← Chapters

အစီအစဉ်

Vol. 147 Ch. 2085

အစီအစဉ်

Vol. 147 Ch. 2085

ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မင်္ဂလာပွဲအတွက် စီတန်းလှည့်လည်ခြင်း အခမ်းအနားမှ လူများအားလုံး အသတ်ခံလိုက်ရခြင်းက တုန်းဟွာနယ်မြေတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ အဓိကအင်အားစုကြီးနှစ်ခုကြားမှ မဟာမိတ်လက်ထပ်ပွဲ သတင်းက နယ်မြေတစ်ခွင်လုံးကို ပျံ့နှံ့နေပြီဖြစ်ကာ လင်းရှောင်နန်းတော်က ပြင်ဆင်မှုအားလုံး ပြုလုပ်ပြီးနေပြီ ဖြစ်သည်။ လူတိုင်းကလည်း ထိုအင်အားစုကြီးနှစ်ခု ပေါင်းစည်းသည့် အခမ်းအနားအား ကြည့်ရှုရန် ပြင်နေကြသည်။

သို့သော်လည်း ရီဖူရှင်းက ပြန်လည် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။ သူ ပေါ်လာလာချင်းမှာပင် ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ စစ်တပ်ကို ချေမှုန်းကာ မင်းသား ယန်ကျူး၏ အသက်အား ယူငင်သွားလိမ့်မည်ဟု မည်သည့်အခါကမှ တွေးမထားဖူးခဲ့ကြချေ။

ယန်ပြည်ထောင်နှင့် လင်းရှောင်နန်းတော်ကြားမှ မဟာမိတ်လက်ထပ်ပွဲက ဖျက်ဆီးခံလိုက်ရသည်။ လက်ထပ်ပွဲကျင်းပရမည့်သူ၏ သေဆုံးခြင်းကြောင့် ထိုမဟာမိတ်လက်ထပ်ပွဲက အခြားလူတစ်ယောက်ကို ချက်ချင်း ပြောင်းလဲ အစားထိုးရန် မဖြစ်နိုင်ပေ။

ထိုသည်မှာ မည်သည့် အင်အားစုမှ သည်းခံရန်မဖြစ်နိုင်သော ထိုးနှက်ချက် ဖြစ်သည်။ သူတို့သည် အခြားတစ်ယောက်ကို အစားထိုးကာ လင်းရှောင်နန်းတော်၏ မင်းသမီးနှင့် လက်ထပ်စေပါက သူမက တုန်းဟွာနယ်မြေတစ်ခွင်လုံး၌ ရယ်မောလှောင်ပြောင်စရာ ဖြစ်လာလိမ့်မည်။ လူတိုင်းသည် ထိုသည်က မဟာမိတ်လက်ထပ်ပွဲ ဖြစ်မြောက်အောင် ကြိုးစားခြင်း၏ အဆုံးသတ်ဖြစ်ကြောင်း နားလည်ကြ၏။

နှစ်ဘက်မိသားစုက အလွန် ဒေါသထွက်ကာ သူတို့၏ လူများကို ထျန်းချီကုန်းမြေသို့ စေလွှတ်၍ စုံစမ်းစေသည်။ သူတို့က ရီဖူရှင်းနှင့် သူ့လူများ၏ ခွန်အားကို သိရှိသောအခါ ရီဖူရှင်းတို့အား ရှာဖွေရန် အစွမ်းထက်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ တစ်ချိန်တည်းတွင် နယ်မြေသခင်အိမ်တော်သည် ရီဖူရှင်းက အကြင်နာတရားကင်းမဲ့ပြီး တုန်းဟွာနယ်မြေမှ တန်ခိုးရှင်များကို လက်လွတ်စပယ် သတ်ဖြတ်သည့်အတွက် တရားမျှတမှု ယူဆောင်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။ နယ်မြေသခင်အိမ်တော်က တုန်းဟွာစစ်တပ်ကို ပို့လွှတ်ကာ စုံစမ်းမှုမှာ ကူညီစေခဲ့သည်။

သို့သော် တုန်းဟွာနယ်မြေက အလွန် ကျယ်ပြောလှပြီး မရေတွက်နိုင်သော ကုန်းမြေများစွာ ရှိသည်။ နယ်မြေသခင်အိမ်တော်က သူတို့ကို ရှာဖွေချင်လျှင်ပင် ခက်ခဲသော တာဝန် ဖြစ်လိမ့်မည်။

နေရာအားလုံးကို ပိတ်ချပစ်ပြီး ဆရာသခင်အဆင့် တန်ခိုးရှင်များကို ကုန်းမြေတစ်ခုချင်းစီ ရှာဖွေခိုင်းလျှင်ပင် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ထိုသည်မှာ ရှည်ကြာပြီး ခက်ခဲသည့် ဖြစ်စဉ်တစ်ခု ဖြစ်လိမ့်မည်။ ဤအဖြစ်အပျက်သည် ရီဖူရှင်းနှင့် သူ့လူများက ယခုတိုင် ဒေါသတကြီး ပြေးလွှားနေဆဲဖြစ်ကြောင်း ထိပ်သီးအင်အားစုများကို သတိပြုမိစေသည်။

ထို့အပြင် ရီဖူရှင်းတို့သာမက ဆေးအင်ပါယာနှင့် လီချန်ရှန်းတို့လည်း အသက်ရှင်လျက် ရှိနေသေးသည်။ သူတို့က သွားရောက်ရှာဖွေလျှင် မည်သည်တို့ ဖြစ်ပျက်လိမ့်မည်ကို မခန့်မှန်းနိုင်ပေ။ သူတို့က အလွန် သတိထား၍ လုပ်ဆောင်ကြရပေမည်။

အင်ပါယာယန်နှင့် လင်းယွင်ကျီတို့ နှစ်ယောက်လုံးသည်ပင် ဆေးအင်ပါယာနှင့် လီချန်ရှန်းတို့အား အနိုင်ရနိုင်မည်ဟု အာမခံချက်မရှိပေ။ ဆေးအင်ပါယာက စောင့်ကြည့်မျှော်စင်အား သယ်ဆောင်လာလျှင် ပိုဆိုးလိမ့်မည်။

သူတို့က တုန်းဟွာနယ်မြေအတွင်း ဆက်ရှိနေခြင်း ဟုတ်မဟုတ် မည်သူက သိနိုင်မည်နည်း။

...

အခြားတစ်ဖက်တွင် ရီဖူရှင်းနှင့် အခြားသူများက ယန်ကျူးတို့အဖွဲ့အား သတ်ဖြတ်ပြီးနောက် ထျန်းချီကုန်းမြေမှ အလျင်အမြန် ဆုတ်ခွာလာကြသည်။ သူတို့၏ သတင်းကို ရသွားပြီး ဆရာသခင်ကျွမ်းကျင်သူများ ရောက်လာမလား မသိသည့်အတွက် သူတို့က တိုက်ခိုက်ပြီးနောက် မြန်မြန်ဆန်ဆန် ပြန်ထွက်သွားရန် လို၏။

ထိုအချိန်တွင် တိမ်တိုက်နှင့် မြူများကို ဖြတ်သန်းကာ ခရီးဆက်လာနေသည့် လူတစ်စုရှိသည်။ ထိုအချိန်၌ ရီဖူရှင်းက တစ်စုံတစ်ခုကို ခံစားမိလိုက်သဖြင့် မျက်ခုံးများအား စုကျုံ့လိုက်၏။ သူက ပြောလိုက်၏။ "ကျုပ်တို့နောက်ကို လိုက်လာတဲ့ အကြီးအကဲအနေနဲ့ ကိုယ်ထင်ပြပေးနိုင်မလားလို့ လေးစားသမှုနဲ့ တောင်းဆိုပါတယ်။"

သူတို့နောက်သို့ တစ်စုံတစ်ယောက် လိုက်ပါလာကြောင်း အကြိမ်ပေါင်းမနည်း ခံစားမိသည်က သူ့ကို မလွယ်ကူသလို ဖြစ်လာစေသည်။ တစ်စုံတစ်ယောက်၏ တည်ရှိမှုကို အာရုံခံရန် ခက်ခဲသည်ဆိုခြင်းမှာ သူ့ထက် အဆင့်များစွာ ကွာဝေးသော တန်ခိုးရှင်တစ်ယောက်ဖြစ်နိုင်ပြီး အနည်းဆုံး အဆင့်ကိုး ရန်ဟောင်တစ်ပါး ဖြစ်လိမ့်မည်။

"မင်းတို့ကောင်တွေ သိပ်ရဲတင်းတာပဲ။" အသံတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းသည် ပေါက်ကွဲထွက်လာသော အလင်းတစ်ခုအား မြင်တွေ့လိုက်ရသည်။ ထိုသူမှာ လီချန်ရှန်း ​ဖြစ်သည်။

"စီနီယာအစ်ကို။" ရီဖူရှင်းက မှင်တက်သွားသော်လည်း ပြုံးလိုက်သည်။ သူသည် လီချန်ရှန်းအား ဤနေရာ၌ ​မြင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ဂျူနီယာညီလေးရီ မင်းတို့ဒီတစ်ခေါက် စိတ်လိုက်မာန်ပါ လုပ်လိုက်တာပဲ။" လီချန်ရှန်း ပြောသည့်အဓိပ္ပာယ်အား ရီဖူရှင်းက နားလည်သည်။ ဤတစ်ကြိမ်၌ သူတို့၏ လှုပ်ရှားမှုက အန္တရာယ်အပြည့်ပင် ​ဖြစ်၏။ သူတို့က ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ အင်ပါယာယန်ကိုယ်တိုင် လိုက်မပို့ဟု စုံစမ်းရခဲ့သော်လည်း အကယ်၍ ပါလာခဲ့လျှင် ပြဿနာက သေးလိမ့်မည် မဟုတ်ပေ။

ထိုသို့ နည်းပါးသော ဖြစ်နိုင်ချေက အမှန်တကယ် ဖြစ်လာခဲ့လျှင် အခြေအနေက အလွန် အန္တရာယ်များပြီး အကြီးမားဆုံး ကပ်ဘေးတစ်ခု ဖြစ်ပွားနိုင်ချေ များသည်။ ထို့ကြောင့် လီချန်ရှန်းက သူတို့ကို ရဲတင်းလွန်းသည်ဟု မှတ်ချက်ချလိုက်ခြင်း ဖြစ်သည်။

"ကြည့်ရတာ ကျွန်တော်တို့ မလုပ်ရင်တောင် စီနီယာအစ်ကိုက လုပ်မယ့်ပုံပဲ။" ရီဖူရှင်းက လီချန်ရှန်းကို ပြုံးပြလိုက်သည်။

အဆင့်တက်ပြီးနောက် လီချန်ရှန်း၏ အရှိန်အဝါက တစ်ခုခု ပြောင်းလဲသွားခဲ့သည်။ ယခုတွင် သူ့မျက်နှာထက်၌ အပြုံးဟူ၍ မရှိဘဲ အနည်းငယ် အေးစက်နေကာ စိတ်ခံစားမှုဟူ၍ မရှိဘဲ အာဏာရှင်ဆန်မှုကိုသာ ထုတ်ဖော်ပြသနေသည်။

ထိုအချိန်က အဖြစ်အပျက်မှာ သူ့ကို လေးနက်စွာ လွှမ်းမိုးသွားပုံရလေသည်။

"ဂျူနီယာညီလေးကျုံးချန် အသတ်ခံရတုန်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တန်ခိုးရှင်တစ်ဝက်က သေတဲ့လူသေပြီး ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိခဲ့တယ်။ ဒါ​ပေမယ့် အခုကျ ရှေးဟောင်းတော်ဝင် ယန်မိသားစုနဲ့ လင်းရှောင်နန်းတော်က မဟာမိတ်ဖွဲ့ချင်တယ်တဲ့လား။ ငါက သူတို့ကို လွယ်လွယ်လေး အောင်မြင်အောင် ခွင့်ပြုမှာ မဟုတ်ဘူး။" လီချန်ရှန်းက ​ပြောလိုက်သည်။ ရီဖူရှင်းနှင့် အခြားလူများက လှုပ်ရှားမှုမပြုလျှင်ပင် သူက အကျိုးဆက်ကို ဂရုမစိုက်ဘဲ ထိုလူများအား သတ်ဖြတ်လိမ့်မည် ဖြစ်သည်။

သွေးကြွေးများကို သွေးဖြင့်သာ ပြန်ပေးဆပ်သင့်သည်။ ရန်သူအင်အားစုနှစ်ခု၏ မဟာမိတ်လက်ထပ်ခြင်းက လောင်းကြေးစားကြေးပင် ဖြစ်၏။

"စီနီယာအစ်ကို ဆေးအင်ပါယာနဲ့ ပတ်သတ်တဲ့ သတင်းတစ်ခုခုများရှိလား။" ရီဖူရှင်းက မေးလိုက်သည်။

လီချန်ရှန်းက ခေါင်းခါလိုက်၏။ "ငါ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကနေ ထွက်လာပြီးတော့ တုန်းဟွာနယ်မြေကိုလည်း ကျောခိုင်းခဲ့တယ်။ ငါ အပြင်လောကမှာ ရှိနေတုန်း ငါ့အဆင့်ကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဆရာ့သတင်းတော့ မကြားခဲ့ဘူး။ ဆရာက တိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာကြောင့် ပြန်သက်သာဖို့ အချိန်ယူရလိမ့်မယ်။ သတင်းမကြားရတာက သတင်းကောင်းပါပဲ။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ လီချန်ရှန်း အဆင့်တက်ပြီးနောက် သူ တုန်းဟွာနယ်မြေမှ ထွက်ခွာသွားသည်မှာ နားလည်နိုင်စရာ ဖြစ်သည်။ တုန်းဟွာနယ်မြေက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဟု သတ်မှတ်နိုင်သည်။

"ဒီနှစ်တွေအတွင်း မင်းတို့အားလုံး ဘယ်ရောက်နေကြတာလဲ။" လီချန်ရှန်းက မေးလိုက်သည်။

"လိပ်နတ်ဘုရားကျွန်းစု။" ရီဖူရှင်းက ပြောလိုက်၏။ "အင်ပါယာရှီက ကျွန်တော်တို့ကို ကူညီဖို့ သူ့တပည့်တွေဆီ အမိန့်ပေးခဲ့တယ်။ အဲဒီနောက်မှာ ကျွန်တော်တို့က လိပ်နတ်ဘုရားကျွန်းစုမှာပဲ နေပြီး ကျင့်ကြံနေခဲ့ကြတာ။"

လီချန်ရှန်းက ရီဖူရှင်းပြောသည်အား ကြားသောအခါ အလွန် စိတ်လှုပ်ရှားသွားသည်။ အင်ပါယာရှီက ကူညီခဲ့သည်လား။ ထိုသို့ဆိုလျှင် ရီဖူရှင်းက အမှန်တကယ် လုံခြုံသည်။

"သွားစို့။ ငါ မင်းတို့ကို လိပ်နတ်ဘုရားကျွန်းစုဆီ လိုက်ပို့ပေးမယ်။" လီချန်ရှန်းက ရီဖူရှင်းကို ပြောလိုက်သည်။ သူတို့အဖွဲ့က ချက်ချင်းပင် လိပ်နတ်ဘုရားကျွန်းစုသို့ ဦးတည်လိုက်ကြ၏။ လီချန်ရှန်းက သူတို့အား ဦးဆောင်လိုက်ရာ သူတို့ အပြန်လမ်းအတွက် ကြာချိန်က အများကြီး လျော့ကျသွားတော့သည်။

လိပ်နတ်ဘုရားကျွန်းစုတွင် အင်ပါယာရှီ နှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က လီချန်ရှန်း၏ တည်ရှိမှုကို ခံစားရသည့်အတွက် သူတို့အား လက်ခံတွေ့ဆုံရန် ခြံဝန်းထဲမှ လမ်းလျှောက်ထွက်လာကြသည်။ အဝေးကို ကြည့်လိုက်လျှင် သူတို့သည် လီချန်ရှန်းက ရီဖူရှင်းတို့နှင့်အတူ ပြန်လာကြောင်း မြင်တွေ့လိုက်ရသည်။

"အင်ပါယာရှီနဲ့ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ကို နှုတ်ဆက်ပါတယ်။" လီချန်ရှန်းက အဆင့်တက်သွားသော်လည်း ထိုနှစ်ယောက်အား စီနီယာများအဖြစ် အရိုအသေပေးခဲ့သည်။ သူက အင်ပါယာရှီ၏ နောက်မျိုးဆက်မှ ဖြစ်သည့်အပြင် သူတို့လိုအပ်သည့်အချိန်၌ ကူညီပေးခဲ့ခြင်းကြောင့် ကျေးဇူးတင်မိသည်။

"မင်းက ဒီအဆင့်တန်ခိုးရှင်တောင် ဖြစ်နေပြီပဲ။ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။" အင်ပါယာရှီက အပြုံးနှင့် ပြောလိုက်သည်။ သို့သော် အမှန်မှာ လီချန်ရှန်းက အဆင့်တက်သွားလျှင်ပင် သူက အင်ပါယာရှီနှင့် အဆင့်တူ၌ မရှိသေးပေ။ အင်ပါယာရှီက ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားကပ်ဘေး ပထမဆင့်အား ဖြတ်ကျော်ပြီး ဖြစ်သည်။

"ကျွန်တော့် ညီအစ်ကိုတွေကို စောင့်ရှောက်ပေးထားလို့ ချန်ရှန်းက စီနီယာ့ကို ကျေးဇူးတင်ပါတယ်။" လီချန်ရှန်းက အရိုအသေပြုရင်း ပြောလိုက်သည်။

အင်ပါယာရှီက ထပ်မ​ပြောတော့ဘဲ မေးလိုက်၏။ "ဆေးအင်ပါယာဆီက သတင်းတစ်ခုခု မရဘူးလား။"

နောက်ဆုံးတစ်ကြိမ် တုန်းဟွာအခမ်းအနား၌ ဆေးအင်ပါယာက  ဆရာသခင်ကျင့်ကြံသူသုံးယောက်ကို တိုက်ခိုက်ရန် နယ်မြေသခင်အိမ်တော်သို့ စောင့်ကြည့်မျှော်စင်ကို သယ်ဆောင်လာခဲ့သည်။ သူက တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရပြီး ထိုသို့သော ရဲရင့်မှုမျိုးက ချီးကျူးထိုက်ကြောင်း ဝန်ခံရပေမည်။ အထူးသဖြင့် ထိုတိုက်ခိုက်မှုမှာ သူ့တပည့်အတွက်ဟု ဆုံးဖြတ်နိုင်သဖြင့် အင်ပါယာရှီက ဆေးအင်ပါယာ လုပ်ဆောင်ခဲ့သည့် အရာအတွက် အလွန် လေးစားသည်။

ထိုသို့ လုပ်ဆောင်နိုင်သော တန်ခိုးရှင် များများစားစား မရှိပေ။

ဆေးအင်ပါယာက ထိုတိုက်ပွဲ၌ သူ့အသက်ကို လောင်းကြေးထပ်ထားရ၏။

လီချန်ရှန်းက ခေါင်းယမ်းလိုက်သည်။

အင်ပါယာရှီက သူ့ကို ကြည့်ရင်း ပြောလိုက်သည်။ "ဘာဖြစ်ဖြစ် ဆေးအင်ပါယာလက်ထဲမှာ စောင့်ကြည့်မျှော်စင်ရှိနေတာဆိုတော့ ကောင်းကင်ဒေသထဲက ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူက အခု တစ်နေရာရာမှာ ဒဏ်ရာတွေ ကုသနေတာ ဖြစ်မယ်။ မကြာခင် သူ ပြန်ရောက်လာမှာပါ။"

"အင်း" လီချန်ရှန်းက ခေါင်းညိတ်လိုက်သည်။

"နောက်ပိုင်း ဘယ်လိုစီစဉ်ထားလဲ။" အင်ပါယာရှီက လီချန်ရှန်းကို ထပ်မေးလိုက်သည်။

သို့သော်လည်း လီချန်ရှန်းက ရီဖူရှင်းနှင့် အခြားလူများကို ကြည့်ကာ မေးလိုက်သည်။ "ဂျူနီယာညီလေးရီ မင်းရော ဘယ်လို စဉ်းစားထားလဲ။"

"ကျွန်တော် ဒီနှစ်တွေအတွင်း အင်ပါယာရှီရဲ့စောင့်ရှောက်ပေးမှုအောက် လိပ်နတ်ဘုရားကျွန်းစုမှာ ကျင့်ကြံခဲ့တယ်။ အခု ကျွန်တော် သာမန် အဆင့်ကိုးရန်ဟောင်နဲ့ ရင်ဆိုင်နိုင်ပြီ။ ယန်ပြည်ထောင်က လူတွေကို ကြားဖြတ်တားဆီး သတ်ဖြတ်တာကလည်း အပြင်ဘက်လောကကို ထွက်ပြီး လောကကြီးကို စူးစမ်းလေ့လာချင်တဲ့ ကျွန်တော့်ဆန္ဒကို ပြသနေတယ်လေ။" ရီဖူရှင်းက ပြောလိုက်သည်။ သူတို့က လိပ်နတ်ဘုရားကျွန်းစု၌သာ တစ်သက်လုံး ကျင့်ကြံမနေနိုင်ပေ။

"မင်း ဘယ်ကို သွားမယ်လို့ တွေးထားလဲ။" လီချန်ရှန်းက မေးလိုက်သည်။

ရီဖူရှင်းက ခေါင်းယမ်းလိုက်၏။ သူက တွေးမထားရသေးပေ။

"တခြားနယ်မြေကို သွား။" လီချန်ရှန်းက ပြောလိုက်၏။ "ငါ အပြင်ဘက်မှာ နှစ်အနည်းငယ် ဖြတ်သန်းခဲ့တာ။ ကောင်းကင်ဒေသက ကျယ်ပြောပြီး တုန်းဟွာနယ်မြေဆိုတာ နယ်မြေ ၁၈ ခုထဲက တစ်ခုပဲ ရှိသေးတယ်။ တုန်းဟွာနယ်မြေက မင်း နေဖို့ မသင့်တော့တဲ့ နေရာတစ်ခု ဖြစ်နေပြီ။ ဒါကြောင့် စမ်းသပ်မှုအတွက် တခြားနေရာတွေကို သွားပြီး တတ်နိုင်သမျှ အမြန်ဆုံး အဆင့်မြင့်ရန်ဟောင် ဖြစ်လာအောင် ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ ကြိုးစား။"

ရီဖူရှင်းက လီချန်ရှန်း ဆိုလိုသည်အား နားလည်သည်။ ယခု သူက တုန်းဟွာနယ်မြေအတွင်း ထိပ်သီးအင်အားစုသုံးခုကို ဆန့်ကျင်ခဲ့ပြီး ဤနေရာ၌ အောင်မြင်မှုများရယူရန် မဖြစ်နိုင်တော့ပေ။ သူက တစ်ခုခု ပြုလုပ်ခဲ့လျှင် နယ်မြေသခင်အိမ်တော်က အနံ့ရသွားပြီး လိုက်လာပါက တဖန် ထွက်ပြေးရပြန်လိမ့်မည် ဖြစ်သည်။

ယခု တုန်းဟွာနယ်မြေမှ ထွက်ခွာသွားခြင်းက ဉာဏ်ရှိသော ရွေးချယ်မှုပင် ဖြစ်၏။

"စီနီယာအစ်ကို.. အကြံရှိလို့လား။" ရီဖူရှင်းက မေးလိုက်သည်။

"အင်း" လီချန်ရှန်းက ခေါင်းညိတ်လိုက်၏။ "မင်းကို ငါနဲ့ ခေါ်သွားပေးမယ်။ ငါက ဆရာ့အကြောင်းကို လိုက်စုံစမ်းနေတဲ့အချိန် ကျန်တဲ့သူတွေက တုန်းဟွာနယ်မြေမှာ နေလို့ရတယ်။ ဒါပေမယ့် ဂျူနီယာညီလေး မင်းက နည်းနည်းထူးခြားတယ်လေ။"

လူတိုင်းက လီချန်ရှန်း၏ စိတ်ပူမှုကို နားလည်ကြသည်။ ရီဖူရှင်း၏ အောင်မြင်မှုက အလွန် ထူးချွန်ပြီး သူ့ကို ပေါ်လွင်ထင်ရှားစေသည်။ အင်အားစုသုံးခုက သူ့ကို သတ်ဖြတ်ချင်နေသည့်အတွက် သူက တုန်းဟွာနယ်မြေ၌ နေခဲ့ရန် မသင့်တော်ပေ။

"အင်း" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က မည်သည့်စကားမှ မဆိုဘဲ နားထောင်၍သာ နေသော်လည်း သူတို့က ပြုံးလိုက်သည်။ လီချန်ရှန်းက သူ၏ ဂျူနီယာညီလေးဖြစ်သော ရီဖူရှင်းအပေါ်  အလွန်မြင့်မားသော မျှော်လင့်ချက် ထားရှိကာ ပို၍ သန်မာလာအောင် လေ့ကျင့်စေချင်နေသည်။

ရီဖူရှင်းက ခွန်အားကို ပြင်းထန်စွာ မြှင့်တင်ပြီး လီချန်ရှန်းက နောက်တစ်ဆင့်ကို တက်သွားလျှင်ပင် လက်စားချေရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ကြောင်း လူတိုင်း နားလည်ကြသည်။ ထိုသည်မှာ အောင်မြင်ရန် မဖြစ်နိုင်ပေ။ လီချန်ရှန်း၏ အဆင့်တက်မှုက သူတို့ကို မျှော်လင့်ချက်ရောင်ခြည် သမ်းလာစေသော်လည်း ဆေးအင်ပါယာကိုပါ ထည့်ပေါင်းလျှင်ပင် သူတို့က နိုင်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် လီချန်ရှန်းသည် ရီဖူရှင်း ပို၍ အားကောင်းလာစေရန် မျှော်လင့်မိသည်။ လီချန်ရှန်းသည် ယန်ပြည်ထောင်၊ လင်းရှောင်နန်းတော်နှင့် နယ်မြေသခင်အိမ်တော်ကို ပြန်လည်တိုက်ခိုက်နိုင်မည်ဟု ရီဖူရှင်းအပေါ် မျှော်လင့်ထားကြောင်း မြင်နိုင်ပေသည်။

***

All Chapters