← Chapters

မောက်မာသော လူငယ်လေး

Vol. 147 Ch. 2091

မောက်မာသော လူငယ်လေး

Vol. 147 Ch. 2091

ထျယ်ထို၏ အဖေက မျက်စိမမြင်သော လူတစ်ယောက် ဖြစ်ပြီး ရွာသားအများစုက မျက်မမြင်ထျယ်ဟု ခေါ်ကြသည်။ သူက ထိုအမည်နှင့် အသားကျနေပြီဖြစ်ပြီး ဆန့်ကျင်ခြင်း မပြုပေ။ ရလဒ်အနေနှင့် သူ၏ အမည်ရင်းမှာ မေ့ပျောက်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။

"ထျယ်ထို ဒီမှာဧည့်သည်တွေ ရောက်နေတာလား။" ရီဖူရှင်းနှင့် အခြားလူများကို မျက်နှာချင်းဆိုင်ရင်း မျက်မမြင်ထျယ်က သူ့သားကို မေးလိုက်သည်။

"အဖေ ဒါက ရှောင်လင်းနဲ့ သူမရဲ့ ဧည့်သည်တွေပါ။ သူမ ဖြတ်သွားတော့ ကျွန်တော် သူမကို အထဲဝင်ထိုင်ဖို့ ဖိတ်ခေါ်လိုက်တာ။" ထျယ်ထိုက မျက်မမြင်ထျယ်ကို ပြောလိုက်သည်။

"ဦးလေးထျယ်။" ရှောင်လင်းက မျက်မမြင်ထျယ်ကို ကြည်လင်သာယာသော အသံလေးနှင့် နှုတ်ဆက်လိုက်သည်။  သူမ၏ အဘိုးက သူ့ထံသို့ မကြာခဏ လာရောက်လည်ပတ်တတ်သည့် အတွက် သူမက မျက်မမြင်ထျယ်နှင့် ရင်းနှီးသည်။ သူမ အဘိုး၏ စကားအရ မျက်မမြင်ထျယ်နှင့် သူမ မိဘများက မိတ်ဆွေကောင်းများ ဖြစ်ကြသည်ဟု ဆိုသည်။ လင်းက သူမ မိဘများအကြောင်းကို အမှတ်မရသော်လည်း သူမက မျက်မမြင်ထျယ်နှင့် ရင်းနှီးပြီး သူက သူမကို အလွန် ကောင်းမွန်စွာ ဆက်ဆံပေးသည်။ သူမက ထျယ်ထိုနှင့် ငယ်စဉ်ကတည်းက ကစားဖော် ကစားဖက်များ ဖြစ်ကြသည်။

"အိုး ဒါက ရှောင်လင်းလေးလား။"  မျက်မမြင်ကျယ်၏ အသံက ပိုပြီး နူးညံ့လာသည်။ သူက ပြောလိုက်၏။ "မင်း မလာတာတောင် ကြာပြီ။ အဘိုးရော ကျန်းမာရေး​ ကောင်းရဲ့လား။"

"ဟုတ်.. အဘိုးက ကောင်းပါတယ်။" လင်းက ခေါင်းညိတ်လိုက်သည်။

"အဲဒါ ကောင်းတယ်။ အဘိုးမာက မလာတာ ရက်နည်းနည်းတောင် ရှိပြီ။" မျက်မမြင်ထျယ်က ပြောလိုက်သည်။ "လာ.. ထိုင်ပါဦး။ ဧည့်သည်တွေ ကျုပ်ရဲ့ စုတ်နေတဲ့ အိမ်လေးကို စိတ်မရှိရင် ကြိုက်သလို ထိုင်နိုင်ပါတယ်။"

"စိတ်မရှိပါဘူး။ အနှောက်အယှက် ပေးရတာ အားနာပါတယ်။" ရီဖူရှင်းက ပြောလိုက်၏။

"အဘိုးမာရဲ့ မိတ်ဆွေက ကျုပ် မိတ်ဆွေပါပဲ။ ကံမကောင်းစွာနဲ့ ကျုပ်က မျက်မမြင်​ဖြစ်နေတော့ ခင်ဗျားတို့ကို အဖော်ပြုမပေးနိုင်ဘူး။ ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ်နေကြပါ။" မျက်မမြင်ထျယ်က ထျယ်ထိုဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ထျယ်ထို ဧည့်သည်တွေကို လက်ဖက်ရည် ထည့်ပေးလေ။"

"အလုပ်ရှုပ်ခံဖို့ မလိုပါဘူး။ ကျုပ် တကယ် ခင်ဗျားရဲ့ သံထည်ပစ္စည်းတွေကို ကြိုက်တယ်။ လျှောက်ကြည့်လို့ရလား။" ရီဖူရှင်းက မေးလိုက်သည်။

"ရတာပေါ့။" မျက်မမြင်ထျယ်က ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်။" ရီဖူရှင်းက ပန်းပဲဖိုအတွင်း လျှောက်ဝင်သွားကာ သံထည်ပစ္စည်းများကို ကြည့်ရှုလိုက်သည်။ သူက ဓားတစ်လက်ကို ကောက်ယူလိုက်၏။ ၎င်းက သာမန်သံဖြင့်သာ လုပ်ထားသော်လည်း ဓားကို ပုံသွင်းထားခြင်းက ပြီးပြည့်စုံသည်။ အေးစက်သော အလင်းက ဓားသွားထက် တောက်ပနေကာ အန္တရာယ်ရှိဟန် ပေါ်သည်။

ရီဖူရှင်းက သူ၏ ငွေရောင်ဆံပင်တစ်ပင်ကို ဆွဲကာ ဓားသွားပေါ် ချလိုက်သည်။ ဆံပင်က ဓားသွားထက် လွင့်ဝဲကျသွားပြီး ချက်ချင်းပင် တစ်ဝက် ဖြတ်ခံလိုက်ရ၏။ ရီဖူရှင်းက ရေရွတ်လိုက်သည်။ "ကောင်းလိုက်တဲ့ဓား။"

"ဘာမှမဟုတ်ပါဘူး။" မျက်မမြင်ထျယ်က ပြောလိုက်သည်။ ရီဖူရှင်းက သူ စမ်းသပ်ခဲ့သော ဓား၏ အနီးမှ တူညီသော အမျိုးအစားနှင့် ဓားများကိုလည်း စစ်ဆေးကြည့်လိုက်၏။ သူ့ကို အံ့အားသင့်စေသည်မှာ အားလုံးသော ဓားများ၌ တူညီသော စွမ်းဆောင်ရည် ရှိခြင်းကြောင့် ဖြစ်သည်။

"တော်တော်လေး ကောင်းလိုက်တဲ့ လက်မှုပညာပဲ။" ရီဖူရှင်းက လေးစားမှုကို ဖော်ပြလိုက်သည်။ "ဆရာထျယ်.. ခင်ဗျား ဒီဓားတွေ အားလုံးကို အရည်အသွေး အပြောင်းအလဲမရှိ ပြီးပြည့်စုံအောင် ဘယ်လို လုပ်ထားနိုင်တာလဲ။"

"မင်းလည်း ပန်းပဲဖိုမှာ ဆယ်စုနှစ်တွေ ကြာအောင် လုပ်ဖူးရင် တူညီအောင် လုပ်လာနိုင်လိမ့်မယ်။" မျက်မမြင်ထျယ်က ပြောလိုက်သည်။ သူက အတွေ့အကြုံမှ ကျွမ်းကျင်လာခြင်းဟု ပြောသည်။

ရီဖူရှင်းက ပြုံးလိုက်သော်လည်း ပြန်မဖြေပေ။ သူက အခြားလက်နက်များကိုလည်း လိုက်ကြည့်ရှုနေခဲ့သည်။ အခြားတစ်ဖက်တွင် ချန်ယိက မျက်မမြင်ထျယ်နှင့် မနီးမဝေး၌ ရပ်နေ၏။ သူ့ကို ကြည့်ရသည်မှာ မျက်မမြင်ထျယ်အကြောင်း အတော်လေး သိချင်နေပုံရပြီး ခြေအစ ခေါင်းအဆဆုံး ကြည့်နေခဲ့သည်။

"ဦးလေးထျယ်က ရွာမှာ အကောင်းဆုံး ပန်းပဲသမားပဲ။ ကျွန်မတို့ သုံးတဲ့ သံထည်ပစ္စည်းတွေ အားလုံးက ဦးလေးထျယ် လုပ်ထားတာလေ။" လင်းက ပြောလိုက်သည်။ ထို့နောက် သူမက ထျယ်ထိုကို ကြည့်ကာ ပြောလိုက်၏။ "ထျယ်ထို နင် ကောင်းကောင်း ကျင့်ကြံပြီးရင် အနာဂတ်မှာ ဦးလေးထျယ်ကို ကူညီပေးနိုင်လိမ့်မယ်။"

"လုပ်မှာပါ။" ထျယ်ထိုက ပေါကြောင်ကြောင် ပြုံးကာ ပြောလိုက်သည်။ "တကယ်တော့ ကျင့်ကြံခြင်းက တခြားအရာတွေထက် ပိုပြီး အသုံးဝင်တယ်။"

"ဘာတွေလုပ်နိုင်လို့လဲ။" လင်းက သိချင်စိတ်နှင့် မေးလိုက်သည်။ သူမက လေးမျက်နှာကျေးရွာမှ ကိစ္စရပ်များမှ အချို့ကို သိသော်လည်း သူမ၏ ငယ်ရွယ်မှုကြောင့် တော်တော်များများကို နားမလည်ပေ။ သူမက သီးသန့်ကျောင်းတွင် တက်ရောက်ကာ ကျင့်ကြံချင်သော်လည်း ထိုအဓိပ္ပါယ်ကို နားမလည်ချေ။

သူမ သိသလောက် သူမ မိဘများက ကျင့်ကြံခြင်းကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက ထိုအကြောင်းနှင့် ပတ်သတ်လျှင် အတော်လေး အထိမခံ ဖြစ်နေသည်။

"ငါ ကြားတာတော့ စစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက်က မြေလျှိုးမိုးပျံနိုင်ပြီး တောင်တွေကို ရွှေ့နိုင်သလို ပင်လယ်ကိုလည်း ဖြည့်နိုင်တယ်တဲ့။" ထျယ်ထို၏ မျက်နှာထက်တွင် ပြင်းပြသော အကြည့်များ ပေါ်လာပြီး ပြောလိုက်သည်။

"ဒါဆို နင် ရွာကနေ ပျံထွက်သွားတော့မှာလား။" ရှောင်လင်းက မေးလိုက်၏။

"အဆင်ပြေပါတယ်။ ငါ မင်းကို ငါနဲ့အတူ ခေါ်သွားမယ်လေ။" ဆယ်ကျော်သက်လေး နှစ်ယောက်က သူတို့ နားမလည်သည့် အကြောင်းအရာကို ပြောဆိုနေကြသည်။

မျက်မမြင်ထျယ်က သံကို ဆက်လက် ထုနှက်နေသည်။ ရီဖူရှင်းနှင့် ချန်ယိက တခြားလုပ်စရာ မရှိတာကြောင့် ပြောလိုက်၏။ "လင်း.. ဦးလေးတို့ ဒီမှာ အချိန်ခဏလောက် နေဦးမှာပဲ။ ဆရာထျယ်ကို အကြာကြီး နှောက်ယှက်လို့ မကောင်းဘူးလေ။"

"ဟုတ်ကဲ့။" လင်းက ခေါင်းညိတ်ကာ မတ်တပ်ရပ်လိုက်သည်။ "ဦးလေးထျယ် ကျွန်မတို့ အခု ပြန်လိုက်ပါဦးမယ်။"

"ကောင်းပြီ။" မျက်မမြင်ထျယ်က ခေါင်းညိတ်ကာ ထျယ်ထိုကို ပြောလိုက်၏။ "ရှောင်လင်းကို အပြင်လိုက်ပို့လိုက်။"

"ဟုတ်ကဲ့။" ထျယ်ထိုက ခေါင်းညိတ်ကာ ထရပ်လိုက်ပြီး သူတို့အား လမ်းပြလိုက်သည်။ သူက ဆယ်ကျော်သက်လေး ဖြစ်နေလျှင်ပင် တာဝန်ယူတတ်သော လူကြီးတစ်ယောက်ဖြစ်နေသလို ထင်မှတ်ရသည်။

"နှုတ်ဆက်ပါတယ်။" ရီဖူရှင်းသည် မျက်မမြင်ထျယ်က စိတ်အားထက်သန်သော အိမ်ရှင်တစ်ယောက် မဟုတ်ကြောင်း ပြောနိုင်သည်။ သူသည် ထျယ်ထိုနှင့် ရှောင်လင်းနောက်က လိုက်ကာ ဆိုင်ထဲမှ ထွက်လာခဲ့၏။ ချန်ယိက ရီဖူရှင်း ဘေးသို့ လျှောက်လာကာ အသံပို့လွှတ်၍ ပြောလိုက်သည်။ "ဒီလူက မရိုးရှင်းဘူး။"

"ဘာလို့ အဲဒီလို ပြောရတာလဲ။" ရီဖူရှင်းက မေးလိုက်သည်။

"လေ့ကျင့်ခြင်းက ပြည့်စုံစေတယ်ဆိုတာ ငါ ယုံပါတယ်။ ဒါပေမယ့် အဲဒီ မျက်မမြင်က တကယ်ပဲ အဲဒီလို လက်နက်မျိုးတွေ လုပ်နိုင်မယ်လို့ ထင်လား။" ချန်ယိက ပြောလိုက်သည်။ "ပြီးတော့ သံထည်ပစ္စည်းတွေက သာမန်ဖြစ်နေပေမယ့် အကောင်းဆုံး ပစ္စည်းတွေပဲ။ သူသာ ကျင့်ကြံနိုင်ရင် ထိပ်တန်း လက်နက်ပြုလုပ်သူ ဖြစ်လိမ့်မယ်။"

"ဒါပေမယ့် သူ့ဆီကနေ ဘာကျင့်ကြံခြင်းအစအနမှ မခံစားမိဘူး။" ရီဖူရှင်းသည် အမှန်တကယ်၌ ချန်ယိလိုပင် ခံစားမိသည်။

"အဲဒါကပဲ သူ့ကို မရိုးရှင်းဘူးလို့ ပြောရတာပေါ့။ သူက မင်းနဲ့ ငါထက်တောင် မြင့်မားတဲ့ ကျင့်ကြံခြင်းရှိနေနိုင်တယ်။" ချန်ယိက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ သူတို့က စိတ်ချင်းဆက်သွယ်ကာ ပြောနေသည့်အတွက် အခြားလူများက သူတို့စကားကို မကြားနိုင်ပေ။

ရီဖူရှင်းက ထိုအကြောင်းကို စဉ်းစားနေပုံရသည်။ လေးမျက်နှာကျေးရွာရှိ အခြေအနေက ပို အံ့အားသင့်စရာကောင်းပြီး သူ ထင်ထားသည်ထက် ရှုပ်ထွေးသည်။ သာမန် ပန်းပဲဆရာက အလွန် အစွမ်းထက်နေသည်လား။

အစောပိုင်းက သီးသန့်စာသင်ကျောင်းမှ ထွက်လာသည့် ဆယ်ကျော်သက်များကြားတွင် မုယွင်ဟု ခေါ်သော ကောင်လေးက မြင့်မားသော အဆင့်အတန်း ရှိပုံပေါ်သည်။ ထျယ်ထိုက ရွာအတွင်း၌ လေးစားမှု သိပ်အထားမခံရကြောင်း သိသာသည်။ သို့သော် ထျယ်ထို၏ အဖေက အမှန်တကယ် ထိပ်တန်းကျင့်ကြံသူဖြစ်လျှင် မုယွင်နှင့် အခြားဆယ်ကျော်သက်လေးများ၏ အဖေက မည်မျှ အစွမ်းထက်လိမ့်မည်နည်းဟု သံသယဖြစ်မိသည်။

မုယွင်သည် သူ့အစ်ကိုကြီးက အပြင်လောက၌ ကျင့်ကြံနေသည်ဟု ပြောခဲ့သည်။ သူ့အစ်ကိုကြီးသာ ထူးချွန်သော တန်ခိုးရှင်မဟုတ်လျှင် သူက ထိုမျှ ဟိတ်ဟန်ကြီးကာ မောက်မာနေမည် ​မဟုတ်ပေ။

ရီဖူရှင်းနှင့် အခြားလူများ ပြန်လာစဉ် ဆယ်ကျော်သက်လေးများစွာက သူ့တို့ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာပြီး လမ်းပိတ်တားဆီးလိုက်သည်။ ခေါင်းဆောင်က ရီဖူရှင်း အစောပိုင်းက တွေ့ခဲ့သော မုယွင် ဖြစ်လေသည်။

"မုယွင်ရှု.. မင်း ဘာလိုချင်တာလဲ။" ထျယ်ထိုက သူ့ရှေ့မှ လူငယ်လေးကို စိုက်ကြည့်လိုက်သည်။ မုယွင်ရှုမှာ သူ၏ အမည်အပြည့်အစုံ ဖြစ်သည်။

မုယွင်က လေးမျက်နှာကျေးရွာတွင် အလွှမ်းမိုးနိုင်ဆုံး မျိုးနွယ်ဖြစ်ပြီး အကျော်ကြားဆုံး တစ်ယောက် ဖြစ်သည်။

"ဆရာပြောတာ မင်း ဒီတလော အရမ်းတိုးတက်လာတယ်တဲ့။ မျက်မမြင်ပန်းပဲသမားရဲ့ သားက ဘာလို့ ဆရာ့ ချီးကျူးမှုခံရတာလဲ သိချင်မိတယ်။ ငါ အခု ဒီမှာရောက်နေတာ မင်းက သူ့အသိအမှတ်ပြုမှုနဲ့ ထိုက်တန်လားဆိုတာ စမ်းသပ်စစ်ဆေးဖို့ပဲ။" မုယွင်ရှုက အထင်အမြင်သေးစွာ ပြောလိုက်သည်။

မျက်မမြင်ပန်းပဲသမား၏ သားက ဆရာ့ ချီးကျူးမှုကို ခံရသည်။

ထိုသည်က မုယွင်ရှုအား ဒေါသထွက်စေသည်။

ရီဖူရှင်းက သူတို့ရှေ့မှ ဆယ်ကျော်သက် သုံးယောက်ကို ကြည့်လိုက်ပြီး သူတို့က ဤနေရာ၌ တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်းကို အံ့အားသင့်နေသည်။

သူက မုယွင်ရှုကို မကြိုက်ပေ။ သူသည် ဤရွာ၌ လူအမျိုးအစားနှစ်မျိုးနေထိုင်ကြောင်း သတိပြုမိသည်။ တစ်မျိုးမှာ တိတ်ဆိတ်၍ အေးချမ်းသော ဘဝ၌ နေထိုင်လိုသော ရွာသားများ ဖြစ်ပြီး နောက်တစ်မျိုးက မုယွင်ရှုကဲ့သို့ လူမျိုး ​ဖြစ်သည်။

သူ ထင်ထားသလိုပင် လူနေထိုင်ရာ နေရာတိုင်း၌ ပြဿနာဟူသည် ရှိစမြဲပင်။ ဆယ်ကျော်သက်လေးများက ပြဿနာမရှာဘဲ မနေနိုင်ကြပေ။ ထိုသည်မှာ သူ ငယ်စဉ်ကကဲ့သို့ပင် ဖြစ်သည်။

"ကောင်းတယ်။" ထျယ်ထိုက ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လာပြီး လင်းကို သူ့နောက်၌ ကာထားလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အလင်းများတောက်ပလာပြီး လွှမ်းမိုးနိုင်သော စွမ်းအားကို ထုတ်လွှတ်နေသည်။ ရီဖူရှင်းသည် တောက်ပနေသော အလင်းမှ စွမ်းအားကို ခပ်ရေးရေး ခံစားမိသည်။

ရီဖူရှင်းက အံ့အားသင့်မိသည်။ ထျယ်ထိုက ဆယ်ကျော်သက်အရွယ်သာ ရှိသေးပြီး မဟာလမ်းစဉ်အား နားလည်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ရီဖူရှင်းတွေးမိသည့် ဖြစ်နိုင်ချေမှာ မဟာလမ်းစဉ်ခန္ဓာနှင့် မွေးဖွားလာသူဟု ဖြစ်သည်။

ထျယ်ထိုက မဟာလမ်းစဉ်စွမ်းအားကို နားလည်ရန် မဖြစ်နိုင်ပေ။ ထို့​ကြောင့် သူက ထိုစွမ်းအားများနှင့် မွေးဖွားလာခြင်း ဖြစ်ရမည်။ သူ၏ မွေးရာပါစွမ်းရည်ကို အသက်သွင်းရန် အထူးနည်းလမ်းများ ရှိနိုင်သည်။

ထိုသီးသန့်စာသင်ကျောင်းအတွင်း၌ လုပ်ဆောင်နိုင်သည်လား။

ရီဖူရှင်း စာသင်ကျောင်း အပြင်၌ ရှိနေစဉ် သူသည် အတွင်းမှ အသံများက မဟာလမ်းစဉ် နတ်တေးသွားကဲ့သို့ ရွှေရောင်စာလုံးများအဖြစ် ပြောင်းလဲသွားသည်အား မြင်တွေ့ခဲ့ရသည်။

မုယွင်ရှုက ထျယ်ထိုအား ခြိမ်းခြောက်သလို ကြည့်လိုက်သည်။

"ထျယ်ထို သူတို့က လူများတယ်။ မတိုက်ပါနဲ့လား။" လင်းက ပြောလိုက်သည်။

"ဝင်မပါနဲ့။ စိတ်ရှုပ်စရာကောင်းတဲ့ မိဘမဲ့မ။" မုယွင်က သူမကို ငေါက်လိုက်သည်။ ရီဖူရှင်းက စိတ်မကျေနပ်မှုကြောင့် မျက်မှောင်ကြုတ်လိုက်၏။ ဤကောင်လေး ထိုသို့ နားဝင်ဆိုးသော စကားမျိုး ပြောသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။ သူက ထိုမျှ အသက်ငယ်ငယ်လေးမှာပင် ရုန့်ရင်းကြမ်းတမ်းကာ မကောင်းသည့် အပြုအမူများ ရှိနေပြီ ဖြစ်သည်။

"ပါးစပ်ပိတ်ထား..." ထျယ်ထိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီလူရမ်းကားလေးတွေ။" ပေ့ကုံးအော့က ပြောရင်း ရှေ့သို့ တက်လိုက်၏။ မုယွင်ရှုက သူ့အား အေးစက်စွာ ကြည့်ရင်း သတိပေးလိုက်သည်။ "လေးမျက်နှာကျေးရွာက အရေးကိစ္စတွေကို ဝင်စွက်ဖို့ ခင်ဗျားမှာ အခွင့် မရှိဘူး။ မဟုတ်ရင် ဘယ်လိုသေမှန်းမသိ သေသွားလိမ့်မယ်။"

ပေ့ကုံးအော့က ဒေါသတကြီးနှင့် မုယွင်ရှုအား စိုက်ကြည့်နေခဲ့သည်။ လူငယ်လေးတစ်ယောက်က မည်သို့ဖြစ်၍ ထိုမျှ ရိုင်းစိုင်းနိုင်ရသနည်း။

ထိုအချိန်၌ လူအုပ်ကြီးက သူတို့ကို စတင်ဝန်းရံလာသည်။ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် လူငယ်လေးအချို့ကလည်း အဝေးမှနေ၍ သူတို့ကို စူးစမ်းလေ့လာနေကြသည်။

ကြည့်ရသည်မှာ လူအများ​ကြီးက ဤဇာတ်လမ်းကို စိတ်ဝင်တစား ​စောင့်ကြည့်ချင်နေပုံရလေသည်။

"သူပြောတာ မှန်တယ်။ ငါတို့ ကိစ္စကို ဝင်မပါနဲ့။" လူတစ်ယောက်က ဝင်ပြောလိုက်သည်။

***

All Chapters