အပြီးတိုင်သုတ်သင်ခံရခြင်း
Vol. 147 Ch. 2084
ကျင့်ကြံခြင်းလောကတွင် အစွမ်းထက် ပုဂ္ဂိုလ်ဟူသည်မှာ မည်သို့ဖြစ်ကြောင်း သီးခြားသတ်မှတ်ထားသည့် အဓိပ္ပါယ်မရှိပေ။ မတူညီသော ကျင့်ကြံဆင့်မှ လူများအတွက် အစွမ်းထက်သူဟု ဆုံးဖြတ်နိုင်သည့် မတူညီသော သတ်မှတ်ချက်များ ရှိနေသည်။ သို့သော် ကောင်းကင်ဒေသတွင် အဆင့်ခုနစ်ရန်ဟောင် အထက်မှ ရန်ဟောင်များကို အစွမ်းထက်တည်ရှိမှုများဟု ဆုံးဖြတ်နိုင်သည်။
အဆင့်ရှစ်နှင့် အဆင့်ကိုးရန်ဟောင်များသည် ပုံမှန်အားဖြင့် အစွမ်းထက် ပုဂ္ဂိုလ်များဟု သတ်မှတ်နိုင်သည်။ ရီဖူရှင်းက လက်ရှိတွင် အဆင့်ငါးရန်ဟောင်တစ်ပါးဖြစ်သော်လည်း လှံတစ်ချက်တည်းနှင့် အဆင့်ကိုးရန်ဟောင်ကို သတ်ပစ်နိုင်ခဲ့သည်။ သို့ဆိုလျှင် ရီဖူရှင်းကို အစွမ်းထက်တန်ခိုးရှင်တစ်ယောက်ဟု သတ်မှတ်နိုင်သည်လား။
လူအများစုအတွက် အစွမ်းထက်သော အဆင့်ငါးတန်ခိုးရှင်တစ်ယောက်က ယုံကြည်၍မရနိုင်သော ယူဆချက်ပင် ဖြစ်လေသည်။
ယခုတွင် ရီဖူရှင်းက ထိုနေရာတွင် ရပ်နေခဲ့သည်။ ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ အရိပ်က သူ့နောက်တွင် ရှိနေ၏။ ဆွဲဆောင်နိုင်သော နတ်အလင်းတို့က သူ့ပုံရိပ်ကို လွှမ်းခြုံလာပြီး မိစ္ဆာနတ်ဘုရား၏ မျိုးဆက်အဖြစ် ထင်မှတ်ရသည်။
သူက ရှေ့သို့ ကြည့်လိုက်ပြီး သူ့အကြည့်များက လေဟာနယ်ကို ထိုးဖောက်ကာ အဝေးရှိ ရထားလုံးမှ ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။ သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မင်းသား ယန်ကျူးကို ကြည့်နေခဲ့သည်။
ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်က မဟာမိတ်လက်ထပ်ပွဲ ကျင်းပချင်နေသည်။ သူတို့က တုန်းဟွာနယ်မြေအတွင်း၌ ထိုသို့ အုတ်အော်သောင်းနင်း ဖြစ်စေချင်နေ၏။ သူတို့က ထိုသို့ ဖြစ်လိုလျှင် ရီဖူရှင်းက သူတို့ ဆန္ဒများအား ဖြည့်ဆည်းပေးမည် ဖြစ်သည်။ ထိုမဟာမိတ်လက်ထပ်ပွဲက အမှန်တကယ်ပင် တုန်းဟွာနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မည်။ သို့သော် ထိုကျော်ကြားမှုက မတူညီသော အကြောင်းတရားနှင့် ဖြစ်လိမ့်မည် ဖြစ်၏။
ယန်ကျူးက ရီဖူရှင်း၏ အကြည့်များကို သတိပြုမိသွားသည်။ ယန်ကျူးက တိုက်ပွဲကို တစ်ချိန်လုံးစောင့်ကြည့်နေခြင်း ဖြစ်၏။ သူက အရာအားလုံးကို မျက်မြင်တွေ့ခဲ့ရသည်။ အနက်ရောင်ဝတ် အကြီးအကဲသည် သူမွေးဖွားလာကတည်းက သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်စောင့်ရှောက်ပေးခဲ့သူ ဖြစ်ပြီး ယခု သူက ရီဖူရှင်း၏ လှံတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ယန်ကျူးက စိတ်ခံစားချက်များနှင့် လွှမ်းမိုးခံလိုက်ရလေ၏။
သူ သေချာပေါက် မုန်းတီးမိပါသည်။
သို့သော်လည်း ယန်ပြည်ထောင်နှင့် ရီဖူရှင်းကြားမှ ဆက်ဆံရေးက ပြန်လည်သင့်မြတ်ရန် အခွင့်အရေး မရှိပေ။ သူက ရီဖူရှင်းနှင့် မရင်းနှီးဘဲ ရန်ငြိုးရန်စများ မရှိသော်လည်း ယန်ကျူးသည် ယန်ပြည်ထောင် လုပ်ခဲ့သမျှ အရာအားလုံးကို သိသည်။ ယန်ကျူးက ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ မင်းသားတစ်ပါးဖြစ်ကာ လင်းရှောင်နန်းတော်နှင့် မဟာမိတ်လက်ထပ်ပွဲ ပြုလုပ်ရာ၌ တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်။
သူက မည်သူ့ကို အပြစ်တင်နိုင်မည်နည်း။
၎င်းက ရှေးဟောင်းတော်ဝင် ယန်မိသားစုက ကိစ္စများကို ရှင်းရှင်းလင်းလင်း မကိုင်တွယ်နိုင်ခဲ့ခြင်းဟုသာ ပြောရပေမည်။ သူတို့က ရီဖူရှင်းကို ဆန့်ကျင်ခဲ့သော်လည်း နောက်ဆက်တွဲများကို မရှင်းလင်းနိုင်ခဲ့ဘဲ ရီဖူရှင်းအား ပြန်လည်တိုက်ခိုက်နိုင်ရန် အခွင့်အရေး ပေးခဲ့သည်။
ယခု မည်သူက ရီဖူရှင်းကို ရင်ဆိုင်နိုင်မည်နည်း။ အဆင့်ကိုးရန်ဟောင်သည်ပင် သူ၏ လှံတစ်ချက်ဖြင့် အသတ်ခံလိုက်ရသည်။
နှစ်အနည်းငယ်ကြာပြီးနောက် ရီဖူရှင်းက တုန်းဟွာအခမ်းအနား၌ ကျော်ကြားခဲ့စဉ်ကထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ ယနေ့က ယန်ကျူးနှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုတို့၏ ပျက်စီးခြင်း ဖြစ်လိမ့်မည်။
အဝေးတစ်နေရာတွင် ထျန်းချီကုန်းမြေမှ ထိပ်သီးအင်အားစုများ၏ လူများက ကြက်သေသေနေသော အမူအရာတို့နှင့် ရှိနေကြသည်။ သူတို့၏ နှလုံးသားများထဲ၌ အံ့သြထိတ်လန့်မှုများနှင့် ပြည့်နေ၏။ သူတို့က အစပိုင်းတွင် ဝင်တိုက်ခိုက်သင့်လား မသင့်လား တွေဝေနေခဲ့သည်။ ယခု ကြည့်ရသည်မှာ သူတို့ အတွေးလွန်နေပုံရလေသည်။ သူတို့က ရှေးဟောင်းတော်ဝင် ယန်မိသားစုကို ကူညီခဲ့လျှင်ပင် ရီဖူရှင်းကို ရပ်တန့်နိုင်ပါမည်လား။
သူတို့က နေရာ၌ပင် သုတ်သင်ခံရလိမ့်မည်။
ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များသည် မတူညီသော နေရာများ၌ တိုက်ပွဲဖြစ်နေဆဲ ဖြစ်ကာ သူတို့က နောက်ဆုံး၌ ဘေးအန္တရာယ်ကို ပြင်းထန်စွာ ခံစားလိုက်ကြရသည်။ သူတို့သည် ဤလူတစ်စုက သူတို့အသက်များကို အမှန်တကယ် ခြိမ်းခြောက်နိုင်ကြောင်း ထင်မှတ်မထားမိခဲ့ပေ။ ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ စီတန်းလှည့်လည်ခြင်း အခမ်းအနားက လမ်း၌ ကြားဖြတ်တားဆီးခြင်း ခံလိုက်ရသည်။
ရီဖူရှင်းက သူ့လှံကို ကိုင်စွဲကာ ရှေ့တွင် ရှိနေသည့် ယန်ကျူးထံ လျှောက်လာသည်။ နဂါးများက အော်မြည်နေပြီး ရန်ဟောင်များစွာက ရီဖူရှင်းကို တိုက်ခိုက်လိုက်၏။ သို့သော် တောက်ပသည့် ဥဒေါင်းမိစ္ဆာနတ်ဘုရားက ၎င်း၏ တောင်ပံများကို ဖြန့်ကျက်ကာ ပြိုင်ဘက်ကင်း နတ်အလင်းတို့ကို ထုတ်လွှတ်လာသည်။ အလင်းနှင့် ထိတွေ့သမျှ နေရာတိုင်း၌ မဟာလမ်းစဉ် တိုက်ခိုက်မှုများက ပြိုကွဲသွားလေသည်။
ရီဖူရှင်းက ရှေ့သို့ တက်လာခဲ့သည်။ သူ့လှံရှည်က လေဟာနယ်ကို ဖြတ်ကာ နဂါးတစ်ကောင်ကဲ့သို့ ထိုးဖောက်လာသည်။ ထိုးဖောက်မှုတစ်ချက်နှင့် မရေတွက်နိုင်သော လှံပုံရိပ်များစွာ ပေါ်ပေါက်လာပြီး မတူညီသော နေရာများသို့ တိုးဝင်သွားလေသည်။
ဘန်း... ဘန်း... ဘန်း...
ပုံရိပ်များစွာက ချက်ချင်း ပေါက်ကွဲထွက်သွားကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။ လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ လှံ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိပေ။ ရန်ဟောင်ဖြစ်စေ နတ်ဆိုးအင်ပါယာဖြစ်စေ လှံ၏ ရှေ့၌ အားလုံး သုတ်သင်ခံလိုက်ရသည်။
အဆင့်ကိုးရန်ဟောင် အောက်မှ လူများကို မဆိုထားနှင့် အဆင့်ကိုး တန်ခိုးရှင်သည်ပင် လှံတစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည်။ သူတို့က လှံတစ်ချက်ကိုပင် ခံနိုင်ရည်စွမ်း မရှိကြပေ။
ရီဖူရှင်း ခြေတစ်လှမ်းနှင့် လေဟာနယ်ကို ဖြတ်သန်းသွားသည့်အခါ မည်သူကမှ ရီဖူရှင်း၏ လမ်းကြောင်းကို မတားဆီးနိုင်ပေ။ သူက ရထားလုံးထက်မှ လေဟာနယ်ကို ရောက်ရှိလာပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ ဒုတိယမင်းသား ယန်ကျူးကို ငုံ့ကြည့်လိုက်သည်။
ယန်ကျူးကလည်း ရီဖူရှင်းကို ကြည့်နေခဲ့သည်။ သူက စိတ်ဓာတ်ကျမှုကို ခံစားမိ၏။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မင်းသားတစ်ပါးအနေနှင့် ပြန်လည်တိုက်ခိုက်ရန် အခွင့်အလမ်းရှိမနေပေ။ ကြည့်ရသည်မှာ သူ့ရှေ့၌ ရှိနေသည့် တစ်ခုတည်းသော လမ်းမှာ သေခြင်းတရားသာ ဖြစ်မည်။
သူသည် ရီဖူရှင်းက လက်ထဲမှ လှံကို မြှောက်လိုက်ပြီးနောက် ထိုးစိုက်လိုက်သည်ကို မြင်လိုက်ရသည်။ ယန်ကျူးက မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်လိုက်၏။ နဂါးအော်မြည်သံများက ကောင်းကင်တွင် ပြည့်နှက်နေသည်။ သူက မသေဆုံးခင်လေး အစွမ်းထက် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။ သို့သော် ထိုအားထုတ်မှုက အချဉ်းနှီးပင်။ လှံတိုက်ခိုက်မှုရှေ့တွင် သူ၏ တိုက်ခိုက်မှုက စက္ကူစကဲ့သို့ ပျော့ဖတ်နေခဲ့သည်။ လှံရှည်က သူ့ခေါင်းကို တိုက်ရိုက်ထိုးဖောက်သွား၏။ ရီဖူရှင်းက အဓိပ္ပါယ်မရှိသော စကားများကို ပြောမနေဘဲ သူ့ကို တစ်ချက်တည်းနှင့် ချက်ချင်း သတ်ဖြတ်ခဲ့သည်။
ယန်ကျူးက အလွန်ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ မျက်နှာအမူအရာက တဖြေးဖြေး ရှုံ့မဲ့လာခဲ့၏။ နောက်တစ်ခဏတွင် သူ့ပုံရိပ်က အမှုန်များအဖြစ် ပြောင်းလဲသွားပြီး မည်သည်မှ မကြွင်းကျန်ရစ်ခဲ့တော့ပေ။ သူက သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။
သူ့နောက်တွင် ရှေးဟောင်းတော်ဝင် ယန်မိသားစု စစ်တပ်က ရှိနေဆဲ ဖြစ်သည်။ သူတို့သည် ရီဖူရှင်းက ယန်ကျူး၏ ခေါင်းကို လှံနှင့် ထိုးဖောက်သွားသည်အား ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြ၏။ သူတို့က ယန်ကျူး လေထဲ၌ အသတ်ခံလိုက်ရသည်ကို မှင်တက်စွာ ကြည့်နေခဲ့ကြသည်။ သူတို့သည် လင်းရှောင်နန်းတော်နှင့် လက်ထပ်ပွဲ လာခဲ့သည့် ကောင်းကင်ဒေသအတွင်းမှ အင်အားစုကြီးတစ်ခု ဖြစ်သည်။ သို့သော် သူတို့က လမ်း၌ ကြားဖြတ်တားဆီးခံရပြီး အမှန်တကယ် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ခဲ့ရသည်။
မင်းသားယန်ကျူးက နေရာ၌ပင် အသတ်ခံခဲ့ရသည်။ အင်အားစုနှစ်ခုကြားမှ မဟာမိတ်လက်ထပ်ပွဲအတွက် အဓိကလူမှာ သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။
ထိုအချိန်တွင် ရီဖူရှင်းက ခေါင်းကို မော့ကာ သူတို့အား ကြည့်လိုက်သည်။ သူက သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်ကာ မရေတွက်နိုင်သော နတ်အလင်းတန်းများက ဥဒေါင်းတောင်ပံမှ ထွက်ပေါ်လာ၏။ ဆူညံသံများထွက်ပေါ်လာပြီး ရန်ဟောင်များသည် ထိုနတ်အလင်းစွမ်းအားကို တောင့်ခံနိုင်ခဲ့ခြင်း မရှိကြပေ။ သူတို့သည် အသတ်မခံရအောင် တောင့်ခံနိုင်စွမ်း မရှိခဲ့ကြပေ။ သူတို့က အသတ်မခံရခင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင် မရှိခဲ့ကြချေ။
"ပြေး..." တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။ တန်ခိုးရှင်များက ချက်ချင်း ပြန်ဆုတ်ခွာသွားကြသည်။ သူတို့က ဤနေရာ၌ မည်သည်တို့ဖြစ်ပျက်ပါစေ ဂရုမစိုက်နိုင်ပေ။ သူတို့အားလုံးက သေဆုံးရပေလိမ့်မည်။
သို့သော် နတ်အလင်းများ ဖြန့်ကျက်လာသောအခါ မည်သူကမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိပေ။ ပုံရိပ်များက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားပြီး အမှုန်များအဖြစ် ပြောင်းလဲသွားလေသည်။
ရီဖူရှင်းက ပြန်လှည့်လာပြီး တိုက်ပွဲမြေပြင်မှ အခြားလူများထံ ဦးတည်လိုက်ကာ သူတို့နှင့် ပူးပေါင်းလိုက်သည်။ ကောင်းကင်ထက်တွင် ထိတ်လန့်ဖွယ် အသံများကို အဆက်မပြတ် ကြားနိုင်သည်။
ဤကြီးမားသော တိုက်ပွဲက သိပ်မရှည်ကြာဘဲ မကြာခင်၌ အဆုံးသတ်သွားလေသည်။
ငါးမိနစ်ကြာပြီးနောက် တိုက်ပွဲမြေပြင်၌ မည်သူမှ မကျန်ရစ်တော့ပေ။ ရီဖူရှင်းတို့အဖွဲ့က ထွက်ခွာသွားကြ၏။ သူတို့ထဲမှ မည်သူမှ မသေဆုံးဘဲ အနည်းငယ်သာလျှင် ဒဏ်ရာရခဲ့သည်။
မရေတွက်နိုင်သော အကြည့်များက တိုက်ပွဲမြေပြင်ကို ဖြတ်သန်းရောက်ရှိသွားကြသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုအတွက်မူ မည်သူမှ မကျန်ရစ်ခဲ့ပေ။ ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ စီတန်းလှည့်လည်ခြင်း မင်္ဂလာအခမ်းအနားမှ လူများအားလုံး ရှင်းလင်းဖယ်ရှားခံလိုက်ရသည်။ သူတို့အားလုံးက အသတ်ခံခဲ့ရလေသည်။
အထွတ်အထိပ်၌ ရောက်နေသည့် အစစ်အမှန် ပုဂ္ဂိုလ်များမှာ မြို့တစ်မြို့ကို လက်တစ်ဖက်တည်းနှင့် ချေမှုန်းနိုင်သည်။
ယနေ့ အဆင့်ငါးရန်ဟောင်တစ်ပါး ဖြစ်သည့် ရီဖူရှင်းက ရန်ဟောင်စစ်တပ်တစ်ခုလုံးကို သူ တစ်ယောက်တည်းဖြင့် ရှင်းလင်းသုတ်သင်နိုင်ကြောင်း သူတို့အား သိရှိစေခဲ့၏။
ခမ်းနားကြီးကျယ်သော အပြုအမူတို့နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုသည် မင်္ဂလာပွဲအတွက် တုန်းဟွာကောင်းကင်သို့ မရေတွက်နိုင်သော ကုန်းမြေများကို ဖြတ်ကာ ခရီးနှင်ခဲ့ကြသည်။ ၎င်းက တုန်းဟွာနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ သို့သော်လည်း ဤသို့သော အခြေအနေမျိုးနှင့် အဆုံးသတ်ခဲ့ရ၏။ ရှေးဟောင်းတော်ဝင် ယန်မိသားစုသည် သူတို့၏ အိပ်မက်ထဲမှာပင် ဤအဖြစ်မျိုးကို တွေးမိလိမ့်ကြမည် မဟုတ်ပေ။
ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ အခြားတန်ခိုးရှင်များ ဤသတင်းကို ကြားသည့်အခါ မည်သို့ ခံစားကြရလိမ့်မည်နည်း။
ဤမဟာမိတ်လက်ထပ်ပွဲက ဆိုးရွားစွာဖြင့် အဆုံးသတ်သွားရပြီ ဖြစ်သည်။
"အချိန်တွေ ပြောင်းလဲသွားပြီ..." ထျန်းချီကုန်းမြေ၏ ထိပ်သီးအင်အားစုများမှ လူများက စိတ်လှုပ်ရှားမှုများစွာဖြင့် ရေရွတ်လိုက်ကြသည်။ အရာအားလုံးက အိပ်မက်ကဲ့သို့ပင်။ တစ်ဖက်လူများ ဖြတ်သွားသည့်အခါ သူတို့က ကြိုဆိုရန် လာရောက်ကြခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့သည် ရီဖူရှင်းတို့အဖွဲ့က ထိုမင်္ဂလာပွဲ စီတန်းလှည့်လည်ခြင်း အခမ်းအနား၌ ပါဝင်သော ရန်ဟောင်စစ်တပ်ကြီးအား သတ်ဖြတ်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ကြရသည်။
တစ်စုံတစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။ "တကယ်ပဲ.. သူက အဆင့်ငါးရန်ဟောင်ပဲ ရှိသေးတာ။ အရင်တုန်းက ကောလာဟလတွေက ချဲ့ကားပြောနေတာလို့ ထင်ခဲ့ပေမယ့် အခု ကိုယ်တိုင် မြင်လိုက်ရမှ သူတို့က ချဲ့ကားမနေရုံမက ရီဖူရှင်းရဲ့ စွမ်းအားအစစ်အမှန်ကို ပြောပြဖို့တောင် ကျရှုံးခဲ့တာပဲ။ သူက သေချာပေါက် နောက်ထပ် နင်ဟွာပဲ။ သူသာ မသေခဲ့ရင် အနာဂတ်မှာ တုန်းဟွာနယ်မြေရဲ့ ထိပ်သီးပုဂ္ဂိုလ်က ဘယ်သူဖြစ်လာမလဲ ပြောရခက်တယ်။"
တိုးတက်နေသည့် မျိုးဆက်သစ်ကို ထည့်တွက်ရန်လိုပေသည်။
ရီဖူရှင်းက ရန်ဟောင်အဆင့်အထွတ်အထိပ်သို့ ရောက်သောအခါ သူ၏ တိုက်ပွဲစွမ်းရည်က မည်မျှ အစွမ်းထက်လိမ့်မည်နည်း။ သူတို့က မှန်းဆ၍ပင် မရနိုင်ပေ။
***