← Chapters

အပိုင်း ၈၉၃-၈၉၆

Vol. 45 Ch. 893-896

အပိုင်း ၈၉၃-၈၉၆

Vol. 45 Ch. 893-896

အပိုင်း ( ၈၉၃ )

ကောင်းလိုက်တဲ့နည်းလမ်း။

" လခွမ်း၊ သူက တကယ်ကြီး လိမ်ကစားတာလား "

" ငါ အခု သူနဲ့ အတူတူ တစ်စားပွဲတည်းမှာ ထိုင်နေခဲ့တာ။ သူ ဘာလို့ ဆက်တိုက် နိုင်ချည်းနိုင်နေတာလဲလို့ တွေးမိသေးတယ်။ ဒါဆို သူက လိမ်ကစားနေတာလား "

" ဒီကောင်က ခဏလေးနဲ့ ယွမ်ငွေ ၁သိန်းကျော် လိမ်စားသွားတာ "

" ဒီလိုလူမျိုးတွေက အရမ်းမုန်းစရာကောင်းတယ်။ သူ့လက်တစ်ဖက်တည်းကို ခုတ်လိုက်တာကတောင် လွယ်လွယ်နဲ့ လွတ်သွားတာပဲ "

" ခွေးသား၊ မင်းက ညစ်ပတ်တဲ့ လိမ်ကစားသမားပဲ။ မင်း သေဖို့ပဲ ထိုက်တန်တယ် "

ယခုအခါ သက်သေအထောက်အထားများ ခိုင်လုံသွားပြီဖြစ်၍ လူတိုင်း၏ စိတ်ထဲတွင် သံသယများ မရှိတော့ပေ။

သူတို့အားလုံးသည် ထိုလူကို ကျိန်ဆဲကြတော့သည်။

ထိုယောက်ျားအပေါ် မူလက စာနာစိတ်ရှိကြသည့် လောင်းကစားသမားအချို့ရှိခဲ့သော်လည်း ယခုအခါ အားလုံးသည် သူ့ကို အထင်အမြင်သေးစွာဖြင့်သာ ကြည့်နေကြတော့သည်။

ဟယ်လန်သည် ပြတ်နေသောလက်နှင့် ထိိုကိရိယာကို လိမ်ကစားသူအရှေ့သို့ ပစ်ချလိုက်သည်။

" ရှင့်မှာ ကျွန်မကို ရှင်းပြစရာရှိသေးလား "

ထိုအမျိုးသား၏ မျက်နှာသည် လွန်စွာပင် ဖြူဖျော့နေသည်။ တစ်စိတ်တစ်ပိုင်းမှာ သွေးများစွာ ဆုံးရှုံးသွားခြင်းကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းမှာ အလွန်ကြောက်လန့်နေခြင်းကြောင့် ဖြစ်သည်။

ကာစီနိုရုံများသည် လိမ်လည်ပြီး လောင်းကစားလုပ်သူများအပေါ် ဆက်ဆံပုံမှာ အလွန်ကြမ်းတမ်းသည်။

လက်ဆုံးရှုံးလိုက်ခြင်းသည် အပေါ့ပါးဆုံးသော ပြစ်ဒဏ်ဖြစ်သည်ဟု ဆိုနိုင်သည်။

ပို၍ပြင်းထန်သော ကိစ္စများဖြစ်ပါက ထိုလူသည် အသက်ကိုပင် ဆုံးရှုံးနိုင်သည်။

ထိုအကြောင်းကို တွေးမိပြီး ဟယ်လန်ကို အလျင်စလို မော့ကြည့်ကာ အပြင်းအထန် ဒူးထောက်အရိုအသေပေးတော့သည်။

မြေကြီးနှင့် အကြိမ်အနည်းငယ် ရိုက်မိပြီးနောက် နဖူးပေါ်၌ သွေးများပင် ထွက်လာတော့သည်။

" ကျွန်တော်မှားပါတယ်။ ခဏတာ ရူးသွားလို့ပါ။ ကျွန်တော်က လူလို့တောင် မခေါ်ထိုက်ပါဘူး။ ကျေးဇူးပြုပြီး အသက်ရှင်ပါရစေ။ ကျွန်တော် သေချာပေါက် ထပ်ပြီး မလုပ်ရဲပါဘူး ....... "

ဟယ်လန်သည် ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ယှက်လျက် တစ်ဖက်ကို ဖြည်းညှင်းစွာ ပြန်လည်မြှောက်လိုက်သည်။

ထိုအခါ လက်အောက်ငယ်သားတစ်ဦးသည် လျင်မြန်စွာဖြင့် ဟယ်လန်၏ စီးကရက်ကို လက်နှစ်ဘက်နှင့် ချက်ချင်း လာ၍ မီးညှိပေးသည်။

သူမသည် စီးကရက်ကို တစ်ရှိုက်ရှိုက်လိုက်ပြီး မီးခိုးတစ်လုံးကို မှုတ်ထုတ်လိုက်သည်။

" အားကျင်း၊ ငါတို့ ကာစီနိုရဲ့ စည်းမျဉ်းတွေအရ လိမ်ကစားတဲ့သူတွေကို ဘယ်လို အပြစ်ပေးရမလဲ "

သူမ အနောက်၌ စာရင်းကိုင်တစ်ယောက်ကဲ့သို့ မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ရှိနေသည်။

ထိုလူမှ ချက်ချင်း ပြတ်သားသော အသံနှင့် ပြန်ဖြေလိုက်သည်။

" ကျွန်တော်တို့ ကာစီနိုရဲ့ စည်းကမ်းတွေအရ ယွမ်၁သိန်းဖိုးအောက် လိမ်လည်ပြီး အနိုင်ရတဲ့သူ ဘယ်သူမဆို လက်တစ်ဖက် အဖြတ်ခံရပါမယ်။ ၁သိန်းနဲ့ ၂သိန်းကြားဆို လက်နှစ်ဖက် အဖြတ်ခံရမှာပါ။ ယွမ် ၂သိန်းနဲ့ ယွမ် ၃သိန်းကြားဆို ခြေတစ်ချောင်းအချိုးခံရမယ်။ ခြေနှစ်ချောင်း ........... "

စည်းမျဥ်းစည်းကမ်းများ ကြေငြာသံကို ကြားရုံနှင့်ပင် လိမ်ကစားသူသည် သေမတတ်ပင် ကြောက်လန့်နေပြီး အသနားခံရန်ကိုသာ တောင်းပန်ရတော့သည်။

ဟယ်လန်မှ သူ့ကို ငုံ့ကြည့်နေသည်။

" သူက ဘယ်လောက် အနိုင်ရထားတာလဲ "

လက်အောက်ငယ်သားတစ်ဦးသည် ထိုလူ၏ တိုကင်ပြားများကို ရေတွက်ပြီးဖြစ်၍ ချက်ချင်းပင် လေးစားစွာဖြင့် ပြန်ပြောပြသည်။

" သူ့ရဲ့အရင်းအနှီးငွေကို နုတ်ယူလိုက်ရင် သူက စုစုပေါင်း ယွမ် ၁၁၂,၈၀၀ ရရှိထားပါတယ် "

ဟယ်လန်၏ အနီရောင်တောက်တောက် နှုတ်ခမ်းများသည် အနည်းငယ် ကွေးတက်သွား၏။

" မင်း ဘာလုပ်ရမယ်ဆိုတာ မင်းသိလား "

သူမ စကားပြောပြီးသည်နှင့် ဆာမူရိုင်းဓားဖြင့်လူသည် တက်ကြွကာ အကြည့်များက တောက်လောင်သွားပြန်သည်။

ဒူးထောက်ပြီး အသနားခံ တောင်းနေတဲ့သူ၏ နောက်ထပ် လက်တစ်ဖက်ကိုလည်း ဖြတ်ပစ်လိုက်လေသည်။

ထိုတစ်ကြိမ်တွင်တော့ ထိုလူသည် အော်ပင် မအော်နိုင်လိုက်ပဲ မူးမေ့လဲသွား၍ ကာစီနိုမှ လူများက ခေါ်ဆောင်သွားခဲ့ကြသည်။

ထို့နောက် သန့်ရှင်းရေးသမားများ ရောက်ရှိလာပြီး ကြမ်းပြင်ကို သုတ်ကြ၎။

ထိုလူများသည် ဤကဲ့သို့ မြင်ကွင်းမျိုးကို များစွာ ကျင့်သားရနေကြပြီဖြစ်၍ သူတို့၏ မျက်နှာထားမှာ သာမန်အတိုင်း တည်ငြိမ်နေခဲ့သည်။

သွေးစွန်းနေသော မြင်ကွင်းသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ လျင်မြန်စွာ ရှင်းလင်းသွားသည်။

ဟယ်လန်သည် အခြားလောင်းကစားသမားများကို ပြန်ကြည့်လိုက်သောအခါ သူမ၏ ချစ်စရာကောင်းသော အပြုံးမှာ ပြန်လည်ပေါ်လာပြန်သည်။

" ရှင်တို့ရဲ့ တက်ကြွတဲ့ ညခင်းအချိန်ကောင်းလေးကို နှောင့်ယှက်မိလို့ စိတ်မကောင်းပါဘူး။ တောင်းပန်တဲ့အနေနဲ့ ကျွန်မတို့ရဲ့ ကာစီနိုက ဧည့်သည်တစ်ဦးချင်းစီကို တိုကင်ပြား ၁သောင်းဖိုးစီ ပေးချင်ပါတယ်။ ဒီလူနဲ့ အတူတူ တစ်စားပွဲတည်းမှာထိုင်ခဲ့တဲ့ ဧည့်သည်တိုင်းကလည်း ယွမ် ၅သောင်းစီ ရရှိဦးမှာပါ။ အားလုံးပဲ စိတ်မပျက်ကြဖို့ မျှော်လင့်ပါတယ် "

လောင်းကစားသမားများသည် ချက်ချင်းပင် ပြန်လည် ရွှင်မြူးသွားကာ အော်ဟစ်အားပေးကြသည်။

သူတို့သည် ပြပွဲကို ကြည့်ရှုလိုက်ရုံမှတပါး ဘာမှမလုပ်ဆောင်ခဲ့ဘဲ လျော်ကြေးအဖြစ် ယွမ် ၁သောင်း ရရှိခဲ့သည်။

ငွေလိမ်ခံလိုက်ရသော စားပွဲဝိုင်းမှ လူများကလည်း ပါးစပ်မပိတ်နိုင်လောက်အောင် ပျော်နေကြသည်။

သူတို့ထဲမှ အများဆုံး ဆုံးရှုံးခဲ့သူသည် ယွမ် ၁၀,၀၀၀မှ ၂၀,၀၀၀ကြားသာ ရှုံးခဲ့ခြင်းဖြစ်သည်။

ယွမ် ၅၀,၀၀၀ အလျော်ပေးခံရသဖြင့် သူတို့၏ စိတ်ထဲမှ စိတ်ဓာတ်ကျမှုမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ယဲ့ဖန်သည် မတတ်နိုင်ဘဲ စိတ်ထဲမှ 'ကောင်းလိုက်တဲ့နည်းလမ်း၊ တကယ် ကောင်းတဲ့နည်းလမ်း'ဟု ချီးမွမ်းမိသည်။

ပထမဦးစွာ သူမသည် ကာစီနိုပထမထပ်၌ ရှိနေသည့်လူတိုင်း၏ မြင်ကွင်းရှေ့တွင် ခြိမ်းခြောက်ရန် လိမ်ကစားသူ၏ လက်နှစ်ဖက်ကို မငဲ့ညှာပဲ ဖြတ်တောက်ပစ်လိုက်သည်။

ထို့နောက် သူမသည် ကစားသမားများ၏ စိတ်နှလုံးသားကို ပြန်လည်အနိုင်ယူရန် ကာစီနိုဘက်မှ ပေးဆပ်ကာ ငွေများပေးခဲ့သည်။

ချက်ချင်းဆိုသလိုပင် ထိုလောင်းကစားသမားများကို ချော့မော့လိုက်နိုင်သည်။

ကာစီနို၀န်ထမ်းများသည် လောင်းကစားသမားတိုင်းအား တိုကင်ပြားများကို လျင်မြန်စွာ ဝေပေးခဲ့ပြီး ချန်းဖေးအယ်သည်ပင် တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သည်။

အဆုံးတွင် ယဲ့ဖန်သည် အပိုတိုကင်ပြား ၁၀,၀၀၀ ရလိုက်သေးသည်။

" ဒါဆို ရှင်တို့ရဲ့ တက်ကြွနေတဲ့ စိတ်ဓာတ်ကို ကျွန်မ မနှောင့်ယှက်တော့ပါဘူး။ အားလုံးပဲ ပျော်ရွှင်ဖွယ်ညချမ်းလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် "

ဟယ်လန်သည်က လူတိုင်းကို ဦးညွှတ်ပြီး နောက် လှည့်ပြီး သူမလူတွေနှင့်အတူ ထွက်သွားသည်။

ယဲ့ဖန်အနားတွင် သူမ ဖြတ်သွားတဲ့အခါ ချစ်စရာကောင်းသည့် အပြုံးတစ်ခုကိုတောင် ပြုံးပြလိုက်သည်။။

အခြားယောက်ျားတစ်ယောက်သာ ဖြစ်လျှင် မထိန်းနိုင်လောက်အောင် စိတ်လှုပ်ရှားသွားပေလိမ့်မည်။

သို့သော် ယဲ့ဖန်၏ အကြည့်များမှာတော့ ငြိမ်သက်နေဆဲဖြစ်ကာ သူသည် သူမကို ပြန်၍ပင် အသာအယာ ခေါင်းညိတ်ပြသည်။

ယောက်ျားတစ်ယောက်သည် သူမ၏ ညှို့ငင်အားကို ခံနိုင်ရည်ရှိနေသောကြောင့် ဟယ်လန် အံ့သြသွားရသည်။

သို့သော် သူမသည် ရပ်လိုက်ခြင်း မရှိဘဲ ချက်ချင်းပင် သူမ၏ လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ထိုသို့ဖြင့် ရူးသွပ်သော ကိစ္စများ ပြီးသွားပြီးနောက် လိမ်ကစားခဲ့သည့် စားပွဲမှာ ချက်ချင်း အလွတ်ဖြစ်သွားတော့သည်။

လူတိုင်းသည် ထိုနေရာ၌ ကံမကောင်းသည်ကို တွေ့ပြီး ထိုစားပွဲ၌ မကစားချင်ကြတော့ပေ။

ယဲ့ဖန်သည် ကျရာစားပွဲတစ်ခုသို့ ဝင်ကစားခါနီးတွင် သူ့နောက်မှ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။

" ဟေ့ ကလေး၊ ငါ့မှာ ပိုက်ဆံရှိပြီ။ ဆက်ကစားရအောင် "

ယဲ့ဖန် လှည့်ကြည့်လိုက်သည့်အခါ အဆီကျစ်သည့် သက်လတ်ပိုင်းအရွယ်လူတစ်ဦးသည် တိုကင်ပြားဗန်းကို ကိုင်ထားပြီး အပြေးလျှောက်လာသည်ကို တွေ့လိုက်ရသည်။

ယဲ့ဖန် ချက်ချင်း ပျော်သွားသည်။

သူ့ကို ပိုက်ဆံပေးတဲ့သူက ပြန်ရောက်လာပြီပဲ။

အပိုင်း ( ၈၉၄ )

သူက သနားကြင်နာတတ်ပေမယ့် သေချင်တဲ့သူတွေက အမြဲရှိနေတာ။

ယဲ့ဖန်သည် ပထမထပ်မှ လိုက်လာသော သက်လတ်ပိုင်း အမျိုးသား၏ ဗန်းပြားပေါ်ရှိ တိုကင်ပြားများကို ကြည့်လိုက်သည်။

" ပိုက်ဆံတွေ ဘယ်က ရလာပြန်ပြီလဲ "

ရွံစရာမျက်နှာထားဖြင့် သက်လတ်ပိုင်း အမျိုးသားသည် သူ့ကို လှောင်ပြောင်လိုက်သည်။

" ဘာကို ဂရုစိုက်နေတာလဲ။ ငါ့မှာ ပိုက်ဆံအများကြီးရှိတယ်။ မင်းမှာ အစွမ်းအစရှိရင် ဆက်ပြီး အနိုင်ယူလိုက် "

ယဲ့ဖန်သည် သူ၏ မသတီစရာကောင်းသော အမူအရာကို ကြည့်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။

" ထားလိုက်တော့၊ ခင်ဗျား တခြားတစ်ယောက်နဲ့ သွားကစားသင့်တယ် "

ထိုလူသည် ချက်ချင်းပင် လှောင်ပြောင်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

" ဘာလဲ။ မင်းကြောက်နေလား "

ယဲ့ဖန်မှ ပေါ့ပါးစွာ ပြုံးလိုက်သည်။

" အဲ့လိုတော့ မဟုတ်ဘူး။ ခင်ဗျားက ဒီပိုက်ဆံတွေကို ငွေချေးသူတစ်ယောက်ဆီက ချေးခဲ့တာလို့ ထင်တယ် ဟုတ်တယ်မလား။ အလွန်အကြူးတွေ မဖြစ်ချင်ဘူး။ ခင်ဗျားမိသားစု မပျက်စီးအောင် ဒီပိုက်ဆံတွေ မြန်မြန်ပြန်ဆပ်ပေးလိုက်ရင် ပိုကောင်းမယ် "

ယဲ့ဖန်သည် စကားပြောနေလျက် ချန်းဖေးအယ်နှင့် ထွက်ခွာတော့မည် ဖြစ်သည်။

သို့သော် ထိုလူကတော့ သူ့အတွက် ဘာကောင်းသည်ကို မသိချေ။

သူသည် ယဲ့ဖန်၏ လက်ကို လှမ်းဆွဲပြီး ပြောသည်။

" မကစားချင်ရင် ကောင်းပြီ။ လူတိုင်းရှေ့မှာ ဒူးထောက်ပြီး မင်းမှာ မျိုးရိုးမရှိတဲ့ အောက်တန်းစားလူလို့ ပြောပြီး ငါ့ဆီက မင်းရထားတဲ့ပိုက်ဆံကို ပြန်ပေး "

ပတ်ဝန်းကျင်မှ လောင်းကစားသမားများသည် ဆူပူသံကို ကြားလိုက်ရ၍ အားလုံးမှ ပွဲကြည့်ရန် ပြန်လည် စတင်လိုက်ကြသည်။

ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သူသည် မူလက သနားကြင်နာပေးရန် စဉ်းစားခဲ့သော်လည်း အသေခံချင်သူများက အမြဲရှိနေသည်။

" ခင်ဗျားက ကျွန်တော်နဲ့ တကယ် လောင်းချင်တာလား "

ထိုလူသည် နောက်ဆုတ်သွားခြင်း မရှိဘဲ ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" ဟုတ်တယ်။ ဒီနေ့ ငါ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ပြပေးမယ် "

ယဲ့ဖန်မှ ဒေါသတကြီး ရယ်လိုက်သည်။

" ကောင်းပြီ၊ ဒါဆို ဘယ်လိုကစားချင်လဲ "

မာစန်းက သူ့ကို စိုက်ကြည့်နေသည်။

" ငါတို့ အန်စာတုံး ကစားမယ်။ တစ်ယောက်စီမှာ အန်စာတုံးသုံးလုံးရှိမယ်။ နံပါတ်အများဆုံး ရတဲ့သူက အနိုင်ရတဲ့သူလို့ ဆုံးဖြတ်တယ်။ တစ်ပွဲတည်းနဲ့ပဲ ဘယ်သူနိုင်လဲ ရှုံးလဲဆိုတာ ဆုံးဖြတ်ကြရမယ်။ နိုင်တဲ့သူက အကုန်ယူကြေး "

ယဲ့ဖန်သည် တိုကင်ပြားပေါင်း ၁၂၀,၀၀၀ဖိုး နီးပါးရှိနေပြီဖြစ်ပြီး ကာစီနိုမှ ပေးထားသည့် ၂၀,၀၀၀အပါအဝင် စုစုပေါင်း တိုကင်ပြား ၁၄၀,၀၀၀ဖိုးရှိသည်။

မာစန်းသည် သူ့ဗန်းပေါ်၌ ယွမ် ၁၂၀,၀၀၀ခန့်သာ ရှိသည်။

အမှန်တွင် တစ်ကြိမ်တည်းဖြင့် အနိုင်ရသူကို ဆုံးဖြတ်ရန်မှာ မတရားချေ။

သို့သော် ယဲ့ဖန်ကတော့ ထိုလောက်ကို ဂရုစိုက်သည် မရှိပေ။

သူသည် ချက်ချင်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

" ကောင်းပြီ "

မာစန်းသည် စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို ချက်ချင်း ပွတ်လိုက်သည်။

အမှန်တွင် သူသည် အန်စာတုံး ကစားခြင်း၌ အတော်ဆုံးဖြစ်သည်။ ပထမထပ်၌ အန်စာကစားသည့် စားပွဲမှာ ပြည့်နေ၍ ရွှေပန်းပွင့် ကစားခဲ့ရခြင်းဖြစ်သည်။

ယဲ့ဖန်သည် ရွှေပန်းကစားရာ၌ တော်သည်ကို ဝန်ခံသော်လည်း အန်စာတုံး ကစားရာ၌ ထိုကောင်လေးသည် သူ့ဖိနပ်ကို သယ်ရန်ပင် အရည်အချင်း မပြည့်မီဘူးဟု ပြောရမည်။

ယဲ့ဖန်သည် တွေးနေရင်းဖြင့် လောင်းကစား စားပွဲဆီ လျှောက်သွားသည်။

ဤမာစန်းဆိုသူသည် အမှန်တကယ်ပင် သူ့နောက်လိုက်ကာ ဒုတိယထပ်သို့ လိုက်ရန် သတ္တိရှိသည့်အပြင် သူနှင့် လောင်းကစားလုပ်ရန် ငွေတိုးချေးစားတစ်ယောက်ထံမှ ငွေချေးရန်ပင် သတ္တိရှိခဲ့သည်။

ထို့အပြင် သူ့လက်ထဲ၌ အသာစီးရနေပုံ ပေါ်နေသည်။

သူ့မှာ အားကိုးစရာ တစ်ခုခုရှိလို့လား။

တိုက်ဆိုင်စွာပင် သူတို့ဘေးနားရှိ စားပွဲမှာ တစ်ယောက်မှ မရှိသဖြင့် နှစ်ယောက်သား ထိုလောင်းကစား စားပွဲ၌ ထိုင်ပြီး အန်စာနှစ်ခွက်ကို ကိုယ်စားလှယ်အား တောင်းလိုက်သည်။

လူတော်တော်များများသည် ရုန်းရင်းဆန်ခတ် ဖြစ်နေကို မြင်ပြီး ပွဲကြည့်ရန် ဝိုင်းဖွဲ့လိုက်ကြသည်။

" မင်း အရင်လှုပ် "

ဤတစ်ကြိမ်တွင် မာစန်းသည် ယဲ့ဖန်ကို အရင်လုပ်ခိုင်းပြီးမှ ရိုက်ချရန် တွေးထားသည်။

သူသည် သူ့လက်ကို မြှောက်လိုက်ပြီး ယဲ့ဖန်ကို အရင်လှုပ်ခိုင်းရန် လက်ပြလိုက်သည်။

ယဲ့ဖန်သည် စကားအများကြီး မပြောနေခဲ့ချေ။ သူသည် အန်စာခွက်ကို ကောက်ယူလိုက်ပြီး ဖြည်းညှင်းစွာ လှုပ်လိုက်တော့သည်။

ယဲ့ဖန်သည် သူ၏ခွန်အားကို ဖုံးကွယ်ထားချင်သောကြောင့် လှပစွာ အကွက်ပြခြင်းမျိုး ဘာတစ်ခုမှ မလုပ်ခဲ့ချေ။

သူသည် ခွက်ကို အသာအယာစွာ ခါယမ်းလိုက်သည်။

သူသည် အန်စာတုံးများကို လှုပ်နေရင်းဖြင့် ကာစီနိုထဲမှ အစောင့်နှစ်ယောက် မီးမှိန်မှိန်ဖြင့် စစ်ဆေးဖို့ ရောက်လာသည်ကို သူ သတိထားမိလိုက်သည်။

သို့သော် သူသည် လှည့်စားရန် လုံးဝမရည်ရွယ်ထားချေ။

လောင်းကစားရုံမှ ဖမ်းခံရမည်ကို ကြောက်သောကြောင့် မဟုတ်ပေ။

သူ၏ လှည့်စားမှုစွမ်းရည်ဖြင့် ကာစီနိုမှ သူ့လှည့်ကွက်များကို ဖမ်းမိရန် မဖြစ်နိုင်ဘူးဟု သူ ယုံကြည်လေသည်။

လှည့်ကွက်မသုံးသည့် အဓိက အကြောင်းအရင်းမှာ မလိုအပ်ဘူးဟု ထင်သောကြောင့် ဖြစ်သည်။

သူသည် အံစာကို ပုံမှန်အတိုင်း လှုပ်နေလျှင်ပင် သာမန်လူများက သူ့ကို မနိုင်နိုင်ကြပေ။

ဝူး

သူသည် အန်စာတုံးကို ရုတ်တရက် လှုပ်ခါ ရပ်တန့်လိုက်သည်။

အနီးနားရှိ လူများသည် ချက်ချင်းပင် စူးစမ်းစွာဖြင့် ကြည့်ကာ ယဲ့ဖန် မည်မျှ လှုပ်နိုင်မည်ကို သိချင်နေကြသည်။

ချန်းဖေးအယ်ပင်လျှင် အလွန်သိချင်လှသည်။

ယခင်နေ့က ယဲ့ဖန်သည် ချောင်ဝမ်းဟွေ့နှင့် ကစားသောအခါ အလွန်သတ္တိရှိခဲ့သည်။

ဒီတစ်ခါတော့ သူ သိပ်မရှုံးလောက်ဘူး မဟုတ်လား။

သို့သော် ယဲ့ဖန်သည် အန်စာတုံးခွက်ကို ဖြည်းညှင်းစွာဖွင့်လိုက်သောအခါ သူမ အံ့အားသင့်သွားရသည်။

ယဲ့ဖန် ခေါက်လိုက်သော အန်စာတုံး ၃လုံးမှာ ၁၊ ၃ နှင့် ၅တို့ ဖြစ်ကြသည်။

ရှိနေသူအားလုံးသည် ခေါင်းယမ်းကြပြီး အချို့မှာ ရယ်ကြသည်။

" ဒီအမှတ်တွေက အရမ်းနည်းနေတာ မဟုတ်ဘူးလား။ စုစုပေါင်း ၉မှတ်ပဲရှိတယ်။ မဖြစ်နိုင်တာ "

" ဟုတ်တယ်၊ မျှော်လင့်ချက်ရှိဖို့ အနည်းဆုံး အမှတ်က ၁၂ကျော်သင့်တာ။ ၉မှတ်က တကယ်ကို နည်းလွန်းတယ် "

" ဒီလို ကျွမ်းကျင်မှုမျိုးနဲ့များ တစ်ချီတည်းနဲ့ အနိုင်ရတဲ့သူကို ဆုံးဖြတ်မှာတဲ့လား။ သူ ဒီလိုယုံကြည်မှုကို ဘယ်ကနေ ရလာလဲဆိုတာ ငါတကယ်ကို မသိတော့ဘူး "

" တစ်ချီတည်းနဲ့မှာ သိန်းချီရှုံးမှာတော့ ဒီကလေးက တကယ့်ကို ရူးနှမ်းပြီး ချမ်းသာတဲ့သူ ဖြစ်နိုင်တယ် "

လူတိုင်းသည် ယဲ့ဖန်၏ အန်စာဂဏန်းများအပေါ် အကောင်းမြင်မှု မရှိကြချေ။ သူ့အမှတ်တွေက နည်းလွန်းသည်ဟု ခံစားကြရသည်။

ချန်းဖေးအယ်ပင်လျှင် ယဲ့ဖန်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား မရှိခဲ့ပေ။

အဲ့ဒီနေ့ကတည်းက ဒီတစ်ယောက်ရဲ့ သတ္တိတွေ ဘယ်ကနေရလာမှန်း သူမ တကယ်မသိတော့ပေ။

မာဆန်းသည် ယဲ့ဖန်၏ အမှတ်ကို မြင်ပြီး ချက်ချင်း ရယ်လိုက်သည်။

" မင်းရဲ့ အန်စာတုံး စွမ်းရည်က သိပ်မကောင်းဘူးပဲ။ ဒီတစ်ခေါက် နိုင်မယ်ထင်လို့လား "

ယဲ့ဖန်၏ အမူအရာမှာ မပြောင်းလဲပေ။ သူသည် ပေါ့ပါးစွာသာ ပြုံးနေလိုက်သည်။

" ခင်ဗျား မလှုပ်ရသေးဘူးလား မဟုတ်လား။ ဒါကိုတောင် သေချာပေါက် အောင်ပွဲခံနိုင်မယ်လို့ ပြောရဲသေးတယ်ဆိုတော့ ဒါက နည်းနည်း မာနကြီးလွန်းနေတာပဲ "

မာစန်းက အန်စာတုံးခွက်ကို ဖြည်းညှင်းစွာ ကောက်ယူလိုက်သည်။

" မင်းက အခေါင်းကို မတွေ့မချင်း မင်းမျက်ရည်မကျနိုင်ဘူးဆိုရင် ကောင်းပြီလေ။ မင်းကို အမြန်သေခွင့်ပေးလိုက်မယ် "

မာစန်းသည် စကားပြောရင်း အန်စာခွက်ကို လှုပ်ခါလိုက်သည်။

အန်စာတုံးများကို လှုပ်ခါသည့်အခါ သူ၏ လှုပ်ရှားမှုအကွက်များသည် ယဲ့ဖန်ထက် အများကြီး ပိုဆန်းကြယ်သည်။

အန်စာတုံးခွက်သည် ပုံမှန်အတိုင်း လေထဲတွင် တုန်ခါနေပြီး အန်စာတုံးများသည် ခွက်နှင့်ထိမိကာ ပြတ်သားသောအသံများ ထွက်ပေါ်နေသည်။

သူသည် အန်စာတုံးများနှင့် မကြာခဏ ကစားလေ့ရှိသည့် လောင်းကစားသမားဟောင်းတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

လူတိုင်းက သူ၏ ရဲတင်းသော လှုပ်ရှားမှုများကို ချီးကျူးခဲ့ကြသည်။

ဒိုင်း

မာစန်းသည် လောင်းကစားစားပွဲပေါ်သို့ အန်စာတုံးများကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ ထိတ်လန့်သွားသည့် အရိပ်အယောင်များ သူ့မျက်နှာအနှံ့ ချက်ချင်း သိသာစွာ ထွက်ပေါ်လာသည်။

သူ ကစားနေချိန် အားလုံးက သူ့ကို အားပေးနေကြသည်ကို သူ ကျေနပ်သွားခဲ့သည်။

ထို့ကြောင့် လှုပ်ခါနေချိန်၌ သူ့ခွန်အားကို ကောင်းမွန်စွာ မထိန်းနိုင်လိုက်ဘဲ သူလိုချင်သည့် အန်စာတုံးနံပါတ်ကို မခေါက်နိုင်ခဲ့ပေ။

နက်နဲသောစကန်ဖတ်ခြင်းဖြင့် ယဲ့ဖန်သည် အန်စာခွက်ထဲရှိ အမှတ်များမှာ ၂ မှတ်၊ ၃ မှတ်၊ ၃ မှတ်ဖြင့် စုစုပေါင်း ၈ မှတ်ဖြစ်ကာ သူ့ထက် တစ်မှတ်နိမ့်နေကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် ယဲ့ဖန် ရယ်မောရင်း မာစန်းကို မော့ကြည့်လိုက်သည်။

" ဘာလို့မဖွင့်တာလဲ "

တခြားသူများကလည်း တိုက်တွန်းကြသည်။

မာစန်း၏ မျက်နှာသည် ပြုံးလာပြန်သည်။

" မင်း လောင်းကြေးကို မြှင့်ချင်လား။ ငါရှုံးရင် မင်းအတွက် ငါ့လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်မယ်။ ဒါပေမယ့် မင်းရှုံးရင် မင်းရဲ့ကောင်မလေးကို ငါနဲ့ တစ်ညအိပ်ခွင့်ပေး "

သူရည်ညွှန်းသော 'မိန်းကလေး'သည် သိသာစွာဖြင့် ချန်းဖေးအယ် ဖြစ်လေသည်။

ချန်းဖေးအယ်သည် မာစန်းကို သတ်ပစ်ချင်ကာ ချက်ချင်းပင် သူ့ကို စိုက်ကြည့်နေလိုက်သည်။

သို့သော် မာစန်းက သူမဒေါသကို လျစ်လျူရှုနေခဲ့သည်။

သူသည် ယဲ့ဖန်ကို ပြုံးပြနေဆဲဖြစ်သည်။

" ဘယ်လိုလဲ။ မင်းကစားရဲလား "

ယဲ့ဖန်၏ မျက်လုံးများသည် သတ်ပစ်ချင်သော ရည်ရွယ်ချက်ဖြင့် တောက်ပနေသော်လည်း သူ့မျက်နှာတွင် အပြုံးတစ်ခုရှိနေသေးသည်။

" ကျွန်တော်က အမျိုးသမီးတွေကို ဘယ်တော့မှ လောင်းကြေးမတင်ဘူး။ ဒါဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော် ရှုံးရင် ခင်ဗျားအတွက် ကျွန်တော့်လက်တစ်ဖက်ကို ပြန်ဖြတ်ပစ်မယ် "

အပိုင်း ( ၈၉၅ )

ရှုံးရင် လက်တစ်ဖက်နဲ့ လျော်ကြေးပေးမယ်။

ယဲ့ဖန်၏ စကားကို ကြားပြီးနောက် အားလုံးက အံ့ဩသွားကြသည်။

ဒီနှစ်ယောက် ကစားနေတာက အရမ်းကြေးကြီးလွန်းနေတာ မဟုတ်ဘူးလား။

သူတို့က လက်ကိုတောင် လောင်းကြေးထပ်ကြမလို့လား။

ဒါက ဘယ်လို အမုန်းတရားမျိုးလဲ။

ထိုကဲ့သို့ ကြီးမားသော ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို ကြားသိရသောအခါတွင် လူအများအပြားသည် ပွဲကို ကြည့်ရန် ချက်ချင်း ဝိုင်းဖွဲ့လာခဲ့ကြသည်။

မာစန်း၏ မျက်နှာတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော အရိပ်အယောင် ပေါ်လာသော်လည်း ချက်ချင်း ပြန်လည်ပျော်ရွှင်လာသည်။

သူသည် ယဲ့ဖန်ကို အရိုးထဲထိအောင် မုန်းလေသည်။

ထိုကလေးသည် သူ့ဆီမှ ပိုက်ဆံအများကြီးရသွားခဲ့ပြီး သူ့ကြောင့် ငွေချေးလိုက်ရသေးသည်။

အကယ်၍ သူသည် ထိုကောင်လေး၏ လက်တစ်ဖက်ကို ခုတ်နိုင်ပါက ထိုလောင်းကြေးသည် သူ့ဒေါသအား ပြေပျောက်အောင် ကူညီပေးနိုင်မည်ဟု ယူဆနိုင်သည်။

" ကောင်းပြီ၊ ဒါဆိုလည်း။ ကောင်လေး၊ မင်းမျက်လုံးကို ဖွင့်ပြီး သေချာကြည့် "

ထိုသို့ဖြင့် အန်စာခွက်ကို ဖွင့်လိုက်သည်။

လူတိုင်းမှ လှမ်းကြည့်လိုက်သည့်အခါ သူ၏ အန်စာတုံး ၃လုံးသည် ၄ မှတ်၊ ၄ မှတ်၊ ၆ မှတ်ဖြင့် စုစုပေါင်း ၁၄မှတ်ဆိုသည်ကို တွေ့လိုက်ရသည်။

ဤပွဲ၌ မာစန်းက အနိုင်ရသွားခဲ့သည်။

" ဘုရားရေ၊ သူက တကယ် ၁၄မှတ် ရခဲ့တာလား။ အရမ်းမိုက်တယ် မဟုတ်လား "

" ဒီလူကြီးက အနိုင်ရပြီး ဒီတစ်ပွဲတည်းနဲ့ ယွမ် ၁သိန်းကျော်တောင် အနိုင်ရတာ "

" ဒါတင်မကသေးဘူး။ သူတို့နှစ်ယောက်က အခုလေးတင် သူတို့ရဲ့ လောင်းကြေးတွေကိုတောင် မြှင့်လိုက်ကြသေးတယ်။ ဒီကလေးက အခု ရှုံးလို့ သူ့လက်တစ်ဖက်ကို ခုတ်ရလိမ့်မယ် "

" ဟူး၊ လူငယ်တွေက အရမ်းစိတ်အားထက်သန်တာပဲ။ အခု သူ့ပိုက်ဆံတွေ အကုန်ရှုံးပြီး မသန်စွမ်းလည်း ဖြစ်ရဦးမယ် "

" သူက အရမ်းငယ်သေးတယ်။ ဒါက သူ့အတွက် သင်ခန်းစာတစ်ခုလို့ မှတ်ယူရမှာပဲ ......... "

လူအုပ်ကြီးသည် ချက်ချင်းပင် ပြင်းထန်စွာ ဆွေးနွေးကြသည်။

တစ်ချို့သည် ယဲ့ဖန်ကို သနားစိတ်ဖြင့် ကြည့်တေကြပြီး အချို့က လျစ်လျူရှုကာ တစ်ချို့က ကျေနပ်နေကြသည်။

မာစန်းသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေပြီး ယဲ့ဖန်ကို မောက်မာစွာ ကြည့်လိုက်သည်။

" ဟားဟားဟား၊ ကောင်လေး၊ ငါအနိုင်ရပြီ။ မင်းလောင်းကြေးကို ကတိတည်သင့်တယ် မဟုတ်လား "

ယဲ့ဖန်အနားတွင် ထိုင်နေသော ချန်းဖေးအယ်သည် အမူအရာ ပြောင်းလဲသွားသည်။

သူမသည် ယဲ့ဖန်၏လက်ကို အမြန်ဆွဲယူလိုက်သည်။

" သူ့ကို လျစ်လျူရှုလိုက်၊ သွားရအောင် "

သူမ၏ စိတ်ကူးသည် ရိုးရှင်းပြီး စကားပြန်ရုတ်ရန်သာ ဖြစ်သည်။

ကာစီနို၏ လုံခြုံရေးများရောက်လာရင်တောင်မှ သူတို့ အမှန်တကယ်ထွက်သွားချင်သည်ဆိုလျှင် ကာစီနို၏ အင်အားဖြင့် သူတို့ကို တားနိုင်မှာမဟုတ်ချေ။

သို့သော် ယဲ့ဖန်က သူမလက်ကို ခါလိုက်သည်။

" မင်း ဘာကိုဆိုလိုတာလဲ။ တကယ့် ယောက်ျားက လောင်းကစားလုပ်ရင် ရှုံးရဲရမယ်။ ငါရှုံးသွားပြီဆိုတော့ ငါ့လက် သူ့ကို ပေးလိုက်မယ် "

" ကောင်းပြီ .......... "

လူအုပ်ကြီးသည် ချက်ချင်းပင် အားရစွာ အော်ဟစ်အားပေးခဲ့ကြသော်လည်း သူတို့၏ မျက်လုံးများသည် အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

ဒီအချိန်မှာတောင် သူက သူရဲကောင်းတစ်ယောက်လို ဟန်ဆောင်နေသေးတာလား။

ဒီကောင်က တကယ်ရူးနေတာပဲ။

မာစန်းသည် သူ့မျက်နှာထက်၌ ဂုဏ်ယူ ပြုံးပြုံးနေသည်။

" မင်းက အရှုံးခံချင်မှတော့ မြန်မြန်လုပ် "

ယဲ့ဖန်သည် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်သည်။

သူ့ဘေးနားရှိ စားပွဲပေါ်တွင် သစ်သီးပန်းကန်ရှိတေပြီး သစ်သီးပန်းကန်ထဲ၌ ဓားတစ်ချောင်းရှိနေသည်။

သစ်သီးဓားကို ယူ၍ မာစန်းအား အော်လိုက်သည်။

" ရှုံးမှတော့ ခင်ဗျားကို လက်တစ်ဖက်နဲ့ လျော်ပေးမယ် "

စကားပြောရင်းဖြင့် လက်ထဲမှ သစ်သီးဓားကို မြှောက်လိုက်ပြီး ဓားနှင့် ထိုးရန်ပြင်လိုက်သည်။

ချန်းဖေးအယ်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ့ကို တားရန် ချက်ချင်း လက်လှမ်းလိုက်သည်။

ထိုအချိန်တွင် ဘေးမှ ကျယ်လောင်သော အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။

" ရပ်လိုက် "

ယဲ့ဖန်၏ လက်သည် ရပ်တန့်သွားသည်။

သူ ချက်ချင်း လှည့်ကြည့်လိုက်သည့်အခါ စကားပြောလိုက်သည့်လူသည် ကာစီနိုမှ အစောင့်တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

" ဘာမှားလို့လဲ "

ထိုလူကို အံ့သြသောအမူအရာဖြင့် ကြည့်လိုက်မိသည်။

ထိုအစောင့်သည် ဖြည်းညှင်းစွာ လျှောက်လာပြီး ယဲ့ဖန်လက်ထဲမှ သစ်သီးဓားကို လုယူလိုက်သည်။

" မင်းလက်ကို ဖြတ်စရာမလိုဘူး "

ယဲ့ဖန် မကျေမနပ်ဖြစ်သွားသည်။

" ဘာကိုဆိုလိုတာလဲ။ ငါ ဖန်ယဲ့က တကယ့်ယောက်ျားဖြစ်ပြီးတော့ စကားကို တည်တဲ့သူပဲ။ ငါက ဒီအစ်ကိုဆီမှာ ရှုံးထားရတော့ သူ့ကို အလျော်ပေးရမှာ "

ပြပွဲကို ဘေးမှ ကြည့်နေကြသူတွေ မျက်လုံးပြူးသွားကြသည်။

တကယ်ပဲ ဒီလို မိုက်မဲတဲ့သူတစ်ယောက် ရှိတာပဲ။

လောင်းကစားရုံမှ လူသည် သူ့အတွက် ကြားမှ လာဖျန်ဖြေပေးလျှင် သာမန်လူတစ်ယောက်သည် ထိုအတိုင်းလိုက်ပြီး ပြဿာနကို ချုံ့လိုက်မှာ ဖြစ်သည်။

သို့သော် ထိုကောင်လေးက ရူးနှမ်းလွန်းသည်။

ကျေးဇူးမတင်သည့်အပြင် သူ့လက်ကို လှီးမည်ဟုပင် အခိုင်အမာပြောနေခဲ့သည်။

မူလက သူ့ကို စာနာခဲ့သည့် လူများပင် ထိုအချိန်၌ သူ့ကို သနားစရာ မရှိတော့ချေ။

မာစန်းသည် ကာစီနိုထဲမှ စောင့်ကြည့်သူများကို သတိမထားမိလိုက်ပေ။

ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ထိုလူတွေကို ကြည့်လိုက်သည်။

" ဒါက ငါနဲ့ သူ့ကြားက လောင်းကြေးပဲ။ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး။ ဘာလို့ မျက်စိစုံမှိတ်ဝင်စွက်ဖက်နေတာလဲ။ ထွက်သွား "

အစောင့်က သူ့ကို အေးစက်စွာ ကြည့်နေသည်။

" မိတ်ဆွေ၊ မင်း မလွန်ဘူးလား "

မာစန်းသည် စားပွဲကို ရိုက်ချပြီး ထရပ်ကာ ထိုလူကို စိုက်ကြည့်လိုက်သည်။

" မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ။ ထွက်မသွားရင် လုံခြုံရေးခေါ်လိုက်မယ် "

အစောင့်သည် ချက်ချင်း နှာမှုတ်လိုက်သည်။

" ဘယ်လူဆိုးက အရင်အတွန့်တက်လို့လဲ။ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ထားလဲ မသိဘူးလား "

မာစန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ချက်ချင်း ဆဲရေးလိုက်သည်။

" မင်းမေကလွှား။ ငါ ဘာလုပ်လို့လဲ။ ရှင်းရှင်းပြောစမ်း "

အစောင့်သည် သူ့နဖူးသူ ကိုင်ပြီး ပြောလိုက်သညထ။

" ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ လိမ်တဲ့သူတွေအကုန် ငါတို့ကာစီနိုရုံကို လာနေတာလား "

မာစန်း အလွန်ဒေါသထွက်လာသည်။

" ဘာ်သူ့ကို လိမ်ကစားတဲ့သူလို့ ပြောနေတာလဲ။ မင်းမှာ ဘာသက်သေရှိလို့လဲ။ မရှိဘဲပြောရင် ငါမင်းကို အလွှတ်မပေးဘူး "

အစောင့်က အေးစက်စွာ နှာမှုတ်လိုက်သည်။

" မပူပါနဲ့။ သက်သေမရှိဘဲ ဘာမှမပြောပါဘူး။ ခဏနေကျ လက်ခံသွားရစေပါမယ် "

ထိုအချိန်တွင် ကာစီနို၏ လုံခြုံရေးဝန်ထမ်းများက ပြေးလာကြသည်။

စောင့်ကြည့်သူက လက်ကို ဝေ့ယမ်းလိုက်သည်။

" ဒီလူကို မန်နေဂျာ ဟယ်လန်ရဲ့ အခန်းကို ခေါ်သွားလိုက် "

လုံခြုံရေးနှစ်ယောက်သည် ချက်ချင်း ရှေ့သို့ ပြေးလာပြီး မာစန်းကို ဖမ်းလိုက်သည်။

မာစန်းသည်လည်း တစ်ခုခုမှားနေပြီကို သိလိုက်ရ၍ ချက်ချင်း အော်ဟစ်လိုက်သည်။

" ငါ မလိမ်ခဲ့ဘူး။ မင်းမှာ ဘာအခွင့်အရေးရှိလို့ ငါ့ကို ဖမ်းတာလဲ။ လူတိုင်းပဲ ကယ်ကြပါဦး၊ ရဲခေါ်ပေးကြ။ တော်ဝင်နန်းတော်ကာစီနိုရုံက ပြန်ပေးဆွဲနေတယ်လို့ .......... "

ရှိနေကြသည့် လောင်းကစားသမားများမှာ မတုန်လှုပ်ကြပေ။

ထိုအစား သူတို့က အနည်းငယ်ပင် စိတ်လှုပ်ရှားနေကြသည်။

လိမ်တဲ့သူ တစ်ယောက်ပြီး နောက်တစ်ယောက်တဲ့။

သူတို့သည် တစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး မိနစ်အနည်းငယ်အတွင်းတွင် အခြားတစ်ယောက်ကို ဖမ်းမိခဲ့သည်။

ဒါဆို သူတို့က ကာစီနိုကနေ နောက်ထပ်လျော်ကြေးငွေတွေ ရနိုင်မယ်လို့ ဆိုလိုတာလား။

လုံခြုံရေးအစောင့်နှစ်ယောက်သည် မာစန်း၏ လက်များကို လိမ်ကာ ခေါ်သွားသည်။

သူ မည်မျှပင် အော်နေပါစေ သူ့ကို ဘယ်သူကမှ ဂရုမစိုက်ကြချေ။

ထို့နောက် စောင့်ကြည့်သူမှ ယဲ့ဖန်နှင့် ချန်ဖေးအယ်တို့ကို လှည့်ကြည့်လိုက်သည်။

" မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့ "

ယဲ့ဖန်က အများကြီး မမေးချေ။

သူသည် ဘာကိုမှလည်း မပြောဘဲ စောင့်ကြည့်သူနောက်ကိုသာ လိုက်လာခဲ့သည်။

ချန်းဖေးအယ်သည်လည်း အမြန် အနောက်မှ လိုက်သွားခဲ့သည်။

စားပွဲပေါ်ရှိ တိုကင်ပြားများကို ကိုယ်စားလှယ်မှ ခေတ္တသိမ်းထားသည်။

ထိုကိစ္စကို ဖြေရှင်းပြီးသည်နှင့် ဘယ်လိုဖြေရှင်းရမည်ကို သူက ဆုံးဖြတ်ပေမည်။

အခင်းဖြစ်ပွားရာ နေရာရှိ လောင်းကစားသမားများသည် ထိုအဖြစ်အပျက်ကို လျှို့ဝှက်စွာ စောင့်မျှော်နေကြသည်။

" အဲ့လူက တကယ်လိမ်မယ်လို့ မမျှော်လင့်ထားဘူး။ နေရာမှာတင် ဖမ်းမိသွားတာဆိုတော့ အဲ့တာ အရမ်းဆိုးတာပဲ "

" ဒီနေ့ကတော့ တကယ်ကို ထူးဆန်းတယ်။ ရှေ့က လိမ်လည်သူရဲ့ သွေးတွေကတောင် မခြောက်သေးဘူး။ နောက်တစ်ယောက်က ထွက်လာပြန်ရော "

" ဘာပဲဖြစ်ဖြစ်၊ ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ လောင်းကစားရုံက ပိုက်ဆံပေးဖို့ကို စောင့်ကြရအောင် "

" ဟားဟားဟား၊ ဒီနေ့က အရမ်းမိုက်တယ်။ ငါ ဘာမှမလုပ်ခဲ့ဘဲ ယွမ် ၂သောင်းတောင် ရသွားတာ "

" လောင်းကစားရုံက ဒေါသထွက်ပြီး သေတော့မယ်။ အဲ့လူက ဒုက္ခရောက်မှာ သေချာပြီ ........ "

ယဲ့ဖန်တို့ကို မန်နေဂျာ၏ ရုံးခန်းသို့ ခေါ်ဆောင်သွားသည်။ ဟယ်လန်ဟုခေါ်သော အမျိုးသမီးမန်နေဂျာအား ကြိုတင်အသိပေးထားသည်မှာ ထင်ရှားလေသည်။

သူမက ထိုင်ခုံမှာ ထိုင်ပြီး စောင့်နေသည်။

လျှို့ဝှက်အကြံပေးတစ်ယောက်လို အသွင်ဆောင်သော မျက်နှာထားဖြင့် လူတစ်ယောက်သည် သူမနောက်တွင် ရပ်နေကာ သူ့မျက်လုံးများမှာလည်း ဉာဏ်ပညာဖြင့် တောက်ပနေသည်။

ဓားရှည်ကိုင်ထားသည့် လူသည် ပြတင်းပေါက်ကို မှီပြီး ပန်းသီးတစ်လုံးကို ဓားဖြင့် ခြစ်နေကာ သူတို့ သုံးယောက်ကိုပင် မကြည့်ချေ။

ဟယ်လန်က မာစန်းကိုကြည့်ကာ ပြုံးလိုက်သည်။

" ဒီနေ့တော့ လိမ်စားတဲ့သူတွေကို အသိုက်လိုက်ကို တွေ့ထားတာပဲ။ ခုနကပဲ တစ်ယောက်ဖြေရှင်းထားတာ အခုပဲ နောက်တစ်ယောက် ပေါ်လာပြန်ပြီ။ ငါတို့ တော်ဝင်နန်းတော်ကာစီနိုရုံက ပေါ့သေးသေးလို့ မှတ်ယူ ဒီလိုလုပ်စားရတယ်လို့ တကယ်ထင်နေကြတာလား "

ယခုအချိန်တွင် မာစန်းက ခေါင်းမာစွာ ခုခံနေသေးသည်။

ဒေါသတကြီးဖြင့် သူမကို စိုက်ကြည့်နေလိုက်သည်။

" ငါလိမ်တယ်ဆို မင်းမှာသက်သေရှိလား။ အထောက်အထားမရှိဘဲ စွပ်စွဲတာက အသရေဖျက်တာပဲ။ မင်းတို့ရဲ့ လောင်းကစားရုံက ငါ့ကို တောင်းပန်ပြီး လျော်ကြေးပေးရမယ် "

မာစန်းသည် သူ၏ နည်းစနစ်ကို အလွန်ယုံကြည်သည်။ သာမာန်လူများ သေချာပေါက် ရှာတွေ့နိုင်မည် မဟုတ်ချေ။

သူ့ဘက်မှ ဝန်ခံရန် ငြင်းဆိုနေသရွေ့ သူတို့ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

အပိုင်း ( ၈၉၆ )

မအံ့ဩဘူးလား။

ဟယ်လန်သည် ချက်ချင်း ဟက်ခနဲ နှာမှုတ်လိုက်သည်။

" ရှင်က အခေါင်းမမြင်မချင်း မျက်ရည်မကျဘူးဘဲ။ မပူပါနဲ့၊ သက်သေမရှိဘဲ ကျွန်မတို့ ကာစီနိုရုံက ဘယ်သူ့ကိုမှ မစွပ်စွဲပါဘူး "

ထိုသို့ပြောပြီး သူမသည် အစောင့်နှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ထိုအစောင့်နှစ်ယောက်သည် သူ၏ အင်္ကျီပေါ်မှ ကြယ်သီးကို ဖယ်လိုက်သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ထိုကြယ်သီးမှာ ကြယ်သီးအစစ်မဟုတ်ဘဲ အဆင့်မြင့်ကင်မရာတစ်လုံးဖြစ်သည်ကို ချက်ချင်း မြင်လိုက်ကြသည်။

မာစန်း၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားပြီး နဖူးပေါ်မှ ချွေးပေါက်ကြီးများ ကျလာတော့သည်။

မာစန်းသည် ရဲတင်းနေသည့်အကြောင်းမှာ တစ်ဖက်သူမှ သူ လိမ်ကစားသည့်အကြောင်း သက်သေမရှိဘူးဟု ယုံကြည်သောကြောင့်ဖြစ်သည်။

သို့သော် ယခုအခါတွင်တော့ အနည်းငယ် အန္တရာယ်ရှိပုံရသည်။

အစောင့်သည် မာစန်းကို လျစ်လျူရှုပြီး မန်မိုရီကတ်ကို ထုတ်ကာ စားပွဲပေါ်ရှိ ကွန်ပျူတာထဲသို့ စိုက်ထည့်လိုက်သည်။

ကွန်ပျူတာသည် ပရိုဂျက်တာကြီးဖြင့် ချိတ်ဆက်ထားပြီး ဖွင့်သည့်ခလုတ်ကို နှိပ်လိုက်သည့်အခါ ဗီဒီယိုသည် နံရံပေါ်ရှိ ပရိုဂျက်တာပေါ်၌ ချက်ချင်း ပေါ်လာတော့သည်။

အစောင့်သည် ဗီဒီယိုကို အမြန်ကျော်ပြီး မာစန်း အံစာခွက်ဖွင့်သည့်အချိန်ကို ပြပြီး ဗီဒီယိုကို အနှေးကွက်ဖြင့် ဖွင့်လိုက်သည်။

ထို့နောက် မာစန်းသည် အံစာခွက်ကို ဖွင့်လိုက်သည့်အခါ သူ၏ လက်ညှိုးကို သုံးပြီး အံစာများကို ထိလိုက်ပြီး ဂဏန်းတွေပြောင်းလိုက်သည်ကို လူတိုင်းမှ ရှင်းလင်းစွာ မြင်လိုက်ရသည်။

မူလ နံပါတ်မှာ ၈မှတ်ဖြစ်သော်လည်း ပြောင်းလဲပြီးနောက် ချက်ချင်း ၁၄မှတ် ဖြစ်သွားသည်။

ယခုအခါ ငြင်းဆို၍ မရနိုင်သော သက်သေရှိနေပြီဖြစ်၍ မာစန်းသည် ဘာအကြောင်းပြချက်မှ မပေးနိုင်ဘဲ တိတ်ဆိတ်နေသည်။

သူသည် ကြောက်ရွံ့မှုကြောင့် ချက်ချင်း မြေပြင်ပေါ်သို့ လဲကျသွားရသည်။

ကျင်လည်နေသည်မှာ ကြာပြီဖြစ်သော လောင်းကစားသမားဟောင်းတစ်ဦးအနေဖြင့် လိမ်ကစားသည်ကို မိသွားခြင်း၏ အကျိုးဆက်များကို သူသိလေသည်။

သူသည် အကြောက်လွန်နေပြီး ဘာလုပ်ရမည်ကို မသိတော့ပေ။

ချန်းဖေးအယ်၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်နေသည်။

အန်စာတုံးသည် ဤကဲ့သို့ ကစား၍ရမှန်း သူမသိပေ။

ထိုအချိန်တွင် သူမသည် မာစန်းကို စိုက်ကြည့်ပြီး သူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သော်လည်း သူ လှည့်စားခဲ့သည်ကို မသိခဲ့ပေ။

သူသည် မည်မျှ ကျွမ်းကျင်စွာ ဖုံးကွယ်နိုင်ခဲ့သည်ကို မြင်နိုင်သည်။

အထူးသဖြင့် ထိုလူသည် မမှန်ကန်သော နည်းလမ်းကို သုံးပြီး ယဲ့ဖန်အား လက်ဖြတ်ရန် ကြံခဲ့သည်ကို သူမ သိလိုက်ပြီး မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။

ဘေးမှ ကြည့်နေသော ယဲ့ဖန်သည် အံ့ဩမှု မပြပေ။

မာစန်းရဲ့ လှည့်ကွက်တွေက သူ့မျက်လုံးထဲကနေ ပြေးလွတ်မယ် ထင်လို့လား။

ယဲ့ဖန်သည် အလိမ်ခံရသည့်ပုံ လုပ်လိုက်သည်မှာ ရူးချင်ယောင်ဆောင်ပြီး အခြားလောင်းကစားသမားများကို ထိုကဲ့သို့ ထင်စေချင်သောကြောင့်ဖြစ်သည်။

ထိုအခါ သူ့အတွက် ပို၍ လှည့်စားရ လွယ်ပေလိမ့်မည်။

ထို့အပြင် ကာစီနို၏ စောင့်ကြည့်သူသည် သေချာပေါက် တားမည်ကို သူသိနေခဲ့သည်။

အရာအားလုံးသည် သူ၏ ခန့်မှန်းချက်အတိုင်း ဖြစ်လာခဲ့သည်။

" မအံ့သြဘူးလား "

သူသည် တစ်စုံတစ်ခုကို တွေးနေရင်းဖြင့် မန်နေဂျာ ဟယ်လန် မေးသည်ကို ရုတ်တရက် ကြားလိုက်ရသည်။

မော့ကြည့်လိုက်သည့်အခါ ထိုအမျိုးသမီးက သူ့ကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။

သူ့မျက်နှာမှ ချက်ချင်း ဒေါသရိပ်များ ထွက်ပေါ်လာသည်။

" ဒီလူ ဒီလောက် စက်ဆုပ်ရွံစရာကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ သူက ကျွန်တော့်လက်တစ်ဖက်ကို ဖြတ်မတတ်ဖြစ်သွားတာ။ ကံကောင်းလို့ ခင်ဗျားတို့ ကာစီနိုက အချိန်မီလုပ်ဆောင်ခဲ့တာ။ မဟုတ်ရင် ဒီခွေးသားရဲ့ လှည့်စားတာကို ခံရတော့မလို့ "

မန်နေဂျာ ဟယ်လန်သည် သူ့စကားကြားသောအခါ ဖျော့တော့စွာ ပြုံးလိုက်သည်။

" စိတ်မပူပါနဲ့၊ ငါတို့လောင်းကစားရုံက မင်းကို ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခု ပေးလိမ့်မယ် "

ပြောနေရင်းဖြင့် သူမသည် ဂျပန်ဓားရှည်နှင့် ယောက်ျားကို တစ်ချက်ကြည့်လိုက်သည်။

ထိုလူသည် ချက်ချင်းသဘောပေါက်ပြီး ဓားရှည်ဖြင့် လျှောက်သွားသည်။

မာစန်းသည် ယွမ် ၁သိန်းကျော် နိုင်ခဲ့ခြင်းဖြစ်သည်။

ကာစီနို၏ စည်းမျဉ်းအရ အနည်းဆုံး သူ့လက်နှစ်ဖက်ကို ခုတ်ထစ်ပစ်ရမည်။

မာစန်းသည် ချက်ချင်းပင် သေမတတ် ကြောက်လန့်သွားသည်။ သူသည် ဟယ်လန်ကို အလျင်အမြန် ဒူးထောက်အရိုအသေပေးလိုက်သည်။

" အသက်ချမ်းသာပေးပါ။ အမှားကို တကယ်သိပါပြီ။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ချမ်းသာပေးပါ။ ခင်ဗျားတို့ကို ပေးဆပ်ဖို့ တစ်သက်လုံး ကြိုးစားပါ့မယ် ....... "

သူ တကယ်ပင် နောင်တရနေပြီ ဖြစ်သည်။

သူ ဘာလို့ ယဲ့ဖန်အနောက်ကို လိုက်သွားရတာလဲ။ ဘာလို့ သူ့သေတွင်းသူ တူးမိရတာလဲ။

အခုအခါ သူ့ပိုက်ဆံများ အကုန် ဆုံးရှုံးရုံတင်သာမက သူ့လက်တွေကိုလည်း ဆုံးရှုံးရတော့ပေမည်။

သို့သော် ဤလောကတွင် နောင်တအတွက် ဆေးမရှိချေ။

သူသည် အဆက်မပြတ် အသနားခံတောင်းရမ်းပြီး တစ်ဖက်သား၏ နှလုံးသားကို ပျော့ပျောင်းအောင် ကြိုးစားနေသည်။

ဂျပန်ဓားရှည်သည် လွှဲတော့မည်ဖြစ်သည်။

" ခဏနေပါဦး "

ထိုအချိန်၌ မျက်မှန်တပ်ထားသည့် အမျိုးသားက ရုတ်တရက် သူ့ကို တားလိုက်သည်။

ဓားရှည်သည် လေထဲ၌ ရပ်တန့်သွားပြီး ရက်စက်ကြမ်းကြုတ်သော သူက ခေါင်းကို လှည့်ကြည့်လိုက်သည်။

ဟယ်လန်ပင်လျှင် မျက်မှန်ဖြင့် လူကို နားမလည်စွာ ကြည့်လိုက်သည်။

" ကျင်းလူကြီး၊ ရှင် ဘာဖြစ်တာလဲ "

ကျင်းလူအိုကြီးဟုခေါ်သော လူသည် သူမ၏ နားထဲသို့ တစ်စုံတစ်ခုကို ချက်ချင်း တီးတိုးပြောလိုက်သည်။

ဟယ်လန်က မာစန်းကို လှည့်ကြည့်လိုက်သည်။

" နင် ငါတို့ ကာစီနိုကနေ ပိုက်ဆံချေးခဲ့တာလား "

မာစန်း၏ မျက်လုံးများ ချက်ချင်း လင်းလာပြီး လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ယွမ် ၁သိန်း ချေးပြီး တစ်ပတ်အတွင်း ပြန်ဆပ်ရမှာပါ။ ကျွန်တော့်လက်ပြတ်သွားရင် ခင်ဗျားတို့ကို ပြန်မဆပ်နိုင်လောက်ပါဘူး "

သူသည် စိတ်ပျက်အားငယ်နေခဲ့သော်လည်း ယခုအချိန်တွင် မျှော်လင့်ချက်အရိပ်အယောင်ကို သူ ပြန်မြင်လိုက်ရသည်။

ကာစီနိုသည် သူ့ဆီမှ ပိုက်ဆံပြန်ရရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ လွှတ်ထားမည်ဟု ယူဆလို့ရနိုင်သည်။

ဟယ်လန်က စားပွဲပေါ် လက်ဆစ်ဖြင့်ခေါက်ကာ စဉ်းစားနေလိုက်သည်။

" နင့်လက်ကို အခုဖြတ်လိုက်ရင် နင့်ရဲ့အလုပ်လုပ်နိုင်တဲ့ စွမ်းရည်ကို ဆုံးရှုံးလိမ့်မယ်။ ချေးထားတဲ့ငွေတွေကို ပြန်မရနိုင်တော့ဘူး ...... "

မာစန်းက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ဟုတ်တယ်။ စိတ်မပူပါနဲ့။ ကျွန်တော်ပြန်သွားတဲ့အခါ ချေးပေးခဲ့တဲ့ပိုက်ဆံတွေကို တတ်နိုင်သမျှ အမြန်ဆုံးပြန်ဆပ်ပါ့မယ် "

ဟယ်လန် ခေါင်းညိတ်လိုက်သည်။

" ဒါဆို နင့်လက်ကို အခုတော့ သိမ်းထားနိုင်တယ် "

မာစန်းသည် ချက်ချင်းပင် ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကား ဆိုတော့မည် ဖြစ်သည်။

သို့သော် ဟယ်လန်က ဆက်ပြောလေသည်။

" ဒါပေမယ့် နင်က ငါတို့နေရာမှာ လိမ်ခဲ့တာဆိုတော့ မပေးဆပ်ဘဲ လွှတ်ပေးလိုက်ဖို့က မဖြစ်နိုင်ဘူး။ ဒီနေ့တော့ တခြားသူတွေကို သတိပေးတဲ့အနေနဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်လိုက်မယ် "

မာစန်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြန်သည်။

ဦးခေါင်းထက်၌ ချိတ်ထားသည့် ဓားရှည်က လွှဲကျလာသည်။

ဖြန်း ........

ညာခြေထောက်ကို အဖြတ်ခံလိုက်ရသည်နှင့် သွေးများ ဖြာထွက်လာတော့သည်။

All Chapters