← Chapters

လူငယ်များကြားမှ အငြင်းပွားမှု

Vol. 147 Ch. 2090

လူငယ်များကြားမှ အငြင်းပွားမှု

Vol. 147 Ch. 2090

ရီဖူရှင်းက ရှောင်လင်းနောက်မှ လိုက်ကာ လေးမျက်နှာကျေးရွာ တဝိုက် လျှောက်ကြည့်ခဲ့သည်။ သူတို့သည်  အိမ်ခြေများ ထူထပ်စွာ ရှိနေသည့် လမ်းတစ်ခုသို့ ရောက်လာကြ၏။  ဤသည်မှာ လေးမျက်နှာကျေးရွာ၏ အလယ်ဗဟို၌ တည်ရှိသော လေးမျက်နှာလမ်း ဖြစ်သည်။

သူတို့က ဤနေရာ၌ လူအများကြီးနှင့် တွေ့ဆုံခဲ့ကြသည်။ ရွာသားများအပြင် အပြင်လူများစွာလည်း ရှိသည်။

"အပြင်ဘက်က လာတဲ့ လူတွေ အားလုံးမှာ ရိုးရှင်းတဲ့ လူ တစ်ယောက်မှ မရှိဘူး။" ပေ့ကုံးအော့က ရေရွတ်လိုက်သည်။

"လေးမျက်နှာကျေးရွာကို ဝင်လာနိုင်တဲ့ သူအားလုံးက ကောင်းမွန်တဲ့ ကံတရားကို ပိုင်ဆိုင်ထားတဲ့ သူတွေပဲ။ ငါ သိသလောက်တော့ ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်နဲ့ တန်ခိုးရှင်တွေသာ ဒီလို ကံကောင်းမှုမျိုး ရှိကြတယ်။ ဒါကြောင့် လေးမျက်နှာကျေးရွာမှာ မြင်ရတဲ့ တန်ခိုးရှင်တွေထဲမှာ လင်းဟယ်၊ ယန်တုန်းရန်၊ နတ်မိမယ်ထိုက်ဟွာ၊ ကျန်းယွဲ့လီ၊ ချင်းချင်းတို့နဲ့ တူညီတဲ့ ကျင့်ကြံဆင့်ရှိသူတွေ ပါနိုင်တယ်။ သူတို့ အားလုံးက မျက်လုံးနဲ့ မြင်နေရတာထက် ပိုတယ်။" ချန်ယိက ပျင်းရိစွာ ပြောလိုက်သည်။

ပေ့ကုံးအော့က ခေါင်းညိတ်လိုက်သော်လည်း သူက အနည်းငယ် တွေဝေနေကာ မေးလိုက်၏။ "ဒါဆို ငါ ဘယ်လိုဝင်လာတာလဲ။"

"ဘယ်သိမှာလဲ။" ချန်ယိက ပခုံးတွန့်လိုက်သည်။ "ခင်ဗျားကလည်း ကံကောင်းတဲ့လူမလို့နေမှာပေါ့။"

ပေ့ကုံးအော့က ရီဖူရှင်းကို လှမ်းကြည့်လိုက်သည်။ သူ ရီဖူရှင်းအား သိကတည်းက ကြီးမားစွာ ပြောင်းလဲမှုအချို့ အမှန်တကယ် ရှိခဲ့သည်။ ပြောရလျှင် သူက တကယ့်ကို ကံကောင်းမှုအချို့ ရှိခဲ့၏။

"ဦးလေးရီ.. ကျွန်မ သီးသန့်စာသင်ကျောင်းကို လိုက်ပို့မယ်လေ။" လင်းက ပြောလိုက်သည်။

"အဲဒါက ဘယ်နေရာလဲ။" ရီဖူရှင်းက မေးလိုက်သည်။

"အဲဒီနေရာက ဆရာသခင် စာသင်တဲ့ နေရာလေ။ ကျွန်မ အဲဒီကို သွားပြီး သင်ယူလို့မရတာ နှမြောစရာပဲ။" လင်း၏ မျက်လုံးများက အနည်းငယ် မှိန်ဖျော့သွားသည်။ ရီဖူရှင်းက ထိုဆရာအကြောင်း အနည်းငယ် သိချင်နေသည်အတွက်ကြောင့် သူနှင့် သွားတွေ့ရန် ငြင်းဆန်ခြင်း မရှိပေ။

သူတို့က လေးမျက်နှာလမ်းတလျှောက် နံရံတစ်ခု ပေါ်ပေါက်လာသည်အထိ လမ်းဆုံးတိုင် လျှောက်လာကြသည်။ ရီဖူရှင်း မျက်လုံးထဲတွင် ထိုနံရံက ထူးခြားသော အလင်းများဖြင့် တောက်ပနေပြီး ရွှေရောင်လင်းလက်နေသည်။

နံရံ၏ အခြားတစ်ဖက်မှ သင်ကြားပို့ချသံ ခပ်ရေးရေးကို ကြားနိုင်သည်။ ရီဖူရှင်းက ပုံမှန်မဟုတ်သော အရှိန်အဝါကို ခံစားမိလိုက်၏။ သူက မျက်လုံးများကို ဖွင့်ကာ အရာအားလုံးကို မြင်နိုင်စွမ်းရှိသည့် နတ်မျက်လုံးများအား အသုံးပြုလိုက်သည်။ သူက ကောင်းကင်ထက်တွင် ပေါ်လာသော ရွှေရောင်စာလုံးများအား မြင်တွေ့လိုက်ရ၏။ စာလုံးတိုင်း၌ မဟာလမ်းစဉ်၏ ဆူညံသော နတ်တေးသံများ ပါဝင်နေသည်။

"ဒါက..."

ရီဖူရှင်း၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုတို့ ဖြစ်ပေါ်လာသည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ထိုမျှ ထူးခြားဆန်းကြယ်သော မြင်ကွင်းကို မြင်ဖူးခြင်း ဖြစ်၏။ ရီဖူရှင်းသာ မဟုတ်ဘဲ သူ့အနီးရှိ အားလုံးသော တန်ခိုးရှင်များကလည်း ပုံမှန်မဟုတ်သော တစ်ခုခုကို ခံစားမိကြသည်။ သူတို့၏ မျက်လုံးများက လင်းလက်ကာ အနည်းငယ် အံ့အားသင့်သွားကြ၏။

သီးသန့်စာသင်ကျောင်းထဲ၌ သင်ကြားနေသော ဤဆရာက မည်သူနည်း။

"ဆရာက ပို့ချမှုတချို့ ပေးနေတာ ဖြစ်မယ်။" လင်းက မနာလိုစွာ ကြည့်လိုက်သည်။ ထိုအခိုက်တွင် အလင်းတန်းများက တဖြေးဖြေး ပျောက်ကွယ်လာပြီး အထဲမှ အသံက ရပ်တန့်သွားကာ အသံတချို့ လိုက်ပါလာသည်။

အချိန်အနည်းငယ် ကြာပြီးနောက် လူအချို့က နံရံနှစ်ဖက်လုံးမှ လမ်းလျှောက်ထွက်လာကြသည်။ သူတို့က လူငယ်များဖြစ်ပြီး အချို့က အသက်ကြီး၍ အချို့က ငယ်ရွယ်သည်။ အငယ်ဆုံးမှာ ခုနစ်နှစ် ရှစ်နှစ်သာ ရှိသည်။ ၎င်းတို့က ကြီးမားသော အဖွဲ့တစ်ခုမဟုတ်သော်လည်း ဤလူငယ်များမှာ လေးမျက်နှာကျေးရွာအတွင်းမှ အကောင်းဆုံး ကောင်းချီးများအား ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။

လင်းသည် ဆရာသခင်က သူမကို ကျင့်ကြံရန် ခွင့်မပြုဟု ပြောခဲ့ပြီး သူမကို ကျင့်ကြံခွင့်ပြုခဲ့လျှင်ပင် နောက်ပိုင်း လမ်းခုလတ်၌ ပြဿနာတွေ့နိုင်သည်။ ဆိုလိုသည်မှာ ဤလူများအားလုံးက ကျင့်ကြံနိုင်သော စွမ်းရည်ရှိကြသည်။ ထို့အပြင် သူတို့က ပုန်းကွယ်နေသော မဟာလမ်းစဉ်နှင့် မွေးဖွားလာကြပြီး အခြားလူများနှင့် ကွာခြားကြ၏။ သူတို့ ဆက်လက်ကျင့်ကြံနိုင်သရွေ့ သူတို့အားလုံးက အနာဂတ်တွင် ထူးချွန်ထက်မြက်သူများ ဖြစ်လာနိုင်သည်။

ရီဖူရှင်းသည်လည်း စိတ်ဝင်စားဖွယ် သဘာဝတစ်ခုကို ရှာတွေ့ခဲ့၏။ လေးမျက်နှာကျေးရွာမှ ရွာသားများကို အလွယ်တကူ ခွဲခြားနိုင်သည်။ အများစုက နှိမ့်ချစွာနှင့် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ကြပြီး လူအနည်းငယ်က တောက်တောက်ပပ ဝတ်စားထားကာ အခြားလူများနှင့် ကွဲပြားနေသည်။

ကြည့်ရသည်မှာ လေးမျက်နှာကျေးရွာအတွင်းမှ အချို့က အပြင်လောကနှင့် အဆက်အသွယ်ရှိပုံရလေသည်။ မဟုတ်လျှင် ရွာအတွင်း၌ ထိုမျှ တန်ဖိုးကြီးသော အဝတ်အစားများ ရှိလိမ့်မည် မဟုတ်ပေ။ လေးမျက်နှာကျေးရွာအတွင်းမှ ရွာသားများတွင် မတူညီသော နောက်ခံများ ရှိကြသည်ကို ယခင်က ရီဖူရှင်းနှင့် ဆုံခဲ့ဖူးသော ဖန်းမိသားစုက သက်သေပြနေသည်။

"လင်း" ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ခန့်ရှိသော လူငယ်တစ်ယောက်က သူတို့ထံ လျှောက်လာသည်။ ကောင်လေးက ရိုးသားကာ ကလေးဆန်သော မျက်နှာရှိသော်လည်း အတော်လေး အရပ်ရှည်၏။ သူက ငယ်ရွယ်သေးသော်လည်း အရွယ်ရောက်လာသည့်အခါ မည်မျှ ထွားကြိုင်းလာမည်ကို ပြောနိုင်သည်။ ထိုအချက်ကြောင့် သူက အခြားလူများထက် ပို၍ ရင့်ကျက်ပုံပေါက်ကာ လူကြီးတစ်ယောက်ဟု ထင်မှတ်ရ၏။

လေးမျက်နှာကျေးရွာသည် မကျယ်ပြန့်သောကြောင့် ရွာသားအများစုက အချင်းချင်း သိကြသည်။

"အစ်ကိုထျယ်ထို" ရှောင်လင်းက အပြုံးနှင့် ခေါ်လိုက်သည်။ ထျယ်ထိုဟု ခေါ်သော အတော်လေး သဘောကောင်းဟန်ရသည့် လူငယ်လေးက ခေါင်းကုတ်လိုက်သည်။

"ထျယ်ထို မင်းက ညီမ​လေးလင်းကို မြင်တိုင်း ရှက်နေတော့တာပဲလား။" သူ့ဘေးမှ ဆယ်ကျော်သက်လေးက စနောက်လိုက်သည်။ ဤလူငယ်များက ဆယ်ကျော်သက်လေးများ ဖြစ်သော်လည်း အရွယ်နှင့် မလိုက်ကြပေ။

သူတို့က စနောက်လိုက်သည့်အတွက် ထျယ်ထိုက ရှက်သွားသည်။ သူက စကားလမ်းကြောင်းလွှဲကာ လင်းကို ပြောလိုက်၏။ "လင်း သူတို့က မင်း အိမ်က ဧည့်သည်တွေလား။"

"အင်း" ရှောင်လင်းက ​ခေါင်းညိတ်ပြီး မိတ်ဆက်ပေးလိုက်သည်။ "ဒါက ဦးလေးရီ။ ဒီဘက်က အစ်မရှား။"

"မင်္ဂလာပါ ဦးလေးရီ။" ထျယ်ထိုက ပြောလိုက်သည်။ သူက ရှားရှင်းယွန်ကို ကြည့်ကာ မေးလိုက်၏။ "အစ်မရှားက နတ်မိမယ်များလား။"

ရှားရှင်းယွန်က ခေတ္တမျှ မှင်တက်သွားသော်လည်း သူမက နူးညံ့စွာ ပြုံးလိုက်သည်။ "မဟုတ်ပါဘူး။"

"နတ်မိမယ်မဟုတ်တဲ့ တစ်စုံတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် လှနိုင်ရတာလဲ။" ထျယ်ထိုက ခေါင်းကုတ်ရင်း ပြောလိုက်သော်လည်း အခြား ဆယ်ကျော်သက်လေးများက ဝိုင်းရယ်လိုက်ကြသည်။

"ငတုံးကောင်"

ကောင်းမွန်စွာ ဝတ်စားထားသော လူငယ်လေး ပြောလိုက်သည့်စကားက လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။ ထိုလူငယ်လေးက ကြည့်ကောင်းပြီး ငယ်ငယ်ရွယ်ရွယ်မှာပင် မြင်ရခဲသည့် ထူးခြားဆန်းကြယ်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

"မင်း မဟုတ်ဘူးလား။" ထျယ်ထိုက တစ်ဖက်လူငယ်လေးကို စိုက်ကြည့်လိုက်သည်။

ခမ်းနားထည်ဝါသော အရှိန်အဝါနှင့် လူငယ်လေးသည် ရီဖူရှင်းနှင့် ရှားရှင်းယွန်မှလွဲ၍ အခြား မည်သူ့ကိုမှ ဂရုစိုက်မနေပေ။ သူက ငယ်ရွယ်သော်လည်း လူစိမ်းများအား ကြောက်ရွံ့ခြင်း မရှိသလို စိတ်လှုပ်ရှားခြင်းလည်း မရှိပေ။ သူက ရီဖူရှင်းနှင့် သူ့လူများကို စစ်ဆေးကြည့်ရှုနေသည်ဟုပင် ပြောနိုင်သည်။ ထိုသည်မှနေ၍ လူငယ်လေး၏ မောက်မာမှုနှင့် ပမာမခန့်ပြုမှုတို့ကို မြင်နိုင်၏။

"ငါ့ အစ်ကို ပြောတော့ အပြင်မှာ ဒီလိုမျိုး တန်ခိုးရှင်တွေ အများကြီးပဲတဲ့။ လှပဖို့အတွက် အမျိုးသမီးတွေက နတ်မိမယ်ဖြစ်ဖို့ မလိုဘူး။" လူငယ်လေးက သူတို့ကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "ငါ သိသလောက် သူတို့ရှေ့မှာ ရွာကို ဝင်လာတဲ့ အခြားအဖွဲ့နှစ်ခုရှိပြီး သူတို့ထဲက တစ်ယောက်ဆို ရှန်ချင်းနယ်မြေရဲ့ အဆင့်မြင့်ကောင်းကင်တတိယအလွှာ လုမိသားစုက ပါရမီရှင် လုချီရှင်း ဖြစ်ပြီး နောက်တစ်ယောက်က အန်းရော့ဆု ပဲ။ ငါတို့ စာသင်နေတုန်းက အနီရောင်မေပယ်တွေ ပွင့်လာတာ မြင်တယ်မလား။ ပြီးတော့ အဲဒီနှစ်ယောက်ကို ဖိတ်ခေါ်လိုက်နိုင်တဲ့ သူတွေကိုလည်း မင်းတို့ အားလုံးသိတယ်။ သူတို့ ရွာထဲကို ဝင်လာတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ဒါကြောင့်ပဲ သူတို့က အဘိုးမာအိမ်ကို ရောက်သွားကြတာ။ အဲဒီတော့ ဘာတွေ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ။I

ထိုလူငယ်လေး ပြောသည့် စကားများက အတော်လေး ထက်ရှပုံရသည်။ လင်းက ခေါင်းငုံ့ထားပြီး လူငယ်လေးပြောသည်က အမှန်ဖြစ်ကာ သူမကိုယ်သူမ မှားယွင်းစွာ လုပ်ဆောင်မိသည်ဟု ခံစားရသည့် အတွက် ပြိုင်မငြင်းရဲပေ။ လူငယ်လေး၏ မိသားစုက လေးမျက်နှာကျေးရွာတွင် ထူးခြားသော အဆင့်အတန်းရှိပြီး ဆရာသခင်က သူ့ကို နှစ်သက်သည်။

တစ်ဖက်လူ၏ ရှေ့တွင် သူမက အတော်လေး သတိထားနေပုံရ၏။

"ငါတို့ လေးမျက်နှာကျေးရွာကို ရောက်လာတဲ့ ဧည့်သည်တွေ အားလုံးက အဝေးကြီးကနေ လာကြတယ်ဆိုတာပဲ ငါသိတယ်။ မင်း အဲဒီလို အမှိုက်စကားတွေ လျှောက်ပြောနေစရာမလိုဘူး။" ထျယ်ထိုက မကျေမနပ်နှင့် ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။ လူငယ်လေးက အလွန်ထက်ရှသော အကြည့်များနှင့် ထျယ်ထိုအား လှည့်ကြည့်လိုက်၏။

"မင်း တိုက်ခိုက်ချင်တယ်ဆိုရင်တောင် ငါ မကြောက်ဘူး။" ထျယ်ထိုက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက ငယ်ရွယ်လျှင်ပင် သူ့ခန္ဓာကိုယ်ထက်၌ ဆန်းကြယ်သော အလင်းတစ်ခု စီးဆင်းနေသည်။ တောရိုင်းကောင်တစ်ကောင်ကဲ့သို့ ဖိနှိပ်နိုင်သော အင်အားက သူ့အနီးတွင် ပေါ်ပေါက်လာသည်။

လေးမျက်နှာကျေးရွာ၏ အပြင်ဘက်မှ လူများကို တိုက်ခိုက်ရန် ခွင့်မပြုထားသော်လည်း ရွာသားများကြား၌ ထိုစည်းကမ်းမျိုး မရှိပေ။

"မျက်မမြင်ပန်းပဲဆရာက ငါ့ကို စိန်ခေါ်ဖို့ ထိုက်တန်တယ် ထင်လို့လား။" လူငယ်လေးက ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။ သူက ထျယ်ထိုကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုထားပုံပေါ်၏။

"မင်း..." ထျယ်ထိုက တစ်ဖက်လူ၏ စကားကို ကြားသောအခါ ချက်ချင်း ဒေါသထွက်လာတော့သည်။ သူက ကျားတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်၏။ သို့သော် ထိုအခိုက်တွင် လူငယ်လေး၏ နောက်တွင် ရပ်နေသော ဆယ်ကျော်သက်နှစ်ယောက်က သူ့ကို လှောင်ပြောင်သရော်ပြီး စိုက်ကြည့်လိုက်ကြသည်။

"တော်လောက်ပြီ။" နံရံနောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံကို ကြားသည့်အခါ ထျယ်ထိုက ဒေါသထွက်နေဆဲ ဖြစ်သော်လည်း ချက်ချင်း ငြိမ်သက်သွား၏။ သူက နံရံဘက်သို့ ကြည့်ကာ ပြောလိုက်၏။ "ဆရာ မုယွင်က လူမိုက်လုပ်နေတယ်။"

"မုယွင်...." အထဲမှ အသံက ထပ်ပြောလိုက်သော်လည်း သူ ပြော၍ မပြီးခင် မုယွင်က နံရံဘ​က်သို့ အရိုအသေပေးကာ ပြောလိုက်သည်။ "ဆရာ မုယွင်က စကားပြောမှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ။"

"ထပ်မလုပ်နဲ့။" ဆရာက ပြောလိုက်ပြီး မုယွင်က ခေါင်းညိတ်လိုက်၏။ သူက ထျယ်ထိုကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားသည်။ သိသာစွာပင် သူက သူ့ကိုယ်သူ မှားသည်ဟု မထင်ပေ။ သူ့ဆရာက ပြောသည့်အတွက်ကြောင့် သူက အမှားဟု ဝန်ခံခဲ့ရုံသာ ဖြစ်သည်။

ထို့အပြင် သူက ဆရာ့ကိုသာ တောင်းပန်ခဲ့ပြီး ထျယ်ထိုကို မဟုတ်ပေ။

ရီဖူရှင်းက တိတ်ဆိတ်စွာသာ စောင့်ကြည့်နေခဲ့သည်။ သူက ဤလူငယ်လေးများကို အများကြီး အာရုံမစိုက်ခဲ့ချေ။ သို့သော် သူသည်  ဆရာ၏ သဘောထားကြောင့် အနည်းငယ် အံ့သြသွားသည်။ ဆရာက အဆင့်အတန်းမြင့်မားသော တစ်စုံတစ်ယောက်ဖြစ်ပြီး သူ၏ စကားလုံးများက အာဏာရှိလိမ့်မည်။ သို့သော် သူက ကောင်လေး၏ ရိုင်းပြမှုကို သေချာ ဆုံးမခြင်းမရှိဘဲ သာမန်မျှသာ အပြစ်တင်ခဲ့သည်။ လေးမျက်နှာကျေးရွာမှ ကလေးများအပေါ် သူ၏ သဘောထားက ဤကဲ့သို့ပေလား။

"လင်း... ဦးလေးရီကို ငါတို့အိမ် အလည်ခေါ်သွားရအောင်။" ထျယ်ထိုက ရှောင်လင်းကို ပြောလိုက်သည်။

ရှောင်လင်းက ​ခေါင်းကို မော့ကာ ရီဖူရှင်းအား ကြည့်လိုက်၏။ ထို့နောက် ရီဖူရှင်းက သူ့အကြည့်များကို နံရံမှ ခွာလိုက်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းတယ်။"

သူတို့က ပြောလိုက်ပြီး လှည့်ထွက်သွားကာ လေးမျက်နှာလမ်း၏ အခြားဘက်သို့ ဦးတည်လိုက်သည်။

သိပ်မကြာခင်မှာပင် သူတို့က ပန်းပဲဆိုင်သို့ ရောက်လာပြီး ဆိုင်အတွင်း၌ ပန်းပဲထုနေသည့် ဆံပင်များရှုပ်ပွနေပြီး အပေါ်အင်္ကျီမပါသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ သံအား ထုနှက်နေသော အသံများကိုလည်း ကြားနေရသည်။ ထိုလူက ရီဖူရှင်းနှင့် အခြားသူများ ဝင်လာသော အခါ၌ပင် မရပ်တန့်ခဲ့ပေ။ သံကို ရိုက်ခတ်နေသည့် အသံက စည်းချက်ကျ၏။ ပို၍ အနီးကပ်နားထောင်လေ တူရိုက်ခတ်သံ တစ်ချက်နှင့် တစ်ချက် ကွာခြားချိန်က တိကျကာ စည်းချက်မလွဲသည်ကို သိလာရသည်။

အချိန်အနည်းငယ် ကြာပြီးနောက် သူ ပန်းပဲထုခြင်း ပြီးဆုံးသွားသည့်အခါမှ ရပ်တန့်လိုက်သည်။ သူက ခေါင်းကို မော့ကာ ရီဖူရှင်းတို့ဘက်သို့ ကြည့်လိုက်၏။  ရီဖူရှင်းသည် သူ၏ အခေါင်းပေါက်မျက်လုံးများကို မြင်သည့်အခါမှ ထိုလူက အမှန်တကယ် မျက်စိမမြင်ကြောင်း သတိပြမိလိုက်သည်။

ထိုအခါမှသာ ရီဖူရှင်းသည် မုယွင်၏ စကားများက မည်မျှ ရိုင်းစိုင်းကြောင်း သတိပြုမိလိုက်ပေသည်။

***

All Chapters