အပိုင်း ၈၆၉-၈၇၂
Vol. 44 Ch. 869-872
အပိုင်း ( ၈၆၉ )
အရွေးမှားကျသူများ
ချန်ဖေးအယ်၏ လှုပ်ရှားမှုများသည် လှပမှု မရှိသော်လည်း သေစေနိုင်သည်။
သူတို့သည် ဒီပုံစံကို မမျှော်လင့်ထားကြပေ။
ပြည်မကြီးမှ နောက်ထပ်ရောက်လာသော ဦးနှောက်မဲ့သည့် စုံတွဲတစ်တွဲဟုသာ သူတို့ ထင်ခဲ့ကြသည်။
သူတို့သည် မိုက်မဲပြီး ချမ်းသာသော ပြည်မကြီးမှ ခရီးသွားများကို လိမ်စားရသည်အား နှစ်သက်ကြသည်။
သို့သော်လည်း ယနေ့တွင် ခက်ခဲသော ပြိုင်ဘက်ကို ရင်ဆိုင်ရမည်ဟု မမျှော်လင့်ထားပေ။
" ကျေးဇူးပြုပြီး ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ ...... "
တြိဂံမျက်လုံးဖြင့် ယောက်ျားသည် အခြေအနေကို လျင်မြန်စွာ အကဲခတ်နိုင်သည်အထိ ဉာဏ်လျင်သည်။
သူသည် အလျင်အမြန် အသနားခံတော့သည်။
ထိုအချိန်တွင် သတိလစ်သွားသော ဆံရွှေသည် ဖြည်းဖြည်းချင်း ပြန်နိုးလာသည်။
သို့သော် သူ့ရှေ့မှ အခြေအနေကို မြင်လိုက်ပြီး ဆက်အိပ်ကာ သေချင်ယောင်ဆောင်နေသည်။
ချန်ဖေးအယ် သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည်။
" ရှင်တို့လို လူယုတ်မာတွေက မရေတွက်နိုင်အောင် သူများတွေကို လှည့်စားခဲ့ပြီးပြီ။ ရှင်တို့က ရွံစရာကောင်းလွန်းတယ် "
တြိဂံမျက်လုံးဖြင့်လူသည် ချက်ချင်းပင် မျက်ရည်များ ကျလာသည်။
" ဒေါ်လေး၊ ငါတို့အမှားတွေကို သိပါပြီ။ ငါတို့ ထပ်မလုပ်ရဲတော့ပါဘူး။ ကျေးဇူးပြုပြီး လူသစ်ဖြစ်လာဖို့ အခွင့်အရေးလေးပေးပါ "
သူ့ဘေးနားမှ ငတုံးကလည်း တောင်းပန်လေသည်။
" ဟုတ်တယ်၊ ဒီလိုမျိုး နောက်ထပ် ဘယ်တော့မှ ထပ်မလုပ်တော့ဘူးလို့ ကတိပြုပါတယ်။ ထပ်လုပ်ရင် အသေဆိုးနဲ့ သေလို့ ကျိန်ဆိုပါတယ် "
ချန်ဖေးအယ်သည် ခဏလောက် တုံ့ဆိုင်းပြီးနောက် သူတို့နှစ်ယောက်ကို လွှတ်ပေးလိုက်သည်။
" ရှင်တို့ရဲ့ကတိကို တည်ပြီး ပြန်သွားတဲ့အခါ သင့်တော်တဲ့ အလုပ်တစ်ခုကို ရှာတာ ပိုကောင်းတယ်။ ရှင်တို့ ဒုစရိုက်တွေ ထပ်လုပ်နေတာ မြင်ရင် လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး "
နှစ်ယောက်သား အလျင်အမြန် သဘောတူပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ပြေးကြသည်။
သေချင်ယောင်ဆောင်နေသည့် ဆံဝါလည်း မြေကြီးပေါ်မှ အမြန်ထပြီး အနောက်က ပြေးလိုက်သွားသည်။
ချန်ဖေးအယ်သည် ဤမျှ နုံအသောသူ မဟုတ်ပါ။
သေချာပေါက် ထိုလူသုံးယောက်၏ ကတိတွေသည် ယုံကြည်လို့ မရကြောင်း သူမ သိလေသည်။
သို့သော် သူမသည် ဤတစ်ကြိမ်တွင် ကာစီရုံသို့ တိတ်တဆိတ် လာရောက်ခြင်းသာ ဖြစ်ပြီး အခြားကိစ္စများတွင် ဝင်မပါလိုချေ။
ထို့အပြင် သူမနှင့် ချိန်းဆိုထားသည့် သတင်းပေးသူ ရောက်ရှိလာတော့မည် ဖြစ်သည်။
ထိုကဲ့သို့ လူများအား ဖြေရှင်းနေရန် သူမ၌ အချိန်မရှိပေ။
" သွားကြရအောင် "
သူမ ယဲ့ဖန်ကို ခေါ်ပြီး လမ်းကြားမှ ထွက်ခွာရန် ပြင်ဆင်သည်။
ယဲ့ဖန်သည် မလှုပ်ရှားဘဲ ပေါ့ပါးစွာ ပြောသည် ။
" ဒီအချိန်မှာ ကိုယ်တို့ မထွက်နိုင်သေးမှာ စိုးရိမ်ရတယ် "
ချန်ဖေးအယ်သည် ဘာကို ဆိုလိုသည်မှန်း မသိဘဲ အံ့အားသင့်သွားသည်။
သို့သော် မကြာခင်၌ သူမ နားလည်လိုက်သည်။
လမ်းကြား အ၀င်ဝတွင် လူတစ်စု ရုတ်တရက် ပေါ်လာသည်။
ထိုလူများသည် လူမိုက်အသွင် ဝတ်ဆင်ထားကြသည်။
သူတို့ တစ်ဦးချင်းစီသည် ဓား၊ သံလုံးနှင့် ပုဆိန်ကဲ့သို့ ချွန်ထက်သည့် လက်နက်များကို ကိုင်ဆောင်ထားကြသည်။
ထိုအဖွဲ့တွင် လူနှစ်ဆယ်မှ သုံးဆယ်ခန့် ရှိသည်။
သူတို့သည် ကြီးကျယ်ခမ်းနားသော ပုံစံဖြင့် လမ်းကြားထဲသို့ ပြေးဝင်လာကာ အားကြီးသော ခံစားချက်ကို ပေးသည်။
ယဲ့ဖန်နှစ်ယောက်နှင့် ဆယ်ပေအကွာလောက်တွင် ရပ်နေသည်။
နောက်ဆုံးတွင် အစောက ပြန်ပြေးသွားသည့် သုံးယောက် အနောက်မှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
" ခွေးမ၊ မင်းက ငါတို့ကို ရိုက်ပြီးရင် ဒီအတိုင်း သွားချင်တာလား။ ဒါက ဘယ်လိုလုပ် ဒီလောက် လွယ်နိုင်မှာလဲ "
တြိဂံပုံမျက်လုံးရှိသည့် လူ၏ လက်ထဲတွင် ဓားရှည်တစ်ချောင်း ရှိနေသည်။
သုံးပေလောက် ရှည်ပြီး အေးစက်နေသည့်ပုံရသည်။
ချန်ဖေးအယ် သူ့ကို စိုက်ကြည့်နေသည်။
" အခုပဲ လူသစ်ဖြစ်မယ်ပြောပြီး စကားကို ပြန်ပြောင်းနေတာလား "
သူတို့သုံးယောက်သည် ချန်းဖေးအယ်၏ စွပ်စွဲချက်ကို ကြားပြီး အားလုံးက ရယ်မောလိုက်ကြသည်။
" ဟားဟားဟား၊ ငါတို့ ကတိတွေ အများကြီး ပေးခဲ့ဖူးတယ်။ ငါ့အထင် မင်းတို့လို အရူးတွေပဲ ငါတို့ပြောတာကို ယုံမှာ မဟုတ်လား။ ဒီလို ကျောရိုးမရှိတဲ့ ကောင်လေးက မင်းကိုလှည့်စားနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး "
ထိုကဲ့သို့ လှပသော မိန်းကလေးနှင့် သမီးရည်းစား ဖြစ်နေသောကြောင့် ယဲ့ဖန်ကို ဆံဝါက မုန်းနေပုံရသည်။
ချန်ဖေးအယ်၏ ဦးနှောက်သည် ထွက်ပြေးရန် နည်းလမ်းကို လျင်မြန်စွာ တွေးနေသည်။
ချွန်ထက်သော ဓားများဖြင့် လူရမ်းကား သုံးငါးယောက်နှင့် ရင်ဆိုင်ရလျှင် သူမ လွတ်မြောက်နိုင်ပေလိမ့်မည်။
သူတို့သည် ခြောက်ယောက်၊ ခုနစ်ယောက် ရှိနေလျှင် အနည်းငယ် ခက်ပေလိမ့်မည်။
သို့သော် သူမအရှေ့တွင် လူနှစ်ဆယ်မှ သုံးဆယ်ခန့် ရှိနေကာ သူတို့ တစ်ဦးစီ၏ လက်ထဲတွင် လက်နက်တစ်ခုစီ ပါရှိနေသောကြောင့် သူမနှင့် ယဲ့ဖန်တို့ အတူတူ အလုပ်လုပ်ကြပေလျှင်တောင်မှ မထွက်နိုင်လောက်ပေ။
သူတို့ ထွက်လာနိုင်ပင် ဒဏ်ရာ ပြင်းထန်စွာ ရရှိမည်မှာ သေချာသည်။
သို့သော် လက်ရှိအခြေအနေသည် အဆုံးသတ်အပိတ် ဖြစ်နေခဲ့သည်။
ဝိုင်းအုံထားခြင်းမှ ရုန်းထွက်ရန် တခြားနည်းလမ်း မရှိချေ။
သူမ တွေးနေချိန် ယဲ့ဖန်မှ ရုတ်တရက် ပြောလိုက်သည်။
" အားလုံးက တစ်နိုင်ငံတည်းသားတွေပဲ။ ဘာလို့ ဒီလို ဖြစ်နေရတာလဲ။ ပိုက်ဆံ လိုချင်တာမလား။ ၅သိန်း ဟုတ်လား။ ခင်ဗျားတို့ကို ပေးနိုင်တယ် "
ထိုစကားကို ကြားပြီး တြိဂံမျက်လုံးနှင့် လူက ချက်ချင်း လှောင်ရယ်လိုက်သည်။
" ခုနက ခွက်တိုက်ဖို့ကို မင်းတို့က ငြင်းပြီးသားလေ။ အခုမှ ဘာလုပ်ချင်တာလဲ။ အခု ဈေးက ပြောင်းသွားပြီ။ အနည်းဆုံး ၁ သန်း ပေးရမယ် "
ယဲ့ဖန် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" ၅သိန်း မဟုတ်ဘူးလား။ ခင်ဗျားတို့က အရမ်း လွန်နေတာ မဟုတ်ဘူးလား "
ကတုံးဖြင့်လူသည် ချက်ချင်း ရက်စက်စွာ ရယ်မောလိုက်သည်။
" အဲ့ဒီ ယွမ် ၅သိန်း က ကျောက်စိမ်းအတွက် ငါတို့ကို လျော်ကြေးပေးဖို့ပဲ။ မင်းရဲ့ရည်းစားက ငါတို့ကို အခုပဲ ရိုက်ထားတာ။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် ဆေးဖိုးနဲ့ လျော်ကြေးကို ငါတို့က မတောင်းရတော့ဘူးလား "
ဆံဝါသည် ခေါင်းညိတ်ပြသော်လည်း သူ့မေးရိုးမှာ ချန်းဖေးအယ်ကန်ချက်ကြောင့် ကွဲနေပြီး အသံမထွက်နိုင်ပေ။
ယဲ့ဖန် စိတ်ဆိုးဟန်ဆောင်သည်။
" မလွန်လာနဲ့။ ငါတို့မိသားစုက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ အရမ်းအင်အားကြီးတယ်။ မင်းတို့ ငါတို့ကို အတင်းတွန်းအားပေးရင် မင်းတို့မှာ ကောင်းမွန်တဲ့အဆုံးသတ်ဆိုတာ ရှိမှာ မဟုတ်ဘူး "
လူအုပ်ကြီးသည် ယဲ့ဖန်၏ ခြိမ်းခြောက်သံကို ကြားပြီး အားလုံးက ရယ်မောလိုက်ကြသည်။
" ကောင်လေး၊ မင်းက အခြေအနေကို နားမလည်သေးဘူးလား။ ဒါက ကာစီနိုနယမြေဘဲ။ မင်းရဲ့ တောင်ပိုင်းကွမ်တုန်းပြည်နယ် မဟုတ်ဘူး။ မင်း ဒီမှာ ရက်စက်ချင်ရင် ဘယ်လို ပြုမူရမယ်ဆိုတာ သင်ပေးမယ် "
ထိုတြိဂံမျက်လုံးရှိသော လူသည် ချက်ချင်းပင် သူ၏ ဓားရှည်ကို ယဲ့ဖန်ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။
သူ့ပုံစံသည် အလွန်မောက်မာနေပုံပေါ်သည်။
ယဲ့ဖန်သည် 'ကြောက်လန့်'နေ၍ ချက်ချင်းပင် နောက်ပြန်ဆုတ်သွားသည်။
" စိတ်မပူပါနဲ့၊ လျော်ကြေးမပေးဘူးလို့ မပြောခဲ့ပါဘူး "
တြိဂံမျက်လုံးနှင့်လူက စိတ်မရှည်တော့ပေ။
" ဒါဆို မြန်မြန် ပိုက်ဆံပေးလိုက်။ ငွေရပြီးတာနဲ့ ငါတို့ ချက်ချင်း ထွက်သွားမယ်။ မင်းတို့ရဲ့ ခေါင်းပေါ်က ဆံပင်တစ်ချောင်းကိုတောင် ငါတို့ ထိခိုက်မှာ မဟုတ်ဘူး "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ စာရင်း အရင်ရှင်းရမှာပေါ့ "
တြိဂံမျက်လုံးဖြင့်လူက သူ့ကို မကျေမနပ်ဖြင့် ကြည့်နေသည်။
" ဘာစာရင်းလဲ "
ယဲ့ဖန်က ဖြည်းညှင်းစွာ ပြောသည်။
" ခင်ဗျားတို့ ကျွန်တော်တို့ကို ဓားတွေနဲ့ ဝိုင်းထားပြီး ကြောက်အောင် လုပ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့အတွက် လျော်ကြေးပေးသင့်တယ်။ အများကြီး မလိုချင်ပါဘူး။ ၂သန်းက မများဘူးမလား။ ကျွန်တော်တို့ရဲ့ အကြွေး ၁သန်းကို နုတ်ပြီးရင် ခင်ဗျားတို့က ကျွန်တော်တို့ကို ၁ သန်း ပေးလို့ရတယ် "
ချန်ဖေးအယ် မျက်လုံးပြူးသွားသည်။
ဒီကောင် ဒီလိုအချိန်မျိုးမှာတောင် အရူးစကားတွေ ပြောရဲသေးတာလား။
ယုံလို့ကို မရဘူးဘဲ။
တြိဂံမျက်လုံးဖြင့် ယောက်ျားသည် ဒေါသတကြီးဖြင့် သူတို့ရှေ့သို့ ချက်ချင်း ပြေးသွားသည်။
" ခွေးသား၊ မင်း ငါတို့နဲ့ ကစားနေတာလား "
ယဲ့ဖန် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" မဟုတ်တဲ့စကား မပြောပါနဲ့။ ကျွန်တော်က ယောက်ျားတွေကို စိတ်မဝင်စားဘူး။ မိန်းမတွေနဲ့ပဲ ကစားချင်တာ "
တြိဂံမျက်လုံးဖြင့် ယောက်ျားသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ချေ။
သူ့နောက်မှ လူအုပ်စုကို ချက်ချင်း လက်ပြလိုက်သည်။
" သွားပြီးတော့ အဲ့ဒီ မိန်းမကို ဝိုင်းထားလိုက်။ ငါတို့ သုံးယောက်က ဒီကလေးကို ရှင်းမယ် "
ထိုသို့ပြောပြီးနောက် သူသည် ဦးဆောင်ကာ ယဲ့ဖန်ဆီသို့ တရှိန်ထိုးပြေးပြီး ရွှေရောင်ဆံပင်နှင့် ကတုံးတို့ကလည်း သူ့အနောက်မှ အနီးကပ် လိုက်လာသည်။
သူတို့သည် ချန်ဖေးအယ်၏ လက်ထဲတွင် အကြီးအကျယ် ခံလိုက်ရပြီး သူမကို အနည်းငယ် ကြောက်သွားကြသည်။
သူတို့သည် 'မက်မွန်ပျော့'ကို ကိုက်စားပြီး အခြားသူများကိုတော့ အသေခံမည် ဖြစ်သည်။
အချိန်အတော်ကြာ ကြည့်လိုက်ပြီးနောက်တွင်လည်း ထိုကလေးသည် လေကျယ်တတ်သူသာ ဖြစ်မှန်း သိသာလေသည်။
အန္တရာယ်ကြုံလာတိုင်း ထိုမိန်းမ၏ အနောက်မှာ ပုန်းနေတတ်သည်။
သူသည် သူရဲဘောကြောင်သူ ဖြစ်သည်။
သူတို့သုံးယောက်ဖြင့် ထိုကောင်လေးကို ရှင်းရန် လုံလောက်လေသည်။
ယဲ့ဖန် သူတို့ သုံးယောက်ကို ကြည့်လိုက်သည်။
သူ မတတ်နိုင်ဘဲ ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
လူတစ်ယောက်က ဘယ်လောက်တောင် တုံးလို့ နှစ်ခုထဲက တစ်ခုကို ရွေးတဲ့ထဲမှာ ဘာလို့ အမှားကို ရွေးရတာလဲ။
အပိုင်း ( ၈၇၀ )
နေကြာပန်း သိုင်းလက်စွဲကျမ်းစာအုပ်
သူတို့ကြား အကွာအဝေးသည် အလွန်နီးကပ်သောကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်အရှေ့သို့ ရောက်လာကြသည်။
" ခွေးသားလေး၊ သေပြီး ငရဲကို သွားလိုက် "
တြိဂံမျက်လုံးဖြင့် လူသည် ယဲ့ဖန် ရှေ့သို့ အရင်ဆုံး ပြေးတက်သည်။
သူ၏ လက်ထဲတွင် ရှိနေသော ဓားရှည်ဖြင့် လှမ်း၍ ခုတ်လေသည်။
ကျန်နှစ်ယောက်သည်လည်း သူတို့၏ လက်နက်များကို ဝှေ့ယမ်းကာ ယဲ့ဖန်၏ ဘယ်ညာတစ်ဖက်စီမှ လှမ်းခုတ် တိုက်ခိုက်ကြသည်။
သူတို့ သုံးယောက်သည် ရှင်းလင်းတိကျစွာ တိုက်ခိုက်မှုကို နေရာအတိအကျ ခွဲဝေမှု ရှိပြီး သူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ပြတ်သားထိရောက်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ယဲ့ဖန် လွတ်မြောက်နိုင်မည့် လမ်းကြောင်းအားလုံးကိုလည်း ပိတ်ဆို့ထားကြသည်။
ယဲ့ဖန်သည် ပြန်လည် မတုံ့ပြန်နိုင်ဘဲ မြေပြင်ပေါ် လဲကျသွားကာ နာကျင်စွာ ငိုကြွေးနေမည့် မြင်ကွင်းကိုပင် မြင်ယောင်နိုင်ကြသည်။
သို့သော် ဆက်ဖြစ်လာသည့် ကိစ္စရပ်များသည် သူတို့၏ နားလည်မှုကို ပြောင်းပြန်လှန်သွားစေခဲ့သည်။
အစပိုင်းတွင် ယဲ့ဖန်သည် သေမတတ် ကြောက်လန့်ပြီး တောင့်နေသကဲ့သို့ သူတို့၏ တိုက်ခိုက်မှုများကို မရှောင်တိမ်းပေ။
သို့သော် ထိုသုံးယောက်၏ လက်ထဲတွင်ရှိသော ချွန်ထက်သည့် လက်နက်များမှ သူ့ကို ထိခါနီးတိုင်း သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ချဲ့ကားသော အမူအရာဖြင့် ကွေးညွတ်ကျသွားတတ်သည်။
အရေးကြီးသော အခိုက်အတန့်တိုင်းတွင် သူတို့သုံးယောက်ကြားမှ ကွာဟချက် အနည်းငယ်ဖြင့် လွတ်မြောက်သွားပြန်သည်။
သူတို့သုံးယောက် ပြန်လည် မတုံ့ပြန်နိုင်ခင် ကတုံး၏ နောက်ကွယ်မှ လျှပ်တပြက် ပေါ်လာပြီး သူ့လည်ပင်းကို ညာလက်နှင့် ညင်သာစွာ ဖြတ်ရိုက်လိုက်သည်။
ထို့နောက် ကတုံး၏ မျက်လုံးအိမ်များသည် ရုတ်တရက် ကျယ်လာသည်။
ချက်ချင်းဆိုသလိုပင် သူ့လည်ပင်းမှ အသားသည် ပြဲထွက်သွားပြီး သွေးတွေသည် ရေပန်းလို ထွက်လာသည်။
ထိုအချိန်မှသာ တြိဂံမျက်လုံးနှင့် ဆံဝါတို့သည် ယဲ့ဖန်မှ သူ့လက်ထဲတွင် ဖန်တစ်စကို ကိုင်ထားကြောင်း သတိပြုမိလိုက်သည်။
ထိုဖန်စဖြင့် ကတုံး၏ လည်ချောင်းကို ဖြတ်တောက်ပစ်လိုက်သည်။
ထိုမှသာ သူတို့နှစ်ဦးသည် သူရဲဘောကြောင်သည်ဟု ထင်မှတ်ခဲ့သော လူသည် နတ်ဆိုးဘုရင်အစစ် ဖြစ်နေကြောင်းကို သဘောပေါက်လိုက်ကြသည်။
ထိုကောင်လေးသည် သူတို့ထဲမှ အသန်မာဆုံးလူကို ပေါ့ပါးစွာဖြင့် သတ်ပစ်လိုက်သည်။
ထိုရှာဖွေတွေ့ရှိမှုသည် သူတို့၏ ဆံပင်တွေကိုပင် ချက်ချင်း ထောင်မတ်စေခဲ့သည်။
ကတုံး၏ အသက်နှင့် သေခြင်းကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ။
နှစ်ယောက်သား အလျင်အမြန် ပြန်ဆုတ်သွားကြသည်။
သို့သော် ယဲ့ဖန်မှ သူတို့ကို လွယ်လွယ်ဖြင့် မလွှတ်ထားချေ။
သူသည် သူတို့နောက်သို့ ချက်ချင်း လိုက်လာသည်။
သို့သော် ထိုအချိန်တွင် ဘေးမှ ချန်းဖေးအယ်၏ အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။
သူ အမြန်ရပ်ပြီး နောက်ပြန်ကြည့်လိုက်သည်။
ယဲ့ဖန်သည် ချန်ဖေးအယ်အား လူရမ်းကားတစ်စုမှ ဝိုင်းရံထားသည်ကို မြင်လိုက်ရသည်။
သူမ၏ ညာဘက်လက်ဖျံကို ဓားဖြင့် အခုတ်ခံထားရကာ သွေးများ ထွက်နေသည်။
ထိုလူနှစ်ယောက်အား လိုက်ဖမ်းရန် သူ ဂရုမစိုက်နိုင်တော့ချေ။
ယဲ့ဖန်သည် သူ့ခြေထောက်ကို တန်းမြှောက်လိုက်ပြီး ချန်ဖေးအယ်ကို အနောက်မှ တိုက်ခိုက်နေသော လူဆိုးတစ်ယောက်၏ ဦးခေါင်းကို ကန်ထည့်လိုက်သည်။
ဖောင်း
ယဲ့ဖန်၏ အင်အားသည် အလွန်ပြင်းလွန်းသည်။
ထိုလူမိုက်၏ ဦးခေါင်းသည် လွင့်ထွက်သွားသည်။
ထိုအဖြစ်အပျက်၏ သက်ရောက်မှုသည် ကြီးမားလွန်းသဖြင့် လူရမ်းကားအုပ်စုသည် သူတို့၏ တိုက်ခိုက်နေခြင်းကိုပင် ချက်ချင်းရပ်တန့်လိုက်ကြသည်။
ယဲ့ဖန်သည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ချန်ဖေးအယ်၏ လက်မောင်းကို ဆွဲလျက်ကာ ဝိုင်းခံထားရသည့် ကြားမှ ဆွဲထုတ်လိုက်သည်။
သို့သော်လည်း လူရမ်းကားအုပ်စုသည် ခဏတာသာ ရပ်သွားပြီး ရှေ့သို့ ဆက်၍ လိုက်ကြသည်။
လမ်းကြားသည် အလွန်ကျဉ်းသဖြင့် လူဒါဇင်ပေါင်းများစွာ ဝိုင်းအုံလာခြင်းသည် စစ်တပ်တစ်ခု ချီတက်ခြင်း၏ အရှိန်အဝါကိုပင် ပေးလေသည်။
ချန်ဖေးအယ်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားသည်။
" ကျွန်မအတွက် စိတ်မပူပါနဲ့။ မြန်မြန် မြန်မြန် ထွက်သွားတော့။ အဲ့ဒီသတင်းပေးသူကိုရှာပြီး ကယ်တင်ဖို့ နည်းလမ်းကို စဉ်းစားခိုင်းလိုက် "
သို့သော် ယဲ့ဖန်သည် သူမအကြံကို ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။
" မိန်းကလေးတစ်ယောက်ကို ချန်ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးတာက ငါ့ပုံစံမဟုတ်ဘူး "
ချန်ဖေးအယ် ဒေါသထွက်သွားသည်။
" အချိန်အခါလည်း ကြည့်ဦး။ ဘာကို ယောက်ျားလေးတွေ မိန်းကလေးတွေ ရှိနေသေးတာလဲ။ အမြန်ထွက်သွားတာ အကောင်းဆုံးပဲ "
သို့သော် ယဲ့ဖန်မှ ခေါင်းခါနေဆဲဖြစ်သည်။
" ကိုယ်တို့ အတူတူ ထွက်သွားတာပဲဖြစ်ဖြစ်၊ အတူတူ နေတာပဲဖြစ်ဖြစ်၊ ဒါက ပျော်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ "
ချန်ဖေးအယ်သည် ထိုအချိန်တွင် အနည်းငယ် ရင်ထဲထိသွားခဲ့ကြောင်း ဝန်ခံရပေမည်။
သို့သော်လည်း သူမ၏ ကျိုးကြောင်းဆီလျော်စွာ တွေးတတ်မှုက သူမအား အလွန်မိုက်မဲလွန်းသည်ဟု ပြောနေခဲ့သည်။
သူမ ယဲ့ဖန်ကို ဆက်ပြီး နားချမည့်အချိန် ယဲ့ဖန်မှ ရုတ်တရက် သူမကို လှည့်ကြည့်လိုက်သည်။
" မြစ်ပေါ်မှာ သွေးမိုးရွာတာကို မင်းမြင်ဖူးလား "
ချန်ဖေးအယ် အနည်းငယ် စိတ်ရှုပ်သွားသည်။
" သွေးမိုးဆိုတာ ဘာကို ဆိုလိုတာလဲ "
ယဲ့ဖန်၏ နှုတ်ခမ်းများ တွန့်ကွေးတက်သွားသည်။
" နောက်လာမယ့် ဖျော်ဖြေမှုပါ။ ကျေးဇူးပြုပြီး 'သွေးမိုးရွာသောမြစ်'လို့ အမည်ရတဲ့ အကကို ဖျော်ဖြေတင်ဆက်သူမှာ ယဲ့ဖန်ပဲ ဖြစ်ပါတယ်။ ကြိုဆိုလိုက်ကြရအောင် "
ချန်ဖေးအယ်သည် ယဲ့ဖန်မှ နောက်တစ်ကြိမ် နောက်ပြောင်နေသည်ဟု ထင်ကာ အပြစ်တင်တော့မည် ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ဖန်သည် 'ကျောက်စိမ်း'ကွဲများ ပါသော အ၀တ်အိတ်ကို ရုတ်တရက် ကောက်ယူလိုက်ပြီး အထဲမှ ဖန်ကွဲတစ်ဆုပ်ကို ကောက်ယူလိုက်သည်။
" ရှင် ........ "
သူ့ကို တားခါနီးတွင် သူမဘဝ၏ မမေ့နိုင်စရာ အကောင်းဆုံး မြင်ကွင်းကို မြင်လိုက်ရသည်။
ယဲ့ဖန်သည် မှန်စများကို ကိုင်လိုက်ပြီး လူအုပ်ဆီသို့ အမြန်လှမ်းပစ်လိုက်သည်။
ဖန်ကွဲအပိုင်းအစများသည် လှပသော လမ်းကြောင်းအတိုင်း လေထဲသို့ လွင့်ပျံသွားသည်။
အထူးသဖြင့် နေရောင်ခြည်၏ အလင်းအောက်တွင် စူးရှတောက်ပသော အလင်းရောင်ဖြာကို ထုတ်လွှတ်နေသည်။
ဖူး ............
ဖန်ကွဲတစ်ဆုပ်သည် လူမိုက်များ၏ မျက်နှာကို အလွယ်တကူ ထိမှန်သွားသောအခါတွင် သွေးစက်အချို့သည် ရုတ်တရက် ပွင့်လာသော နှင်းဆီနီတစ်ပွင့်ကဲ့သို့ ချက်ချင်း ထွက်ကျလာသည်။
ထို့နောက်တော့ သွေးရောင်ပန်းများ အဆက်မပြတ် ပွင့်လာသည်။
သတ်ဖြတ်ခြင်းသည် အလွန်လှပနိုင်ကြောင်း ချန်ဖေးအယ် ပထမဆုံးအကြိမ် သိခဲ့ရသည်။
အနုပညာဟုပင် ခေါ်ဆိုနိုင်သည်။
" အား ............ "
ယဲ့ဖန်၏ လက်များမှ လွင့်ထွက်လာသော မှန်စများသည် အလွန်မြန်ဆန်သည်။
ကျည်ဆန်များကဲ့သို့ ဖြစ်သည်။
ထို့အပြင် တိကျမှုမှာ အံ့ဩစရာဖြစ်နေသည်။
အပိုင်းအစတိုင်းမှ သွေးများကျလာစေသည်။
လူရမ်းကားအုပ်စုထံမှ သနားစရာကောင်းသော အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် မြေပြင်ပေါ်သို့ လဲကျကာ နာကျင်လျက် လိမ့်နေရသည်။
လူနှစ်ဆယ်မှ သုံးဆယ်ရှိသော လူရမ်းကားတို့သည် မြေပြင်ပေါ်တွင် လဲကျကာ ငိုကြွေးနေကြသည်။
ထိုမြင်ကွင်းသည် မြေကြီးပေါ်မှ ငရဲနှင့် အလားတူလေသည်။
ချန်ဖေးအယ်သည် မရေမတွက်နိုင်သော သေဆုံးခြင်း အခြေအနေများကို ကြုံတွေ့ခဲ့ရသူတစ်ဦး ဖြစ်သော်လည်း သူမ အံ့အားသင့်မှုကို မထိန်းနိုင်ခဲ့ပေ။
သူမတို့၏ လုံခြုံရေးအဖွဲ့သည် ယဲ့ဖန်မှ အလွန်သန်မာသည်ဟူသော သတင်းကို လက်ခံရရှိထားသည်။
သို့သော် သူသည် ဤမျှ ပုံမှန်မဟုတ်သော အတိုင်းအတာအထိ သန်မာနေလိမ့်မည်ဟု သူတို့ လုံခြုံရေးအဖွဲ့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။
ရုပ်ရှင်ရုံမှာသာ မြင်နိုင်သော စိတ်ကူးယဉ်ဆန်သည့် ဇာတ်ကားမျိုး မြင်ကွင်းလိုမျိုး ဖြစ်နေသည်။
ဒီလို ကိုယ်ခံပညာမျိုးက ကမ္ဘာပေါ်မှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
ဒါက စိတ်ကူးယဉ်ဆန်လွန်းတယ် မဟုတ်ဘူးလား။
သို့သော် ယနေ့တွင် သူမကိုယ်တိုင် မျက်စိဖြင့် မြင်လိုက်ရသည်။
ကိုယ်ခံပညာဝတ္ထုများထဲမှ ' မှော်စွမ်းအင် သိုင်းများ 'နှင့်တူသည်။
အင်မတန် မယုံနိုင်စရာ ကောင်းလောက်အောင် ဖြစ်သ◌ည်။
သူမ မတတ်နိုင်ဘဲ ယဲ့ဖန်၏ ဘေးတိုက်ကို လှည့်ကြည့်လိုက်မိသည်။
သူမသည် အစစ်အမှန်လောက မဟုတ်ဘူးဟု ရုတ်တရက် ခံစားလိုက်ရသည်။
အမှန်တွင် ယဲ့ဖန်သည် ဗီဒီယိုအတိုလေးတစ်ခုအတိုင်း လိုက်လုပ်ခြင်း ဖြစ်သည်။
UPဟုခေါ်သော ဆရာကြီးတစ်ဦးသည် သစ်သားဘုတ်များနှင့် ကိုလာဘူးများကို အပ်ပျံများဖြင့် ဖောက်ထွင်းလေသည်။
ထိုအချိန်တွင် သူသည် ပျော်စရာကောင်းသည်ဟု ထင်သောကြောင့် ငွေအပ်အနည်းငယ်ကို ထုတ်ယူကာ စမ်းကြည့်လိုက်သည်။
သို့သော် ငွေအပ်များသည် ပျော့လွန်းသောကြောင့် ပထမအကြိမ် ကြိုးစားသည့်အခါ အောင်မြင်မှုနှုန်းမှာ အလွန်နည်းခဲ့လေသည်။
နေ့တစ်ဝက်ကျော် လေ့ကျင့်ပြီးရင် တကယ်ပင် အကျိုးရှိခဲ့သည်။
သစ်သားပြားများကို အလွယ်တကူ ဖောက်နိုင်ရုံသာမက သူ၏ တိကျမှုမှာလည်း အဆက်မပြတ် တိုးတက်နေခဲ့သည်။
ထိုကဲ့သို့ဖြင့် သူသည် မတော်တဆ 'မြင့်မြတ်သောအတတ်ပညာ'ကို လေ့ကျင့်နိုင်ခဲ့သည်။
ချန်ဖေးအယ်၏ အံ့အားသင့်သော အကြည့်ကိုလည်း သတိပြုမိပြီး ချက်ချင်း ကြောင်အအ ပြုံးပြလိုက်သည်။
" ကိုယ့်ကို အားကျမနေနဲ့။ ကိုယ်က ဒဏ္ဍာရီလာ လူတစ်ယောက်မလို့ "
ချန်ဖေးအယ်သည် သူ့ကို ထူးဆန်းစွာ အချိန်အတော်ကြာ စိုက်ကြည့်နေသည်။
ထို့နောက် သူ့ကို တစ်စုံတစ်ခုကို မေးလိုက်သည်။
" ရှင် နေကြာပန်း သိုင်းလက်စွဲကျမ်းစာအုပ်ကို လေ့ကျင့်ခဲ့တာလား "
အပိုင်း ( ၈၇၁ )
ဓားပြတိုက်ခြင်း
ယဲ့ဖန်၏ နည်းလမ်းများသည် အမှန်တကယ်ကို ထိတ်လန့်စရာကောင်းလှသည်။
လူရမ်းကားများသည် သူ့ကို သရဲတစ္ဆေ မြင်နေရသလို ကြည့်လိုက်ကြသည်။
အထူးသဖြင့် ထိုတြိဂံမျက်လုံးဖြင့် ကောင်လေးနှင့် ဆံဝါတို့ ဖြစ်သည်။
နောင်တတွေဖြင့် ပြည့်နှက်နေကြသည်။
သူတို့သည် အခွင့်ကောင်းယူချင်ကြသည်သာ ဖြစ်သည်။
ဒီလို ဖြစ်လာမယ့်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။
သူတို့ ဘယ်လိုနတ်ဆိုးတွေကို ပြဿနာရှာမိခဲ့ကြတာလဲ။
သူ၏ ခွန်အားသည် အရင် မိန်းကလေးထက်ပင် ပိုထူးခြားလေသည်။
ယဲ့ဖန်သည် သူတို့နှစ်ယောက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ထိုင်ချလိုက်သည်။
သူတို့နှစ်ဦးမှာ အလွန် ကြောက်လန့်နေကြပြီး မသိစိတ်ဖြင့် နောက်သို့ တွားသွားချင်မိကြသည်။
" ဒီကိုလာပါဦး၊ ခင်ဗျားတို့နဲ့ ဆွေးနွေးစရာ ရှိတယ် "
ယဲ့ဖန် ချက်ချင်း ဒေါသတကြီး ပြောလိုက်သည်။
နှစ်ယောက်သား တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့တက်လာသည်။
" သူရဲကောင်းကြီး၊ ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်တို့ ခဏ မျက်စိကန်းပြီး လူကြီးမင်းတို့ နှစ်ယောက်ကို မတော်တဆ စော်ကားမိတာပါ။ သူရဲကောင်းကြီးက ကရုဏာထားပြီး ကျွန်တော်တို့ကို အသက်ရှင်ခွင့်ပေးပါ ....... "
တြိဂံပုံ မျက်လုံးများနှင့် ဆံဝါတို့သည် အလျင်အမြန် ဒူးထောက်ကာ အသနားခံ တောင်းဆိုကြသည်။
အထူးသဖြင့် ဆံဝါသည် အတော်ပင် သည်းမခံနိုင်ချေ။
သူသည် အလွန်ကြောက်လန့်နေပြီး သူ့ဘောင်းဘီကို ငုံ့ကြည့်လိုက်သည်။
ငုံ့ကြည့်လိုက်သည့်အခါ အဝါရောင်အရည်များ မြေကြီးပေါ်သို့ စိမ့်ကျလာသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန်သည် ရွံရှာသော အကြည့်ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။
" ဒီလို သတ္တိလေးတွေနဲ့များ ပြဿနာရှာရဲကြသေးတာလား "
သူတို့နှစ်ယောက်သည် ယဲ့ဖန်ကို ထိတ်လန့်တကြား ကြည့်နေကြသည်။
သူတို့သည် အရင်က သူ့လို အလွန်ကြမ်းတမ်းသော လူဆိုးတစ်ယောက်နှင့် တစ်ခါမှ မကြုံဖူးကြောင်း ပြောချင်မိသည်။
သို့သော် ထိုကဲ့သို့သော စကားမျိုးကို မပြောရဲကြပေ။
သူတို့သည် အသနားခံပြီး ခွင့်လွှတ်မှုရရန်သာ အားခဲနေကြသည်။
ယဲ့ဖန်သည် သူတို့အပေါ် လေကုန်ပြီး စကားအများကြီးပြောရန် စိတ်မပါတော့ချေ။
" မင်းတို့ကို လွှတ်ပေးဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး။ ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးအနေနဲ့ ယွမ် ၁ သန်း ပေး "
" အာ ...... "
သူတို့နှစ်ယောက် နားကြားမှားသည်ဟု ထင်လိုက်မိကြသည်။
သူတို့ကမှ ကြောက်သွားရတဲ့သူတွေ မဟုတ်ဘူးလား။
" ဘာလဲ။ မင်းက လူတွေအများကြီး ဒီကိုခေါ်လာပြီး ငါတို့ကို ကြောက်အောင်လုပ်တယ်လေ။ အဲ့ဒီတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် လျော်ကြေးပေးသင့်တယ် မဟုတ်ဘူးလား "
ယဲ့ဖန်၏ အမူအရာမှာ နက်မှောင်နေပြီး သူ့လက်ထဲတွင် နောက်ထပ် ဖန်စတစ်ခု ပေါ်လာသည်။
အုန်း ...... ခွမ်း
မှန်အကွဲများကို သူတို့ဘေးနားမှ နံရံဆီ ပစ်ပေါက်လိုက်ရာ သူတို့နှစ်ဦး ပြောမပြတတ်အောင် ကြောက်လန့်သွားကြသည်။
" ကျွန်တော်တို့ သူရဲကောင်းကြီးကို လျော်ကြေးပေးပါ့မယ် "
တြိဂံမျက်လုံးဖြင့် လူက အမြန် သဘောတူလိုက်သည်
ထို့နောက် သူ့ဖုန်းကို ထုတ်ကာ ယဲ့ဖန်အား အရှက်ရစွာဖြင့် ငွေလွှဲပေးလိုက်သည်။
သူတို့သည် အမြဲတမ်း သူများကိုသာ လိမ်ညာစားခဲ့သူများ ဖြစ်ကြသည်။
ယနေ့တွင် အဖြစ်အပျက်များသည် အမှန်တကယ် ပြောင်းပြန်ဖြစ်ခဲ့ရသည်။
ဤသည်မှာ ကြီးစွာသော အရှက်ရမှုတစ်ခုပင် ဖြစ်သည်။
ယဲ့ဖန်သည် ငွေလွှဲကို လက်ခံပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
" ဒီတစ်ခါတော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်။ မင်းတို့ ပြည်မကြီးက ခရီးသွားတွေကို ထပ်ပြီး လိမ်စားနေတာ သိလို့ကတော့ မင်းတို့ ဒီနေ့လောက် ကံကောင်းမှာ မဟုတ်ဘူး "
တြိဂံမျက်လုံးနှင့် ဆံဝါရောင် ယောက်ျားတို့သည် လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။
" မလုပ်ရဲတော့ပါဘူး၊ ထပ်ပြီး မလုပ်ရဲတော့ဘူး ......... "
ချန်းဖေးအယ် သူတို့ရှိရာ လျှောက်သွားလိုက်သည်။
" ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ ပြောခွင့်မရှိဘူး။ သတင်းပေါက်ကြားသွားတယ်ဆိုရင် မင်းတို့ထဲက တစ်ယောက်မှ အဆင်ပြေမှာ မဟုတ်ဘူး "
ထို့နောက် သူမနှင့် ယဲ့ဖန်သည် ကာစီနိုနယ်မြေထဲသို့ တိတ်တဆိတ် ဝင်လာကြခြင်း ဖြစ်သည်။
သူတို့အပေါ် အာရုံစိုက်ခံရခြင်းကို မလိုလားပေ။
သရုပ်မှန် မထင်ရှားအောင် နေရမည် ဖြစ်သည်။
တြိဂံမျက်လုံးနှင့် ဆံဝါရောင် အမျိုးသားတို့သည် ခေါင်းကို တဆတ်ဆတ် ခါလိုက်ကြသည်။
" ကျွန်တော်တို့ ဘာမှ မပြောပါဘူး။ ဘာမှပြောမှာ မဟုတ်ပါဘူး။ သေချာပါတယ် "
ဒါက ဘယ်လိုဟာသမျိုးလဲ။
သူတို့ ယောက်ျားရင့်မာကြီး အယောက် နှစ်ဆယ်၊ သုံးဆယ်လောက်ကို လူနှစ်ယောက်တည်းက လွယ်လွယ်ကူကူ သမသွားတာလေ ..........
မဟုတ်သေးဘူး၊ အတိအကျပြောရရင် လူတစ်ယောက်တည်းက တိုက်ခိုက်သွားတာ မဟုတ်လား။
ဘာလို့ ဒီလောက် ရှက်စရာကောင်းတဲ့ ကိစ္စကို လိုက်ပြောပြနေရမှာလဲ။
ဒီအကြောင်းကို ကမ္ဘာပျက်တဲ့အထိ ဘယ်သူ့ကိုမှ မပြောဘူး။
ချန်းဖေးအယ် သက်ပြင်းတစ်ချက် ချလိုက်သည်။
" အဲ့တာဆို ကောင်းတယ်။ နောက်တစ်ခုက ရှင်တို့ ကျွန်မတို့နဲ့ ပူးပေါင်းပြီး ပြပွဲတစ်ခု လုပ်ဖို့ လိုတယ် "
တြိဂံမျက်လုံးနှင့် ဆံဝါသည် သူမအား အံသြသော အမူအရာဖြင့် ကြည့်နေကြသည်။
သူတို့က ငွေညစ်တဲ့အပြင် သရုပ်ဆောင်စေချင်တာလား။
မဖြစ်နိုင်တာ။
..................................................
ခဏအကြာတွင် ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ညစ်ပတ်သော မျက်နှာများဖြင့် လမ်းကြားထဲမှ ထွက်လာခဲ့ပြီး တြိဂံမျက်လုံးနှင့် ဆံဝါတို့သည် သူတို့နောက်မှ ကျိန်ဆဲနေကြသည်။
" ဒီတစ်ခါတော့ မင်းတို့နှစ်ယောက် ကံကောင်းတယ်လို့ မှတ်လိုက်။ မင်းတို့ဆီက ယွမ် ၁သန်းပဲ ယူလိုက်တယ်။ အနာဂတ်မှာ ငါ့လက်ထဲ ထပ်မမိစေနဲ့။ အဲ့ဒီကျ မင်းတို့ ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး ........ "
ချန်းဖေးအယ်မှ သူတို့ကို ထိုစကားများ ပြောရမည်ဟု သင်ပေးခဲ့သည်။
ထိုသို့ ပြောရသောအခါ သူတို့၏ နှလုံးသားများ နာကျင်လာသည်။
သူတို့ကမှ ယွမ် ၁သန်း လုယက်ခံရတဲ့သူတွေ မဟုတ်ဘူးလား။
လမ်းမပေါ်ရှိ လူအများအပြားသည် စူးစမ်းစွာ ကြည့်နေကြသော်လည်း အချို့သော ဒေသခံများမှာ ကျင့်သားရနေပြီဖြစ်သည်။
" ဒါက ဆံဝါလေ။ ဒီနှလုံးသားမရှိတဲ့ ကောင်တွေက ဒီလို ပြည်မကြီးက ခရီးသွားတွေကို လှည့်စားတဲ့ပညာမှာတော့ အထူးကျွမ်းကျင်ကြတာ။ ကံဆိုးတဲ့သူ နှစ်ယောက် ရသွားပုံပဲ "
" ဒီလိုလူမျိုးတွေက ငါတို့ ကာစီနိုနယ်မြေရဲ့ ပုံရိပ်ကို ဖျက်စီးနေတာ။ သူတို့ကို ဘာလို့ ဘယ်သူကမှ ဂရုမစိုက်ကြတာလဲ။ နောက်ဆို ကစားဖို့ ဘယ်သူက ဒီကို လာရဲတော့မှာလဲ "
" ဒီလို ဒေသခံမြွေမျိုးက ဖယ်ရခက်တယ်။ သူတို့ရဲ့ လူတွေနဲ့တင် တစ်ခုခု တကယ်ဖြစ်လာရင် ဘယ်သူကမှ ဝင်မပါရဲကြဘူး။ ဒီနှစ်ယောက်က ကံမကောင်းလို့ပဲ ပြောရမယ် "
" သူတို့က ဆံဝါနောက်ကို လိုက်သွားကတည်းက ရလဒ်ကို ငါ သိပြီးသား။ ယွမ် ၁ သန်းတောင် လှည့်စားခံရမယ်လို့ မမျှော်လင့်ထားဘူး "
" ပြည်မကြီးက ခရီးသွားတွေ ဒီလောက်ချမ်းသာနေဖို့ ဘယ်သူက ပြောလို့လဲ။ ဒီတစ်ခါကနေ သင်ခန်းစာယူသင့်တယ် ....... "
လမ်းပေါ်ရှိ ဖြတ်သွားသူများသည် ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ စာနာစိတ်ဖြင့် ကြည့်နေကြသည်။
သို့သော် ဆံဝါတို့နှင့် သူ့အဖွဲ့ကို ဘယ်သူကမှ မဆန့်ကျင်ရဲကြပေ၊
အားလုံးသည် အဝေးမှာသာ ပုန်းနေကြခြင်း ဖြစ်သည်။
" သူရဲကောင်းကြီး၊ ဒေါ်လေးတို့၊ ကျွန်တော်တို့ ဒီအထိပဲ လိုက်ပို့ပေးလို့ရတယ် "
" ညီအစ်ကိုတို့ကို ဆေးရုံ ပို့ပေးရမှာမလို့ပါ "
တြိဂံပုံမျက်လုံးတို့သည် သူတို့နှစ်ယောက်ကို လမ်းကြားမှ လိုက်ပို့ပြီးနောက် ဇာတ်တိုက်ထားသော ဖျော်ဖြေပွဲအပြီးတွင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ဒီကိစ္စ ထပ်ဖြစ်လာရင် မင်းတို့ကို ငါ ပြန်လာရှာမယ် "
ယဲ့ဖန် သူ့ကို လက်ပြပြီးနောက် ချန်းဖေးအယ်ကို ဆွဲခေါ်ပြီး ထွက်ခွာသွားခဲ့သည်။
တြိဂံမျက်လုံးနှင့် ဆံပင်အဝါရောင်လူက သူတို့နှစ်ယောက် ထွက်သွားသည်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
နောက်ဆုံးတွင် သူတို့သည် အသက်ရှင်နေသော ဘိုးဘေးနှစ်ဦးကို အဝေးသို့ ပို့နိုင်ခဲ့သည်။
ဒါက ဘာလဲ။
သူတို့တွေကရော လူဆိုးတွေပဲလား။
ယခုတွင် သူတို့သည် ထိုဘိုးဘေးနှစ်ယောက်ကို ငွေပေးခဲ့ရရုံသာမက သူတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ရသည်။
သူတို့က သမိုင်းမှာ အနစ်နာဆုံး လူဆိုးတွေ ဖြစ်နိုင်တယ် မဟုတ်လား။
'လူဆိုး'အုပ်စုကြီး တစ်ခုအတွက် တကယ်ပင် ရှက်စရာကောင်းလွန်းလှသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် မထိန်းနိုင်ဘဲ ရယ်မောလျက် အဝေးသို့ ထွက်ခွာသွားခဲ့သည်။
အထူးသဖြင့် ချန်းဖေးအယ်သည် အပြင်းအထန် ရယ်မောရင်းဖြင့် မျက်ရည်များပင် ထွက်လာသည်။
" ကောင်းပြီ၊ မရယ်နဲ့တော့။ မြန်မြန်လုပ်ပြီး မင်းရဲ့ သတင်းပေးတဲ့သူကို ဆက်သွယ်လိုက်။ စိုးရိမ်ပြီး စောင့်နေလိမ့်မယ် "
ယဲ့ဖန် သူမကို အမြန် သတိပေးလိုက်သည်။
ချန်းဖေးအယ်သည် ယဲ့ဖန်ကို ရှုပ်ထွေးစွာ ကြည့်လိုက်ပြီးနောက် ဖုန်းကို ထုတ်ကာ သတင်းပေးသူကို ဆက်သွယ်လိုက်သည်။
ခဏအကြာတွင် သာမန်အ၀တ်အစား ဝတ်ထားပြီး သူတို့ဆီသို့ လမ်းလျှောက်လာနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကို တွေ့လိုက်ရသည်။
" မင်းက မိန်းကလေးချန်း မဟုတ်လား။ မင်္ဂလာပါ၊ ကျွန်တော်ကတော့ လုမိန်းကလေး မိတ်ဆက်ပေးထားတဲ့ သူငယ်ချင်းပါ။ နာမည်က ဟွေ့ယွမ်းရှိပါ "
ထိုလူသည် ချန်းဖေးအယ်ဆီသို့ လျှောက်လာပြီး သူမလက်ကို လှမ်းဆွဲလိုက်သည်။
" မင်္ဂလာပါ လူကြီးမင်းဟွေ့ယွမ်းရှိ။ ဒါက ကျွန်မရဲ့ သူငယ်ချင်း ဖန်ယဲ့ပါ "
ချန်းဖေးအယ်သည် အပြင်လူများနှင့် ဆက်ဆံပြောဆိုရသောအခါ သူမ၏ အေးစက်ကာ စည်းရှိသော သဘောထားပုံစံ ပြန်ဖြစ်သွားခဲ့သည်။
ဟွေ့ယွမ်းရှိသည် ယဲ့ဖန်ကို နှုတ်ဆက်ကာ ခေါင်းညိတ်လိုက်ပြီး ချန်းဖေးအယ်ကို ဆက်ကြည့်နေလိုက်သည်။
" ကျွန်တော် ဒီမှာ စောင့်နေတာ ကြာပါပြီ။ ချန်းမိန်းကလေးတို့မှာ ပြဿနာတစ်ခုခု ကြုံနေခဲ့တာလား "
ချန်းဖေးအယ် ခေါင်းယမ်းပြီး ယဲ့ဖန်ကို မျက်တောင်ခတ်ပြလိုက်သည်။
" မကြုံပါဘူး၊ ကျွန်မတို့ကသာ သူတို့ကို အဆင်ပြေတာနဲ့ လုယက်ခဲ့တာ "
ချန်းဖေးအယ်၏ ရှင်းပြချက်ကို ကြားသည့်အခါ ဟွေ့ယွမ်းရှိသည် နားမလည်ဖြစ်သွားသည်။
အဆင်ပြေတာနဲ့ လုယက်ခဲ့တာက ဘာကို ဆိုလိုတာလဲ။
ချန်းဖေးအယ် သူ့ကို အသေးစိတ်မရှင်းပြဘဲ ချက်ချင်း သွားရန် အစဖန်လိုက်သည်။
" အဲ့တော့ အခုဘယ်သွားကြမှာလဲ "
" ကျွန်တော်တို့ သူရဲ့ နေအိမ်ကို တစ်နေ့လုံး စောင့်ကြည့်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကတော့ သူ ရုတ်တရက် အပြင်ထွက်သွားတယ်။ ကျွန်တော်တို့က သူ့နောက်ကို လိုက်ချင်ပေမယ့် ဒီလူက အရမ်းသတိရှိတယ်။ ခရီးစဉ်အလယ်မှာ ကားတွေ အကြိမ်ကြိမ်ပြောင်းတယ်။ အဲ့တာကြောင့် လမ်းကြောမှာတင် ပျောက်သွားပါတယ် "
ဟွေ့ယွမ်းရှိ ရှက်ရွံစွာဖြင့် ခေါင်းငုံ့လိုက်သည်။
ယဲ့ဖန် ရုတ်တရက် ဝင်မေးလိုက်သည်။
" ဒါဆို ဒီည ပြန်လာမယ် ထင်လား "
ဟွေ့ယွမ်းရှိမှ ခေါင်းခါသည်။
" မသေချာဘူး။ ဒီကောင်က ပါးနပ်ပြီး လမ်းစတွေ များတယ်။ ကျွန်တော်တို့ဘက်က ဆုံးဖြတ်ချက်ချဖို့ မလွယ်ဘူး "
ယဲ့ဖန် ထပ်မေးသည်။
" ဒါဆို အပြင်ထွက်ရင် ဘယ်ကို သွားလေ့ရှိလဲ "
ဟွေ့ယွမ်းရှိ ခေါင်းခါဆဲသာ ဖြစ်သည်။
" သူက အထီးကျန်တဲ့ပုံစံ နေတဲ့သူတစ်ယောက်လို့ ပြောရမယ်။ သူက အပြင်ထွက်ခဲပြီး ပုံသေ လုံးဝမရှိဘူး "
ယဲ့ဖန် အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်။
သူက ဘာမှမသိဘူးလား။
ဒါက သဲလွန်စမရှိ အထီးကျန်တဲ့ စုံစမ်းစစ်ဆေးမှု တစ်ခုပဲ။
သို့သော် ထိုအားကန်ဆိုသူသည် အမှန်တကယ် ကိုင်တွယ်ရန် ခက်ခဲကြောင်းကို သူလည်း သိသည်။
မည်သို့ပင်ဖြစ်စေ သူသည် ကာစီနိုနယ်မြေမှ သူခိုးဘုရင် ဖြစ်လေသည်။
သူသည်ပင် ထိုလူ့လက်ထဲ၌ မြေပုံ ပျောက်သွားခဲ့ရသည်။
ဟွေ့ယွမ်းရှိသည် အားကန်နေသည့် နေရာကို ရှာနိုင်သည်နှင့်ပင် အတော်လေး ခက်ခဲနေပြီ ဖြစ်သည်။
အပိုင်း ( ၈၇၂ )
အနာမခံရင် အသာမစံရဘူး။
ချန်းဖေးအယ်သည် ယဲ့ဖန်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
" ကျွန်မတို့ ဘာဆက်လုပ်သင့်တယ်လို့ ထင်လဲ "
အစောပိုင်း လမ်းကြားထဲမှ ကိစ္စကို တွေ့ကြုံပြီးနောက် သူမ ယဲ့ဖန်အပေါ် နားမလည်နိုင်လောက်အောင် မှီခိုချင်နေမိသည်။
ခက်ခဲသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ သူမသည် မသိစိတ်မှ ယဲ့ဖန်၏ ထင်မြင်ချက်ကို ကြားချင်သည်။
သူမဘေးတွင် ရှိသော ဟွေ့ယွမ်းရှိသည် တိတ်တဆိတ် ထိတ်လန့်သွားသည်။
သူသည် ချန်းဖေးအယ်၏ အကျင့်စရိုက်ကို ကောင်းစွာ သိသည်။
သူမသည် လုံခြုံရေးအဖွဲ့၏ ထိပ်တန်းတစ်ဦးဖြစ်ပေသည်။
ဤစစ်ဆင်ရေးသည် သူမ၏ အမိန့်အပေါ်တွင်သာ အခြေခံမှာဖြစ်ပြီး ထိုလူငယ်လေးသည် သူမနှင့် ပူးပေါင်းလုပ်ဆောင်ရန်သာ ဒီနေရာသို့ ရောက်နေသည်ဟု သူ ထင်ခဲ့သည်။
ထိုအစား သူမသည် ထိုကောင်လေး၏ ထင်မြင်ချက်ကို တောင်းမည်ဟု သူ မမျှော်လင့်ထားပေ။
ဤအချက်ကြောင့် သူ ထိုလူငယ်လေးကို ပြန်အကဲခတ်မိသည်။
သူ လူငယ်လေးအား လျှော့တွက်မိခဲ့ပုံ ရသည်။
ယဲ့ဖန်သည် ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားနေသည်။
" အားကန်ရဲ့ အိမ်ထဲကို ခိုးဝင်ပြီး သူ့ကို စောင့်ရအောင် "
ချန်းဖေးအယ် သဘောမတူခင် ဟွေ့ယွမ်းရှိမှ ငြင်းဆန်ပြီး ခေါင်းယမ်းလိုက်သည်။
" မဖြစ်ဘူး။ ဒီအားကန်ဆိုတဲ့သူက အရမ်းသတိရှိတာ။ သူ့နေတဲ့ ပတ်ဝန်းကျင် တစ်လျှောက်လုံး ပတ်ပတ်လည်တွေမှာ လျှို့ဝှက် သတိပေးကိရိယာတွေ၊ စောင့်ကြည့်ကင်မရာတွေ အများကြီး တပ်ဆင်ထားတယ်။ တစ်ယောက်ယောက်ကများ ချဉ်းကပ်လိုက်တာနဲ့ သတိပေးသလို ဖြစ်သွားလိမ့်မယ်။ သူ့ကို နောက်ဆုံး စောင့်ကြည့်တဲ့တစ်ယောက်က သတိပေး ကိရိယာကို ထမိတော့ သူနေရာ မလုံတော့မှန်း အားကန်က သိသွားတာ။ ထွက်ပြေးသွားပြီး အဲဒီ့အိမ်ကို ဘယ်တော့မှ ပြန်မလာတော့ဘူး "
ယဲ့ဖန် အမူအရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။
" ကျွန်တော်က အကြံတစ်ခုပေးရုံပါပဲ။ မဝင်ချင်ရင် အပြင်မှာစောင့် "
ချန်းဖေးအယ်သည် မျက်မှောင်ကြုတ်ကာ ခဏ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချခဲ့သည်။
" အနာခံမှ အသာစံရမှာ မဟုတ်လား။ ဝင်နိုင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ကျွန်မတို့ ကြိုးစားရမှာပေါ့ "
ဟွေ့ယွမ်းရှိသည် ချန်းဖေးအယ်မှ စိတ်ဆုံးဖြတ်ထားသည်တာကို မြင်ပြီး တခြား ဘာမှပြန်မပြောတော့ချေ။
ထို့နောက် သုံးယောက်သား လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် အားကန်၏ အိမ်ထဲသို့ ခိုးဝင်မည် ဖြစ်ပြီး ဟွေ့ယွမ်းရှိသည် အပြင်ဘက်တွင် တာဝန်ကျ စောင့်ကြပ်ပေးရမည်ဖြစ်သည်။
အလုပ်တာဝန်များကို ခွဲပြီးသောအခါ ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် အားကန်၏ နေအိမ်ဆီသို့ ဦးတည် သွားခဲ့သည်။
ထိုနေရာသည် အထပ်သုံးထပ်ပါသော အဆောက်အဦးတစ်ခုဖြစ်ပြီး တစ်သီးတစ်သန့် ခြံဝင်းကြီးတစ်ခုလည်း ဖြစ်သည်။
ကာစီနိုနယ်မြေတွင် ဤကဲ့သို့ နေရာမျိုး၌ နေထိုင်နိုင်ရန် ပိုင်ဆိုင်မှုသည် သာမန် ချမ်းသာမှုမျိုး မဟုတ်ဟု ယူဆနိုင်သည်။
ထို့အပြင် ဟွေ့ယွမ်းရှိ၏ စကားများအရ အားကန်တွင် ပိုင်ဆိုင်မှုအိမ်ရာ တစ်ခုထက်ပိုရှိလေသည်။
သူခိုးဖြစ်ရတာ တကယ် အကျိုးရှိပုံရတယ်။
ခြံဝင်း၏ နံရံများသည် မမြင့်လွန်းချေ။
သူတို့၏ ကိုယ်ခံပညာ ကျွမ်းကျင်မှုများဖြင့် နံရံပေါ်သို့ လွယ်ကူစွာ တက်နိုင်ကြသည်။
ချန်းဖေးအယ်သည် ခြေနှစ်လှမ်း နောက်သို့ဆုတ်ပြီး ရှေ့သို့ အမြန်ပြန်ပြေးလာကာ နံရံပေါ်သို့ ကျော်တက်ရန် အဆင်သင့်ဖြစ်နေသည်။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်သည် သူမ၏ လက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
သူမ၏ အရှိန်သည် အားပြင်းသည့်အပြင် ယဲ့ဖန်၏ ဆွဲအားမှာလည်း အလွန်ပြင်းထန်လှသည်။
ထို့ကြောင့် ချန်းဖေးအယ်သည် အရှိန်ပျက်ပြီး သူမ၏ ခန္ဓာကိုယ်သည် ယဲ့ဖန်ရင်ခွင်ထဲသို့ ပြုတ်ကျသွားသည်။
ယဲ့ဖန်သည် သူရင်အုတ်နားတွင် နွေးထွေးသော ရနံ့ကို ခံစားလိုက်ရသည်။
မသိစိတ်ဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ မျက်စိများကျိန်းသွားသလို ခံစားလိုက်ရသည်။
ချန်းဖေးအယ်သည် ယနေ့တွင် ကြိုးစကတ်အတိုကို ၀တ်ဆင်ထား၍ သူမ၏ ကြည်လင်သော အသွင်အပြင်မှာ ပို၍ နူးညံ့နေသည်။
သူတို့နှစ်ဦး ဖက်မိသွားချိန်တွင် သူ့ရင်ဘတ်အား သူမ၏ တစ်စုံတစ်ခုမှ ဖိမိသွားသည်ကို ခံစားမိပြီး သူမ၏ ရင်ညွှန်မှ ခုန်ထွက်တော့မည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ယဲ့ဖန် သွေးအန်ထွက်မိမလို ဖြစ်နေရသည်။
ချန်းဖေးအယ် အံ့သြတကြီး အော်လိုက်ပြီး ယဲ့ဖန်ကို အားဖြင့် တွန်းထုတ်လျက် သူမ၏ ရင်ဘတ်ကို ပွတ်သပ်ဖယ်လိုက်သည်။
ယိုင်နဲ့စွာ ဖို့ထားသော တာကမ်းရိုးသည် လှိုင်းလုံးကြီးလျှင် ပျက်စီးနိုင်သည်။
အချို့အရာများသည် ထင်ရှားလွန်းလျှင် ပျက်စီးလွယ်တတ်သည်။
" ရှင် ရူးနေလား "
သူမသည် အချင်းချင်း ထိခိုက်မိပြီး နာကျင်လွန်း၍ ငိုမိမလို ဖြစ်နေသည်။
သူမသည် ယဲ့ဖန်ကို မကျေနပ်စွာဖြင့် စိုက်ကြည့်နေသည်။
" အစ်မရေ၊ ကျွန်တော်က အစ်မတော်ကို ကူညီနေတာပါ။ ဟိုကို ကြည့်ပါဦး "
ယဲ့ဖန်သည် နံရံပေါ်ရှိ လျှို့ဝှက်ထောင့်တစ်ခုကို ညွှန်ပြလျက် ရှင်းပြသည်။
ချန်းဖေးအယ်သည် ယဲ့ဖန်မှ ညွှန်ပြသည့် လမ်းကြောင်းကို ကြည့်လိုက်ရာ အာရုံခံကိရိယာတစ်ခုကို တွေ့လိုက်ရသည်။
ထိုကိရိယာပစ္စည်းကို အလွန်ပင် လျှို့ဝှက်ပြီး မသိသာစေရန် တပ်ဆင်ထားသည်။
သူမ ခုနက လုံးဝ သတိမထားမိလိုက်ချေ။
သူမမှာ လုံခြုံရေးအဖွဲ့ကြီး၏ ထိပ်တန်းအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
ဘယ်လိုပစ္စည်းမျိုးကို သူမ မသိတာ ရှိလို့လဲ။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုကိရိယာသည် လူ့ခန္ဓာကိုယ်အား အပူချိန်ဖြင့် အာရုံခံနိုင်သော ကိရိယာတစ်ခုဖြစ်မှန်း သူမ ပြောနိုင်သည်။
ထိုစက်ကိရိယာမှ ချိန်ထားသည့် အာရုံခံနိုင်သော ဧရိယာအတွင်းသို့ တစ်စုံတစ်ယောက်မှ ချဉ်းကပ်လာသည်နှင့် ပိုင်ရှင်ကို ချက်ချင်းသတိပေးမည် ဖြစ်သည်။
အကယ်၍ ယဲ့ဖန်မှ သူမကို အချိန်မီ မတားနိုင်ခဲ့လျှင် သူမ နံရံနားသို့ ရောက်သွားသည်နှင့် အားကန်သည် သတိပေးချက်အား သေချာပေါက် ရရှိသွားမည်ဖြစ်ပြီး အနာဂတ်တွင် ဒီနေရာသို့ ပြန်လာမည်မဟုတ်ပေ။
ထိုသို့ဖြစ်ပါက သဲလွန်စများကို ထပ်မံဖြတ်တောက်ခံရမည် ဖြစ်ပြီး ကာစီနိုသို့ ဝင်မည့် သူတို့၏ တာဝန်ကိုပက် ရပ်စဲလိုက်ရမည်ဖြစ်သည်။
" တောင်းပန်ပါတယ် .......... "
သူမသည် ယဲ့ဖန်အား အထင်လွဲမိသွားကြောင်း သိလိုက်ရပြီး ရှက်ရွံစွာဖြင့် ချန်းဖေးအယ်မှာ ပြန်တောင်းပန်လိုက်ရတော့သည်။
ထိုအဖြစ်အပျက်ကြောင့် သူတို့နှစ်ဦးသည် ရဲတင်းစွာ ရှေ့မတိုးခဲ့ချေ။
ထိုအစား သူတို့သည် ဘေးပတ်နေရာများမှ အသံအာရုံခံ ကိရိယာများ၊ အပူအာရုံခံ ကိရိယာများနှင့် အခြား လုံခြုံရေးစက်ပစ္စည်းများကို ဂရုတစိုက် လှည့်ပတ် ရှာဖွေ လေ့လာခဲ့ကြသည်။
ထိုအာရုံခံကိရိယာများ၏ အကာအကွယ်အောက်တွင် ခြံဝင်းအတွင်းသို့ ယင်ကောင်ဝင်လာလျှင်ပင် ပုန်းကွယ်ရန် နေရာမရှိလောက်ပေ။
ပြောရမည်ဆိုလျှင် ထိုအိမ်မှာ ကြည့်လျှင် အလွန်ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်မှာ ထိုးဖောက်၍ လုံးဝ မရနိုင်သည့် အနေအထားဖြစ်သည်။
တိုက်ခိုက်ဖို့ပင် နေရာမရှိချေ။
" ဒီအားကန်က တကယ် သူခိုးပဲ။ တကယ်ကြီး သူအိမ်ကို ခံတပ်တစ်ခုလိုဖြစ်အောင် ဖန်တီးထားသေးတယ် "
ချန်းဖေးအယ်သည် စက်ကိရိယာများကို စစ်ဆေးပြီးနောက် မထိန်းနိုင်ဘဲ မကျေမနပ်ပြောခဲ့သည်။
ယဲ့ဖန် မရယ်ဘဲ မနေနိုင်ဘဲပေ။
" သူခိုးတစ်ယောက်အနေနဲ့ သူခိုးတွေ ရန်ကနေ အရင်ကာကွယ်ရမှာပေါ့။ ကြည့်ရတာ သူ့အိမ်ထဲကို ခိုးဝင်ဖို့ အစီအစဉ်က ပျက်တော့မယ် ထင်တယ် "
ချန်းဖေးအယ်၏ မျက်နှာထားမှာ ခါးသက်သွားသည်။
" ဒါဆို ကျွန်မတို့ အခု ဘာလုပ်ရမှာလဲ "
ယဲ့ဖန် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။
" တစ်ခွန်းပဲပြောရရင် စောင့်ကြည့် "
ထိုစကားသည် မိုက်မဲသည့် အကြံအစည်တစ်ခု ဖြစ်သော်လည်း ယခုအချိန်၌ ပိုကောင်းသောနည်းလမ်းနှင့် အကြံဉာဏ် မရှိသေးချေ။
ချန်းဖေးအယ်သည်လည်း ထိုအခြေအနေကို ကောင်းမွန်ရှင်းလင်းစွာ နားလည်သည်။
သူမသည် ဆန္ဒမရှိသော်လည်း အဖြစ်မှန်ကို ကူကယ်ရာမဲ့စွာသာ လက်ခံရသည်။
ထို့နောက် နှစ်ယောက်သား အိမ်ထဲမှ ထွက်လာကာ ပုန်းခိုနေရန် နေရာရှာကြသည်။
သို့သော် အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင်ပင် အိမ်အပြင်ဘက်မှ အစိမ်းရောင် ခြုံပုတ်တစ်ခု၌သာ လူပုန်းနိုင်သည့်နေရာဖြစ်လေသည်။
ထို့အပြင် ထိုနေရာသည် အလွန်သေးငယ်ပြီး လူတစ်ဦးပင် မနည်းပုန်းခိုရမည်ဖြစ်သည်။
အကယ်၍ လူနှစ်ဦး ပုန်းမည်ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတစ်ခုခု ရှိနေမည်မှာ မလွဲမသွေပင် ဖြစ်သည်။
ယဲ့ဖန်သည် ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိချေ။
သူသည် ထိုပြဿနာကို ချန်းဖေးအယ်အား တန်းပစ်ပေးလိုက်သည်။
" မင်း ဘယ်လိုထင်လဲ "