အပိုင်း ၈၇၃-၈၇၆
Vol. 44 Ch. 873-876
အပိုင်း ( ၈၇၃ )
သူမ၏ နတ်ဆိုး
ချန်းဖေးအယ် ရုတ်တရက် ခေါင်းကိုက်လာသည်။
သူမသည် အမှန်တကယ်တွင် အလွန်ရှေးရိုးဆန်သည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။
ယောက်ျားလေး တစ်ယောက်ဖြင့် ဤမျှ ကျဉ်းသော နေရာတွင် ပူးကပ်နေရန်မှာ သူမအတွက် အနည်းငယ် ခက်ခဲလေသည်။
ယဲ့ဖန်သည် သူမအတွေးများကို ဂရုမစိုက်ချေ။
ခြုံအနောက်၌ ဝင်ထိုင်နေလိုက်သည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားသောကြောင့် ခြုံ၏ နေရာတစ်ဝက်ကျော်ကို နေရာယူသွားခဲ့သည်။
ချန်းဖေးအယ်သည် ချက်ချင်း စိုးရိမ်လာသည်။
" ရှင်က ဒီလိုကြီး ထိုင်နေရင် ကျွန်မက ဘာလုပ်ရတော့မှာလဲ "
ယဲ့ဖန် သူ့ခြေထောက်ကို ပွတ်သပ်လိုက်သည်။
" မင်း ကိုယ့်ခြေထောက်ပေါ်မှာ ထိုင်လို့ မရဘူးလား "
ချန်းဖေးအယ် အနည်းငယ် အံသြသွားသည်။
ယဲ့ဖန်သည် လက်ရှိတွင် ခြေဆင်း ထိုင်နေသည်။
အကယ်၍ သူမသည် သူ့ပေါင်ပေါ်တွင် ထိုင်လိုက်ပါက သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ဖြစ်နေပြီး အလွန်ရှက်စရာကောင်းပေလိမ့်မည်။
ယဲ့ဖန်သည် သူမ တုံ့ဆိုင်းနေသေးသည်ကို မြင်လိုက်ရပြီး ချက်ချင်း နှုတ်ခမ်းကို မဲ့ရွဲ့လိုက်သည်။
" ကိုယ်တို့က အခု တာဝန်တစ်ခု လုပ်နေရတာ။ သေချာပေါက် လိုအပ်ရင် ဒီလိုလုပ်ရမှာပေါ့ "
" ကိုယ်က ဘယ်လိုမိန်းမမျိုးကို မတွေ့ဖူးလို့ မင်းကို အခွင့်ကောင်းယူမှာကို ကြောက်နေရတာလဲ "
ချန်းဖေးအယ် လှည့်ပတ်ကြည့်လိုက်ပြန်သည်။
အားကန်သည် အချိန်မရွေး ပြန်လာနိုင်သည်။
သူမသည် ဤမျှ အကြာကြီး ချီတုံချတုံ ဖြစ်နေပါက သူတို့၏ တည်နေရာကို ဖော်ထုတ်မိသွားနိုင်ချေရှိသည်။
အားကန်အား ဖမ်းမိရန် နောက်တစ်ကြိမ် ထပ်ပြီး လွတ်သွားပါက နျုံစစ်သွမ်းဆီသို့ လိုက်ရမည့် သဲလွန်စများသည်လည်း ပြတ်တောက်သွားမည်ဖြစ်ပြီး လူအများ၏ အကျိုးစီးပွားများကို လွန်စွာ ထိခိုက်စေခဲ့သော ထိုလူဆိုးသည်လည်း တရားမျှတမှု၏ ကျော့ကွင်းထဲမှ လွတ်မြောက်ကာ ဖမ်းမိလိမ့်တော့မည် မဟုတ်ပေ။
ထိုအချက်များကို စပ်ဆက်တွေးပြီး နောက်ဆုံး၌ သူမ အံကြိတ်လျက် အခြားလူမများ၏ အကျိုးစီးပွားအတွက်သာ ကိုယ်ကျိုးစွန့်လိုက်တော့သည်။
ထို့နောက် သူမသည် ယဲ့ဖန်၏ ပေါင်ပေါ်တွင် ထိုင်လိုက်သည်။
သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး အလွန်နီးကပ်နေကာ တစ်ယောက်နှင့်တစ်ယောက်၏ နှလုံးခုန်သံများပင် ကြားနေရသည်။
ယဲ့ဖန်၏ မျက်လုံးများသည် မထိန်းနိုင်ဘဲ အောက်သို့ ရွေ့သွားမိသွားသည်။
တာဝန်ထမ်းဆောင်နေစဉ် ကစားပွဲကို ကြည့်ရှုနိုင်လေသည်။
ဒါက ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပဲ။
ချန်းဖေးအယ်သည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး အသံတိုးတိတ်စွာဖြင့် ချက်ချင်း တားလိုက်သည်။
" မကြည့်နဲ့။ ရှင် နောက်တစ်ခါ ထပ်ပြန်ကြည့်ရင် မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်မယ် "
ယဲ့ဖန် အကူအညီမဲ့နေခဲ့သည်။
သူသည်လည်း မတတ်နိုင်တော့ဘဲ အကြည့်များကို သူမ၏ ချောမောလှပသော မျက်နှာဆီသို့ ပြန်ပြောင်းလိုက်ရတော့သည်။
" ဒါဆို မျက်နှာကိုပဲ ကြည့်လိုက်မယ် "
ချန်းဖေးအယ်သည် သူမ၏ လက်သီးသေးသေးလေးများကို ခြိမ်းခြောက်သည့် သဘောဖြင့် ဝှေ့ယမ်းပြသည်။
" အဲ့တာလည်း ကြည့်ခွင့်မပေးဘူး "
ယဲ့ဖန် မျက်လုံးကို ဝေ့လိုက်သည်။
" ဒါဆို အပေါ်ကို ကြည့်မရဘူး။ အလယ်ကိုလည်း ကြည့်မရဘူး။ အောက်ကိုလည်း ကြည့်မရဘူးလား "
ချန်းဖေးအယ်သည် ချက်ချင်း စကားပြန်မပြောနိုင်ပင် ဖြစ်သွားသည်။
သူမ ရူးသွားမလို ခံစားလိုက်ရသည်။
ဒီတစ်ကြိမ် အားကန်အား အမှန်တကယ် ဖမ်းနိုင်ပြီးသည့်နောက်တွင် ဒီကောင်လေးကို သူအ သေချာပေါက် ကောင်းကောင်းလေး ရိုက်နှက်ပစ်မှာ ဖြစ်သည်။
ထိုမှမဟုတ်လျှင် သူမ ခံစားနေရသည့် ဆက်ဆံမှုအတိုင်း ဆက်ပြီး အသက်ရှင် မနေနိုင်ချေ။
ခဏတာ အနားယူပြီးနောက် ယဲ့ဖန် ၏ ခြေထောက်များသည် ရုတ်တရက် စည်းချက်ညီညီ စတင် လှုပ်ရှားလာသည်။
ချန်းဖေးအယ်သည် သူ့ပေါင်ပေါ်တွင် ထိုင်နေသောကြောင့် သူနှင့်အတူ အပေါ်အောက် လှုပ်ယမ်းနေရသည်။
ထိုမြင်ကွင်းမှာ အလွန်နတ်ဆိုးဆန်သည်။
" ရှင် ....... ဘာလုပ်နေတာလဲ "
သူမသည် ချက်ချင်း အသံတိုးတိုးဖြင့် ကြိမ်းမောင်းလိုက်သည်။
" ခြေထောက်တွေ ထုံနေပြီ "
ယဲ့ဖန်မှ ပေါ့ပါးစွာ ရှင်းပြသည်။
'လှုပ်ရှားမှု'သည် ပို၍ အကြိမ်ရေစိပ်လာသည်။
" မလှုပ်နဲ့ "
ချန်းဖေးအယ်၏ လှပသော မျက်နှာလေးသည် နားရွက်ထိပ်များအထိ နီရဲနေပြီ ဖြစ်သည်။
ဤကဲ့သို့ အဖြစ်မျိုးကို သူမ တစ်ခါမှ မကြုံဖူးသော်လည်း သူမသည်လည်း အသိရှိသူတစ်ဦးဖြစ်ပြီး ရှက်စရာကောင်းသည့် မြင်ကွင်းများကို ချက်ချင်း တွေးလိုက်မိလိုက်သည်။
" အစ်မကြီး၊ ဒါက တကယ့်ခြေထောက်အစစ်၊ ခြေတု မဟုတ်ဘူး။ မင်း ကိုယ့်အပေါ်မှာ ထိုင်နေတာ ကြာလှပြီ။ အဲ့တော့ ခြေထောက်က ထုံနေပြီလေ။ နည်းနည်းလောက် လှုပ်ရှားခွင့်တော့ ပေးရမှာပေါ့ "
ယဲ့ဖန် ချက်ချင်း ညည်းညူလိုက်သည်။
ချန်းဖေးအယ်သည် လက်သီးကို တင်းကြပ်စွာ ဆုပ်ထားလိုက်ပြီး ယဲ့ဖန်ကို မြေပြင်ပေါ်သို့ ဖိကာ ရိုက်ပုတ်သတ်ပစ်ချင်နေတော့သည်။
သို့သော် နောက်ဆုံးတွင် သူမသည် ထိုအကြံအစည်ကို စွန့်လွှတ်လိုက်ရသည်။
အဓိက အကြောင်းအရင်းမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း သူတို့သည် အသင်းဖော်အား မရိုက်နှက်နိုင်၍ ဖြစ်သည်။
နောက်ဆက်တွဲ အကြောင်းရင်းမှာ သူမသည် ထိုကောင်လေးကို အနိုင်မယူနိုင်သောကြောင့် ဖြစ်သည်။
ကံကောင်းစွာဖြင့် ယဲ့ဖန်သည် သူမကို ဆက်လက် မနောက်ပြောင်ခဲ့ပေ။
အနည်းငယ် လှုပ်ရှားပြီးနောက် ရပ်တန့်သွားသည်။
သူတို့နှစ်ယောက် နေ့မှညအထိ စောင့်နေကြသော်လည်း အားကန်ကို အရိပ်အယောင်ပင် မတွေ့ရချေ။
ညအချိန်ရောက်လာ၍ အပူချိန် ကျဆင်းသွားသည်။
ချန်းဖေးအယ်သည် ပါးလွှာသော စကတ်တိုကို ဝတ်ဆင်ထားရပြီး အအေးဒဏ်ကြောင့် တုန်ရီနေပြီ ဖြစ်သည်။
ယဲ့ဖန်သည် သူမ၏ ပုံစံကို မြင်ပြီး ချက်ချင်း လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။
" မင်း ကိုယ့်ကို ဖက်ထားချင်လား "
ချန်းဖေးအယ်မှ ထပ်ပြီး စိတ်တိုတော့မည်ကို မြင်လိုက်ရပြီး သူ အမြန်ရှင်းပြလိုက်သည်။
" အထင်မလွဲပါနဲ့။ မင်းကို အခွင့်ကောင်းယူဖို့ မရည်ရွယ်ပါဘူး။ ကိုယ်က မင်းကို သနားလို့ "
ချန်းဖေးအယ်မှ အေးစက်စွာ နှာမှုတ်လိုက်သည်။
" ကျွန်မကို သနားစရာ မလိုဘူး "
ယဲ့ဖန်၏ မျက်နှာသည် အေးစက်သွားသည်။
သူသည် ဆက်ပြီး ခံစားချက်တွေ ဖြုန်းတီးရန် စိတ်မ၀င်စားတော့ချေ။
သို့သော် အချိန်တစ်ခုကြာပြီးနောက် ချန်းဖေးအယ်သည် ဆက်၍ မထိန်းနိုင်တော့ပေ။
သူမဘက်မှ စ၍ပင် မှီလာပြီး တစ်ချိန်တည်းမှာပင် သူမမှ တစ်ပြန် ခြိမ်းခြောက်ရန်လည်း မမေ့ခဲ့ချေ။
" ရှင် ..... ရှင် မသင့်တော်တာတွေ လျှောက်မတွေးရဘူး "
ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားရသည်။
မင်းဘက်က အရင်လာမှီပြီးတော့ ငါ့ကို လျှောက်မတွေးစေချင်နေတာလား။
သူမ ဘယ်လိုလုပ်များ ဒီလောက် လာစိုးမိုးနေရတာလဲ။
ထိုကဲ့သို့ဖြင့် သူတို့နှစ်ဦးမှာ နွေးထွေးစေရန် ပူးကပ်နေလိုက်ကြသည်။
သူတို့သည် နှစ်နာရီကျော် စောင့်လိုက်ရသည်။
ညဉ့်နက်နေပြီ ဖြစ်သော်လည်း အားကန်မှာ ပြန်ရောက်မလာသေးပေ။
" ဒီခွေးသားက ဒီည ပြန်လာတော့မှာ မဟုတ်ဘူး ဟုတ်တယ်မလား "
ချန်းဖေးအယ်သည် ယဲ့ဖန်၏ ရင်ဘတ်ကို မှီကာ မထိန်းနိုင်ဘဲ ကျိန်ဆဲနေမိသည်။
" စောင့်နေတာ ကြာနေပြီမလား "
ယဲ့ဖန်သည်လည်း မတတ်နိုင်ဘဲ ကျိန်ဆဲမိသည်။
" ထားလိုက်တော့။ ဒီနေ့ တာဝန်ကို အရင်ဖျက်လိုက်ရအောင် "
ချန်းဖေးအယ်သည်လည်း အအေးဒဏ်ကို မခံနိုင်တော့ချေ။
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အပူငွေ့ကို ထုတ်လွှတ်နေနိုင်သော်လည်း ထိုအအေးဒဏ်ကို သူမ ဆက်၍မခံနိုင်တော့ပေ။
သူမ ချက်ချင်း ထရပ်လိုက်ချင်သည်။
သို့သော် သူမသည် အချိန်အတော်ကြာ ထိုင်ထားရ၍ သူမ၏ ခြေထောက်များမှာ ထုံနေပြီး အာရုံကြောများကို မခံစားနိုင်တော့ပေ။
မတ်တပ်ရပ်လိုက်သည်နှင့် တပြိုင်နက် ပြန်လဲကျသွားသည်။
" အား ........ "
" အား ......... "
နှစ်ယောက်သား တပြိုင်နက် အော်လိုက်မိကြသည်။
ယဲ့ဖန်သည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရသည်။
ထိုကဲ့သို့ နာကျင်မှုမျိုးမှာ အမျိုးသမီးများ နားမလည်နိုင်သည့် အရာဖြစ်လေသည်။
" ကျွန်မ …...... ကျွန်မ တောင်းပန်ပါတယ် ....... "
ချန်းဖေးအယ်သည် အခုအချိန်တွင် တကယ်ကို ရူးချင်နေပြီ ဖြစ်သည်။
သူမသည်လည်း ပြန်ထိုင်ချလိုက်မိသော နေရာကို ရှင်းလင်းစွာသိပြီး သူမသည်လည်း နာသွားရသည်။
မြေကြီးကိုပင် နှစ်ခြမ်းခွဲကာ ချက်ချင်း အထဲဝင် ပုန်းနေလိုက်ချင်သည်။
သူမသည် ထိုကောင်လေးနှင့် အတူရှိတိုင်းတိုင်း ဘာကြောင့်မှန်းမသိ အရှက်ရစေသည့် အရာတစ်ခု ဖြစ်တတ်မှန်း သူမ ရုတ်တရက် သိလိုက်ရသည်။
ဒီကောင်လေးက သူမရဲ့ နတ်ဆိုးပဲဖြစ်မယ်။
သူမ ခြေထောက်များကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး ပြန်ထရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ယဲ့ဖန်သည် သူမကို ရုတ်တရက် ဖိထားလိုက်သည်။
" ဘာလုပ်နေတာလဲ "
သူမ ဒေါသကို ချက်ချင်း မျိုသိပ်လိုက်သည်။
" တစ်ယောက်ယောက် လာနေတယ် "
ယဲ့ဖန်သည် အသံတိုးရန် အမူအရာပြပြီး သူ့အသံကို အနိမ့်ဆုံးသို့ လျှော့ချလိုက်သည်။
" ဘယ်မှာလဲ "
ချန်းဖေးအယ် ဂရုတစိုက် နားထောင်နေသော်လည်း ဘာမှ မကြားရပေ။
ထိုကောင်လေးမှ သူမအား နောက်တစ်ကြိမ် လှည့်စားနေသည်လားဟု သူမ တွေးမိသည်။
သို့သော် ခဏအကြာတွင် အနီးနားသို့ လျှောက်လာသော ခြေသံများကို ကြားလိုက်ရသည်။
ထိုသိလိုက်ရမှုသည် သူမကို ချက်ချင်း အံ့အားသင့်စေခဲ့သည်။
သူမသည် လုံခြုံရေးအဖွဲ့တွင် အလွန်ပြင်းထန်သော လေ့ကျင့်မှုများကို လုပ်ခဲ့ရသောကြောင့် သူမ၏ အကြားအာရုံသည် သာမန်လူများထက် များစွာ သာလွန်သည်။
သူမသည် ဆယ်မီတာအတွင်း မည်သည့်လှုပ်ရှားမှုမျိုးမဆို ကြားနိုင်သည်။
သို့သော် ယဲ့ဖန်နှင့် ယှဉ်လျှင် သူမသည် များစွာ နောက်ကောက်ကျသည်။
ထိုကောင်လေးသည် မီတာ၂၀ ပတ်လည် အကွာအဝေးကိုပင် ကြားနိုင်နေမည်ဟု သူမ ထင်မိသည်။
ဒီလို နားကြားစွမ်းရည်က နည်းနည်း မူမမှန်တာ မဟုတ်ဘူးလား။
အပိုင်း ( ၈၇၄ )
လူကြီးလူကောင်းဆန်တဲ့ အမူအရာ
ခဏအကြာတွင် ခြေသံများသည် နီးသည်ထက် နီးကပ်လာသည်။
သူတို့သည် အိမ်ကြီးဆီသို့ လာနေကြသည်မှာ ထင်ရှားလေသည်။
ယဲ့ဖန်သည် အမဲလိုက်နေသော သားရဲတစ်ကောင်ကဲ့သို့ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
သို့သော် ရောက်လာသော လူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ ရုတ်တရက် ရပ်သွားခဲ့သည်။
လာနေသည့်လူသည် အားကန် မဟုတ်သောကြောင့် အခြေအနေမှာ ပြောင်းသွားသည်။
ချန်းဖေးအယ်သည်လည်း ထိုလူ၏ အသွင်အပြင်ကို သတိပြုမိသည်။
ထိုလူသည် အသက်၂၀အရွယ်လောက် ရှိပြီး ရှည်လျား တောက်ပြောင်သည့် ဆံပင်ရှည်ရှိသည်။
သူ့ပုံစံမှာ အတော်လေး တောက်ပြောင်နေပုံရသည်။
ထိုလူသည် အားကန်၏ ခြံဝင်းတံခါးဆီသို့ ရောက်လာပြီး တံခါးဖွင့်ရန် သော့ကို ထုတ်လိုက်သည်။
ထို့နောက် တံခါးကို တွန်းဖွင့်ကာ သူ့အိမ်ရာကဲ့သို့ အတားအဆီးမရှိ ဝင်သွားသည်။
သူ အိမ်ထဲသို့ ဝင်သွားမှ ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ ပုန်းနေရာမှ ထွက်လာသည်။
ဟွေ့ယွမ်းရှိသည် ဆန့်ကျင်ဘက်လမ်းမှ လမ်းလျှောက်လာရင်း သူတို့နှစ်ယောက်နှင့် ပြန်လည် တွေ့ဆုံခဲ့သည်။
ချန်းဖေးအယ်မှ အမြန် မေးလိုက်သည်။
" ခုနက ဝင်သွားတဲ့ လူငယ်ကို ရှင်တွေ့လား။ သူက ဘယ်သူလဲ။ သူက ဘာလို့ အားကန်ရဲ့အိမ်ထဲကို ဝင်နိုင်တာလဲ "
ဟွေ့ယွမ်းရှိ ချက်ချင်း ရှင်းပြသည်။
" ဒီလူက ချောင်ဝမ်းဟွေ့ပါ။ အားကန်ရဲ့ နောက်ဆုံးတပည့်။ အားကန်မှာ သားတစ်ယောက်မှ မရှိတာကြောင့် သူ့ကို မွေးစားသားအဖြစ် မှတ်ယူထားတယ် "
ချန်းဖေးအယ် အံ့သြသွားသည်။
" သူ အတားအဆီးမရှိ အားကန်ရဲ့ အိမ်ထဲကို ဝင်နိုင်တာ အံ့သြစရာ မရှိတော့ပါဘူး။ ဒါဆို သူက နောက်ဆုံးတပည့်လား။ ဒါဆို သူလည်း သူခိုးဖြစ်လောက်တယ် "
" ဟုတ်ပါတယ် "
ဟွေ့ယွမ်းရှိမှ ခေါင်းညိတ်သည်။
" ဒီ ချောင်ဝမ်းဟွေ့ကို 'သူခိုးလေး'လို့ ခေါ်တယ်။ ခိုးတာနဲ့ ပတ်သက်ပြီး သူက အားကန်ဆီက ပညာကုန် ရထားတာ။ သူ့ဆရာထက်တောင် သာနိုင်ချေရှိတယ် "
ထိုအချိန်တွင် စကားမပြောဘဲ ရပ်နေသော ယဲ့ဖန်မှ ရုတ်တရက် ဝင်မေးလိုက်သည်။
" ဒီလူအတွက် သတင်းတစ်ခုခု ရှိလား "
ဟွေ့ယွမ်းရှိသည် မေးခွန်းကို တွေးပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
" ဒီလူက လောင်းကစားကို စွဲလမ်းနေပြီး မြေအောက် ကာစီနိုတချို့ကို မကြာခဏ သွားလေ့ရှိတယ် "
ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။
" သူက လောင်းကစား ကြိုက်တာလား။ ကျွန်တော်လည်း ကြိုက်တယ်။ သူ့ရဲ့ လောင်းကစားစွမ်းရည်က ဘယ်လိုနေလဲ "
ဟွေ့ယွမ်းရှိမှ ချက်ချင်း ပြုံးလိုက်သည်။
" ဒီတစ်ယောက်က ခိုးတာတော့ ကျွမ်းကျင်ပေမယ့် လောင်းကစားကတော့ လုံးဝ မတော်ဘူး။ ခဏခဏ အကုန်ရှုံးတတ်တယ်။ ဒါပေမယ့် သူရှုံးတိုင်း ပြန်ခိုးသွားတတ်တာမို့ အားလုံးကိုတော့ ဘယ်တော့မှ မရှုံးဘူး "
ယဲ့ဖန် ကြားမိလေလေ ရယ်ချင်လေလေဖြစ်သည်။
ဒီကောင်က သူ့အတွက် ပြင်ဆင်ပေးထားတာပဲ။
ချန်းဖေးအယ်သည် သူ၏ အမူအရာကို သတိပြုမိပြီး မနေနိုင်ပဲ စူးစမ်းမိသည်။
" ရှင့်မှာ အဖြေရှိလို့လား "
ယဲ့ဖန်၏ ပုံစံမှာ ယုံကြည်မှုအပြည့် ဖြစ်သည်။
" ကိုယ်တို့ရဲ့ တွေးခေါ်ပုံကို ပြောင်းလဲဖို့ လိုပြီ။ အားကန်က ဉာဏ်များလွန်းတော့ သူ့တပည့်ကနေ စရမယ် "
ချန်းဖေးအယ်မှ စိတ်ဝင်စားသွားသည်။
" ရှင့်ရဲ့ အစီအစဉ်က ဘာလဲ။ ကျွန်မကို ပြောပြ "
ယဲ့ဖန်သည် သူမအား နားမလည်နိုင်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။
" ကိုယ့်မှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ် "
ချန်းဖေးအယ်သည် ယဲ့ဖန်မှ တမင်တကာ လျှို့ဝှက်နေသည်ဟု မြင်ပြီး မထိန်းနိုင်ဘဲ တိတ်တိတ်ကလေးဖြင့် နှာမှုတ်လိုက်သည်။
" လျှို့ဝှက်တဲ့ပုံလုပ်နေသေးတယ် "
......................................................
သူတို့နှစ်ယောက် ဟိုတယ်သို့ ပြန်ရောက်သည့်အခါ အလွန်နောက်ကျနေပြီ ဖြစ်သည်။
သူတို့သည် အတွဲခန်းသို့ ဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်အနေအထားမှာ ချက်ချင်း ရှုပ်ထွေးသွားပြန်သည်။
ချန်းဖေးအယ်သည် ယောက်ျားတစ်ဦးနှင့် တစ်ခန်းတည်းတွင် ညသန်းခေါင်ယံ၌ အတူရှိနေခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
သူမသည် ကြောင်အနေလျက် ချက်ချင်း ခြေချောင်းများကို ကုတ်ခြစ်မိလိုက်သည်။
ယဲ့ဖန် သူမကို ဆက်၍ မစနောက်တော့ပေ။
သူမသည် တစ်နေကုန် အတော်လေး ခံစားခဲ့ရပြီး ဖြစ်သည်။
သူသည် သူ၏ ကံကို ဆက်ပြီး တွန်းအားပေးစမ်းကြည့်ပါက သူမ တကယ် စိတ်လွတ်သွားမည်ကို ယဲ့ဖန် ကြောက်မိသည်။
ထို့ကြောင့် အရင်ဆုံး ရေချိုးပြီးနောက် လိမ္မာပါးနပ်စွာဖြင့် ဉာဏ်သုံးကာ ဆိုဖာပေါ်၌သာ လှဲလျောင်းပြီး အိပ်ရန် ပြင်ဆင်လိုက်သည်။
ထိုမှသာ ချန်းဖေးအယ် သက်ပြင်းချနိုင်ခဲ့သည်။
သူမ ရေချိုးခန်းထဲ၌ ရေချိုးပြီးနောက် အိပ်ရန်ပြင်လိုက်သည်။
ဤအခိုက်အတန့်တွင်မှ သူမ၏ နှလုံးသားမှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့ရသည်။
ဒီတစ်ယောက်က တော်တော်လေး လူကြီးလူကောင်းဆန်တာပဲ။
အမှန်တကယ်တွင် ယဲ့ဖန်သည် မိန်းကလေးများစိတ်ကို မည်သို့ ဂရုစိုက်ရမည်ကို ကျမ်းကြေနေသူ ဖြစ်ပြီး အရင် ဆိုဖာပေါ်မှာ အိပ်ရန် အစပြုခဲ့ခြင်း ဖြစ်သည်။
ထိုအချိန် ချန်းဖေးအယ်၏ လက်မောင်းရှိ ဒဏ်ရာမှ ရုတ်တရက် နာကျင်လာသည်။
နေ့လယ်တွင် သူမ၏ လက်မောင်းအား မတော်တဆ ဒဏ်ရာရသွားခဲ့သည်။
နောက်ပိုင်းတွင် သွေးသည် တဖြည်းဖြည်း ခဲလာသည်။
အပြင်မှ အအေးဒဏ်ကြောင့် နာကျင်မှုမှာ သက်သာလာခဲ့သည်။
သို့သော် အခုအခါ ရေချိုးပြီးသည့်နောက် ဒဏ်ရာမှာ စိုသွားပြီး ပြန်၍ နာကျင်လာပြန်တယ်။
သူမသည် ထိုကဲ့သို့ ဝေဒနာမျိုးအား ကျင့်သားရနေပြီး ဖြစ်သော်လည်း မထိန်းနိုင်ဘဲ တိုးတိတ်စွာ ညည်းညူမိသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် မတ်တပ်ရပ်ပြီး သူမဆီသို့ လျှောက်လာသည်ကို သူမကြားလိုက်ရသည်။
သူမ၏ နှလုံးသားသည် လည်ချောင်းထဲသို့ ရောက်လာပြန်သည်။
သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
သူမကို မကောင်းတာ တစ်ခုခုလုပ်ချင်လို့ ဖြစ်နေလား။
ဒီလိုဆိုရင် သူမ ဘာလုပ်သင့်လဲ။
တွန်းထုတ်ရမှာလား။
ဒါပေမယ့် သူမက သူနဲ့ ယှဉ်မရဘူး။
ဒါဆို တိတ်တိတ်လေး လက်ခံလိုက်ရမှာလား။
ငြင်းရင် သူမကို သူက သတ်ပစ်နိုင်တယ် .........
သူမ၏ နှလုံးသားထဲ၌ ရုန်းကန်နေချိန် ယဲ့ဖန်မှ ရုတ်တရက် စကားပြောလာသည်။
" ကိုယ့်ဆီမှာ ဆေးရှိတယ်။ မင်းဒဏ်ရာကို လိမ်းလိုက် "
ချန်းဖေးအယ် အံ့အားသင့်သွားသည်။
ဖြစ်နိုင်ချေများစွာကို သူမ တွေးခဲ့သော်လည်း ထိုတစ်ခုကိုတော့ သူမ မစဉ်းစားခဲ့ချေ။
သူက သူမကို နှောင့်ယှက်ဖို့ မကြိုးစားဘဲ ဆေးပေးနေတာတဲ့လား။
" ဘာလဲ။ အာ ..… မလိုပါဘူး ကျွန်မ ...… ကျွန်မဒဏ်ရာက အဆင်ပြေပါတယ် "
သူမသည် ကုတင်ပေါ်သို့ အမြန်ထိုင်လိုက်ပြီး စကားများပင် ထစ်နေသည်။
ယဲ့ဖန်၏ ရမက်အား နှိုးဆွမိမည်ကို သူမ ကြောက်နေပုံရသည်။
ထို့ကြောင့် သူမသည် သူမ၏ အရေပြား တစ်စိတ်တစ်ပိုင်းကိုမှပင် ထုတ်မပြဘဲ ခေါင်းမှ ခြေဖျား ဆုံးသည်အထိ ဖုံးအုပ်ထားသော ပန်းနုရောင် ညအိပ်၀တ်စုံကို ၀တ်ထားသည်။
ယဲ့ဖန်သည် သူမ၏ အတွေးများကို မြင်လိုက်ရသည်။
မတတ်နိုင်ဘဲ သူ့စိတ်ထဲတွင် ရယ်နေမိသည်။
" ဒီဆေးက ကိုယ့်ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ဆေးနည်းပဲ။ ဒဏ်ရာတွေကို သက်သာစေရုံမကဘူး၊ အမာရွတ်တွေကိုလည်း ဖယ်ရှားပေးနိုင်တယ် "
" မင်း လက်မောင်းမှာ အကျည်းတန်တဲ့ အမာရွတ် ထားခဲ့ချင်ရင် ကိုယ် ဘာမှ မပြောလိုက်ဘူးလို့ပဲ ဟန်ဆောင်လိုက် "
ယဲ့ဖန်သည် ပြောသည့်အတိုင်း လှည့်ထွက်သွားသည်။
" နေ ...... နေပါဦး "
ချန်းဖေးအယ် သူ့ကို အမြန်အော်တားလိုက်ပြီး သူ့လက်ထဲမှ ဆေးပုလင်းကို သံသယစိတ်ဖြင့် စိုက်ကြည့်နေသည်။
" ဒီဆေးက အမာရွတ်တွေကို တကယ် ဖယ်ရှားပေးနိုင်တာလား။ ဒဏ်ရာဟောင်းတွေကြောင့် ကျန်နေခဲ့တဲ့ အမာရွတ်တွေအပေါ်ရော သက်ရောက်မှု ရှိတာလား "
သူမသည် လုံခြုံရေးအဖွဲ့ထဲသို့ စဝင်သည့် အချိန်ကတည်းက ဒဏ်ရာရခြင်းမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်သည်။
အစပိုင်းတွင် အမာရွတ်ရလာချိန်တိုင်း စောင်အောက်ထဲ၌ အချိန်အတော်ကြာအောင် ငိုနေတတ်သည်။
သို့သော် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များ တိုးလာသည်နှင့်အမျှ သူမ မငိုနိုင်တော့ပေ။
ဂရုမမူတော့သော်လည်း သူမ စိတ်ပျက်အားငယ်နေခဲ့ရသည်။
ဘယ်မိန်းကလေးက လှတာကို မကြိုက်လို့လဲ။
အထူးသဖြင့် သူမလို ချောမောလှပတဲ့ မိန်းကလေးတွေပေါ့။
ခန္ဓာကိုယ်မှာ ဒီလို ရုပ်ဆိုးတဲ့ အမာရွတ်တွေကို ဘယ်သူက ရှိစေချင်မှာလဲ။
ထို့ကြောင့် ယဲ့ဖန်၏ လိမ်းဆေးသည် အမာရွတ်များကို ဖယ်ရှားပေးနိုင်ကြောင်း သူမ ကြားသိရသောအခါ အလွန်ဝမ်းသာသွားခဲ့သည်။
ယဲ့ဖန်သည် ဆေးကို ကုတင်ပေါ်သို့ တင်လိုက်သည်။
" ဒီဆေးကို ဒဏ်ရာအသစ်အတွက်ပဲ အဓိကသုံးတယ်။ ဒဏ်ရာဟောင်းတွေအတွက် သိပ်မထိရောက်ဘူး ........ "
ချန်းဖေးအယ်သည် ချက်ချင်း စိတ်ပျက်သွားသည်။
သို့သော် ယဲ့ဖန်သည် အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်သည်။
" အမာရွတ်တွေကို ပျောက်စေချင်တဲ့ ဆေးဝါးလိုရင် ကိုယ် မင်းအတွက် အထူးဆေးအသစ် တီထွင်ပေးနိုင်တယ် "
ချန်းဖေးအယ်၏ မျက်လုံးများ တောက်ပလာပြီး သူမသည် သူ့လက်ကို အမြန်ဆွဲလိုက်သည်။
" တကယ်လား "
ယဲ့ဖန်၏ အကြည့်များမှာ သူမပေါ် ဖြတ်ကြည့်နေသည်။
တစ်ချိန်တည်းမှာပင် နှုတ်ခမ်းကို သပ်လိုက်သည်။
" ရတာပေါ့။ ဒါပေမယ့် မင်း အခြေအနေတစ်ခုကို သဘောတူရမယ် "
ချန်းဖေးအယ်သည် မသိစိတ်မှ သတိပေးမှုအလျောက် သူမ၏ ရင်ဘတ်ကို ဖုံးလိုက်ကာ သူ့ကို သတိထား ကြည့်နေသည်။
" ဘယ်လိုအခြေအနေလဲ။ အရမ်းလွန်ရင်တော့ ကျွန်မ သဘောတူမှာ မဟုတ်ဘူး "
ယဲ့ဖန်သည် သူမ၏ ခုခံရန် အသင့်ရှိနေသည့် အနေအထားကို မြင်ပြီး မျက်လုံးဝေ့လိုက်မိသည်။
" စိတ်မပူပါနဲ့၊ ကိုယ်က မင်းထင်ထားသလောက်လည်း မယုတ်မာပါဘူး "
ချန်းဖေးအယ် သက်ပြင်းတစ်ချက်ချလိုက်သည်။
" ဒါဆို ကျွန်မကို ဘာလုပ်စေချင်တာလဲ "
ယဲ့ဖန် သူ့နောက်မှ ဆိုဖာကို ညွှန်ပြလိုက်သည်။
" ဒီည ကိုယ်က အိပ်ယာပေါ်မှာ အိပ်မယ်။ဂမင်းက ဆိုဖာပေါ်မှာ အိပ် "
ချန်းဖေးအယ် အံသြသွားသည်။
ခုနက ယောက်ျားဆန်တဲါ အမူအရာက ဘယ်ရောက်သွားတာလဲ။
...................................................
နောက်တစ်နေ့မနက်တွင် ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာချိန်၌ ချောင်ဝမ်းဟွေ့သည် ကာစီနိုသို့ သွားပြီဖြစ်ကြောင်း ဟွေ့ယွမ်းရှိဆီမှ သတင်းရရှိခဲ့သည်။
ထိုအခါ သူတို့နှစ်ဦးသည် အဝတ်အစားလဲရန် ချက်ချင်း ပြန်တက်သွားပြီး ကာစီနိုဆီသို့ ဦးတည်သွားကြသည်။
သူတို့နှစ်ယောက် မြေအောက် ကာစီနိုသို့ ရောက်သည့်အခါ တစ်စုံတစ်ယောက်နှင့် လောင်းကစားလုပ်နေသည့် ချောင်ဝမ်းဟွေ့ကို တွေ့လိုက်ရသည်။
အပိုင်း ( ၈၇၅ )
ငအူနှင့် ငအ
" ကြီး၊ ကြီး၊ ကြီး ........ "
ချောင်ဝမ်းဟွေ့သည် အန်စာတုံးခွက်ကို စိုက်ကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
ထိုအချိန်တွင် ကိုယ်စားလှယ်မှ အန်စာတုံခွက်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
အန်စာတုံးသုံးခုမှာ ၁၊ ၃၊ ၃တို့ အသီးသီးဖြင့် ဂဏန်းအသေး ဖြစ်လေသည်။
" စောက်ချီးပဲ ...... "
ချောင်ဝမ်းဟွေ့သည် ဒေါသတကြီးဖြင့် စားပွဲကို ဆောင့်ရိုက်ကာ ပြန်ထိုင်လိုက်သည်။
အနိုင်ရသွားသူသည် မထိန်းနိုင်ဘဲ အေးစက်စွာဖြင့် ဟွန်းခနဲ နှာမှုတ်လိုက်သည်။
" လက်ပြတ်ဟွေ့၊ ဒီနေ့ မင်းရဲ့ ကံကောင်းတဲ့နေ့ ဟုတ်ပုံ မရဘူး။ မင်းက ငါတို့ကို နေ့တိုင်း ပိုက်ဆံ လာပေးနေတာပဲ။ ငါတို့က မင်းလက်ကိုတောင် ဖြတ်ယူလို့ ရနေလောက်ပြီ "
အခြားသူများကလည်း ရယ်မောကြသည်။
ချောင်ဝမ်းဟွေ့သည် လောင်းကစားလုပ်တိုင်း အမြဲနီးပါး ရှုံးသော်လည်း လောင်းကစားလုပ်ခြင်းကို အလွန်ခုံမင်နှစ်သက်သည်။
ကာစီနိုထဲရှိသူ အားလုံးနီးပါး သူ့ဆီမှ ပိုက်ဆံ နိုင်ဖူးကြသည်။
ချောင်ဝမ်းဟွေ့ အေးစက်စွာ ပြန်နှာမှုတ်လိုက်သည်။
" ငါ့မှာက ပိုက်ဆံရှိတယ်။ မင်းမှာ အရည်အချင်းရှိရင် လာပြီးတော့ အနိုင်ယူလိုက် "
ထိုသို့ဖြင့် သူ၏ လောင်းကြေးကို ထည့်လိုက်သည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် သူ့ကို ခဏတာ စောင့်ကြည့်နေခဲ့ကြသည်။
ဒီတစ်ယောက်က တကယ် ငတုံးပဲ။
သူသည် အကြိမ်အနည်းငယ် ဆက်တိုက်ကစားခဲ့သော်လည်း တစ်ကြိမ်မှ မအောင်မြင်ခဲ့ပေ။
" တိုကင်ပြားတွေ လဲကြရအောင် "
ယဲ့ဖန်သည် ချန်းဖေးအယ်ကို ဆွဲပြီး ငွေလဲကောင်တာဆီသို့ လျှောက်သွားသည်။
" ကစားနည်းကို သိလို့လား "
ချန်းဖေးအယ်မှ သူ့ကို သံသယမျက်လုံးလေးများဖြင့် ကြည့်သည်။
" 'လား'ဆိုတဲ့ စကားလုံးကို ဖယ်လိုက်။ ကိုယ်က တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ ရှိတဲ့ ကာစီနိုတွေ အများကြီးကို သိမ်းပိုက်လာခဲ့တဲ့ လောင်းကစား နတ်ဘုရားအသစ်ပဲ "
ယဲ့ဖန်မှ ဂုဏ်ယူစွာ ကြွားလိုက်သည်။
" ကျစ်၊ ကျွန်မ ရှင့်ကို ယုံဖို့ဆိုရင် ရူးနေတာပဲ ဖြစ်ရမယ် "
ချန်းဖေးအယ်သည် သူ့ကို မယုံကြည်သည်မှာ သိသာလေသည်။
ယဲ့ဖန်ကလည်း သူမကို အထူးတလည် ရှင်းပြမနေချေ။
ထို့နောက် ကောင်တာရှိ ငွေလဲပေးသူကို တိုက်ရိုက် အော်ပြောလိုက်သည်။
" ငါ့ကို တိုကင်ပြား ၂ သန်းဖိုး အရင်လဲပေးစမ်း "
ဆူညံနေသော ကာစီနိုရုံသည် ချက်ချင်း တိတ်ဆိတ်သွားပြီး လူတိုင်းက စူးစမ်းစွာ လှမ်းကြည့်နေကြသည်။
လူတိုင်း၏ မျက်လုံးအကြည့်များကို ချန်းဖေးအယ်မှ ဦးစွာ ဆွဲဆောင်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူမသည် အလွန်လှလေသည်။
သူမကို သတိမပြုမိရန်မှာ ခက်လှသည်။
သို့သော် မကြာခင်မှာပင် အားလုံး၏ အကြည့်တွေမှာ ယဲ့ဖန်ဆီသို့ ပြောင်းသွားကြသည်။
" ဒီလူကို မင်းတို့ထဲက တစ်ယောက်ယောက် များ သိကြလား "
" ငါ သူ့ကို အရင်က မတွေ့ဖူးဘူး။ ဒါ သူ့ရဲ့ပထမဆုံးအကြိမ် ဖြစ်လောက်မယ်ထင်တယ် "
" ဒါက မင်းရဲ့ ပထမဆုံးအကြိမ်ဖြစ်တာတောင် တိုကင်ပြားကို ၂သန်းဖိုးတောင် လဲဖို့ သတ္တိရှိတာလား။ သူက တကယ်ချမ်းသာတာပဲ "
" ဟုတ်တယ်၊ တိုကင်ပြားတွေကို ဒီလောက် အများကြီး တပြိုင်နက်တည်း လဲရဲတဲ့ သူတွေက ကျွမ်းကျင်တဲ့သူ ဒါမှမဟုတ် ငွေတွေအများကြီးနဲ့ လူမိုက်ပဲ "
" ဒီကလေးက အပျော်သမားပဲဖြစ်မှာပါ။ သူက မိန်းမလှလေးရှေ့မှာ ဆရာကြီးလို လုပ်ပြချင်နေတာ "
" ဒါဆို ငါ သူနဲ့ ကစားရမှာပေါ့။ ဒီ ၂သန်းကို ငါ သေချာပေါက် အနိုင်ရမှာ "
" မင်းကပဲ သေချာပေါက် အနိုင်ရမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ မြင်တဲ့သူတိုင်း ခွဲရမှာပေါ့ "
လူတိုင်းမှ အချင်းချင်း စတင် ပြောဆိုလာကြသည်။
သူတို့သည် ယဲ့ဖန်အား အမဲဖြတ်ချင်နေသည်မှာ သိသာနေလေသည်။
ချောင်ဝမ်းဟွေ့ပင် မတတ်နိုင်ဘဲ ယဲ့ဖန်ကို အကြိမ်အနည်းငယ် ကြည့်မိသည်။
သူ့အမူအရာမှာ ရှုပ်ထွေးနေသည်။
သူ ဘာတွေ တွေးနေသည်ကို ဘယ်သူမှ မသိနိုင်ပေ။
ချန်းဖေးအယ် ရုတ်တရက် ခေါင်းကိုက်လာသည်။
သူမသည် တာဝန်ကို ဆောင်ရွက်သောအခါ အမြဲတမ်း သရုပ်မှန်ကို ထိန်းထားချင်ခဲ့သည်။
သို့သော် ယဲ့ဖန်မှာ မီးမောင်းထဲတွင် နေရသည်ကို သဘောကျသည်။
သူသည် အာရုံစူးစိုက်မှုများစွာကို ဆွဲဆောင်ထားသည်။
ယဲ့ဖန်သည် သူမ၏ အရိပ်အမြွက်ကို လျစ်လျူရှုလိုက်သည်။
တိုကင်ပြားများကို လဲလှယ်ပြီးနောက် လောင်းကစား စားပွဲဆီသို့ လျှောက်သွားခဲ့သည်။
" ညီလေး၊ ငါတို့ စားပွဲကို လာကစား "
" သူတို့စားပွဲမှာ ပျော်စရာမကောင်းဘူး။ ငါတို့စားပွဲကို လာ။ ငါ ဘယ်လောက် အနိုင်ရထားလဲဆိုတာ ကြည့်လိုက် "
" ငါတို့ဘက်ကိုလာ ........ "
နေရာတွင် ရှိနေသူအားလုံးသည် သူ့ကို နွေးထွေးစွာ နှုတ်ဆက်ကြိုဆိုကြသည်။
တစ်ချို့သူများသည် ယဲ့ဖန်၏ ဗန်းပေါ်မှ တိုကင်ပြားများ စုပုံနေသည်ကို ကြည့်ကာ သွားရည်ကျမတတ်ပင် ဖြစ်နေကြသည်။
ယဲ့ဖန်သည် အန်စာကစားရန် စားပွဲတစ်လုံးကို ကြုံရာရွေးပြီး ထိုင်လိုက်သည်။
သူသည် 'အသေး'ဘက်ကို ယွမ် ၁သိန်း ချက်ချင်း လောင်းထည့်လိုက်သည်။
ထိုစားပွဲရှိ အခြားလူများသည် တစ်ယောက်ကိုတစ်ယောက် ရွှင်လန်းသောမျက်လုံးများဖြင့် ကြည့်နေကြသည်။
ဒီကောင်က သူတို့ကို အလကား ပိုက်ဆံပေးဖို့ ရောက်နေတာပဲ။
အခြားသူများသည်လည်း သူတို့၏ လောင်းကြေးများကို ချလိုက်ကြသည်။
ထို့နောက် စားပွဲရှိ လူတိုင်းမှ ကျယ်လောင်စွာအော်ကြသည်။
" အကြီး၊ အကြီး၊ အကြီး ........ "
" အသေး၊ အသေး ........ "
ချန်းဖေးအယ်သည် ထိုပတ်ဝန်းကျင်မျိုးနှင့် အကျွမ်းတဝင် မရှိသည်မှာ ထင်ရှားလေသည်။
သူမ မျက်မှောင်ကြုတ်ပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။
သူမသည် ဘေးနားရှိ စားပွဲနားမှ ချောင်ဝမ်းဟွေ့ကို ကြည့်လိုက်ပြီး သူ ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည်။
ချောင်ဝမ်းဟွေ့သည် သူမ၏ အကြည့်ကို သတိပြုမိပြီး ချက်ချင်း သူမကို လှည့်ကြည့်ကာ ပရောပရည်လုပ်သော အကြည့်များဖြင့် ကြည့်နေလိုက်သည်။
ချန်းဖေးအယ်သည် ထိုလူကို ပို၍ပင် မုန်းတီးသွားခဲ့သည်။
တာဝန်အတွက်သာ မဟုတ်ပါက သူမ တကယ်ကို ပါးရိုက်ချင်မိသည်။
ထိုအချိန်တွင် ယဲ့ဖန်၏ အန်စာခွက်ကို ဖွင့်လိုက်သည်။
၄၊ ၄၊ ၆၊ ဂဏန်းကြီး။
ထိုသည်မှာ ပထမအချီသာ ဖြစ်သော်လည်း ယဲ့ဖန်သည် ယွမ် ၁သိန်း ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
ချန်းဖေးအယ်၏ နှလုံးသည် အလွန်နာကျင်သွားပြီး တစ်ခဏတာ အသက်ပင် မရှူနိုင်ဖြစ်သွားရသည်။
သူမ၏ လစဉ်လစာမှာ ယွမ် ၂သောင်းအောက်သာ ရှိသည်။
ထိုကောင်လေးသည် သူမ၏ တစ်နှစ်တာ လစာကို တစ်ကြိမ်တည်းဖြင့် ရှုံးသွားခဲ့သည်။
ယဲ့ဖန်၏ မျက်နှာအမူအရာမှာလည်း 'နောင်တ'ဟု ဖော်ပြနေသည့်အမူအရာ ရှိနေသည်။
သူသည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်သည်။
သို့သော် 'အကြီး' လောင်းသူများမှာ အော်ဟစ်ပျော်မြူးပြီး ဂုဏ်ပြုနေကြသည်။
ထိုလူများ၏ အပြုအမူတို့သည် အနီးနားရှိ စားပွဲဝိုင်းများမှ လူများ၏ အကြည့်များကို စွဲဆောင်ကာ သူတို့၏ မျက်နှာများကို သုန်မှုန်သွားစေခဲ့သည်။
ဒုတိယအချီ စတင်လာသည့်အခါ ယဲ့ဖန်၏ ပုံစံမှာ ပို၍ စိတ်အားထက်သန်လာပုံရပြီး 'ဂဏန်းအသေး'ဘက်သို့ နောက်ထပ် လောင်းကြေးတစ်သိန်းတင်လိုက်သည်။
ချန်းဖေးအယ်သည် သူ့ကို တားချင်သော်လည်း လောင်းကစားဝိုင်းမှ ကိုယ်စားလှယ်က ရုတ်တရက် ပြောလိုက်သည်။
" လောင်းကြေးတင်ပြီးတာနဲ့ ပြန်ယူလို့ မရတော့ဘူး "
သူမသည် ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်ရုံသာ ရှိတော့သည်။
ဒီတစ်ယောက်က တကယ်ကို ရူးနေတာပဲ။
ယဲ့ဖန် သူမကို လျစ်လျူရှုလိုက်သည်။
သူသည် အခြားသူများနှင့်အတူ "အသေး......"ဟု အော်ဟစ်နေခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် အဆုံးတွင် အန်စာမှာ ဂဏန်းကြီး ရခဲ့ပြီး နောက်တစ်ကြိမ် ယွမ် ၁သိန်း ဆုံးရှုံးသွားခဲ့သည်။
ထို့နောက် ယဲ့ဖန်သည် နောက်ထပ် အကြိမ်အနည်းငယ် ကစားသော်လည်း အကြိမ်တိုင်း အရှုံးဘက်ကိုသာ လောင်းနေခဲ့မိသည်။
သူသည် နာရီဝက်အတွင်းမှာပင် ယွမ် ၁သန်းနီးပါး ဆုံးရှုံးခဲ့ရသည်။
ယဲ့ဖန်စားပွဲရှိ လူများသည် သူ ဘယ်ဘက်သို့ လောင်းသည်ဖြစ်စေ ယဲ့ဖန်၏ ဆန့်ကျင်ဘက်သို့ လောင်းရန် သင်ယူခဲ့ကြသည်။
အချိန်တိုလေးအတွင်းမှာပင် သူတို့သည် အောင်ပွဲခံရလွန်း၍ ထုံနေပြီ ဖြစ်သည်။
ဘေးကစားဝိုင်းမှ လူများမှာ အတော်လေး မနာလိုဖြစ်နေကြသည်။
ထိုကဲ့သို့ အသားများများနှင့် သိုးကြီးကို အခြားသူ၏ ပါးစပ်ထဲတွင် ကျရောက်နေသည်။
" ဒီကလေးရဲ့ ကံက ဆိုးလွန်းနေတာ မဟုတ်ဘူးလား။ ဆယ်ကြိမ်မက ကစားပြီးတာတောင် သူက တစ်ချီမှ မနိုင်သေးဘူး "
" လက်ပြတ်ဟွေ့ကို ကံမကောင်းဘူးလို့ ထင်ထားတာ။ သူ့ထက် ပိုဆိုးတဲ့လူ ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး "
" ဟုတ်တယ်။ လက်ပြတ်ဟွေ့က ဆယ်ကြိမ်မှာ အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ်လောက်အနိုင်ရသေးပေမဲ့ ဒီတစ်ယောက်ကတော့ တစ်ခါမှကို မနိုင်သေးဘူး "
" အိုက်ယား၊ ငါ သူတို့ ပိုက်ဆံတွေ နိုင်နေတာကိုပဲ ကြည့်နေနိုင်တယ်။ ငါတို့ကို အနိုင်ပေးဖို့ ကစားဝိုင်းကသူတွေက ဘယ်သူမှ ဖယ်မပေးကြဘူး "
" အိပ်မက်မက်နေတာကို ရပ်လိုက်။ ဒီလောက် အသားများတဲ့ သိုးကြီးကို တွေ့ဖို့က မလွယ်ဘူး။ သူတို့က ဘယ်လိုလုပ် နေရာဖယ်ပေးမှာလဲ "
လူတိုင်းသည် ထိုကစားဝိုင်းရှိ လူများကို မနာလို ဖြစ်နေကြသည်။
တစ်ချိန်တည်းမှာပင် ချောင်ဝမ်းဟွေ့၏ မျက်လုံးများသည်လည်း ရှုံးနိမ့်မှုနှင့်အတူ နီရဲနေခဲ့သည်။
သူသည် ယနေ့တွင် တိုကင်ပြား ၅သိန်းဖိုးကို လဲလှယ်ခဲ့ပြီး ယခုအခါ လက်ထဲတွင် ယွမ် ၂သောင်းမှ ၃သောင်းဖိုးလောက်သာ ကျန်တော့သည်။
အကယ်၍ သူ နောက်ထပ် နှစ်ကျော့လောက်သာ ကစားပါက အားလုံး ရှုံးသွားပေလိမ့်မည်။
ထိုအချိန်တွင် သူသည် လူစုကြီး၏ ဆွေးနွေးနေမှုကို ရုတ်တရက် ကြားလိုက်ရပြီး ရင်ဘတ်ကို ထုနှက်ပြီး ခြေထောက်ကို ဆောင့်နေသော ယဲ့ဖန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
ချောင်ဝမ်းဟွေ့၏ မျက်လုံးများ တောက်ပလာသည်။
ငါ သူတို့ကို အနိုင်မယူနိုင်ပေမယ့် ဒီကလေးကိုတော့ ငါ နိုင်လောက်တယ် မဟုတ်ဘူးလား။
ငအူတစ်ယောက်အတွက် ယုံကြည်မှု ပြန်ရဖို့ အမြန်ဆုံး နည်းလမ်းက တခြားငအူကို အနိုင်ယူဖို့ပဲ။
ထိုအချက်ကို တွေးပြီး ချက်ချင်း ထရပ်ကာ ယဲ့ဖန်၏ စားပွဲဆီသို့ လျှောက်သွားသည်။
ငအူကောင်၊ ငါလာပြီ။
အပိုင်း ( ၈၇၆ )
ဒီကောင်လေးက လမ်းပြကြယ်ပဲ
" ငါ့ကို ဒီဝိုင်းမှာ ထည့်ပေးလို့ရမလား "
ချောင်ဝမ်းဟွေ့သည် လမ်းလျှောက်လာပြီး ယဲ့ဖန်၏ စားပွဲမှ လူတွေကို မေးလိုက်သည်။
အကယ်၍ အခြားသူများမှ ပါ၀င်ချင်ပါက ထိုလူများမှာ သဘောတူမည် မဟုတ်ပေ။
သူတို့သည် မည်သို့ပင်ဖြစ်စေ ယဲ့ဖန်ကဲ့သို့ အသားများသော သိုးကြီးတစ်ကောင်ကို ဖမ်းနိုင်ခဲ့၍ အခြားမည်သူ့ကိုမှ ဝေစု မျှမပေးချင်ကြပေ။
သို့သော် ချောင်ဝမ်းဟွေ့မှာတော့ ကွဲပြားသည်။
သူ့ရဲ့ လောင်းကစားစွမ်းရည်ကလည်း ဒီ 'သိုးကြီး'နဲ့ အတူတူလောက်ပဲ မဟုတ်လား။
ချောင်ဝမ်းဟွေ့သည် အသက်စွန့်ရန် ရောက်လာသည်ဖြစ်၍ သူတို့မှာလည်း ငြင်းစရာ အကြောင်းမရှိသည်မှာ သဘာဝကျလေသည်။
" လာ၊ လာ၊ လာ။ အစ်ကိုချောင်အတွက် မြန်မြန် ကုလားထိုင်တစ်လုံး ယူလာပေးကြ "
အားလုံးမှ သူ့ကို စိတ်အားထက်သန်စွာ ထိုင်ရန် ချက်ချင်း ဖိတ်ခေါ်လိုက်ကြသည်။
ထို့နောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။
လူတိုင်း၏ မျက်နှာများသည် ရွှင်လန်းမှုအပြည့် ရှိနေသည်။
အခြားစားပွဲများမှ လောင်းကစားသမားများသည် အားကျနေမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။
ထိုကဲ့သို့ 'အမောက်မရှိသောနဂါး'နှစ်ကောင်ကို စားပွဲတစ်ခုတည်းတွင် တွေ့နိုင်သည်မှာ သူတို့အတွက် အလွန်ကံကောင်းသည်ဟု ဆိုရပေမည်။
ယဲ့ဖန်နှင့် ချောင်ဝမ်းဟွေ့တို့တွင်လည်းသူတို့၏ ကိုယ်ပိုင်အတွေးများ ရှိခဲ့သည်။
ချောင်ဝမ်းဟွေ့သည်လည်း ယဲ့ဖန်အား 'အသားများသိုး'အဖြစ် မှတ်ယူပြီး သူ့ကို အမဲဖြတ်ပစ်ချင်တာ ဖြစ်သည်။
ယဲ့ဖန်မှာ တမင်တကာ ဆက်တိုက် အရှုံးခံနေခြင်းမှာ ထိုလူကို မြှားခေါ်ရန် ဖြစ်သည်။
ငါးစာဟပ်ပြီဆိုမှတော့ သူ ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်မှာလဲ။
သို့သော် သူသည် ငါးပြန်မလွတ်သွားစေရန် ငါးစာပိုချရန် လိုသေးသည်။
ထိုအချိန်တွင် ကစားပွဲတစ်ခု စတင်လေသည်။
ကိုယ်စားလှယ်သည် အန်စာတုံးများကို လှုပ်ပြီးသည်နှင့် လူအုပ်ကို ကြည့်လိုက်သည်။
" လောင်းကြေး စပါပြီ "
ဤတစ်ကြိမ်တွင် ယဲ့ဖန်သည် 'ဂဏန်းအသေး'ဘက်သို့ ၂သိန်း လောင်းထည့်လိုက်သည်။
အခြားသူများသည် သူတို့၏ ဗျူဟာကို တွက်ချက်ပြီးသည့်နောက် 'ဂဏန်းအကြီး'ဘက်တွင် လောင်းလိုက်ကြသည်။
ချောင်ဝမ်းဟွေ့သည် လက်ထဲတွင် ကျန်နေသော တိုကင်ပြား ၂သောင်းကို စိတ်လှုပ်ရှားစွာ တင်လိုက်သည်။
ထို့နောက် သူသည် အခြားသူများနှင့်အတူ အော်လေတော့သည်။
" အကြီး၊ အကြီး၊ အကြီး ....... "
ကိုယ်စားလှယ်မှ အန်စာတုံးခွက်ကို ဖွင့်လိုက်သည့်အခါ အန်စာမှာ တကယ်ပင် ၅၊ ၆၊ ၆ဖြင့် ဂဏန်းအကြီးရလေသည်။
" အား၊ ငါ နိုင်ပြီ ........ "
ချောင်ဝမ်းဟွေ့သည် ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။
သူသာ် စမ်းကြည့်ချင်ရုံသာ ဖြစ်သည်။
သူသည် တကယ် အနိုင်ရမည်ဟု မမျှော်လင့်ထားချေ။
ဒီကောင်လေးက လမ်းပြကြယ်ပဲ။
သူသည် ထိုကောင်လေးနှင့် ဆန့်ကျင်ဘက်တွင် လောင်းကြေးထည့်ပြီး ကစားပါက နိုင်မည်ဖြစ်သည်။
ယဲ့ဖန်သည် 'နောင်တ'ရစွာဖြင့် သူ့ရင်ဘတ်ကို ပုတ်ကာ ခြေဆောင့်နင်းလိုက်သည်။
ချန်းဖေးအယ်သည် လုံးဝပင် စကားမပြောနိုင် ဖြစ်နေသည်။
ယဲ့ဖန်သည် ကံဆိုးသည်ဟု ဆိုနိုင်သော်လည်း သူသည် အနိုင်ရမည့် အခွင့်အရေးတိုင်းကို လုံးဝနီးပါး ရှောင်ရှားနိုင်ခဲ့သည်။
သူသည် တစ်ကြိမ်မှ မနိုင်ခဲ့သည်ကို ကံကောင်းသည်ဟုပင် ဆိုရမည်။
ယဲ့ဖန်၏ အစီအစဥ်ကို သူမ မသိတော့ချေ။
သို့သော် အချိန်တိုလေးအတွင်းတွင် သူသည် ၁သန်းကျော် ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။
သို့သော် ယဲ့ဖန်၏ 'စိတ်ဆင်းရဲစရာကောင်းသော' ခရီးစဉ်မှာ မပြီးသေးချေ။
သူသည် နောက်ထပ် အကြိမ်အနည်းငယ် ဆက်တိုက် ကစားခဲ့သည်။
သူ့လက်ထဲတွင် တိုကင်ပြား ၂သိန်းဖိုးသာ ကျန်တော့သည်။
ချောင်ဝမ်းဟွေ့သည် ယွမ် ၁သိန်းနီးပါးကို အံ့ဩစရာကောင်းစွာဖြင့် ရရှိခဲ့သည်။
ဤသည်မှာ သူ့သမိုင်းတစ်လျှောက် ငွေရှာနိုင်သည့် စံချိန်ကျိုးသွားပြီ ဖြစ်သည်။
ပြောစရာမလိုအောင်ပင် အခြားသူများမှာလည်း များစွာနိုင်ထားကြသည်။
ယဲ့ဖန်သာလျှင် အံကြိတ်လျက် ပြင်းထန်စွာ အသက်ရှူရခက်နေလေသည်။
သူ့ကို ကြည့်ရသည်မှာ အလွန်ဆုံးရှုံးမှု များနေပုံရသည်။
ထိုအချိန်မှာပင် ပွဲအသစ်တစ်ခု စတင်လေသည်။
ကိုယ်စားလှယ်မှ အန်စာတုံးများကို လှုပ်ပြီးနောက် လူအုပ်ကြီးကို ပြန်ကြည့်လိုက်ပြန်သည်။
" လောင်းကြေးကို တင်လို့ရပါပြီ "
တခြားလူများ အားလုံးသည် ယဲ့ဖန်အား လှည့်ကြည့်လိုက်သည်။
သူသည် လူတိုင်း၏ လမ်းပြကြယ် ဖြစ်လာခဲ့သည်။
ထိုကောင်လေး၏ ဆန့်ကျင်ဘက်ကို လောင်းပါက သူတို့ အောင်ပွဲခံနိုင်မည်မှာ သေချာလေသည်။
ယဲ့ဖန်သည် အံကြိတ်ပြီး ကျန်သည့် ၂သိန်းကို 'ဂဏန်းအကြီး'ဘက်သို့ လောင်းလိုက်သည်။
အခြားသူများသည်လည်း ဘယ်ဘက်သို့ လောင်းရမည်ကို ချက်ချင်း သိလိုက်ကြပြီး အားလုံးသည် သူတို့၏ တိုကင်ပြားများကို ဂဏန်းအသေးဘက်သို့ လောင်းလိုက်ကြသည်။
သူတို့၏ ယခင်အတွေ့အကြုံများအရ အကြိမ်ပေါင်းများစွာ အနိုင်ရခဲ့ကြသည်။
ထို့ကြောင့် လူတိုင်းသည် ဤတစ်ကြိမ်တွင် အနည်းငယ် သတိလက်လွတ်ဖြစ်ပြီး ထိန်းညှိခြင်းပင် မရှိဘဲ သူတို့၏ တိုကင်ပြားများအားလုံးကို တပြိုင်နက်တည်း လောင်းကြေးထပ်လိုက်သည်။
" အကြီး၊ အကြီး၊ အကြီး ......... "
" အသေး၊ အသေး ........ "
လူတစ်စုသည် အန်စာခွက်ကို ဝိုင်းထားပြီး ကျယ်လောင်စွာ အော်လိုက်ကြသည်။
တခြားစားပွဲရှိ လူများ၏ အကြည့်များကိုပင် စွဲဆောင်ခဲ့ကြသည်။
ကိုယ်စားလှယ်သည် အန်စာခွက်ကို စိတ်ဝင်တစား မဖွင့်မီ လူတိုင်းမှ သူတို့၏ လောင်းကြေးများကို အပြီးသတ်ရန် စောင့်ပေးခဲ့သည်။
သူ၏ အရင်အတွေ့အကြုံအရ ထိုလူသစ်လေးမှ ကျိန်းသေပေါက် ရှုံးလိမ့်မည်။
သို့သော် အန်စာခွက်ကို ဖွင့်လိုက်သည့်အခါ သူ အံ့ဩသွားရသည်။
အန်စာတုံးသုံးလုံးသည် ၃၊ ၅၊ ၆ဖြစ်သည်။
ဂဏန်းအကြီးပဲ။
အဲ့ကောင်လေး တကယ်ကြီး အနိုင်ရသွားတာလား။
ကိုယ်စားလှယ်သည် သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်ပြီး မျက်လုံးများကို အမြန်ပွတ်သပ်လိုက်သည်။
အဲ့တာ အမှန်ပဲ။
ပေါင်းလဒ်မှာ ၁၃ဖြစ်၍ ဂဏန်းအကြီးဖြစ်သည်။
စားပွဲရှိ အခြားလူများကလည်း စောင့်မျှော်နေကြသည်။
သို့သော် ရလဒ်ကို မြင်လိုက်ရသည့်အခါ သူတို့၏ အပြုံးများ အေးခဲသွားကြသည်။
ဒီကောင်လေးက ဒီတစ်ခါ မှန်းထားတာ မှန်သွားတာလား။
ချောင်ဝမ်းဟွေ့ပင်လျှင် ယဲ့ဖန်ကို ကြောင်အပြီး မယုံနိုင်သော အမူအရာဖြင့် ကြည့်နေသည်။
အခြားသူများကဲ့သို့ပင် သူသည် သူ့လက်ထဲရှိ တိုကင်ပြားများအားလုံးကို လောင်းခဲ့ပြီး တစ်ကြိမ်တည်းတွင် အားလုံးကို ဆုံးရှုံးသွားခဲ့သည်။
လူတစ်စုသည် ချက်ချင်းပင် သူတို့၏ ရင်ဘတ်များကို ထုရိုက်ကြပြီး အဆုံးမသတ်နိုင်စွည ကျိန်ဆဲကြသည်။
ယဲ့ဖန်သည်သာလျှင် ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။
သူက ဆက်အော်နေသည်။
" နိုင်ပြီကွ၊ ဟားဟားဟား ...... "
သူ့အနောက်၌ ရပ်နေသည့် ချန်းဖေးအယ်ပင် ဝမ်းသာသွားသည်။
ဤတစ်ကြိမ်တွင် ယွမ် ၂သိန်းသာ ရရှိခဲ့သော်လည်း အနည်းဆုံး ရှုံးသွားသည့်တစ်ချို့ကို ပြန်ရလိုက်သည်။
ပျော်ရွှင်ရန် ထိုက်တန်ဆဲ ဖြစ်သည်။
အခြားစားပွဲရှိ လူများမှာလည်း စကားမပြောနိုင် ဖြစ်သွားကြသည်။
" ဒီကလေးက နောက်ဆုံးတော့ ပွင့်လန်းလာပြီ။ သူ့အတွက် တစ်ကြိမ်အနိုင်ရဖို့တောင် မလွယ်ဘူး "
" ဒီကလေး ဘယ်လောက်ပျော်နေလဲ ကြည့်စမ်း။ သူ့ကြည့်ရတာ ကမ္ဘာကြီးကို မမြင်ဖူးပုံပဲ "
" နားလည်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဆက်တိုက် တရစပ် ရှုံးပြီး နောက်ဆုံးမှာမှ အနိုင်ရတာလေ။ ဘယ်သူက မပျော်ပဲနေမှာလဲ "
" အခြားသူတွေက သူ လှည့်စားတာ ခံလိုက်ရပြီ။ သူတို့အားလုံး ဒီပွဲမှာ အားလုံး ရှုံးကုန်ကြတာပဲ "
" အဲ့တာ မကောင်းဘူးလား။ သူတို့အကုန်ရှုံးလို့ ဆင်းရရင် ငါတို့ သူတို့နေရာကို ယူလို့ရပြီ "
ယဲ့ဖန်သည် ထိုအချီတွင် အနိုင်ရခဲ့သော်လည်း မည်သူမျှ အလေးအနက်မထားခဲ့ကြပေ။
အကြိမ်ပေါင်းများစွာ ကစားပြီးနောက်မျိ တစ်ကြိမ်သာ အနိုင်ရခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကြောင်မျက်ကန်း၊ ကြွက်သေတိုးပုံနှင့် ဆင်တူသည်။
စားပွဲတစ်ခုတည်းရှိ ရှုံးသွားသူများသည် အချိန်အတော်ကြာ ကျိန်ဆဲနေကြသော်လည်း ခိုကိုးရာမဲ့ ဖြစ်နေကြသည်။
ချက်ချင်းပင် သူတို့ထဲမှ နှစ်ယောက်သည် လောင်းရန် မရှိတော့ဘဲ ထွက်သွားရတော့သည်။
အခြားစားပွဲရှိ လူများသည် ထိုထိုင်ခုံများ၌ လူဖြည့်ရန် ရုန်းရင်းဆန်ခတ် ဖြစ်သည်အထိ အပြိုင်အဆိုင် ဖြစ်ခဲ့ကြသည်။
ယဲ့ဖန်သည် ယခုအခါ 'အဆီဖြိုးသော အသားတုံးကြီး' ကဲ့သို့ ဖြစ်နေသည်။
အားလုံးမှ ကိုက်ဖြတ်ချင်နေကြသည်။
ထွက်သွားလူနှစ်ဦးမှ လွဲ၍ အခြားသူများသည် တိုကင်ပြားများကို လဲလှယ်ပြီး ဆက်လက်ကစားရန် ရွေးချယ်ခဲ့ကြသည်။
ချောင်ဝမ်းဟွေ့သည် ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် ယွမ်၅သိန်းတန်ဖိုးရှိသော တိုကင်ပြားများကို လဲလှယ်ခဲ့သည်။
ကိုယ်စားလှယ်သည် ကစားသမားများ တိုကင်ပြား လဲလှယ်သည်ကို စောင့်ပြီးနောက်မှ အန်စာများကို ထပ်မံလှုပ်ခတ်လိုက်သည်။
စားပွဲရှိလူတိုင်းသည် ယဲ့ဖန်ကို ဆက်ကြည့်ကြပြန်သည်။
ယဲ့ဖန်အား အလင်းပြသူအဖြစ် သဘောထားနေကြဆဲဖြစ်သည်။
ဤတစ်ကြိမ်တွင် ယဲ့ဖန်သည် ပို၍ပင် ကြေးကြီးစွာ ကစားလာခဲ့သည်။
သူသည် တိုကင်ပြား ၄သိန်းဖိုး အားလုံးကို 'ဂဏန်းအသေး'ဘက်သို့ တန်းပြီး တွန်းချလိုက်သည်။
မဆိုင်းမတွပင် လူများသည် သူတို့၏ တိုကင်ပြားများ အားလုံးကို 'ဂဏန်းအကြီး'ဘက်တွင် ချလိုက်ကြသည်။
" အကြီး၊ အကြီး၊ အကြီး ......... "
" အသေး၊ အသေး ........ "
လူအုပ်ကြီးသည် အိမ်ခေါင်မိုးကိုပင် ဖြိုဖျက်ပစ်ချင်သကဲ့သို့ အော်ဟစ် ဆူညံနေသည်။
ထိုအချိန်တွင် ကိုယ်စားလှယ်လည်း အနည်းငယ် လန့်သွားသည်။
ဒီလူတွေ ရူးသွားကြပြီပဲ။
သူတို့သည် လောင်းသည်နှင့် ပြန်လမ်းမချန်ဘဲ အားလုံး ပုံအောကာ လောင်းခဲ့သည်။
" ဖွင့်၊ဖွင့်၊ဖွင့် ........ "
လူတိုင်းသည် အန်စာခွက်ကို စိုက်ကြည့်နေပြီး ကျယ်လောင်စွာ အော်နေကြသည်။
ထိုအချိန် တခြားစားပွဲများတွင် ဘယ်သူကမှ ကစားမနေပေ။
ပွဲကြည့်ရန် လူတိုင်းသည် ယဲ့ဖန်တို့ စားပွဲ၌သာ စုဝေးပြီး လာကြည့်နေကြသည်။
ကိုယ်စားလှယ်သည် စိတ်အေးအေးထားပြီး အန်စာတုံးခွက်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
အားလုံးသည် မျက်လုံးကို ပြူးပြီး လှမ်း၍ကြည့်နေကြသည်။
[ပထမ အန်စာ - ၅]
မျှော်လင့်ချက် ရှိသေးသည်။
၁၁ မှတ်ထက်ပိုသော အန်စာ ၃တုံး ပေါင်းလဒ်ကို ဂဏန်းအကြီးအဖြစ် သတ်မှတ်သည်။
ပထမအန်စာသည် ၅ ဖြစ်ပြီး ကျန်နှစ်ခုပေါင်းသည် ၆ဖြစ်ပါက သူတို့ ထပ်မံအနိုင်ရမည်ဖြစ်သည်။
ဒုတိယအန်စာမှာ ၄ဖြစ်သည်။
မျှော်လင့်ချက်သည် ပို၍ပင် ကြီးလာခဲ့သည်။
လူတိုင်း၏ အသက်ရှူသံများ ရပ်တန့်သွားမလို ဖြစ်နေသည်။
အန်စာနှစ်ခု ပေါင်းလဒ်သည် ယခုတွင် ၉အထိ ရှိနေသည်။
သူတို့ အနိုင်ရရန် နောက်ထပ် ၂သာ လိုလေသည်။
ထို့အပြင် ဤမျှော်လင့်ချက်မှာ အလွန်မြင့်မားနေသည်။