောင်းတော်ဝင် ယန်မိသားစုကို ကြိုဆိုရန်ရောက်လာကြသော ထျန်းချီကုန်းမြေမှ ထိပ်သီးအင်အားစုက ဒွိဟဖြစ်နေခဲ့ကြသည်။ သူတို့က ဤတိုက်ပွဲ၌ ၀င်ပါသင့်လား မသိပေ။
သူတို့သည်လည်း ရီဖူရှင်းထံသို့ ကြည့်လိုက်ကြသည်။ သူတို့က ထိုလူအား မည်သူ ဖြစ်ကြောင်း သိသည်။ ထင်ထားသလိုပင် ထိုဒဏ္ဍာရီဆန်သော လူငယ်လေးက ကောလဟာလများက ဆိုကြသည့်အတိုင်း အလွန် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထား၏။ အဆင့်ရှစ်ရန်ဟောင်များသည်ပင် သူ၏ ရှေ့၌ ပုရွက်ဆိတ်များကဲ့သို့ သတ်ဖြတ်ခံလိုက်ရသည်။ သူက သွားနေသည့် လမ်းတလျှောက် သတ်ဖြတ်ရင်းဖြင့် ရထားလုံးဆီသို့ ရှေ့ဆက်လျှောက်နေ၏။ သူသာ ထိုသို့ ဆက်လုပ်နေမည် ဆိုလျှင် ယန်ကျူးက အမှန်တကယ် အန္တရာယ်တွင်း ကျရောက်သွားလိမ့်မည်။
ယခု သူတို့က လှုပ်ရှားလျှင် အချိန်အခါသင့် ကူညီလိုက်သလို ဖြစ်သွားပြီး သူတို့သည် ရှေးဟောင်းတော်၀င်ယန်မိသားစု၏ မျက်နှာသာပေးမှုကို ကျိန်းသေ ရရှိလိမ့်မည်။ သို့သော် အမှန်တကယ် ထိုသို့ ပြုလုပ်ရန် ထိုက်တန်ပါရဲ့လား။
ဖြစ်လာမည့် အန္တရာယ်က မည်မျှ ကြီးမားနိုင်မည်နည်း။
ထိုသည်မှာ ခန့်မှန်းရခက်ခဲလှသည်။ ထို့ကြောင့် သူတို့အားလုံးက မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေကြ၏။ သူတို့သည် အခြားအင်အားစုများက အရင်လှုပ်ရှားသည်ကို စောင့်ဆိုင်းနေကြပြီး မည်သူကမှ အရင်ဆုံး ရှေ့မထွက်ချင်ကြပေ။
မြားက လေးညို့မှ လွတ်သွားသည့် အခိုက်တွင် သူတို့က နောက်ပြန်လှည့်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့သည် ရှေးဟောင်းတော်၀င် ယန်မိသားစုကို ကူညီလိုက်သည်နှင့် သူတို့ ကလန်များ၏ ကံကြမ္မာကို လောင်းကြေးထပ် ကြရလိမ့်မည်။
သို့သော် ရီဖူရှင်းတို့ အဖွဲ့က စီတန်းလှည့်လည်ခြင်း အခမ်းအနားတွင် ပါ၀င်သည့် အခြားတန်ခိုးရှင်များနှင့် ယန်ကျူးကို သတ်ဖြတ်မှု အောင်မြင်သွားပါလျှင် ရှေးဟောင်းတော်၀င်ယန်မိသားစုသည် သူတို့က အကူအညီမပေးခဲ့သည့် သူတို့အပေါ် ဒေါသထွက်လိမ့်မည်ကိုလည်း စိုးရိမ်နေကြသည်။
ဤပြသာနာမှာ အစပိုင်းတွင် သူတို့နှင့် မသက်ဆိုင်သော်လည်း သူတို့အားလုံးက ဤနေရာ၌ ရောက်ရှိနေခဲ့ကြပြီး ရှေးဟောင်းတော်၀င်ယန်မိသားစုကို ကြိုဆိုရန် ရောက်လာကြခြင်း ဖြစ်သည်။ တိုက်ပွဲကြီး ဖြစ်ပေါ်လာသောအခါ သူတို့သည် ဘေးထွက်၍ စောင့်ကြည့်နေရုံမျှသာ ကြည့်နေခဲ့ပြီး ရလဒ်အနေနှင့် ရှေးဟောင်းတော်၀င်ယန်မိသားစုမှ ရန်ဟောင်များ သုတ်သင်ခံလိုက်ရလျှင် အင်ပါယာယန်က သူတို့ကို အပြစ်တင်ကာ သူ၏ ဒေါသများ ပြေပျောက်ရန် သူတို့အား သုတ်သင်ရှင်းလင်း လိုက်ပေလိမ့်မည်။ ထိုသို့ ဖြစ်လာသောအခါ သူတို့တွင် အကြောင်းပြချက် ပေးရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။ ကျင့်ကြံခြင်း လောကတွင် တစ်ဖက်လူက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိပါက မည်သူမှ တားဆီး၍ မရနိုင်ပေ။
ထိုအဖြစ်ကြောင့် ဤနေရာသို့ ရောက်လာခဲ့မိသည့် လူအများကို နောင်တရစေခဲ့သည်။ သူတို့က မည်သည့်အတွက် ပျော်ပွဲရွှင်ပွဲတွင် ပါ၀င်ရန် လိုအပ်သနည်း။ မတော်တဆနှင့် သူတို့သည် ဤနေရာမှ တိုက်ပွဲကြီးကို ကြုံတွေ့ခဲ့ရသည်။ သူတို့သည် ဆုပ်လည်းစူး စားလည်းရူး အခြေအနေသို့ ရောက်ရှိနေပြီး ဖြစ်သည်။ သူတို့က ၀င်ရောက်မတိုက်ခိုက်နိုင်သလို ရပ်၍လည်း စောင့်ကြည့်မနေနိုင်ကြပေ။
အခြားတစ်ဖက်တွင် ယန်ကျူးက နောက်ပြန်မဆုတ်ချေ။ ရှေးဟောင်းတော်၀င်ယန်မိသားစုမှ မင်းသားတစ်ပါးအနေဖြင့် ရီဖူရှင်း၏ အဖွဲ့က သူ့ကိုသတ်ရန်ကြိုးစားလာသည်နှင့် ရင်ဆိုင်ရသောအခါ သူက မည်သို့ နောက်ဆုတ်နိုင်မည်နည်း။
သူက ထိုသို့ နောက်ဆုတ်လိုက်လျှင်ပင် မည်သည့် ကွာခြားမှု ရှိနိုင်မည်နည်း။ ယန်ပြည်ထောင်က ဤတိုက်ပွဲ၌ ရှုံးနိမ့်သွားခဲ့လျှင် ရလဒ်က ပြောင်းလဲမည် မဟုတ်ပေ။
"သူနဲ့ သွား တိုက်ခိုက်။" ယန်ကျူးက ပြောလိုက်သည်။ အနက်ရောင် ဝတ်ရုံနှင့် လူက ခေါင်းညိတ်လိုက်၏။ သူသည် ယန်ကျူး ငယ်ရွယ်စဉ်ကတည်းက စောင့်ရှောက်လာခဲ့သည့် ယန်ပြည်ထောင်မှ အကြီးအကဲတစ်ဦးဖြစ်သည်။ သူက အဆင့်ကိုးရန်ဟောင်တစ်ပါး ဖြစ်လာသည်မှာ အလွန် ကြာမြင့်နေပြီး ဖြစ်သည်။ သူက ယန်ကျူး၏ စောင့်ရှောက်သူတစ်ဦး ဖြစ်သလို ကိုယ်ပိုင်သက်တော်စောင့်ဟူ၍လည်း သတ်မှတ်နိုင်သည်။
ဤတစ်ကြိမ်၌ သူသည် မင်္ဂလာအခမ်းအနားအတွက် တုန်းဟွာကောင်းကင်သို့ သွားရာ လမ်းတစ်လျှောက်တွင် ယန်ကျူး၏ ဘေး၌ အဖော်ပြု လိုက်ပါလာသည်။ ယခု သူတို့က အတိုက်ခိုက် ခံနေရပြီ ဖြစ်သည်။
သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ကောင်းကင်ကို ဖြတ်ကာ ရီဖူရှင်းဆီ ဦးတည်လိုက်သည်။ ရီဖူရှင်းက သူ့ကို သတိပြုမိလိုက်ပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်၏။ သူသည် အနက်ရောင်၀တ်ရုံနှင့် လူက လျှောက်လာနေသည်ကို မြင်လိုက်ရသည်။ ထိုလူထံမှ အလွန်အန္တရာယ်များသော အရှိန်အဝါတို့ ထုတ်လွှတ်နေ၏။ သူ့ကို အနက်ရောင်စွမ်းအင်လှိုင်းများက ၀န်းရံထားပြီး ကြောက်မက်ဖွယ် အနက်ရောင် နဂါးကြီးတစ်ကောင် ပေါ်ပေါက်လာ၏။ ထို အကြီးအကဲ၏ လက်ထဲတွင် ပြင်းထန်သည့် ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသော အနက်ရောင် လှံရှည်တစ်လက်ကို ကိုင်ဆွဲထားသည်။
ထိုအရှိန်အ၀ါတို့ကို ခံစားမိသောအခါ ကြောက်မက်ဖွယ်အလင်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ တောက်ပလာခဲ့သည်။ သူက သည်းမခံနိုင်လောက်အောင် မောက်မာ၀င့်ကြွားနေ၏။ ထိုအနက်ရောင် အကြီးအကဲက အလွန် အန္တရာယ်များလှသည်။ ရီဖူရှင်းသည် သူ့ကို လျော့မတွက်ရဲပေ။ အဆင့်ကိုး ရန်ဟောင်တစ်ပါးအနေဖြင့် ထိုသူက ရန်ဟောင်အဆင့်တွင် အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်သည်။ အနက်ရောင်စွမ်းအင်လှိုင်းများတွင် ဖျက်ဆီးခြင်းနှင့် တိုက်စားခြင်းစွမ်းအားများ ထူထဲများပြားစွာပါ၀င်နေသည်။
"လူတိုင်း နောက်ဆုတ်ကြ။" အနက်ရောင်၀တ်ရုံနှင့် အကြီးအကဲက အော်ဟစ်လိုက်၏။ ချက်ချင်းပင် ရီဖူရှင်းအနီးမှ တန်ခိုးရှင်များက တိုက်ပွဲမြေပြင်မှနေ၍ အနောက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ အနက်ရောင်အရှိန်အ၀ါတို့က ကောင်းကင်ကို လွှမ်းခြုံလာပြီး ရီဖူရှင်း ရပ်နေသည့် နေရာတစ်ခွင်တွင် ရစ်ပတ်လာခဲ့သည်။ ထိုအရှိန်အ၀ါတို့သည် အနက်ရောင် နဂါးအသွင် ဖြစ်တည်လာကာ ချက်ချင်းပင် သူ့ထံသို့ တိုး၀င်လာပြီး သူ့ကို ၀ါးမြိုရန် ရည်ရွယ်လိုက်သည်။
ဘုန်း...
ရီဖူရှင်း၏ ပုံရိပ်မှ မိစ္ဆာနတ်ဘုရားအလင်းတို့ တောက်ပလာပြီး သူ့ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာနတ်ဘုရား နှလုံးသားက စတင်ခုန်လှုပ်လာခဲ့သည်။ သူ့ပုံရိပ်မှ အရောင်စုံသော အလင်းတန်းတို့ ထွက်ပေါ်လာ၏။ နတ်ဥဒေါင်း၏ ပုံရိပ်က စတင်ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် ပေပေါင်းထောင်ချီ မြင့်မားပြီး ထိတ်လန့်ဖွယ် အရှိန်အဝါတို့ကို ပိုင်ဆိုင်ထား၏။
"ဒါက..."
တန်ခိုးရှင်များ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်လာတော့သည်။ ပေထောင်ချီသည့် ဥဒေါင်းအရိပ်က တောင်ပံများကို ဖွင့်ဟထားသည်။ ၎င်း၏ တောက်ပသော နတ်အမွေးအတောင်များမှ တောက်ပသည့် အလင်းတို့ ထိုးထွက်လာကာ နဂါး၏ ခန္ဓာကိုယ်ဆီ ပစ်လွှတ်လိုက်သည်။ ယင်းသည် အနက်ရောင်နဂါးကို ချက်ချင်း ပြာဖြစ်သွားစေသည်။ ၎င်း၏ ခန္ဓာကိုယ်က နတ်အလင်းကြောင့် ပျက်စီးမသွားခင် ကြောက်မက်ဖွယ် တိုက်စားခြင်းနှင့် ဖျက်ဆီးခြင်း စွမ်းအင်များကို ရီဖူရှင်းထံ ရောက်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
မရေတွက်နိုင်သော လူများက တိုက်ပွဲကို ကြည့်နေကြသည်။ ဥဒေါင်း၏ နတ်အလင်းက လေဟာနယ်အတွင်း လင်းလက်နေပြီး လူအများ၏ နှလုံးသားက ပြင်းထန်စွာ ခုန်နေကြသည်။ နဂါးအင်ပါယာက ကျယ်လောင်သော အော်မြည်သံကို ထုတ်လွှတ်လိုက်၏။ သူက လူသားအသံဖြင့် ပြောလိုက်သည်။ "ဒါက မိစ္ဆာနတ်ဘုရားရဲ့ အရှိန်အဝါပဲ။ သူက မိစ္ဆာနတ်ဘုရားရဲ့ ပစ္စည်းတစ်ခုခုကို ရထားတယ်။"
တန်ခိုးရှင်များ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်လာကြသည်။ ရီဖူရှင်းက မိစ္ဆာနတ်ဘုရား၏ ပစ္စည်းတစ်ခုခုကို ရရှိထားသည်လား။
ထင်ထားသလိုပင် သူက နယ်မြေသခင်အိမ်တော်၏ လျှို့ဝှက်နယ်မြေမှ ၎င်းကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။ မိစ္ဆာနတ်ဘုရား အလင်းက သူ့ကို ရစ်ပတ်ထားပြီး သူက သည်းမခံနိုင်လောက်အောင် မောက်မာဝင့်ကြွားနေသည်။
ရီဖူရှင်းက လှံရှည်ကို မြှောက်လိုက်၏။ နတ်အလင်းများက သူ့ကို ရစ်ပတ်နေသည်။ သူက လှံရှည်အား အဆင့်ကိုး ရန်ဟောင်ထံ ညွှန်လိုက်သည်။ နတ်အလင်းတန်းက လှံရှည်ကို ဖြတ်ကာ စီးဆင်းနေပြီး သူ့ပြိုင်ဘက်ထံ တိုးဝင်သွားသည်။
ဘုန်း...
ရီဖူရှင်း၏ ခန္ဓာကိုယ်က ရွေ့လျားသွား၏။ သူက လှံနှင့် ထိုးစိုက်လိုက်လျှင် ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားသည်။ ချက်ချင်းပင် လူအုပ်ကြီးက ရီဖူရှင်း၏ ပုံရိပ်များစွာ တစ်ချိန်တည်း ပေါ်လာသည်ကို မြင်လိုက်ကြရသည်။ ဥဒေါင်း၏ နတ်အလင်းအောက်တွင် ရီဖူရှင်းတစ်ယောက် လှံတစ်ချောင်းထက် ပိုမိုများပြားနေပုံရသည်။
သူက မိစ္ဆာနတ်ဘုရား၏ စွမ်းရည်ကို ချေးငှားအသုံးပြုနေသည်လား။
လူအုပ်ကြီးသည် သူတို့နှလုံးသားများက တုန်ယင်နေသည်ကိုသာ ခံစားမိကြတော့သည်။ အနက်ရောင်ဝတ်လူ၏ အမူအရာက ပြောင်းလဲသွား၏။ သူက ထိုလှံတစ်ချောင်းချင်းစီက အစစ်အမှန်ဟု ခံစားမိ၏။ ရီဖူရှင်းက သူ့ရှေ့သို့ ရောက်လာသောအခါ အနက်ရောင်ဝတ်လူသည် ပြိုင်ဘက်ကင်းဥဒေါင်းနတ်ဘုရားက သူ့ထံ တိုးဝင်လာသလို ခံစားလိုက်ရသည်။ ဥဒေါင်း၏ နတ်အလင်းက သူ့ကိုယ်ပေါ်တွင် တောက်ပလာပြီး မိစ္ဆာနတ်ဘုရားအတွက် သူက ပြိုင်ဘက်မဟုတ်ကြောင်း ခံစားမိစေသည်။
ပြင်းထန်သော အော်မြည်သံက ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေသည်။ ထိတ်လန့်ဖွယ် အနက်ရောင်နဂါးတစ်ကောင်က ကောင်းကင်တွင် ပေါ်ပေါက်လာ၏။ အနက်ရောင်ဝတ်လူသည် ပြေးစရာမြေမရှိတော့ပေ။ သူက အနက်ရောင် လှံရှည်ကို ရှေ့သို့ ထိုးလိုက်သည်။ ကြောက်မက်ဖွယ် နဂါးနက်တစ်ကောင်က သူ့လှံရှည်ရှေ့၌ ပေါ်ပေါက်လာပြီး ဥဒေါင်း၏ ကြီးမားသော အရိပ်နှင့် တိုက်မိသွားသည်။ချက်ချင်းပင် နတ်အလင်းတန်းနှစ်ခု တွေ့ဆုံသွားပြီး ကြောက်မက်ဖွယ်အလင်းတို့က သူတို့အနီးမှ လူများကို မျက်စိကျိန်းသွားစေသည်။ လူအများက မျက်လုံးများပင် ဖွင့်မထားနိုင်ကြတော့ပေ။ သူတို့နှစ်ယောက်ကို ဗဟိုပြုကာ ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းက မိုင်ထောင်ချီထိ ပျံ့နှံ့သွားသည်။
ထိုအချိန်၌ သွေးနီရောင်မြို့ရှိ အားလုံးသော အဆောက်အဦးများက ပြိုကျသွားလေသည်။ မရေတွက်နိုင်သော တန်ခိုးရှင်များက ချောင်းဆိုးကာ လတ်ဆတ်သော သွေးများ အန်ထုတ်လိုက်ကြရသည်။ တိုက်ပွဲကို အနီးကပ်လေ့လာနေသူများက အဖြစ်ဆိုးလှသည်။ သူတို့သည် ကောင်းကင်အမြင့်မှ တိုက်ပွဲက ထိုမျှပြင်းထန်သော စွမ်းအင်လှိုင်းကို မိုင်ထောင်ချီထိ ထုတ်လွှတ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ရန်ဟောင်များက တောင့်ခံနိုင်ရုံသာ ရှိသည်။ အလယ်အလတ်အဆင့်ရန်ဟောင်များသာလျှင် အဖြစ်အပျက်များအား မြင်နိုင်ပေသည်။ သူတို့သည် ဥဒေါင်းမိစ္ဆာနတ်ဘုရားက အနက်ရောင်နဂါးအား စုတ်ဖြဲပစ်လိုက်သည်အား မြင်တွေ့လိုက်ရသည်။ ဥဒေါင်း၏ နတ်အလင်းများက လှံရှည်များဖြစ်လာကာ ရှေ့ကို တိုက်ရိုက် ထိုးဖောက်လိုက်၏။ ရီဖူရှင်းနှင့် အနက်ရောင်ဝတ်လူက နေရာပြောင်းလိုက်သည်။ နှစ်ယောက်လုံးက ကောင်းကင်၌ တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး အချိန်က ရပ်တန့်သွားသလိုပင် ထင်မှတ်ရသည်။
ကြောက်မက်ဖွယ် လှုပ်ခတ်မှုအပြီး ကောင်းကင်နှင့် မြေကြီးက ပြောင်းလဲသွားသော်လည်း တိုက်ပွဲမြေပြင်က ဆိတ်ငြိမ်သွားလေသည်။
သို့သော် နောက်တခဏတွင် အနက်ရောင်ဝတ်အကြီးအကဲက ချက်ချင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကာ လေနှင့်အတူ လွင့်ပါသွားတော့သည်။
လှံတစ်ချက်က အဆင့်ကိုးရန်ဟောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။
လွန်ခဲ့သော ခုနစ်နှစ်က ရီဖူရှင်းသည် အဆင့်ရှစ်ရန်ဟောင်ကိုသာ သတ်နိုင်သော်လည်း ယခုတွင် သူက အထွတ်အထိပ်အဆင့်မှ အဆင့်ကိုးရန်ဟောင်ကိုပင် သတ်နိုင်ခဲ့ပြီ ဖြစ်လေသည်။
အစွမ်းထက်လှသော အဆင့်ငါးရန်ဟောင်တစ်ပါး ပေါ်ထွန်းလာခဲ့ပြီ ဖြစ်၏။
***