အပိုင်း ၉၃၃-၉၃၆
Vol. 47 Ch. 933-936
အပိုင်း ( ၉၃၃ )
ဘယ်လိုပဲကြည့်ကြည့် သူက လူသတ်သမားနဲ့ ပိုတူတယ်
ယဲ့ဖန်သည် 'ကင်းကောင်ကြီး'ကို တစ်ချက်တည်းဖြင့် ချက်ချင်း အမှောက်သိပ်လိုက်၍ တိုက်ပွဲကြီးမှာ ခဏတာ ရပ်တန့်သွားသည်။
ကင်းကောင်ကြီး၏ နည်းပညာသည် ပြီးပြည့်စုံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ပြတ်သားစွာ ပြောရလျှင် ရိုက်နှက်ခြင်းအားလုံးကို အလွန်ခံနိုင်ရည်ရှိနေသူ ဖြစ်သည်။
သူ၏ စွမ်းရည်သည် သူတို့ ပညာရှင်များကြားမှာပင် ထိပ်တန်းဖြစ်သည်။
သူနှင့် ထိပ်တိုက်တွေ့ပြီး အန္တရာယ်ကင်းရန်မှာ မဖြစ်နိုင်သလောက် ဖြစ်သည်။
သို့သော် ထိုကောင်လေးက သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ဒါသား လူသားတင့်ကားကြီးပဲ။
အရေးကြီးဆုံးမှာ ယဲ့ဖန်သည် ပိန်ပါးပြီး နုပျိုသော အသားအရေ ရှိသည်ကို ထိုလုံခြုံရေးများ မြင်လိုက်ရသည်။
ထိုကောင်လေးသည် လေ့ကျင့်မှုများစွာ ဖြတ်သန်းခဲ့ရပုံမပေါ်ချေ။
အဲ့တာနဲ့ သူ့ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီးများ တောင့်တင်းသွားတာလဲ။
သို့သော် တခဏသာ အံ့ဩနေခဲ့ပြီး တိုက်ပွဲဆက်လေသည်။
သူတို့အားလုံးသည် အလောင်းကောင် အစုအပုံများကြားမှ ရုန်းထွက်ဖူးပြီး သေဆုံးမှု များစွာကို မြင်တွေ့ဖူးကြသည်။
ထို့ကြောင့် လူတစ်ဦး ရှုံးနိမ့်မှုသည် သူတို့အား နောက်ဆုတ်သွားစေရန် မလုံလောက်ချေ။
သို့သော်လည်း ယဲ့ဖန်သည် ထိုလူများထံမှ အထူးဆက်ဆံမှုကို ခံယူခဲ့သည်မှာ ထင်ရှားသည်။
ကျန်ရှစ်ဦးတွင် နှစ်ဦးကသာ ချန်းဖေးအယ်ဆီ ဦးတည်သွားပြီး ကျန်ခြောက်ဦးမှာ ယဲ့ဖန်ကို ဝိုင်းလာကြတော့သည်။
ချန်းဖေးအယ်သည် ဤကဲ့သို့ ပြုမူခံရခြင်းကို အလွန်စိတ်မချမ်းသာ ဖြစ်နေပြီး သူမသည် ချက်ချင်း ထိုလူနှစ်ယောက်ကို အရူးအမူး တိုက်ခိုက်ခဲ့သည်။
ရှောင်မိသားစု၏ အထိန်းတော်သည်လည်း ယခုအချိန်တွင် အမြန်ပြေးပြီး ရှောင်ချန်ချင်းကို ထိတ်လန့်စွာ ကြည့်နေလေသည်။
" သခင်လေး၊ နောက်ထပ် လူတွေ ခေါ်သင့်လား။ ဒီလူ နည်းနည်းလေးနဲ့ သူတို့ကို မတားနိုင်မှာကို စိုးရိမ်ရပါတယ် "
ရှောင်ချန်ချင်းမှ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
" စိတ်မပူနဲ့၊ သူတို့တွေအကုန်လုံးက ငါငှားဖို့ ပိုက်ဆံအများကြီးကုန်ထားရတဲ့ ထိပ်တန်းကျွမ်းကျင်သူတွေပဲ။ သူတို့က ဒီနှစ်ယောက်ကို ဘယ်လိုလုပ် မနိုင်ဘဲ နေမှာလဲ။ စိတ်မပူပါနဲ့ "
သို့သော် သူ့အား မျက်နှာကို ပါးရိုက်ခံလိုက်ရပြန်ပြီး ဤတစ်ကြိမ်မှာ ပို၍ ပြင်းထန်သည်။
ယဲ့ဖန်အား ပြိုင်ဘက်အဖြစ် ခဏကြာ တိုက်ခိုက်ပြီးနောက် ကျွမ်းကျင်ပညာရှင် ခြောက်ဦးသည် နာကျင်စွာ အော်ဟစ်လျက် ဆုတ်ခွာသွားခဲ့ကြသည်။
အနီးကပ်ကြည့်လိုက်ပါက သူတို့၏ လည်ပင်း၌ ငွေအပ်တစ်ချောင်းစီ စိုက်နေသည်ကို တွေ့ရလိမ့်မည်။
နွားအမွေးကဲ့သို့ ပါးလွှာသော အပ်တစ်ချောင်းမျှသာ ရှိသော်လည်း ထိုအပ်သည် သူတို့ကို သေစေချင်စိတ်များ ဖြစ်စေခဲ့သည်။
သူတို့ခြောက်ယောက်သည် ယဲ့ဖန်နှင့် ဆက်၍ မတိုက်ခိုက်နိုင်တော့ပေ။
ငွေအပ်များကို အမြန်ဆွဲထုတ်ကြရသည်။
ကျွမ်းကျင်သူများကြားမှ တိုက်ပွဲတစ်ခု၏ အောင်ခြင်းနှင့် ရှုံးနိမ့်ခြင်းတို့သည် တခဏအတွင်း ဆုံးဖြတ်နိုင်သည်။
အနည်းငယ် ဂရုမစိုက်လိုက်ပါက အသက်ပင် ဆုံးရှုံးနိုင်သည်။
သူတို့သည် အပ်များကို ဆွဲထုတ်နေချိန်၌ ယဲ့ဖန်သည် မြေပြင်မှ ထလာသည်။
သူ၏ ညာဖက်ခြေထောက်သည် ပန်ကာကဲ့သို့ ဖြတ်ကန်သွားသည်။
ထို့ကြောင့် ပညာရှင်ခြောက်ယောက်မှာ သွေးတွေ ရွှဲပြီး နောက်ပြန်ဆုတ်ပြေးရသည်။
တစ်ချိန်တည်းမှာပင် ချန်းဖေးအယ်ကို တိုက်ခိုက်နေသော လူနှစ်ဦးမှာလည်း ပျံထွက်လာခဲ့သည်။
ထိပ်တန်းပညာရှင် ကိုးဦးသည် လုံးဝ ကျရှုံးသွားခဲ့ရသည်။
ရှောင်ချန်ချင်း၏ စိတ်သည် ခဏတာ လွတ်သွားရသည်။
ထိုလူကိုးယောက်အား ငှားရမ်းရန် ပိုက်ဆံများစွာ အကုန်ခံခဲ့ရသည်။
ထိုလူများအတွက် နှစ်စဉ် ငှားရမ်းသည့်လသုံးငွေမှာ ၁၀ သန်းထက်မနည်း ရှိလေသည်။
ယခုအခါ သူတို့အားလုံးသည် တစ်မိနစ်ပင် မကြာလိုက်ဘဲ အပြီးသတ် အနိုင်ပိုင်းခံရသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြီးနောက် ရှောင်ချန်ချင်းကို လှည့်ကြည့်လိုက်သည်။
ရှောင်ချန်ချင်းသည် သူ့ခါးမှ ပစ္စတိုတစ်လက်ကို အမြန်ထုတ်ပြီး သူတို့နှစ်ဦးကို ချိန်ရွယ်လိုက်သည်။
" မင်းကို ဘယ်သူပို့လိုက်တာလဲ "
သေနတ်နှင့် ချိန်ခံထားရသော်လည်း ယဲ့ဖန်က လုံးဝ မကြောက်ချေ။
" ရှောင်လူကြီးမင်း၊ စိတ်မဆိုးပါနဲ့။ ကျွန်တော်အရင်က ပြောထားပြီးသားပါ။ လူကြီးမင်းနဲ့ စီးပွားရေးကိစ္စ ဆွေးနွေးဖို့ ဒီကိုရောက်နေတာပါ "
ရှောင်ချန်ချင်းမှ ချက်ချင်း ရယ်မောလိုက်သည်။
" ဘာကိစ္စရှိလို့လဲ။ မင်းက ငါ့ခေါင်းကို လိုချင်တာလား "
ယဲ့ဖန် စကားမပြောနိုင် ဖြစ်သွားရသည်။
ဒီလူက နှိပ်စက်ညှဉ်းပန်းတဲ့ အတွေးတွေပဲ ရှိတာလား။
" ရှောင်လူကြီးမင်း၊ ခင်ဗျားရဲ့ သေနတ်ကို အရင် ဖယ်လိုက်ပါ။ ထိုင်ပြီး ဖြည်းဖြည်းချင်း စကားပြောရအောင် "
ယဲ့ဖန်သည် ပြောသည့်အတိုင်း အရှေ့သို့ လျှောက်သွားသည်။
" ရပ်လိုက်၊ နောက်ထပ် တစ်လှမ်းတိုးလာရင် ငါ ပစ်လိုက်မယ် "
ရှောင်ချန်ချင်းသည် ချက်ချင်း ဟောက်လိုက်ပြီး သူ့အမူအရာမှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။
ယဲ့ဖန်သည် အကူအညီမဲ့နေခဲ့သည်။
သူသည် ထိုလူအား မည်သို့ ရှင်းပြရမည်ကို တွေးတောရင်း သူ့နေရာ၌ ထိုအတိုင်းသာ ရပ်နေခဲ့ရသည်။
ထိုအချိန်တွင် အခန်းထဲမှ အဘိုးအိုတစ်ဦး၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။
" ကျေး ....... ကျေးဇူးရှင်လေးလား "
မူလက ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေသည့် ရှောင်ချန်ချင်း၏ အမူအရာမှာ ရုတ်တရက် အေးခဲသွားသည်။
သူ ချက်ချင်း လှည့်ကြည့်လိုက်သည့်အခါ သူ့အဖေ ရှောင်ရွှမ်မှ ဘီးတပ်ကုလားထိုင်ကို တွန်းလာနေသည်အား တွေ့လိုက်ရသည်။
" အဖေ၊ အပြင်မှာ အန္တရာယ်ရှိတယ်....... "
သူ့စကား မပြီးခင် ရှောင်ရွှမ်မှ သူ့ကို တွန်းလိုက်သည်။
သူက ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေသည်။
" ကျေးဇူးရှင်လေး၊ အဲ့တာ တကယ်ပဲ မင်းလား "
သူသည် ယဲ့ဖန်ကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားလွန်း၍ ထရပ်လိုက်ချင်သည်။
သို့သော် သူ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေ၍ တစ်ဝက်မှာပင် တွန်းလှည်းကုလားထိုင်ပေါ်သို့ ပြန်လဲကျသွားသည်။
ရှောင်ချန်ချင်း ကြောင်အသွားသည်။
ကျေးဇူးရှင်လေးတဲ့လား။
ဒါဆို ........
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ထိုအဘိုးအိုကို မြင်သောအခါ ထိုလူကြီးမှာ မနေ့က ကားမတော်တဆမှုမှ ထိခိုက်သူမှန်း သိလိုက်ရသည်၊
အခု ရှောင်ချန်ချင်းက သူ့ကို အဖေလို့ ခေါ်လိုက်တာလား။
ဒီလူကြီးက ရှောင်မိသားစုရဲ့ ခေါင်းဆောင်ဟောင်းများ ဖြစ်နေမလား။
ဒီလို ဘာမှ အားမစိုက်လိုက်ရဘဲ ရှာတွေ့သွားတာလား။
ယဲ့ဖန်သည် အခွင့်အရေး လမ်းညွှန်ချက်ကို နောက်ဆုံး၌ သိသွားခဲ့သည်။
ဒါက တကယ့် အခွင့်အရေး အကြီးကြီးပဲ။
" မင်္ဂလာပါ၊ သခင်ကြီး။ သက်သာပြီလား "
ယဲ့ဖန် အမြန်လျှောက်သွားလိုက်သည်။
လူအိုကြီး၏ အသားအရေမှာ ပို၍ ကောင်းမွန်လာသည်ကို မြင်နိုင်သည်။
အနည်းဆုံးအနေဖြင့် မနေ့က မြင်ခဲ့သော သေခါနီးအခြေအနေထက် ပို၍ သာမွန်ကောင်းလှသည်။
" ပိုကောင်းလာပါပြီ။ ငါ့ကို တွေးပေးလို့ ကျေးဇူးပါဘဲ။ မင်းရဲ့ အချိန်မီ ကုသပေးမှုကြောင့်သာ မဟုတ်ရင် ဒီလူအိုကြီးက ငရဲမင်းကို တွေ့နေရတော့မှ "
ရှောင်ရွှမ်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
သူသည် အသက်ကယ်ကောက်ရိုးမျှင်ကို ကိုင်ထားသကဲ့သို့ ယဲ့ဖန်၏ လက်ကို ဆွဲကိုင်ထားသည်။
ရှောင်ချန်ချင်းသည် ချက်ချင်း ခေါင်းကို ကုတ်လိုက်သည်။
" အဖေ၊ သေချာရဲ့လား။ သူက ..... ဒီညီငယ်လေးက အဖေ့ကို ကယ်ခဲ့တာလား "
ရှောင်ရွှမ်သည် သူ့စကားကို ကြားသောအခါ အနည်းငယ် စိတ်မပျော်မရွှင် ဖြစ်သွားသည်။
" ငါက အိုပြီး မှတ်ဉာဏ်မကောင်းဘူးလို့ ပြောချင်တာလား။ ငါက ငါ့ကို ကယ်ခဲ့တဲ့သူကိုပါ မမှတ်မိရမှာလား "
ရှောင်ချန်ချင်းသည် လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" မဟုတ်ပါဘူး။ အဲ့ဒါက ...... ဒီညီငယ်လေးက အတိုက်အခိုက် ကျွမ်းလွန်းလို့ပါ။ သူက လူသတ်သမားနဲ့တောင် တူတယ်။ သူက ဆရာဝန် ဖြစ်နိုင်ပါ့မလား "
အပြင်၌ သူစီစဉ်ထားသည့် လူဆိုးဂိုဏ်းသားများအပြင် ဤကိုးယောက်လုံးမှာ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သို့သော် တစ်ဖက်သူ၏ ရှေ့တွင်တော့ ထိုးနှက်ချက် တစ်ချက်လေးမှပင် မခံနိုင်လိုက်ကြပေ။
ဒီလို ပုံမှန်မဟုတ်တဲ့ တိုက်ခိုက်ရေး အစွမ်းက ကမ္ဘာကြီးကိုတောင် တုန်လှုပ်သွားစေနိုင်လောက်သည်။
အကယ်၍ ထိုလူငယ်လေးတွင် ကောင်းကင်ဘုံကိုပါ အံတုနိုင်သော ဆေးဝါးကျွမ်းကျင်မှု ရှိနေပါက ...... သူသည် လူသားမှ ဟုတ်သည်လားကို သံသယဝင်စရာပင်။
ရှောင်ရွှမ်သည် ပြန်မဖြေခင်နိုင်ခင် စင်္ကြံလမ်းမှ အာမေဋိတ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။
" နတ်ဆေးဆရာလေးယဲ့၊ ဘာလို့ ဒီကိုရောက်နေတာလဲ "
တိုက်ဆိုင်စွာပင် ရှောင်ချန်ချင်း အနောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ဆရာဝန်တစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုဆရာဝန်မှာ မနေ့က ကားတိုက်မှုဖြစ်ပွားရာ နေရာမှ ရှုခိုင်ဝမ် ဖြစ်လေသည်။
ရှုခိုင်ဝမ်သည် မြေပြင်ပေါ်မှ နာကျင်စွာ ငိုကြွေးနေကြသော လူအုပ်စုကို ဦးစွာ ကြည့်လိုက်ပြီးနောက် သူသည် ယဲ့ဖန်ထံသို့ အမြန်ပြေးသွားပြီး အလွန်စိတ်လှုပ်ရှားနေပုံရသည်။
" ယဲ့နတ်ဆေးဆရာလေး၊ မင်းကို ထပ်တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး။ ကျွန်တော်က ...... "
သူသည် စံပြပုဂ္ဂိုဟ်နှင့် တွေ့ရသော ပရိတ်သတ်တစ်ယောက်လို ဖြစ်နေသည်။
ယဲ့ဖန်မှာတော့ အသာအယာသာ ပြုံးလိုက်သည်။
" ကျွန်တော်က ရှောင်လူကြီးမင်းနဲ့ လုပ်ငန်းကိစ္စလေး ဆွေးနွေးဖို့ ဒီကို ရောက်နေတာပါ "
ရှုခိုင်ဝမ်သည် ရှောင်ချန်ချင်းကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
" ရှောင်လူကြီးမင်း၊ လူကြီးမင်းအဖေကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်ကို ရှာနေတာ မဟုတ်ဘူးလား။ အဲ့တာ ဒီက ယဲ့နတ်ဆရာလေးပါဘဲ "
သူ့စကားကို ကြားပြီးနောက် ရှောင်ချန်ချင်း သံသယ မရှိတော့ချေ။
ထိုအချိန်က သူ၏အဖေသည် သတိအပြည့်ကပ်မနေ၍ အခြားတစ်ယောက်ဖြင့် အမှတ်မှားကာ လွဲနိုင်သည်။
သို့သော် ရှုခိုင်ဝမ်သည်လည်း ထိုအဖြစ်အပျက်ကို ကိုယ်တိုင် တွေ့ကြုံခဲ့ရသူဖြစ်သောကြောင့် သေချာပေါက် မမှားနိုင်ချေ။
ထိုအချက်ကို တွေးပြီး မြေပြင်ပေါ် ချက်ချင်း ဒူးထောက်ထိုင်ချလိုက်သည်။
" ကျေးဇူးရှင်လေး၊ ကျေးဇူးပြုပြီး ရှောင်ချန်ချင်းရဲ့ အရိုအသေပြုမှုကို လက်ခံပေးပါ "
ထိုအချိန်တွင် ရှောင်မိသားစု၏ လက်အောက်ခံ အဖွဲ့တစ်ဖွဲ့ ရောက်လာသည်။
သူတို့ ပြဿနာ မရှာခင်မှာပင် မိသားစုခေါင်းဆောင်မှ လူငယ်တစ်ယောက်ရှေ့၌ ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။
လူတိုင်း အံ့ဩသွားကြသည်။
ဘာတွေဖြစ်နေတာလဲ။
ဒီအတိုင်း ဒူးထောက်ရတဲ့အထိ အရိုက်ခံရတာလား။
ရှောင်မိသားစုသည် လောင်းကစားနယ်မြေရှိ ထိပ်တန်း မိသားစုကြီးများထဲမှ တစ်စုဖြစ်ပြီး ရှောင်မိသားစု၏ အကြီးအကဲသည် ကာစီနိုနယ်မြေတွင် သြဇာအရှိဆုံးလူများထဲမှ တစ်ဦး ဖြစ်သည်။
အဲ့လို အကောင်ကြီးတစ်ယောက်က ဘာမဟုတ်တဲ့ လူငယ်လေးကို ဒူးထောက်လိုက်ရတာလား။
ဒါက သူတို့ရဲ့ နားလည်မှုကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်တာပဲ။
အပိုင်း ( ၉၃၄ )
ဒီလိုလူတွေက သမိုင်းဝင်ဖို့ ဖြစ်လာတာ
ရှောင်ချန်ချင်းသည် သူ့ရှေ့တွင် ဒူးထောက်မည်ဟု ယဲ့ဖန် မထင်ထားခဲ့ပေ။
ယဲ့ဖန်သည် ချက်ချင်း သူ့ကို ကူညီချင်ခဲ့သည်။
သို့သော် ရှောင်ရွှမ်က သူ့ကို တားလိုက်သည်။
" ကျေးဇူးရှင်လေး၊ မင်းက ဒီအရိုအသေပေးမှုနဲ့ ထိုက်တန်ပါတယ်။ ငါ့အတွက် အဆင်မပြေနေလို့ မဟုတ်ရင် ငါကပါ မင်းကို ဒူးထောက်သင့်တယ် "
ယဲ့ဖန်သည်လည်း သူ ပြောသည်ကို ကြားပြီးနောက် ရှောင်ချန်ချင်း၏ ဂါရဝပြုမှုကို လက်ခံလိုက်တော့သည်။
" ကျေးဇူးရှင်လေး၊ မင်းက ငါနဲ့ စီးပွားရေးကိစ္စ ပြောချင်တယ်လို့ ပြောနေတာလား။ မင်း ငါ့ကို ပြောစရာရှိရင် ငါ သေချာပေါက် လုပ်ပေးမယ် "
ရှောင်ချန်ချင်း၏ မျက်နှာသည် အရင်ကကဲ့သို့ မောက်မာခြင်း မရှိတော့ဘဲ ရိုသေလေးစားနေသည်။
ယဲ့ဖန်သည် လောင်းကစားဘုရင်ပြိုင်ပွဲအတွက် သူ၏ အစီအစဉ်ကို ချက်ချင်း ပြောပြသည်။
" အဲ့ဒီ အချိန်ကျ ရှောင်မိသားစုက ကျွန်တော့်ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အနည်းဆုံးတော့ ကျွန်တော့်ရဲ့ အစီအစဉ်တွေကို မပျက်စီးစေရင် ရပါတယ် "
ရှောင်ချန်ချင်းသည် ထိုစကားကို ကြားပြီးနောက် တုံ့ဆိုင်းသွားသည်။
ထိုကိစ္စမှာ တကယ်ပင် ကိုင်တွယ်ရ အနည်းငယ် ခက်ခဲလေသည်။
ပြိုင်ပွဲ၏ စီစဉ်သူအနေဖြင့် ရှောင်မိသားစုသည် ပါဝင်သူတိုင်း၏ ဘေးကင်းရေးကို ကာကွယ်ရန် တာဝန်ရှိသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ပြိုင်ပွဲအတွင်း အကွက်ရွှေ့ပြီး ရှောင်မိသားစုမှ ဘာမှ မလုပ်ပါက သူတို့သည် သေချာပေါက် ဝေဖန်ခံရမည် ဖြစ်သည်။
သူ တုံ့ဆိုင်းနေချိန်တွင် ရှောင်ရွှမ်မှ ရုတ်တရက် ပြောလိုက်သည်။
" ခက်ခဲတဲ့ကိစ္စ တစ်ခုခုလို့ ထင်နေခဲ့တာ။ အဲ့ဒါက အသေးအမွှားကိစ္စလေးပါပဲ။ ကျေးဇူးရှင်လေး၊ မင်း အဲ့တာကို ငါတို့နဲ့ ဆွေးနွေးစရာ မလိုဘူး။ မင်းလုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်။ မင်းကို တားရဲတဲ့ သတ္တိရှိတဲ့သူက ငါတို့ ရှောင်မိသားစုကို ဆန့်ကျင်တာပဲ "
ရှောင်ချန်ချင်းသည် သူ့အဖေပြောသည်ကို ကြားသောအခါ ခေါင်းညိတ်သဘောတူလိုက်သည်။
" ဟုတ်တယ်။ အဲ့လူယုတ်မာက ငါတို့ကျေးဇူးရှင်ရဲ့ ရန်သူဆိုတော့ သူက ငါတို့ ရှောင်မိသားစုရဲ့ ရန်သူပဲ။ လိုအပ်ရင် ငါတို့ ရှောင်မိသားစုက တစ်ဖက်ကနေ ကူညီပေးနိုင်တယ် "
ယဲ့ဖန်သည် ရှောင်မိသားစု၏ ကတိကို လက်ခံရရှိပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ၊ ခင်ဗျားတို့ရဲ့ ကတိအရ ကျွန်တော် လုပ်ချင်တာ လုပ်လိုက်ပါမယ်။ ဒါဆို အရင် သွားလိုက်ပါဦးမယ် "
ရှောင်ရွှမ် အနည်းငယ် တုံ့ဆိုင်းသွားသည်။
" ကျေးဇူးရှင်လေး၊ မင်း ထွက်သွားတော့မှာလား "
ယဲ့ဖန် သူ့ကို ပြုံးပြလေသည်။
" သခင်ကြီး၊ အေးအေးဆေးဆေး အနားယူပါ။ နေမကောင်းရင် ကျွန်တော့်ဆီ ဖုန်းဆက်နိုင်ပါတယ် "
ထို့နောက် သူ့နံပါတ်ကို ပေးပြီး ချန်းဖေးအယ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
ရှောင်ရွှမ်သည် သူ့နောက်ကျောကို ကြည့်ပြီး မတတ်နိုင်ဘဲ ခေါင်းခါလိုက်မိသည်။
" ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သူ့မှာ ကောင်းကင်ဘုံကိုတောင် အံတုနိုင်တဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ရှိနေတာပဲ။ သူ့အနာဂတ်က အကန့်အသတ်မရှိဘူး "
ရှုခိုင်ဝမ် ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။
ယဲ့ဖန်၏ ကုသမှု လုပ်ငန်းစဉ်ကို မနေ့ညက လေ့လာကြည့်ရှုပြီးနောက် သူ၏ ဆေးဝါးပညာ ကျွမ်းကျင်မှုမှာလည်း အလွန်တိုးတက်လာခဲ့သည်။
သူသည် ယဲ့ဖန်ကို အလွန် အထင်ကြီးမိလေသည်။
သူ၏ စံပြပုဂ္ဂိုဟ်အား ချီးမွမ်းနေသည်ကို ကြား၍ ဂုဏ်ယူမိသည်။
ရှောင်ချန်ချင်းသည် မြေပြင်ပေါ်တွင် လူးလဲနေသော သူ၏ လက်အောက်ငယ်သားများကို ကြည့်ကာ မတတ်နိုင်ဘဲ ခါးသီးစွာ ပြုံးမိသည်။
" သူက ဆေးပညာတင်မကဘူး။ ကိုယ်ခံပညာလည်း ကျွမ်းကျင်တယ်။ ဒီလိုလူက သမိုင်းဝင်ဖို့ ဖြစ်လာတာ "
...................................................
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ကားပေါ်သို့ ပြန်တက်လာပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
နောက်ဆုံးတွင် သူတို့သည် လောင်းကစားနယ်မြေ၏ မိသားစုကြီးနှစ်ခုနှင့် ညှိနှိုင်းနိုင်ခဲ့သည်။
ဤသို့ဖြင့် သူခိုးဘုရင် အားကန်ကို ဖမ်းမိရန် ပိုမိုလွယ်ကူမည် ဖြစ်သည်။
" အကြီးမားဆုံး အတားအဆီးနှစ်ခုကို ရှင်းပြီး နောက်ဆုံးတော့ အနားယူနိုင်ပြီ။ ကုန်တိုက်ကို အရင်သွားပြီး ဂျင်းဘောင်းဘီ တစ်စုံလောက် ဝယ်ဖို့ စိတ်ကူးထားတယ်။ ဂါဝန်တွေက တိုက်ခိုက်ဖို့ ခွန်အားကို ကန့်သတ်နေတယ်။ တိုက်ခိုက်ရခက်တယ် "
ချန်းဖေးအယ်သည် အနှိမ့်ခံရခြင်းအတွက် အခုထိ သွေးဆူနေသေးသည်မှာ ထင်ရှားနေသည်။
သူမသည် လေးယောက်ကို တိုက်ခိုက်မည်ဟု ပြောခဲ့သော်လည်း နောက်ဆုံးတွင် နှစ်ယောက်သာ ချခဲ့ရသည်။
ထိုသည်က ယဲ့ဖန်ရှေ့၌ သူမကို မျက်နှာပျက်စေသည်။
ယဲ့ဖန် ရယ်ချင်တာကို ထိန်းလိုက်သည်။
" ဆင်ခြေတွေ မပေးပါနဲ့။ ခွန်အားက မင်းဝတ်တဲ့ အဝတ်အပေါ်မှာ မူတည်တာ မဟုတ်ဘူး။ မင်းမှာ လုံလောက်တဲ့ သန်မာမှုရှိတယ်ဆိုရင် အဝတ်မပါရင်တောင် အနိုင်ယူနိုင်တယ် "
" ဘာပြောလိုက်တာလဲ "
ချန်းဖေးအယ်သည် အသက်ကို စွန့်တော့မည်ကဲ့သို့ ဒေါသကြောင့် မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
" အဲ့တာ ...... ဟုန်းနဲ့ ရှောင်မိသားစုတွေက ဒီကိစ္စမှာ ဝင်မစွက်ဖက်ဘူးလို့ ကတိပေးခဲ့ပေမယ့် တခြားသူတွေရဲ့ ကိစ္စကို ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ မဆိုလိုဘူး။ အဲ့တာကြောင့် ကိုယ်တို့က ကိုယ့်အစွမ်းအစကို သန်မာအောင် လုပ်သင့်တယ် "
ယဲ့ဖန်သည် အကြောင်းအရာကို ချက်ချင်းပြောင်း၍ ပြောလိုက်သည်။
ချန်းဖေးအယ်၏ အာရုံမှာ အမှန်ပင် လွဲသွားသည် ။
" ဒါဆို ကျွန်မတို့ အခု ဘာလုပ်ရမှာလဲ "
ယဲ့ဖန်၏ နှုတ်ခမ်းသည် အပြုံးအဖြစ် တွန့်ကွေးတက်သွားသည်။
" ကိုယ် မပြောဖူးဘူးလား။ ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပဏီကို ၀ယ်ချင်တယ်လို့ "
ချန်းဖေးအယ် အံ့အားသင့်သွားသည်။
" တကယ်ပြောတာလား။ ကျွန်မက ရှင် နောက်နေတာလို့ ထင်နေတာ "
ယဲ့ဖန် မျက်လုံးဝေ့လိုက်သည်။
" မင်းကို ဘယ်သူက နောက်ပြောင်နေလို့လဲ။ မင်းနားလည်လား "
ထိုသို့ဖြင့် သူက ကားကို စနှိုးလိုက်သည်။
ချန်းဖေးအယ်သည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။
ဒီတစ်ယောက်က သူလုပ်ချင်တာမှန်သမျှ အကုန် လျှောက်လုပ်နေတယ်လို့ သူမ ဘာလို့ခံစားရတာလဲ။
သူ ဘာလို့ ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပဏီကို ရုတ်တရက်ကြီး ၀ယ်ချင်ရတာလဲ။
ပြီးတော့ သူ့မှာ အဲ့လောက်တောင် ပိုက်ဆံတွေ အများကြီးရှိလို့လား။
[ ရတနာအမဲလိုက်ခြင်း လမ်းညွှန်းကို တွေ့ရှိထားပါသည်။ လက်ရှိလမ်းအတိုင်း မီတာ ၂၀၀သွားပြီး ဘယ်ဘက်သို့ ကွေ့ပါ ...... ]
ယဲ့ဖန်သည် လမ်းညွှန်ချက်အတိုင်း လိုက်နာပြီး ရွှေစွပ်ပြုတ် လုံခြုံရေး ကုမ္ပဏီဆီသို့ အပြေးအလွှား သွားနေစဉ်တွင် နားထဲသို့ စနစ်မှ သတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
သူသည် နားကြား မှားသည်ဟုထင်ပြီး ခဏတာ ထိတ်လန့်သွားသည်။
သူသည် မနေ့က အခွင့်အရေး လမ်းကြောင်းကို ရရှိခဲ့ပြီး ယနေ့တွင် ရတနာအမဲလိုက်ခြင်း လမ်းကြောင်းကို ထပ်မံ ရရှိခဲ့သည်။
ဒီစနစ်က ဘာတွေလုပ်နေတာလဲ။
သူ မေးခွန်းထုတ်နေမိသော်လည်း သွားနေသည့် လမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်တော့သည်။
" ဟမ်၊ ကျွန်မတို့ ရွှေစွပ်ပြုတ် လုံခြုံရေး ကုမ္ပဏီဆီ မသွားတော့ဘူးလား "
ချန်းဖေးအယ်သည် ယဲ့ဖန်မှ ရုတ်တရက် လမ်းကြောင်းပြောင်းသွားသည်ကို တွေ့လိုက်ရပြီး အံ့သြသွားသည်။
" ကံကြမ္မာရဲ့ခေါ်သံကို မင်းယုံလား "
ကားမောင်းရင်း ယဲ့ဖန်မှ ထူးဆန်းသည့် မေးခွန်းတစ်ခုကို မေးလေသည်။
" ဘာကံကြမ္မာခေါ်သံလဲ။ ရှင် ဘာဖြစ်နေတာလဲ "
ချန်းဖေးအယ်သည် သူ၏ အဓိပ္ပါယ်မရှိသော စကားကို ကြားပြီး မျက်မှောင်ကြုတ်သွားသည်။
" မမြင်ရတဲ့ ကမ္ဘာက ကိုယ့်ကို ခေါ်နေတဲ့ အသံတစ်ခု ရှိနေတယ်လို့ ခံစားရပြီးတော့ ခေါ်သံအတိုင်း ရှေ့ကို သွားဖို့ တစ်ခုခုက တွန်းအားပေးနေတယ် ....... "
ယဲ့ဖန်သည် လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် ဆက်ပြောခဲ့သည်။
" အရူး "
ချန်းဖေးအယ်သည် ထိုစကားကို ကြားသောအခါ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။
သူမသည် ပြတင်းပေါက်ဘက်သို့ အမြန်ကြည့်နေကာ ယဲ့ဖန်ကို အာရုံမစိုက်တော့ပေ။
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက သူမ၏ နားလည်နိုင်စွမ်းကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
ဆယ်မိနစ်ခန့် ကားမောင်းပြီးသည့်နောက် ရှေးဟောင်းဈေးတစ်ခုသို့ ဝင်လာကြသည်။
ထိုရှေးဟောင်းဈေးသည် ကြီးကျယ်သည်ဟု မယူဆနိုင်ပေ။
ယန်းချန်မြို့၏ လူစည်ကားသော လမ်းများနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် လမ်းမများပေါ်တွင် လမ်းလျှောက်နေသည့် ခရီးသွားများ အများအပြား ရှိနေသေးသည်။
ယဲ့ဖန်သည် ကားကို လမ်းဘေး၌ ရပ်လိုက်ပြီး စနစ်၏ သတိပေးချက်အတိုင်း ဆက်သွားခဲ့သည်။
မကြာမီတွင် ယဲ့ဖန်သည် လူအုပ်ကြီးဆီသို့ ရောက်လာသည်။
အတွင်း၌ ဘာဖြစ်နေသည်ကို မသိသော်လည်း ထိုနေရာသို့ အပြင်သုံးလွှာ၊ အတွင်းသုံးလွှာဖြင့် ဝန်းရံထားသည်။
ယဲ့ဖန်သည် ချန်းဖေးအယ်ကို ဆွဲခွေပြီး လူအုပ်ထဲသို့ ကြမ်းတမ်းစွာ ထိုးဝင်လိုက်သည်။
ထို့ကြောင့် သူသည် လူအများ၏ ဆဲသံများကို ချက်ချင်း ခံခဲ့ရသော်လည်း မကြားသလိုသာ နေလိုက်သည်။
ရှေ့ဆုံးတန်းသို့ ရောက်သွားသောအခါ စားပွဲပေါ်ရှိ အရာဝတ္ထုတစ်ခုမှ ယဲ့ဖန်၏ အကြည့်ကို ချက်ချင်း စွဲဆောင်သွားသည်။
နဂါးကိုးခွက်ထဲက တစ်ခွက်လား။
အပိုင်း ( ၉၃၅ )
နောက်ထပ် နဂါးကိုးခွက်လား
ယဲ့ဖန်သည် ထိုနေရာတွင် နဂါးကိုးခွက် နောက်တစ်ခွက်ကို တွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။
ချန်းရွှမ်နှင့် ပထမဆုံး တွေ့ခဲ့သည့်အချိန်ကို သူ မမေ့နိုင်ချေ။
ထိုအချိန်တွင် သူမသည် ဘိုးဘွားပိုင် နဂါးကိုးခွက်ကို ရှေးဟောင်းဈေးတွင် ရောင်းချနေခဲ့သည်။
နောက်ဆုံးတွင် ယဲ့ဖန်၏ စေ့ဆော်ပေးမှုအောက်တွင် နဂါးကိုးခွက်ကို ရှန်းမိသားစုမှ အဘိုးအို သခင်ကြီးရှန်းကွမ်လင်းမှ အလွန်မြင့်သည့် ဈေးဖြစ်သော သန်း၈၀ဖြင့် ဝယ်ယူခဲ့သည်။
နဂါးကိုးခွက်ကြောင့် သူသည် သခင်ကြီးရှန်းနှင့် မိတ်ဖွဲ့နိုင်ခဲ့ရုံသာမက ချန်းရွှမ်နှင့်လည်း ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ခဲ့သည်။
ထို့ကြောင့် သူသည် နဂါးကိုးခွက်အတွက် အထူးတလည် ခံစားချက် ရှိသည်။
နဂါးကိုးခွက်သည် စုစုပေါင်း ကိုးခုရှိပြီး မည်သည့်နေရာတွင် မည်သို့ ပြန့်ကျဲနေသည်ကို မသိရပေ။
ယနေ့ ဤနေရာတွင် နောက်တစ်ခွက်ကို တွေ့လိုက်နိုင်သည်မှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။
ထို့အပြင် သူ၏ နက်နဲသော အတွင်းကျစနစ်ဖြင့် စကန်ဖတ် စစ်ဆေးပြီးနောက် နဂါးကိုးခွက်သည် အစစ်ဖြစ်ကြောင်း သေချာခဲ့သည်။
ယဲ့ဖန်သည် မျက်တောင်ပင် မခတ်ဘဲ အကြည့်ကို ဆိုင်ရှင်ဆီသို့ လှည့်ကြည့်လိုက်သည်။
မြင်ကွင်းကို မြင်သည့်အခါ ယဲ့ဖန် အံ့ဩသွားရသည်။
အတိအကျပြောရလျှင် ထိုဆိုင်သည် ရှေးဟောင်းပစ္စည်းဆိုင် မဟုတ်ဘဲ လောင်းကစားဆိုင် ဖြစ်နေသည်။
အလယ်တွင် ဖဲချပ်များ၊ အန်စာတုံးများနှင့် ဒိုမီနိုများပါသည့် စားပွဲတစ်ခု ရှိသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ထိုစားပွဲ၌ ထိုင်နေသည်။
သူသည် သပ်ရပ်စွာ မီးပူထိုးထားသော ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့မျက်နှာတွင် မာနကြီးသော ပုံစံရှိသည်။
သူ့နောက်တွင် အသက်နှစ်ဆယ်နှင့် သုံးဆယ်လောက်ရှိသည့် ယောက်ျားပျို၊ မိန်းမပျိုများ ငါးယောက်၊ ခြောက်ယောက် ရပ်နေကြသည်။
သူတို့၏ အသွင်အပြင်များအား အကဲခတ်ကြည့်မည်ဆိုလျှင် တရုတ်လူမျိုးများ မဟုတ်ဘဲ ကိုရီးယားနိုင်ငံသားများ၏ စရိုက်အသွင်အပြင်လက္ခဏာများ ရှိနေလေသည်။
ယဲ့ဖန် ဘေးသို့ လှည့်ကြည့်လိုက်ပြီး ပွဲကိုကြည့်နေသည့် လူတစ်ယောက်ကို ကြည့်လိုက်သည်။
" ညီအစ်ကိုတို့ ဘာလုပ်နေကြတာလဲ "
ထို နွေးထွေးသည့်ပုံရသည့် အစ်ကိုကြီးမှ သူ့ကို ချက်ချင်း ရှင်းပြသည်။
" ဒီလူတွေက ကိုရီးယားကလေ။ သူတို့က လောင်းကစားဘုရင်ပြိုင်ပွဲကို ပြိုင်ဖို့ ဒီကို ရောက်လာတာလို့ ကြားထားတယ်။ ဒီနေ့ ရှေးဟောင်းလမ်းတဝိုက်မှာ လမ်းလျှောက်နေရင်း ရုတ်တရက် ဒီလောင်းကစားဆိုင်ကို ဖွင့်ဖို့ စိတ်ကူးမိခဲ့ကြတာတဲ့ "
ချန်းဖေးအယ်လည်း အလွန် စိတ်ဝင်စားကာ သိချင်သွားသည်။
" ဘာတွေ လောင်းနေကြတာလဲ "
လှပသော အမျိုးသမီးများအပေါ် ဆက်ဆံပုံမှာ အမှန်ပင် ကွဲပြားလေသည်။
ချန်းဖေးအယ်မှ မေးခွန်းကို မေးလိုက်သည်နှင့် သူမ အနားပတ်ဝန်းကျင်ရှိ လူအများမှ ပြန်ဖြေပေးရန် ငြင်းခုံကြတော့သည်။
" ပထမ အစတုန်းက သူတို့မှာ ယွမ် ၁သောင်းပဲ ရှိခဲ့တာ။ တစ်ဖက်သူက ယွမ် ၁ထောင်ပဲ လောင်းရင်တောင် ရပြီး နိုင်ရင် အကုန်လုံးကို သိမ်းသွားနိုင်တယ်တဲ့ "
" ဒါပေမယ့် ဒီလူအနည်းငယ်က တကယ်ကို အစွမ်းထက်တာ။ လူတော်တော်များများက သူတို့ကို စိန်ခေါ်ခဲ့ပေမယ့် နောက်ဆုံးကျ သူတို့အားလုံး ရှုံးသွားခဲ့တာ "
" ဟုတ်တယ်၊ ဒီမနက်တင် သူတို့က သန်း ၂၀၀ကျော် နိုင်ပြီးသွားပြီ။ နဂါးကိုးခွက်ကို မြင်လား။ အဲ့တာကို ရှေးဟောင်းပစ္စည်း ကုန်သည်တစ်ယောက်ဆီက နိုင်ထားတာ "
" ၁သောင်းတည်းနဲ့ စပြီး သူတို့က သန်း ၂၀၀ကနေ ၃၀၀ လောက်ထိ နိုင်ပြီးသွားပြီ။ ဒီကိုရီးယားလူမျိုးတွေက တကယ်ကို အံ့သြစရာပဲ "
" သူတို့က ဟုန်းကျားကျွန်းထက်တောင် ပိုအစွမ်းထက်မှာကို စိုးရိမ်ရတယ်။ ဒီနှစ် လောင်းကစားဘုရင်ဘွဲ့ကို ကိုရီးယားက အနိုင်ရသွားမယ် ထင်တယ်
" ဟုတ်တယ် ....... "
ချန်းဖေးအယ်သည် ထိုစကားကို ကြားသောအခါ ချက်ချင်း ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
ထိုကြောက်စရာကောင်းသည့် တိုက်ပွဲမှတ်တမ်းသည် ယဲ့ဖန်နှင့် ယှဥ်နိုင်လေသည်။
ယဲ့ဖန်၏ တိုက်ပွဲမှတ်တမ်းသည် ရူးချင်စရာကောင်းသည်ဟု သူမ အစက ထင်ခဲ့သည်။
ဤနေရာတွင် ထိုကဲ့သို့သော ကျွမ်းကျင်သူမျိုးနှင့် ဆုံရမည်ဟု သူမ မမျှော်လင့်ထားပေ။
သူတို့နှစ်ယောက်ကြားတွင် မည်သူနိုင်မည်ကို မသိနိုင်ချေ။
ယဲ့ဖန်သည် လူတိုင်း၏ ရှင်းပြချက်ကို ကြားပြီး နောက်ဆုံးတွင် နားလည်သွားသည်။
ဒါဆို ဒီကိုရီးယားတွေ ဒီမှာ ငါးလာဖမ်းနေကြတာလား။
သို့သော် ဤသို့ စီးပွားရေးမျိုး လုပ်ရန်ဆိုလျှင် တစ်ဖက်ကးမှ လောင်းကစားကျွမ်းကျင်မှု ရှိရလိမ့်မည်။
ထိုသို့ မဟုတ်ပါက သူတို့သည် အရာအားလုံးကို ဆုံးရှုံးသွားနိုင်ခြေများလေသည်။
ထိုအချိန် ထိုင်နေသည့် လူလတ်ပိုင်းအရွယ်အမျိုးသားမှ ပါးစပ်ကိုဖွင့်ပြီး စကား အများကြီးပြောနေသည်။
သို့သော် သူဘာကို ဆိုလိုနေသည်အား မည်သူမျှ နားမလည်နိုင်ပေ။
ကံကောင်းစွာဖြင့် သူ့ဘေး၌ ရပ်နေသည့် လူငယ်တစ်ယောက်မှ တရုတ်ဘာသာဖြင့် ပြန်ရှင်းပြသည်။
" ကျွန်တော်တို့ရဲ့ ဆရာက ယွမ် သန်း၁၀၀တန်တဲ့ နဂါးကိုးခွက်ကို လောင်းကြေးတင်ပါမယ်တဲ့။ အဲ့တာကြောင့် တစ်ဖက် ကစားမယ့်သူက ယွမ် ၁၀ သန်းပဲ လောင်းဖို့ လိုပါတယ်။ အနိုင်ရရင် လောင်းကြေးကို ပြန်ပေးမယ့်အပြင် နဂါးကိုးခွက်ကိုလည်း ယူသွားနိုင်ပါတယ် "
သူသည် ပြောပြီးသည်နှင့် လူအုပ်ကြီးမှာ ချက်ချင်း ပြောဆိုကြသည်။
ယွမ်သန်း၁၀၀ တန်ကြေးရှိသော နဂါးကိုးခွက်အား အနိုင်ရရန် ယွမ်၁၀သန်းသာ လိုအပ်လေသည်။
ဤသည်မှာ ဆွဲဆောင်မှု ပြင်းလွန်းသည်။
သို့သော် လူအများစုသည် ထိုအရာကို မနာလိုစိတ်ဖြင့်သာ ကြည့်နေနိုင်သည်။
အကြောင်းမှာ ၁၀သန်းဟူသော သတ်မှတ်ချက်သည် လူအများစုကို မဝင်နိုင်စေရနန တားဆီးထားသောကြောင့် ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် စိန်ခေါ်ရန် မည်သူမှ ထမလာကြပေ။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်သည် လူအုပ်ကြားတွင် ဖြည်းညှင်းစွာ ပျံ့နှံ့သွားသည်။
စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါပြီး ထပ်၍ ပြန်ပြောသည်။
ဘေးမှ လူငယ်လေးသည် ထိုစကားများကို အမှန်အတိုင်း ဘာသာပြန်ရန် တွန့်ဆုတ်နေသကဲ့သို့ တခဏမျှ တုံ့ဆိုင်းသွားသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားမှ ချက်ချင်း ခေါင်းလှည့်ကာ ကြိမ်းမောင်းလိုက်သည်။
ထိုအခါ လူငယ်လေးသည်လည်း ရွေးချယ်စရာ မရှိဘဲ အမှန်အတိုင်း ဘာသာပြန်လိုက်ရသည်။
"ကျွန်တော့်ဆရာက တရုတ်တွေ အကုန်လုံးက ငသိမ်ငဖျင်းတွေ စုဝေးနေတာပဲလို့ ပြောပါတယ်။ သူက ဒီလောက် ကြီးကျယ်တဲ့ လိုက်လျောမှုတွေ လုပ်ပေးထားတာတောင် ဘယ်သူမှ စိန်မခေါ်ရဲတဲ့အတွက် တရုတ်တွေက လှောင်ရယ်စရာပဲလို့ ပြောပါတယ် "
ထိုသို့ ပြောပြီးသည့်အခါ လူတိုင်းကို ချက်ချင်း ဒေါသထွက်သွားစေသည်။
" ကိုရီးယားတွေကများ ငါတို့ကို ရယ်ရဲတယ်တဲ့။ မင်းတို့ အရင်တုန်းက ဘယ်လိုလူမျိုးလဲဆိုတာ မေ့သွားပြီလား "
" ဟုတ်တယ်။ ငါတို့က ငသိမ်ငဖျင်းတွေဆိုရင် မင်းတို့အားလုံးက ဦးနှောက်မရှိတဲ့ ဝက်လို တိရစ္ဆာန်တွေပဲ "
" ဒါက လောင်းကစားပဲ မဟုတ်လား။ အဲ့တာက ဘာမလို့လဲ။ မင်းတို့မှာ အစွမ်းအစရှိရင် လက်ရည်ယှဉ်ကြရအောင်။ မင်းတို့ဆယ်ယောက်ကို ငါတစ်ယောက်တည်းနဲ့ တိုက်ပြမယ် "
" ခွေးသား၊ ငါ့အသက်နဲ့ မင်းအသက်နဲ့ လောင်းမလား။ မင်း သတ္တိရှိလား "
" ........... "
ဤသည်မှာ ထိုလူလတ်ပိုင်းအရွယ် မြင်လိုသည့်အရာ ဖြစ်သည်။
သူက ချက်ချင်း စကားအနည်းငယ် ပြောလိုက်သည်။
လူငယ်လေးမှ ဘာသာပြန်ပြန်သည်။
" စိတ်တိုပြနေတာက အလကားပဲ။ မင်းတို့မှာ အရည်အချင်းရှိရင် လောင်းကစားဝိုင်းမှာ ဘာဖြစ်မလဲ ကြည့်ရအောင်။ မင်းတို့ကို စဉ်းစားဖို့ သုံးမိနစ်ပေးမယ်။ ဘယ်သူကမှ လာမစိန်ခေါ်ရဲရင် နဂါးကိုးခွက်ကို ငါတို့ ယူသွားမယ် "
ထိုစကားကို ပြောပြီးသည်နှင့် လူအုပ်ကြီးမှာ ချက်ချင်း ငြိမ်ကျသွားသည်။
သူတို့တွင် ၁၀သန်းရှိလျှင်ပင် မကစားရဲကြပေ။
ထိုလူများသည် ယွမ် ၁သောင်းဖြင့် သန်းရာနှင့်ချီ နိုင်ခဲ့ကြသည်။
သူတို့၏ ခွန်အားမှာ အနည်းငယ် မူမမှန်ချေ။
သူတို့ဖြင့် လောင်းခြင်းထက် ပိုက်ဆံကို လွှင့်ပစ်လိုက်ခြင်းက ပိုကောင်းလေသည်။
" နှစ်မိနစ်ကျန်ပါတယ် ......... "
.
.
.
.
.
.
" တစ်မိနစ်ပဲ ကျန်ပါတော့တယ် .......... "
" အချိန်ကုန်ပြီ၊ ငါ့ကို ဘယ်သူမှ စိန်မခေါ်ရဲဘူးထင်တယ် "
လူငယ်သည် အထင်သေးသည့် အမူအရာကို ထုတ်ပြပြီးနောက် လူလတ်ပိုင်းအရွယ်လူကို စကားအနည်းငယ်ပြောရန် ခေါင်းငုံ့ထားသည်။
လူလတ်ပိုင်းအရွယ်လယောက်ျားသည်လည်း ဖြည်းညှင်းစွာ ထရပ်ပြီး လူတိုင်းကို အထင်သေးစွာ ကြည့်လေသည်။
ထို့နောက် သူက မပီသစွာဖြင့် တရုတ်လို ပြောလေသည်။
" ငကြောက်တွေ "
ထိုသို့ဖြင့် သူ့လက်အောက်ငယ်သားများအား ထွက်သွားရန် ထုပ်ပိုးပြင်ဆင်ခိုင်းသည်။
ထိုအချိန်တွင် လူအုပ်ထဲမှ ဒေါသတကြီး အသံတစ်ခု ထွက်လာသည်။
" ၁၀သန်း ဟုတ်လား၊ ငါမင်းနဲ့ ကစားမယ် "
အပိုင်း ( ၉၃၆ )
ငါတို့ တရုတ်တွေက မင်းတို့လောက် အရှက်မမဲ့ကြဘူး။
လူတိုင်းမှ လှည့်ကြည့်လိုက်သည့်အခါ ဗိုက်ရွှဲရွှဲဖြင့် သက်လတ်ပိုင်း ယောက်ျားတစ်ယောက် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူ၏ လေယူလေသိမ်းအား ခန့်မှန်းကြည့်ရာ ပြည်မကြီး၏ အရှေ့မြောက်ဘက် နာဂါဒါမှ ဖြစ်လောက်သည်။
သူသည် တီရှပ်အပွ၊ ဘောင်းဘီတိုနှင့် လက်သန်းလောက် အထူရှိသော ရွှေဆွဲကြိုးဖြင့် လက်ချောင်းများတွင် ကျောက်မျက်ရတနာ လက်စွပ်များစွာကို ဝတ်ဆင်ထားသည်။
သူ့အား ကြည့်လိုက်သည်နှင့် သူဌေးကြီးမှန်း သိသာလေသည်။
ထိုကိုရီးယားသည် သက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ပြီး စကားအနည်းငယ် ပြောလိုက်သည်။
သူ့ဘေးရှိ လူငယ်လေးမှ ချက်ချင်း ဘာသာပြန်ပေးသည်။
" မင်း ငါနဲ့ ကစားချင်တာ သေချာလား။ မင်းရှုံးရင် ၁၀သန်းကို ပြန်အမ်းမှာ မဟုတ်ဘူး။ သေချာစဉ်းစား "
ခပ်ဝဝဖြင့် လူသည် ချက်ချင်း ရယ်မောလိုက်သည်။
" စိတ်မပူနဲ့၊ ငါတို့ တရုတ်တွေက မင်းတို့လောက် အရှက်မမဲ့ကြဘူး။ ဆုံးရင်လည်း ရှုံးကြေး ငါပေးမယ် "
ထိုလူငယ်မှ ချက်ချင်း လောင်းကြေးကို လုပ်ပေးသည်။
" သက်သေမရှိဘူး၊ ငါတို့ထဲက တစ်ယောက်ယောက်က ရှုံးပြီး စကားပြောင်းမှာစိုးလို့ စာချုပ်ချုပ်ရအောင် "
တရုတ်အမျိုးသားသည် ချက်ချင်းပင် ရယ်လိုက်ကာ စာချုပ်ကို ယူပြီး သူ့နာမည်ကို ရေးထိုးလိုက်သည်။
ထို့နောက် ကိုရီးယားလူကြီးမှ လှည့်ပြီး အရိုအသေပေးလိုက်သည်။
" ငါ့နာမည် လီယောင်းဂျီပါ။ တွေ့ရတာဝမ်းသာပါတယ် "
ခပ်ဝဝဖြင့် တရုတ်အမျိုးသားသည် သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
" အရမ်းတွေ ဟန်ဆောင်မနေနဲ့။ စကြရအောင် "
လီယောင်းဂျီလည်း ဖြည်းညှင်းစွာ ထိုင်ပြီး စားပွဲပေါ်ရှိ လောင်းကြေးများကို ညွှန်ပြသည်။
" ဘယ်တစ်ခုကို လောင်းချင်လဲ "
ဖက်တီးမှ အန်စာတုံးကို ညွှန်ပြလိုက်သည်။
" အန်စာတုံး လှုပ်ကြတာပေါ့။ နံပါတ်အများဆုံးသူက အနိုင်ရမယ်။ သုံးပွဲ အကောင်းဆုံးယူမယ် "
လီယောင်းဂျီ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
" ရတယ်၊ မင်းအရင်သွား "
ဖက်တီးကလည်း ကိန်းခမ်းကြီး မနေချေ။
သူသည် အန်စာသုံးတုံးကို အန်စာခွက်ထဲသို့ ပစ်ချလိုက်ပြီး စတင် လှုပ်ယမ်းလိုက်သည်။
ယဲ့ဖန်သည် အန်စာတုံးကို လှုပ်လိုက်ပုံကို ကြည့်လိုက်သည်။
ဖက်တီးသည် လောင်းကစားသမားဟောင်းတစ်ယောက် ဖြစ်သည်မှာ သိသာလေသည်။
တွေးကြည့်ပါကလည်း အဓိပ္ပါယ်ရှိလေသည်။
လောင်းကစားနယ်မြေသို့ ရောက်လာကြသော ပြည်မကြီးမှ ခရီးသွားအများစုသည် လောင်းကစားလုပ်ရန် ရောက်လာကြခြင်း ဖြစ်သည်။
သူတို့သည် အနည်းနှင့်အများ ကစားနိုင်စွမ်း ရှိကြသည်။
ဒိုင်း
ဖက်တီးသည် ခွက်ကို အကြိမ်ရေများစွာ လှုပ်ပြီးနောက် စားပွဲပေါ်သို့ အန်စာတုံးခွက်ကို တင်လိုက်သည်။
သူသည် အချိန်ဖြုန်းမနေဘဲ ခွက်ကို ဖွင့်လိုက်သည်။
၆၊ ၅၊ ၅။
လူတိုင်းမှ ချက်ချင်း အော်ဟစ်အားပေးကြသည်။
သူတို့သည် အစောပိုင်းမှ ဖက်တီး၏ စိတ်မြန်လက်မြန်ရှိသော အသွင်အပြင်ကို တွေ့သောအခါ သူသည် ချမ်းသာပြီး မိုက်မဲသည့်လူဟုသာ ထင်ခဲ့ကြသည်။
သူသည် အမှန်တကယ် အရည်အချင်းရှိနေမည်ဟု မမျှော်လင့်ထားကြချေ။
အန်စာတုံးသုံးလုံးသည် စုစုပေါင်း ၁၆မှတ်ထိ ရရှိထားပြီး အမှတ်မြင့်နေပြီ ဖြစ်သည်။
အမှန်ပင် စာအုပ်တစ်အုပ်ကို မျက်နှာဖုံးဖြင့် မဆုံးဖြတ်နိုင်ပေ။
လီယောင်းဂျီသည်လည်း အမြင်သစ်တစ်ခုဖြင့် ဖက်တီးကို လှမ်းကြည့်လိုက်သည်။
သူသည် ဖြည်းဖြည်းချင်း လက်မထောင်ပြလိုက်သည်။
" အထင်ကြီးစရာပဲ "
ဖက်တီးက ဂုဏ်ယူစွာ ပြုံးလေသည်။
" ငါ့ကို မြှောက်ပင့်မနေနဲ့၊ မြန်မြန်လှုပ် "
လီယောင်းဂျီကလည်း တခြားဘာမှ မပြောခဲ့ချေ။
သူသည် အန်စာတုံးခွက်ကို ကိုင်ပြီး အကြိမ်အနည်းငယ် ခါယမ်းပြီးနောက် ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
၆ ၊ ၆ ၊ ၆ စုစုပေါင်း ၁၈ မှတ် ဖြစ်သည်။
" ဟာ ........ "
လူတိုင်း ရင်သပ်ရှုမောသွားကြသည်။
ဒီကိုရီးယားသားက တကယ် အစွမ်းထက်တာပဲ။
သူသည် မျက်တောင်ပင် မခတ်ဘဲ ၁၈မှတ်ရခဲ့ပြီး ဖက်တီးသည် ပထမအချီတွင် ရှုံးနိမ့်ခဲ့သည်။
ဖက်တီး၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးစက်သွားပြီး နဖူးမှချွေးသီးများ စိမ့်ထွက်လာသည်။
သူသည် သူ၏ အန်စာတုံးလှုပ်ခြင်းစွမ်းရည်ကို အလွန်ယုံကြည်နေခဲ့သည်။
သို့သော် တစ်ဖက်သား၏ အရည်အချင်းသည် သူ့ထက် သာလွန်နေမည်ဟု သူ မမျှော်လင့်ထားချေ။
သူသည် ရှေ့ထွက်ရဲခဲ့သည့် အကြောင်းအရင်း တစ်ဝက်မှာ မျိုးချစ်စိတ်ဓာတ်ကြောင့် ဖြစ်ပြီး တစ်ဝက်မှာ အနိုင်ရနိုင်သည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
သို့သော် ယခုအခါ အနိုင်ရရန် အနည်းငယ် ခက်ခဲပုံရသည်။
ထို့ကြောင့် သူ အလေးထားဆော့ရတော့မည် ဖြစ်သည်။
သူသည် အန်စာခွက်ကို ကိုင်ပြီး သေချာ ခါယမ်းလိုက်သည်။
အန်စာတုံးခွက်ကို ပြန်ဖွင့်လိုက်သည့်အခါ ၆၊ ၆၊ ၆ ဖြစ်လေသည်။
အန်စာတုံး ၃ လုံးစလုံးသည် ၆ ဖြစ်ပြီး စုစုပေါင်း ၁၈ မှတ်ရှိသည်။
လက်ရှိပွဲသည် ရှုံးပွဲမရှိ အနေအထားအတွက် အကျိုးရှိစေခဲ့သည်။
ဖက်တီးသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး သူ့ထိုင်ခုံမှ ခုန်ပေါက်လိုက်သည်။
ပတ်ဝန်းကျင်မှ လူများကလည်း အံ့သြသွားကြသည်။
ထိုဖက်တီး၏ ခွန်အားသည် တကယ်ပင် ထူးခြားလှသည်။
သူသည် ရှေ့ထွက်ပြီး စိန်ခေါ်ရဲသည်မှာ အံ့သြစရာမရှိတော့ချေ။
ကြည့်ရသည်မှာ ဤစိန်ခေါ်ပွဲ၏ အောင်နိုင်သူသည် မသိနိုင်သေးချေ။
အခြားသူများ၏ ထိတ်လန့်မှုနှင့် မတူဘဲ လီယောင်းဂျီ၏ မျက်နှာတွင် ခံစားချက်များစွာ ရှိမနေချေ။
သူသည် အန်စာခွက်ကို တိတ်တဆိတ် ယူလိုက်ပြီး အကြိမ်အနည်းငယ် ခါယမ်းလိုက်သည်။
ဝူး ..........
၆ ၊ ၆ ၊ ၆ ၊ စုစုပေါင်း ၁၈ မှတ်။
ဒုတိယအချီ၌ သူတို့နှစ်ဦးသည် သရေကျခဲ့သည်။
တတိယအချီတွင် ဖက်တီးသည် သူ့လက်များကို စိတ်လှုပ်ရှားစွာ ပွတ်လိုက်သညိ။
သုံးပွဲထဲမှ နှစ်ပွဲ ပြီးသွားပြီ ဖြစ်သည်။
သူ၏ လက်ရှိစံချိန်မှာ ရှုံးပွဲတစ်ပွဲနှင့် သရေပွဲတစ်ပွဲ ဖြစ်နေသည်။
အကယ်၍ နောက်ဆုံးပွဲကိုပင် ထပ်ရှုံးပါက သူသည် နောက်ပြန်လှည့်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ဤပွဲကို နိုင်ရမည်။
ဝူး ဝူး ဝူး
ဤတစ်ကြိမ်တွင် သူသည် အန်စာခွက်ကို အချိန်အတော်ကြာ ယမ်းခါပြီး သူ့နဖူးတွင် ချွေးများ ရွှဲစိုလာတော့သည်။
" ဖွင့်လိုက်၊ ဖွင့်လိုက် ...... "
သူ့ဘေးရှိ လူတိုင်းမှ စိတ်မရှည်စွာ တိုက်တွန်းကြသည်။
ဟွား ........
အန်စာတုံးခွက် ရပ်သွားသည့်အခါ ဖက်တီးသည် မနေနိုင်ဘဲ ပြုံးမိသည်။
ထိုပွဲကို သူ အလွန်ယုံကြည်နေပုံရသည်။
အန်စာခွက်ကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည့်အခါ သူ၏ အန်စာတုံး သုံးလုံးသည် အထပ်လိုက် တညီတညာတည်း စုထားသည်ကို တွေ့လိုက်ရပြီး အားလုံးက အံ့အားသင့်သွားကြသည်။
အပေါ်ဆုံးမှ အန်စာသည် ၆ ဖြစ်လေသည်။
" ဘုရားရေ၊ ဒီပညာက အရမ်းမပြင်းထန်ဘူးလား "
" ဒါက လောင်းကစားသမားတွေရဲ့ နတ်ဘုရားပဲ။ အန်စာတုံးသုံးလုံးကို တကယ် တစ်ထပ်တည်းဖြစ်အောင် စုထားတာလား။ ဘယ်လို လေ့ကျင့်ခဲ့တာလဲ "
" အရမ်းမိုက်တယ်။ အန်စာတုံး ၃တုံးကို တစ်ထပ်တည်း စုထားနိုင်တဲ့အပြင် အပေါ်ဆုံးက ၆လား "
" မြန်မြန် အောက်မှာ ရှိတာ ဘာဂဏန်းတွေလဲ အကုန် ပြတော့ ....... "
လက်တွေ့ဘဝတွင် ထိုကဲ့သို့ နည်းပညာကို လူတော်တော်များများမှ မမြင်ဖူးကြ၍ အလွန်အံ့သြသွားကြသည်။
ထိုဖက်တီးသည် သူ၏ အရည်အချင်းများကို ကြွားဝါခဲ့ပြီး သူ တကယ် လိုချင်ခဲ့သည့် တုံ့ပြန်အကျိုးသက်ရောက်မှုကိုလည်း ရရှိခဲ့သည်။
သူသည် လူတိုင်း၏ မြှောက်ပင့်ခြင်းကို နှစ်သက်နေသည်။
သို့သော် အပေါ်ဆုံးမှ အန်စာသည် တင်ထားပုံမှာ သပ်ရပ်မှု မရှိသောကြောင့် တစ်ဝက်သည် လေထဲတွင် ဖြစ်နေပြီး အနည်းငယ်အန္တရာယ်ရှိပုံရသည်။
ထို့ကြောင့် အချိန်ဆွဲမနေရဲတော့ဘဲ အန်စာတုံးသုံးလုံးကို ဖယ်ရန် ပြင်တော့သည်။
သို့သော် ထိုအချိန်၌ ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။
သူ့လက်သည် အန်စာတုံးကို မထိခင်မှာပင် ထိပ်ဆုံးမှ အန်စာသည် ပြုတ်ကျပြီး စားပွဲပေါ် လှိမ့်သွားသည်။
ထိုအခါ မူလ ၆မှတ်က ချက်ချင်း ၅မှတ် ဖြစ်သွားသည်။
ဖက်တီး၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။
" မဟုတ်ဘူး၊ ဒါကို ထည့်မတွက်ထားဘူး။ လူတိုင်း မြင်လိုက်တယ်မလား။ ငါ ၆ရအောင် လှိမ့်ထားပြီးသား "
ရှိနေသူအားလုံးသည်လည်း သူ့အတွက် သက်သေခံရန် ခေါင်းညိတ်ကြသည်။
" ဟုတ်တယ်၊ သူက ၆မှတ်ရအောင် လှိမ့်ထားတာပဲ "
" ငါလည်းမြင်တယ်။ အဲ့တာက ၆ပဲ "
" မင်းအတွက် ငါတို့ သက်သေလုပ်ပေးမယ်။ အဲ့တာက ၆ ...... "
လီယောင်းဂျီသည် လူအုပ်ကြီး၏ အော်သံကို နားမထောင်ဘဲ စကားအနည်းငယ်သာ ပြောလိုက်သည်။
လူငယ်က ချက်ချင်း ဘာသာပြန်ပေးသည်။
" ဒီအန်စာကို ၅မှတ်လို့ပဲ ရေတွက်နိုင်တယ်။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ကိုယ့်သေတွင်းကိုယ်တူးတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နိုင်တယ်။ တခြားဘယ်သူကိုမှ အပြစ်တင်လို့ မရဘူး "
ဒိုင်း
ဖက်တီးသည် စားပွဲကို ဆောင့်ရိုက်ပြီး မတ်တပ် ထရပ်လိုက်သည်။
" မင်းတို့ လက်မခံနိုင်ဘူး မဟုတ်လား။ ငါက ၆မှတ်ကို ရထားပြီးသား။ မင်းတို့ကောင်တွေ လိမ်ကစားနေရင် ငါ မကစားတော့ဘူး "
ထိုသို့ဖြင့် သူ လှည့်ထွက်သွားရန် ပြင်သည်။
ဒိုင်း
ထိုအခိုက်အတန့်၌ လီယောင်းဂျီလည်း စားပွဲကို ဆောင့်ရိုက်ပြီး ထရပ်လိုက်သည်။
သူက ဒေါသတကြီးဖြင့် စကားအနည်းငယ်ပြောလိုက်သည်။
လူငယ်လေးမှ ထိုကိုရီးယားသား၏ လေသံကို တုပပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
" ငါတို့ချုပ်ဆိုထားတဲ့ စာချုပ်မှာ စည်းကမ်းရှိတယ်။ မင်း တစ်ဝက်တစ်ပျက်မှာ ထွက်သွားရင် ရှုံးတာကို ဝန်ခံရင်တောင် ငါတို့ကို လျော်ကြေးပေးရလိမ့်မယ် "
ဖက်တီးမှ စာချုပ်ကို အမြန်ကောက်ယူလိုက်ပြီး ကြည့်လိုက်သည်။
ထိုစာချုပ်ပေါ်၌ အမှန်တကယ်ပင် ထိုကဲ့သို့ စည်းကမ်းရှိနေသည်။
သူ ချက်ချင်း ဒေါသတပေါက်ကွဲတော့သည်။
" မင်းတို့က ငါ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလား "
လီယောင်းဂျီသည် ဖက်တီးကို အေးစက်စွာ စိုက်ကြည့်ကာ စကားအနည်းငယ် ပြောလိုက်သည်။
လူငယ်လေးက ဘာသာပြန်ပေးသည်။
" ငါတို့ ကိုရီးယားလူမျိုးတွေက စာချုပ်စာတမ်းကို အမြဲတမ်းလိုက်နာတယ်။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် စာချုပ်ကို ရှင်းရှင်းလင်းလင်း မမြင်ဘဲ လက်မှတ်ထိုးခဲ့တဲ့ မင်းကိုယ်မင်းဘဲ အပြစ်တင်လိုက် "
ဖက်တီးသည် မငြင်းနိုင်မှန်း သိသောကြောင့် သူ့လေသံမှာ အနည်းငယ် ပျော့သွားရသည်။
" မင်း ငါ့ကို ဆက်ကစားခိုင်းမယ်ဆို အဲ့တာကို ၆ အဖြစ် ရေတွက်ရမယ် "
လီယောင်းဂျီသည် မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားနေလိုက်သည်။ အဆုံးတွင် သူ ခေါင်းညိတ်လေသည်။
" ရတယ် "
ထိုအခါမှ ဖက်တီးသည် ကျေနပ်သော အပြုံးဖြင့် ပြန်ထိုင်လိုက်သည်။
ထိပ်ဆုံးရှိ အန်စာတုံး ပြုတ်ကျလာသည်ဖြစ်၍ ဒုတိယအန်စာ၏ အရေအတွက်ကိုလည်း ထုတ်ဖော်ပြသခဲ့သည်။
ဒုတိယအတုံးမှာလည်း ၆ ဖြစ်နေခဲ့သည်။
တတိယမြောက် အန်စာအတွက်လည်း အလွန်ယုံကြည်မှုရှိနေသည်။
သံသယ မရှိစွာပင် တတိယအတုံးမှာလည်း ၆ ဖြစ်ရမည်။
သို့သော် ဖက်တီးသည် တတိယအန်စာကို ဖယ်လိုက်သောအခါ သူ၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားခဲ့သည်။