← Chapters

အပိုင်း ၉၀၅-၉၀၈

Vol. 46 Ch. 905-908

အပိုင်း ၉၀၅-၉၀၈

Vol. 46 Ch. 905-908

အပိုင်း ( ၉၀၅ )

တစ်ယောက်တည်း မဟုတ်ဘူး

ရှိနေသည့် လောင်းကစားသမားများ အားလုံးက ရယ်လိုက်ကြသည်။

မျှော်လင့်ထားသည့်အတိုင်း ထိုကောင်လေးသည် ငယ်လွန်းနေသေးသည်။

ဤကဲ့သို့ ကြီးမားသော မြင်ကွင်းမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သူ့တွင် လုံလောက်သော ထိန်းချုပ်နိုင်စွမ်း မရှိသည်မှာ ထင်ရှားလေသည်။

နှိုင်းယှဉ်ကြည့်လျှင် ဆရာကြီးယွမ်သည် ပို၍ တည်ငြိမ်နေသည်။

" စိတ်မပူပါနဲ့။ နောက်ထပ် အကြိမ်အနည်းငယ်လောက် ကြုံဖူးပြီးရင် ဒီလို မြင်ကွင်းမျိုးတွေ နေသားကျလာလိမ့်မယ် "

ယွမ်ရှစ်ရင်းသည် အတွေ့အကြုံရှိသူတစ်ဦး၏ လေသံကို အသုံးပြု၍ သူ့ကို ပညာပေးလေသည်။

ထို့နောက် ကတ်နှစ်ကတ်ကို ဖြည်းညှင်းစွာ လှန်လိုက်သည်။

ပြုံးနေသော သူ့မျက်နှာမှာ ရုတ်တရက် အေးခဲသွားသည်။

သူ့လက်ထဲတွင် ရှိနေသည့် ကတ်နှစ်ကတ်မှာ 2 နှင့် 4 အသီးသီးဖြစ်ပြီး စုစုပေါင်း 6 မှတ်သာရှိသည်။

ထိုကတ်များက သူ့အတွက် အဆင်မပြေချေ။

သူသည် ကတ်ဝေသည့် ကိုယ်စားလှယ်ကို မသိမသာ စိုက်ကြည့်လိုက်သည်။

ကိုယ်စားလှယ်၏ အမူအရာမှာလည်း ပြောင်းလဲသွားသည်။

သူသည် ချက်ချင်းပင် ယဲ့ဖန်အား ပြင်းထန်သော အကြည့်စူးစူးဖြင့် ကြည့်လိုက်သည်။

ယဲ့ဖန်က ထိုပုံစံကို သတိမထားမိချေ။

သူသည် ဆေးလိပ်သောက်ရင်း ပြုံးလိုက်သည်။

" ဆရာကြီးယွမ်ရဲ့ လက်က နည်းနည်း အဆင်မပြေသွားပုံရတယ် ဟားဟား ...... "

ယဲ့ဖန်သည် စကားပြောရင်း သူ့ကတ်များကို လှန်လိုက်သည်။

လူတိုင်းမှ တစ်ချက် လှမ်းကြည့်လိုက်သည့်အခါ ယဲ့ဖန်၏ ကတ်နှစ်ကတ်သည် 2 နဲ့ 7 မှတ်တို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

စုစုပေါင်း 9မှတ် ရထားသည်။

ဤအချီတွင် ယဲ့ဖန် အနိုင်ရသွားသည်။

ကာစီနိုတစ်ခုလုံးသည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

လူတိုင်း၏ အကြည့်များသည် ယဲ့ဖန်နှင့် ယွမ်ရှစ်ရင်းတို့၏ မျက်နှာပေါ်သို့ အဆက်မပြတ် ပြောင်းလဲနေသည်။

လက်ကိုးချောင်းရှိသော သရဲလက်ဟု နာမည်ကြီးသူ ယွမ်ရှစ်ရင်းက အမှန်တကယ် ရှုံးသွားခဲ့သည်။

တစ်ချီတည်းဖြင့် သန်း၁၀၀ ရှုံးသွားခဲ့သည်။

လူတိုင်းသည် လွန်စွာ ထိတ်လန့်သွားကြသော်လည်း အသံမထွက်ရဲကြပေ။

ကျယ်လောင်စွာ အသက်ပင် မရှူရဲကြပေ။

အတုန်လှုပ်ဆုံးသူမှာ ချန်းဖေးအယ် ဖြစ်သည်။

ယဲ့ဖန်မှ လွဲ၍ သူမသည်သာ သူ့ကတ်များကို မြင်လိုက်သော တစ်ဦးတည်းသူ ဖြစ်သည်။

ယဲ့ဖန်၏ ကတ်များမှာ 2 နှင့် 4 ဆိုသည်ကို သူမ ရှင်းလင်းစွာ မြင်လိုက်သည်။

အခု ဘယ်လိုလုပ် 2 နဲ့ 7 ဖြစ်လာတာလဲ။

အဲ့ဒီ 4က ယွမ်ရှစ်ရင်းဆီကို ရောက်သွားခဲ့တာလား။

ရှင်းပြချက်တစ်ခုသာ ရှိတော့သည်။

ယဲ့ဖန် လှည့်စားခဲ့ခြင်း ဖြစ်သည်။

သူ ဘယ်လိုလှည့်စားခဲ့မှန်း သူမ မသိသော်လည်း ထိုကောင်လေး လှည့်စားခဲ့သည်မှာ ရှင်းနေသည်။

ကံကောင်းထောက်မစွာဖြင့် သူမသည် အခြေအနေများစွာကို ဖြတ်သန်းခဲ့ဖူးသောကြောင့် သူမသည် ဣန္ဒြေထိန်းပြီး မူမပျက်နေကာ သူမ၏ မျက်နှာပေါ်တွင် အမူအရာ မပြပေ။

တစ်ချိန်တည်းမှာပင် သူမသည် ပတ်ဝန်းကျင်ကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။

ဒီတစ်ယောက်က အခုလေးတင် လှည့်စားထားတာ။

သူလှည့်စားတာ ဘယ်သူမှ မမြင်လိုက်ဘူးဆိုတာကို သေချာအောင် လုပ်ရမယ်။

သူမသည် ကာစီနိုမှ လိမ်ကစားသူများအား ဆက်ဆံရာတွင် အသုံးပြုသည့်နည်းလမ်းများကို မြင်ခဲ့ရသည်။

ကိုင်တွယ်ပုံမှာ အလွန်ရက်စက်သည်ဟု ဆိုနိုင်သည်။

သူမနှင့် ယဲ့ဖန်တို့သည် လွတ်မြောက်အောင် လုပ်နိုင်ပြီး ကာစီနိုတွင်းရှိ လူများမှာ သူမတို့ကို မတားနိုင်သော်လည်း သူမတို့၏ တာဝန်မှာ ပြီးပြည့်စုံသော ကျရှုံးမှုကြီးတစ်ခု ဖြစ်သွားလိမ့်သည်။

ယဲ့ဖန်ကတော့ သူ့မျက်နှာတွင် အပြုံးမပျက်ချေ။

" ဆရာကြီးယွမ်က ကျွန်တော့်ကို ဒီအချီမှာ အနိုင်ယူခွင့်ပေးလိုက်တာပဲ "

ယဲ့ဖန်သည် ပြောပြီးသည်နှင့် တိုကင်ပြားများကို ပြန်ယူတော့မည် ဖြစ်သည်။

လောင်းကစားသမားအားလုံးသည်လည်း ထိုမြင်ကွင်းကို ကြောင်အစွာ ကြည့်နေကြသည်။

တစ်ကြိမ်တည်းဖြင့် သန်း၁၀၀ကျော် အနိုင်ရခြင်းသည် အလွန်အံ့သြစရာကောင်းလှသည်။

ထိုအချိန်တွင် ယွမ်ရှစ်ရင်းသည် ရုတ်တရက် အေးစက်စွာ အော်လိုက်သည်။

" ခဏစောင့်ဦး "

ယဲ့ဖန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

ထို့နောက် သူ့ကို လှည့်ကြည့်လိုက်သည်။

" ဆရာကြီးယွမ်၊ ခင်ဗျားမှာ တခြား ညွှန်ကြားချက်တွေ ရှိသေးလို့လား "

ယွမ်ရှစ်ရင်းမှ သူ့ကို အေးစက်စွာ ကြည့်နေသည်။

" မင်း လိမ်ကစားတာ "

သူမှ ထိုစကား ပြောပြီးသည်နှင့် ရှိနေကြသည့် လူတိုင်းမှာ အံ့ဩသွားကာ တီးတိုးလေး ပြောကြတော့သည်။

" ဘာလဲ။ ဒီကလေးက တကယ် လှည့်စားခဲ့တာလား။ ငါဘာလို့ ဘာမှ မမြင်ခဲ့တာလဲ။ ဆရာကြီးယွမ် မှားမြင်တာများလား "

" ဒီလိုပညာရှင်က လှည့်စားတာကို မသိတာ ဖြစ်ပါ့မလား။ ဆရာကြီးယွမ်က ဘယ်လိုလူမလို့လဲ။ မဆင်မခြင်နဲ့ ဘယ်လိုလုပ် စွပ်စွဲမှာလဲ "

" ဟုတ်တယ်။ ဆရာကြီးယွမ်က လှည့်စားတာရဲ့ ဘိုးဘေးပဲ။ သူက ဒီလိုပြောမှတော့ ဒီကလေးက တကယ် လှည့်စားခဲ့တာပဲ ဖြစ်မယ် "

" ဆရာကြီးယွမ် ရှေ့မှာတောင် သူက လိမ်ကစားရဲသေးတာလား။ ဒီကလေးက အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ် "

" သူ အများကြီးနိုင်ခဲ့တာ မဆန်းတော့ဘူး။ သူက လှည့်စားနေခဲ့တာပဲ "

" ဟားဟားဟား၊ သူ လိမ်ကစားတာကို ဖမ်းမိသွားပြီ။ ဒီကလေးက အဆုံးသတ်သွားပြီ "

" လောင်းကစားရုံရဲ့ စည်းမျဉ်းတွေအရ ၁သိန်းကျော်ရပြီး လိမ်ရင် လက်တစ်ဖက်စီကနေ စမှာဆိုတော့ ဒီကလေးက ဘာဖြစ်မှာလဲ။ သူက ယွမ် သန်း၂၀၀ကျော် ရထားတာလေ။ သူ့ကို ဘယ်လို ဖြေရှင်းမှာလဲ "

" သူ့ကို ငါးပိသိပ်သလို အပိုင်းပိုင်း လှီးဖြတ်ခံရမှာ ........... "

ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် မပြောင်းလဲပေ။

" အဘိုးကြီး၊ ခင်ဗျား ဒီလိုစကားတွေကို လက်လွှတ်စပယ် မပြောသင့်ဘူး။ စကားမှားတာ လူတွေကို သတ်မိနိုင်တယ် "

ယွမ်ရှစ်ရင်းက ချက်ချင်း ရယ်မောလိုက်သည်။

" မင်းကတောင် လုပ်ရဲမှတော့ ငါက ဘာလို့မပြောရဲရမှာလဲ "

သူသည် စကားပြောနေရင်းဖြင့် လူအုပ်ထဲမှ လူသုံးဦးကို လှမ်းကြည့်လိုက်သည်။

ထိုလူသုံးယောက်သည် ချက်ချင်း လူအုပ်ထဲမှ ထွက်လာကြသည်။

သူတို့သည် ယဲ့ဖန်အား ရက်စက်သော အပြုံးဖြင့် ကြည့်ကြသည်။

" မင်းက ဆရာကြီးယွမ်ဆီက စီးကရက် ငှားဖို့ အခွင့်အရေးကို အခွင့်ကောင်းယူပြီး မင်းရဲ့ကတ်တွေကို တိတ်တဆိတ် ပြောင်းလိုက်တာ။ ငါတို့က မျက်ကန်းတွေလို့ မင်း ထင်နေလား "

ချန်းဖေးအယ်၏ အာရုံကြောများ ချက်ချင်း တင်းမာလာပြီး သူမ၏ ညာလက်သည် အိတ်ထဲသို့ ဖြည်းညှင်းစွာ လက်လှမ်းလိုက်သည်။

သူမအိတ်ထဲ၌ ပစ္စတိုသေနတ်တစ်လက်ရှိသည်။

ယဲ့ဖန် အန္တရာယ်ကြုံသည်နှင့် သူမသေနတ်ကို ချက်ချင်း ထုတ်လိုက်မှာဖြစ်သည်။

ယဲ့ဖန်သည် တိုကင်ပြားများကို ပြန်ချလိုက်ပြီး စကားမပြောဘဲ ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်သည်။

ယွမ်ရှစ်ရင်း၏ မျက်နှာပေါ်ရှိ လှောင်ရိပ်မှာ ပို၍ပင် ပြင်းထန်လာသည်။

" ဘာလို့လဲ။ ဆက်ပြီး ငြင်းချင်သေးတာလား။ မင်း ဆက်ပြီး ......... "

သူ့စကား မပြီးခင် ယဲ့ဖန်မှ သူ့ကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။

" ကောင်းပြီ၊ လိမ်ကစားတာ ဝန်ခံတယ် "

သူ ထိုသို့ ပြောလိုက်သည်နှင့် ကာစီနိုထဲမှ ကျွမ်းကျင်သူအနည်းစုသည် ချက်ချင်းပင် အံ့သြသွားခဲ့ကြသည်။

တစ်ဖက်မှ ငြင်းဆိုလာလျှင် ပြသရန် အထောက်အထားများ ပြင်ဆင်ထားပြီး ဖြစ်သည်။

ထိုကောင်လေးက တန်းပြီး ဝန်ခံမည်ဟု သူတို့ မမျှော်လင့်ထားကြချေ။

ဤသည်မှာ သူတို့တွေ့ဖူးသမျှထဲ အရိုးသားဆုံး လိမ်လည်လှည့်ဖြားသူ ဖြစ်နိုင်သည်။

ပတ်ဝန်းကျင်မှ လောင်းကစားသမားများကလည်း ယဲ့ဖန်၏ ဝန်ခံချက်ကို ကြားသောအခါ ဒေါသတကြီး ကျိန်ဆဲကြသည်။

" ဒီကလေးက တကယ် ဝန်ခံတာလား။ အမလေး လူကောင်းပဲ။ တော်လိုက်တာ၊ အဲ့လို ပြောပေးရမှာလား "

" ဘယ်က သူရဲကောင်းလဲ။ ကာစီနိုမှာ အထောက်အထားတွေရှိတယ်ဆိုတာ သူသိပြီးမှတော့ ငြင်းလို့မရဘူးလေ။ အဲ့တာကြောင့် ရိုးရိုးသားသား ဝန်ခံပြီး ပေါ့ပေါ့ပါးပါး လွှတ်ထွက်ဖို့ ကြိုးစားနေတာ "

" အဲ့တာ အဓိပ္ပာယ်ရှိတယ်။ အမှန်တော့ ကာစီနိုဘက်မှာ အထောက်အထားမရှိရင် သူက ဘာမှပြောမှာ မဟုတ်ဘူး "

" ဒီကလေး ဒုက္ခရောက်ပြီပဲ။ သူက ပိုက်ဆံအများကြီးရခဲ့ပေမဲ့ အနည်းဆုံးတော့ သူ့လက်တွေ ခြေတွေ ပြတ်သွားမှာပဲ မဟုတ်လား "

" ဘယ်သူက လိမ်ခိုင်းလို့လဲ။ သူ့ကို မှန်မှန်ကန်ကန် အပြစ်ပေး "

ချန်းဖေးအယ်၏ အမူအရာလည်း ပြောင်းလဲသွားသည်။

ယဲ့ဖန်မှ ဤမျှ လွယ်လွယ်ဖြင့် ဝန်ခံမည်ဟု သူမ မမျှော်လင့်ထားချေ။

သူမသည် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီး လွယ်အိတ်ထဲမှ သေနတ်ကို ချက်ချင်း ကိုင်လိုက်သည်။

ယွမ်ရှစ်ရင်းသည် ယဲ့ဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။

" မင်း ဝန်ခံပြီးမှတော့ ကာစီနိုရဲ့ စည်းမျဉ်းတွေကို သိသင့်တယ် မဟုတ်လား။ ကောင်းပြီ၊ ငါမင်းနဲ့ အပိုတွေ မပြောတော့ဘူး။ မင်းတို့ ....... "

သူသည် ထိုကလေး၏ ခြေလက်များကို ခုတ်ထစ်ရန် ချက်ချင်း လူခေါ်လိုက်သည်။

သို့သော် ထိုအချိန်၌ ယဲ့ဖန် ရုတ်တရက် ထရပ်လိုက်သည်။

" ကျွန်တော့် စကားမဆုံးသေးဘူး။ ကျွန်တော် လှည့်စားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်က ဒီကစားပွဲကို လှည့်စားခဲ့တဲ့ တစ်ယောက်တည်းသူ မဟုတ်ဘူး "

ယွမ်ရှစ်ရင်းသည် ချက်ချင်း မျက်လုံးများကို မှေးလိုက်သည်။

" အိုး၊ မင်းကလွဲရင် ဘယ်သူက လိမ်မှာလဲ "

သူတို့နှစ်ယောက်တည်းသာ လောင်းကစားလုပ်ခဲ့ကြတာဖြစ်၍ ယဲ့ဖန်မှ လွဲ၍ တခြားလူ မည်သူဖြစ်သည်မှာ သိသာထင်ရှားလေသည်။

ယဲ့ဖန်က မဖြေချေ။

သူသည် ကိုယ်စားလှယ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ထို့နောက် ကတ်မွှေစက်ပေါ်သို့ သူ့လက်ကို တင်လိုက်သည်။

" ကျန်တဲ့လူက သေချာပေါက် .......... "

အပိုင်း ( ၉၀၆ )

သူ့မှာ လျှို့ဝှက်ချက် ဘယ်နှစ်ခုတောင် ရှိသေးတာလဲ။

" ဒီမှာ ဘာဖြစ်နေတာလဲ "

ယဲ့ဖန်သည် ကတ်မွှေစက်အား ဖွင့်ခါနီးတွင် အမျိုးသမီးတစ်ဦး၏အသံကို ရုတ်တရက် ကြားလိုက်ရသည်။

လူတိုင်း နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ ကာစီနိုမန်နေဂျာ ဟယ်လန်က သူတို့ဆီသို့ အမြန်လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ဂျပန်ဓားရှည်ကို ကိုင်ထားသော ရှင်းသည် သူမ နောက်တွင် လိုက်လာခဲ့သည်။

ယွမ်ရှစ်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

သူသည် ယဲ့ဖန်ကို ကြောက်ရွံ့စိတ်ဖြင့် ကြည့်လိုက်သည်။

ကိုယ်စားလှယ်၏ ကတ်မွှေစက်တွင် အမှန်ပင် အာရုံခံကိရိယာတစ်ခု ရှိနေခဲ့သည်။

ကိုယ်စားလှယ်သည် သူလိုချင်သည့် ကတ်များကို လိုချင်သူအား ပေးနိုင်သည်။

ယဲ့ဖန်သည် ထိုကိစ္စကို လူသိရှင်ကြား တကယ် ထုတ်ပြလိုက်ပါက တော်ဝင်နန်းတော်ကာစီနိုရုံသည် လမ်းပေါ်မှ ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ကာစီနိုရုံမှ လှည့်စားခြင်းသည် ယုတ္တိမဲ့ကာ တရားမျှတမှုမရှိဘဲ ရှက်စရာကောင်းလွန်းသည်။

ဝါရင့် လောင်းကစားသမား အများအပြားသည် လိမ်လည်လှည့်ဖြားခြင်း မရှိသော ကာစီနိုရုံ မရှိသည်ကို ကောင်းစွာ သိထားကြသော်လည်း သိခြင်းသည် သိရုံသာဖြစ်သည်။

နေရာမှာတင် ပေါ်တင် အဖော်ခံလိုက်ရခြင်းနှင့် မတူချေ။

ကံကောင်းစွာဖြင့် မန်နေဂျာ ဟယ်လန်က အချိန်မီ ရောက်လာသည်။

အကယ်၍ သူမသာ ခြေတစ်လှမ်းနောက်ကျခဲ့မည်ဆိုလျှင် အကျိုးဆက်များကို တွေးကြည့်၍ပင် မရချေ။

ယဲ့ဖန်သည် ဟယ်လန် ရောက်လာသည်ကို မြင်လိုက်ရသည်။

သူ့မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ ပေါ်လာပြန်သည်။

သူရဲ့ ထောင်ချီတဲ့ နည်းပညာစွမ်းရည်နဲ့ဆို သူ တကယ်လှည့်စားချင်တယ်ဆိုရင် သူတို့က သူ့ကို ဖမ်းမိနိုင်မှာတဲ့လား။

ထိုအရာအားလုံးသည် သူတို့ကို ဆွဲထုတ်ရန် တမင်တကာ ဖန်တီးထားခြင်းသာ ဖြစ်သည်။

အမှန်တွင် ယွမ်ရှစ်ရင်း ပေါ်လာပြီး ကိုယ်စားလှယ်ကို ပြောင်းလဲလိုက်ချိန်မှစပြီး တစ်ဖက်ခြမ်း၏ သဘောထားကို သူ မြင်ခဲ့ပြီးသား ဖြစ်သည်။

မသိချင်ယောင်ဆောင်ခဲ့ရုံသာ ဖြစ်၏။

နောက်ဆုံးအချီအထိ ထိုလူအုပ်စုသည် သူတို့၏ ကံကြမ္မာကို တွန်းအားပေးပြီး သူ့ကို သတ်ပစ်ချင်ခဲ့တာ ဖြစ်သည်။

ထိုမှသာ သူကလည်း သူတို့ကို တန်ပြန် ပြင်းထန်စွာ ထိုးနှက်ပေးရန် ဆုံးဖြတ်ခဲ့လိုက်သည်။

အကယ်၍ ဟယ်လန်သည် အချိန်မီမရောက်လာပါက ကာစီနိုရုံမှ လှည့်စားခြင်းအကြောင်းကို လူအများအား ပြောပြလိုက်မည်ဖြစ်သည်။

ထိုအချိန်တွင် တော်ဝင်နန်းတော်ကာစီနိုရုံ၏ ဂုဏ်သိက္ခာမှာလည်း ပျက်ပြားသွားပေလိမ့်မည်။

ရလဒ်အနေဖြင့် အနည်းဆုံး အချိန်တိုလေးအတွင်း၌ ဂုဏ်ပြန်ဆယ်ပြီး ပြန်ကောင်းလာရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

" လူကြီးမင်းယွမ်၊ ဘာဖြစ်တာလဲ "

ဟယ်လန်သည် ချက်ချင်း ယွမ်ရှစ်ရင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

အဲ့မှာ ဆက်ဟန်ဆောင်နေလိုက်။

ယဲ့ဖန်သည် မတတ်နိုင်ဘဲ သူ့စိတ်ထဲမှ လှောင်ရယ်နေခဲ့သည်။

ဟယ်လန်က ထိုကိစ္စကို မသိဘူးဟု သူ မယုံချေ။

သူမရဲ့ ညွှန်ကြားချက်မပါဘဲ ဒီလူတွေက လှည့်စားရဲမှာတဲ့လား။

ယွမ်ရှစ်ရင်း သက်ပြင်းချလိုက်ပြီး အဖြေပေးဖို့ ထရပ်လိုက်သည်။

" ကျွန်တော်တို့ ...... ဖန်လူကြီးမင်းနဲ့ နားလည်မှုလွဲတာပါ .......... "

ထိုအချိန်၌ သူသည် ယဲ့ဖန်ကို ဆက်ပြီး မလိမ်ရဲတော့ချေ။

သူ့ဘက်မှ ချက်ချင်း အကြောင်းအရာကို ဝိုးတဝါးပြောလိုက်သည်။

သူ၏ တင်ပြချက်ကို နားထောင်ပြီးနောက် ဟယ်လန်သည် ကျန်သည့်သုံးယောက်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

" ဖန်လူကြီးမင်းက လှည့်စားခဲ့တာ သေချာလား "

ထိုလူသုံးယောက်သည် ထက်မြက်ပြီး မန်နေဂျာ ဟယ်လန်၏ စကားအဓိပ္ပါယ်ကို ချက်ချင်း နားလည်လေသည်။

သူတို့က ချက်ချင်း ခေါင်းယမ်းလိုက်ကြသည်။

" ကျွန်တော်တို့ အမြင်မှားတာ ဖြစ်မှာပါ ....... "

" မဟုတ်တာ။ နင်တို့မှာ ဘာအထောက်အထားမှ မရှိဘဲ ဖောက်သည်ကို လိမ်ကစားတယ်လို့ စွပ်စွဲရဲတာလား။ ဒါက ငါတို့တော်ဝင်နန်းတော်လောင်းကစားရုံရဲ့ ဂုဏ်သိက္ခာကို ပျက်ပြားစေတာပဲ မဟုတ်ဘူးလား။ အနာဂတ်မှာ ဘယ်သူက ဒီမှာ ကစားဖို့ လာရဲတော့မှာလဲ "

ဟယ်လန်သည် ချက်ချင်း သူတို့ကို ပြင်းထန်စွာ ပြစ်တင်ဆူပူတော့သည်။

သူတို့သုံးယောက်သည် ရှက်စိတ်ဖြင့် ခေါင်းငုံ့လိုက်ကြသည်။

ဘေးမှ လောင်းကစားသမားများသည်လည်း တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးစွာ ကြည့်နေကြသည်။

ယွမ်ရှစ်ရင်းနှင့် ကျန်သူများသည် ယဲ့ဖန်ကို လိမ်လည်သည်ဟု စွပ်စွဲခဲ့သည်။

အခု သူတို့ပြောတာကျ အမြင်မှားတာတဲ့လား။

ဒါက ဘယ်လိုဟာသမျိုးလဲ။

ဒါကို သူတို့ ဘယ်လိုလုပ် မျက်ကွယ်ပြုပေးနိုင်မှာလဲ။

ဟယ်လန်သည် သူတို့ကို ခဏတာ ပြစ်တင်ကြိမ်းမောင်းပြီးနောက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ဖန်လူကြီးမင်း၊ ကျွန်မ တကယ်တောင်းပန်ပါတယ်။ ဒါက ကျွန်မတို့ကာစီနိုရဲ့ ပေါ့ဆမှုကြောင့် ရှင့်ကို မလိုလားအပ်တဲ့ ပြဿနာဖြစ်စေခဲ့ပြီ။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့ "

ယဲ့ဖန်သည် သူမကို အေးစက်စွာ ကြည့်နေသည်။

"မင်းရဲ့ ပေါ့ဆမှုကြောင့် ငါ့ရဲ့ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်ရတယ်။ တောင်းပန်ရုံနဲ့ အဆင်ပြေမယ်လို့ ထင်နေတာလား "

ဟယ်လန်သည် စိတ်ထဲ၌ အမုန်းတရားများဖြင့် ပြည့်နှက်နေသော်လည်း သူမသည် အတုအယောင် စိတ်ရင်းမှန်ပုံစံဖြင့် ထုတ်ဖော်ပြသရသည်။

" ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကျွန်မတို့ရဲ့ ကာစီနိုက ရှင့်ကို ကျိန်းသေပေါက် လျော်ကြေးပေးမှာပါ။ ယွမ်အဘိုးကြီးက ရှုံးထားတာကြောင့် ကျွန်မတို့ဘက်က ယွမ်သန်း၁၀၀ဖိုး တိုကင်ပြားတွေကို ပေးမယ့်အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက်လည်း နောက်ထပ် ယွမ် ၁၀ သန်းကို လျော်ကြေးပေးမှာပါ ........... "

" ဟား .......... "

လောင်းကစားသမားများ အားလုံးသည် ထိုစကားကို ကြားသောအခါ ရင်မောသွားကြသည်။

" ယွမ် သန်း ၁၀၀ဖိုး လျော်ကြေးပေးတာ လက်ခံပါသေးတယ်။ ဖန်လူကြီးမင်းက အဲ့ဒီကစားပွဲကို နိုင်ခဲ့တာလေ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ယွမ် ၁၀ သန်း ပေးတာကတော့ မဟုတ်သေးဘူးမလား "

" ဟုတ်တယ်၊ ဒါက နားလည်မှုလွဲတာတင်ပဲ။ စိတ်ထိခိုက်မှုအတွက်နဲ့ ယွမ် ၁၀ သန်းတောင် လျော်ကြေးပေးချင်တာလား။ ကျစ်ကျစ်ကျစ် သူတို့က တကယ်ချမ်းသာတာပဲ "

" ငါ့ကိုသာ အစွပ်စွဲခံလိုက်ချင်တော့တယ်။ နည်းနည်း နာကျည်းပြပြီးလိုက်တာနဲ့ လျော်ကြေးငွေ ယွမ် ၁၀ သန်း ရနိုင်တယ် "

" ဒီမန်နေဂျာ ဟယ်လန်က ပြဿနာ ဖြေရှင်းတာ တကယ်ကောင်းတယ်။ ဒီလို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းကို ဘယ်သူမှ အပြစ်ရှာလို့ မရဘူး "

" အလှတရားနဲ့ ဉာဏ်ပညာက တကယ်ကို ဒွန်တွဲနေတာ "

အားလုံးသည် ဟယ်လန်၏ ဖြေရှင်းချက်ကို ချီးကျူးနေကြသော်လည်း လူအများစုမှာ ယဲ့ဖန်ကို မနာလို ဖြစ်နေခဲ့ကြသည်။

သူသည် လွယ်ကူစွာပင် သန်း၁၁၀ ရခဲ့သည်။

အင်မတန် ကျေနပ်စရာကောင်းလှသည်။

ယဲ့ဖန်သည်လည်း ပြောစရာမရှိပေ။

သူသည် ငွေကို လောဘကြီးသူ မဟုတ်သော်လည်း ယနေ့ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်ကိုလည်း သူ မေ့လျော့သွားခြင်း မရှိပေ။

သူသည် ယနေ့ ငွေရှာရန် ဤနေရာသို့လာခြင်း မဟုတ်သလို တော်ဝင်နန်းတော်ကာစီနိုရုံ၏ ဂုဏ်သိက္ခာကို ဖျက်စီးရန် လာခြင်းလည်း မဟုတ်ပေ။

သူသည် ဤနေရာကို ပြဿနာရှာရန်နှင့် ဟုန်းမိသားစု၏ ပါရမီရှင်ကို ထွက်လာစေပြီး စိန်ခေါ်မှုကို လက်ခံစေရန်သာ ရောက်နေခြင်း ဖြစ်သည်။

ထို့ကြောင့် လောင်းကစားရုံမှ လျော်ကြေးငွေကို လက်ခံခဲ့သည်။

တိုကင်ပြား သန်း၁၁၀ နှင့် သူ့ကိုယ်ပိုင် သန်း၁၀၀တို့သည် သူ့ရှေ့တွင် စုပုံထားပြီး တောင်ငယ်လေးတစ်ခုလို ဖြစ်နေသည်။

ငါးထပ်သို့ လာနိုင်သည့် လောင်းကစားသမားများ အားလုံးသည် ချမ်းသာပြီး အာဏာရှိသူများ ဖြစ်ကြသော်လည်း ထိုကဲ့သို့ မြင်ကွင်းမျိုး တစ်ခါမှ မတွေ့ဖူးချေ။

အားလုံး အံ့သြသွားကြသည်။

ယဲ့ဖန်ကို အဆက်မပြတ် ပရောပရည်လုပ်နေသော လောင်းကစားသမား အမျိုးသမီး အများအပြားလည်း ရှိနေသည်။

နောက်ဆုံးတွင် ချန်းဖေးအယ် သက်ပြင်းချလိုက်သည်။

သူမ၏ ခံစားချက်မှာ ရိုလာကိုစတာစီးသလိုဖြစ်နေသည်။

ယဲ့ဖန်သည် လိမ်လည်ခဲ့သောအခါ ကြီးမားသောတိုက်ပွဲကြီးတစ်ခုကို ရှောင်လွှဲ၍ မရဟု သူမထင်ခဲ့သည်။

ကစားပွဲက ဤမျှမြန်မြန် လှည့်သွားမည်ဟု သူမ မမျှော်လင့်ထားချေ။

လိမ်လည်လှည့်ဖြားမှုကို လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့ရုံသာမက လျော်ကြေးများစွာကိုလည်း ရရှိခဲ့သေးသည်။

တိုကင်ပြားများ ပြည့်နေသော စားပွဲကို ကြည့်လိုက်ရာ သူမ၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။

ယဲ့ဖန်သည် တိုကင်ပြားများ စလဲရာ၌ ယွမ် ၁သောင်းသာ အသုံးပြုခဲ့သော်လည်း အမှန်တကယ် အဆ ၂သောင်းကျော် တိုးလာခဲ့သည်။

ထိုကိစ္စသည် ကာစီနိုတစ်ခုလုံးအာား လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။

ယဲ့ဖန်သည် ကာစီနို၏ ဒဏ္ဍာရီလာသူရဲကောင်းဖြစ်လာသည်။

အရင်က ယဲ့ဖန်တွင် ဤမျှ အစွမ်းထက်သည့် လောင်းကစား ကျွမ်းကျင်မှုမျိုး ရှိမည်ဆိုသည်ကို သူမ မသိခဲ့ချေ။

သူ့မှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ။

သူမတို့၏ လုံခြုံရေးအဖွဲ့သည် ထိုကဲ့သို့ အရေးကြီးသော အချက်အလက်ကို လက်လွတ်သွားစေသည်အထိ သတိမထားမိလိုက်ပုံရသည်။

ဒီကောင်လေးကို ပိုနားလည်ရန် လိုအပ်သည်ဟု သူမ ခံစားလိုက်ရသည်။

အပိုင်း ( ၉၀၇ )

ရှင် အနိုင်ရရင် ဒီည ကျွန်မက ရှင့်အတွက်။

ယဲ့ဖန်ကို နှစ်သိမ့်ပြီးနောက် ဟယ်လန်သည် အခြားလောင်းကစားသမားများကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

" ကျွန်မတို့ကာစီနိုရဲ့ အမှားကြောင့် လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို ထိခိုက်စေခဲ့ပါတယ်။ တောင်းပန်တဲ့အနေနဲ့ ကျွန်မတို့ရဲ့ ကာစီနိုက လူတိုင်းကို တိုကင်ပြား ၅သိန်းဖိုးစီ ပေးပါမယ်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် "

တစ်ဦးချင်းစီမှ ၅သိန်းဖိုးစီ တိုကင်ပြားများ ရနိုင်သည်ဟု ကြားသောအခါ လူတိုင်း ဝမ်းသာကြသည်။

ယွမ် ၅သိန်းသည် သူတို့လို လူချမ်းသာများအတွက် ပိုက်ဆံအများကြီး မဟုတ်သော်လည်း ထိုကဲ့သို့ အခွင့်အရေးကောင်းမျိုးကို ငြင်းပယ်မည် မဟုတ်သည်မှာ သဘာဝကျလေသည်။

တော်ဝင်နန်းတော်ကာစီနိုရံ၏ အမျိုးသမီး မန်နေဂျာသည် ပြဿနာများကို ကိုင်တွယ်ရာ၌ ဉာဏ်ပြေးပုံကြောင့် သူတို့၏ စိတ်ထဲတွင် ပို၍ သဘောကျလာရသည်။

အမှန်တွင် ဟယ်လန်မှာ အလွန်ကောင်းသည့် အစီအစဉ်တစ်ခု ရှိနေသည်။

ပထမဦးစွာဖြင့် ငါးထပ်ရှိ ဂုဏ်ထူးဆောင်ဧည့်သည်များသည် ဟုန်းမိသားစု၏ အရေးကြီးသော အဆက်အသွယ်များဖြစ်သည်။

ထို့ကြောင့် လူတိုင်း၏ မကျေနပ်မှုကို ပြေလျော့စေရန် ငွေအနည်းငယ်သုံးစွဲခြင်းသည် စရိတ်သက်သာသော အရောင်းအ၀ယ်တစ်ခုဖြစ်သည်။

ဒုတိယအနေနှင့် ထိုလောင်းကစားသမားများကို ၁သန်းစီ ပေးခဲ့လျှင်ပင် နောက်ဆုံး၌ ကာစီနိုသို့သာ ပြန်ရှုံးကြမည်ဖြစ်သည်။

ပိုက်ဆံကို ဘယ်သူမှ မယူနိုင်ကြပေ။

အဲ့လိုဆိုမှတော့ ဘာလို့ မပေးရမှာလဲ။

တစ်ဖက်တွင် ယဲ့ဖန်ကတော့ သူမကို ခေါင်းကိုက်စေခဲ့သည်။

ထိုကောင်လေးသည် ပိုက်ဆံအများကြီးရထား၍ သူ့ကို ယူသွားခွင့် မပေးနိုင်သည်မှာ သေချာသည်။

မဟုတ်ပါပ တော်ဝင်နန်းတော်ကာစီနိုရုံသည် တကယ်ပင် ဟာသတစ်ခု ဖြစ်သွားလိမ့်မည်။

သို့သော် ထိုကောင်လေးသည် အလွန်ထက်မြက်ပြီး ပါးနပ်လွန်းလှသည်။

လှည့်စားပြီး ကစားသည်ဖြစ်စေ သူတို့၏ လောင်းကစားရုံသည် သူ့ကို မယှဉ်နိုင်ချေ။

ယခု သူမသည် ဟုန်းကျားကျွန်း အမြန်ရောက်လာလိမ့်မည်ဟုသာ မျှော်လင့်နိုင်ရတော့သည်။

မဟုတ်ပါက ထိုကောင်လေးကို သူ တားနိုင်မည် မဟုတ်ပေ။

ယဲ့ဖန်ကတော့ သူမ တွေးနေသည်ကို စိတ်ထဲမထားချေ။

တိုကင်ပြားများကို လက်ခံရရှိပြီးနောက် လောင်းကစားသမားများကို ချက်ချင်းကြည့်လိုက်သည်။

" လာ၊ လာ၊ ဆက်ကစားရအောင် "

လောင်းကစားသမားများသည် ထိုစကားကို ကြားသောအခါ အားလုံးမှာ တုန်လှုပ်သွားကြသည်။

ဒါက ဘယ်လိုဟာသမျိုးလဲ။

လက်ကိုးချောင်းရှိသူသောသရဲလက်ဟု တင်စားခံရသော ယွမ်ရှစ်ရင်းပင် ရှုံးခဲ့ရသည်။

သူတို့ သွားကစားရင် သေတွင်းတူးနေတာနဲ့ မတူဘူးလား။

အဆုံး၌ ယဲ့ဖန်မှ အကြိမ်ကြိမ် မေးနေသော်လည်း ဘယ်သူကမှ မပြောရဲကြပေ။

" လာမမေးနဲ့။ မင်းလို တကယ့်လူနဲ့ မကစားချင်ဘူး။ မင်းဘာသာ သွားကစား "

ယဲ့ဖန်ဆီမှ သန်း၃၀ ရှုံးသွားခဲ့သော ကျိုးဟုန်းဖသည် လူတိုင်းကိုယ်စား သူ၏ ထင်မြင်ချက်ကို ချက်ချင်း ထုတ်ဖော်ပြောလိုက်သည်။

အခြားသူများကလည်း ခေါင်းညိတ် သဘောတူကြသည်။

ရန်သူကို တိုက်ခိုက်ရန် စည်းလုံးခဲ့ကြသည်မှာ ထင်ရှားလေသည်။

သူ အဖယ်ခံလိုက်ရသည်။

ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားသည်။

သန်မာတဲ့သူက အမှားဆိုရင် သူ့အမှားကအရမ်းကို ကြီးနေတာပဲ။

သူသည် ယွမ် သန်း၂၀၀ကျော်သာ အနိုင်ရရှိထားသော်လည်း မည်သူမျှ သူနှင့် မကစားချင်တော့ချေ။

ပြိုင်ဘက်ကင်းရတာ တကယ် အထီးကျန်ရတာပဲ။

" ပျင်းတယ်၊ ပျင်းတယ် "

ယဲ့ဖန်သည် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်ကာ ကာစီနိုစားပွဲထိုးကို လက်ဝှေ့ယမ်းပြလိုက်သည်။

" ငါ့တိုကင်ပြားတွေ အကုန်လုံးကို လဲမယ်။ ငါ မကစားတော့ဘူး "

စားပွဲထိုးမှ မန်နေဂျာ ဟယ်လန်ကို အမြန် ကြည့်လိုက်သည်။

ကာစီနိုရုံတွင် ကာစီနိုမှ ရသောငွေကို အိမ်ပြန်မယူစေရဟူသော ရေးမထားသည့် စည်းမျဉ်းတစ်ခုရှိသည်။

ယဲ့ဖန်သည် သန်း၂၀၀ကျော်ပင် အနိုင်ရခဲ့သည်။

စားပွဲထိုးလိုလူက ဒီလောက်များတဲ့ ပမာဏကို ဘယ်လိုလုပ် သူ့အတွက် လဲပေးရဲတဲ့ သတ္တိရှိမှာလဲ။

ဟယ်လန်သည် သူမ၏ နှလုံးသားထဲတွင် ကျိန်ဆဲလိုက်သော်လည်း သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

သူမသည် ယဲ့ဖန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

" ဖန်လူကြီးမင်း၊ ရှင်က ဘာလို့ ဒီလောက်မြန်မြန် ထွက်သွားချင်တာလဲ "

ယဲ့ဖန် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။

" မင်းလည်း မြင်တာပဲ။ ဘယ်သူမှ ငါနဲ့ မကစားချင်ဘူး။ ငါက ထွက်မသွားရင် ဘာကို ထိုင်စောင့်နေရမှာလဲ "

ဟယ်လန်သည် အလွန်အမင်း စိုးရိမ်နေခဲ့သည်။

ဟုန်းကျားကျွန်းက ဘာလို့ ဒီကို မရောက်လာသေးတာလဲ။

သို့သော် သူမသည် မျက်နှာပြင်ပေါ်တွင် တည်ငြိမ်သည့်ပုံစံကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။

" ကျွန်မက ဖန်လူကြီးမင်းနဲ့ ကစားပေးရမလား "

ယဲ့ဖန် သူမကို အကဲခတ်လိုက်သည်။

" ဟုတ်ပြီ၊ ဒါပေမဲ့ မင်းက ဘယ်လောက်ကြေးကြီးကြီး ကစားချင်တာလဲ "

ဟယ်လန်သည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့ကို သနားစရာကောင်းစွာဖြင့် ကြည့်လိုက်သည်။

" ဒါပေမယ့် ကျွန်မမှာ တိုကင်ပြားတွေ မရှိဘူး "

ယဲ့ဖန်မှ ပေါ့ပါးစွာ ရယ်လေသည်။

" မင်းက ကာစီနိုပိုင်ရှင်လေ။ တိုကင်ပြား အလုံအလောက်မရှိမှာကို ကြောက်နေတာလား "

ဟယ်လန်သည် သူ့ခန္ဓာကိုယ်နှင့် နီးနေပြီဖြစ်ပြီး ပြောသည်။

" ဒီတိုကင်ပြားတွေကို သူဌေးက ပိုင်တာပါ။ ကျွန်မက မန်နေဂျာလေးတင်ပါပဲ။ ကိုယ်ကျိုးအတွက် ကျွန်မအာဏာကို အလွဲသုံးစားလုပ်ပိုင်ခွင့် မရှိပါဘူး "

ယဲ့ဖန် သူမကို တွန့်ဆုတ်ခြင်းမရှိ ခေါင်းဆုံးခြေဆုံး အကဲခတ်လိုက်သည်။

" မင်းမှာ တိုကင်ပြားမရှိဘဲ ဘာနဲ့ လောင်းမှာလဲ "

ဟယ်လန် သူ့ကို ဆွဲဆောင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

" လောင်းကစားလုပ်ဖို့ ကျွန်မကိုယ်ကျွန်မ လောင်းကြေးအဖြစ် သုံးမယ်။ ရှင်အနိုင်ရရင် ဒီည ကျွန်မကို ပိုင်လိမ့်မယ် "

ယဲ့ဖန်မှ ပြန်မတုံ့ပြန်ခင် အခြားလောင်းကစားသမားများက စတင် အော်ဟစ်လာကြသည်။

" ညီအစ်ကို ငါသာဆိုရင် သေချာပေါက် သဘောတူလိုက်တယ်။ မင်းမှာ ပိုက်ဆံရှိရင်တောင် မန်နေဂျာ ဟယ်လန်လို မိန်းမနဲ့ ကုန်ဆုံးဖို့က မလွယ်ဘူး "

" ဟုတ်တယ်၊ တော်ဝင်နန်းတော်ကာစီနိုရုံကိုရောက်လာတဲ့ ငါတို့အများစုက မန်နေဂျာဟယ်လန်ကြောင့် လာကြတာပဲ "

" အိပ်မက်ထဲမှာတောင် မန်နေဂျာ ဟယ်လန်ရဲ့ အလှလေးကို နမ်းချင်တာ။ ငါ့အသက်ဆယ်နှစ်ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင်တောင် ပေးလိုက်ဖို့ ဆန္ဒရှိတယ် "

" ငါဆို နေရာမှာတင် သေသွားလည်းရတယ်။ ပျိုနီပန်းလေး ခြေရင်းမှာ ခစားပြီး သေရတာက သရဲတစ္ဆေဖြစ်ရင်တောင် ရင်ခုန်စရာပဲ။ ဟား ဟား ဟား ........... "

လူတစ်စုသည် ဟယ်လန်ကို စိုက်ကြည့်ပြီး သွားရည်ကျနေကြသည်။

ယဲ့ဖန်သည် သူမကို စနောက်ရန် ပြက်လိုက်သော်လည်း ထိုအချိန်၌ သေမတတ် တိုက်ခိုက်ပြီး သတ်ပစ်ချင်နေသော အရိပ်နှစ်ခုကို ခံစားလိုက်ရသည်။

တစ်ယောက်မှာ သူ့ကို ခြိမ်းခြောက်သောအကြည့်များနှင့် စိုက်ကြည့်နေသည့် ချန်းဖေးအယ်ဆီက လာတာဖြစ်သည်။

နောက်တစ်ယောက်မှာ ရှင်းဟု အမည်ရသည့် အမျိုးသားဆီမှ ဖြစ်သည်။

သူ၏ လက်ချောင်းများသည် ဓားရှည်ပေါ်တွင် ဖိကိုင်ထားသည်။

ယဲ့ဖန်သည် ဟယ်လန်ကို ထိလိုက်သည်နှင့် သူ၏ ဓားရှည်က ချက်ချင်း သူ့လည်ပင်းနား ရောက်လာလောက်သည်။

ယဲ့ဖန် တွေးကြည့်လိုက်သည်။

သူ့ကို ရည်ရွယ်ချက်ရှိရှိ ပြဿနာ ဆွပေးလိုက်သင့်လား။

အဆုံးတွင် ယဲ့ဖန်သည် ထိုကဲ့သို့ မလုပ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ကိစ္စများကို ရှုပ်ထွေးအောင်လုပ်ရန် မလိုပေ။

ထို့အပြင် ဟယ်လန်မှ သူ့ကို တကယ် စိတ်မဝင်စားသည်ကို ယဲ့ဖန် ကောင်းမွန်စွာ သိသည်။

သူမသည် ဟုန်းမိသားစု၏ လောင်းကစား နတ်ဘုရား ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။

" တခြားသူတွေနဲ့ ကစားဖူးတဲ့ မိန်းမတွေကို ငါ မထိဘူး "

ယဲ့ဖန်သည် စကားပြောနေစဉ်တွင် သူ့လက်ကို ချန်းဖေးအယ်၏ ပုခုံးပေါ်သို့ တင်လိုက်သည်။

" ပြီးတော့ ငန်းသားကို မြည်းစမ်းပြီးရင် ငုံးသားအကြောင်းကို စဉ်းစားပါဦးမလား "

ယဲ့ဖန်သည် လူနှစ်ယောက်ကို စာကြောင်းတစ်ကြောင်းတည်းဖြင့် ဖော်ပြပုံကို ကိုယ်တိုင်ကိုယ်ကျ သရုပ်ပြခဲ့သည်ဟု ယူဆနိုင်သည်။

ချန်းဖေးအယ်သည် သူ့စကားကို ကြားသောအခါ သူမ ဒေါသအလွန်ထွက်လာပြီး သူ့ကို ရိုက်ချင်လာသည်။

ငန်းသားကို မြည်းစမ်းကြည့်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

သူက ဘယ်တုန်းက မြည်းခဲ့ဖူးလို့လဲ။

ဟယ်လန်သည် တစ်စုံတစ်ယောက်ကို သတ်ချင်စိတ် ဖြစ်လာသည်။

သူမသည် သူမ၏ အလှတရားနှင့် ပတ်သက်ပြီး အမြဲမာနကြီးသည်။

သူမ ဖြားယောင်းချင်သောစိတ်ရှိသည်နှင့် သူမ မဖြားယောင်းနိုင်သော ယောက်ျားဟူ၍ မရှိပေ။

ယနေ့တွင် ဤကဲ့သို့ ကဲ့ရဲ့ခံရမည်ဟု မမျှော်လင့်ထားချေ။

ချန်းဖေးအယ်သည် သူမထက် ပိုလှသည်ကို ဝန်ခံသော်လည်း သူမက ပို၍ ပရောပရည် လုပ်တတ်သည်။

ယောက်ျားများအတွက် ထိုတစ်ခုတည်းက အလှတစ်ထောင်ထက် ပိုသာလေသည်။

ထိုသည်ကို ယဲ့ဖန်က သူမကို 'ငုံး'ဟု ခေါ်ရဲလေသည်။

ထိုသည်က သူမအတွက် ကြီးစွာ အရှက်ရစေသည်။

သို့သော် သူမသည် သူ့ကို ထိန်းထားရမည် ဖြစ်သည်။

ဟုန်းကျားကျွန်း မရောက်ခင် သူ့ကို ပြန်ခွင့်မပေးနိုင်ပေ။

" ငန်းတွေမှာလည်း သူတို့ရဲ့ အားသာချက်တွေ ရှိသလို ငုံးတွေမှာလည်း သူတို့ရဲ့ အံ့ဩစရာတွေ ရှိတယ်။ အရင်က မစားဖူးတဲ့သူတွေက အရသာကို နားမလည်နိုင်ဘူး "

အပိုင်း ( ၉၀၈ )

မင်းရဲ့ စိန်ခေါ်မှုကို ငါလက်ခံတယ်။

" ငန်းတွေမှာ သူတို့ရဲ့ အားသာချက်တွေ ရှိသလို ငုံးတွေကလည်း သူတို့ရဲ့ အံ့ဩစရာတွေ ရှိတယ်။ အရင်က မစားဖူးတဲ့သူတွေက အရသာကို နားမလည်နိုင်ဘူး "

ထိုအချိန်တွင် ငါးထပ်မှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

အားလုံး လှည့်ကြည့်လိုက်သည့်အခါ အရပ်မြင့်မြင့်နှင့် လူတစ်ယောက် ဓာတ်လှေကားထဲမှ ဖြည်းညှင်းစွာ လျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဟယ်လန်သည် ထိုလူကို မြင်လိုက်သည်နှင့် သူမ၏ မျက်နှာမှာ တောက်ပလာတော့သည်။

ဒီကောင်လေးရဲ့ နတ်ဆိုးက နောက်ဆုံးတော့ ရောက်လာပြီ။

ထိုစကားပြောလိုက်သောလူသည် အလွန်ချောမောပြီး သွေးနှောဟုထင်ရသည့် ပုံစံရှိသည်။

သူသည် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး အရပ်ရှည်သော အသွင်အပြင်ကို ပို၍ ထင်ရှားစေသည်။

ထိုကဲ့သို့ ယောက်ျားမျိုးသည် အမျိုးသမီးတိုင်း၏ အိပ်မက်မင်းသားလေး ဖြစ်သည်မှာ သေချာသည်။

ယဲ့ဖန်ကဲ့သို့ ချောမောသော ယောက်ျားတစ်ဦးပင် ထိုလူ၏ 'ချောမောမှု'ကို လက်ခံရပေမည်။

အမျိုးသမီး လောင်းကစားသမားများနှာ ထိုလူကို ပိုလို့ပင် စွဲလန်းသွားပုံရသည်။

ပြောစရာမလိုအောင်ပင် ထိုလူသည် 'လောင်းကစားဘုရင်'ဘွဲ့ကို နှစ်ကြိမ်ဆက်တိုက် ရရှိထားသော ဟုန်းကျားကျွန်းဖြစ်ပြီး ဟုန်းမိသားစု၏ မျိုးဆက်သစ်လူငယ်များကြားတွင် အတော်ဆုံးတစ်ဦးလည်း ဖြစ်သည်။

သူ့နောက်တွင် လိုက်ပါလာသော သက်ကြီးရွယ်အိုအချို့လည်း ရှိနေသည်။

ယဲ့ဖန်သည် မူလက ထိုလူများကို ဟုန်းကျားကျွန်း၏ လက်အောက်ငယ်သားများဟု ထင်ခဲ့သော်လည်း ပတ်ဝန်းကျင်မှ လောင်းကစားသမားများ၏ ပြောသံများကို ကြားလိုက်မှ သူထင်တာ မှားနေကြောင်း သိလိုက်ရသည်။

" ဘုရားရေ၊ အဲ့တာ ၂၀၀၂ လောင်းကစားဘုရင် ပြိုင်ပွဲကြီးရဲ့ လောင်းကစားဘုရင် လုံကျန်းမင်း မဟုတ်လား။ အဲ့ဒီတုန်းက သူက အင်အားအကြီးဆုံး မြင်းနက်ကြီးပဲ "

" လုံကျန်းမင်းရဲ့ ဘေးက အဘိုးအိုက နှစ်တွေအကြာကြီး အငြိမ်းစားယူခဲ့တဲ့ နန်ကျန်းအန်စာတုံးဘုရင် ချန်းနွမ်ရှင်းမလား "

" ဟုတ်တယ်၊ ချန်းနွမ်ရှင်းပဲ။ သူ့ဘေးကလူက လောင်းကစားဘုရင်ဘွဲ့ကို နှစ်ကြိမ်ဆက်တိုက်ရခဲ့တဲ့ ဝူချင်းရှုန်း ထင်တယ် "

" ဝူချင်းရှုန်းပဲ။ တတိယအကြိမ်ပြိုင်ပွဲသာ ဆက်ပြီး ပါဝင်ခဲ့ရင် သူက ဖလားသုံးလုံး ဆက်တိုက်နိုင်မှာ မဟုတ်လား "

" လောင်းကစားလောကက ပညာရှင်လူကြီးတွေ အများကြီးပဲ။ဂဘာလို့ အားလုံးက ဟုန်းကျားကျွန်းနဲ့ အတူတူ လမ်းလျှောက်လာကြတာလဲ "

" သူတို့အားလုံး သူ့နောက်က လိုက်နေကြတဲ့ပုံက သူ့လက်ပါးစေတွေလိုပဲ "

" ဒီအချက်ကနေ ဟုန်းကျားကျွန်းရဲ့ ခွန်အားက အကြီးတန်းက လူကြီးတော်တော်များများကတောင် အသိအမှတ်ပြုပြီးပြီဆိုတာ သိနိုင်တယ် "

" ကြည့်ရတာ ဟုန်းကျားကျွန်းက သုံးကြိမ်မြောက်အတွက် အနိုင်ရဖို့ အခွင့်အရေးရှိပုံရတယ် "

" အဓိပ္ပာယ်မရှိတာ။ အားလုံးက ဟုန်းကျားကျွန်းရဲ့ ခွန်အားကို မြင်ဖူးပြီးသား။ သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး လောင်းကစားဘုရင်လို့ ပြောနိုင်တယ်။ သူ့ကလွဲပြီး နိုင်မယ့်သူက တခြားဘယ်သူရှိဦးမှာလဲ "

" ဒီနေ့ ပြဿနာရှာတဲ့ လူငယ်လေးကလည်း တော်တော် အစွမ်းထက်ပုံရတယ် "

" အဲ့တာက ဘယ်သူနဲ့ ပြိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်သေးတယ်။ သေချာပေါက် သူက ငါတို့နဲ့ယှဉ်ရင်တော့ အစွမ်းထက်ပေမယ့် ဟုန်းကျားကျွန်းနဲ့ဆိုရင်တော့ အခက်တွေ့လိမ့်မယ် "

" သူက ဟုန်းကျားကျွန်းနဲ့ ပြိုင်ချင်တာလား။ ဒါက ဟုန်းကျားကျွန်း ကြုံဖူးသမျှ အကြီးမားဆုံး စော်ကားမှုပဲ "

" အဲ့လို မပြောနိုင်ဘူး ...... "

အားလုံးမှ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြချိန် ဟုန်းကျားကျွန်းနှင့် သူ့အဖွဲ့တို့က လမ်းလျှောက် ရောက်လာကြသည်။

ဟယ်လန်သည် သူ့ဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး ဟုန်းကျားကျွန်း၏ နားထဲသို့ တစ်စုံတစ်ခုကို တီးတိုး ပြောလိုက်သည်။

ဟုန်းကျားကျွန်းသည် စားပွဲပေါ်ရှိ တိုကင်ပြားများကို ဦးစွာ ကြည့်လိုက်ပြီးနောက် ယဲ့ဖန်ကို ကြည့်လိုက်သည်။

" မင်းက ဒုက္ခပေးဖို့ လာခဲ့တာလား။ ဒါ ဟုန်းမိသားစုရဲ့ နယ်မြေဆိုတာ မင်းသိလား "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" သိတယ် "

ဟုန်းကျားကျွန်းက သူ့မျက်နှာကို ညွှန်ပြသည်။

" ဒါဆို ငါဘယ်သူလဲဆိုတာရော မင်းသိလား "

ယဲ့ဖန်က ခေါင်းညိတ်ပြပြန်သည်။

" သိတယ် "

ဟုန်းကျားကျွန်း ချက်ချင်း ရယ်မောလိုက်သည်။

" ဒါတောင် မင်းက ဒီကိုလာပြီး ဒုက္ခပေးရဲသေးတာလား "

ယဲ့ဖန်၏ နှုတ်ခမ်းများ တွန့်ကွေးတက်သွားသည်။

" လာခဲ့မှတော့ သိလို့လာတာပဲ "

ဟုန်းကျားကျွန်း ဒေါသအလွန်ထွက်ပြီး ရယ်လိုက်သည်။

" ဒါဆို မင်းက ငါ့ဆီလာတာလား "

ယဲ့ဖန် ဘာမှ ဖုံးကွယ်မနေတော့ဘဲ ခေါင်းညိတ် ဝန်ခံလိုက်သည်။

" ဟုတ်တယ်၊ ခင်ဗျားနဲ့ လောင်းချင်တယ် "

ယဲ့ဖန် ထိုကဲ့သို့ ပြောလိုက်သည့်အချိန်တွင် ဟုန်းကျားကျွန်းမှ ဘာမှ ပြန်မပြောသော်လည်း ကျန်သည့် လောင်းကစားသမားများက သည်းမခံနိုင်ကြချေ။

" ဘာလဲ။ ငါနားကြားမှားတာလား။ ဒီကလေးက ဟုန်းကျားကျွန်းကို စိန်ခေါ်ချင်တာတဲ့လား။ သူက ရဲရင့်လွန်းတယ် မဟုတ်လား "

" ဘယ်လို စိတ်ကူးယဉ်ဆန်တာကြီးလဲ။ ဟုန်းကျားကျွန်းက တတိယအကြိမ် ဆုရတဲ့ချန်ပီယံပဲ ဖြစ်လာတော့မယ်။ ဒီကလေးက ရူးနေတာလား "

" သူက ငါတို့ကို အနိုင်ယူနိုင်တာနဲ့ ဟုန်းကျားကျွန်းကိုပါ အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား။ မဖြစ်နိုင်ဘူး မဟုတ်လား "

" ဒီကလေးက မာနကြီးလွန်းတယ်။ သူက ဟုန်းလူကြီးမင်းနဲ့ ယှဉ်ဖို့ ထိုက်တန်တန် ထင်နေတာလား။ ဖွီ "

ဟုန်းကျားကျွန်းသည် ထိုလောင်းကစားသမားများ၏ နှလုံးသားထဲတွင် နေရာများစွာကို ဆုပ်ကိုင်ထားနိုင်သည်မှာ ထင်ရှားသည်။

သူသည် သူတို့၏ စိတ်နှလုံးထဲတွင်ရှိသော နတ်ဘုရားဟုပင် ဆိုနိုင်သည်။

ယခု ယဲ့ဖန်သည် သူတို့၏ နတ်ဘုရားကို စိန်ခေါ်လိုသည်ဟု ကြားသောအခါ သူတို့သည် ဒေါသထွက်လာကြသည်။

ဟုန်းကျားကျွန်းလည်း ရယ်မောလိုက်သည်။

" မင်းက ဥတစ်လုံးနဲ့ ကျောက်တုံးကို ရိုက်တယ်လို့ ပြောရင်တောင် နည်းနည်း ချဲ့ကားရာရောက်နေပြီ။ ဘယ်သူမဆို ငါ့ကို စိန်ခေါ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား။ ငါ့မှာ တွေ့ဖို့ အရေးကြီး ဧည့်သည်တစ်ယောက်ရှိတယ်။ မင်းအတွက် အချိန်မရှိဘူး။ ဒီငွေ၁၀သန်းကို ယူသွားပြီး ကျန်တာကို ငါ့ဆီ ထားခဲ့လို့ရတယ် "

လောင်းကစားသမားများသည် သူ၏ ကြီးကျယ်ခမ်းနားသော စကားကို ကြားသောအခါ အားလုံးက လက်ခုပ်တီးကာ အားပေးကြသည်။

" ငါ့ရဲ့ စံပြပုဂ္ဂိုဟ်ဆီက မျှော်လင့်ထားသလိုပဲ။ သူ့စကားတွေက လွှမ်းမိုးနိုင်တယ်။ သဘောကျတယ်ဟေး "

" သူက အမှန်အတိုင်းပြောနေတာပဲလေ။ တွေ့ကရာလူတိုင်းကို ဟုန်းလူကြီးမင်းကို စိန်ခေါ်ပိုင်ခွင့်ရှိတယ်လို့ သူက တကယ်ထင်နေတာလား "

" ဟုန်းလူကြီးမင်းက သူ့ကို ၁၀သန်းယူသွားခွင့်ပေးလိုက်တာတောင် အရမ်းကြင်နာနေပြီ။ အဲ့ကောင်လေးက သူနဲ့ တကယ်သာ လောင်းရမယ်ဆိုရင် တစ်ပြားတစ်ချပ်မှတောင် အိမ်ကို ပြနိမယူနိုင်လောက်ဘူး "

" တစ်ပြားတစ်ချပ်ကိုတောင် မပြောနဲ့။ စည်းစိမ် အကုန်လုံးကိုတောင် ရှုံးသွားမယ် ထင်တယ် "

" ဟုန်းလူကြီးမင်းက တကယ်ကို ကြင်နာလွန်းတယ် ......... "

ဟယ်လန်လည်း ဟုန်းကျားကျွန်းကို စွဲလမ်းစွာ ကြည့်နေသည်။

ထိုယောက်ျားသည် သူမဘ၀တွင် မြင်ဖူးသမျှထဲ အပြောင်မြောက်ဆုံးလူ ဖြစ်သည်။

သူနှင့် ရွယ်တူများကြားတွင်သာမက လူသားအားလုံးကြားတွင်ပင် သူသည် ဉာဏ်ကြီးရှင်တစ်ဦးဖြစ်သည်။

ထိုကဲ့သို့သောလူသည်သာ သူမနှင့် ထိုက်တန်သည်။

ဟုန်းကျားကျွန်းသည် ပြောပြီးနောက် ယဲ့ဖန်ကိုပင် မကြည့်ခဲ့ချေ။

အထက်လူကြီးများကို ရုံးခန်းထဲသို့ ခေါ်သွားရန် ပြင်သည်။

" မင်းစိန်ခေါ်တာကို လက်မခံရဲရင် ဒီလောင်းကစားရုံကို အပြတ်ရှင်းပြီး မင်းတို့ရဲ့တော်ဝင်နန်းတော်ကာစီနိုရုံက ဟာသကြီးအဖြစ်ဆိုတာ ပြောင်းပစ်လိုက်မယ် "

ထိုအချိန်တွင် ယဲ့ဖန်သည် ရုတ်တရက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

သူ့စကားများတွင် ခြိမ်းခြောက်မှုများ ပါဝင်နေသည်မှာ ထင်ရှားသည်။

ဟုန်းကျားကျွန်းသည် သူ့ခြေလှမ်းရာကို ရပ်လိုက်ပြီး သူ့ကို အေးစက်စွာ ပြန်လှည့်ကြည့်လိုက်သည်။

" မင်း ငါနဲ့ တကယ် လောင်းချင်နေတာလား "

ယဲ့ဖန်သည် သူ၏ စူးရှသော အကြည့်ကို ရင်ဆိုင်လိုက်ရသော်လည်း နောက်မဆုတ်ချေ။

" ငါပြောတာ မရှင်းသေးဘူးလား "

ဟုန်းကျားကျွန်း၏ မျက်လုံးများသည် အေးစက်စွာ တောက်ပလာသည်။

" ဒါဆို မင်း ဘယ်လိုလောင်းချင်လဲ "

ယဲ့ဖန်သည် ဂရုမစိုက်စွာဖြင့် ပုခုံးတွန့်လိုက်သည်။

" ငါ မင်းပြောတာကို နားထောင်မယ်။ဂမင်းပြောသမျှ လောင်းမယ် "

ဟုန်းကျားကျွန်း အလွန်ဒေါသထွက်ပြီး ရယ်လိုက်သည်။

ဒါက သူ့ကို အရှက်ခွဲနေတာပဲ။

" လောင်းကြေးက ဘာလဲ "

ယဲ့ဖန် သူ့ကို ကြည့်လိုက်သည်။

" ရှုံးရင် ဒီနှစ် လောင်းကစားဘုရင်ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်။ ဘယ်လိုလဲ "

ဟား ..........

ထိုသို့ ပြောပြီးသည်နှင့် ကာစီနိုရုံတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

" ဒီကလေးက တကယ်ကြီး ရူးနေတာပဲ။ သူက အဲ့လို လောင်းကြေးတင်ချင်တာလား "

" ဒါက ဘယ်လောက်တောင် အညှိုးကြီးတာမျိုးလဲ။ ဒါတွေအားလုံးက ဟုန်းလူကြီးမင်း လောင်းကစားဘုရင်ပြိုင်ပွဲမှာ ပါဝင်တာကို တားဖို့လား "

" သူက ဟုန်းလူကြီးမင်းကို တားချင်နေတာလား။ ဒါက လူမိုက်ရဲ့ အိပ်မက်ပဲ "

" ဒီကောင်ကို ဒုက္ခပေးဖို့အတွက် ရန်သူဘက်က လွှတ်လိုက်တာဖြစ်မယ်။ သူ့ကို မြန်မြန်ထုတ်လိုက်ကြ ......... "

ဟုန်းကျားကျွန်းသည် လူအုပ်ကြီး၏ ဆူညံသံကို ဂရုမစိုက်ဘဲ ယဲ့ဖန်ကိုသာ စိုက်ကြည့်နေသည်။

" ဒါဆို မင်းရှုံးရင် ဘာဖြစ်မှာလဲ "

ယဲ့ဖန်သည် သူ့လက်များကို ဖြည်းညှင်းစွာ မြှောက်ပြလိုက်သည်။

" ရှုံးရင် ကိုယ့်လက်ကိုယ် ဖြတ်ပေးမယ် "

" ဟား ...... "

ထိုတစ်ခါ ကြည့်နေသည့်သူတိုင်း ပိုလို့ပင် အံ့သြသွားသည်။

ယဲ့ဖန်၏ လောင်းကစားကျွမ်းကျင်မှုသည် အားလုံး မျက်မြင်ထင်ရှားဖြစ်ပြီး ပထမထပ်မှ ၅ထပ်မြောက်အထိ တက်လာရန် ယွမ် ၁သောင်းကိုသာ အသုံးပြုခဲ့သည့် ရှားပါးသော လောင်းကစားပညာရှင်တစ်ဦးဖြစ်သည်။

လောင်းကစားကျွမ်းကျင်သူများအတွက် သူတို့လက်၏ အရေးပါမှုမှာ ပြောမပြနိုင်အောင် ဖြစ်သည်။

လက်များသည် သူတို့၏ အသက်သွေးကြောသာ ဖြစ်သည်။

သို့သော် ယဲ့ဖန်သည် သူ့လက်နှစ်ဖက်လုံးကို လောင်းကြေးတင်ရန် ဆန္ဒရှိနေသည်။

သူ့ကိုယ်သူ အထင်ကြီးနေတာလား။ ဒါမှမဟုတိ သူ့မှာ အားကိုးစရာတစ်ခုခု ရှိနေလို့လား။

ဟုန်းကျားကျွန်းသည် ယဲ့ဖန်၏ မျက်နှာကို အချိန်အကြာကြီး စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ မင်းရဲ့ စိန်ခေါ်မှုကို ငါလက်ခံတယ် "

All Chapters