အပိုင်း ၈၈၉-၈၉၂
Vol. 45 Ch. 889-892
အပိုင်း ( ၈၈၉ )
ဒါကြီးက အဆင်ပြေတယ်လား။
ထိုသက်လတ်ပိုင်းလူသည် သူ၏ ထိုင်ခုံပေါ်သို့ ချက်ချင်း ပြန်လဲကျသွားပြီး သူ၏ ကတ်သုံးကတ်ကို ကြောင်အစွာ ကြည့်နေသည်။
သူ့ပုံစံမှာ တစ်ယောက်ယောက်မှ သူ့အား အကြောပိတ်လိုက်သကဲ့သို့ လုံးဝ လှုပ်ရှားခြင်း မရှိပေ။
" ချီး၊ ဒါကြီးက စောက်ရေးမပါလိုက်တာ။ ဒီလိုလည်း ရတယ်လား။ ငါက သူ ဒီပွဲကို သေချာပေါက် နိုင်မယ်လို့ ထင်နေတာ "
" ဘယ်သူက ထင်ထားမှာလဲ။ ဖြစ်နိုင်ချေက အရမ်းနည်းပေမဲ့ ဖြစ်တာက ဖြစ်သွားတာပဲလေ "
" ဒီကလေးရဲ့ ကံက ကောင်းလွန်းနေတာ မဟုတ်ဘူးလား။ 9 လေးနဲ့တင် ယွမ်သောင်းချီ နိုင်သွားတာ "
" ငါ့မှာ 7အစုံလိုက်ရှိတယ်။ အစကတည်းကသာ သိရင် ငါ့ကတ်တွေပစ်ပြီး လက်မရှောင်ပါဘူး "
" အခုမှပြောတော့ ဘာအသုံးဝင်မှာလဲ။ အစောကသိရင်တောင် လိုက်ဖို့က ပိုက်ဆံရှိဦးမှလေ ........ "
" ကံကောင်းတာအပြင် ဒီညီလေးက ရဲရင့်လွန်းတယ်။ သူက ကတ်တွေကိုတောင် မကြည့်ဘဲ ယွမ်သောင်းချီထိ လောင်းရဲတယ်လေ "
" အမှန်ပဲ။ ရဲရင့်တဲ့သူက သေရင်တောင် အလုံးအရင်းနဲ့ပဲ။ ရှက်တဲ့သူကတော့ ဗလာနဲ့သေပေါ့ ...... "
လူတိုင်းသည် ယဲ့ဖန်ကို ကြည့်သည့်အခါ သူတို့၏ မျက်လုံးထဲများတွင် အရောင်များ လင်းလက်နေသည်။
ဘေးတွင် ရပ်နေသည့် ချန်းဖေးအယ်သည်လည်း အစ၌ အတော်လေး မယုံကြည်နိုင်ပေ။
သို့သော် သူမ အလွန်ပျော်သွားလေသည်။
ယဲ့ဖန်၏ ကတ်များကို သူမ ပထမဆုံးမြင်လိုက်သောအခါ သူသည် သေချာပေါက် ရှုံးလိမ့်မည်ဟု သူမ ထင်ခဲ့သည်။
အခြေအနေများမှာ လျင်မြန်စွာ ပြောင်းလဲသွားမည်ဟု သူမ မမျှော်လင့်ထားချေ။
ထိုကောင်လေးသည် ဓာတ်မှန်ရိုက်ရောင်ခြည် အမြင်ရှိပြီး ကတ်အောက်ခြေကို မြင်နိုင်နေသည်လားဟု သူမ တကယ်ပင် သံသယဖြစ်မိသည်။
မဟုတ်ရင် သူ ဘယ်လိုလုပ် အနိုင်ရသွားတာလဲ။
ယဲ့ဖန်သည် ပြုံးလျက်သာနေပြီး ဘာမှပြန်မပြောပေ။
ကတ်များသည် ကြီးသည်မဟုတ်သလို ငယ်သည်လည်း မဟုတ်ချေ။
ကစားနိုင်သရွေ့ အဆင်ပြေလေသည်။
မသတီစရာကောင်းသော သက်လတ်ပိုင်း အမျိုးသားသည် ရုတ်တရက် ဒေါသတကြီးဖြင့် လက်ညှိုးထိုးညွှန်ပြလိုက်သည်။
" ခွေးသား၊ မင်း လိမ်ဆော့နေတာလား "
ယဲ့ဖန်၏ အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
" ခင်ဗျား အခု ရှုံးသွားတာနဲ့ ကျွန်တော့်ကို ပြဿနာရှာချင်နေတာလား။ ခင်ဗျားမှာ ကျွန်တော်က လိမ်ပါတယ်လို့ သက်သေရှိလို့လား "
လူလတ်ပိုင်းအရွယ် ယောက်ျားမှာ အံ့အားသင့်သွားသည်။
သူသည် ဒေါသကြောင့်သာ ချက်ချင်း အော်ထွက်မိသွားတာ ဖြစ်သည်။
သူ့မှာ ဘယ်လိုလုပ် အထောက်အထား ရှိမှာလဲ။
ယဲ့ဖန်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။
" အထောက်အထားမရှိရင် ဒါက စွပ်စွဲနေတာပဲ။ အကျိုးဆက်တွေကို တွေးပြီးပြီလား "
အားလုံးကလည်း ယဲ့ဖန်ဘက်မှ စပြီး ပြောလာကြသည်။
" ဟုတ်တယ်။ ဟိုကောင်လေးက လိမ်တယ်လို့ပြောရင် သက်သေပြရမယ် "
" သက်သေအထောက်အထားမရှိဘဲ တခြားသူရဲ့ အပြစ်ကင်းစင်မှုကို စွပ်စွဲနေတာပဲ။ ဒါက မုန်းစရာကောင်းလွန်းတယ် "
" ဒီညီလေးက သူ့ကတ်တွေကိုတောင် မကိုင်ဘူးဆိုတာ ခုနက ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်တာပဲ။ လှည့်စားတာလို့ ဘယ်လိုလုပ် ပြောနိုင်တာလဲ "
" ဟုတ်တယ်။ မင်းပဲ ဟိုအလှလေးကို ကတ်ဝေပေးဖို့ တောင်းဆိုခဲ့တာလေ။ အဲ့ညီလေးက ကတ်တွေကိုတောင် မထိခဲ့ဘူး။ သူက ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ "
" ဆုံးသွားတာနဲ့ တခြားသူကို စွပ်စွဲနေတာပဲ။ သူ့ရဲ့ လောင်းကစားစိတ်ဓာတ်က အရမ်းဆိုးဝါးနေတာ မဟုတ်ဘူးလား "
လူတိုင်းသည် ထိုလူလတ်ပိုင်း၏ အပြုအမူကို အလွန်ပုတ်ချနေကြသည်။
ကာစီနိုရှိလူတိုင်းသည် ရှုံးပြီးနောက် အခြားသူများကို လိမ်လည်သည်ဟု အမြဲစွပ်စွဲနေပါက ကစားရုံကြီးမှာ အလွန်ဖရိုဖရဲဖြစ်နေပေမည်။
ထိုလူလတ်ပိုင်းလူသည်လည်း သူ တွေးမနေဘဲ ပြောလိုက်မိသည်ကို သိလိုက်သည်။
သူ အမြန်ထရပ်ပြီး ယဲ့ဖန်ကို တောင်းပန်လိုက်သည်။
" တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ တကယ် တောင်းပန်ပါတယ် ...... စိတ်ဓာတ်ကျနေတဲ့ အခိုက်အတန့်မှာ အဓိပ္ပါယ်မဲ့တာတွေ ပြောပြီး ဖြုန်းတီးနေခဲ့မိတယ်။ ဆက်ပြီး ကစားကြရအောင် "
ကစားဝိုင်းရှိ သူများသည် တစ်ယောက်ပြီးတစ်ယောက် ထသွားကြသည်။
" ဟွန်း၊ ဒီလို ဆိုးဝါးတဲ့ လောင်းကစားစွမ်းရည်နဲ့လူနဲ့ အတူတူ ကစားရမှာတဲ့လား။ ဒီလိုလူအပေါ်ကိုတော့ မရှုံးနိုင်ဘူး "
" ဟုတ်တယ်။ ရှုံးတာနဲ့ သူများကို လှည့်စားတယ်လို့ ပြောနိုင်တယ်။ မင်းလိုလူနဲ့ ကစားဖို့ ဘယ်သူက သတ္တိရှိတော့မှာလဲ "
" ငါတို့ တခြားကစားဝိုင်းကို သွားကစားတာ ပိုကောင်းတယ်။ ဒီလိုလူတွေကို မြင်ရတာတောင် ရွံစရာကောင်းတယ် "
" ငါလည်း မကစားချင်တော့ဘူး ....... "
ယဲ့ဖန်နှင့် ထိုလူလတ်ပိုင်းအရွယ် ယောက်ျားမှလွဲပြီး ကစားဝိုင်းရှိ လူများအားလုံးသည် ချက်ချင်း မတ်တပ်ထရပ်ပြီး ထွက်သွားကြသည်။
အမှန်တွင် သူတို့သည် လူလတ်ပိုင်းအရွယ် ယောက်ျား၏ မကောင်းသော လောင်းကစားစွမ်းရည်ကြောင့် မဟုတ်ချေ။
သို့သော် ယဲ့ဖန်၏ ကောင်းမွန်လှသော ကံကြမ္မာမှာ အနည်းငယ် ထူးဆန်းသည်ဟု သူတို့ ခံစားမိသောကြောင့် ဖြစ်သည်။
လောင်းကစားသမားများသည် အယူသီးကြသည်။
ယဲ့ဖန်၏ ကံကောင်းပုံကို မြင်ပြီးနောက် ဘယ်သူမှ သူတို့နှင့် မကစားချင်ကြတော့ပေ။
ယဲ့ဖန် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
သူလည်း ထရန် ပြင်လိုက်သည်။
သို့သော် လူလတ်ပိုင်းအရွယ် ယောက်ျားသည် သူ့ကို ဘယ်လိုမှ အလွှတ်မပေးနိုင်ချေ။
ယဲ့ဖန်ကို သူက အမြန်ပြန်ဆွဲထားလိုက်သည်။
" ညီလေး မင်းထွက်သွားလို့ မရဘူး "
ယဲ့ဖန်သည် သူ့လက်များကို ဖြန့်လိုက်သည်။
" အားလုံးက သွားပြီ။ ကျွန်တော်တို့ ဘယ်လိုလုပ် ကစားနိုင်မှာလဲ "
လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ဘေးနားရှိ လူများကို အမြန်ကြည့်လိုက်သည်။
" ဘယ်သူကစားဦးမှာလဲ။ မြန်မြန်ပြီး စားပွဲဆီလာ "
ထိုလူများသည် လက်များကို ဝှေ့ယမ်းကာ ခေါင်းယမ်းကြသည်။
သူတို့ထဲမှ တစ်ယောက်သည် လောင်းကစားကျွမ်းကျင်မှု မရှိဘဲ ညံ့ဖျင်းပြီး ကျန်တစ်ယောက်မှာ အလွန်ကံကောင်းလေသည်။
မည်သူကမှ ပါဝင်ရန် ဆန္ဒမရှိကြချေ။
ယဲ့ဖန်လည်း ပုခုံးတွန့်လိုက်သည်။
" ကြည့်လိုက်၊ ကျွန်တော်က မကစားချင်တာ မဟုတ်ဘူး။ ဒါပေမယ့် အခု ကျွန်တော်တို့နှစ်ယောက်ပဲ ကျန်တော့တယ်။ ဘယ်လိုလုပ် ကစားနိုင်မှာလဲ "
သူသည် စကားပြောလျက် ချန်းဖေးအယ်နှင့် ထွက်သွားတော့မည်ဖြစ်သည်။
မသတီစရာကောင်းသော သက်လတ်ပိုင်းအမျိုးသားသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ့လက်ကို လှမ်းဆွဲလိုက်သည်။
" မင်းကို ထွက်သွားခွင့် မပေးနိုင်ဘူး "
ယဲ့ဖန်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
" ဘာလဲ။ ခင်ဗျားက ကျွန်တော့်ကို ကပ်တွယ်ပြီး နှောင့်ယှက်ချင်သေးတာလား "
သက်လတ်ပိုင်းအရွယ် လူသည် သူ့လက်ကို အမြန် လွှတ်လိုက်ပြီး တိုးလျသောလေသံဖြင့် ပြောသည်။
" သူတို့ မကစားချင်ရင်တောင် ငါတို့ပဲ ကစားကြရအောင်။ ငါတို့ တစ်ပွဲတည်းနဲ့ အောင်နိုင်သူကို ဆုံးဖြတ်မယ်။ ဘယ်လိုလဲ "
ယနေ့တွင် သူသည် ယဲ့ဖန် တစ်ဦးတည်းဆီတွင် ယွမ် ၅သောင်းကျော် ဆုံးရှုံးခဲ့သည်။
ဤသည်မှာ ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သည်။
သူ အဲ့တာကို ပြန်မရဘဲ သူ့ကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ။
ထိုစကားကို ယဲ့ဖန် ကြားသောအခါ ပြုံးလိုက်သည်။
" တစ်ချီတည်းဆိုတာက ဘာကိုဆိုလိုတာလဲ "
လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူတို့၏ တိုကင်ပြားများကို ညွှန်ပြလိုက်သည်။
" ငါတို့ နှစ်ယောက်စလုံး လက်ထဲမှာ တိုကင်ပြားတွေ ၅သောင်းကနေ ၆သောင်းကြား ရှိသေးတယ်။ အဲ့တာတွေကို သေသေချာချာ ရေတွက်ဖို့ မလိုဘူး။ အဲ့တာတွေ အားလုံးကို ငါတို့ တစ်ချီတည်းနဲ့ လောင်းမယ်။ ပြီးရင် တစ်ယောက်ချင်းစီက ကတ်သုံးကတ်စီ ဆွဲရမယ်။ အနိုင်ရတဲ့သူက အကုန်လုံးကို ယူရမယ်။ အဲ့တာဆို ဘယ်လိုလဲ။ မင်း ကစားရဲလား "
သူ့စကားကို ကြားသည့်အခါ ယဲ့ဖန် ပြန်မဖြေခင်မှာပင် ပွဲကြည့်နေသည့် လူများမှ အော်ဟစ်လိုက်ကြသည်။
" ညီလေး၊ မင်း ဘာကြောက်စရာရှိလို့လဲ "
" ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် မင်း ယွမ် ၁သောင်းပဲထုတ်ပြီး ကျန်တာကို အနိုင်ရမှာ။ ဘာကြောက်စရာ ရှိလို့လဲ "
" မင်း ယောက်ျားဆိုရင် သူနဲ့ ကစားလိုက်။ ဘယ်သူ့ကို ကြောက်နေတာလဲ "
" သူက မင်းကို နှောင့်ယှက်တွယ်ကပ်နေမှတော့ မင်း သူ့ကို နောက်ထပ် သင်ခန်းစာ ပေးလိုက်သင့်တယ် ........ "
လူတိုင်းသည် ပြပွဲကို ကြည့်နေကြသည်။
သူတို့သည် အကြီးအကျယ် ဝင်ပါပြီး မြှောက်ပေးနေကြသည်။
မည်သို့ပင်ဖြစ်စေ တစ်ဖက်သူမှ ရှုံးလျှင် သူတို့၏ ပိုက်ဆံရှုံးမှာ မဟုတ်ချေ။
ထို့ကြောင့် အားလုံးမှ အားပေးနေကြသည်။
ထိုနေရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို တွေ့ရပြီး အခြားစားပွဲရှိ လူများကလည်း ဝိုင်းအုံလာကြသည်။
တခဏအတွင်းမှာပင် လူများ အလွန်စည်ကားလာကာ ရေများပင် စိမ့်မထွက်နိုင်လောက်ပေ။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် လူတိုင်း၏ ထောက်ခံမှုကို ရရှိခဲ့သည်။
သူသည် ယဲ့ဖန်ကို ဆက်ပြီး စိတ်ဆွသည်။
" ဘယ်လိုလဲ။ သတ္တိရှိလား။ ငါ့ကို တန်းပြော။ မင်းမဆော့ရဲရင် ငါ့ဆီက ရထားတဲ့ ပိုက်ဆံတွေအားလုံးကို ပြန်ပေးပြီး မင်းက လူမဟုတ်ဘူးလို့ ပြောပြီး ငါ့ကို တောင်းပန် "
သူသည် ယဲ့ဖန်ကို တမင်တကာ စိတ်ဆွပြီး ယဲ့ဖန်မှ မဆော့တော့မည်ကို စိုးရိမ်နေသည်မှာ သိသာနေသည်။
ထိုစကားကို ယဲ့ဖန် ကြားသောအခါ သူ ရယ်လိုက်သည်။
" အရင်က ခင်ဗျားကို လွှတ်ပေးလိုက်ချင်ပေမယ့် ခင်ဗျားက သေဖို့ မစောင့်နိုင်မှတော့ ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ် "
သူသည် စကားပြောရင်းဖြင့် သူ့ရှေ့မှ တိုကင်ပြားများ အားလုံးကို စားပွဲပေါ်သို့ တင်လိုက်သည်။
အပိုင်း ( ၈၉၀ )
သေချင်နေမှတော့
လူလတ်ပိုင်းအရွယ် ယောက်ျားသည် ယဲ့ဖန်မှ သဘောတူလိုက်သည်ကို မြင်ပြီးသောအခါ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
ယဲ့ဖန်မှ စကားပြန်ရုတ်သွားမည်ကို စိုးရွံ့ပြီး သူ့ရှေ့ရှိ တိုကင်ပြားများအားလုံးကို စားပွဲပေါ်သို့ တွန်းချလိုက်သည်။
ထို့နောက် သူသည် ချန်းဖေးအယ်ကို လှည့်ကြည့်ကာ ကတ်မွှေရန် သူမကို တောင်းဆိုတော့မည် ဖြစ်သည်။
သို့သော် သူ့စကားကို ပြန်မျိုချလိုက်သည်။
ထိုအလှလေးသည် အစောက နှစ်ကြိမ်တိုင်တိုင် သူ့အတွက် ကတ်မွှေကာ ဝေပေးခဲ့သော်လည်း ထိုနှစ်ကြိမ်လုံး သူ ရှုံးခဲ့ရသည်။
လိမ်ကစားသူသည် ထိုကလေးမဟုတ်ဘဲ အလှလေးဖြစ်နိုင်သည်ဟု အလွန်သံသယဖြစ်မိသည်။
သို့သော် ပြီးခဲ့သော သင်ခန်းစာအရ သက်သေမရှိဘဲ ဘာမှ မပြောရဲပေ။
သူသည် ချက်ချင်း ဘေးသို့လှည့်ပြီး သူ့ပတ်ဝန်းကျင်မှ လူများကို ကြည့်လိုက်သည်။
" ကတ်တွေမွှေဖို့ကို ဘယ်သူ ကူညီပေးနိုင်မလဲ။ ငါအနိုင်ရရင် မင်းကို အနီရောင်အထုပ်ကြီးကြီး ပေးမယ် "
ချက်ချင်းပင် လူများစွာမှ စိတ်အားထက်သန်စွာ ကူညီပေးချင်ကြတော့သည်။
အဆုံးတွင် ရွံစရာကောင်းသော သက်လတ်ပိုင်း အမျိုးသားသည် ဆွဲဆောင်မှုရှိစွာ ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို ရွေးချယ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ထိုအမျိုးသမီး၏ ပေါင်ကို အကြိမ်အနည်းငယ် လောက် စိုက်ကြည့်ရန်လည်း မမေ့ချေ။
သူ၏ မကောင်းသောစိတ်မှာ မပြောင်းသေးကြောင်းကို မြင်နိုင်သည်။
ထိုအမျိုးသမီးသည် မကျွမ်းကျင်သော လူသစ်လေးဖြစ်သည်မှာ ထင်ရှားလှသည်။
သူမသည် ကတ်များကို ကိုးရိုးကားရားဖြင့် မွှေလိုက်သည်။
သူမသည် စားပွဲတွင် ခဏပွတ်ပြီးနောက် ဖြည်းညှင်းစွာ သပ်ရပ်အောင် လုပ်လိုက်သည်။
ရွံစရာကောင်းသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူမ၏ ကတ်မွှေပုံကို မြင်လိုက်ရပြီး စိတ်သက်သာရာ ရသွားသည်။
အနည်းဆုံးဖြင့် ဒီအမျိုးသမီးသည် လှည့်စားမည် မဟုတ်ကြောင်းမှာ သေချာလေသည်။
ယဲ့ဖန်သည် သူ၏ သတိထားနေသောအမူအရာကို ကြည့်ပြီး ရယ်ချင်သော်လည်း ထိန်းထားလိုက်သည်။
ပြိုင်ဘက်ကို လှောင်ပြောင်ခြင်းသည် ကောင်းသောအကျင့် မဟုတ်ပေ။
ပြိုင်ဘက်သည် ဝက်တစ်ကောင်ဖြစ်နေလျှင်ပင် လေးစားမှုတစ်ခုတော့ ပြရမည်။
ကတ်များကို မွှေပြီးနောက် ထိုအမျိုးသမီးသည် ကတ်ပြားများကို သူတို့ရှေ့တွင် ထိုးပေးလိုက်သည်။
" ငါ အရင်ဆွဲမယ် "
သက်လတ်ပိုင်း အမျိုးသားသည် ကိန်းခမ်းကြီး လုပ်မနေပေ။
ချက်ချင်း လက်လှမ်းပြီး ကတ်ပြားကို ဆွဲထုတ်လိုက်သည်။
သူသည် ထိုကတ်ကို လှန်ပြီး စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
6 ♥️
ထို့နောက် သူသည် ယဲ့ဖန်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
" မင်းအလှည့်ပဲ "
ယဲ့ဖန်သည် အချိန်ဖြုန်းမနေခဲ့ပေ။
သူသည် ကတ်တစ်ကတ်ကို ဆွဲပြီး စားပွဲပေါ်သို့ တင်လိုက်သည်။
2 ♠️
ပထမကတ်များတွင် အနိုင်အရှုံး၏ အရိပ်အယောင်များစွာ မရှိသောကြောင့် လူတိုင်းမှာ တိတ်ဆိတ်နေလျက် စောင့်ကြည့်နေကြသည်။
မသတီစရာကောင်းသော သက်လတ်ပိုင်း အမျိုးသားသည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သူသည် အသက်ပြင်းပြင်းရှူပြီး သူ့လက်ကို ပွတ်လိုက်သည်။
ပွတ်လိုက်ရုံဖြင့် သူ့ကံမှာ ပြောင်းလဲသွားမည့်အလား လုပ်နေသည်။
အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် လက်ကို ဆန့်၍ ကတ်ကိုဆွဲထုတ်လိုက်ကာ စားပွဲပေါ်သို့ ဖြန်းခနဲ ရိုက်ချပြီး တင်လိုက်သည်။
5 ♥️
လေထုမှာ အပူတက်လာသည်။
သူ၏ ကတ်နှစ်ကတ်မှာ 5♥️ နှင့် 6♥️တို့ ဖြစ်သည်။
4♥️ သို့မဟုတ် 7♥️ကို ဆွဲမိပါက အပွင့်တူ ဂဏန်းတန်းရမည် ဖြစ်သည်။
အားလုံးသည် ချက်ချင်းပင် စောင့်မျှော်လာကြသည်။
ယဲ့ဖန်သည်သာ ငြိမ်သက်နေခဲ့သည်။
သူသည် ကတ်တွေကိုပင် မကြည့်ချေ။
သူ၏ ကတ်ကို တန်းထုတ်ပြီး စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
8♠️ ဖြစ်သည်။
သူ့ကတ်များသည် သက်လတ်ပိုင်းအရွယ်လူထက် အနည်းငယ် ဆိုးရွားလေသည်။
အနည်းဆုံးဖြင့် ဂဏန်းအတန်းလိုက်ဖြစ်ရန် မျှော်လင့်ချက် မရှိတော့ချေ။
ဂဏန်းအတန်းလိုက်ဖြစ်ရန် မျှော်လင့်နိုင်သော်လည်း အခွင့်အရေးမှာ သိသိသာသာ နည်းပါးသွားခဲ့သည်။
လူလတ်ပိုင်းအရွယ်သည် ပို၍ပင် စိတ်လှုပ်ရှားလာသည်။
လည်ပင်း၌ ဆွဲထားသည့် ဘုရားစာကမ္ပည်းပြားကို ထုတ်ယူပြီး နမ်းလိုက်သည်။
ထို့နောက် လက်ချင်းပူးကာ ဘုရားစာများ ရွတ်ဆိုလေသည်။
သူက ဘုရားဆီက ကောင်းချီးမင်္ဂလာ ဆုတောင်းနေတာ ဖြစ်နိုင်တယ် မဟုတ်လား။
ပွဲကြည့်နေသူများမှာ စိတ်မရှည်တော့ချေ။
" ဒါက နောက်ဆုံးကတ်ပဲ။ မြန်မြန်ဆွဲလိုက် "
" မင်း ဘာလို့ဒီလောက် အယူသီးနေတာလဲ။ ဘုရားတလိုက်တာနဲ့ အကျိုးရှိမယ်ဆို လးတိုင်းက ဘုရားစာပဲ ရွတ်နေမှာပေါ့ "
" ဘုရား ဖဲချပ်တောင် မမြင်ဖူးလောက်ဘူး။ သူက မင်းကို ဘယ်လိုလုပ် ကောင်းချီးပေးနိုင်မှာလဲ။ မြန်မြန် ယူလိုက်စမ်းပါ "
" အချိန်ဆွဲမနေနဲ့ ...... "
လူတိုင်းက တိုက်တွန်းသည်။
ထိုလူသည် အကြိမ်အနည်းငယ် ထပ်ဆုတောင်းပြီးကာမှ လက်လှမ်းလိုက်သည်။
သူ၏ လက်များမှာ အတော်တုန်ယင်နေသည်ကို မြင်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ယွမ်၅သောင်းကျော်၊ ၆သောင်းရှိသည့် လောင်းကြေးဖြစ်သည်။
သူ ကစားဖူးသမျှထဲ အကြီးဆုံးလောင်းကြေးလည်း ဖြစ်လေသည်။
သူဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။
သူ၏ လက်ချောင်းများမှာ ကတ်များကို ထိလိုက်ပြီး ဆွဲယူမည် လုပ်လိုက်သော်လည်း စိတ်ပြောင်းကာ တခြားကတ်ကို ယူလိုက်သည်။
ထိုကဲ့သို့ အကြိမ်အနည်းငယ် ထပ်ခါထပ်ခါဖြစ်နေသဖြင့် ကြည့်ရှုသူများမှာ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။
တချို့က ဒေါသတကြီးဖြင့် ကျိန်ဆဲကြသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် လူစုလူဝေး၏ ကျိန်ဆဲမှုများမှ ကတ်ပြားကို ထုတ်ယူလိုက်သည်။
သို့သော် ယခင်နှစ်ခေါက်ကဲ့သို့ ချက်ချင်းမဖွင့်ခဲ့ပေ။
ထိုအစား သူ့မျက်လုံးတွေရှေ့မှာ ကိုင်ထားပြီး သူ့လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်တယ်။
" အနီရောင် "
သူ့လက်ချောင်းကို ဖြည်းညှင်းစွာ ရွှေ့လိုက်သောအခါ ထောင့်စွန်းနားရှိ အနီရောင် အနည်းငယ် ပေါ်လာပြီး သူ့ကို ချက်ချင်းပင် ဝမ်းသာသွားစေသည်။
အရှေ့တွင် သူရရှိထားသော ကတ်များသည် နှစ်ကတ်လုံးမှာ ♥️ ဖြစ်ပြီး ဤကတ်မှာလည်း အနီရောင်ဖြစ်သည်။
မည်သည့် ကတ်ပင်ဖြစ်စေ အနည်းဆုံးအနေဖြင့် သူ့အခွင့်အရေးမှာ ပိုများလေသည်။
သူ့နောက်မှာ ရပ်နေသည့် လူများပင် လန့်သွားကြသည်။
သူတို့သည် ကျယ်လောင်စွာပင် အသက်ရှုမရှူရဲကြပေ။
မသတီစရာကောင်းသော ရုပ်ဖြင့် သက်လတ်ပိုင်း အမျိုးသားသည် ငြိမ်သက်သွားပြီး လက်ညှိုးကို ဖယ်လိုက်သည်။
7
အနီရောင် 7ဖြစ်သည်။
ကတ်သည် အနီရောင် 7ဖြစ်သည်ကို မြင်လိုက်သောအခါ ရင်ဘတ်ပြုတ်ထွက်လုမတတ် ခုန်တက်သွားသည်။
ပထမကတ်နှစ်ခုမှာ 5♥️ နှင့် 6♥️ဖြစ်ပြီး လက်ရှိကတ်သည် 7♥️ဖြစ်ပါက အနည်းဆုံး အပွင့်တူ ဂဏန်းတန်းဖြစ်ပေလိမ့်မည်။
တစ်ချက်တည်းဖြင့် ဤအချီကို အနိုင်ရရန် အခွင့်အလမ်းက အလွန်များသွားနိုင်သည်။
အောင်ပွဲ၏ အရုဏ်ဦးကို သူ မြင်နေပုံရသည်။
သူ့နောက်တွင် ရပ်နေသည့် လူများပင် ရင်ခုန်နေကြသည်။
" ဘုရားရေ၊ အဲ့တာ ဂဏန်းအစဉ်လိုက်ပဲ။ ဒီပွဲမှာ သူအနိုင်ရမယ်ပုံ ထင်ရတယ် "
" သူ့ကံက သိပ်ကောင်းတာ မဟုတ်ဘူးလား။ သူက တကယ်ကြီး ဂဏန်းစဥ်ဆွဲနိုင်တယ်။ အံ့သြစရာပဲ "
" ဘာအပွင့်လဲ ကြည့်ရအောင်။ ♥️ဆိုရင် အဲ့တာက ပိုပြီးတောင် အံ့သြစရာကောင်းဦးမှာ "
" ဒီကလေး ရှုံးသွားမှာကို ငါ စိုးရိမ်နေပြီ။ ၅သောင်း၊ ၆သောင်းနီးပါး ရှုံးမှာ "
" ဒီလောင်းကစားပွဲကြောင့် ငါ့နှလုံးခုန်နှုန်းက အရမ်းမြန်နေပြီ။ စိတ်လှုပ်ရှားဖို့ကောင်းလွန်းတယ် ......... "
လူတိုင်းက ထိတ်လန့်တကြား အော်ဟစ်ပြောနေကြချိန် ထိုသက်လတ်ပိုင်းအမျိုးသားသည် နောက်ဆုံးတွင် သည်းထိတ်ရင်ဖိုစရာဖြစ်သော ကတ်ကို ထုတ်ဖော်ပြလိုက်တောပသည်။
ကံမကောင်းစွာဖြင့် ထိုကတ်သည် ♥️မဟုတ်ဘဲ ♦ဖြစ်နေခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် မတတ်နိုင်ဘဲ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
ဂဏန်းစဉ်၊ အပွင့်တူ ဖြစ်ပါက သူ အနိုင်ရမည့် အခွင့်အရေးမှာ ပိုများမည် ဖြစ်သည်။
သို့သော် သူသည် လျင်မြန်စွာ ပြန်လည်ပျော်ရွှင်လာသည်။
♦️ဖြစ်ခဲ့လျှင်ပင် ဂဏန်းစဉ်ဖြစ်နေသည်။
ထိုကလေးသည် အပွင့်တူ ၃ကတ်ရမှ သူ့ကို အနိုင်ရမှာ ဖြစ်သည်။
ဒါပေမယ့် အပွင့်တူဖို့က မျှော်လင့်ချက်ရှိလို့လား။
အံ့ဖွယ်တစ်ခုသာ မဖြစ်လျှင် ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်နည်းလှသည်။
လူတိုင်းက ခေါင်းခါကြသည်။
သူတို့သည် ယဲ့ဖန်အပေါ် အမြင်သိပ်မကောင်းကြတော့ပေ။
" ဒီပွဲရဲ့ ရလဒ်က အဆုံးအဖြတ်ပေးပြီးသားလို့ မြင်တယ်။ အပြောင်းအလဲ မရှိနိုင်ဘူး "
" ဟုတ်တယ်၊ ဒီကလေးက ရင်ခုန်ဖို့ အခွင့်အရေး လေးပုံတစ်ပုံပဲရှိတယ်။ ဖြစ်နိုင်ခြေက နည်းလွန်းတယ် "
" တစ်ချီတည်း ၅သောင်းကနေ ၆သောင်းထိ ရှုံးတာပဲ။ စိတ်လှုပ်ရှားစရာ ကောင်းလွန်းတယ် "
" ပထမထပ်မှာ ဒီလောက် ကြီးကျယ်တဲ့ လောင်းကစားပွဲကို မြင်ရဖို့ မမျှော်လင့်ထားဘူး။ ဒီနေ့ ခရီးစဉ်က အရမ်းတန်တယ် "
" ဆက်ကြည့်ဖို့ လိုမယ်တောင် မထင်ဘူး ဟုတ်တယ်မလား။ အဆုံးအဖြတ်က သိနေပြီးသားပဲ "
" ဒီအစ်ကိုကြီးက တကယ်ကို မှန်ကန်တဲ့ အလောင်းအစား လုပ်ခဲ့တာပဲ။ တစ်ကြိမ်တည်းနဲ့ ရှုံးလိုက်ရတဲ့ ပိုက်ဆံတွေ အားလုံးအပြင် ယွမ် ၁သောင်းကျော်တောင် ထပ်ရလိုက်သေးတယ် ...... "
ယဲ့ဖန်၏ အခြေအနေကို ဘယ်သူကမှ အကောင်းမြင် မပေးနိုင်ကြပေ။
သူတို့တွင် ရလဒ်အတွက် မျှော်မှန်းထားသည် မရှိချေ။
ယဲ့ဖန်သည်လည်း မည်သည့် လှည့်ကွက်ကိုမှ မကစားခဲ့ချေ။
နောက်ဆုံးကတ်ကို ကောက်ယူပြီး စားပွဲပေါ်ပစ်ချလိုက်သည်။
ထို့နောက် နေရာတွင် အသံများ ပျောက်ကွယ်သွားခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
အပိုင်း ( ၈၉၁ )
ဒုတိယထပ် တက်မလို့။ သတ္တိရှိရင် လိုက်ခဲ့
ယဲ့ဖန်၏ နောက်ဆုံးကတ်မှာ 6♠️ဖြစ်သည်။
သုံးကတ်မှာ 2♠️, 8♠️, 6♠️တို့ ဖြစ်ကြသည်။
ယဲ့ဖန်သည် ထိုကစားပွဲကို နိုင်သွားသည်။
" ဘာလဲဟ၊ အပွင့်တူတာလား။ သူ ကံက နည်းနည်းလေး ပုံမှန် ဟုတ်မနေဘူးဘဲ "
" ဂဏန်းတန်းနဲ့ အပွင့်တူရဲ့ ယှဉ်ပြိုင်မှုလား။ ဒါက အစစ်အမှန်ရော ဟုတ်ရဲ့လား "
" ဒီညီလေးရဲ့ ကံက ဒီလောက်တောင် ကောင်းနိုင်တာပဲလား။ သူ ဘယ်လိုလုပ်ပြီး နိုင်သွားတာလဲ "
" ငါသာ ဒီညီလေးကို မျက်တောင်မခတ် ကြည့်နေခဲ့တာ မဟုတ်ရင် သူ ညစ်ဆော့တာလို့ ထင်မိမှာ "
" ငါလည်း ဆက်တိုက် ကြည့်နေခဲ့တာ။ ဒါပေမဲ့ ၁၀၀ရာခိုင်နှုန်း သေချာတယ်။ ဒီညီလေးက လုံးဝ ညစ်ဆော့နေတာ မဟုတ်ဘူး "
" ဟုတ်တယ်၊ ကတ်တွေကလည်း ကာစီနိုကကတ်တွေ။ မွှေတဲ့သူကလည်း ကြုံရာရွေးထားတာ။ သူ ညစ်ဖို့က လုံးဝကို မဖြစ်နိုင်တာကြီးပဲ "
" သူ့ရဲ့ ဒီနေ့ကံက အရမ်းကို ကောင်းလွန်းနေတာလို့ပဲ ပြောနိုင်တော့တယ် "
" ကံကောင်းလို့ ငါ အချိန်မီ ပွဲထဲက ထွက်လိုက်နိုင်တာ။ မဟုတ်ရင် ငါ အခုဆို ငိုစရာနေရာတောင် ရှိမှာ မဟုတ်ဘူး "
" သူရဲဘောကြောင်တာက သူရဲဘောကြောင်တာကို ဘာလို့ ထက်မြက်တဲ့ပုံစံ လုပ်နေတာလဲ "
" ဒါပေမဲ့ သေတွင်းထဲ ဆင်းတာထက်တော့ အများကြီး ပိုကောင်းပါသေးတယ် ...... "
လူတိုင်းသည် ထိုရလဒ်ကြောင့် အလွန်ကို အံ့အားသင့်နေကြသည်။
ရွံစရာကောင်ဒသော သက်လတ်ပိုင်းအမျိုးသားသည် ဤအချီတွင် အနိုင်ရမည်ဟု သူတို့ ထင်ခဲ့ကြသည်။
ထို့အပြင် သူသည် နံပါတ်တန်းသည်အထိ အလွန်ကံကောင်းခဲ့သည်။
သို့သော်လည်း သူတို့သည် ဤမျှလောက်ထိ မြန်ဆန်စွာ အခြေအနေ ပြောင်းသွားလဲမည်ဟု မမျှော်လင့်ထားပေ။
သူတို့ပင် မပြောနှင့် ထိုသက်လတ်ပိုင်းအရွယ် ယောက်ျားကပင် သူ သေချာပေါက် အောင်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။
သူသည် အောင်ပွဲခံရန်ပင် ပြင်ဆင်ခဲ့သည်။
နောက်ဆုံးတွင် သူ့ပြိုင်ဘက်၏ အပွင့်တူခြင်းက သူ့ကို အံ့အားသင့်စေခဲ့သည်။
သူသည် မယုံကြည်နိုင်စွာ မျက်လုံးကို ပွတ်သပ်ကာ ပြန်ကြည့်လိုက်သည်။
မှန်နေသည်။
ထိုသည်မှာ အပွင့်တူဖြစ်သည်။
သူ ရှုံးသွားခဲ့သည်။
လုံးဝပင် ရှုံးခဲ့ရသည်။
သူ့လက်ထဲတွင် တိုကင်ပြားတစ်ခုမှ မကျန်တော့ပေ။
သူသည် မကောင်းသော ဖဲချပ်များကို ဆွဲခဲ့မိလျှင်ပင် ပို၍ ခံစားရ သက်သာပေလိမ့်မည်။
သို့သော် သူသည် ကတ်ကောင်းကို ဆွဲယူနိုင်ခဲ့ပြီး ထိုကတ်များကြောင့်သည် ဤဂိမ်းအား နိုင်မည်ဟုပင် ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။
သို့သော် နောက်ဆုံး၌ ကျရောက်လာသော အမှန်တရားသည် သူ့ကို နောက်ထပ် ထိုးနှက်ချက်တစ်ခု ပေးခဲ့တယ်။
သူ၏ ကမ္ဘာကြီးမှာ လှည့်ပတ်သွားသလို ခံစားလိုက်ရပြီး မေ့လဲချင်သလို ဖြစ်သွားသည်။
တစ်ဖက်သူသည် ဤကစားပွဲအား ကစားရန်ပင် ရည်ရွယ်ချက် မရှိပေ။
သူသည်သာ တစ်ဖက်လူကို ကစားရန် အတင်းနှောင့်ယှက်ခဲ့သူ ဖြစ်သည်။
နောက်ဆုံး၌ သူသည် အစက ရှုံးခဲ့သောငွေများကို ပြန်လည် အနိုင်မယူနိုင်ခဲ့ရုံသာမက နောက်ထပ် ယွမ် ၅သောင်းကျော် ၆သောင်းအထိ ရှုံးခဲ့ရသည်။
ဒါက သူ့ကို အရမ်းစိတ်ဓာတ်ကျစေပြီး သွေးအန်ချင်သွားတယ်။
ယဲ့ဖန်ကို စိတ်ပူနေခဲ့သော ချန်းဖေးအယ် သည်လည်း ပျော်ရွှင်စွာ ပြုံးနေတော့သည်။
ယနေ့မနက်တွင် ယဲ့ဖန်မှ သူမအား ဆွဲခေါ်ပြီး ဒုက္ခရှာမည်ဟု ပြောခဲ့စဉ်က ထိုကောင်လေး ရူးနေသည်ဟု သူမ ထင်ခဲ့သည်။
ဤသို့ အဆင့်မြင့်လှသေည ကာစီနိုကြီးတစ်ခုတွင် နေရာတိုင်းအား စောင့်ကြပ်နေမည့် လုံခြုံရေးများနှင့် လောင်းကစားပညာရပ်၌ အင်မတန်ကျွမ်းကျင်သော ပညာရှင်များစွာ ရှိမည်မှာ သေချာသည်။
အဲ့တာကို 'ပြဿနာရှာ'ဖို့ ဘယ်လိုလုပ်ပြီး လွယ်နိုင်မှာလဲ။
ချောင်ဝမ်းဟွေ့လို လောင်းကစားရူးနေတဲ့သူကို နိုင်သွားတာနဲ့ လောင်းကစားမြို့ကြီးရဲ့ အကြီးစား ကာစီနိုရုံကြီးမှာ အောင်နိုင်မယ်လို့ သူ တကယ်ကြီး ထင်နေတာလား။
သို့သော် ယဲ့ဖန်မှ အကြိမ်အနည်းငယ် ဆက်တိုက် နိုင်ထားသည်ကို မြင်ပြီးသောအခါ သူမသည် ယနေ့ တာဝန်ဆောင်ရွက်ချက်အပေါ် ပို၍ ယုံကြည်ချက် ပြည့်လာခဲ့သည်။
သူမ မတတ်နိုင်ဘဲ စောင့်မျှော်နေမိသည်။
ယဲ့ဖန်သည်သာ ဤတော်ဝင်နန်းတော်ကာစီနိုရုံကြီးအား အမှန်တကယ် ဖြိုခွင်းနိုင်မည်ဆိုလျှင် ကာစီနိုနယ်မြေကြီးတစ်ခုလုံး တုန်လှုပ်သွားစေမည့် အဖြစ်မျိုး ဖြစ်လာနိုင်မည်မှာ သေချာသည်။
" ပိုက်ဆံယူပြီးရင် ထွက်သွားမယ် "
ယဲ့ဖန်သည် အနိုင်ရပြီးနောက် အချိန်တစ်စက်လေးမျှ ဖြုန်းမနေချင်ပေ။
ထို့ကြောင့် ချန်းဖေးအယ်အား တိုကင်ပြားများအား သိမ်းဆည်းရန် ညွှန်ကြားပြီးသည့်နောက် ဒုတိယအထပ်သို့ တက်ရန် ပြင်ဆင်လေသည်။
သို့သော် မသတီစရာကောင်းသော မျက်နှာထားဖြင့် လူကြီးသည် ကစားပွဲဝိုင်းပေါ်မှ တိုကင်ပြားများ အသိမ်းခံလိုက်ရသည်ကို မြင်ပြီးနောက် ချက်ချင်းပင် အသိစိတ်များ လွတ်ထွက်လာကာ တိုကင်ပြားများကို တတ်နိုင်သမျှ လက်မောင်းဖြင့် သိမ်းကြုံးယူထားလေသည်။
" မင်း ထွက်သွားလို့ မရဘူး။ မင်းနဲ့ ဒီနေ့ ဆုံးတဲ့အထိ လောင်းသွားမှာ။ မင်းမှာရှိသမျှ လောင်းရဲလို့လား။ နောက်တစ်ပွဲကစားရဲလား "
ယဲ့ဖန် သူ့လက်ကို ချက်ချင်း ဖယ်ထုတ်လိုက်သည်။
" ခင်ဗျား ရူးနေတာလား။ မရှုံးရဲရင် မကစားနဲ့ "
ထိုသို့ဖြင့် ယဲ့ဖန်မှ ထွက်သွားရန် ပြင်သည်။
သို့သော် ထိုလူကြီးသည် လွှတ်ပေးရန် ငြင်းဆိုနေဆဲဖြစ်သည်။
" မရဘူး၊ မင်း ထွက်သွားလို့ မရဘူး။ မင်း ငါနဲ့ ထပ်မလောင်းရဲရင် မင်းက ယောက်ျား မဟုတ်ဘူး "
ဘေးမှ ဝိုင်းအုံကြည့်နေကြသော လူများသည် ထိုသက်လတ်ပိုင်းအမျိုးသား အဓိပ္ပာယ်မရှိသော တောင်စဉ်ရေမရ စကားများကြောင်း ပြောစရာစကားပင် ပျောက်ရှရသည်။
" ဒီလူက ဘာလဲဟ။ ပိုက်ဆံရှုံးတာနဲ့ ဒီလိုဖြစ်သွားရောလား "
" ဟုတ်တယ်၊ ဘယ်လိုလုပ်ပြီး ဒီလိုလူ ရှိနေရတာလဲ။ ပိုက်ဆံရှုံးတာနဲ့ တစ်ဖက်လူကို ဒီလိုကြီး တွယ်ကပ်နေရရောလား "
" ဒီတစ်ယောက်ရဲ့ လောင်းကစားစိတ်ဓာတ်က တော်တော်လေးဆိုးတာ ငါသိလိုက်တယ်။ အဲ့တာကြောင့် ကစားဝိုင်းကနေ ဖယ်လိုက်တာပဲ "
" မင်းက လူကြားကောင်းအောင် ပြောနေတာပဲ။ ဒါပေမဲ့ မင်းက ဟိုညီလေးကို ကြောက်လို့ ထွက်လိုက်တာ မဟုတ်ဘူးလား "
" အဟွတ်အဟွတ်၊ ငါလည်း အကြပ်အတည်းကြုံရလိုပေါ့ကွ။ ငါ့ကို မျက်နှာသာလေး ပေးလို့တောင် မရဘူးလားကွ "
" ဒီလိုလူမျိုးကို ကာစီနိုထဲကနေ မောင်းထုတ်သင့်တယ် "
လူတိုင်းသည် ထိုရွံစရာကောင်းသော သက်လတ်ပိုင်းယောက်ျားကို စတင် ကျိန်ဆဲနေကြသော်လည်း ထိုလူကြီးကတော့ တစ်စက်လေးမှ မတုန်လှုပ်ပေ။
သူသည် ယဲ့ဖန်ကိုသာ စိုက်ကြည့်နေသည်။
ယဲ့ဖန်ကလည်း သူ့ကို အေးစက်စွာ ပြန်ကြည့်နေသည်။
" ကျုပ်က ဒုတိယထပ်သွားမှာ။ သတ္တိရှိရင် လိုက်ခဲ့ "
ထိုသို့ဖြင့် ထိုလူကို တွန်းထုတ်လိုက်ပြီး ချန်းဖေးအယ်ကို ခေါ်ကာ ဒုတိယထပ်သို့ တက်သွားခဲ့သည်။
ယဲ့ဖန်အနောက်သို့ လိုက်၍ ပွဲကြည့်သူများမှာ ကူကယ်ရာမဲ့စွာဖြင့် ရပ်လိုက်ကြရသည်။
ဒုတိယထပ်သို့ သွားချင်သူများသည် အနည်းဆုံး ယွမ် ၁သိန်းဖိုး တိုကင်ပြားများရှိရသည်။
သူတို့သည် ထိုမျှထိ ပိုက်ဆံ မတတ်နိုင်ကြပေ။
ထိုမသတီစရာကောင်းသော လူကြီးသည် သူတို့နှစ်ယောက်၏ ကျောပြင်ကို ကြည့်နေပြီး တွန့်ဆုတ်သွားသည်။
သူသည် သူ၏ ဘဏ်ကတ်ထဲတွင် ယွမ် ၂သောင်း ၃သောင်းလောက်သာ ကျန်တော့သည်။
သူသည် ဒုတိယထပ်သို့ ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီရန် ယွမ် ၇သောင်း၊ ၈သောင်းလောက် လိုအပ်သည်။
သူသည် ထိုကလေးဆီ၌ ရှုံးထားသည့် ပမာဏမှာ အလွန်များလေသည်။
ထို့ကြောင့် ပိုပြီး ပြန်ရရပေမည်။
သူသည် အံကိုကြိတ်လျက် ရှေ့ကောင်တာစားပွဲဆီသို့ လျှောက်သွားသည်။
ကာစီနိုနယ်မြေရှိ ကာစီနိုများတွင် ချေးငွေပေးသည့် ဝန်ဆောင်မှုရှိသည်။
ပုံမှန် လာကစားလေ့ရှိသည့် လောင်းကစားသမား ဖောက်သည်များသည် ပမာဏအမျိုးမျိုးဖြင့် ချေးငွေယူနိုင်သည်။
သို့သော် သိသာစွာပင် အတိုးနှုန်းသည် လွန်စွာ မြင့်မားလေသည်။
သူ၏ အဆင့်ကဲ့သို့သော ဖောက်သည်မျိုးသည် အများသောအားဖြင့် ၉မှ ၁၃ တိုးဖြင့် ပြန်ပေးရသည်၊
ဆိုလိုသည်မှာ ချေးငွေ ၁၀၀၀၀ ယူလျှင် ၉၀၀၀ သာရမည်ဖြစ်ပြီး စုစုပေါင်း ၁၃၀၀၀ ပြန်ပေးရမည် ဖြစ်သည်။
သတ်မှတ်ထားသည့် ရက်အတွင်း မပေးနိုင်ပါက အကြီးစား အတိုးဖြင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အဆုံးသတ်မှာလည်း သေချာပေါက် ကောင်းနိုင်မည် မဟုတ်ပေ။
သို့သော် သူသည် အရှုံးကြောင့် မျက်ကန်းဖြစ်နေပြီး ဘာကိုမှ ဂရုမစိုက်နိုင် ဖြစ်နေတော့သည်။
သူသည် သူ ယနေ့တွင် ရှုံးခဲ့သမျှ ပိုက်ဆံများကို ပြန်မရပါက အိပ်ရာပေါ်တွင် လှဲ၍ အိပ်နိုင်မည်ပင် မဟုတ်ချေ။
အဆုံးတွင် ကာစီနိုရုံနှင့် ဆွေးနွေးပြီးသည့်နောက် ချေးငွေ ယွမ် ၁သိန်း ယူနိုင်ခဲ့သည်။
သေချာပေါက်ပင် သူသည် ၉သောင်းသာ ရခဲ့သည်။
တစ်ပတ်အတွင်း ယွမ် ၁သိန်း၃သောင်း ပြန်ဆပ်ရမည် ဖြစ်သည်။
သူ သတ်မှတ်ထားသည့် ရက်ထက် တစ်ပတ်ကျော်ပါက ၂ဆဖြစ်သည့် ၂သိန်း ၆သောင်း ပေးရမည်။
နှစ်ပတ်ကျော်လျှင် ၂သိန်း ၆သောင်း၏နှစ်ဆ ၅သိန်း ၂သောင်းပေးရမည်။
စသည်ဖြင့် အကြွေး အတိုးနှုန်းမှာ နှစ်ဆတိုးဖြင့် အပတ်တိုင်း ပိုများလာပေလိမ့်မည်။
ထိုမသတီစရာကောင်းသော သက်လတ်ပိုင်း ယောက်ျားသည် ချေးငွေ ၉သောင်းနှင့် သူ၏ လက်ကျန်ဘဏ်ထဲမှ ၃သောင်းတို့ပေါင်းလျက် တိုကင်ပြားများကို ၁သိန်း ၂သောင်းဖိုး လဲခဲ့သည်။
သူ၏ မျက်လုံးများမှာ လူသတ်ငွေ့များနှင့် ပြည့်နှက်နေပြီး ယဲ့ဖန်တို့ သွားရာ ဒုတိယအထပ်ဆီသို့ အလျင်အမြန် တက်သွားလေသည်။
သူသည် သတိတရားကို လေထဲသို့ ဝဲပစ်လိုက်ပြီ ဖြစ်၏။
အကယ်၍ သူသည် ထိုကောင်လေးကို မနိုင်ပါက ယနေ့ချက်ချင်း ဒေဝါလီခံရမည်ဖြစ်ပြီး လူဟုပင် သမုတ်၍ မရနိုင်တော့မည့် အခြေအနေသို့ ရောက်သွားပေလိမ့်မည်။
ပိုက်ဆံသည်သာမက မိန်းမတစ်ယောက်ကိုလည်း လက်လွှတ်လိုက်ရမည်။
သူသည် ထိုအရာအားလုံးကို လက်ဝယ်ရရှိ ပိုင်ဆိုင်လိုသည်။
အနိုင်ရလိုသည်။
ကောင်လေး၊ မင်း သေဖို့သာ ပြင်ထားတော့။
အပိုင်း ( ၈၉၂ )
ဒီရှင်းပြချက်ကို ကျေနပ်လား။
ဒုတိယထပ်ရှိ လေထုနှင့် ပတ်ဝန်းကျင်အနေအထားသည် ပထမထပ်ထက် များစွာသာလွန် ကောင်းမွန်သည်။
ဒုတိယထပ်သို့ တက်နိုင်သူများသည် မိသားစုနောက်ခံအသေးစား ရှိကြသူများဖြစ်သည်။
ထို့ကြောင့် အနည်းနှင့်အများ ဂုဏ်ရှိသူများ ပီသစွာ ပထမထပ်မှ လူများကဲ့သို့ အိန္ဒြေမဲ့စွာ ပြုမူခြင်းမျိုး မရှိကြပေ။
ထို့အပြင် ဒုတိယထပ်တွင် ပထမထပ်ကဲ့သို့ မဟုတ်ဘဲ ကစားဝိုင်းတစ်ခုချင်းစီတွင် ကတ်မွှေပြီး ဝေပေးသည့် ကိုယ်စားလှယ်များ ရှိသည်။
အလကားသောက်၍ ရနိုင်သော သောက်စရာမျိုးစုံ၊ အချိုရည် စသည်တို့လည်းရှိကာ ဒုတိယထပ်ရှိ ဝန်ဆောင်မှုများမှာ အတော်လေး ကောင်းမွန်ပြီး စိတ်ကျေနပ်စရာကောင်းလေသည်။
ယဲ့ဖန်သည် ပထမဦးစွာ သူ၏ တိုကင်ပြားများကို လဲခဲ့သည်။
တိုကင်ပြားများကို လဲပြီးသော်လည်း ယဲ့ဖန်သည် ကစားဝိုင်း၌ တန်း၌ ပါဝင်ပြီး လောင်းကြေးတင်ရန် အလောမကြီးပေ။ ထိုအစား ဒုတိယထပ်၏ ခန်းမကြီးတစ်လျှောက်တွင် ခဏကြာ လှည့်လည် ပတ်ကြည့်နေသည်။
ယဲ့ဖန်သည် ဟိုသည်လမ်းလျှောက်နေသည်ဟု ထင်ရသော်လည်း အမှန်တွင် သူသည် ဒုတိယထပ်ရှိ လောင်းကစားသမားများထဲမှ မည်သူက လှည့်ဖျားပြီး ကစားတတ်သည်တို့ကို တိတ်တဆိတ် စောင့်ကြည့်လေ့လာနေခြင်း ဖြစ်၏။
လေ့လာမှုအချို့ ပြီးသည့်နောက် လိမ်လည်ကစားသော လောင်းကစားသမားတစ်ယောက်ကို အမှန်ပင် ရှာတွေ့ခဲ့သော်လည်း ထိုလိမ်လည်ကစားသူ၏ အရည်အချင်းမှာ အတော်လေးနိမ့်ပါးလှသည်။
လိမ်ညာ ဆော့ခြင်းကို ဝမ်ချန်းနှင့် ဝူချန်းဟူ၍ နှစ်မျိုး ခွဲထားသည်။
ဝမ်ချန်းလိမ်နည်းသည် စနစ်မှ ယဲ့ဖန်အားပေးသော နည်းလမ်းတစ်ထောင် လိမ်လည်လှည့်ဖြားနည်းမျိုးဖြစ်သည်။
ဝူချန်းနည်းလမ်းများမှာတော့ လိမ်ကစားရန် လှည့်ကွက်များ ဖဲအပိုဆောင်ခြင်းများ စသည်တို့ဖြစ်သည်။
နှစ်မျိုးစလုံး၌ ကောင်းကွက်များနှင့် ဆိုးကွက်များရှိကြသည်။
ယဲ့ဖန်ကျွမ်းကျင်သော လှည့်စားနည်းမှာ ကိုယ်ပေါ်၌ မြင်သာသော သက်သေမကျန်သည့် တရားခံဖမ်းရန် ခက်ပေသည်။
ဆိုးချက်မှာ ထိုလှည့်စားခြင်း အတတ်ပညာကို ကျွမ်းကျင်ရန် အချိန်ကြာမြင့်စွာ ပေးရခြင်းဖြစ်ပြီး ပွဲချိန်လည်း ကြာတတ်ကာ ပါရမီရှိရန် လိုအပ်ချက်များမှာလည်း အလွန်တရာပင် ကြီးမားလှသည်။
ပါရမီမပါရှိပါက မည်မျှပင် အချိန်ပေး၍ လေ့ကျင့်သည်ဖြစ်စေ ကျွမ်းကျင်သူဖြစ်ရန်မှာ ခက်ခဲလွန်းလှမည်။
ယဲ့ဖန်ကဲ့သို့ စနစ်မှ ဆုလာဘ်အဖြစ် နည်းတစ်ထောင်လှည့်စားခြင်းအတတ်ကို ပေးထားသည် မဟုတ်ပါက သူ၏ လက်ရှိအဆင့်အနေအထားသို့ ရောက်ရှိရန်မှာ ၁၀နှစ်မက ကြာပေလိမ့်မည်။
သာမာန်လောင်းကစားသမားများသည် ထိုသို့လေ့ကျင့်ရန် စိတ်ရှည်ခြင်းမရှိသောကြောင့် ထိုလူအများစုသည် ဝူချန်းလှည့်ကွက်နည်းကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။
ဝူချန်း၏ အားသာချက်မှာ စတင်ရန် လွယ်ကူခြင်းပင် ဖြစ်သည်။
နှစ်လမှ သုံးလအတွင်း လေ့ကျင့်ပြီးသည်နှင့် ကျွမ်းကျင်အောင် လုပ်နိုင်လေသည်။
သို့သော် အားနည်းချက်မှာ သေချာပေါက် လက်ပူးလက်ချက် မိပေလိမ့်မည်။
ဖမ်းမိသွားသည်နှင့် လှည့်ကွက်သုံး ပစ္စည်းများပါအတူ ဖမ်းမိသွားနိုင်ကာ လွတ်မြောက်ချင်သော်လည်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ယဲ့ဖန် မြင်လိုက်သော လှည့်စား၍ကစားနေသူသည် ပစ္စည်းတစ်ခုကို အသုံးပြုကာ လှည့်စားနေသည်။
ထို့အပြင် ထိုကစားသမား၏ နည်းစနစ်များကို ကြည့်လိုက်ပါက သူတို့သည် အချိန်အတော်ကြာ လေ့ကျင့်ထားသူ မဟုတ်သည်ကို တွေ့နိုင်သည်။
သူကိုယ်သူ ဖော်မိသွားမလို ဖြစ်စေသည့် အကြိမ်အနည်းငယ် ရှိနေခဲ့သည်။
ယဲ့ဖန်က မတတ်နိုင်ဘဲ ပြုံးလျက် ခေါင်းခါမိလိုက်သည်။
ဒီတစ်ယောက်က တကယ် သည်းခံနိုင်စွမ်းမရှိဘူးဘဲ။
ဒီလိုအရည်အချင်းမျိုးနဲ့ သူ ဘယ်လိုလုပ်ပြီး လိမ်ကစားရဲတာလဲ။
သူက သေမှာကို တကယ်ကြီး မကြောက်ဘူးလား။
နည်းလမ်းတကျ ပြောရရင် ဒီလိုအပေါစားအကွက်တွေသုံးပြီး လိမ်ကစားနေတဲ့သူကို ကာစီနိုရုံက တွေ့ပြီးလောက်ပြီ မဟုတ်ဘူးလား။
ဘာလို့ ဘာလှုပ်ရှားမှုတစ်ခုမှ မရှိသေးတာလဲ။
သေချာပေါက် မကြာမီမှာပင် လူအုပ်ထဲမှ ကာစီနိုရုံ၏ အစောင့်နှစ်ယောက်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
အမှန်ပြောရလျှင် ကာစီနို၏ မီးအမှောင်များသည် ကာစီနိုရုံအား လျှို့ဝှက်စွာ လှည့်ပတ်စေရန် တာဝန်ရှိသည်။
လိမ်လည်လှည့်စားသူ တစ်ဦးကို တွေ့ရှိပါက အစောင့်များသည် လောင်းကစားရုံတာဝန်ရှိသူများဆီသို့ ချက်ချင်း သတင်းပို့မည်ဖြစ်သည်။
ထိုအခါ မီးအသေးစားကိုင်ကာ အစောင့်များသည် ထိုလိမ်ကစားသူကို ခဏတာ စိုက်ကြည့်နေခဲ့သော်လည်း ချက်ချင်း မဖမ်းဆီးခဲ့ပေ။
ထိုအချိန်တွင် ဖဲချပ်များကို ကစားပွဲမှ ကတ်ဝေကိုယ်စားလှယ်က ဝေပေးသည့်အခါ ထိုလူသည် အခြားကတ်များကို သူ့အင်္ကျီလက်ထဲမှ လျှို့ဝှက်စွာ ထုတ်ယူလိုက်သည်။
လူတိုင်းကို လှည့်ဖြားနိုင်ခြင်းအတွက် သူ့ကိုယ်သူ ဂုဏ်ယူနေသကဲ့သို့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ထိုအခါ အစောင့်နှစ်ယောက်သည် နောက်ဆုံးတွင် စတင်လှုပ်ရှားလာသည်။
သူတို့သည် ထိုကစားဝိုင်းသို့ လမ်းလျှောက်လာကာ ထိုလူ၏ ပုခုံးကို ဖိလိုက်သည်။
" ဆရာ၊ ငါတို့နဲ့ လိုက်ခဲ့ပါ "
ထိုလူသည် ခဏတာ အံ့အားသင့်သွားသော်လည်း ချက်ချင်း ပြန်သတိကပ်လိုက်သည်။
" ဘာဖြစ်တာလဲ "
အစောင့်မှ သူ့ကို ဟက်ခနဲ နှာမှုတ်ကာ လှောင်ပြောင်လိုက်သည်။
" ဘာတွေဖြစ်နေတာလဲဆိုတာ သိသင့်တယ်မဟုတ်လား။ မင်း ငါတို့နဲ့ ထွက်သွားချင်လား။ ဒါမှမဟုတ် ဒီမှာပဲ ဖြေရှင်းချင်လား "
ရောက်ရှိလာသူအားလုံးသည် လောင်းကစားလောက၌ ကျင်လည်နေကြသူများ ဖြစ်ကြသည်။
ဒီလိုဖြစ်နေတာတွေက ဘာလဲဆိုတာ သူတို့ ဘယ်လိုလုပ် မသိဘဲနေမှာလဲ။
သူတို့သည် လုပ်နေသည်များကို ရပ်ပြီး ပွဲကြည့်ကြသည်။
လူများစွာမှ သူ့ကို ကြည့်နေသည်ကို မြင်ပြီး ထိုလိမ်ကစားသူသည် ရှက်ရွံ့သွားကာ အရှက်တရားကြောင့် ဒေါသထွက်လာပြီး ချက်ချင်းပင် ထွက်ပြေးသွားခဲ့သည်။
" ဘာကိုဆိုလိုတာလဲ။ မင်းတို့ရဲ့ ကာစီနိုက ဖောက်သည်တွေကို ဒီလိုပဲ ဆက်ဆံတာလား။ ဟမ်း၊ ဒါဆို ငါ ဆက်မကစားတော့ဘူး၊ ဟုတ်ပြီလား။ ဒီလိုဆိုးရွားတဲ့ ကာစီနိုကို ဘယ်တော့မှ ထပ်မလာဘူး "
သူသည် စကားပြောနေလျက် သူ၏ တိုကင်ပြားများကို ကောက်ယူပြီး ထွက်ခွာရန် ပြင်ဆင်သည်။
သို့သော်လည်း အစောင့်နှစ်ယောက်သည် သူသွားရာလမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။
" ဆရာ၊ လောလောဆယ် မင်း ထွက်သွားလို့ မရမှာကို ငါတို့ စိုးရိမ်တယ်။ အခု ငါတို့နဲ့အရင်လိုက်ခဲ့ပါ "
ထိုလူသည် ချက်ချင်းပင် ဒေါသတကြီးဖြင့် အော်ဟစ် ဟောက်လိုက်သည်။
" မင်းတို့ရဲ့ ကာစီနိုက ငါ ပိုက်ဆံရနေတာ တွေ့တော့ မင်းတို့က ငါ့ကို လိမ်ကစားတယ်လို့ စွပ်စွဲချင်နေတာလား။ ဒီလိုမျိုးနဲ့ စီးပွားရေးကို ဘယ်လိုလုပ်မှာလဲ။ ဒီအတိုင်းသာဆို နောက်ကျ ဘယ်သူက ဒီကိုလာပြီး ကစားရဲတော့မှာလဲ။ အားလုံးပဲ ဟုတ်တယ်မဟုတ်လား "
သူသည် ယုံကြည်မှု လုံလောက်စွာ မရှိသည်ဟု ခံစားမိသောကြောင့် အခြားလောင်းကစားသမားများကိုလည်း လှမ်းမေးကြည့်သည်။
သို့သော် အခြားသူများသည် တုံးအသော ငမိုသားများ မဟုတ်သောကြောင့် ထိုလူအား လျစ်လျူရှုလိုက်ကြသည်။
ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်တွင် ချစ်စရာကောင်းသော မိန်းကလေးအသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။
" အားလုံးပဲ စိတ်ချကြပါ။ ကျွန်မတို့ရဲ့ တော်ဝင်နန်းတော်ကာစီနိုရုံကို လာပြီး ကစားတဲ့ ဖောက်သည်တွေက ကျွန်မတို့ရဲ့ နတ်ဘုရားတွေပါ။ ကျွန်မတို့ရဲ့ ကာစီနိုက ဘယ်လိုဧည့်သည့်ကိုမှ ထိခိုက်စေမှာ မဟုတ်ဘူးလို့ အာမခံနိုင်ပေမဲ့ လိမ်ပြီး လှည့်စားတဲ့သူကိုတော့ ဘယ်တော့မှ လက်လွှတ်ပေးမှာ မဟုတ်ပါဘူး "
နေရာ၌ ရှိနေကြသူအားလုံးသည် အသံကြားရာသို့ လှည့်ကြည့်လိုက်သည့်အခါ သူတို့၏ အကြည့်များမှာ ရုတ်တရတ် ပူလောင်သလို ဖြစ်သွားရသည်။
မိတ်ကပ်ထူထူ ခြယ်သထားသော အမျိုးသမီးတစ်ဦးသည် သူတို့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန်၏ ရှုထောင့်မှ ကြည့်လျှင် Chen Xuan၏ အလှသည် ၉၅ မှတ်သာဆိုလျှင်
ထိုအမျိုးသမီး၏ အသွင်အပြင်မှာ အမှတ် ၇၀ ဝန်းကျင်သာရှိမည် ဖြစ်သည်။ သူမသည် အထူးတလည် လှပနေခြင်း မရှိခဲ့ပေ။
သို့သော် သူမဆီမှ မြင်နေရသော နူးညံ့သိမ်မွေ့မှုသည် သူမအား အမှတ်များစွာ တိုးစေသည်။
သူမသည် အနီရောင် လက်ကိုင်းမပါသော ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး သူမ၏ ပြေပြစ်သော ပုခုံးသားများကို ပေါ်လွင်နေစေသည်။ သူမ၏ ပုခုံးပေါ်တွင် နှင်းဆီတက်တူးတစ်ခုလည်း ရှိနေသည်။
ရှည်လျားသော ၀တ်စုံ၏ အနားကွပ်သည် သူမ၏ ပေါင်နေရာ၌ ကွဲသွားသည်။
သူမ၏ ခန္ဓာကိုယ်သည် လှုပ်ယမ်းပြီး လျှောက်လာသည်နှင့်အမျှ သူမ၏ လှပသောပေါင်သားမှာ ပေါ်လာပြီး အကွဲနေရာတွင် ပြန်လည်ပျောက်ကွယ်သွားသည်။
လောင်းကစားသမားများ အားလုံး၏ အကြည့်များမှာ အပူတက်လာသည်။
ယဲ့ဖန်သည်ပင် မတတ်နိုင်ဘဲ သူမ၏ ပေါင်များကို စိုက်ကြည့်မိသည်။
ထိုအချိန်၌ သူ၏ ခါးတစ်နေရာမှ စူးရှသေယ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်သည့်အခါ ချန်းဖေးအယ်မှ သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
" နင် ဆက်ကြည့်နေရင် နင့်မျက်လုံးတွေလည်း ပေါက်ထွက်သွားလိမ့်ဦးမယ် "
ယဲ့ဖန်သည် သူမကို စိုက်ကြည့်လိုက်သည်။
" အမှန်တိုင်းပြောရရင် ရုပ်ရည်အရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော မင်းက သူ့ထက် အများကြီးသာပေမယ့် မင်းက သူမလောက် ပရောပရီ မလုပ်တတ်ဘူး။ ဒီလိုမိန်းမမျိုးက ယောက်ျားတွေအတွက် ရိုးရှင်းပြီး ယစ်မူးစေတဲ့ ဆေးတစ်မျိုးပဲ "
ချန်းဖေးအယ်သည် သူ၏ အောက်တန်းကျသော စကားများကို ကြားသောအခါ ပို၍ပင် ဒေါသဖြစ်လာမိသည်။
သူမ သူနှင့် စကားဆက်မပြောချင်တော့ပေ။
ထိုမိန်းမသည် လိမ်ကစားသော ယောက်ျားဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
" မင်္ဂလာပါ၊ ကျွန်မက ကာစီနိုရဲ့မန်နေဂျာ ဟယ်လန်ပါ "
ထိုယောက်ျားသည် အာရုံပြန်ကပ်လာပြီးနောက် သူမကို ဒေါသတကြီး ကြည့်နေလိုက်သည်။
" မင်းက မန်နေဂျာ၊ ဟုတ်လား။ မင်းတို့ရဲ့ ကာစီနိုက ဖောက်သည်တွေအပေါ် ဆက်ဆံပုံက ဒီလိုပဲလား။ ငါ ဒီမှာပျော်နေတာကို သူတို့က ငါ့ကို ခေါ်သွားချင်နေတယ်။ ဒီနေ့ မင်း ငါ့ကို ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခု ပေးရမယ် "
ထိုအမျိုးသမီးမန်နေဂျာ ဟယ်လန်သည် ချက်ချင်းပင် ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်သည်။
" ကောင်းပြီ၊ ဒါဆို ရှင်နဲ့ တခြားသူတွေကို ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခု ပေးပါ့မယ် "
သူမသည် စကားပြောနေစဉ်တွင် ရုတ်တရက် လက်ဟန်ပြလိုက်သည်။
မည်သူကမှ မတုံ့ပြန်နိုင်ခင်တွင် အေးစက်သည့် အလင်းရောင်တစ်ခု အင်မတန်လျင်မြန်သော အရှိန်ဖြင့် လင်းလက်လာသည်။
ထိုယောက်ျား၏ ညာလက်အား လက်ကောက်ဝတ်နေရာမှ ဖြတ်တောက်ခဲ့လိုက်ရပြီး နေရာတွင် သွေးများစွာ စွန်းထင်းလာခဲ့သည်။
" ဒီရှင်းပြချက်ကို ကျေနပ်ရဲ့လား "
" ................... "
" ဟား ....... "
ရှိနေသူအားလုံးသည် သူတို့၏ ဦးရေပြားများ ထုံကျင်သွားသည်ဟု ခံစားလိုက်ရပြီး ကြောက်လန့်တကြား ဆုတ်ခွာသွားကြသည်။
လိမ်ကစားခဲ့သူသည် ချက်ချင်းပင် အော်ဟစ်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
ထိုအခိုက်အတန့်တွင် အေးစက်သောအမူအရာဖြင့် အမျိုးသားတစ်ဦးသည် သူ့လက်ထဲ၌ ဂျပန်ဆာမူရိုင်းဓားတစ်လက်ကို ကိုင်ဆောင်ကာ ထိုလက်ဖြတ်ခံရသူအရှေ့တွင် ရပ်နေသည်။
လိမ်ကစားသူကိုပင် ထိုယောက်ျားက မကြည့်ချေ။
အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ပြီး ဓါးပေါ်ရှိ ပေကျံသွားသော သွေးများကို ဖြည်းညှင်းစွာ သုတ်လိုက်သည်။ ထို့နောက် ဟယ်လန်အနောက်သို့ တိတ်တဆိတ် ပြန်ဆုတ်သွားခဲ့သည်။
သွေးထွက်သံယို မြင်ကွင်းများနှင့် ရင်းနှီးကျွမ်းဝင်သော ချန်းဖေးအယ် ကဲ့သို့သူတစ်ယောက်ပင် လွန်စွာ အံ့အားသင့်သွားခဲ့ရသည်။
မိန်းကလေးတစ်ယောက်သည် ပြုံးနေလျက်ဖြင့် ဤမျှ ရက်စက်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားချေ။
ထိုအချိန်တွင် ယဲ့ဖန်သည် သူ့မျက်လုံးများကို မှေးလိုက်ပြီး ထိုအမျိုးသမီးကို ခြေဆုံးခေါင်းဆုံးကြည့်ကာ အကဲခတ်လိုက်သည်။
ဟယ်လန်သည် လဲကျသွားသော ထိုလူ၏ လက်နားဆီသို့ လျှောက်သွားပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
သူမ၏ ရှည်လျားသော ခြေတံများသည် စကတ်အကွဲကြားမှ ထွက်လာပြီး လူများစွာ၏ ပါးစပ်ကို ချက်ချင်း ပွင့်စေခဲ့သည်။
သို့သော် လက်ရှိအခိုက်အတန့်တွင် ထိုအမျိုးသမီး ...... မဟုတ်ချေ ထို ရမက်ကြွယ်လှသည့် မကောင်းဆိုးဝါးနတ်ဆိုးမကို မည်သူကမှ မဆက်ဆံရဲကြပေ။
သူမသည် ပြတ်နေသောလက်ကို ကောက်ကိုင်လိုက်ပြီး ထိုလူ၏ အင်္ကျီလက်ကို မြှောက်လိုက်သည်။
ထိုလူ၏ လက်ကောက်ဝတ်ထဲ၌ ချည်နှောင်ထားသည့် ကြိုးနှင့်တူသော ကိရိယာတစ်ခု ရှိနေသည်ကို လူတိုင်း မြင်လိုက်ရသည်။
ထိုမိန်းကလေးမှ ခလုတ်ကို ညင်သာစွာ ဖိနှိပ်လိုက်သည်နှင့် ဖဲချပ်တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
အလွန်လျင်မြန်သောကြောင့် ထိုလိမ်လည်မှု လုပ်ဆောင်ချက်အား သာမန်လူများ၏ သာမန်မျက်စိဖြင့် ဖမ်းမိရန် ခက်ခဲလှသည်။