အပိုင်း ၉၃၇-၉၄၀
Vol. 47 Ch. 937-940
အပိုင်း ( ၉၃၇ )
လှည့်စားနေတာ တွေ့လိုက်တယ်။
နောက်ဆုံး အန်စာ၏ နံပါတ်မှာ ...... ၅ မှတ်ဖြစ်နေသည်။
" မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ၅ မှတ် ဖြစ်နိုင်မှာလဲ။ ဒါက လုံးဝမဖြစ်နိုင်ဘူး ........ "
ဖက်တီးသည် ထိုမြင်ကွင်းကို တစ္ဆေမြင်နေရသကဲ့သို့ မယုံကြည်နိုင်စွာ ကြည့်နေလေသည်။
သူသည် အန်စာတုံး ကစားနေသည်မှာ ဆယ်စုနှစ်များစွာ ရှိနေပြီဖြစ်ပြီး ယခင်က ဤကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။
သို့သော် သူ မည်မျှပင် စိတ်အားထက်သန်နေပါစေ အမှန်တရားက သူ့ရှေ့၌ ရှိနေသည်။
သူ မပြောင်းလဲနိုင်ချေ။
တစ်ချိန်တည်းမှာပင် ကြည့်ရှုနေသူများကလည်း သက်ပြင်းချကြသည်။
အန်စာတုံး ၃ လုံးသည် ၆ ၊ ၆၊ ၅ တို့ အသီးသီးဖြစ်ပြီး စုစုပေါင်း ၁၇ မှတ်အထိ ရှိနေခဲ့သည်။
အမှတ်မှာ အတော်လေး ကောင်းနေသော်လည်း အနည်းငယ် အန္တရာယ်ရှိသေးသည်။
" ဆရာကြီး၊ ငါ့အလှည့်ပဲ "
မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးဖြင့် လီယောင်းဂျီသည် အန်စာခွက်ကို ဖြည်းညှင်းစွာ ယူပြီး ယမ်းလိုက်သည်။
ယခင်နှစ်ခေါက်ကဲ့သို့ပင် အန်စာခွက်ကို အကြိမ်အနည်းငယ်လှုပ်ပြီး ဖွင့်လိုက်သည်။
ဖက်တီးကဲ့သို့ပင် အန်စာသုံးခုကို တစ်ထပ်တည်း တင်ထားသည်။
သို့သော် သူ၏ အန်စာတုံးများသည် ဖက်တီး၏ အန်စာ ၃ တုံးထက် များစွာ သပ်ရပ်နေသည်။
ထိပ်ဆုံး အတုံးမှာလည်း ၆ ဖြစ်နေသည်။
လီယောင်းဂျီသည် ထိပ်ဆုံးအတုံး ဖြည်းညှင်းစွာ ဖယ်ရှားခဲ့ပြီး ဒုတိယတစ်တုံးမှာလည်း ၆ မှတ်ဖြစ်နေသည်ကို ဖော်ပြခဲ့သည်။
ဖက်တီး၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားခဲ့သည်။
မျက်တောင် မခတ်ဘဲ အန်စာတုံးများကို စိုက်ကြည့်နေသည်။
အကယ်၍ သူ့ပြိုင်ဘက်၏ တတိယမြောက် အန်စာတုံးသည် ၅ဖြစ်နေပါက သူ့အတွက် အခွင့်အရေး ရှိသေးသည်။
သို့သော် လီယောင်းဂျီမှ ဒုတိယအန်စာတုံးကို ဖယ်လိုက်သည့်အခါ ရှိနေသည့်လူအားလုံးကို ထိတ်လန့်သွားစေသည်။
၆ မှတ်၊ ၆ မှတ် ထပ်ရပြန်လေသည်။
အန်စာတုံး သုံးခုလုံးသည် ၆ မှတ်ဖြစ်ပြီး စုစုပေါင်း ၁၆မှတ်အထိ ရရှိထားသည်။
၃ပွဲတွင် လီယောင်းဂျီမှ အနိုင်ရခဲ့သည်။
ခပ်ဝဝဖြင့်လူသည် လေလျော့သွားသော ဘောလုံးတစ်လုံးကဲ့သို့ ကုလားထိုင်ပေါ်သို့ ချက်ချင်း ပြုတ်ကျသွားသည်။
ရှုံးပါက ၁၀ သန်း ဆုံးရှုံးမည် ဖြစ်သည်။
သူသည် စည်းစိမ်အနည်းငယ် ရှိသော်လည်း ၁၀ သန်းဟူသည် သူ့အတွက် သေးငယ်သည့်ပမာဏ မဟုတ်ချေ။
သူသည် ကစားပွဲကို အနိုင်ရမည်ဟု ယုံကြည်မှုရှိခဲ့သောကြောင့် စိန်ခေါ်မှုကို လက်ခံရန် ထွက်လာခဲ့သည်။
ဤကဲ့သို့ ရှုံးမည်ဟု မမျှော်လင့်ထားချေ။
ထိုလူငယ်က ချက်ချင်း တိုက်တွန်းလိုက်သည်။
" မြန်မြန် ငွေပေး။ စကား ပြန်ပြောင်းချင်နေတာလား။ မင်း စာချုပ်ချုပ်ပြီးသား ငြင်းဖို့ မစဉ်းစားနဲ့ "
ဖက်တီးသည် သူ့စကားကြောင့် စိတ်တိုသွားပြီး ချက်ချင်း ပြန်ကြည့်လာသည်။
" ချီးပဲ၊ ဘယ်သူက ငြင်းနေလို့လဲ။ ငါတို့ တရုတ်တွေက မင်းတို့ကိုရီးယားတွေလို မယုံရတဲ့သူတွေလို့ ထင်နေလား။ ၁၀ သန်းပဲ မဟုတ်လား။ ငါမင်းကို လျော်ကြေးပေးမယ် "
ထိုသို့ပြောပြီးနောက် ဘဏ်ကတ်ကို ထုတ်ယူပြီး နေရာမှာတင် ငွေပေးချေတော့မည်ဖြစ်သည်။
" ခဏစောင့်ပါဦး "
ယဲ့ဖန်သည် ထိုသည်ကို မြင်ပြီး ရုတ်တရက် တားလိုက်သည်။
အားလုံးမှ လှည့်ကြည့်လိုက်သည့်အခါ အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ကို မြင်လိုက်ကြသည်။
ထိုအခါ အားလုံးမှ ချက်ချင်း ပဟေဠိဖြစ်ခဲ့ကြသည်။
ဒီအချိန်မှာ သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
" မိတ်ဆွေလေး၊ ဘာကိစ္စရှိလို့လဲ "
ခပ်ဝဝဖြင့် လူကြီးက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" ကျွန်တော် သူ လှည့်စားနေတာ တွေ့လိုက်တယ် "
ယဲ့ဖန်သည် လီယောင်းဂျီကို ကြည့်ပြီး ပြောလိုက်သည်။
လူဝကြီး၏ အမူအရာမှာ ပြောင်းသွားသည်။
" သူ လိမ်နေတာလား ..... သေချာလား "
ရှိနေသူအားလုံးလည်း အံ့သြသွားကြသည်။
" လူငယ်လေး၊ မင်း ကြိုက်တာ စားလို့ရတယ်။ ဒါပေမယ့် ပြောချင်တိုင်းတော့ ပြောလို့မရနိုင်ဘူး။ သူက လှည့်စားတယ်လို့ မင်းဘာလို့ ပြောတာလဲလ"
" ငါတို့ စောင့်ကြည့်နေတာ အများကြီးပဲလေ။ လှည့်စားတာ မတွေ့ပါဘူး "
" ငါတို့ တရုတ်တွေက ရှုံးရင်တောင် တရားမျှတရမယ်။ ငါတို့ စကားကို ပြန်ပြောင်းစရာ မလိုဘူး မဟုတ်လား "
" ဟုတ်တယ်၊ ရှုံးသွားတာနဲ့ အကြောင်းပြချက်တွေ လျှောက်မပေးနဲ့။ သူ့ကို လျော်ကြေးသာ ပေးလိုက်ပါ "
" သူ လှည့်စားတာကို ငါ ဘာလို့ မမြင်ရတာလဲ ...... "
အားလုံးသည် ယဲ့ဖန်၏ စကားများအား သံသယဖြစ်နေကြသည်မှာ ထင်ရှားလေသည်။
ထိုနေရာတွင် ကြည့်နေကြသည့် မျက်လုံးအစုံပေါင်း များစွာ ရှိလေသည်။
သူတို့အားလုံး အရူးလုပ်ခံရတာတော့ မဟုတ်ဘူး၊ ဟုတ်တယ်မလား။
လီယောင်းဂျီ၏ မျက်နှာ၌ အပြောင်းအလဲ ကြီးစွာမရှိသော်လည်း သူ့အား ဘာသာပြန်ပေးနေသည့် လူငယ်မှာတော့ မပျော်ရွှင်တော့ချေ။
သူက ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
" ကလေး၊ ငါတို့ကို မစွပ်စွဲနဲ့။ ငါ့ဆရာ လှည့်စားနေတာကို မင်း ဘယ်မျက်လုံးနဲ့ မြင်လို့လဲ "
ယဲ့ဖန် သူ့မျက်လုံးများကို ညွှန်ပြလိုက်သည်။
" မျက်စိနှစ်ဖက်လုံးနဲ့ မြင်ခဲ့တာ။ သူက လှည့်စားပြီး ကစားခဲ့တာ သေချာတယ် "
ထိုလူငယ်မှ ထပ်ပြောရန် ပြင်နေချိန် လီယောင်းဂျီမှ နောက်ဆုံး၌ ဝင်ပြောလာသည်။
" ငါ လိမ်ခဲ့တာလို့ မင်းမှာ သက်သေရှိလား "
ယဲ့ဖန် သူ့ကို မော့ကြည့်ပြီး နှာမှုတ်လိုက်သည်။
" ဒါဆို ခင်ဗျားက တရုတ်စကား ပြောတတ်တာလား။ ဒါဆို ဘာလို့ ခုနက အချင်ယောင်ဆောင်နေတာလဲ "
လီယောင်းဂျီ သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ဖြေလေ၊ လိမ်ကစားတယ်လို့ ဘာလို့ ပြောတာလဲ။ မပြောနိုင်ရင် အပြစ်ဒဏ်ခံရမယ် "
ယဲ့ဖန်ဘေးနားရှိ လူဝကြီးမှ သူ့အင်္ကျီလက်ကို အမြန်ဆွဲလိုက်သည်။
" ညီလေး၊ ငါတို့ တရုတ်လူမျိုးတွေ ရှုံးသွားပြီပဲ။ ဆင်ခြေရှာနေစရာ မလိုဘူး။ ငါ ရှုံးတာကို လက်ခံပါတယ် "
ယဲ့ဖန်သည် သူနှင့် အမျိုးနွယ်တူသူ ဖြစ်သောကြောင့် အရှက်မဲ့စွာ ပြုမူနေသည်ဟု ခပ်ဝဝဖြင့်လူမှ ထင်ခဲ့သည်။
သို့သော် ယဲ့ဖန်ကတော့ မတုန်လှုပ်ချေ။
သူသည် လီယောင်းဂျီကို ဆက်၍ စိုက်ကြည့်နေသည်။
" ခင်ဗျားက အခု သူ့ အန်စာတုံးကို တမင်ယမ်းလိုက်တာ။ သူက ဒေါသဖြစ်လာတော့ ခင်ဗျားက စားပွဲကို ရိုက်ဖို့ အခွင့်အရေးယူပြီး အောက်ဆုံးက အန်စာတုံးအရေအတွက်ကို ပြောင်းလိုက်တာ ..... မှန်တယ် မဟုတ်လား "
ချက်ကျလက်ကျဖြင့် ပြောသည်ကို လူတိုင်းမှ ကြားသောအခါတွင် ချက်ချင်း သံသယဝင်လာကြသည်။
ခပ်ဝဝဖြင့်လူမှ ဒေါသထွက်လာသည့်အခါ လီယောင်းဂျီမှ စားပွဲကို အမှန်ပင် ရိုက်ခဲ့လေသည်။
အဲ့တာက အန်စာတုံးရဲ့ ဂဏန်းနံပါတ်ကို ပြောင်းစေခဲ့တာလား။
ဒီကိုရီးယားက တကယ် လိမ်ခဲ့တာလား။
လီယောင်းဂျီ ပြန်မဖြေမီတွင် ဘာသာပြန်လူငယ်က လှောင်ပြောင်ခဲ့သည်။
" ဒါကို လူတိုင်းကြားတယ်မလား။ မင်း ပြောတာတွေက ရယ်စရာကောင်းလွန်းတယ်။ စားပွဲပေါ်ကို ရိုက်လိုက်တာနဲ့ ဘယ်သူမှ မသိဘဲ အန်စာတုံးအရေအတွက်ကို ဘယ်သူက ပြောင်းနိုင်မှာလဲ။ ငါတို့ကို ရုပ်ရှင်ရိုက်နေတယ်လို့ ထင်နေတာလား။ မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို အရူးကပဲ ယုံလိမ့်မယ် "
သူ့စကားကို ကြားပြီးနောက် အားလုံးက ချက်ချင်း တုန်လှုပ်သွားကြသည်။
ထိုဘာသာပြန်လူငယ်လေး ပြောသည်မှာ အဓိပ္ပါယ်ရှိသည်ဟု သူတို့ ခံစားကြရသည်။
စားပွဲပေါ်ကို ရိုက်လိုက်ရုံဖြင့် အန်စာတုံးနံပါတ်များ ပြောင်းလဲသွားသည်မှာ မယုံနိုင်စရာ ဖြစ်နေသည်။
ဒီလိုနည်းပညာမျိုး ကမ္ဘာမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
ယဲ့ဖန်သည် ထိုလူငယ်လေးကို ကြည့်လိုက်သည်။
" အဲ့အကွက်အတိုင်း ပြန်လုပ်ပြနိုင်ရင် ခင်ဗျားတို့ လိမ်လည်ခဲ့တာကို ဝန်ခံမှာလား "
လီယောင်းဂျီ စကားပြန်မပြောမီ လူငယ်လေးက နှာမှုတ် ပြောခဲ့သည်။
" ကောင်းပြီ၊ မင်းပြောခဲ့တဲ့ လုပ်ကွက်ကို လုပ်နိုင်ရင် ငါတို့ လှည့်စားခဲ့တာကို ဝန်ခံပေးမယ် "
လူတိုင်းမှ စိတ်လှုပ်ရှားနေခဲ့ကြသည်။
ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာပေတော့မည်။
အပိုင်း ( ၉၃၈ )
တရုတ်နိုင်ငံမှာ လျှို့ဝှက်ထားတဲ့ ပါရမီရှင်တွေ ပြည့်နေတယ်။
လီယောင်းဂျီိသည် ဘာသာပြန်လူငယ်လေးမှ သူ့သဘောဖြင့်သူ ဆုံးဖြတ်ချက်ချပြီး ယဲ့ဖန်၏ တောင်းဆိုချက်ကို သဘောတူလိုက်ကြောင်း ကြားသောအခါ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသည်။
သူသည် အမှန်တွင် အစောက ပွဲ၌ လိမ်လည်ကစားခဲ့ပြီး ထိုလှည့်ကွက်ကို အလွန်သတိရှိစွာဖြင့် လုပ်ခဲ့ကြောင်း ယုံကြည်လေသည်။
သာမာန်လူများမှ ထိုအရာကို ဖော်ထုတ်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ယဲ့ဖန်မှ သူ့ကို လူသိရှင်ကြား ထောက်ပြပြီး သူ၏ လှည့်စားမှုဖြစ်စဉ်အတိအကျကို ပြောပြသည့်အခါ သူ အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့သည်။
သူ့အနေဖြင့် ဒုတိယအကြိမ် တွေးကြည့်သည့်အခါ တစ်ဖက်သား၏ အမြင်များသည် အမှန်တကယ် ထက်မြက်နေနိုင်သည်ကို လက်ခံနိုင်သည်။
သို့သော် သူ၏ လှုပ်ရှားမှုများကို တစ်ဖက်ကောင်လေးမှ တစ်ထပ်တည်း တူညီအောင် လုပ်နိုင်သည်ဟု ပြောခြင်းက သူ့အတွက် ရယ်စရာကောင်းလွန်းလှသည်။
သူသည် ထိုလှည့်ကွက်ကို ကျွမ်းကျင်ရန် အနှစ်၂၀ကျော် အပြင်းအထန် လေ့ကျင့်ခဲ့ရသည်။
အရှေ့အာရှတစ်ခုလုံးတွင် သူ၏ စွမ်းရည်အား လူမည်မျှက ပြန်လည် တုပနိုင်မည်နည်း။
သူ့ရှေ့ရှိ ထိုလူငယ်လေးသည် သူ့အမေ၏ ဝမ်းဗိုက်ထဲကတည်းမှ နည်းပညာတစ်ထောင်ကို စတင် လေ့ကျင့်ခဲ့မည်ဆိုလျှင်ပင် သူ့အတိုင်း အောင်မြင်မှုများကို ရရှိရန် မဖြစ်နိုင်ချေ။
ထိုသည်ကို တွေးပြီးသည်နှင့် ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။
" ကောင်းပြီ၊ ဒါဆိုလည်း သဘောတူတယ် "
ယဲ့ဖန်သည် ခေါင်းကို လှည့်ပြီး ဖက်တီးကို ခေါင်းညိတ်ပြလိုက်သည်။
" အန်စာတုံးတွေကို ခုနက လှုပ်ခဲ့တဲ့ပုံစံအတိုင်း ပြန်လှုပ်လိုက်ပါ "
ဖက်တီးသည် ကြောင်အနေသော်လည်း ယဲ့ဖန် ပြောသည့်အတိုင်း အန်စာတုံးကို ခေါက်လိုက်သည်။
သူသည် အန်စာတုံးသုံးခုကို အစောက ပုံစံအတိုင်း ဖွင့်လိုက်သည်။
" ငါ့ဆရာက အန်စာတုံးကို ရိုက်ပြီး ပြောင်းလိုက်တာလို့ မင်းက ပြောတယ်။ အခု ဘယ်သူမှ သတိမထားမိဘဲ ဒီအန်စာကို ဘယ်လို ပြောင်းမလဲဆိုတာ ငါတို့ကို ပြ "
ဘာသာပြန်လူငယ်သည် အန်စာတုံးများကို ချက်ချင်း ညွှန်ပြပြီး ယဲ့ဖန်ကို ဒေါသတကြီး ပြောလိုက်သည်။
အားလုံးသည် စားပွဲကို ကြည့်ပြီး ခေါင်းယမ်းကြသည်။
အထူးသဖြင့် ပြိုင်ပွဲဝင်ခဲ့သူ ဖက်တီးဖြစ်သည်။
ထိုအချိန်တွင် သူသည် ထိုနေရာတွင် ထိုင်နေခဲ့ပြီး စားပွဲ လှုပ်သည်ကို လုံးဝ သတိမထားမိခဲ့ပေ။
စားပွဲမတုန်ရင် အန်စာတုံးက ဘယ်လိုလုပ် ပြောင်းသွားမှာလဲ။
သို့သော် ထိုသည်က ယဲ့ဖန်အတွက် ပြဿနာ မဟုတ်ချေ။
သူသည် ထိုင်ခုံပေါ်၌ အေးဆေးစွာ အရင်ထိုင်လိုက်ပြီး စားပွဲပေါ်တွင် လက်တစ်ဖက်တင်ကာ လီယောင်းဂျီကို ပြုံးပြလိုက်သည်။
" စားပွဲကို မလှုပ်ဘဲ အန်စာတုံးကို လှုပ်ဖို့က အရမ်းလွယ်ပါတယ် "
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် မည်သည့်အားမျှ မသုံးလိုက်ရဘဲ အပေါ်ဆုံးမှ အန်စာတုံးသည် 'ဒေါက်ခနဲ' အသံဖြင့် အမှန်တကယ် ပြုတ်ကျသွားသည်။
ဟာ ..........
ထိုအခါ မြင်ကွင်းသည် ချက်ချင်းပင် ပွက်လောရိုက်သွားသည်။
" စားပွဲတုန်သွားတာ တွေ့လိုက်လား။ မတွေ့ဘူးမလား "
" ငါလည်း မမြင်လိုက်ပေမယ့် အန်စာတုံးကတော့ ဒီအတိုင်း ကျသွားတာပဲ။ ဒါက တကယ်ကို မှော်ဆန်လွန်းတယ် "
" အမလေး ဘုရားရေ၊ ဒါဆို တကယ်ကြီး ဒီလိုလုပ်လို့ရတာလား။ ဒီကိုရီးယားသားက လှည့်စားပြီး ကစားနေတယ်ဆိုတာ သက်သေပြနေတာပဲ မဟုတ်ဘူးလား "
" ဒါ .... ဒါက အဓိပ္ပာယ်မရှိဘူး ....... "
ထိုမြင်ကွင်းကြောင့် လူတိုင်းသည် ပဟေဠိဖြစ်ခဲ့ကြရပြီး ဆွေးနွေးသံများမှာ ပိုမိုကျယ်လောင်လာသည်။
ဘာသာပြန်လူငယ်လေး၏ အမူအရာမှာလည်း ပြောင်းလဲသွားပြီး သူ့ဆရာ့ကို အလျင်စလို ကြည့်လိုက်သည်။
လီယောင်းဂျီ၏ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အမြွက် ထွက်ပေါ်လာသည်။
ထိုတရုတ်လူငယ်လေးသည် ထိုကဲ့သို့ လှည့်ကွက်မျိုးကို ပုံတူလိုက်လုပ်နိုင်မည်ဟု သူ မမျှော်လင့်ထားပေ။
အခြေအနေက သိပ်မကောင်းပုံဘဲ။
ခပ်ဝဝဖြင့်လူမှ ပို၍ပင် အံ့သြသွားသည်။
သူသည် အစောက သေချာ ကြည့်လိုက်သော်လည်း စားပွဲလှုပ်သွားသည်ကို မမြင်လိုက်ရချေ။
သို့သော် အန်စာတုံးမှာတော့ အရင်တစ်ခေါက်ကကဲ့သို့ ပြုတ်ကျသွားပြန်သည်။
" ညီလေး၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ "
သူသည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
" ဒါက အရမ်းကို ရိုးရှင်းပါတယ်။ ပြင်ပစွမ်းအား မလိုပါဘူး။ အတွင်းအားကိုပဲ သုံးရတာပါ "
ယဲ့ဖန်မှ ချက်ချင်း အဖြေပေးလိုက်သည်။
ဖက်တီးသည် ချက်ချင်းပင် အံ့သြသွားရသည်။
သူသည် နားလည်သလိုရှိသော်လည်း နားမလည်နိုင်ချေ။
အတိုချုန်းရလျှင် သူ နားမလည် ဖြစ်နေသည်။
ဘာသာပြန်လူငယ်လေး ထိတ်လန့်သွားသည်။
" ငါ့ဆရာက အတွင်းအားတွေ အပြင်အားတွေ ဘာမှမသိဘူး။ အခုဟာက ဘာမှ မဆိုလိုသေးဘူး။ အရေးကြီးဆုံးက မင်းပြောခဲ့တဲ့ နောက်ဆုံး ရွေးချယ်မှုပဲ။ စားပွဲကို ဆောင့်ရိုက်ပြီး ဂဏန်းကို ပြောင်းနိုင်တယ်လို့ မင်းပဲ ပြောခဲ့တာ "
" ဟုတ်တယ်၊ ဟုတ်တယ်။ မြန်မြန်ပြ၊ ငါတို့ကြည့်ရအောင်
ယဲ့ဖန်ပတ်ဝန်းကျင်မှ လူများအားလုံးက သူ့ကို စပြီး တိုက်တွန်းကြသည်။
ထိုလူငယ်လေးမှာ ကြွားနေသည်လား၊ သို့မဟုတ် ထိုကဲ့သို့ နည်းပညာ အမှန်တကယ်ရှိသည်လား ဆိုတာကို အားလုံးက သိချင်နေကြသည်။
ထိုအရာမှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။
စားပွဲပေါ်၌ အန်စာတုံး နှစ်တုံးမှာ တွဲလျက် ရှိနေသေးသည်။
ယဲ့ဖန်သည် အပေါ်မှအတုံးကို အမြန်ဖယ်ပြလိုက်သည်။
" အားလုံးပဲ၊ သေသေချာချာ ကြည့်ကြပါ။ဂအခု ၆ ဖြစ်နေပါတယ် "
အားလုံးမှ ၆မှတ်ဖြစ်ကြောင်း အတည်ပြု ခေါင်းညိတ်ကြသည်။
ယဲ့ဖန်သည် အန်စာတုံးကို နှစ်လုံးဆင့် ပြန်ထားပြီးနောက် စားပွဲကို 'ဘန်းခနဲ' ရိုက်ချလိုက်သည်။
အန်စာတုံးနှစ်တုံးမှာ အရင်အတိုင်းသာ ဖြစ်နေသည်။
ဘာအပြောင်းအလဲမှ မရှိခဲ့ချေ။
" ဒါပဲလား။ ဘာမှ မပြောင်းဘူး မဟုတ်လား "
" ဟုတ်တယ်၊ မင်း စားပွဲကို ထိလိုက်တာနဲ့ အမှတ်တွေ ပြောင်းမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ မပြောင်းတာလဲ "
" ဒီကလေးက ကြွားလုံးထုတ်နေတာလား။ ငါဘာလို့ ထူးခြားတာ မတွေ့ရတာလဲ "
" သူ မှားလုပ်မိတာလား။ ရှက်စရာကောင်းတယ် ....... "
အားလုံးမှ ယဲ့ဖန်အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေကြသည်။
ယဲ့ဖန် ဘာလုပ်နေသည်ကို သူတို့ မသိချေ။
ဘာသာပြန်လူငယ်လေးမှ မထိန်းနိုင်ဘဲ နှာမှုတ်ကာ လှောင်ရယ်လေသည်။
" တစ်ချက်ရိုက်ရုံနဲ့ အမှတ်တွေ ပြောင်းနိုင်မယ်ဆိုတာ သေချာရဲ့လား။ ငါ့ကို နောက်နေတာလား "
ဖက်တီးမှ ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်တေသည်။
" ညီလေး .... မင်း ယုံကြည်ချက် ရှိရဲ့လား "
ယဲ့ဖန်သည် ခေါင်းညိတ်ပြပြီး အန်စာတုံးနှစ်လုံးကို ညွှန်ပြလိုက်သည်။
" အဲ့ဒီ အပေါ်က အန်စာကို ဖယ်လိုက်ရင် သိရမှာဘဲ မဟုတ်ဘူးလား "
ခပ်ဝဝဖြင့် လူသည် မယုံကြည်နိုင်စွာဖြင့် အန်စာတုံးဖြင့် ဖယ်လိုက်သည်။
အောက်မှ အန်စာတုံးကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများသည် မယုံကြည်နိုင်စွာ ချက်ချင်း ပြူးကျယ်သွားသည်။
၅ မှတ်၊ အမှန်တကယ် ၅ မှတ် ဖြစ်နေခဲ့သည်။
အစောပိုင်းတွင် ၆ မှတ်ရရှိခဲ့သည်မှာ ရှင်းလင်းသော်လည်း အခုအခါ ၅မှတ် ဖြစ်သွားလေသည်။
သူသည် သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ မွေးညှင်းများ အဆုံးထိထောင်သွားသလို ခံစားလိုက်ရသည်။
မူလက ဆူညံနေသော လူအုပ်ကြီးသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပို၍ တက်ကြွသော ဆွေးနွေးမှုကြီးတစ်ခု ထွက်ပေါ်လာသည်။
" ဘုရားရေ၊ အမှတ်တွေ တကယ် ပြောင်းသွားတာလား။ ငါ အိပ်မက်မက်နေတာများလား "
" ဒါက မှော်ပညာလားပဲ။ သူ ဘယ်လိုလုပ်လဲဆိုတာ ငါ မြင်တောင် မမြင်လိုက်ဘူး "
" ငါ့မှာ ကြက်သီးတွေပါထတယ်။ ဒါက မယုံနိုင်စရာပဲ "
" ဒါဆို ဒီကိုရီးယားကောင်က တကယ်လိမ်ကစားခဲ့တာလို့ ဆိုလိုတာလား "
လူအုပ်ကြီးသည် ဆွေးနွေးပြီး လီယောင်းဂျီနှင့် အပေါင်းအပါများကို အေးစက်စွာ ကြည့်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် လီယောင်းဂျီနှင့် သူ့နောက်မှ လက်အောက်ခံအဖွဲ့မှာလည်း အမူအရာ သိသာစွာ ပြောင်းလဲလာသည်။
သူတို့သည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
စားပွဲအား ရိုက်လိုက်ခြင်းဖြင့် အန်စာတုံးအမှတ်များကို ပြောင်းလဲရန်မှာ မလွယ်ကူလှသည် မဟုတ်သော်လည်း ခက်ခဲလွန်းလှသည်။
ခက်ခဲသည့်အပိုင်းမှာ အားနည်းချက်အား မည်သူမှ မမြင်စေရန် ဖြစ်သည်။
ထိုရှုထောင့်ပိုင်းတွင် လီယောင်းဂျီ၏ အဆင့်သည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လောင်းကစားလောက၌ သူ့လောက်ကျွမ်းကျင်သူနှင့် တွေ့ရန် မည်သည့်အခါကမှ မမျှော်လင့်ထားချေ။
ပို၌ မယုံနိုင်စရာကောင်းသည်မှာ ထိုလူငယ်လေးသည် အသက်နှစ်ဆယ်ကျော်လောက်သာ ရှိသေးခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် အမှန်တကယ်တွင် ဝပ်နေသော ကျားများ၊ ပုန်းနေသော နဂါးများနှင့် ပြည့်နှက်နေလေသည်။
အပိုင်း ( ၉၃၉ )
ပြော၊ ဘယ်လို ကစားချင်လဲ
လူဝကြီးသည် တခဏမျွှ ကြောင်အနေခဲ့ပြီးနောက် အချိန်မီ သတိပြန်ကပ်လာသည်။
ထို့နောက် လီယောင်းဂျီ၏ အင်္ကျီကို ရုတ်တရက် ဆွဲဆောင့်လိုက်လေ၏။
" ခွေးသား၊ မင်းက လိမ်ရဲတယ်လား။ မင်းကို သတ်မယ် ...... "
သူ မလှုပ်ရှားနိုင်ခင်မှာပင် လီယောင်းဂျီ၏ အနောက်မှ လူတစ်အုပ် အရှေ့သို့ ပြေးတက်လာပြီး သူ့ကို ဆွဲထားလေသည်။
ထိုအဖြစ်အပျက်ကို လူအုပ်ကြီးမှ မြင်ပြီး အားလုံးက အော်ဟစ်ဆဲဆိုကြသည်။
" ဘာဖြစ်တာလဲ၊ လိမ်တာကို ဖော်ထုတ်ခံရတာနဲ့ တစ်ဖက်သူကို ရိုက်ချင်သေးတာလား။ ဒါတော့ ငါတို့ လက်ခံမှာ မဟုတ်ဘူး "
" ဟုတ်တယ်။ လိမ်တာတောင် ရှက်စရာကောင်းလှပြီကို သူတို့က တကယ် တိုက်ချင်သေးတာလား။ ငါတို့ကို ငြိမ်ကြည့်နေမယ့် အလှဆင် အရုပ်တွေလို့ ထင်နေတာလား "
" အဲ့ကောင်တွေ တစ်မနက်လုံး ဘာလို့ ဆက်တိုက် နိုင်နေတာလဲ သိချင်နေတာ။ ဒီလို လိမ်စားနေခဲ့တာလား "
" လိမ်ထားမှတော့ ရထားတဲ့ ပိုက်ဆံတွေအားလုံးကို ပြန်ပေးရမယ် "
" ပြန်အမ်းရုံတင် ရမလား။ စည်းမျဉ်းတွေအရ လိမ်ကစားရင် လက်နှစ်ဖက်လုံးကို ဖြတ်ပစ်ဖို့ လိုအပ်တယ် "
" ဟုတ်တယ် လက်ကို ဖြတ်လိုက်ကြ ...... "
လူတိုင်းသည် ချက်ချင်း စိတ်လှုပ်ရှားလာသည်။
ကိုရီးယားလူမျိုးအုပ်စုသည် ထိတ်လန့်တုန်လှုပ်သွားကာ ဖက်တီးကို လွှတ်ပြီး လီယောင်းဂျီ ပတ်လည်ကို ဝိုင်းကာပေးလိုက်ကြသည်။
ထိုအချိန်မှာပင် လီယောင်းဂျီအတွက် ဘာသာပြန်ပေးသည့် လူငယ်မှ ရုတ်တရက် ပြောလိုက်လေသည်။
" မင်းတို့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်စမ်း။ ဒီစာချုပ်ထဲမှာ လိမ်လို့ရတယ်လို့ အဖြူအမည်းနဲ့ သေချာ ရေးထားတယ်။ မင်းတို့ကသာ အဖြစ်မရှိတဲ့သူတွေပဲ။ ငါတို့ကို အပြစ်တင်လို့ရမလား "
သူသည် ပြောနေရင်းဖြင့် ဖက်တီး ချုပ်ဆိုထားသည့် စာချုပ်ကို ပစ်ချလိုက်သည်။
အားလုံး၏ အော်ဟစ်သံများ ချက်ချင်း ငြိမ်ကျသွားသည်။
စာချုပ်မှာ အဲ့လိုအပိုဒ် ပါတာလား။
ဖက်တီးသည် စာချုပ်ကို ယူပြီး သေချာကြည့်လိုက်သည်။
'လိမ်လည်ခြင်းကို ကန့်ကွက်ခြင်းမရှိ'ဟုဆိုထားသည်။
သို့သော် ထိုစကားလုံးများကို ရေးထားသည်မှာ အလွန်သေးငယ်နေသည်။
သေချာ မကြည့်ပါက သတိထားမိရန် ခက်ပေလိမ့်မည်။
ထို့အပြင် သူသည် စာချုပ်ကို သေချာ မကြည့်မိချေ။
တစ်ဖက်သူသည် ဤအဆင့်ထိ တွေးထားမည်ဟု လုံးဝ မထင်ထားပေ။
လိမ်ကစားနေမှန်း သိလျှင်ပင် နောက်သို့ ခြေတစ်လှမ်းဆုတ်ခြင်းက အသုံးမဝင်နိုင်ချေ။
မည်သို့ပင်ဖြစ်စေ သူသည် လီယောင်းဂျီကဲ့သို့ လိမ်လည်ကစားနိုင်သည့် အရည်အချင်း မရှိသည်ဖြစ်သည်။
ထိုအခါ လူတိုင်း စကားမပြောနိုင် ဖြစ်သွားကြသည်။
လိမ်၍ ကစားလို့ရကြောင်း စာချုပ်ထဲ၌ ရေးထည့်ထား၍ အပြစ်ရှာလို့ မရနိုင်တော့ပြီ ဖြစ်သည်။
ဖက်တီးလည်း ရှောင်လို့ မရကြောင်း သိလိုက်သည်။
သူသည် ယဲ့ဖန်ကို ပြုံးရုံသာ ပြုံးနိုင်တော့ခဲ့သည်။
" ညီလေး၊ ဘာပဲဖြစ်ဖြစ် ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ဆုံးတော့ ငါ ဘယ်လိုသေခဲ့လဲဆိုတာကို မင်းက ပြောပေးပြခဲ့တာပဲ။ ယွမ် ၁၀ သန်းလောက်ကတော့ ငါတတ်နိုင်ပါသေးတယ် "
ထိုသို့ပြောပြီးနောက် လီယောင်းဂျီထံသို့ ယွမ် ၁၀သန်းကို နေရာမှာတင် လွှဲပြောင်းပေးခဲ့သည်။
ယဲ့ဖန် ထိုကိစ္စကို ဘာမှ လုပ်မပေးနိုင်တော့ချေ။
ခြေလှမ်းတိုင်းကို ဘယ်သူက တွက်ချက်ခိုင်းထားလို့လဲ။
လိမ်ကစားတာကို ဖမ်းမိရင်တောင် အသုံးမဝင်ဘူး။
ဖက်တီးမှ ပိုက်ဆံလွှဲပြီးနောက် လီယောင်းဂျီသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" လူကြီးမင်း၊ ငါနဲ့ လောင်းချင်လား "
အားလုံးမှ ယဲ့ဖန်ကို မျှော်တလင့်တကြီး ကြည့်နေကြသည်။
ထိုလူငယ်လေး၏ လှည့်စားမှု စွမ်းရည်မှာ အလွန်ကောင်းလှသည်။
အကယ်၍ ထိုလူငယ်လေးသည် ကွင်းထဲသို့ ဝင်နိုင်ခဲ့မည်ဆိုလျှင် တရုတ်လူမျိုးများကို ဂုဏ်ယူစေနိုင်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကိုရီးယားနိုင်ငံသားများမှာ တစ်မနက်လုံး မာနကြီးနေပြီး အရှုံးမရှိသေးချေ။
သူတို့ ဆက်၍ သည်းခံပြီး မနေနိုင်ကြတော့ချေ။
သို့သော် ယဲ့ဖန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။
" ဒီနေ့ ကျွန်တော် လုပ်စရာရှိသေးလို့ မကစားတော့ဘူး "
အားလုံးသည် ယဲ့ဖန်၏ ငြင်းပယ်သံကို ကြားလိုက်ပြီးနောက် ချက်ချင်း စိတ်ပျက်သွားကြတယ်။
" ဒါပေမယ့် ဒီနဂါးကိုးခွက်ကိုတော့ စိတ်ဝင်စားတယ်။ အဲ့တာကြောင့် ဝယ်ချင်ပါတယ် "
ထို့နောက် သူ့ဘေးရှိ စားပွဲပေါ်မှ နဂါးကိုးခွက်ကို လှည့်ကြည့်လိုက်သည်။
" တောင်းပန်ပါတယ်၊ ဒါပေမယ့် နဂါးကိုးခွက် က လောင်းကြေးအတွက်မလို့ ရောင်းဖို့မဟုတ်ဘူး။ လိုချင်ရင် ထိုင်ပြီး လောင်းကစားလုပ်ရမယ် "
လီယောင်းဂျီသည် သူ၏ ဝယ်ယူရန် တောင်းဆိုမှုကို ပြတ်သားစွာ ငြင်းပယ်ချခဲ့သည်။
" ဒီနေ့ လောင်းကစား မလုပ်ချင်ဘူးလို့ ပြောပြီးပြီပဲ။ မရောင်းတော့ရင် မေ့လိုက် "
ယဲ့ဖန်သည် လူအုပ်ကြီးဆီသို့ ပြန်သွားပြီး ချန်းဖေးအယ်၏ လက်ကို ဆုပ်ကိုင်လျက် ထွက်သွားရန် ပြင်ဆင်နေသည်။
လီယောင်းဂျီ၏ နောက်မှာ ရပ်နေသည့် လူငယ်လေးသည် ချန်းဖေးအယ်ကို မြင်လိုက်သည့်အချိန်၌ လျှပ်စစ်စီးလိုက်ခံရသလို ဖြစ်သွားသည်။
သူသည် လှပသော အမျိုးသမီးများ ပြတ်လပ်နေသည်မဟုတ်သော်လည်း ထိုအမျိုးသမီးများအားလုံးသည် ထုတ်လုပ်မှု စက်ရုံဖြတ်ခဲ့ရသကဲ့သို့ ပြုပြင်မှုများ လုပ်ခဲ့သည်။
မျက်နှာအသွင်အပြင်များ တူနေသည်မှာ ကိစ္စမရှိသော်လည်း သူတို့သည် စိတ်ဝိဉာဉ်များ ကင်းမဲ့နေပုံပေါ်သည်။
သူတို့တွင် ပင်ကိုယ်အရည်အသွေး လုံးဝ မရှိချေ။
သို့သော် သူ့အရှေ့မှ မိန်းကလေးသည် အလွန်လှပရုံသာမက ပင်ကိုယ်အလှမှာ သဘာဝလည်းဆန်သည်။
သူမမျက်နှာ၌ ဓားရာ မရှိချေ။
သူ့ကို ပို၍ လှုပ်ခတ်စေခဲ့သည်မှာ သူမ၏ ရဲရင့်ပြီး သူရဲကောင်းဆန်သည့် အသွင်အပြင်နှင့် စိတ်နေစိတ်ထား ကိုယ်ရောင်ဝါကြောင့် ဖြစ်သည်။
ဤသည်မှာ ကိုရီးယား မိန်းမပျိုတစ်ယောက်စီ၌ မတွေ့ဖူးသည့် အရာတစ်ခု ဖြစ်သည်။
အခွင့်အရေးကို လွတ်သွားခဲ့ပါက သူ လက်ရှိဘဝတွင် ဤကဲ့သို့ မိန်းမလှလေးမျိုး ထပ်တွေ့နိုင်ဦးမည်လား မသိရပေ။
ထိုသည်ကို တွေးမိပြီး အမြန် အော်ပြောလိုက်သည်။
" ကောင်လေး၊ မင်းက ငါ့ဆရာနဲ့ လောင်းကစား မလုပ်ရဲမှတော့ မင်း ငါနဲ့ လောင်းမလား "
" စိတ်မဝင်စားဘူး "
ယဲ့ဖန်သည် ခေါင်းပင်လှည့်မကြည့်ချေ။
သူသည် ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။
" ငါ့အထင် မင်းကြောက်နေတာ မဟုတ်လား။ ငကြောက်ပဲ။ မင်းတို့ တရုတ်တွေက တကယ်ကို ဘာမှမဟုတ်တဲ့သူတွေဘဲ။ အလှလေး၊ မင်းသူ့ကို အမြန်ဆုံးထားခဲ့ဖို့ ငါအကြံပေးတယ်။ သူက မင်းနဲ့ မထိုက်တန်ဘူး "
သူတို့နှစ်ယောက် လူအုပ်ထဲက ထွက်သွားတော့မည်ကို ထိုလူငယ်မှ မြင်လိုက်သည့်အခါ ချက်ချင်း လှောင်ပြောင်လိုက်သည်။
ယဲ့ဖန် ဖြည်းညှင်းစွာ ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
" မင်းက သေချင်နေတာပဲ "
သူ့စကားများက ထိရောက်သည်ကို မြင်ပြီး လူငယ်လေးမှ ပို၍ ရန်လိုလာသည်။
" တရုတ်တွေက တကယ် နုနယ်တာပဲ။ မင်းက ဒီလောက်နဲ့ စိတ်တိုတာပဲလား။ မင်းက ငါနဲ့တောင် လောင်းကြေးမထပ်ရဲမှတော့ မင်းကို ငကြောက်လို့ ခေါ်တာ မှားလား။ မင်း မကျေနပ်ရင် ငါနဲ့ လာကစားလိုက် "
အနီးနား ပတ်ဝန်းကျင်ရှိ လူများသည် ထိုစကားများကို ကြားပြီး သည်းမခံနိုင်တော့ချေ။
" ညီလေး၊ မင်း သူနဲ့ အလောင်းအစားလုပ်လိုက်။ မင်း ရှုံးမှာ ကြောက်ရင် ငါတို့ မင်းကို လောင်းကြေးငွေပေးမယ် "
" ဟုတ်တယ်။ ဒီခွေးသားက ငါတို့တရုတ်တွေကို စော်ကားနေတာ။ သူ့ကို ငါတို့အစား ကူကစားပေးရင် မင်းအတွက် ငွေပေးမယ် "
" ငါ့မှာ အရည်အချင်းမရှိလို့သာပေါ့။ မဟုတ်ရင် ငါ ဒီကောင်ကို အခုချက်ချင်း စာရင်းရှင်းပလိုက်မှာ "
" ဒီကောင်ကို ငါ ကြည့်မရနေတာကြာပြီ။ ဒေါသထွက်သေတော့မယ် "
လူအုပ်ကြီးသည် ထိုဘာသာပြန် လူငယ်လေးအား ဒေါသထွက်ပြီး ကျိန်ဆဲလိုက်ကြသည်။
ယဲ့ဖန် သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ပြော၊ ဘယ်လိုလောင်းချင်လဲ "
ထိုလူငယ်လေး၏ မျက်နှာသည် ချက်ချင်းပင် တောက်ပလာပြီး ယဲ့ဖန်မှ စကားပြောင်းမည်ကို စိုးရိမ်ကာ အမြန်ပြောသည်။
" ဘယ်လို ကစားမလဲဆိုတာ မင်း ဆုံးဖြတ်။ သုံးပွဲ အနိုင်။ ငါ နိုင်ရင် ....... သူမကို နမ်းခွင့်ပေး "
သူသည် စကားပြောနေလျက် ချန်းဖေးအယ်ကို ညွှန်ပြသည်။
ချန်းဖေးအယ်သည် အရှက်မရှိသော တောင်းဆိုမှုကို ကြားလိုက်သောအခါ သူမ အလွန်ဒေါသထွက်၍ မျက်နှာပင် ဖြူဖျော့သွားခဲ့သည်။
" လောင်းကြေးကို ပြောင်းရအောင်။ လူကြီးလူကောင်းတစ်ယောက်က ဘယ်တော့မှ မိန်းမတွေ လောင်းကြေး မကစားဘူး "
ယဲ့ဖန် ရုတ်တရက် ပြုံးလိုက်သည်။
ချန်းဖေးအယ်ပင် ကြောက်လန့်ရသည့် အပြုံးတစ်ခု ဖြစ်သည်။
ယဲ့ဖန် ဒေါသထွက်နေမှန်း သူမသိသည်။
သူ ဒေါသအလွန်ထွက်နေသည်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
အားကန်သည် လျှို့ဝှက်ဘဏ္ဍာမြေပုံကို ခိုးယူသွားပြီး ဟုန်းကျားကျွန်းမှ သူ့ခေါင်းအား သေနတ်ဖြင့် ချိန်စဉ်ကပင် ဤမျှထိ ဒေါသမထွက်ခဲ့ဖူးပေ။
သူ၏ ဒေါသတရားတွေသည် သူမကြောင့် တောက်လောင်နေလေသည်။
အပိုင်း ( ၉၄၀ )
ဝက်ကို အရှက်ခွဲနေတာ
" မလောင်းချင်လဲ မေ့လိုက်တော့ "
ယဲ့ဖန်မှ ချန်းဖေးအယ်အား လောင်းကြေးအဖြစ် မသုံးချင်ကြောင်း ထိုလူငယ်မှ ကြားလိုက်သည့်အခါ ယဲ့ဖန်အား နှိုးဆွရန် နဂါးကိုးခွက်ကို ကိုင်လျက် ကြည့်နေလိုက်သည်။
ယဲ့ဖန်၏ မျက်လုံးထဲ၌ လူသတ်ရိပ်များ ပေါ်လာသည်။
သူသည် ဤကဲ့သို့ ဒေါသမထွက်သည်မှာ မည်မျှကြာပြီမှန်း မေ့လုမတတ် ဖြစ်နေသည်။
ထိုကောင်မှ သူ၏ အောက်ခြေစည်းကို အတင်းလာချိုးဖောက်နေသည်။
ချန်းဖေးအယ်သည် သူ၏ မိန်းကလေး မဟုတ်သော်လည်း သူတို့နှစ်ယောက်မှာ ရက်အတော်ကြာ အတူတူ သေခြင်းရှင်ခြင်းကို အကြိမ်ကြိမ် ဖြတ်ကျော်ခဲ့ရသည်။
ထို့ကြောင့် သူတို့မှာ အတော်ခင်မင်သည့် သူငယ်ချင်းများ ဖြစ်နေပြီဖြစ်သည်။
ဤသည်ကို ထိုကောင်မှ သူ့သူငယ်ချင်းအား စော်ကားပြောဆိုနေသည်။
ဒါ သေမိန့်တောင်းနေတာပဲ။
ထိုအချိန်တွင် ချန်းဖေးအယ်မှ ရုတ်တရက် ပြောလိုက်သည်။
" ကောင်းပြီ၊ ကျွန်မ သဘောတူတယ် "
ယဲ့ဖန်မှာတော့ စိတ်ပူသွားသည်။
သူသည် သူမကို ထိတ်လန့်တကြား ကြည့်လိုက်သည်။
" မင်း ........ "
ချန်းဖေးအယ်သည် သူ့ကို ချိုသာစွာ ပြုံးပြလိုက်သည်။
" ငါ နင့်ကို ယုံတယ် "
ယဲ့ဖန်သည် နဂါးကိုးခွက်ကို အလွန်ဂရုစိုက်ပုံရကြောင်း သူမ ပြောနိုင်သည်။
အခု ထွက်သွားခြင်းမှာပင် သရုပ်ပြမှုတစ်ခုမှန်း သူမ သိလေသည်။
ပို၍ အရေးကြီးသည်မှာ သူမသည် ယဲ့ဖန်၏ ခွန်အားကို ယုံကြည်လေသည်။
လီယောင်းဂျီအား အနိုင်မယူနိုင်လျှင်ပင် သူ၏ တပည့်ကိုတော့ အနိုင်ယူရန်မှာ ပြဿနာမဟုတ်ဟု သူမ ထင်သည်။
ယဲ့ဖန် ရှုံးခဲ့လျှင်ပင် သူမတို့ ရှောင်ထွက်နိုင်ပေမည်။
ဒီကိုရီးယားလူမျိုး နည်းနည်းလောက်က သူတို့ကို ထိန်းနိုင်မှာတဲ့လား။
ထိုလူငယ်သည် ချန်းဖေးအယ်၏ သဘောတူညီချက်ကို ကြားပြီးနောက် တဏှာကြီးသောအမူအရာတစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
" အလှလေး မင်းက ငါ့ကောင်မလေး ဖြစ်ချင်လို့ ငါ့ကို တကယ် နိုင်စေချင်တာလား "
ချန်းဖေးအယ်သည် ထိုလူကို အလွန်ပင် စက်ဆုပ်ရွံရှာနေပြီ ဖြစ်သည်။
သူမသည် အေးစက်စွာ နှာမှုတ်ပြီး အဝေးကိုသာ လှမ်းကြည့်နေလိုက်သည်။
သို့သော် ပတ်ဆန်းဝူ၏ မျက်လုံးများထဲတွင် သူမ၏ အမူအရာမှာ ကွဲပြားသော ဆွဲဆောင်မှုတစ်မျိုး ရှိနေပြီး မထိန်းနိုင်ဘဲ နှလုံးသားထဲမှ ယားယံမှုကို ခံစားမိနေသည်။
ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ ကျယ်လာသည်။
" မင်းရဲ့ လောင်းကြေးကို ပြောပြီးမှတော့ ငါ့လောင်းကြေးကို နားမထောင်သင့်ဘူးလား "
ပတ်ဆန်းဝူ အံ့ဩသွားသည်။
" မင်း နဂါးကိုးခွက်ကို လိုချင်တာ မဟုတ်ဘူးလား "
ယဲ့ဖန် ခေါင်းခါလိုက်သည်။
" ရုတ်တရက် စိတ်ပြောင်းသွားပြီ။ ငါ နိုင်ရင် မင်းမျက်နှာပေါ်မှာ 'ဝက်'ဆိုပြီး စာလုံးတစ်လုံးထွင်းချင်တယ်။ ပြီးရင် မြေကြီးပေါ်မှာ ဒူးထောက်ပြီး 'ကျွန်တော်က ဝက်ပါ'လို့ အခါတစ်ရာအော်ရမယ်။ ဘယ်လိုလဲ "
ပတ်ဆန်းဝူ၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။
" မင်းက ငါ့ကို အရှက်ခွဲနေတာပဲ "
ယဲ့ဖန် သူ့လက်ညှိုးကို လှုပ်ယမ်းပြသည်။
" ငါက ဝက်လိုကောင်ကို အရှက်ခွဲနေတာ "
ပတ်ဆန်းဝူသည် အလွန်ဒေါသထွက်ပြီး စိတ်မြန်လက်မြန်ဖြင့် သဘောတူတော့မည် ဖြစ်သည်။
" ဆန်းဝူ အလောတကြီး မလုပ်နဲ့ "
ထိုအချိန်တွင် ဘေး၌ ထိုင်နေသည့် လီယောင်းဂျီမှ ရုတ်တရက် ပြောလေသည်။
ပတ်ဆန်းဝူသည် သူ့ဆရာ၏ စကားကို ဂရုစိုက်မိပြီး ချက်ချင်း တွန့်ဆုတ်သွားသည်။
ယဲ့ဖန်မှ ချက်ချင်း အေးစက်စွာ ရယ်လိုက်သည်။
" ထားလိုက် မလောင်းရဲရင်လဲ။ ကြည့်ရတာ ကိုရီးယားတွေကမှ ငကြောက်တွေပဲ။ လူပြိန်းတွေဆိုတဲ့ ဂုဏ်ပုဒ်က မင်းတို့နဲ့မှ ထိုက်တန်တာ ထင်တယ် "
ပတ်ဆန်းဝူသည် တမဟုတ်ချည်း ဒေါသတဟုန်းဟုန်း ထွက်လာတော့သည်။
" ကောင်းပြီ၊ လာလေ။ ပြောလိုက်၊ ဘယ်လို လောင်းချင်လဲ "
ယဲ့ဖန်သည် ချန်းဖေးအယ်ဘက်သို့ လှည့်မေးလိုက်သည်။
" မင်းမှာ အကြွေစေ့ရှိလား "
ချန်းဖေးအယ်သည် ဘာမှပြန်မမေးဘဲ အိတ်ထဲမှ အကြွေစေ့တစ်စေ့ကို ထုတ်ပေးလိုက်သည်။
ယဲ့ဖန် ယူပြီးနောက် ပတ်ဆန်းဝူကို ပြန်ကြည့်လေသည်။
" ဒါဆို အကြွေစေ့လှန်ကြမလား။ ၃နိုင်ကြေး "
ပတ်ဆန်းဝူသည် အကြွေစေ့ကို မြင်သည့်အခါ မထိန်းနိုင်ဘဲ ရယ်မိသည်။
" ဟားဟား၊ မင်း လာနောက်နေတာ ဟုတ်တယ်မလား။ မင်းက ဒီလို အဖြစ်မရှိတဲ့ဟာကို ထုတ်ပြရဲတယ်လား "
သူတို့ကဲ့သို့ လောင်းကစားကျွမ်းကျင် ပညာရှင်များအတွက် အကြွေစေ့လှန်ခြင်းသည် သူတို့၏ ဉာဏ်ပညာကို စော်ကားလိုက်ခြင်း ဖြစ်သည်။
ယဲ့ဖန်ကတော့ စိတ်ထဲမထားချေ။
" အကြွေစေ့လှန်တာပေါ့။ သဘောမတူရင်လည်း မေ့လိုက်တော့ "
ပတ်ဆန်းဝူ၏ လှောင်ပြောင်နေသော အမူအရာသည် တဖြည်းဖြည်းဖြင့် မောက်မာသည့် အမူအရာသို့ ပြောင်းသွားသည်။
" ကောင်းပြီလေ၊ အကြွေစေ့လှန်ကြတာပေါ့ "
ယဲ့ဖန်သည် အကြွေစေ့အား ပတ်ဆန်းဝူထံသို့ ချက်ချင်း ပစ်ပေးလိုက်သည်။
" ပထမဆုံးပွဲမှာ မင်းပစ် ငါမှန်းမယ် "
ပတ်ဆန်းဝူသည် ဘာမှ မပြောခဲ့ပေ။
ထို့နောက် နောက်သို့လှည့်၍ လောင်းကစားဝိုင်း၌ သွားထိုင်ခဲ့သည်။
ယဲ့ဖန်သည်လည်း သူနှင့် မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လေသည်။
ဘေးပတ်လည်ရှိ လူအုပ်ကြီးမှာ သိချင်စိတ်ပြင်းပြသော အမူအရာများဖြင့် ရှေ့သို့ တိုးဝှေ့နေကြသည်။
" သားလေး၊ သေချာ ဂရုတစိုက် ကြည့်လိုက် "
ပတ်ဆန်းဝူသည် သူ၏ လက်ချောင်းထိပ်ဖြင့် အကြွေစေ့ကို တောက်လိုက်သည်။
အကြွေစေ့မှာ လေထဲသို့ ချက်ချင်း မြောက်သွားပြီး လျင်မြန်စွာ လည်ပတ်နေသည်။
ဘန်း
အကြွေစေ့ ပြန်ကျလာသည့်အခါ ပတ်ဆန်းဝူမှ ချက်ချင်း စားပွဲပေါ်သို့ ရိုက်ချပြီး ဖိလိုက်သည်။
သူ၏ လက်အလျင်နှုန်းမှာ မြန်ဆန်လွန်းလှ၍ ယဲ့ဖန်ဘေး၌ ရပ်နေသည့် ချန်းဖေးအယ်ပင် မမြင်နိုင်လိုက်ပေ။
သူမ၏ အမြင်အာရုံသည် အထူးတလည် လေ့ကျင့်ထားခြင်း ဖြစ်သည်။
အခြားသူများ မဆိုနှင့် သူမပင် မမြင်ရ၍ သူတို့မှာလည်း အတော်လေး စိတ်ရှုပ်ထွေးနေကြသည်။
ပတ်ဆန်းဝူသည် မေးကို ငေါ့လျက် ယဲ့ဖန်ကို ဒေါသဆွလေသည်။
" မှန်း၊ ခေါင်းလား၊ ပန်းလား "
လီယောင်းဂျီသည်လည်း ယဲ့ဖန်ကို စိတ်ဝင်တစား ကြည့်နေသည်။
ထိုလူငယ်သည် သူ၏ နည်းပညာတစ်ထောင်ကိုပင် မြင်နိုင်ပြီး သေသပ်စွာ တုပနိုင်သူ ဖြစ်သည်။
ထို့ကြောင့် ထိုတရုတ်လူငယ်လေးမှာ နည်းပညာတစ်ထောင်အကြောင်း နားလည်ပြီး အမြင်ကောင်းရှိသည်မှာ သေချာလေသည်။
အကြွေစေ့ခေါင်းပန်းလှန်တာလောက်ကတော့ သူ့အတွက် မခက်ခဲလောက်ဘူး၊ ဟုတ်တယ်မလား။
ယဲ့ဖန်သည် ပတ်ဆန်းဝူ၏ လက်ကို စိုက်ကြည့်နေသည်။
သူသည် ရုတ်တရက် စိတ်ရှုပ်ထွေးသော အမူအရာကို ဖော်ထုတ်ပြလာလေသည်။
ပတ်ဆန်းဝူသည် အချိန်အတော်ကြာ စောင့်နေပြီးနောက် စိတ်မရှည် ဖြစ်လာလေတော့သည်။
" မင်း ခန့်မှန်းမှာလား၊ မမှန်းဘူးလား။ မြန်မြန်လုပ်လို့ မရဘူးလား "
ယဲ့ဖန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
" ငါ့အထင် ...... ခေါင်း ဖြစ်ရမယ် "
ပတ်ဆန်းဝူ ချက်ချင်း ပြုံးလိုက်သည်။
" မျက်လုံးကို ဖွင့်ပြီး သေချာကြည့် "
ထိုသို့ ပြောပြီးနောက် လက်ဖဝါးကို လှန်ပြလိုက်သည်။
စားပွဲပေါ်ရှိ တောက်ပနေသော အကြွေစေ့သည် "ပန်း"ကို ပြသနေသည်။
ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့အားလုံးသည် စိတ်ပျက်သက်ပြင်း ချမိကြသည်။
သူက ပထမပွဲကို တကယ်ကြီး မှားမှန်းလိုက်တာလား။
မျှော်လင့်ချက်ရှိသေးရဲ့လား။
လီယောင်းဂျီ မျက်မှောင်ကြုတ်သွားသည်။
အဲ့ကောင်လေးက ခုနကတော့ အရမ်းကို အားကောင်းပြနေတာ မဟုတ်ဘူးလား။
အခုကျ အကြွေစေ့ကို ဘာလို့ မှန်အောင် မမှန်းနိုင်ရတာလဲ။
သူက တမင်တကာ အညံ့ခံပြီး ပြိုင်ဘက်ကို စိတ်ရှုပ်ထွေးအောင် လုပ်မလို့လား။
သူသည် ယဲ့ဖန်၏ စိတ်ကို လက်ရှိအချိန်၌ ခန့်မှန်း၍ မရနေပေ။
ထို့ကြောင့် ဆက်၍သာ စောင့်ကြည့်လေ့လာရတော့သည်။
ပတ်ဆန်းဝူသည် အလွန်ပျော်သွားပြီး ချန်းဖေးအယ်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
" ကြည့်ရတာ ဒီနေ့တော့ အလှလေးကို ရတော့မယ် ထင်တယ် "
ချန်းဖေးအယ်သည် အလွန်ပင် ရွံရှာလျက် သူ့ကို စူးစိုက်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ ကြောင်အနေမိသည်။
ယဲ့ဖန်၏ လောင်းကစားစွမ်းရည်အရ သူသည် ဤမျှ အားမနည်းသင့်ပေ။
ယဲ့ဖန်သည် ထိုရလဒ်ကို မြင်သောအခါ သူ့ကိုယ်သူ အားမရသလို သက်ပြင်းချလိုက်သည်။
" ငါ ပစ်ရမယ့်အလှည့်ပဲ "
ပတ်ဆန်းဝူသည် အချိန်ဆွဲမနေဘဲ အကြွေစေ့ကို သူ့ဆီသို့ ပစ်ပေးလိုက်သည်။
ယဲ့ဖန်မှ အကြွေစေ့ကို ရသောအခါ အန်စာခွက်ထဲသို့ ထည့်ပြီး လှုပ်ခါလေသည်။
" ဆန်းကြယ်ချင်ယောင်ဆောင်နေသေးတယ် "
ပတ်ဆန်းဝူသည် နှာမှုတ်ပြီး အထင်သေးသည့်စကားများ ပြောလိုက်သော်လည်း သူ၏ နားများမှာတော့ အန်စာခွက်ထဲမှ လှုပ်ခါသံကို သေချာနားစွင့်နေသည်။
သူ၏ ဆရာ လီယောင်းဂျီသည် အများသောအားဖြင့် အလွန်တင်းကြပ်လေသည်။
အန်စာသံကို နားထောင်ခြင်းမှာ သူတို့အတွက် သာမန်အရည်အချင်းဖြစ်သည်။
အန်စာတုံးသည် မြေပြင်ကို ထိလိုက်သည်နှင့် ထွက်လာသည့်အသံအရ နံပါတ်ကို ခန့်မှန်းနိုင်ကြသည်။
သူသည် တပည့်များကြား အတော်ဆုံးဟု ဆိုနိုင်ပြီး သူ၏ မှန်ကန်နှုန်းမှာ ၆၀% ကျော်လေသည်။
သို့သော် အကြွေစေ့နှင့် အန်စာခွက်မှာ မတူညီချေ။
သူသည် ထိုအတွက် ဘယ်တုန်းကမှ မလေ့ကျင့်ဖူး၍ သူ့အတွက် အနည်းငယ်ခက်လေသည်။
ဘန်း
ယဲ့ဖန်သည် အတန်ကြာ လှုပ်ပြီးနောက် စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။
ထို့နောက် ပတ်ဆန်းဝူကို ပြုံးပြလိုက်သည်။
" မှန်းလို့ရပြီ "
ပတ်ဆန်းဝူသည် ဤတစ်ပွဲအား မှန်အောင် မှန်းလိုက်သည်နှင့် သူ နိုင်နိုင်မည် ဖြစ်သည်။
ထိုအခါ သူသည် အလှလေးကို အိမ်ခေါ်နိုင်မည်ဖြစ်၍ အနည်းငယ်ပင် စိတ်လှုပ်ရှားနေသည်။
ပတ်ဆန်းဝူ တခဏ တွေးပြီးနောက် အဖြေကို ပေးလိုက်သည်။
" ပန်း "
ယဲ့ဖန်သည် အချိန်ဖြုန်းမနေဘဲ အန်စာခွက်ကို ဖယ်လိုက်သည်။
ခေါင်း
ထိုမြင်ကွင်းကို မြင်သောအခါ ပတ်ဆန်းဝူသည် စားပွဲကို ဒေါသတကြီးဖြင့် ရိုက်ချလိုက်သည်။
၅၀% နိုင်ခြေရှိသည့် ခန့်မှန်းချက်ကို ရှုံးလိုက်ရခြင်းမှာ သူ့အတွက် အလွန်ဒေါသထွက်စရာ ကောင်းလှသည်။
ဘေးမှ လူများက စိတ်သက်သာရာရစွာ သက်ပြင်းချကြသည်။
သူတို့သည် တရုတ်လူမျိုးများဖြစ်ကြ၍ အများစုမှာ ယဲ့ဖန်ကို အနိုင်ရစေချင်ကြသည်။
အထူးသဖြင့် ချန်းဖေးအယ်လို အလှလေးကို ဘာလို့ ကိုရီးယားတွေလက်ထဲ ထည့်ပေးရမှာလဲ။
ချန်းဖေးအယ်သည်လည်း သက်ပြင်းချလေသည်။
ယဲ့ဖန် ရှုံးလျှင်ပင် သူမသည် ပတ်ဆန်းဝူဖြင့် လိုက်သွားမည် မဟုတ်ပေ။
သူမ စကားကိုသာ ငြင်းဆန်မည် ဖြစ်သည်။
သို့သော် မရှုံးခြင်းကတော့ ပို၍ ကောင်းလေသည်။