← Chapters

အပိုင်း ၉၀၉-၉၁၂

Vol. 46 Ch. 909-912

အပိုင်း ၉၀၉-၉၁၂

Vol. 46 Ch. 909-912

အပိုင်း ( ၉၀၉ )

ဆိုးတတ်တဲ့ကောင်လေး

ဟုန်းကျားကျွန်းသည် ယဲ့ဖန်၏ စိန်ခေါ်မှုကို သဘောတူကြောင်း ကြားသောအခါတွင် ကာစီနိုရုံသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။

" ဘုရားရေ၊ ဟုန်းလူကြီးမင်းက သူ စိန်ခေါ်တာကို တကယ်ကြီး သဘောတူလိုက်တာလား။ ဒါ ...... ဒါက အန္တရာယ်များလွန်းတာ မဟုတ်ဘူးလား။ သူရှုံးရင် သုံးကြိမ်ဆက်တိုက် အနိုင်ရသူ မဖြစ်နိုင်တော့ဘူးလေ "

" မင်း ငါ့ကို နောက်နေတာလား။ ဟုန်းလူကြီးမင်းက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ "

" အရာရာတိုင်းမှာ 'အကယ်လို့' ဆိုတာ အမြဲရှိတယ်။ ဒီဖန်ဆိုတဲ့ လူငယ်လေးကလည်း မပျော့ညံ့ဘူး။ ဟုန်းလူကြီးမင်း ရှုံးသွားရင် ဘယ်လိုလုပ်မလဲ "

" အကယ်လို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဟုန်းလူကြီးမင်းရဲ့ အင်အားကို ငါတို့ ယုံကြည်တယ် "

" ဟုတ်တယ်။ ဟုန်းလူကြီးမင်းက ငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံးပဲ။ သူက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ "

လောင်းကစားသမားများသာမက ချန်းဖေးအယ်လည်း ထိတ်လန့်သွားခဲ့သည်။

လောင်းကစားပညာတွင် ယဲ့ဖန်၏ စွမ်းရည်သည် သူမ စိတ်ကူးထားသည်ထက် ကျော်လွန်နေကြောင်း သူမ ဝန်ခံသည်။

သို့သော် ယဲ့ဖန်သည် ယခုအခါ 'လောင်းကစားဘုရင်'ဘွဲ့ကို နှစ်ကြိမ်ဆက်တိုက် ရရှိထားသည့် ဟုန်းကျားကျွန်းနှင့် ရင်ဆိုင်ရမှာ ဖြစ်သည်။

လက်နှစ်ဖက်ကို လောင်းကြေးတင်ခြင်းက သူ့အတွက် အန္တရာယ်များလွန်းသည်။

သို့သော် အခုအခါ ဟုန်းကျားကျွန်းက သဘောတူပြီးသွားပြီဖြစ်၍ ယဲ့ဖန်ကို တားရန် အချိန်နှောင်းသွားပြီ ဖြစ်သည်။

သူမ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။

ယဲ့ဖန်သာ အမှန်တကယ် ရှုံးသွားပါက သူတို့ ထွက်လမ်းကို ရှာရလိမ့်မည်။

ဟယ်လန်လည်း အံ့သြသွားသည်။

သူမ ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေသည်။

ဒီကောင်က ဒီလောက်ထိလည်း သွားရဲတာပဲလား။ သူ အဲ့လောက် ယုံကြည်မှုရှိလား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ကျားကျွန်းက သမိုင်းတစ်လျှောက် သြဇာအကြီးဆုံး 'လောင်းကစားဘုရင်'ပဲ။

သူက ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး။

သို့သော် သူမသည် သတိရှိနေဆဲဖြစ်ပြီး ချက်ချင်း ပြုံးပြလိုက်သည်။

" အပြင်မှာက လူတွေရှုပ်နေတာပါ။ ရှင်တို့နှစ်ယောက်ကို မထိခိုက်စေဖို့အတွက် VIP အခန်းကို သွားကြရအောင် "

ဟုန်းကျားကျွန်းသည် သူမ၏ အစီအစဉ်ကို လွန်စွာ မကျေမနပ် ဖြစ်မိသည်။

လူအများရှေ့တွင် ရှုံးပါက သူ့နာမည်ပျက်သွားမည်ကို သူမက ကြောက်ရွံ့သောကြောင့် သီးသန့်ခန်းသို့ သွားကြည့်ရန် အကြံပြုသည်မှာ သိသာထင်ရှားနေသည်။

သူ၏ ခွန်အားကို သူမ မယုံကြည်ဘူးဟု ဆိုလိုနေသည်။

ဟယ်လန်သည် ဟုန်းကျားကျွန်း၏ အမူအရာ ပျက်ယွင်းသွားသည်ကို မြင်လိုက်သောအခါ သူမ ထိတ်လန့်သွားသည်။

သူမက အမြန် ရှင်းပြသည်။

" ကျွန်မတို့ရဲ့ ကာစီနိုထဲကို အကြီးတန်းပညာရှင်တွေ လာတာဖြစ်လို့ VIP အခန်းမှာ လက်ဖက်ရည်သောက်ပြီး အနားယူနိုင်စေချင်တာပါ "

သူမ၏ ရှင်းပြချက်ကို ကြားပြီးနောက် ဟုန်းကျားကျွန်းသည် အခြားဘာမျှ မပြောတော့ပေ။

အနောက်လှည့်၍ လောင်းကစားလူကြီးမင်းများကို ပြောလေသည်။

" ဒါဆို ကျွန်တော်တို့ပွဲရဲ့ သက်သေဖြစ်ပေးဖို့အတွက် လူကြီးမင်းတို့ကို အနှောင့်အယှက် ပေးရတော့မှာပဲ "

ထိုစီနီယာကြီးများသည် ကန့်ကွက်ခြင်းမရှိဘဲ VIP အခန်းထဲသို့ လိုက်သွားကြသည်။

ငါးထပ်မြောက်ရှိ လောင်းကစားသမားများသည် လူငယ်သခင်နှစ်ဦး၏ တိုက်ခိုက်ပွဲကို မမြင်ရသည့်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်ခဲ့ကြသည်။

သို့သော် ချက်ချင်း မထွက်သွားခဲ့ကြပေ။

သူတို့အားလုံးသည် နောက်ဆုံးရလဒ်ကို စောင့်မျှော်နေရန် အဆင်သင့်ဖြစ်နေကြသည်။

မည်သို့ပင်ဖြစ်စေ ယနေ့ သီးသန့် ပြိုင်ဆိုင်ပွဲသည် ကာစီနိုလောကတွင် ကြီးကျယ်သော ပွဲကြီးတစ်ပွဲ ဖြစ်လာပေလိမ့်မည်။

သူတို့သည် အဖြစ်အပျက်၏ သက်သေများဖြစ်ကြပြီး ပြန်သွားသောအခါ အချိန်အတော်ကြာသည်အထိ ကြွားလုံးထုတ်နိုင်ကြတော့မည် ဖြစ်သည်။

VIPအခန်းသည် သိပ်မကြီးဘဲ ၂၀ စတုရန်းမီတာပတ်လည်လောက်သာ ကျယ်သော်လည်း ခမ်းနားတင့်တယ်စွာ အလှဆင်ထားသည်။

အခန်းအလယ်တွင် အဆင့်မြင့် လောင်းကစားစားပွဲ အနည်းငယ်ရှိသည်။

ပတ်လည်တွင်လည်း အနားယူရန်နေရာများရှိပြီး ဆိုဖာများနှင့် ကော်ဖီစားပွဲများသည် အလွန်လက်ရာမြောက်သည့် ဇိမ်ခံပစ္စည်းများ ဖြစ်သည်။

တစ်ချက်ကြည့်ရုံဖြင့် ပစ္စည်းအားလုံးသည် တန်ဖိုးကြီးပစ္စည်းများဖြစ်ကြောင်း ပြောနိုင်သည်။

စီနီယာ ကျွမ်းကျင်ပညာရှင်များအားလုံးသည် အနားယူသည့်နေရာ၌ နေရာယူကြသည်။

ဟယ်လန်နှင့် ချန်းဖေးအယ်တို့လည်း အနောက်က လိုက်လာကြသည်။

ယဲ့ဖန်နှင့် ဟုန်းကျားကျွန်းတို့သည် စားပွဲစွန်းတစ်ဖက်စီတွင် ထိုင်နေကြပြီး ယွမ်ရှစ်ရင်းသည် သူတို့အတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးသည်။

ဟုန်းကျားကျွန်းသည် သူ့အကြည့်ကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်ပြီး ပေါ့ပါးစွာ မေးသည်။

" ပြော၊ မင်း ဘယ်လိုကစားချင်လဲ "

" ဧည့်သည်က အိမ်ရှင်စိတ်ကြိုက် လုပ်ရမှာပေါ့။ ဘယ်လိုကစားချင်လဲ။ ငါ မင်း ပြောတာ နားထောင်လိုက်မယ် "

ယဲ့ဖန်သည် ဂရုမစိုက်သလို ပြောလိုက်သည်။

သူ၏ ထိုကဲ့သို့ ဂရုမဲ့သော အသွင်အပြင်က ဟုန်းကျားကျွန်းကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။

သိုင်းပညာလောကထဲသို့ ဝင်ရောက်လာစ လူငယ်လေးတစ်ယောက်အား သိုင်းပညာရှင်ကြီးမှ ပြောနေသလိုဖြစ်သည်။

မင်း ဘယ်လိုပုံစံနဲ့ တိုက်ခိုက်နေပါစေ ငါ့ဆံပင်တစ်ချောင်းကိုတောင် မထိခိုက်စေရဘူးလို့ ငါ အာမခံတယ်။

ယဲ့ဖန်ကို သူ အထင်သေးစွာ ကြည့်လိုက်သည်။

" မင်းရဲ့ နည်းပညာတစ်ထောင်က တော်တော်အစွမ်းထက်တယ်လို့ ငါကြားတယ်။ ဒါဆို နည်းပညာတစ်ထောင်ကို သုံးပြီး ပြိုင်ကြတာပေါ့။ သုံးပွဲ အကောင်းဆုံးဟာ ပြိုင်မလား "

ဟုန်းကျားကျွန်းသည် သူ့မျက်နှာရှိ လှောင်ပြောင်ရိပ်ကို ဖုံးကွယ်မထားပေ။

သူသည် အစောပိုင်း လောင်းကစားပွဲ၌ လှည့်စားပြီး ကစားခဲ့သည့်အတွက် ယဲ့ဖန်ကို လှောင်ပြောင်နေသည်မှာ ထင်ရှားသည်။

ယဲ့ဖန်ကလည်း ပြန်ပြောသည် ။

" နည်းပညာတစ်ထောင်ကို ငါ သိပေမယ့် အဲ့တာတွေအားလုံးက နည်းစနစ်တွေအပေါ် အခြေခံထားတာ။ ငါက ဘယ်တော့မှ အပိုအကူပစ္စည်းကို မသုံးဘူး "

အပိုပစ္စည်းများဖြင့် လိမ်လည်ခြင်းအတွက် ကာစီနိုရုံကို သူက ပြန်လည်လှောင်ပြောင်လိုက်သည်။

လောင်းကြေးမစခင်ကတည်းက သူတို့နှစ်ယောက်ကြားမှ ယမ်းနံ့က အလွန်ထူထဲနေပြီဖြစ်သည်။

ဟုန်းကျားကျွန်းသည် အေးစက်စွာ နှာမှုတ်လိုက်သည်။

" စိတ်မပူပါနဲ့၊ ငါမင်းကို ကိုင်တွယ်ဖို့ ဘာအကူပစ္စည်းမှ မလိုဘူး။ ပထမအကျော့မှာ ငါတို့ အန်စာတုံးကစားမယ်။ အနည်းဆုံးနံပါတ်က အနိုင်ရတယ် "

ယဲ့ဖန်သည်လည်း ကန့်ကွက်ခြင်းမရှိပေ။

ယွမ်ရှစ်ရင်းသည် ခမ်းနားလှသော အန်စာတုံးခွက်ကို ဟုန်းကျားကျွန်းအား ချက်ချင်း ပေးလိုက်သည်။

ထိုခွက်သည် ဟုန်းကျားကျွန်း သုံးနေကျ ခွက် ဖြစ်သည်။

" မင်းမှာ အန်စာတုံးခွက် မရှိဘူးလား။ မင်းကို တစ်လုံးလောက် ငှားပေးရမလား "

သူသည် အန်စာတုံးခွက်ကိုယူကာ သူ့လက်ထဲတွင် ကိုင်နေလျက် ယဲ့ဖန်ကို ကြည့်လိုက်သည်။

" မလိုပါဘူး ...... ဒါကိုသုံးမယ် "

ယဲ့ဖန် လှည့်ပတ်ကြည့်လိုက်သည်။

ထို့နောက် မတ်တပ်ထရပ်ပြီး သူ့ဘေးနားရှိ စားပွဲပေါ်မှ ဝိုင်ခွက်တစ်ခွက်ကို ယူလိုက်သည်။

သူ၏ လုပ်ရပ်သည် ရှိနေသူအားလုံးကို ချက်ချင်း အံ့အားသင့်စေခဲ့သည်။

ပညာရှင်လူကြီးမင်းများက မျက်မှောင်ကြုတ်သွားကြသည်။

" ဒီလူငယ်က တကယ်ကို အကျင့်ပျက်တဲ့သူပဲ။ သူက သူ့ပြိုင်ဘက်ကို အထင်သေးနေတာ "

" အရည်အချင်းပြည့်မီတဲ့ လောင်းကစားသမားတစ်ဦးက ဘယ်သူ့ကိုပဲ ရင်ဆိုင်ရပါစေ၊ ဘယ်လောက်ပဲ တော်နေပါစေ ပြိုင်ဘက်ကို လျှော့မတွက်ရဘူး "

" ဟူး၊ မောက်မာတဲ့စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာစေတဲ့ ပါရမီရှင် ဘယ်နှစ်ယောက်တောင် ရှိပြီလဲ။ နောင်လာနောက်သားတွေက သူတို့ရဲ့ သင်ခန်းစာကို ဘာကြောင့် မလေ့လာကြတာလဲ "

" ကိုယ့်ရဲ့ ပြိုင်ဘက်ကို စော်ကားတာက ကိုယ့်ကိုယ်ကိုယ်လည်း စော်ကားလိုက်တာပဲ "

သူတို့သည် ယဲ့ဖန်၏ လုပ်ရပ်ကို မကျေမနပ် ဖြစ်နေကြသည်မှာ ထင်ရှားသည်။

အန်စာတုံးကို လှုပ်ဖို့ ဘယ်သူက ဝိုင်နီခွက်ကို သုံးလို့လဲ။

ချန်းဖေးအယ်သည် ဘေးတွင်ထိုင်နေရင်း မသက်မသာဖြစ်နေသည်။

ဒီကောင်လေးက မမျှော်လင့်ထားသည့် အရာများကို လုပ်တတ်သည်။

သူမကတော့ ထိုသည်ကို ကျင့်သားရနေပြီ ဖြစ်သည်။

သို့သော် ထိုလူကြီးများကတော့ လုံးဝ မနှစ်မြို့ကြကြောင်း ထင်ရှားနေသည်။

သူမဘေး၌ ထိုင်နေသည့် ဟယ်လန်က ပါးစပ်ကိုပိတ်ပြီး ရယ်လိုက်သည်။

ထို့နောက် သူမကို လှည့်ကြည့်လိုက်သည်။

" သူက ဒီလိုပဲ ....... ဆိုးတတ်တာလား "

သူမသည် အမှန်တကယ်တွင် 'ညစ်ပတ်တတ်သည်'ဟု ပြောချင်သော်လည်း ထိုစကားလုံးသည် အနည်းငယ် မသင့်လျော်ဟု သူမ ခံစားမိသောကြောင့် ဆိုးတတ်သည်ဟု ပြောင်းမေးလိုက်သည်။

" ကျွန်မက ဘယ်လိုလုပ်သိမှာလဲ။ ကျွန်မ သူနဲ့ မရင်းနှီးဘူး "

ချန်းဖေးအယ်သည် ချက်ချင်း နှုတ်ခမ်းကို ဆူလိုက်သည်။

သူမ အမှန်အတိုင်း ပြောနေခဲ့ခြင်း ဖြစ်သည်။

ဤတာဝန်များ မတိုင်ခင်က သူမသည် ယဲ့ဖန်ကို အကြိမ်အနည်းငယ်သာ တွေ့ဖူးသည်။

လောင်းကစားနယ်မြေသို့ လာသည်မှာလည်း နှစ်ရက်သာ ရှိသေးခဲ့သည်။

ယဲ့ဖန်သည် ဤမျှ ယုတ္တိမတန်လွန်းကြောင်း သူမ ကြိုသိခဲ့လျှင် သူမနှင့်အတူ တာဝန်ထမ်းဆောင်ခွင့် ခွင့်မပြုသင့်ဘူးဟု သူမ တကယ် တွေးမိလိမ့်မည်။

ချန်းဖေးအယ် ဘာမှပြန်မပြောတော့သည်ကို မြင်ပြီး ဟယ်လန်ကလည်း ဆက်မမေးတော့ပေ။

ထိုအစား သူမမေးစေ့ကိုကိုင်ပြီး လောင်းကစားစားပွဲဝိုင်းက လူနှစ်ယောက်ကို စိတ်ဝင်တစားကြည့်လိုက်သည်။

ကြည့်ရတာ … နည်းနည်းဆင်တူသလိုပဲ။

ဟုန်းကျားကျွန်းသည် ယဲ့ဖန်၏ လုပ်ရပ်ကို မြင်လိုက်ရပြီး မနေနိုင်ဘဲ အေးစက်စွာ ပြုံးလိုက်သည်။

" ဒါကို မင်းကိုယ်တိုင်ပဲ ရွေးခဲ့တာ။ မင်းရှုံးရင် ဆင်ခြေမရှာနဲ့ "

သူသည် စကားပြောနေလျက် အန်စာတုံးခွက်ကို ညာလက်ဖြင့်ကိုင်ကာ စားပွဲပေါ်၌ ညင်သာစွာ သုတ်လိုက်သည်။

ပြီးသည့်အခါ အန်စာတုံးငါးလုံးကို ထိုခွက်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် ပုံမှန်စည်းချက်အတိုင်း လေထဲတွင် အန်စာခွက်က လွင့်ပျံလာတော့သည်။

အပိုင်း ( ၉၁၀ )

တောင်းပန်ပါတယ် လက်တွေ တုန်နေလို့။

ချောက် ချောက် ချောက်

ဟုန်းကျားကျွန်း၏ အန်စာတုံးခွက်ကို လှုပ်ခါနေသည့် လှုပ်ရှားမှုများသည် အလွန်ကျက်သရေရှိရုံသာမက ထွက်လာသော အသံမှာလည်း သာယာသော တေးသွားကဲ့သို့ စည်းချက်တကျ ဖြစ်နေသည်။

ဤအချက်မှ သူသည် အပြင်းထန်ဆုံး လေ့ကျင့်မှုများကို သေချာပေါက် ရရှိခဲ့ကြောင်း တွေ့မြင်နိုင်သည်။

မဟုတ်ပါက သူ ထိုသို့ လုပ်နိုင်ရန် မဖြစ်နိုင်ပေ။

တိုက်ပွဲကို စောင့်ကြည့်နေသော ပညာရှင်အဘိုးအိုများသည် မတတ်နိုင်ဘဲ ခေါင်းညိတ်ကာ ချီးကျူးကြသည်။

" လောင်းကစားဘုရင်ဘွဲ့ကို နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့တဲ့ အပြင်းထန်ဆုံးလူငယ်သစ်တစ်ယောက်ဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူ့ရဲ့ အခြေခံအုတ်မြစ် အရည်အချင်းတွေက ခိုင်မာလွန်းတယ် "

" ဟုတ်တယ်၊ အန်စာတုံးခွက်ကို လှုပ်လိုက်တဲ့အခါတိုင်း သူ့ရဲ့ ကိုယ်ဟန်အနေအထားနဲ့ ခွန်အားကို ကြည့်လိုက်။ ထင်ရှားကျော်ကြားတဲ့ ဆရာတစ်ယောက်က သင်ပေးထားမှန်း သိသာတယ် "

" ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီအခြေခံကျွမ်းကျင်မှုတစ်ခုတည်းကတင် လောင်းကစားလောကမှာရှိတဲ့ လူအများစုကို ရှက်ရွံ့သွားစေနိုင်တယ် "

" နာမည်ကျော်နေတာက တကယ်ပဲ အတုအယောင် မဟုတ်ဘူး။ ဟုန်းလူကြီးမင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ လောင်းကစားဘုရင် ဖြစ်လာနိုင်တာက အလကား မဟုတ်ဘူး "

" ချန်းလူကြီးမင်း၊ ခင်ဗျားက အန်စာတုံးလောကမှာ အကောင်းဆုံးပဲ။ ဟုန်းလူကြီးမင်းရဲ့ အန်စာတုံးစွမ်းရည်ကို ဘယ်လိုထင်လဲ "

သူတို့ထဲမှ အနည်းငယ်သည် ခဏတာ စကားစမြည်ပြောပြီးနောက် နန်ကျန်းအန်စာတုံးဘုရင် ချန်းနွမ်ရှင်းကို လှည့်ကြည့်လိုက်ကြသည်။

သူသည် ထိုပညာရှင်များကြားတွင် အန်စာတုံးပညာရပ်၌ အကောင်းဆုံးဖြစ်ပြီး သူ၏ မှတ်ချက်များကသာ အခွင့်အာဏာအရှိဆုံးဖြစ်သည်။

ချန်းနွမ်ရှင်း၏ မျက်လုံးများသည် ဟုန်းကျားကျွန်း၏ လက်ကို အာရုံတစိုက် ကြည့်နေသည်။

သူ့မျက်လုံးများတွင် လေးစားမှုအပြည့် ရှိသည်။

" ငါ အဘိုးကြီးက နိမ့်ကျပါတယ် "

အဘိုးအိုများမှ ဟုန်းကျားကျွန်းအား ချီးမွမ်းနေသည်ကို ဟယ်လန် ကြားပြီး သူမ အလွန်ပျော်နေသော်လည်း သူမက ကျိုးနွံစွာဖြင့်သာ ပြုံးနေလိုက်သည်။

" လူကြီးမင်းချန်းက မြှောက်ပင့်ပေးနေတာပါ။ ကျားကျွန်းက အငယ်ပါ။ သူက လူကြီးမင်းကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ "

ချန်းနွမ်ရှင်းသည် ခေါင်းကို တသွင်သွင် ခါလိုက်သည်။

" ငါ့ရဲ့ ဘဝတစ်ဝက်ကို အန်စာတုံးတွေပေါ်မှာ ကုန်ဆုံးခဲ့တယ်။ ဒါပေမယ့် ဟုန်းလူကြီးမင်းရဲ့ အရည်အချင်းက အလုပ်ကြိုးစားမှုထက် ပိုကောင်းပါတယ်။ ငါက နှိမ့်ချနေတာ မဟုတ်ဘူး။ ဒါပေမယ့် ငါက သူ့လောက်မတော်တာ အမှန်ပဲ "

နေရာတွင် ရှိနေကြသူအားလုံး အံ့အားသင့်သွားကြသည်။

နန်ကျန်း၏ အန်စာတုံးဘုရင်ပင်လျှင် ဟုန်းကျားကျွန်းကို မယှဉ်နိုင်ဟု ဝန်ခံခဲ့သည်။

ဟုန်းကျားကျွန်း၏ အန်စာတုံး စွမ်းရည် မည်မျှ ထူးချွန်သည်ကို တွေ့မြင်နိုင်သည်။

ဒိုင်း

လူတိုင်း စကားစမြည်ပြောနေကြစဉ် ဟုန်းကျားကျွန်းသည် လောင်းကစား စားပွဲပေါ်သို့ အန်စာတုံးခွက်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

လူတိုင်းသည် ငုံ့ကြည့်ကြပြီးနောက် မျက်လုံးပြူးသွားကြသည်။

အန်စာတုံးငါးလုံးကို အထပ်လိုက် စုပုံထားပြီး ပထမဆုံးအတုံးမှာ အသေးဆုံးဂဏန်းဖြစ်သော ၁ ဖြစ်သည်။

လောင်းကစားဝိုင်းရှိ သက်ကြီးရွယ်အိုများသည် ငြိမ်သက်မနေနိုင်ပေ။

" ၁မှတ်၊ တကယ် ၁ မှတ်လား။ သူ ဘယ်လိုလုပ်လိုက်တာလဲ "

" အန်စာတုံးငါးလုံးကို တစ်ထပ်တည်း ထပ်ဖို့က သိပ်တော့မခက်ဘူး။ သင်တန်းကာလ အတိုင်းအတာတစ်ခု ပြီးရင် လုပ်နိုင်တယ်။ ခက်ခဲတဲ့အပိုင်းက ရမယ့် ဂဏန်းကို ထိန်းချုပ်ဖို့ပဲ "

" ဂဏန်းတွေကိုလည်း ထိန်းချုပ်နိုင်တာ ရှိပေမယ့် အောင်မြင်မှုနှုန်းက အရမ်းနည်းတယ်။ ဆယ်ခါလောက် ခေါက်လိုက်ရင်တောင် ၁ရဖို့က မလွယ်ဘူး "

" ပြီးတော့ သူက အရမ်းငယ်သေးတယ်။ လောင်းကစားလောကရဲ့ အနာဂတ်က သူ့အတွက် ဖြစ်လာလိမ့်မယ် "

" တကယ်ကို ရင်သပ်ရှုမောစရာပဲ "

ချန်းဖေးအယ်လည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသော်လည်း မည်မျှ ခက်ခဲသည်ဆိုတာကို သူမ မသိချေ။

ထို လောင်းကစားပညာရှင်ကြီးများ၏ ရှင်းပြချက်ကို ကြားပြီးမှသာ ဟုန်းကျားကျွန်း မည်မျှသန်မာသည်ကို သူမ သိလိုက်ရသည်။

လောင်းကစားကျွမ်းကျင် ပညာရှင်များစွာကိုပင် အံ့အားသင့်စေခဲ့သူ ဖြစ်၍ သူသည် အမှန်တကယ် သန်မာသူ ဖြစ်ရမည်။

ယဲ့ဖန်သည် ဤတစ်ကြိမ်တွင် အန္တရာယ်ရှိနေလေသည်။

ထိုအချက်ကို တွေးမိပြီး သူမ အိတ်ထဲမှ ပစ္စတိုကို မသိစိတ်ကြောင့် လှမ်းကိုင်မိလိုက်ပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေလေသည်။

တစ်ဖက်တွင် ဟယ်လန်ကတော့ အလွန်အံ့ဩသွားခြင်း မရှိပေ။

သူမသည် ထိုပုံစံကို ကျင့်သားရသွားတာ ဖြစ်နိုင်သည်။

သို့သော် သူမမျက်နှာတွင် ဂုဏ်ယူသော အပြုံးတစ်ခု ရှိနေသည်။

ထိုသူသည် သူမ၏လူ ဖြစ်လေသည်။

ဟုန်းကျားကျွန်း အန်စာတုံးခွက်ကို ဖြည်းညှင်းစွာချလိုက်သည်။

အသေးအဖွဲ တစ်ခုခုကို လုပ်ထားသကဲ့သို့ သူ့မျက်နှာတွင် မည်သည့်အမူအရာတစ်ခုမှ မရှိချေ။

" မင်းအလှည့် "

သူသည် ခေါင်းကိုမော့ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

ယဲ့ဖန်၏ မျက်နှာတွင် မည်သည့်အမူအရာမှ မရှိသည်ကို မြင်လိုက်ရပြီး အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

ငါ လျစ်လျူရှုနိုင်ပေမယ့် မင်းကတော့ လျစ်လျူရှုပြလို့ မရဘူး။

မင်း လန့်ပြီး ရှုံးတာကို ဝန်ခံရမှာ မဟုတ်ဘူးလား။

တကယ်ဆို အန်စာတုံးငါးခုမှာ ၁မှတ်ရပြီး အငယ်ဆုံးဂဏန်း ဖြစ်နေမှတော့ ပြိုင်ဖို့တောင် မလိုတော့ဘူး။

ဒီထက်နည်းတဲ့ အရေအတွက်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ယဲ့ဖန် ၁ မှတ်ကို ခေါက်လိုက်နိုင်ရင်တောင် သရေပွဲပဲ ဖြစ်လိမ့်မယ်။

အဲ့တာအပြင် သူက ၁ မှတ် ရနိုင်ပါ့မလား။

ယဲ့ဖန်သည် အချိန်ဖြုန်းမနေခဲ့ပေ။

သူသည် ဝိုင်ခွက်ကို ကိုင်လိုက်ပြီး ဟုန်းကျားကျွန်း၏ နည်းလမ်းအတိုင်း လိုက်တုပလိုက်သည်။

ဖန်ခွက်ထဲသို့ အန်စာတုံးငါးလုံးကို ထည့်လိုက်သည်။

ခွမ်၊ ခွမ်၊ ခွမ်

ဝိုင်နီခွက်၏ ဖန်နံရံသည် အလွန်ပါးလွှာနေသဖြင့် နှစ်ကြိမ်မျှ လှုပ်ခတ်ပြီးနောက် အန်စာတုံးများသည် ဖန်ခွက်ကို ကွဲသွားစေကာ စားပွဲပေါ်သို့ ပြုတ်ကျသွားသည်။

" ဖူးဟားဟား ...... "

ချန်းဖေးအယ်နှင့် ဟယ်လန်တို့ ရယ်မိကြသည်။

ဒီကောင်လေးက သူတို့ကို တကယ် ပြောစရာမရှိအောင် လုပ်လိုက်ပြန်ပြီ။

လောင်းကစားဆရာကြီးများက ခေါင်းခါပြန်သည်။

ဒီကောင်လေးအတွက် မျှော်လင့်ချက် မရှိတော့ဘူး။

ထိုအဘိုးအိုတို့သည် လက်ဖက်ရည်သောက်ပြီး စကားစမြည်ပြောနေကြသည်။

သူတို့ကို လှည့်ပင်မကြည့်တော့ချေ။

ယဲ့ဖန်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အန်စာတုံးများကို ကောက်ယူလိုက်ပြီး ဟုန်းကျားကျွန်းကို ပြုံးပြလိုက်သည်။

" တောင်းပန်ပါတယ်၊ ခွန်အားကို ကောင်းကောင်း မထိန်းနိုင်ဘူး ဖြစ်သွားတာ။ ပြန်စကြရအောင် "

ထိုစကားကို ပြောပြီးနောက် ဝိုင်နီနောက်တစ်ခွက်ကို ယူလိုက်သည်။

ဒီတစ်ခါတွင် သူ မဟန်ဆောင်တော့ချေ။

ထိုအစား သူသည် အံစာတုံးကို ခွက်ထဲသို့ အသာအယာ ထည့်လိုက်ပြီး စားပွဲပေါ်၌ ဖြည်းညှင်းစွာ လှုပ်ယမ်းလာသည်။

ဟုန်းကျားကျွန်းသည် ယဲ့ဖန်၏ ကြီးကျယ်နေပုံကို မြင်သောအခါ သူ့မျက်နှာပေါ်ရှိ လှောင်ပြောင်မှုက ပိုပြင်းထန်လာသည်။

သူ တကယ် ခေါင်းမကောင်းတဲ့ကောင်ပဲ။

ဒီလိုအမှိုက်မျိုးနဲ့ ပြိုင်ဖို့ သူ ဘယ်လိုလုပ် သဘောတူခဲ့မိတာလဲ။

ဒါ သူခံစားဖူးသမျှ အကြီးမားဆုံး စော်ကားမှုပဲ။

ဝူး

ယဲ့ဖန်သည် ဝိုင်ခွက်ကို ခဏတာ လှည့်ပြီးနောက် သူ့လက်က ရုတ်တရက် ရပ်သွားသည်။

အားလုံးက ယဲ့ဖန် ခေါက်ပြီးသွားသည်ဟု ထင်ပြီး လှမ်းကြည့်လိုက်သည်။

" တောင်းပန်ပါတယ် လက်တွေတုန်နေလို့ "

ယဲ့ဖန်က သူတို့ကို ပြုံးပြပြီး ဆက်ခေါက်နေသည်။

လူအိုကြီးများက သည်းမခံနိုင်တော့ချေ။

ဟုန်းကျားကျွန်းကြောင့်သာ မဟုတ်ပါက သူတို့ထထွက်သွားမှာ ဖြစ်သည်။

သူတို့ တကယ်ကို နားမလည်နိုင်ချေ။

ဒီလိုအမှိုက်မျိုးက တော်ဝင်နန်းတော်လောင်းကစားရုံကို ငါးထပ်ထိ ဘယ်လိုတက်လာတာလဲ။

သူက အရမ်းကံကောင်းလို့လား၊ ဒါမှမဟုတ် လောင်းကစားရုံကလူတွေကပဲ အရမ်းအသုံးမကျလို့လား။

လူတိုင်းက ငြီးငွေ့လာပြီး စိတ်မရှည်နေကြချိန်တွင် ယဲ့ဖန်သည် နောက်ဆုံး၌ ရပ်သွားတော့သည်။

သို့သော် ဝိုင်နီဖန်ခွက်ကို သူ့လက်ဖြင့် ဖုံးထားသောကြောင့် အတွင်းရှိ အန်စာတုံးများ၏ အခြေအနေကို မမြင်နိုင်ပေ။

" ခွေးသား၊ သိပ်လျှို့ဝှက်မနေနဲ့ "

" ဟုတ်တယ်၊ မင်း ဘယ်လိုမှ အနိုင်ယူလို့မရဘူး။ မြန်မြန်လုပ်ပြီး နောက်တစ်ဆင့်ကို စလိုက်ကြရအောင် "

" ဒါက မင်းအတွက် သင်ခန်းစာတစ်ခုလို့ မှတ်ယူလို့ရတယ်။ နောက်တစ်ခါ မင်းရဲ့ပြိုင်ဘက်ကို လျှော့မတွက်နဲ့ "

" ဟုန်းလူကြီးမင်းကို ရှုံးရတာ မင်းအတွက် ရှက်စရာမဟုတ်ဘူး ........ "

လောင်းကစားဝိုင်းရှိ အဘိုးအိုအချို့က သူ့ကို စိတ်မရှည်စွာ တိုက်တွန်းလာကြသည်။

သူတို့သည် ယဲ့ဖန်၏ အောင်နိုင်သေယ အခွင့်အရေးများအပေါ် အကောင်းမြင်စိတ် မရှိခဲ့ကြပေ။

ထိုအချိန်တွင် ယဲ့ဖန်သည် ဝိုင်ဖန်ခွက်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ပညာရှင်အိုကြီးများထဲမှ တစ်ယောက်သည် ခွက်ကို ပေါ့ဆစွာ စိုက်ကြည့်ပြီးနောက် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားသည်။

ထို့နောက် ဒုတိယ၊ တတိယ ....... လူတိုင်း၏ မေးရိုးများ ပြုတ်သွားကြသည်။

ယဲ့ဖန်၏ အန်စာတုံးငါးတုံးမှာ တစ်ဆင့်တည်း ထပ်ထားပြီး ထိပ်ဆုံးမှာ ဂဏန်း ၁ ဖြစ်သည်။

သို့သော် ထိုအရာသည် လူတိုင်းကို အမှန်တကယ် အံ့အားသင့်စေသော အရာမဟုတ်သေးပေ။

သူတို့အား အမှန်တကယ် အံ့အားသင့်သွားစေသည်မှာ ယဲ့ဖန်၏ အန်စာတုံးငါးလုံးသည် သပ်ရပ်စွာ စီထားပြီး တစ်ဖက်က 5 ဖြစ်နေလျှင် အကုန်လုံးက 5 ဖြစ်နေသည်။

တစ်ဖက်က 3 ဖြစ်လျှင် အစဉ်လိုက် 3 ဖြစ်နေသည်။

ထိုသည်က မယုံနိုင်စရာ ကောင်းလှသည်။

နန်ကျန်းအန်စာတုံးဘုရင် ချန်းနွမ်ရှင်းသည် လမ်းလျှောက်လာပြီး အန်စာတုံးများကို တစ်လုံးပြီးတစ်လုံး ကောက်ဖယ်လိုက်သည်။

၁

၁

၁

အံ့သြစရာကောင်းသည်မှာ အံစာတုံးတိုင်းက ၁ ဖြစ်နေသည်။

သူ၏ ခြေထောက်များ ချက်ချင်းပင် ပျော့ခွေသွားကာ ရှေ့ကလူကို ဦးချမိမတတ်ပင် ဖြစ်သွားသည်။

အပိုင်း ( ၉၁၁ )

ဒီဂိမ်းကို သရေကျတယ်လို့ သတ်မှတ်ကြရအောင်

" ဘုရားရေ၊ သူက ..... သူက နတ်ဘုရားပဲ။ သေချာပေါက် နတ်ဘုရား "

နန်ကျန်းအန်စာတုံးဘုရင် ချန်းနွမ်ရှင်းသည် သူ့ကိုယ်သူ အသံထွက် ရေရွတ်နေသည်။

မည်မျှခက်ခဲသည်ကို သူ့ထက် မည်သူမျှ မသိနိုင်ကြပေ။

ဝိုင်နီခွက်သည် အလွန်နုနယ်ကြောင်းကို သိနိုင်သည်။

သူတို့၏ ခွန်အားကို ကောင်းမွန်စွာ မထိန်းနိုင်ပါက ခွက်၏ဖန်နံရံမှာ အလွယ်တကူ ကျိုးသွားပေမည်။

ထို့ကြောင့် ပုံမှန်မဟုတ်သည်အထိ ခွန်အားထိန်းချုပ်မှုမှာ အလွန်မြင့်မားရသည်။

ထို့အပြင် ခွက်၏ နံရံများသည် အလွန်ချောမွေ့သောကြောင့် အန်စာတုံးအရေအတွက်ကို ထိန်းချုပ်ရန် ခက်ခဲစေသည်။

ဤအချက်နှစ်ချက်ဖြင့် အန်စာတုံးငါးလုံးကို ပေါင်းစည်းရန် အခက်အခဲပမာဏမှာ အဆများစွာ တိုးလာသည်။

ထို့အပြင် အန်စာတုံးငါးလုံးသည် တူညီစွာ ဆင့်ထပ်ထားပြီး ဂဏန်းများကလည်း တူညီနေသည်။

သူသည် သူ၏ ဘဝတစ်ဝက်ကို အန်စာတုံးများပေါ်တွင် ကုန်ဆုံးခဲ့ပြီး သူ၏ အောင်မြင်မှုများသည်လည်း တစ်ဖက်ကမ်းခတ်အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် ယဲ့ဖန်၏ ကျွမ်းကျင်မှုမှာတော့ သူ့အသိဥာဏ်ကို ကျော်လွန်သွားခဲ့စေသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် သူ့မျက်လုံးထဲ၌ နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေသည်။

တခြားသူများသည်လည်း သူ့လောက် အန်စာပညာတွင် ဆရာမကျသော်ငြား ထိုမြင်ကွင်းကြောင့် သူတို့လည်း လုံးဝကို ထိတ်လန့်သွားကြရသည်။

" ငါ့မျက်လုံးတွေကိုတောင် မယုံနိုင်ဘူး။ ဒါက လူသားတစ်ယောက်က တကယ်လုပ်နိုင်တဲ့ အရာလား "

" ငါ သူ့ကို အခုနက စိုက်ကြည့်နေပေမယ့် သူ့ရဲ့ နည်းစနစ်က ဘာမှ ထူးခြားတယ်လို့ မခံစားရဘူး။ အဲ့တာတောင် ဒီလိုပုံစံကို ရအောင် သူ ဘယ်လိုလုပ်တာလဲ "

" ဘယ်လို စကားလုံးတွေနဲ့ ဖော်ပြရမှန်းတောင် မသိဘူး။ ဒါက ငါ့ဘဝမှာ မြင်ဖူးသမျှ ထဲ အံသြစရာအကောင်းဆုံး အန်စာတုံးခေါက်တာပဲ "

" ငါ့ဆံပင်တွေတောင် ထောင်နေပြီ။ ငါ့မျက်စိနဲ့ မမြင်ရရင် သရဲတစ္ဆေ မြင်လိုက်ရတယ်လို့ ထင်မိမှာ "

" ဒီလူငယ်လေး ...… အာ ဒီအဆင့်ရှိတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်အကြောင်းကို မှတ်ချက်ပေးဖို့ထိ ငါတို့က အရည်အချင်းမပြည့်မီပါဘူး "

လောင်းကစားလောကရှိ သက်ကြီးပိုင်း ပညာရှင်အိုကြီးတစ်စုသည် သူတို့၏ ထိတ်လန့်စိတ်လှုပ်ရှားမှုကို ဖော်ပြကြသည်။

သူတို့သည် အသက်ကြီးနေပြီဖြစ်သော်လည်း ကလေးတစ်စုကဲ့သို့ ရယ်လိုက် ညည်းတွားလိုက် ဖြစ်နေသည်။

လက်ဖက်ရည်သောက်ပြီး စကားစမြည်ပြောနေကာ လောင်းကစားကို ဂရုမစိုက်ခဲ့သည့် လူနှစ်ယောက်မှာတော့ ပိုလို့ပင် ဝမ်းနည်းစရာကောင်းလေသည်။

သူတို့သည် ယဲ့ဖန်အတွက် ဘာမျှော်လင့်ချက်မှ မရှိခဲ့ကြပေ။

ထို့ကြောင့် သူတို့ချင်းသာ စကားစမြည်ပြောနေကြသည်။

သို့သော် ဤကဲ့သို့ အံ့ဖွယ်မြင်ကွင်းကို လက်လွတ်ရမည်ဟု မမျှော်လင့်ခဲ့ကြပေ။

ဤသည်မှာ တစ်သက်လုံး နောင်တရစရာဖြစ်သည်။

ချန်းဖေးအယ်လည်း စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်။

သူမသည် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေသည်။

ဒီကောင်လေးမှာ တကယ်ကို ထိတ်လန့်စရာကောင်းတဲ့ အကွက်တွေ အများကြီး ရှိတာပဲ။

မမျှော်လင့်ထားတဲ့အခါတိုင်း သူက ကြီးမားတဲ့ အံ့အားသင့်စရာတွေ ယူဆောင်လာပေးတယ်။

အဲ့တာ တခြားသူတွေ နှလုံးဖောက်ဖို့ လွယ်စေတယ်ဆိုတာ သူ မသိဘူးလား။

လောင်းကစား ပညာရှင်အိုများသည် ဟုန်းကျားကျွန်းထက်ပို၍ ယဲ့ဖန်ကို ချီးကျူးနေကြောင်း ဟယ်လန် ကြားသောအခါ သူမ၏ ခံစားချက်များ ရောထွေးလာသည်။

စိတ်ခံစားမှုရှုထောင့်မှ ကြည့်လျှင် ယဲ့ဖန်၏ ခွန်အားသည် ဟုန်းကျားကျွန်းထက်သာလွန်ကြောင်း ဝန်ခံလိုစိတ် မရှိပေ။

သို့သော် နည်းလမ်းတကျ ပြောရလျှင် အမှန်တရားက သူတို့ရှေ့မှာပင် ရှိနေသည်။

အနည်းဆုံးအနေဖြင့် အန်စာတုံး ကျွမ်းကျင်မှုအရ ယဲ့ဖန်၏ ခွန်အားသည် ဟုန်းကျားကျွန်းကို သာလွန်သွားခဲ့သည်။

သူတို့သည် တူညီသောအဆင့်တွင်ပင် မရှိခဲ့ကြပေ။

ပွဲချင်းပြီးပဲ၊ လုံးဝ ပွဲချင်းပြီး။

ဟုန်းကျားကျွန်းသည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

သူသည် သူ့ကိုယ်သူ အလွန် ဂုဏ်ယူတတ်သူဖြစ်ပြီး အထူးသဖြင့် လောင်းကစားကျွမ်းကျင်မှုတွင်ဖြစ်သည်။

လောင်းကစားလောကထဲရှိ သူ၏ အပေါင်းအဖော်၊ လုပ်ဖော်ကိုင်ဖက်များကြားတွင် သူ့မျက်လုံးကို အမှန်တကယ် ဖမ်းစားနိုင်တဲ့သူ မရှိသလောက်ဖြစ်သည်။

ထို့အပြင် သူ့တွင်လည်း ထိုသို့လုပ်ရန် အရည်အချင်းအပြည့်ရှိသည်။

လောင်းကစားဘုရင်အဖြစ် သူ၏ အစွမ်းသတ္တိကို သက်သေပြခဲ့ပြီးဖြစ်သောကြောင့် ထိုဂုဏ်ပုဒ်ကို နှစ်နှစ်ဆက်တိုက် ရရှိထားခြင်း ဖြစ်သည်။

သို့သော်လည်း ယနေ့တွင် သူ၏ ကိုယ်ပိုင်လောင်းကစားရုံ၌ပင် နာမည်မရှိသူတစ်ဦးအား ရှုံးနိမ့်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့အပြင် အကြိတ်အနယ် ရှုံးနိမ့်ခဲ့ရသည်။

တစ်ချိန်က သူထားခဲ့သော မာန်မာနနှင့် ဂုဏ်သိက္ခာများအားလုံးသည် သူ့မျက်နှာကို ပုတ်ခတ်သွားသည်။

ဝိုင်နီဖန်ခွက်ကို ဖွင့်လိုက်သည့်အခိုက်တွင် လောင်းကစားဘုရင်ဆိုသည် ဂုဏ်သည် အရေးမပါတော့ပေ။

အားလုံးမှာ ဟာသတစ်ပုဒ်သာ ဖြစ်လာခဲ့ရသည်။

လူတိုင်း၏ ထိတ်လန့်မှုကို ရင်ဆိုင်ရသော်လည်း ယဲ့ဖန်ကတော့ သာမာန်ကိစ္စတစ်ခုခုကို လုပ်လိုက်သကဲ့သို့ ငြိမ်သက်နေသည်။

မတ်တပ်ထရပ်ပြီး သူ့ဘေးမှ စားပွဲဆီသို့ လျှောက်သွားသည်။

ဝိုင်နီပုလင်းကို ယူပြီးနောက် ဖန်ခွက်ထဲသို့ လောင်းချကာ ဖြည်းဖြည်းချင်း မြည်းစမ်းကြည့်လိုက်သည်။

သူ၏ အောင်ပွဲကို ဆင်နွှဲနေပုံရသည်။

ချန်းနွမ်ရှင်းသည် သူ့ကို လေးနက်စွာပြန်ကြည့်ပြီး စိတ်တည်ငြိမ်အောင် ထိန်းလိုက်ခဲ့သည်။

" ဒီပွဲနဲ့ပတ်သက်ပြီး ဘာမှ ထပ်ပြောစရာလိုမယ် မထင်ဘူး။ နည်းပညာအခက်အခဲအရ ဖန်လူကြီးမင်းက ပိုကောင်းပါတယ်။ ဒါဆို ဒီတစ်ခေါက် ......... "

" ခဏစောင့်ပါဦး "

ချန်းနွမ်ရှင်းသည် ယဲ့ဖန်၏ အောင်ပွဲအား ကြေညာခါနီးတွင် ဟယ်လန်မှ ရုတ်တရက် နှောင့်ယှက်လိုက်သည်။

အားလုံးက သူမ ဘာဆက်လုပ်ချင်သည်ကို မသိ၍ လှည့်ကြည့်လိုက်ကြသည်။

ဟယ်လန်သည် စားပွဲဆီသို့ အလျင်အမြန်လျှောက်သွားကာ ယဲ့ဖန်ကို ကြည့်ပြီးနောက် ဟုန်းကျားကျွန်းကို ကြည့်လိုက်ကာ နောက်ဆုံးတွင် ချန်းနွမ်ရှင်းကို လှမ်းကြည့်လိုက်သည်။

" ဒီအချီရဲ့ အစမှာ အမှတ်အနည်းဆုံးရှိတဲ့သူက အနိုင်ရမယ်လို့ ပြောခဲ့တာကို မှတ်မိတယ်မဟုတ်လား "

ချန်းနွမ်ရှင်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် "

ဟယ်လန်၏ နှုတ်ခမ်းသည် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

" အဲ့တာပဲ မဟုတ်လား။ ကျားကျွန်းရဲ့ အန်စာတုံးငါးလုံးက ၁ ဂဏန်းတစ်ခုရတယ်လေ။ ဒီဖန်လူကြီးမင်းကလည်း ၁ရတယ်ဆိုတော့ ဘယ်လိုပဲကြည့်ကြည့် သရေပွဲပဲ "

ချန်းနွမ်ရှင်း အံ့အားသင့်သွားသည်။

" ဒါပေမယ့် နည်းပညာပိုင်းအရ ခက်ခဲမှုကတော့ ........ "

ဟယ်လန် ချက်ချင်း သူ့ကို နှောင့်ယှက်လိုက်သည်။

" အစပိုင်းမှာ နည်းပညာအခက်အခဲအရ ယှဉ်ပြိုင်မယ်လို့ မပြောခဲ့ဘူး။ အမှတ်တွေနဲ့ ယှဉ်ပြိုင်ရမယ်လို့ပဲ ပြောခဲ့တာ။ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာသင့်ဘူးလား "

ချန်းနွမ်ရှင်းသည် သူမကို ငြင်းဆိုချင်သော်လည်း မမှန်ဘူးဟု သူ ခံစားမိသည်။

ယဲ့ဖန်၏ ကျွမ်းကျင်မှုအဆင့်သည် ဟုန်းကျားကျွန်းထက် များစွာ မြင့်မားသော်လည်း သူတို့သည် ဂဏန်းအမှတ်ဖြင့်သာ ယှဉ်ပြိုင်ရန် သဘောတူခဲ့ကြသည်။

အမှတ်ပြိုင်ပွဲဖြစ်ပြီး နှစ်ဦးလုံးသည် တူညီသောအမှတ်များ ရရှိခဲ့သောကြောင့် ဤပွဲကို သရေပွဲဟုသာ မှတ်ယူနိုင်သည်။

သို့သော် သူ၏စိတ်သည် သရေပွဲကြေညာရန် ခွင့်မပြုပေ။

သူသည် ယဲ့ဖန်ကို လှည့်ကြည့်ရုံသာ တတ်နိုင်ခဲ့ပြီး ယဲ့ဖန် ပြောသည်ကို ကြားချင်သည်။

ယဲ့ဖန်သည် ဟယ်လန်ကို စိုက်ကြည့်ရင်း ဝိုင်နီသောက်လျက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

" ဒါဆို စည်းမျဥ်းစည်းကမ်းတွေ လိုက်နာကြတာပေါ့။ ဒီပွဲက သရေပွဲလို့ သတ်မှတ်ရမှာပဲ "

အပိုင်း ( ၉၁၂ )

ကြီးမြတ်သော ရှုတ်ချခြင်း

ယဲ့ဖန်သည် သူမနှင့် ငြင်းခုံမည်ကို ဟယ်လန် မူလက ကြောက်နေခဲ့သည်။

လက်တုံ့ပြန်ရန် နည်းလမ်းကိုပင် သူမက တွေးထားပြီးသား ဖြစ်သော်လည်း သရေဖြစ်ကြောင်း လက်ခံလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

ထိုသည်က သူမကို အနည်းငယ် စိတ်ရှုပ်ထွေးစေသည်။

ထိုအချိန်တွင် ဟုန်းကျားကျွန်း၏ မျက်နှာအမူအရာမှာ ပို၍ပင် အကျည်းတန်သွားခဲ့သည်။

ဤအချီတွင် သူရှုံးခဲ့ကြောင်းကို စိတ်ထဲ၌ ကောင်းစွာ သိထားပြီး လုံးဝပင် ရှုံးသွားခဲ့ရသည်။

သို့သော် ယဲ့ဖန်ဘက်မှ သရေပွဲဖြစ်ကြောင်း ဝန်ခံလောက်အောင် စိတ်ထား ကြီးမြတ်ပြခဲ့သည်။

ထိုသည်က သူ့အား ရှုံးသည်ဟု တိုက်ရိုက်ကြေညာလိုက်ခြင်းထက် ပို၍ပင် စိတ်မသက်မသာဖြစ်စေသည်။

ဤသည်မှာ ကိုယ်ခံပညာရှင် နှစ်ယောက်ကြားမှ ရန်ပွဲကဲ့သို့ ဖြစ်သည်။

သူသည် တစ်ဖက်လူ၏ အဝတ်အစား အစကိုပင် မထိရသေးသော်လည်း တစ်ဖက်သူ၏ ဓားသည် သူ၏ လည်ချောင်းကို ထိုးခဲ့ပြီး နောက်ဆုံးတွင် 'ငါတို့သရေကျပြီ'ဟု ကြေညာခဲ့ခြင်းနှင့် တူလေသည်။

ဤသည်မှာ ကြီးစွာ အရှက်ကွဲခြင်း ဖြစ်သည်။

ချန်းဖေးအယ်သည် ထိုမြင်ကွင်းကို မြင်သောအခါ သူမ ဘာကြောင့်မှန်းမသိ တကယ် ပင် ရယ်ချင်လာမိသည်။

အနိုင်ရသူသည် အနိုင်ရခြင်းကို အရေးမပါသလို ပြုမူခဲ့သည်။

ရှုံးသွားသူမှာတော့ ပြန်အဖတ်ဆယ်နိုင်ခဲ့သော်လည်း အခွင့်ကောင်းယူခံလိုက်ရ၍ ကြိတ်ခဲမရဖြစ်ကာ အံကြိတ်ထားသည်။

ဤသည်မှာ တကယ်ကို ထူးဆန်းသည့် မြင်ကွင်းအခြေအနေ ဖြစ်သည်။

သို့သော် လောင်းကစားပညာရှင်အိုကြီးများမှာတော့ ယဲ့ဖန်၏ ရက်ရောမှုကို ပို၍ သဘောကျသွားကြသည်။

" ကျစ်ကျစ်ကျစ်၊ ဒီလိုမျိုး စိတ်သဘောထားရှိတဲ့ လူငယ်တစ်ယောက်က တကယ်ကို ရှားလွန်းတယ် "

" ဟုတ်တယ်၊ ငါသာဖြစ်ရင် ဒီလိုလုပ်နိုင်ဖို့ အရမ်းခက်မှာ "

" ဒီလူငယ်က သူ့ပြိုင်ဘက်ကို အရှက်ရစေဖို့အတွက် ဝိုင်ခွက်နဲ့ အန်စာတုံးကို ခေါက်တာလို့ မင်းပြောခဲ့တာ ငါမှတ်မိတယ်။ ဒါက ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲ "

" ဘာလဲ၊ ငါပြောလို့လား။ နားကြား မှားသွားတာလား "

" မဟုတ်ဘူး၊ ငါတို့အားလုံး ကြားတယ် "

" အိုး ..... အဲ့တာက အဲလိုလုပ်ဖို့ဆို ခွန်အားမရှိတဲ့လူက လုပ်ပြရင် အပိုလုပ်တာမလို့ ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ ပြောတာလေ။ ဒါပေမယ့် ခွန်အားရှိတဲ့သူတစ်ယောက်က အဲ့ဒီလိုလုပ်ရင်တော့ အခြေအနေက မတူတော့ဘူး "

" ဟားဟား၊ စကားပြောင်းတဲ့ခွေးကောင် "

တစ်ချိန်တည်းတွင် လူတိုင်း၏ အကဲဖြတ်မှုမှာ လုံးဝ ပြောင်းလဲသွားသည်။

လောင်းကစားပညာကောင်းပြီး ဥာဏ်ကျယ်သည့်သူကို မကြိုက်ရန်က ခက်လေသည်။

ယဲ့ဖန်သည် မည်သူ့၏ ထောက်ခံခြင်းမှ ရရှိလိုခြင်း မဟုတ်ပေ။

သူက တမင်တကာ မထီမဲ့မြင်ပြုခဲ့ခြင်းသာ ဖြစ်သည်။

လက်ရှိပွဲသည် သရေပွဲဟု ယူဆလိုက်သောကြောင့် ကျန်နှစ်ပွဲကို အနိုင်ရမည်ဟု ယုံကြည်လေသည်။

" ဒုတိယအချီက ဘာကစားနည်းလဲ "

သူသည် ဝိုင်နီခွက်ကို ချလိုက်ပြီးနောက် ဟုန်းကျားကျွန်းကို ကြည့်လိုက်သည်။

ဟုန်းကျားကျွန်းသည် သူ့ကို အေးစက်စွာ ကြည့်နေသည်။

" ဒီပွဲမှာ မှတ်ဉာဏ်ကို ပြိုင်ရအောင်။ ကတ်တွေကို မှတ်တာက လိမ်ပြီးကစားတဲ့သူတွေရဲ့ အခြေခံနည်းတစ်ခုပဲလေ။ ကတ်၁၀ထုပ်ကို ကျပန်းစီမယ်။ တစ်ယောက်စီက ကတ်တွေကို မှတ်ဖို့ ၁ မိနစ် အချိန်ရမယ်။ ပြီးတော့ ကတ်တွေရဲ့ အစဉ်လိုက်ကို ချရေးရမယ်။ အမှန်ဆုံး အများဆုံး ရေးနိုင်တဲ့သူက နိုင်မယ် "

သူ၏ ထိုကစားနည်းကို ကြားပြီးသောအခါ ကစားနည်းမှာ ဆန်းသစ်ပြီး ထူးခြား၏ စောင့်မျှော်နေကြသည်။

ယဲ့ဖန်သည်လည်း သဘာဝကျစွာ ကန့်ကွက်ခြင်း မရှိခဲ့ပေ။

ယွမ်ရှစ်ရင်းသည် ချက်ချင်းပင် မဖွင့်ရသေးသော ဖဲချပ် ၁၀ ထုတ်ကို ထုတ်ပြီး ပြောင်လက်တောက်ပသော နည်းပညာပုံစံဖြင့် မွှေနှောက်လိုက်သည်။

ထို့နောက် စားပွဲပေါ်တင်ကာ ညင်သာစွာ ဖြန့်ပေးသည်။

ဖဲထုတ် ၁၀ ထုပ်ကို လောင်းကစား စားပွဲပေါ်တွင် သပ်ရပ်စွာ ခင်းကျင်းထားသည်။

ပွဲကြည့်နေကြသူများသည် မထိုင်နိုင်တော့ဘဲ လောင်းကစားဝိုင်းကို ဝိုင်းအုံကြည့်နေကြသည်။

ချန်းဖေးအယ်နှင့် ဟယ်လန်တို့သည်လည်း စမ်းကြည့်ချင်ကြ၍ ကတ်အစဉ်လိုက်ကို စိုက်ကြည့်နေကြသည်။

ယွမ်ရှစ်ရင်းသည် အချိန်မှတ်စက်ကို ကိုင်ပြီး သူတို့နှစ်ဦးအား ကြေညာပေးသည်။

" တစ်မိနစ်။ အချိန်မှတ်စက်ကို အခုပဲ စလိုက်ပါပြီ "

ခလုတ်ကို နှိပ်လိုက်သည်နှင့် အချိန်မှတ်စက်မှ စက္ကန့်တံက အချိန်ရွေ့နေတော့သည်။

ဟုန်းကျားကျွန်းသည် ချက်ချင်း ဖဲချပ်များပေါ်သို့ အာရုံစိုက်ကာ မျက်တောင်ပင် မခတ်ရဲဘဲကတ်အစဉ်များကို အလွတ်ကျက်နေခဲ့သည်။

တစ်ဖက်တွင် ယဲ့ဖန်ကတော့ ဝိုင်နီသည် ဖဲကတ်များထက် ပို၍ ဆွဲဆောင်မှု ရှိနေသကဲ့သို့ ဝိုင်ခွက်ဆီသို့သာ ကြည့်နေပြီး ဖဲကတ်များကို ပေါ့ပါးစွာ တစ်ချက် လှမ်းကြည့်လိုက်သည်။

ယဲ့ဖန်မှ ပြိုင်ဘက်အား လျှော့တွက်သည့်ပုံစံကို မြင်ပြီး ပညာရှင်အိုကြီးများက မျက်မှောင်ကြုတ်သွားကြပြန်သည်။

သူ၏ နတ်ဘုရားနှင့်တူသော အန်စာတုံးအတတ်ပညာကြောင့် သူ့အပေါ် သူတို့၏ အထင်အမြင်မှာ များစွာပြောင်းလဲသွားသော်လည်း ယဲ့ဖန်အပေါ် များစွာ အထင်ကြီးခြင်း မရှိပေ။

ထိုဖဲထုတ် ၁၀ထုတ်တွင် စုစုပေါင်း ကတ် ၅၄၀ ရှိသည်။

ယဲ့ဖန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ကတ်အားလုံးကို အလွတ်ကျက်နိုင်မည်ဟု သူတို့ မယုံခဲ့ကြပေ။

ထိုအတွက် ယဲ့ဖန်၏ အပြုအမူအား ရှင်းပြရန် အကြောင်းပြချက်တစ်ခုသာ ရှိတော့သည်။

အနည်းငယ်မျှ ကြည့်လိုက်ပြီး မမှတ်မိတော့ကြောင်း သိလိုက်သောကြောင့် ရိုးရှင်းစွာပင် တန်းပြီး အရှုံးပေးလိုက်ခြင်း ဖြစ်နိုင်သည်။

သို့သော် ထိုအဖြစ်ကို သူတို့ နားလည်နိုင်လေသည်။

အကြောင်းမှာ လူတိုင်းသည် နယ်ပယ်တစ်ခုစီ၌သာ အထူးတလည် ကျွမ်းကျင်နိုင်ကြသည်။

အရာရာ၌ ထူးချွန်နေရန်မှာ အလွန်အချိန်ပေးရမည်။ ဤဘဝနှင့် မလောက်နိုင်ချေ။

အန်စာတုံးလေ့ကျင့်ခြင်းတွင် ထိုကောင်လေး၏ စွမ်းအင်အားလုံးကို အသုံးချခဲ့ပြီး ဖဲချပ်တွင် များစွာ အားစိုက်ထုတ်ခြင်း မပြုခဲ့သည်မှာ သိသာသည်။

လူတိုင်းက ခေါင်းခါလိုက်ကြသည်။

ဒီပြိုင်ပွဲက ပြိုင်ဖို့တောင် မလိုဘူးလို့ ထင်ရတယ်။

တစ်ဖက်က နိုင်ခြေမှာ လုံးဝ မရှိသလောက် ဖြစ်နေသည်။

ဆက်ပြိုင်ဖို့ လိုသေးလို့လား။

ထိုသို့ တွေးနေသော်လည်း ပြိုင်ပွဲက ဆက်လက် ကျင်းပနေသေးသည်။

တစ်မိနစ်သည် မြန်ဆန်စွာပင် ကုန်ဆုံးသွားသည်။

ယွမ်ရှစ်ရင်းသည် ချက်ချင်းပင် အနီရောင်အ၀တ်စတစ်ခုကို ယူပြီး ဖဲချပ်များ အားလုံးကို ဖုံးအုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် လက်အောက်ငယ်သားတစ်ဦးသည် စာရေးရန် ဘောပင်နှင့် စာရွက်ကို ယူဆောင်လာသည်။

ဟုန်းကျားကျွန်းသည် မျက်လုံးများကို ချက်ချင်း မှိတ်လိုက်ပြီး ကတ်များ၏ အစီအစဥ်များကို ပြန်လည် အမှတ်ရအောင် လုပ်နေသည်။

ခဏကြာပြီးနောက် သူသည် ဘောပင်ကို ကောက်ကိုင်ပြီး အမြန်ချရေးလိုက်သည်။

သူရေးသည့်နှုန်းမှာ အလွန်မြန်လေသည်။

ခဏလေးအတွင်းမှာပင် စာမျက်နှာတစ်ခု ကုန်သည်အထိ ရေးပြီးသွား၍ ဒုတိယစာမျက်နှာ၌ စရေးလေသည်။

သူသည် အချိန်ကုန်သက်သာစေရန် အပွင့်ပုံစံကို ရိုးစင်းသော သင်္ကေတဖြင့်သာ အစားထိုးခဲ့သည်။

♥️ ကို အသည်းပုံ အတည့်

♠️ကို အသည်းပုံ ဇောက်ထိုး

♦️ကို စိန်ပုံ

♣️ကို အမှတ်သုံးမှတ်ဖြင့် သင်္ကေတလေးများသာ ရေးဆွဲခဲ့သည်။

တစ်ချိန်တည်းမှာပင် ယဲ့ဖန်မှ ဘောပင်ကို ကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်၌ စတင် ရေးချလိုက်တော့သည်။

သို့သော် သူသည် '3 ♥️' နှင့် '8 ♦️' တို့ကိုသာ ရေးခဲ့သည်။

သူ၏ အမြန်နှုန်းသည် ဟုန်းကျားကျွန်းလောက် မမြန်သည်မှာ သိသာလှသည်။

ထိုမြင်ကွင်းကို လောင်းကစား ပညာရှင်အိုကြီးများက မြင်သောအခါ ခေါင်းယမ်းကာ သက်ပြင်းချကြသည်။

သူတို့နှစ်ယောက်၏ အရှိန်အဟုန်အရ မည်သူက ပိုကောင်းသည်ဆိုတာ သိသာနေသည်။

နောက်အချက်မှာ စာရေးတာ ကြာလေလေ မေ့လေလေ ဖြစ်သည်။

ယဲ့ဖန်၏ ရေးနေသော အရှိန်အရ သူသည် မှတ်မိပြီး အများကြီးရေးနိုင်မည် မဟုတ်ပေ။

ထို့နောက်တွင် အရာအားလုံး ရှုပ်ထွေးပြီး မေ့သွားပေလိမ့်မည်။

ထို့အပြင် ကတ်များ၏ အစီအစဥ်ကို အစောက သေချာ မကြည့်ခဲ့၍ များစွာရေးနိုင်မည် မဟုတ်ပေ။

အန်စာတုံးပညာတွင် ယဲ့ဖန်၏ ကျွမ်းကျင်မှုကို သူတို့ သဘောကျသော်လည်း ဤအချီတွင် ယဲ့ဖန်၏ စွမ်းဆောင်ရည်အပေါ် အကောင်းမြင်စိတ် မရှိကြပေ။

ချန်းဖေးအယ်နှင့် ဟယ်လန်တို့သည်လည်း ဘောပင်နှင့် စာရွက်များ ယူပြီး ချရေးကြတော့သည်။

နှစ်ဦးသား ယှဉ်ကြည့်ပါက ဟယ်လန်၏ အခြေအနေမှာ အနည်းငယ် ပိုဆိုးလေသည်။

ကတ် ၂၀ ကျော် ရေးပြီးနောက် နားရွက်နှင့် ပါးတို့ကို ကုတ်ခြစ်လာတော့သည်။

ချန်းဖေးအယ်သည် လုံခြုံရေးအဖွဲ့၏ ထူးချွန်သော အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မှတ်ဉာဏ်လေ့ကျင့်မှုကို ခံယူခဲ့သည်။

ကတ် 70 မှ 80 ထိ ရေးပြီးနောက် သူမသည်လည်း စဉ်းစားရ ခက်ခဲလာသည်။

နှစ်မိနစ်၊ သုံးမိနစ်ခန့် ကြာပြီးနောက် ဟုန်းကျားကျွန်း၏ ရေးနေသော အရှိန်မှာ နှေးကွေးလာသည်။

ခက်ခဲစွာ တွေးနေလျက် ခေါင်းကို ခဏခဏ ကုတ်နေသည်။

တစ်ဖက်တွင် ယဲ့ဖန်မှာတော့ လုံးဝခြားနားသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။

သူသည် တည်ငြိမ်သော ကိုယ်နေဟန်ထားကို ထိန်းထားပြီး အမူအရာမှာ ဝမ်းနည်းခြင်းလည်း မရှိသလို ပျော်ရွှင်ခြင်းလည်း မရှိပေ။

သူ့လက်သည် လှုပ်ရှားနေခြင်း မရှိပါက အိပ်ပျော်နေသည်ဟု လူတိုင်းက ထင်ကြပေလိမ့်မည်။

ယဲ့ဖန်သည် မရပ်သွားခင် ကတ်အစဉ်ကိြ ဆယ်မိနစ်ကျော်ကြာအောင် ရေးခဲ့သည်။

ထိုရေးနေစဉ်ကာလတွင် တခြားသူများမှာ ဝမ်းချုပ်နေသော အမူအရာဖြင့် ခက်ခဲစွာ တွေးနေသော်လည်း ယဲ့ဖန်တွင် ခက်ခဲသော အမူအရာ လုံးဝ မရှိခဲ့ချေ။

ပေါ့ပါးစွာဖြင့်သာ အဆုံးသတ်သွားသည်။

သူတို့နှစ်ဦး ရေးချလို့ ပြီးသွားသည်နှင့် လောင်းကစားဝိုင်းထဲရှိ ပညာရှင်ထဲက တစ်ယောက်သည် ရှေ့ကို လှမ်းလာသည်။

" မင်းတို့နှစ်ယောက်လုံး ရေးပြီးပြီဆိုတော့ စပြီး စစ်ဆေးကြည့်လိုက်ရအောင် "

လူတိုင်း၏ စိတ်ခံစားချက်သည် ချက်ချင်း နိုးကြားလာပြီး ရလဒ်များကို မြင်ရရန် မစောင့်နိုင်တော့ပေ။

လောင်းကစား ပညာရှင်အိုကြီး ၃ယောက်သည် တာဝန်ကျသည်။

သူတို့သုံးယောက်သည် အလုပ်တာဝန်ခွဲယူကြပြီး တစ်ယောက်မှာ ကတ်များ၏ မှန်ကန်သော အစဥ်ကို ကြေညာရန် တာဝန်ကျသည်။

ကျန်နှစ်ဦးမှာ ယဲ့ဖန်နှင့် ဟုန်းကျားကျွန်းတို့၏ အဖြေများကို စစ်ဆေးရန် တာဝန်ကျ သည်။

" ပထမကတ်၊ 6 ♥️ "

ကတ်များ၏ အစဥ်လိုက်ကို ကြေငြာရန် တာဝန်ရှိသူမှာ ဝူချင်းရှုန်း ဟုခေါ်သော အဘိုးအို ဖြစ်သည်။

လောင်းကစားဘုရင်ပြိုင်ပွဲတွင် 'လောင်းကစားဘုရင်'ဘွဲ့ကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်ဟု ဆိုကြသည်။

တတိယနှစ်တွင် တစ်စုံတစ်ခုကြောင့် ကြန့်ကြာနေ၌ မလာနိုင်ခဲ့ပေ။

ထိုသို့ မဟုတ်ပါက သူသည် ထိုအချိန်တုန်းက 'သုံးကြိမ်ဆက်တိုက် ချန်ပီယံ ဘုရင်'ဂုဏ်ပုဒ်ကို ဆွတ်ခူးသွားနိုင်လောက်သည်။

သူသည် ဤလူများကြားတွင် ဂုဏ်သိက္ခာမြင့်မားသောကြောင့် ကတ်များ၏ အစဉ်ကို ကြေညာရန် တာဝန်ယူခဲ့သည်။

ယဲ့ဖန်၏ အဖြေကို စစ်ဆေးရန် တာဝန်ရှိသူမှာ လုံကျန်းမင်း ဖြစ်ပြီး ချန်းနွမ်ရှင်းသည် ဟုန်းကျားကျွန်း၏ အဖြေကိုစစ်ဆေးရန် တာဝန်ယူသည်။

သူတို့နှစ်ဦးသည် တစ်ချိန်တည်းတွင် 'အိုကေ' အမူအရာ ပြုလုပ်ကြပြီး ယဲ့ဖန်တို့ နှစ်ဦးစလုံး၏ အဖြေများမှာ မှန်နေကြောင်း ညွှန်ပြကာ ကစားသမားနှစ်ယောက်၏ အဖြေများအောက်တွင် 'မှန်သည်'ဟူသော အမှတ်အသားကိုလည်း ရေးဆွဲခဲ့သည်။

All Chapters