အပိုင်း ၉၄၁-၉၄၄
Vol. 48 Ch. 941-944
အပိုင်း ( ၉၄၁ )
ဒီကောင်က အရမ်း သူတော်ကောင်း မဆန်ဘူးလား
လီယောင်းဂျီသည် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေသည်။
သူသည် ထိုတရုတ်လူငယ်လေးကို တစ်ချိန်လုံး ဆက်တိုက် စောင့်ကြည့်နေခဲ့ပြီး မည်သည့် အရာကိုမှ သတိမထားမိခဲ့ပေ။
တစ်နည်းပြောရလျှင် ပတ်ဆန်းဝူသည် ဒီအကြိမ်ကို ရှုံးသွားရသည်မှာ တစ်ဖက်ကစားသမားမှ မလိမ်ညာခဲ့ဘဲ သူ ခန့်မှန်းတာမှားသောကြောင့်သာ ဖြစ်သည်။
ထိုကောင်လေးသည် တကယ်ပင် အနည်းငယ် ထူးဆန်းလေသည်။
ဆက်၍ လေ့လာကြည့်ခြင်းက အကောင်းဆုံး ဖြစ်နိုင်သည်။
ပတ်ဆန်းဝူသည် ယဲ့ဖန်ကို မုန်းတီးစွာ စောင်းကြည့်လိုက်သည်။
" အခု ငါ ပစ်ဖို့ အလှည့်ဘဲ "
ထိုသို့ပြောပြီး အကြွေစေ့ကို ပစ်ရန် ပြင်ဆင်လိုက်သည်။
" နေဦး "
သို့သော် ယဲ့ဖန်မှ အကြွေစေ့ကို ဦးစွာ ဖိချထားပြီး တားလိုက်လေသည်။
" ဘာလဲ "
ပတ်ဆန်းဝူ ဒေါသတကြီးဖြင့် မေးသည်။
" ဒီတတိယပွဲအတွက် ကစားပုံကို ပြောင်းရအောင် "
ယဲ့ဖန်၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ရှိနေသည်။
" ဘယ်လိုကစားမလို့လဲ "
ပတ်ဆန်းဝူ မေးသည်။
" ဒီပွဲကို အရင်ဆုံး မှန်းပြီးမှ ပရိတ်သတ်ထဲက တစ်ယောက်ကို ယူပစ်ခိုင်းရင် ဘယ်လိုလဲ "
ယဲ့ဖန်သည် သူ၏ အတွေးကို ချက်ချင်း ပြောပြလိုက်သည်။
ပတ်ဆန်းဝူသည် သူ၏ အတွေးကို ကြားသောအခါ မတတ်နိုင်ဘဲ ရယ်လိုက်သည်။
" ကောင်းပြီလေ၊ အဲ့တာဆို ငါ ဒီပွဲအတွက် 'ပန်း'ဘက်က လောင်းမယ် "
ယဲ့ဖန်သည် ဘာမှမဖြစ်သလိုဖြင့် ခေါင်းညိတ်လိုက်သည်။
" ဒါဆို ငါက 'ခေါင်း'ဘက်ကို လောင်းမယ် "
ထိုသို့ ပြောပြီးနောက် လူအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။
" ဘယ်သူက ကျွန်တော်တို့အတွက် အကြွေစေ့ ပစ်ပေးချင်လဲ "
လူအုပ်ကြီးထဲမှ တစ်ချို့သည် ချက်ချင်း လက်မြှောက်ကြတော့သည်။
ယဲ့ဖန်သည် ရွေးချယ်ရန် အလျင်မလိုချေ။
ထိုအစား ပတ်ဆန်းဝူဘက်သို့ မေးခွန်းပြန်ထုတ်လိုက်သည်။
" မင်းရွေးလိုက်။ မဟုတ်ရင် ငါက အဲ့လူတွေကို ကြိုငှားထားပြီး အကွက်ဆင်တယ် ပြောနေဦးမှာ "
" ငါတို့ ကိုရီးယားတွေက မင်းတို့ တရုတ်တွေလို ပုတ်သိုးနေတဲ့ အရှုံးသမားတွေလို့များ ထင်နေလား "
ပတ်ဆန်းဝူသည် ထိုသို့ ပြောလိုက်သော်လည်း သေချာ ရွေးချယ်နေဆဲဖြစ်သည်။
သူသည် စိတ်လိုလက်ရ လက်ထောင်ခဲ့သူများကို မရွေးခဲ့ပေ။
ထိုလူများသည် အနည်းငယ် ယုံကြည်ရန် ခက်ပေသည်။
အဆုံးတွင် သူသည် ရိုးသားပုံရသည့် လူတစ်ယောက်ကို ရွေးခဲ့သည်။
ပထမတွင် ထိုလူသည် ကူညီပေးရန် ငြင်းသေးသော်လည်း ယွမ်၁၀၀အား ဆုကြေးအဖြစ် ရမည်ဟု ဆိုပြီးနောက် တွန့်ဆုတ်စွာဖြင့် လက်ခံလိုက်သည်။
ထိုလူသည် ရှက်ရွံ့စွာဖြင့် လျှောက်လှမ်းလာပြီး အကြွေစေ့ကို အန်စာခွက်ထဲ ထည့်ပြီး ပျက်ချော်စွာ လှုပ်ယမ်းတော့သည်။
တခဏ ကြာပြီးနောက် 'ဘန်း'ဟူသော အသံကျယ်ဖြင့် အန်စာခွက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ဖွင့်ရန် ပြင်လိုက်သည်။
" ခဏနေဦး "
ပတ်ဆန်းဝူ သူ့ကို ရုတ်တရက် တားလိုက်သည်။
" ဘာမှားလို့လဲ "
ယဲ့ဖန် ခေါင်းမော့ပြီး သူ့ကို လှမ်းကြည့်လိုက်သည်။
" ငါ ပြောင်းချင်တယ်။ ဒီတစ်ခါ 'ခေါင်း'လို့ ခန့်မှန်းတယ် "
ပတ်ဆန်းဝူ ရုတ်တရက် စိတ်ပြောင်းလိုက်သည်။
" ပြောင်းချင်တာ သေချာလား "
ယဲ့ဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
" ငါ ....... "
ပတ်ဆန်းဝူ ချက်ချင်း တွန့်ဆုတ်သွားသည်။
မည်သို့ပင်ဖြစ်စေ ဤပွဲသည် နောက်ဆုံးအဖြစ် ပွဲစဉ်ကို အဆုံးအဖြတ် ပေးနိုင်မည် ဖြစ်သည်။
အကယ်၍ သူ ရှုံးပါက မျက်နှာပေါ်တွင် စာလုံးထွင်းရမည် ဖြစ်သည်။
ထို့ကြောင့် မတတ်နိုင်ဘဲ စိတ်လှုပ်ရှားမိသည်။
သူသည် ရုတ်တရက် စိတ်အားထက်သန်မှုဖြင့် လောင်းကြေးကို သဘောတူလိုက်သည့်အတွက် အနည်းငယ် နောင်တဖြစ်မိသည်။
သို့သော် ယခုအခါမှ အများကြီးပြောရန် အသုံးမဝင်တော့ချေ။
သူသည် အလောင်းအစားကို အဆုံးအထိ ဆက်လုပ်ရတော့သည်။
" သေချာတယ် ခေါင်းပဲ "
သူသည် အတော်ကြာ တွန့်ဆုတ်နေပြီးနောက်မှ အဖြေကို ပြောင်းရန် ရွေးလိုက်တော့သည်။
" ကောင်းပြီ၊ ဒါဆိုလည်း ငါက ပန်းရွေးမယ် "
ယဲ့ဖန်သည် အေးဆေးစွာဖြင့် နှုတ်ခမ်းကို မဲ့လိုက်သည်။
" ကောင်းပြီ ငါက 'ပန်း'ကို ရွေးမယ် "
ယဲ့ဖန်သည် သူ့နှုတ်ခမ်းကို ဂရုမစိုက်စွာ မဲ့လိုက်သည်။
ထိုတရုတ်လူငယ်လေးမှ အမှန်တကယ် သဘောတူလိုက်ကြောင်းကို လူတိုင်းမှ ကြားသောအခါ ခေါင်းယမ်းပြီး သက်ပြင်းချကြသည်။
ဒီကောင်က သူတော်စင် လုပ်နေတာလား။
ဟိုက နှာတစ်ဖျားသာမှာကို တကယ်ကြီး ခွင့်ပြုလိုက်တာလား။
သူရှုံးရင် သူ့ကောင်မလေးကို ဟိုဘက်က ကောင်နဲ့ ပေးလိုက်ရမှာကို မေ့နေတာလား။
ပတ်ဆန်းဝူမှ ယဲ့ဖန် စိတ်လိုလက်ရ သဘောတူသည်ကို တွေ့လိုက်ရပြီး တုံ့ဆိုင်းသွားပြန်သည်။
" ခဏ ...... ခဏနေဦး။ ငါ ..... ငါ မပြောင်းဘူး။ 'ပန်း'ဘက်ကို ရွေးမယ် "
ယဲ့ဖန် စိတ်မရှည်တော့ပေ။
" ဘာကို ရွေးချင်တာလဲ။ တိကျတဲ့အဖြေကို ရွေးလို့ မရဘူးလား "
ပတ်ဆန်းဝူ၏ နဖူးတွင် ချွေးများဖြင့် ရွှဲလာတော့သည်။
သူသည် အဆုံးတွင် အံကြိတ်ကာ ပြောလိုက်သည်။
" ငါ 'ပန်းဘက်ကို ရွေးတယ်။ မပြောင်းတော့ဘူး "
ယဲ့ဖန်သည် စကားမပြောဘဲ ခေါင်းယမ်းလိုက်ပြီးနောက် အန်စာခွက်ဖြင့် အကြွေခေါက်ထားသူကို ခေါင်းညိတ်ပြလိုက်သည်။
" ဖွင့်ကြည့်ကြတာပေါ့ "
ထိုလူသည် အနည်းငယ် စိတ်လှုပ်ရှားနေမှန်း သိသာသည်။
သူသည် အသက်ပြင်းပြင်း နှစ်ချက်လောက် ရှူလိုက်ပြီး အန်စာခွက်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လျက် ဖြည်းညှင်းစွာဖွင့်လိုက်သည်။
လူအများသည် အန်စာခွက်ကို စိုက်ကြည့်လျက် မျက်လုံးများ ပြူးကျယ်နေကြသည်။
" ခေါင်း၊ အဲ့တာ ခေါင်းလို့ ထင်တာပဲ "
မျက်စိအားကောင်းသူများက ချက်ချင်း တအံ့တဩဖြင့် အော်ပြောကြသည်။
လူအုပ်ကြီးမှာ ရှင်းလင်းစွာ မမြင်ရ၍ ကြည့်ရန် အရှေ့သို့ တိုးလာကြသည်။
ထိုအချိန်တွင် အန်စာခွက်မှာ လုံးဝ လှန်သွားတော့သည်။
အထဲမှ အကြွေစေ့သည် 'ခေါင်း'ဟူသော အခြမ်းကို ပြနေသည်။
" ဟားဟားဟား၊ သူနိုင်သွားပြီ။ ဒီညီလေး နိုင်သွားပြီ "
" အဲ့တာ တကယ်ကြီး 'ခေါင်း' ဟေး။ ဟားဟားဟား၊ ဒီကိုရီးယားကောင်က တစ်မျိုးပြီးတစ်မျိုး ပြောင်းရွေးနေခဲ့ပေမဲ့ နောက်ဆုံးကျ စောက်တလွဲကြီး ရွေးသွားတာပဲ "
" ဒါက ကံတရားလို့ ခေါ်တယ်။ ကောင်းကင်ကြီးက ဒီလိုကောင်တွေ လူပါးဝနေတာကို မကြည့်ရက်ဘူး ထင်ပါတယ်ကွာ "
" မာန်ကြွတဲ့ကောင်တွေ ချိုကျိုးတဲ့နေ့ဆိုတာ ရှိစမြဲပဲ။ အခု ပြုံးနိုင်သေးရဲ့လားဆိုတာ ကြည့်ရအောင် "
" တစ်မနက်လုံး ရှုံးပြီးတော့ ဒီညီငယ်လေးက ငါတို့ တရုတ်တွေကိုကို ဂုဏ်ယူရအောင်ရအောင် ကူညီပေးခဲ့တာပဲ "
" ငါတို့ ဒီကိုရီးယားတွေကို သင်ခန်းစာတစ်ခုခု ပေးသင့်တယ်။ သူတို့က မောက်မာပြီး မာနကြီးလွန်းတယ် ........... "
အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြပြီး ယဲ့ဖန်သည် သူတို့၏ အမြင်နှင့် နှလုံးသားထဲ၌ မျိုးချစ်သူရဲကောင်းကြီးတစ်ယောက် ဖြစ်နေတော့သည်။
သူတို့ကို ဂုဏ်ယူစေသည်။
ချန်းဖေးအယ်သည် နောက်ဆုံး၌ သက်ပြင်းချပြီး ပတ်ဆန်းဝူကို လှောင်ပြောင်ကြည့်ဖြင့် ကြည့်လိုက်သည်။
ပတ်ဆန်းဝူမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကြောင်အစွာဖြင့် မလှုပ်မယှက် ထိုင်နေသည်။
သူသည် တုံ့ပြန်ရန်ပင် မေ့သွားပုံရသည်။
သူ ရှုံးသွားပြီ၊ တကယ် ရှုံးသွားပြီ။
သူသည် အစောက အနိုင်ရရန် အခွင့်အရေး ရှိခဲ့သေးသည်။
သို့သော် သူသည် 'ခေါင်း'အဖြစ် ရွေးပြီးရာမှ 'ပန်း'သို့ ပြောင်းလိုက်သည့် အမှားတစ်ခုကြောင့် ရှုံးသွားခဲ့ရသည်။
သူသည် ရှုံးပါက ခံရမည့် အပြစ်ဒဏ်ကို တွေးမိပြီး တုန်လှုပ်သွားတော့သည်။
သူ့မျက်နှာ၌ 'ဝက်'ဆိုသည့် စကားလုံးကို အမှန်တကယ် ထွင်းခံရလျှင် သူ့အနာဂတ်မှာ သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။
ထိုသည်က သူ့ဘဝ တစ်လျှောက်လုံးအတွက် အရှက်ရစေမယ့် အကြောင်းအရာကြီး ဖြစ်နေမည်။
ထိုအဖြစ်တို့ကို တွေးပြီး ရုတ်တရက် ဒေါသတကြီးဖြင့် ထရပ်ကာ ယဲ့ဖန်ကို စိုက်ကြည့်နေလိုက်သည်။
" မင်းက လိမ်ကစားတာပဲ။ ဒီတစ်ပွဲကို ထည့်မတွက်ဘူး "
အပိုင်း ( ၉၄၂ )
ဧကရာဇ် ကြွလာရင်တောင် အလုပ်မဖြစ်ဘူး။ ပြောပြီးသား။
ပတ်ဆန်းဝူ၏ ရုတ်ချည်း တိုက်ခိုက်မှုကို ကြုံရသော်လည်း ယဲ့ဖန် အံ့ဩသွားခြင်း မရှိပေ။
သူသည် အေးစက်စွာဖြင့် ပြုံးရုံသာ ပြုံးလိုက်သည်။
" ငါက လိမ်ကစားတယ်လို့ မင်းက ပြောလာမှတော့ ငါ ဘယ်လိုနည်းနဲ့ လိမ်ကစားတယ်ဆိုတာကို ပြောလေ။ ပြောနိုင်သရွေ့ လက်ခံပေးမယ် "
" အဲ့တာ ....... "
ပတ်ဆန်းဝူသည် ချက်ချင်းပင် အသံတိတ်ပြီး ပြောစရာစကား ပျောက်ရှသွားရသည်။
သူက အခု ချောင်ပိတ်ခံရတဲ့ ခွေးလိုပဲ ဖြစ်နေတာလေ။
အဲ့တော့ သူ ဘာပြောနိုင်မှာမလို့လဲ။
ထို့ကြောင့် အားထုတ်လျက် မျက်နှာပြောင်တင်းစွာဖြင့် ဆက်ပြောလေတော့သည်။
" ဘာပဲဖြစ်ဖြစ်၊ မင်း လိမ်ကစားခဲ့တာပဲ။ အခု ဒီကစားပွဲကို ထည့်မတွက်ဘူး။ ထပ်ကစားမယ် "
ဤအချိန်တွင် ယဲ့ဖန်မှ ပြန်ဖြေသည်ကို မစောင့်ဘဲ ဘေးတွင် ရပ်ကြည့်နေသည့် ဖက်တီးမှ ချက်ချင်း ငြင်းဆန်လေသည်။
" ကစားပြီးသားကို ဘာလို့ ထပ်ပြီး ပြန်စရမှာလဲ။ ငါတို့ရှုံးရင် ငါတို့က အရှုံးကို ဝန်ခံမှာ။ ဒါပေမဲ့ မင်းတို့ကကျ ဗြောင်လိမ်ပြီး စကားပြောင်းချင်နေတာလား။ ကိုရီးယားတွေက ကိုရီးယား ပီသပါပေတယ်။ ကတိစကားကို မတည်ကြဘူးဘဲ "
ဘေးမှ အခြားပွဲကြည့်နေသူများကလည်း ဝင်ပြီး တုံ့ပြန်ကြသည်။
" ဟုတ်တယ်။ ငါတို့ အများကြီး ရပ်ကြည့်နေတာပဲ။ သူက လုံးဝ တစ်စက်လေးမှ မလိမ်ခဲ့ဘူး "
" အမှန်ဘဲ။ တတိယအချီမှာ သူက မင်းကို အထူးတလည် ရွေးချယ်ခွင့်တွေ ပေးခဲ့တာပဲလေ။ မင်းဘာသာပဲ စောက်တလွဲကြီး ရွေးခဲ့တာ "
" ငါတို့ တရုတ်တွေက ငြိမ်ခံနေမယ်လို့ ထင်နေတာလား။ ဒီနေ့ လုပ်ခဲ့တဲ့ လောင်းကြေးကို တာဝန်ယူရင်ယူ၊ မဟုတ်လို့ကတော့ ဒီရှေးဟောင်းလမ်းထဲကနေ လမ်းလျှောက်ပြီး ထွက်နိုင်ဖို့ မစဉ်းစားနဲ့ "
" ဟုတ်တယ်။ အကြွေးကို ချေချင်ရင် ငါတို့က သဘောတူလား အရင်မေးရမယ် "
" ငါတို့ သဘောမတူနိုင်ဘူး။ လောင်းကြေးကို ရမြှဖစ်မယ် "
" သဘောမတူနိုင်ဘူး ....... "
လူအုပ်ကြီးမှာ ကိုရီးယားများကို ချက်ချင်း အော်ဟစ်ကြတော့သည်။
သူတို့ အားလုံးသည် ဒေါသထွက်နေပြီး ချက်ချင်း တိုက်ခိုက်တော့မည့်သယောင် ရှိနေသည်။
ကိုရီးယားများမှာ ကြောက်လွန်း၍ မျက်နှာများ ဖြူဖျော့လာသည်။
လောင်းကြေးကို တာဝန်မယူပါက သူတို့ ထွက်သွားရန် မလွယ်လောက်ပေ။
သို့သော် ဤကိစ္စတွင် သူတို့ အမှန်တကယ် မှားခဲ့ခြင်းဖြစ်သည်။
သူတို့သည် တစ်မနက်လုံး နိုင်ထားပြီး ရှုံးသည့်အခါမှ လောင်းကြေးကို တာဝန်မယူရန်မှာ မဖြစ်သင့်ချေ။
သူတို့ ရှုံးတဲ့အလှည့်ကျ အကြွေးကို လွယ်လွယ်နဲ့ ချေပေးမယ်လို့ ထင်နေတာလား။
လီယောင်းဂျီသည် ပတ်ဆန်းဝူကို သုန်မှုန်နက်မှောင်နေသော မျက်နှာထားဖြင့် ကြည့်သည်။
" ဆန်းဝူ၊ ကျေးဇူးပြုပြီး မင်းကိစ္စကို တာဝန်ယူလိုက် "
ပတ်ဆန်းဝူသည် သူ့ကို မယုံကြည်န်ုင်စွာ ကြည့်လေသည်။
" ဆရာ၊ ကျွန်တော် .... မရ ....... "
သူသည် မြေကြီးပေါ်တွင် ဒူးထောက်လျက် 'ကျွန်တော်က ဝက်ပါ'ဟု အခါတစ်ရာ အော်ပါက သူ့လောင်းကြေးကတိ၏ တစ်ဝက်သာ ရှိပေဦးမည်။
ထို့အပြင် မျက်နှာပေါ်၌ 'ဝက်'ဟု ရေးခြစ်ခံရပါက သူ့အတွက် သေရခြင်းထက် ပိုဆိုးပေလိမ့်မည်။
လီယောင်းဂျီသည် သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
" ငါ မင်းကို အရင်က တားခဲ့ပြီးသား။ မင်းကိုယ်တိုင်ကသာ ဒီပွဲကို အတင်းဆက်ကစားပြီး တစ်ဖက်ရဲ့ လောင်းကြေးကို သဘောတူခဲ့တာ "
" အခု မင်းရှုံးမှတော့ လောင်းကြေးကို တာဝန်ယူ။ ငါတို့ အမိကိုရီးယားနိုင်ငံတော်ရဲ့ လူမျိုးတွေအတွက် သိက္ခာကျအောင် မလုပ်နဲ့ "
ပတ်ဆန်းဝူသည် လီယောင်းဂျီကို ကြည့်ပြီးနောက် စိတ်လှုပ်ရှားပြီး သွေးကြွနေသည့် လူအုပ်ကြီးကို ကြည့်လိုက်သည်။
သူသည် ယနေ့အတွက် အတင်းငြင်းဆန်နေပါက သေကောင်းသေသွားနိုင်သည်။
သူသည် ရွေးချယ်စရာ မရှိတော့ဘဲ မြေကြီးပေါ်ကို ဒူးထောက်လိုက်ပြီး အရှက်ကွဲစွာဖြင့် အော်လေတော့သည်။
" ကျွန်တော်က ဝက်ပါ၊ ကျွန်တော်က ဝက်ပါ၊ ကျွန်တော်က ဝက်ပါ ............. "
" ကျယ်ကျယ်အော်၊ ငါ မကြားရဘူး ....... "
ဖက်တီးသည် ချက်ချင်း အားပေးလေသည်။
အစောပိုင်းမှ ၁၀သန်း ရှုံးခဲ့ရသည့် စိတ်ဓာတ်ကျမှုသည် ချက်ချင်း ယူပစ်သလို ပပျောက်သွားတော့သည်။
" ကျွန်တော်က ဝက်ပါ၊ ကျွန်တော်က ဝက်ပါ၊ ကျွန်တော်က ဝက်ပါ၊ ကျွန်တော်က ......... "
ပတ်ဆန်းဝူ၏ အရှက်ကွဲနေသော အသံသည် ရှေးဟောင်းလမ်းတစ်လျှောက် ပဲ့တင်သံထပ်နေသည်။
သူသည် ယခင်က ဤကဲ့သို့ တစ်ခါမှ အရှက်မကွဲဖူးပေ။
ထို့ပြင် ယခုအခါသည် တရုတ်လူမျိုးများစွာ၏ အရှေ့၌ ဖြစ်သည်။
ထိုသည်က သူ့စိတ်ကို ပို၍ စုတ်ပြတ်သတ်သွားသလို ခံစားရစေသည်။
အထူးသဖြင့် ထိုတရုတ်လူမျိုးများမှ သူ့ကို လက်ညှိုးထိုးလျက် ရယ်မော ပြောဆိုနေကြစေသည်က သူ့ကို ပို၍ နာကျင်မုန်းတီးစေသည်။
ထိုအဆင့်နိမ့်တရုတ်လူမျိုးများကို သူ သေချာပေါက် ပြန်ပေးဆပ်ရအောင် လုပ်မည် ဖြစ်သည်။
သို့သော် အံကိုကြိတ်လျက် 'ကျွန်တော်က ဝက်ပါ'ဟု အကြိမ်၁၀၀ တိတိ အော်နေခဲ့ရပြီး နောက်ဆုံးတွင် ဖြည်းဖြည်းချင်း ထရပ်ကာ ယဲ့ဖန်ကို စူးရဲစွာ ကြည့်လေသည်။
ယနေ့ ကြုံရသမျှ အရှက်ကွဲမှုများမှာ ထိုလူကြောင့် ဖြစ်သည်။
ထိုတစ်ယောက်၏ အသားကိုစားပြီး သူ့အရေကို ခြုံကာ အိပ်ရပါစေဟု ဆုတောင်းမိသည်။
ယဲ့ဖန်သည် သူ၏ အဆိပ်ပြင်းလှသော အကြည့်ကို တွေ့လိုက်သည်။
ထို့နောက် အပြုံးဖျော့ဖျော့တစ်ခု မျက်နှာပေါ်၌ ပေါ်လာသည်။
" နောက်ဆုံး အပြစ်တစ်ခု ကျန်သေးတယ်။ ကိုယ်တိုင်လုပ်ချင်လား၊ ကူညီပေးရမလား "
ပတ်ဆန်းဝူ၏ မျက်နှာပေါ်မှ အမုန်းတရားသည် ချက်ချင်း ပျောက်ကွယ်သွားရပြီး အကြောက်တရားဖြင့် အစားထိုးလာတော့သည်။
သူသည် သူ့မျက်နှာအတွက် အချိန်နှင့်ငွေ အတော်လေး စိုက်ထုတ်ထားရသည်။
အနည်းငယ်သော ပြုပြင်မှုပေါင်းများစွာဖြင့် ငွေကုန်ခံပြီး ချောမောထားသည့် မျက်နှာဖြစ်သည်။
အခု သူ့မျက်နှာအား ဖျက်ဆီးလိုက်သည်နှင့် တစ်ခါတည်း သတ်လိုက်ခြင်းကပင် ပိုကောင်းနိုင်လိမ့်မည်။
" ငါ ........ ငါ မင်းကို ပိုက်ဆံနဲ့ အလျော်ပေူလို့ရမလား။ နောက်ဆုံးအပြစ်ကိုက ...... မေ့ .... မေ့လိုက်ပါ ..... "
ယဲ့ဖန်မှ သူ၏ အကြံပေးချက်ကို ကြားပြီးနောက် ပို၍ ပျော်ရွှင်စွာ ပြုံးလိုက်သည်။
" ကောင်းပြီ၊ ဒါဆို မင်းတို့ ဒီတစ်မနက်လုံး နိုင်ထားသမျှ ပေးရင် လွှတ်ပေးမယ် "
ပတ်ဆန်းဝူသည် ယဲ့ဖန်မှ လက်ခံကြောင်းကြားလိုက်ရ၍ မူလက ပျော်ရွှင်သွားသော်လည်း တောင်းဆိုချက်ကို ကြားပြီးသည့်အခါ မျက်နှာထားမှာ ပြန်၍ သုန်မှုန်သွားသည်။
သူတို့သည် ယနေ့မနက်တွင် ငွေသား သန်း၂၀၀နီးပါး နိုင်ခဲ့ပြီး ကျောက်စိမ်းများလည်း နိုင်ထားခဲ့သည်။
စုစုပေါင်း ယွမ် သန်း၃၀၀မက နိုင်ခဲ့လေသည်။
ထို့အပြင် နိုင်ခဲ့သည့် လောင်းကြေးများမှာ သူ့ဆရာ လီယောင်းဂျီမှ နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူ့တွင် ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။
" မြန်မြန် လုပ်။ အချိန်ဆွဲမနေနဲ့။ ဒါမှမဟုတ် ငါ ကူပေးရမလား "
ဖက်တီးသည် ထပ်၍ ဝင်ပါပြန်သည်။
လက်စားချေရန် အတော်လေး စိတ်အားထက်သန်နေပုံရသည်။
ပတ်ဆန်းဝူသည် ရွေးချယ်စရာ မရှိတော့၍ တုန်ရီနေသော လက်ဖြင့် ဘေးမှ ရွှေဆံထိုးကို ဆွဲယူပြီး မျက်နှာကို ရေးခြစ်ရန် ပြင်တော့သည်။
" တော်လောက်ပြီ "
ထိုအချိန်တွင် လီယောင်းဂျီမှ ရုတ်တရက် ပြောလာသည်။
" ဆန်းဝူက အခုပဲ အရှက်ခွဲခံရပြီးပြီ။ သူ့ကို ဒီလို ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်ဖို့ တကယ်လိုလို့လား "
ယဲ့ဖန်ကို မေးနေစဉ် သူ၏ မျက်လုံးထဲ၌ ခြိမ်းခြောက်မှုများ ပါဝင်နေသည်။
" ဒီလောင်းကြေးကို သူကိုယ်တိုင် သဘောတူခဲ့တာ။ ဘာဖိအားမှ မပေးခဲ့ဘူး။သူ သဘောတူထားမှတော့ တာဝန်ယူသင့်တာပေါ့၊ မဟုတ်ဘူးလား "
ယဲ့ဖန်သည် ထိုလူ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုပြီး ချက်ချင်း ပြန်ပြောသည်။
သူ၏ ခြိမ်းခြောက်မှုမှာ အလုပ်မဖြစ်ကြောင်း တွေ့လိုက်ရပြီး လီယောင်းဂျီ၏ လေသံမှာ အနည်းငယ် ပျော့သွားတော့သည်။
" ဒါပေမဲ့ ဒီကြေးက အရမ်းပြင်းထန်လွန်းတယ်။ သူက အခုထိ လူငယ်ပဲ ရှိသေးတယ်။ သူ့မျက်နှာပေါ်မှာ အမာရွတ်ကြီးဖြစ်သွားရင် သူ့ဘဝက ပျက်စီးသွားလိမ့်မယ်။ မင်း ပြောင်းလို့ ရနိုင်မလား "
ယဲ့ဖန် ပြုံးလိုက်သည်။
" သူက ငယ်သေးတော့ မျက်နှာပေါ် မခြစ်သင့်ဘူးဆိုရင် ခင်ဗျားက အိုနေပြီပဲ။ သူ့အစား အပြစ်ယူပြီး ခင်ဗျားမျက်နှာပေါ် ခြစ်ပေးရမလား "
လီယောင်းဂျီ၏ မျက်နှာမှာ ထပ်မံမည်းမှောင်သွားတော့သည်။
" ညှိနှိုင်းဖို့ လုံးဝ မဖြစ်နိုင်ဘူးလား "
ယဲ့ဖန်၏ အမူအရာမှာလည်း အေးစက်သွားသည်။
" သူ့ပါးစပ်က အဲ့လောက် မသရမ်းရင် ညှိနှိုင်းလို့ ရချင်ရမှာပေါ့ "
" ဒါပေမဲ့ သူက ငါ့သူငယ်ချင်းကို စော်ကားမှတော့ ဘာလို့ ဆွေးနွေးနေရဦးမှာလဲ "
" သူ့ကို ဒီနေ့ အပြစ်ပေးရမယ်။ ဧကရာဇ် ကြွလာရင်တောင် အလုပ်မဖြစ်ဘူး။ ပြောပြီးသား "
ယဲ့ဖန်ဘေး၌ ရပ်နေသည့် ချန်းဖေးအယ်သည် ချက်ချင်း စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။
ထိုကောင်လေးသည် သူမအရှေ့၌ တည်ကြည်လေ့မရှိသော်လည်း သူသည် ဤကဲ့သို့ လေးနက်နေသည့်အခါ သူသည် သူမအမြင်တွင် အတော်လေး ........ ချောမောနေလေသည်။
ပတ်ဆန်းဝူသည် လက်တစ်ဖက်တွင် ရွှေဆံထိုးကို ကိုင်လျက် တစ်ဖက်တွင် သူ့ဆရာကို ကြည့်နေသည်။ ထိုသည်မှာ သူ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။
မြင်ကွင်းနေရာ တစ်ခုလုံးသည် ချက်ချင်း တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်မှာ အတော်လေး ပြင်းထန်နေသည်။
ပို၍ ပြင်းထန်သည့် ပဋိပက္ခတစ်ခု ဖြစ်လာတော့မည့်ပုံ ပေါက်နေသည်။
အပိုင်း ( ၉၄၃ )
သူ့မှာ မီးတောက်နေတဲ့ ရွှေမျက်လုံးတွေ ရှိလို့လား
လီယောင်းဂျီ၏ မျက်နှာသည် သုန်မှုန်နေပြီး အတော်ကြာပြီးနောက်မှ ထပ်၍ စကားပြန်ပြောလေသည်။
" ဒီလိုဆိုရင်ရော။ မင်းတို့နှစ်ယောက် နောက်ထပ် သုံးပွဲကစားကြ။ သုံးပွဲလုံးနိုင်ရင် ပတ်ဆန်းဝူက လောင်းကြေးကို တာဝန်ယူရမယ့်အပြင် ငါတို့က ဒီတစ်မနက်လုံး နိုင်ထားတဲ့ ပိုက်ဆံတွေရော နဂါးကိုးခွက်ကိုပါ ပေးမယ် "
လီယောင်းဂျီမှ ထိုစကား ပြောလိုက်သည်နှင့် ရှိနေသည့်လူတိုင်း အံ့ဩတုန်လှုပ်ကုန်ကြသည်။
ဒီလောင်းကစားက မကြီးလွန်းဘူးလား။
တစ်နည်းဆိုရလျှင် ယဲ့ဖန်သည် သုံးပွဲလုံး တစ်ဆက်တည်း နိုင်ပါက အနည်းဆုံး သန်း၃၀၀ ရပေလိမ့်မည်။
ဤသည်မှာ လောင်းကစားအကြီးကြီး ဖြစ်သည်။
သို့သော် ယဲ့ဖန်မှ ပျော်ရွှင်သွားပုံ မပြချေ။
သူသည် လီယောင်းဂျီကို တိတ်ဆိတ်စွာသာ ကြည့်နေလိုက်သည်။
" ဘာကျန်သေးလဲ "
လီယောင်းဂျီ၏ နှုတ်ခမ်းမှာ အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။
" မင်း တစ်ပွဲပဲဖြစ်ဖြစ် ရှုံးတာနဲ့ ပတ်ဆန်းဝူရဲ့ အပြစ်တွေ အကုန်ပပျောက်မယ့်အပြင် မင်းရဲ့ မျက်နှာပေါ်မှာ 'ကျွန်တော်က ရူးနေတဲ့ ဝက်ပါ'လို့ ရေးထွင်းရမယ်။ ဘယ်လိုလဲ။ တရားမျှတတယ် မဟုတ်လား "
ယဲ့ဖန် သဘောမတူခင် ဘေးမှ လူများက တားကြသည်။
" ဒါကို တရားမျှတတယ်လို့ မင်းဘိုးအေက ခေါ်တာလား။ ဘာလို့ သုံးချီလုံးနိုင်မှ ဆုရပြီး တစ်ချီရှုံးတာနဲ့တင် အပြစ်ခံရမှာလဲ "
" ဒီစောက်ကိုရီးယားတွေက ဉာဏ်များလွန်းတယ်။ ညီလေး၊ သူတို့ရဲ့ လှည့်ကွက်တွေထဲ ပါမသွားနဲ့ "
" ဟုတ်တယ်၊ သူနဲ့ မလောင်းနဲ့။ သူတို့ရဲ့ ရှုံးကြေးကိုပဲ တာဝန်ယူခိုင်းရအောင် "
" သုံးချီလုံး ဆက်တိုက် နိုင်ဖို့က ခက်လွန်းတယ်။ လုံးဝ မမျှတဘူး "
" ငါသာဆို မကစားဘူး။ လုံးဝ မကစားဘူး "
လီယောင်းဂျီ၏ စကားများက လူထုကို သိသာစွာပင် ဒေါသထွက်စေခဲ့သည်။
သူတို့ဘက်မှ ကမ်းလှမ်းလာသော လောင်းကြေးမှာ ပတ်ဆန်းဝူအပေါ် သိသာစွာ ဘက်လိုက်ထားမှန်း လူတိုင်း ကြားနိုင်လေသည်။
ယဲ့ဖန်အတွက် သုံးပွဲဆက်တိုက် အနိုင်ရရန်မှာ ခက်ခဲလွန်းသည်။
မထင်မှတ်ထားသော အလွဲအချော်တစ်ခု ဖြစ်လိုက်သည်နှင့် သူ၏ လက်ရှိ ကြိုးစားအားထုတ်မှုထားသော အရာအားလုံးမှာ အလဟသ ဖြစ်သွားပေလိမ့်မည်။
မိုက်မဲရူးသွပ်သူသာလျှင် ဤကဲ့သို့ မမျှတသော အလောင်းအစားကို သဘောတူပေမည် ဖြစ်သည်။
ချန်းဖေးအယ်သည် ယဲ့ဖန်၏ အင်္ကျီလက်ကို အမြန်ဆွဲလိုက်သည်။
" ယဲ့ဖန်၊ သူ့ကမ်းလှမ်းချက်ကို သဘောမတူနဲ့။ သူက နင်ခုန်ချဖို့ တွင်းတူးပေးနေတာ "
ယဲ့ဖန်သည် သူမကို ပြုံးရုံသာ ပြုံးပြပြီး လီယောင်းဂျီကို လှည့်ကြည့်လိုက်သည်။
" ကောင်းပြီ၊ သဘောတူတယ် "
ယခုတစ်ကြိမ်တွင်တော့ လီယောင်းဂျီမှ အံ့ဩရအလှည့် ဖြစ်ခဲ့သည်။
တစ်ဖက်ကောင်လေးမှ ငြင်းပြီး အခြားညှိနှိုင်းမှု လုပ်မည်ဟု သူထင်ထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ပတ်ဆန်းဝူအား လောင်းကြေးပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးရန် အကြောင်းပြချက်တစ်ခု ရှာမည်ဖြစ်သည်။
သို့သော် တစ်ဖက်မှ တကယ်ကြီး သဘောတူလိုက်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
" မင်း ငါပြောတာရော နားလည်လား။ ငါပြောခဲ့တာက တစ်ပွဲရှုံးတာနဲ့ မင်း အပြစ်ပေးခံရမယ် "
တစ်ဖက်ကောင်လေးမှ သူ့စကားကို ရှင်းလင်းစွာ မကြားလိုက်ရဘူးဟု ထင်၍ ထပ်ပြန်ပြောသည်။
" နားလည်တယ်၊ စလိုက်ကြရအောင် "
ယဲ့ဖန်မှ အရေးမစိုက်စွာ ပြောလိုက်သည်။
ထိုတစ်ခါ ကြည့်နေကြသူတိုင်း အံ့ဩသွားကြသည်။
" ဒီကောင်လေး ရူးနေတာလား။ ဒီလောက် မမျှတပြီး ကြမ်းတမ်းတဲ့ အလောင်းအစားကို ဘယ်လိုလုပ် သဘောတူနိုင်တာလဲ "
" ဟုတ်တယ်၊ ဒါက အန္တရာယ်ကြီးလွန်းတာ မဟုတ်ဘူးလား။ သုံးပွဲမှာ တစ်ပွဲရှုံးတာနဲ့ အပြစ်ပေးခံရမှာလေ "
" သူ ဘာတွေတွေးနေလဲ ငါ တကယ် မသိတော့ဘူး။ သူ အနိုင်ရနေပြီးသားကို ဘာလို့သဘောတူလိုက်တာလဲ "
" အာ ..... ဒီဘက်ခေတ် လူငယ်တွေက အရမ်းစိတ်မြန်လက်မြန် ရှိလွန်းတယ် ..... "
ယဲ့ဖန်၏ လုပ်ရပ်ကို လူတိုင်းက နားမလည်နိုင် ဖြစ်နေကြသည်။
သူတို့ မကူညီနိုင်ဘဲ ခေါင်းယမ်းကာ သက်ပြင်းချကြသည်။
ချန်းဖေးအယ်သာ ယဲ့ဖန် တွေးနေသည့်အရာကို အကြမ်းဖျင်း နားလည်နိုင်သည်။
သူသည် ထိုကိုရီးယားများ၏ ဂုဏ်သိက္ခာကို လုံးဝ နင်းချေပြီး တရုတ်တွေအား အနိုင်ကျင့်ရန် မလွယ်ကြောင်း သူတို့ကို အသိပေးစေချင်တာ ဖြစ်သည်။
ပတ်ဆန်းဝူသည် အလွန်ဝမ်းသာသွားပြီး ရွှေဆံညှပ်ကို အမြန်ပြန်ချလိုက်သည်။
" ကောင်းပြီ၊ မင်း သဘောတူပြီးသားမလို့ စကားပြန်မပြောင်းရဘူး "
ယဲ့ဖန်သည် ကုလားထိုင်ပေါ်သို့ ထိုင်လျက် ဖြည်းညှင်းစွာဖြင့် နောက်သို့ မှီလိုက်သည်။
" ပြော၊ မင်း ဘာလောင်းချင်လဲ "
ပတ်ဆန်းဝူသည် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ပြီး လူအုပ်ထဲမှ နှင်းဆီပန်းစည်း ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးကို ရုတ်တရက် တွေ့လိုက်ရသည်။
သူသည် ချက်ချင်း လျှောက်သွားပြီး ထိုမိန်းမအား သူ့ကိုယ်သူ အရမ်းချောသည်ဟု ထင်သည့် အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။
" မိန်းမလှလေး၊ မင်းဆီက ပန်းတစ်ပွင့် ငှားလို့ရမလား "
ထိုအမျိုးသမီးသည် ချက်ချင်း သူ့ကို စွဲလန်းသွားပြီး မြန်မြန် ခေါင်းညိတ်လိုက်သည်။
" ဟုတ်၊ ရပါတယ် "
ပတ်ဆန်းဝူသည် ပန်းစည်းထဲမှ နှင်းဆီတစ်ပွင့်ကို ထုတ်ပြီး နောက်သို့ ပြန်လှည့်ကာ လမ်းလျှောက်လာခဲ့သည်။
" ပထမအချီကို ဒီပန်းပွင့်ထဲ ပွင့်ချပ် စုံဂဏန်းလား မဂဏန်းလား ဆိုတာကို ခန့်မှန်းကြည့်ရအောင် "
ယဲ့ဖန် သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။
" ဒါက လောင်းကစားတစ်ခု ဟုတ်လို့လား "
ပတ်ဆန်းဝူသည် သူမှန်သည့်အတိုင်း တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။
" မင်း အကြွေစေ့တုန်းကကျ လောင်းလို့ရပေမယ့် ပန်းပွင့်ချပ်တွေကျ မရဘူးလား "
ယဲ့ဖန် တခြားဘာမှ မပြောတော့ချေ။
" ကောင်းပြီ၊ ဒါဆို စလိုက်ရအောင်။ ငါ စုံကိန်းကို လောင်းမယ် "
ပတ်ဆန်းဝူသည် သူ့ကို သံသယမျက်လုံးဖြင့် ကြည့်နေသည်။
" ငါလည်း စုံဂဏန်းကို လောင်းချင်တယ် "
ယဲ့ဖန်သည် အရေးမစိုက်ဘဲ ပုခုံးသာ တွန့်ပြလိုက်သည်။
" ဒါဆို ငါက မဂဏန်းကို လောင်းမယ် "
လူတိုင်းသည် စကားမပြောနိုင် ဖြစ်ကုန်ကြသည်။
ဒီကောင်လေးက လက်လွတ်စပယ် လုပ်နေတာ မဟုတ်ဘူးလား။
ရှုံးရင် အပြစ်ပေးခံရမယ်ဆိုတာ သူ မသိဘူးလား။
ပတ်ဆန်းဝူသည် နှင်းဆီပန်းကို ချန်းဖေးအယ်ဆီ ချက်ချင်း ပေးလိုက်သည်။
" အလှလေး၊ ငါတို့အတွက် အတည်ပြုပေးနိုင်မလား "
ချန်းဖေးအယ်သည် ထိုလူကို စိတ်ထဲ အသည်းထဲမှ မုန်းတီးနေခဲ့သည်။
သို့သော် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမသည် နှင်းဆီပန်းကို ယူပြီး စားပွဲဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
သူမသည် ပန်းပွင့်ချပ်များကို တစ်ခုပြီးတစ်ခု ခြွေချလေသည်။
ပတ်ဆန်းဝူသည် ဘေးမှာထိုင်ပြီး သူမ၏ ဘေးတစ်စောင်းမျက်နှာကို စွဲလမ်းစွာ ကြည့်နေသည်။
သူမသည် ကြည့်လေလေ၊ ပို၍ စွဲမက်စရာကောင်းလေလေ ဖြစ်သည်။
ချန်းဖေးအယ်သည် သူ၏ အကြည့်များကို သေချာကြီး ခံစားမိနေပြီး သူ့မျက်လုံးများကိုပင် ဖောက်ထုတ်ပစ်ချင်လာသည်။
သို့သော် သူတို့သည် လောင်းကြေးပွဲတစ်ခုအလယ်တွင် ရှိနေသောကြောင့် သူမသည် လက်ရှိအချိန်တွင် သူမ၏ ဒေါသကိုသာ ထိန်းထားရသည်။
မကြာမီမှာပင် နှင်းဆီပွင့်ချပ်များမှာ တဖြည်းဖြည်း ကုန်လာတော့သည်။
" နှစ်ဆယ့်ခြောက် "
" နှစ်ဆယ့်ခုနစ် "
" နှစ်ဆယ့်ရှစ် ........ "
လူအုပ်ကြီးသည်လည်း ပြိုင်တူ အသံတိုးတိုးဖြင့် လိုက်၍ ရေတွက်ထားကြပြီး သူတို့၏ အသံများမှာ ပွင့်ချပ်ကုန်ခါနီးလေ ပိုမိုကျယ်လောင်လာလေ ဖြစ်သည်။
ပတ်ဆန်းဝူ တခြားအတွေးများ မတွေးနိုင်တော့ချေ။
သူသည် ပန်းပွင့်များကိုသာ စိုက်ကြည့်နေပြီး ကြည့်နေသည်နှင့်အမျှ သူ ပို၍ တုန်လှုပ်လာလေလေ ဖြစ်သည်။
ထိုအချိန်အတွင်း၌ လီယောင်းဂျီသည် ယဲ့ဖန်ကို အသေအချာ အကဲခတ်ကြည့်နေခဲ့သည်။
သို့သော် ထိုကောင်လေးမှ အမူအရာ လုံးဝ ပြောင်းလဲသွားခြင်း မရှိကြောင်းကို မြင်လိုက်ရသည်။
ထိုသည်က သူ့ကို သံသယဖြစ်စေသည်။
ဒီကောင်လေးရဲ့ ယုံကြည်မှုအားက ကောင်းလွန်းနေတာ မဟုတ်ဘူးလား။
ဒီလို ယုံကြည်မှုမျိုးကို သူ ဘယ်ကရလာတာလဲ။
လိမ်လှည့်စားပြီးတော့ ကစားတာလား။
အဲ့တာက ဘယ်လိုဟာသမျိုးလဲ။
ဒီနှင်းဆီပန်းတွေကို ကျပန်းရွေးချယ်ပြီးတော့ ပွင့်ဖတ်ကို ခန့်မှန်းတာက ကံတရားနဲ့ပဲ ဖြစ်နိုင်တယ်။
လှည့်စားဖို့ အခွင့်အလမ်း ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
သူသည် ပဟေဠိဖြစ်နေခဲ့ပြီး နောက်ဆုံးရလဒ်ကို စောင့်ရန်သာ ရှိတော့သည်။
ထိုအချိန်တွင် ပန်းပွင့်ချပ် အနည်းငယ်သာ ကျန်ရှိတော့သည်။
" လေးဆယ့်သုံး "
" လေးဆယ့်လေး "
" လေးဆယ့်ငါး "
ချန်းဖေးအယ်သည် နောက်ဆုံးပွင့်ချပ်ကို နှုတ်လိုက်သောအခါ သူမ၏ စိတ်နှလုံးသားအတွင်းထဲမှ ပျော်ရွှင်မှုကို မထိန်းနိုင်ဘဲ လက်သီးသေးသေးလေးကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။
ဒါက တကယ် ထူးထူးဆန်းဆန်းနဲ့ မဂဏန်းကို ကျသွားတာပဲ။
သူ ဘယ်လိုလုပ် ခန့်မှန်းလိုက်တာလဲ။
ပတ်ဆန်းဝူသည် စားပွဲပေါ်ရှိ ပြန့်ကျဲနေသော ပန်းပွင့်ဖတ်များကို ကြည့်ပြီးနောက် ပန်းရိုးကို ကြည့်လိုက်သည်။
သူ အမှန်ပင် အံ့သြသွားရသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒီကောင် မှန်းတာက မှန်နေပြန်ပြီလား။
သူ့မှာ ရွှေရောင်မီးတောက်မျက်လုံးတွေ ရှိနေလို့များလား။
ထိုအတွေးကို တွေးမိရင်း သူကိုယ်တိုင်ပင် ရယ်စရာကောင်းသည်ဟု ခံစားမိသည်။
လူတစ်ယောက်မှာ အရာရာ သိမြင်နိုင်စွမ်းရှိတဲ့ ရွှေရောင်မီးတောက်မျက်လုံးတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
ဒီကောင်ရဲ့ကံက တော်တော်လေး ကောင်းတာလို့ပဲ ပြောလို့ရမယ်။
ပွဲကြည့်နေသူများလည်း ပျော်ရွှင်သွားကြသည်။
" ဘုရားရေ၊ ငါ ထင်တာ မှန်တာပဲ။ ဒီညီလေးရဲ့ ကံက အရမ်းကို ကောင်းလွန်းတယ် "
" ဒီကံနဲ့သာဆို ထီတောင် ထိုးလို့ရနေလောက်ပြီ မဟုတ်လား "
" ထီကနေ ဘယ်လောက် ရနိုင်မှာမလို့လဲ။ သူက နောက်ထပ် ၂ချီလုံးသာ ဆက်တိုက်နိုင်ရင် သန်း၃၀၀တောင် ရမှာကွ "
" တော်ပါသေးတယ်၊ တကယ် အမြင်တေွလည်း ကျယ်ကုန်ပါပြီ ...... "
ဘေးပတ်ဝန်းကျင် တစ်ခုလုံးသည် ယဲ့ဖန်၏ နိုင်ပွဲကြောင့် အပျော်များသာ ကူးစက်ကုန်ကြသည်။
နှစ်သစ်ကူးပွဲတော်ကြီး ကျင်းပနေသကဲ့သို့ ဖြစ်နေသည်။
လီယောင်းဂျီသည် မတတ်နိုင်ဘဲ ယဲ့ဖန်ကို အကြိမ်အနည်းငယ် ထပ်မံ အကဲခတ်ကြည့်မိသည်။
ထိုလူငယ်လေး၏ ပညာရပ်နှင့် လုပ်ကွက်များကို သူ ဖောက်ထွင်း မမြင်နိုင်ချေ။
သူက ဘယ်လို မှန်အောင် ခန့်မှန်းလိုက်တာလဲ။
နည်းပညာတစ်မျိုးမျိုး ရှိနေလို့များလား။
ဒီလို ပွင့်ဖတ်ခန့်မှန်းတဲ့ ပွဲမျိုးမှာတော့ လိမ်ဖို့ အခွင့်အရေး မရှိနိုင်ဘူး မဟုတ်လား။
သို့သော် မည်သည်ကို မသိသော်လည်း တစ်စုံတစ်ခုမှာ မှားယွင်းနေမှန်း ခံစားမိသည်။
ယဲ့ဖန်သည် သူ့အကြည့်ကို သတိထားမိလိုက်သည်။
ထို့ကြောင့် မတတ်နိုင်ဘဲ စိတ်ထဲမှ ရယ်မောမိလေသည်။
သူ၏ နက်နဲသော စစ်ဆေးခြင်းစနစ်အကြောင်း လီယောင်းဂျီမှ သိလျှင် သူသည် ဤနေရာတွင် နေမည်မဟုတ်ချေ။
ပန်းတစ်ပွင့်တည်းကို မဆိုနှင့် ပန်းစည်းတစ်စည်းလုံးကိုဆိုလျှင်ပင် သူ ခန့်မှန်းနိုင်သည်။
ပတ်ဆန်းဝူမှ သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
" ဂုဏ်မောက်မနေနဲ့။ မင်း တစ်ပွဲပဲ နိုင်သေးတာ။ သဘောတူညီချက်အရ မင်း ဆုရဖို့ သုံးပွဲလုံး အကုန်နိုင်ရမှာ "
ယဲ့ဖန် အရေးမစိုက်စွာ ပုခုံးတွန့်ပြလိုက်သည်။
" နောက်တစ်ပွဲကို ဘာလောင်းမလဲဆိုတာ မင်း ရွေးနိုင်တယ် "
အပိုင်း ( ၉၄၄ )
ဒီလို အပြောင်းအလဲက ဖြစ်နိုင်ရဲ့လား။
ပတ်ဆန်းဝူသည် ဘေးပတ်လည်ကို ထပ်ပြီး လှည့်ပတ် ကြည့်လိုက်ပြန်သည်။
သူသည် လမ်းခွဆုံ၌ ကားများ ဖြတ်သန်းသွားလာနေသည်အား စိတ်ထဲ ရုတ်တရက် ရောက်လာသည်။
ထို့နောက် မျက်လုံးအရောင်များ လက်လာတော့သည်။
" ဒီလမ်းခွဆုံမှာ တစ်မိနစ်အတွင်း ဖြတ်သွားမယ့် ကားအရေအတွက်ကို လောင်းရအောင် "
ထိုထူးဆန်းသည့် ပြိုင်ပွဲအကြံပြုချက်ကို ကြားပြီး လူတိုင်းက မျက်လုံးဝေ့လိုက်မိကြသည်။
ဘာလဲဟ။ ဘာလို့ ဒီလို ရူးကြောင်ကြောင် လောင်းကြေးတွေပဲ လုပ်နေရတာလဲ။
ပတ်ဆန်းဝူ၏ မျက်နှာပေါ်၌ ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်လာသည်။
ယဲ့ဖန်သည် လိမ်လည်နည်းပညာတစ်ထောင်အား ကျွမ်းကျင်မှန်း သူသိလေသည်။
ထို့ကြောင့် ဖဲနှင့် အန်စာကဲ့သို့ ကစားပွဲမျိုး၌ လောင်းမည် မဟုတ်ပေ။
ပန်းပွင့်ဖတ်နှင့် ကားအရေအတွက် စသည်တို့မှာ ကံတရားပေါ်သာ အခြေခံသည်။
ထို့ကြောင့် တစ်ဖက်သူ၏ နည်းပညာများမှာ အလဟဿ ဖြစ်သွားပေမည်။
သူ၏ ထိုကဲ့သို့သော အကွက်ကျကျ စီစဉ်တတ်မှုကို ဦးနှောက်မရှိသည့် တရုတ်များက နားလည်နိုင်မည် မဟုတ်ချေ။
ယဲ့ဖန်သည် ပတ်ဆန်းဝူ၏ မာန်တက်နေသော မျက်နှာထားကို ကြည့်ပြီး မတတ်နိုင်ဘဲ စိတ်ထဲမှ လှောင်ရယ်လိုက်သည်။
" ကောင်းပြီ၊ ဒီတစ်ခါ ငါ ...... စုံ ဂဏန်းကို လောင်းမယ် "
ပတ်ဆန်းဝူသည် အကြိမ်အနည်းငယ် ရှုံးဖူးထားပြီးဖြစ်၍ ဤတစ်ကြိမ်၌ တွန့်ဆုတ်မနေတော့ပေ။
" ဒါဆို ငါ မ ဂဏန်းကို လောင်းမယ် "
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ ကစားပွဲမျိုးမှာ ကံပေါ်တွင်သာ အားထားရမည် ဖြစ်သည်။
ထို့ကြောင့် အငြင်းပွားစရာကိစ္စ ဘာမှမရှိပေ။
ယဲ့ဖန် စိတ်ထဲမှ လှောင်လိုက်သည်။
ကံကို တကယ် အားကိုးရမှာတဲ့လား။
သူ၏ နက်နဲသော စကန်ဖတ်စစ်ဆေးခြင်းသည် ဆယ်မီတာပတ်လည်အထိ အလုပ်လုပ်လေသည်။
ထို့အပြင် သူ၏ သာမန်ထက် ထူးကဲလှသော အကြားစွမ်းရည်ဖြင့် ဤကစားပွဲကို ကစားရခြင်းမှာ တစ်ကွက်ကြိုသာပြီး လှည့်စားနေခြင်းနှင့်ပင် တူနေသည်။
" အချိန်စပြီ "
ပတ်ဆန်းဝူသည် သူ၏ ဖုန်းကို ထုတ်ပြီး တစ်မိနစ်အချိန်စမှတ်လေသည်။
ထို့နောက် လမ်းဘက်ကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေသည်။
ဘေးမှ ပွဲကြည့်နေသူများ အားလုံးကလည်း လမ်းဘက်ကို လှမ်းကြည့်ကြသည်။
" တစ် "
" နှစ် "
" သုံး "
ကားတစ်စီး ဖြတ်သွားတိုင်း လူတိုင်းမှ တစ်ညီတစ်ညာတည်း အော်ကြသည်။
အချိန်တရွေ့ရွေ့ ကုန်လာသည်နှင့် လူတိုင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားလာကြတော့သည်။
အချိန်မစေ့မီ ၁၀စက္ကန့်သာ လိုတော့သည်။
" နှစ်ဆယ့်ခုနစ် "
ချန်းဖေးအယ်သည် လည်ချောင်းထဲသို့ နှလုံးသား ပျို့တက်လာသလိုပင် ခံစားလာရသည်။
သူမသည် လမ်းမဘက်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေပြီး ရင်ခုန်တုန်လှုပ်နေမှုကြောင့် လက်ဖဝါးတွင်လည်း လက်ဆီပြန်လာတော့သည်။
အချိန်မစေ့မီ ၅ စက္ကန့်သာ လိုတော့သည်။
" သုံးဆယ့်နှစ် "
ကိုရီးယားအုပ်စုသည်လည်း ဆက်၍ ငြိမ်မနေနိုင်တော့ပေ။
အားလုံးထရပ်ပြီး လမ်းခွဆုံ၌ ကားများ ဖြတ်သန်းသွားနေသည်ကို ကြည့်နေကြသည်။
အချိန်မစေ့မီ နှစ်စက္ကန့်သာ လိုတော့သည်။
" သုံးဆယ့်ရှစ် ........ "
" နောက်တစ်စီး၊ နောက်တစ်စီး ........ "
ပတ်ဆန်းဝူသည် နောက်တစ်စီးလာစေရန် ဆက်တိုက် ရေရွတ်နေသည်။
နောက်ထပ် ကားတစ်စီး ရောက်လာပါက သူ နိုင်မှာ ဖြစ်သည်။
တစ်မိနစ်ရေတွက်နေခြင်းမှာ ပြီးဆုံးတော့မှာ ဖြစ်ပြီး တစ်စက္ကန့်အလိုတွင် လမ်းခွဆုံ၌ ကားတစ်စီး ရုတ်တရက် ပေါ်လာသည်။
" သုံးဆယ့်ကိုးစီး "
ချန်းဖေးအယ်နှင့် အခြားတရုတ်လူအုပ်ကြီးမှာ စိတ်လေးလံသွားရသည်။
သူတို့ ရှုံးတော့မှာလား။
" ဟားဟား၊ ငါ နိုင်ပြီ "
ပတ်ဆန်းဝူသည် အလွန်ပျော်ရွှင်နေပြီး ပွဲခံ ဂုဏ်ပြုသောအားဖြင့် လက်သီးလက်မောင်း ဝှေ့ယမ်းလိုက်သည်။
သို့သော် ဆက်ဖြစ်လာသော အဖြစ်အပျက်က လူတိုင်းကို လုံးဝ ကြောင်အသွားစေခဲ့သည်။
ပတ်ဆန်းဝူအား နိုင်စေမည့်ကား ဖြတ်ပြီး စက္ကန့်ဝက်ပင် မကြာလိုက်ဘဲ အနီရောင်ပြိုင်ကားတစ်စီးမှာ အလင်းလို အရှိန်ဖြင့် တပြိုင်နက် တစ်ခါတည်း အတူတူ ဖြတ်သွားသည်။
အစီး လေးဆယ်။
စုံ ဂဏန်း
တခဏကြာသည်အထိ လူတိုင်းမှာ စိတ်နှင့်ကိုယ်နှင့် မကပ်သလို ဖြစ်သွားကြသည်။
ဒါကြီးက ဖြစ်ရော ဖြစ်နိုင်လို့လား။
သူတို့အားလုံးသည် ယဲ့ဖန်အား အနိုင်ရစေချင်သော်လည်း နိုင်လျှင်ပင် ဤသို့နည်းဖြင့် နိုင်မည်ဟု မထင်ထားကြပေ။
ဒါက တိုက်ဆိုင်တာလား။
အကယ်၍ အနီရောင်ပြိုင်ကားမှာ အလင်းလိုအရှိန်ဖြင့် ရုတ်တရက် မပေါ်လာပါက ပတ်ဆန်းဝူ အနိုင်ရမှာဖြစ်သည်။
အားလုံးသည် အလွန်ပင် ကြောက်လန့်သွားသော ခံစားချက်တစ်ခု ရလိုက်သည်။
" ဒီ ... ဒီညီလေးရဲ့ ကံက တကယ်လို့ မထင်ရလောက်အောင်ကို ကောင်းတာပဲ။ ဘယ်လိုဖြစ်ပြီး ဒီလို ပြောင်းသွားနိုင်ရတာလဲ "
" ငါဆို လည်ချောင်းထဲထိ ပျို့တက်လာတာ။ ဒီတစ်ခါတော့ ရှုံးပြီဆိုပြီး စိတ်မကောင်းဖြစ်နေတုန်း ပြိုင်ကားက အဲ့လောက် မြန်မြန် ထွက်လာမယ် မထင်ထားဘူး။ ဟားဟားဟား ...... "
" အရင်က ကံတရားကို ဘယ်တုန်းကမှ မယုံဖူးဘူး။ ဒါပေမဲ့ ဒီနေ့တော့ မျက်မြင်ကြုံလိုက်ရပြီ။ ဒါတွေ အားလုံးက ကံကြောင့်ပဲ "
" ကောင်းကင်ဘုံက လူကောင်းတွေကို စောင့်ကြည့်ပေးတယ်လို့ပဲ ပြောရမယ်။ လူကောင်း နတ်ကောင်း မ တာပေါ့။ ဒီညီငယ်လေးက နိုင်ဖို့ ထိုက်တန်ပါတယ် "
" ဟားဟားဟား၊ နတ်တွေချစ်တဲ့သူ ပေါ်လာတာပဲ ...... "
ချန်းဖေးအယ်သည် ယဲ့ဖန်ထက်ပင် စိတ်လှုပ်ရှားနေပြီး သူ၏ လက်ကို ကိုင်ဆွဲလျက် ခုန်ပေါက်နေတော့သည်။
" ဟားဟား၊ ငါတို့ ထပ်နိုင်ပြန်ပြီ။ နင် အရမ်းတော်တာပဲ "
ပတ်ဆန်းဝူသည် စိတ်တိုလွန်း၍ မျက်နှာ၌ အရေးအကြောင်းများပင် ပေါ်လာသလို မဲ့ရွဲ့ကုန်သည်။
ထိုပြိုင်ကား မပေါ်လာပါက သူသည် ထိုတရုတ်ကောင်ကို ဆွဲထုတ်ပြီး ရိုက်နှက်တော့မှာ ဖြစ်သည်။
အဲ့ကားကလည်း ဘာလို့ ဒီလိုအချိန်မှ ပေါ်လာပြီး ငါ့ကို ဒုက္ခပေးရတာလဲ။
သို့သော် သူသည် မည်သို့ပင် လက်မခံချင်ပါမူ ဤပွဲအား အမှန်တကယ် ရှုံးနိမ့်သွားခဲ့ရသည်။
သူသည် ယဲ့ဖန်အား ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေသည်။
ထိုကောင်မှာ အတော်လေး ထူးဆန်းသည်ဟု သူ ခံစားမိသည်။
အကယ်၍ တစ်ကြိမ်တစ်ခါ မှန်အောင် မှန်းနိုင်သည်ဆိုပါက ကံကောင်းသည်ဟု သတ်မှတ်နိုင်သည်။
သို့သော် ထိုကောင်မှာ ဆက်တိုက် မှန်ကန်စွာ မှန်းဆနိုင်နေသည်။
မည်မျှပင် ကံကောင်းစေကာမူ အချိန်တန်လျှင် ကံကောင်းမှု ကုန်သွားမှာ ဖြစ်လေသည်။
ဒါဆို သူ့ကို သရဲဝင်ပူးနေတာများလား။
ကိုရီးယားများမှာ သရဲတစ္ဆေနှင့် နတ်ဘုရားများကို တရုတ်တွေထက် ပို၍ ယုံကြည်သက်ဝင်လေသည်။
သူသည် တစ်ဆက်တည်း ထူးခြားဆန်းကြယ်စွာ ဆက်တိုက် ရှူံးခဲ့၍ မတတ်နိုင်ဘဲ သံသယ ဖြစ်မိတော့သည်။
၃ပွဲအနက်မှ သူသည် ၂ပွဲကို တရစပ် ရှုံးခဲ့သည်။
သူသည် ယခင်ကကဲ့သို့ စိတ်အေးမနေနိုင်တော့ပေ။
သူသည် နောက်တစ်ပွဲ ထပ်ရှုံးပါက အရင်လောင်းကြေးကို တာဝန်ယူရမည့်အပြင် သူတို့ အနိုင်ရရှိထားသော သန်း၃၀၀ကိုလည်း ပေးရပေလိမ့်မည်။
သူသည် အလွန်ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် လီယောင်းဂျီ၏ စကားသံကို သူ ရုတ်တရက် ကြားလိုက်ရသည်။
" ဆန်းဝူ၊ ဖယ်နေလိုက်။ ငါ သူနဲ့ ရှင်းလိုက်မယ် "
ပတ်ဆန်းဝူသည် သူ့ဆရာ၏ စကားများကို ကြားပြီးနောက် စိတ်ချသွားသယောင် သက်ပြင်းချလိုက်သည်။
သူသည် တတိယအချီ၌ အမှန်ပင် ရှုံးသွားပါက သူ၏ ဆရာဖြစ်သူနှင့် အခြားဆရာတူအပေါင်းအဖော်များကို မျက်နှာပြရဲတော့မည် မဟုတ်ပေ။
ဆရာမှ ဤပွဲအား လက်လွှဲယူခြင်းသည် သူနှင့် ဖိအား မျှဝေယူလိုက်ခိုင်းဟု ဆိုနိုင်သည်။
လီယောင်းဂျီသည် ယဲ့ဖန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
" ဒီကလူကြီးမင်း၊ ငါ ဒီပွဲကို မင်းနဲ့ ကစားမယ်။ ငြင်းချင်တာရှိလား "
သူသည် ယဲ့ဖန်ကို အတော်ကြာ လေ့လာခဲ့သည်။
ပို၍ ကြာကြာ ကြည့်လေလေ၊ ထိုလူငယ်လေးမှာ နားလည်ရ ခက်လာလေလေ ဖြစ်သည်။
အကယ်၍ သူသည် ပတ်ဆန်းဝူကို ဆက်ပြီး ကစားခိုင်းပါက ရှုံးကောင်း ရှုံးသွားနိုင်သည်။
ထို့ကြောင့် သူသည်လည်း ရွေးစရာ မရှိဘဲ ကိုယ်တိုင် ဝင်ပါရတော့သည်။
ယဲ့ဖန်မှ ဘာမှမပြောခင် ပွဲကြည့်သူများက မကျေမနပ် ဖြစ်လာကြတော့သည်။
" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းတပည့်နဲ့ ကစားဖို့ သဘောတူခဲ့တာလေ။ လမ်းတစ်ဝက်မှ ပြောင်းချင်လို့ ရမလား "
" ဟုတ်တယ်၊ ဒီလိုလုပ်တိုင်း ရမလားကွ။ အငယ်တန်းက မရတာနဲ့ အကြီးတန်းက ဝင်ကာပေးလို့ ရရင် အကုန်နိုင်နေမှာပေါ့ "
" ကိုရီးယားတွေက ကိုရီးယား ပီသပါပေတယ်။ စကားကို ဘယ်တော့မှ မတည်ဘူး "
" ညီလေ၊ သူပြောတာ သဘောမတူနဲ့။ ဟိုတစ်ယောက်နဲ့ပဲ ဆက်ပြိုင်ရအောင် ...... "
လီယောင်းဂျီ၏ ခွန်အားသည် ပတ်ဆန်းဝူထက် များစွာ သာလွန်းကြောင်း သူတို့ သိလေသည်။
ထိုလူသည် တစ်မနက်တည်းဖြင့် ယွမ်၁သောင်းမှ စကာ ယွမ်သန်း၃၀၀အထိ အနိုင်ရခဲ့သည်။
ထိုကဲ့သို့သော လူကိုယ်တိုင် ထွက်လာပါက ယဲ့ဖန် အန္တရာယ်ရှိပေမည်။
သို့သော် ယဲ့ဖန်၏ အမူအရာမှာတော့ ပြောင်းလဲသွားခြင်း မရှိပေ။
စကားတစ်ခွန်းတည်းသာ ပြန်ဖြေလိုက်သည်။
" ရတယ် "