နတ်ဘုရားနည်းစနစ်ခုနစ်ပါး
Vol. 147 Ch. 2092
အပြင်လူများသည်လည်း လေးမျက်နှာကျေးရွာမှ လူငယ်လေးများအကြောင်း သိချင်စိတ်နှင့် ပြည့်နေကြ၏။
သူတို့က ထူးချွန်ပြောင်မြောက်သော ပါရမီကို ပိုင်ဆိုင်ထားကြသော်လည်း လေးမျက်နှာကျေးရွာမှ ကျင့်ကြံနိုင်သော လူငယ်လေးများသည်လည်း အတူတူပင် ဖြစ်သည်။ ရှန်ချင်းနယ်မြေ၌ လေးမျက်နှာကျေးရွာမှ ထွက်ပေါ်လာသော တန်ခိုးရှင် အရေအတွက်က အလွန် နည်းပါးသော်လည်း သူတို့အားလုံးက ကျော်ကြားသူများ ဖြစ်လာကြသည်။
မရေတွက်နိုင်သော တန်ခိုးရှင်များကြား ဆယ်မီလီယံမှ တစ်ယောက်သာ ရန်ဟောင်တစ်ပါး ဖြစ်လာနိုင်သည်။ ရှန်ချင်းနယ်မြေ၌ ထူးချွန်သော တန်ခိုးရှင်တစ်ယောက် ဖြစ်လာရန် အခွင့်အရေးမှာ အလွန် နည်းပါးသည်။ သို့သော် ဤသို့သော ရွာသေးသေးလေးမှ ရှန်ချင်းနယ်မြေ၌ ကျော်ကြားသော ရန်ဟောင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့၏။ ဤသည်မှာ သေချာပေါက် ထူးခြားဆန်းကြယ်သော နယ်မြေတစ်ခုပင် ဖြစ်သည်။
ဤရွာနှင့် ပတ်သတ်သော ကောလာဟလများလည်း အများအပြား ရှိပေသည်။ ရှန်ချင်းနယ်မြေအတွင်းရှိ ထိပ်သီးအင်အားစုများသည် လေးမျက်နှာကျေးရွာနှင့် အချို့သော ပတ်သတ်မှုများ ရှိကြသည်။ သူတို့က ရွာအတွင်းမှ အခြေအနေများအား မျက်စိမှိတ်ကာ စောင့်ကြည့်နေကြ၏။ သူတို့က ဤလူငယ်လေးများ မည်သည့် လုပ်နိုင်စွမ်းရှိသည်ကို ကြည့်ချင်နေကြခြင်း ဖြစ်သည်။
အထူးသဖြင့် မုယွင်ရှုက လေးမျက်နှာကျေးရွာ၏ မုယွင်မိသားစုမှ ဖြစ်သည်။သူ့တွင် ပြင်ပဘုံ၌ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော အစ်ကိုတစ်ဦး ရှိသည်။
အပြင်လူများက လမ်းထက်တွင် နေရာအနှံ့မှ ထွက်ပေါ်လာကြသည်။ သူတို့အားလုံးက အပြုံးရေးရေးနှင့် ထိုစိတ်လှုပ်ရှားဖွယ် မြင်ကွင်းကို ပျော်ရွှင်စွာ ကြည့်ရန် ပြင်နေကြသည်။ အဆုံးမှာတော့ ဤသည်က ဆယ်ကျော်သက်လေးများသာလျှင် ဖြစ်သည်။
"ကျွန်တော် လုပ်နိုင်တယ်။" ထျယ်ထိုက ပြန်လှည့်ကာ ရီဖူရှင်း၊ ပေ့ကုံးအော့နှင့် အခြားလူများကို ပြောလိုက်သည်။ ရီဖူရှင်းက ထျယ်ထို၏ မျက်လုံးများထဲမှ ဆုံးဖြတ်ချက်များကို သတိပြုမိသည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။ ပေ့ကုံးအော့ကလည်း နောက်ပြန်ဆုတ်သွား၏။
ရီဖူရှင်းက ခေါင်းမော့ကာ သူတို့အနီး စုစည်းနေသည့် လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူက ချက်ချင်းပင် သူတို့ထဲမှ မည်သူကမှ သာမန်မဟုတ်သည်ကို သတိပြုမိလိုက်၏။ ထိုလူများအားလုံးက မည်သည့် အာရုံစိုက်မှုနှင့် မသင်္ကာမှုမှ မဖြစ်အောင် ရွာအတွင်းမှ သာမန်လူများကဲ့သို့ ပြုမူနေကြသည်။ သူတို့က ဤနေရာ၌ သူတို့၏ စွမ်းရည်ကို မဖော်ပြသော်လည်း သူတို့အားလုံးက အပြင်လောက၌ ကျော်ကြားသူများ ဖြစ်ကြသည်။
သို့သော် ရွာသားများက သူတို့ကို စိတ်ဝင်စားခြင်းမရှိသလို သူတို့၏ ဂုဏ်သတင်းကြောင့် အထင်ကြီးလေးစားမှုလည်း မပြသပေ။ ထိုလူများက လေးမျက်နှာကျေးရွာ၌ နေထိုင်နေကြလေရာ ရွာ၏ စည်းမျဉ်းများကို လိုက်နာကြရသည်။
မုယွင်ရှုက တိုက်ခိုက်ရန် စိတ်ထက်သန်မှု သိပ်မရှိပေ။ ထို့အစား သူ့ဘေးမှ လူနှစ်ယောက်က ထျယ်ထိုထံသို့ လျှောက်လာကြ၏။ ဒေါသဖြင့် လောင်ကျွမခးနေသော ထျယ်ထိုက ရက်စက်သည့် သားရဲတစ်ကောင်ကဲ့သို့ ထိုနေရာတွင် ရပ်နေခဲ့သည်။ သူက ငယ်ရွယ်သော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ပြင်းထန်သော စွမ်းအားက သူ၏ ခွန်အားမည်မျှ အားကောင်းသည်ကို ပြသနေ၏။
ဘုန်း...
လူငယ်နှစ်ယောက်က ပထမဆုံးတိုက်ခိုက်မှုကို ဖော်ထုတ်လိုက်သည်။ သူတို့က ထျယ်ထိုထံသို့ လျှပ်စီးအလင်းများလို လျင်မြန်စွာ ပြေးဝင်လာသည်။ သူတို့ထဲမှ တစ်ယောက်က ငွေရောင်အလင်းများ လွှမ်းခြုံထားပြီး နောက်တစ်ယောက်လေပွေကဲ့သို့ အော်မြည်သံများ ထွက်ပေါ်နေ၏။ သူတို့နှစ်ယောက်လုံးက တစ်ချိန်တည်းတွင် ထျယ်ထိုထံ တိုးဝင်လာကြ၏။ တစ်ယောက်က သူ့လက်ကို ရှေ့သို့ တွန်းလိုက်စဉ်၌ နောက်တစ်ယောက်က သူ၏ လက်ကို အသုံးပြု၍ ဓားသွားကဲ့သို့ ခုတ်ပိုင်းဟန် ပြုလုပ်လိုက်သည်။ သူတို့က စွမ်းအားများ ထုတ်လွှတ်လိုက်သည်နှင့် လေထဲတွင် ဆူညံသော ပဲ့တင်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုများက ထျယ်ထိုပေါ်သို့ အဆက်အပြတ်ကျဆင်းလာသည်။
ဘန်း...
ထိုအချိန်တွင် ထျယ်ထို၏ ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ သူ့ ထွားကြိုင်းသော ခန္ဓာကိုယ်က အလင်းများ တောက်ပပြီး ရွှေရောင်ဖြစ်လာကာ မဟာလမ်းစဉ် နတ်အလင်းများကဲ့သို့ ထင်မှတ်ရသည်။ လူငယ်လေးနှစ်ယောက်၏ တိုက်ခိုက်မှုက သူ့ကို ထိခတ်လာသော်လည်း စူးရှသည့် အသံတစ်ခုသာလျှင် ထွက်ပေါ်လာသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွား၏။
ထျယ်ထိုက လက်များကို ရုတ်တရက် ရှေ့သို့ ဆန့်ထုတ်လိုက်၏။ မြေပြင်ပေါ်မှ ကျောက်တုံးများပင် အက်ကွဲလာခဲ့သည်။ ကြောက်မက်ဖွယ် ရွှေရောင်မုန်တိုင်းကြီးတစ်ခုက သူတို့အနီး၌ ဖြစ်တည်လာ၏။ ထျယ်ထိုက သူ့လက်များကို ဆန့်လိုက်၍ ရှေ့သို့ ပြေးဝင်သွားကာ လူငယ်နှစ်ယောက်၏ ရင်ဘတ်သို့ ရိုက်ချလိုက်သည်။ ထိုလူငယ်လေးနှစ်ယောက်က ချက်ချင်း နောက်သို့ လွင့်စင်သွားပြီး မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။ သူတို့ ပါးစပ်ထောင့်မှ သွေးများစီးကျလာ၏။
ဘန်း...
ထျယ်ထိုက တဖန် ခြေဆောင့်နင်းလိုက်ပြန်သည်။ မရေတွက်နိုင်သော ရွှေရောင်အလင်းများက သူ့ခန္ဓာကိုယ်ကို စတင်ရစ်ပတ်လာကာ အခွံတစ်ခုကဲ့သို့ သူ့အား ဖုံးအုပ်ထားသည်။ ကြည့်ရှုနေသူများက သူတို့၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ လေဟာနယ်အထက်မှ ကျဆင်းလာသည့် ရွှေရောင်အလင်းများကို ကြည့်လိုက်ကြသည်။
၎င်းမှာ မဟာလမ်းစဉ်၏ စွမ်းအားပင် ဖြစ်၏။
သူက မဟာလမ်းစဉ်၏ စွမ်းအားကို သဘောပေါက်ခြင်းမရှိသလို မည်သို့ အသုံးပြုရမည်ကို နားလည်ခြင်း မရှိသည့် ဆယ်ကျော်သက်လေးမျှသာ ဖြစ်လေသည်။ သို့သော် သူက မဟာလမ်းစဉ် စွမ်းအားနှင့် မွေးဖွားလာခြင်း ဖြစ်သည်။ ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များသည်ပင် သူ ရရှိထားသော ကောင်းချီးလက်ဆောင်ကြောင့် မနာလိုခြင်းကို ခံစားရလိမ့်မည်။
"အံ့သြစရာပဲ။" တစ်စုံတစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။ သူတို့သည် ဆယ်ကျော်သက်လေးများကြားမှ ရန်ပွဲကို စိတ်ဝင်စားလာကြ၏။ လေးမျက်နှာကျေးရွာက ၎င်း၏ ဂုဏ်သတင်းနှင့် ထိုက်တန်ပေသည်။
သူတို့က လေးမျက်နှာကျေးရွာမှ လာသော ကျင့်ကြံသူများ မည်သည့်အတွက်ကြောင့် ထိုမျှ လျင်မြန်စွာ တိုးတက်လာသည်ကို စတင်နားလည်လာကြသည်။
ရွာသားများသည် မဟာလမ်းစဉ်၏ ကောင်းချီးပေးခံရပေမယ့် ၎င်းက ကျိန်စာလည်း ဖြစ်သည်။ အဆုံး၌ သူတို့ထဲက အနည်းငယ်သာလျှင် အထွတ်အထိပ်သို့ ရောက်ရှိနိုင်ကြသည်။
"လာခဲ့" ထျယ်ထိုက သူ့ရှေ့မှ မုယွင်ရှုကို စိုက်ကြည့်ကာ ဟစ်အော်လိုက်၏။
မုယွင်ရှုက ရပ်နေဆဲဖြစ်ပြီး ထျယ်ထိုကို စိုက်ကြည့်နေသည့် မျက်လုံးများ၌ မောက်မာရိုင်းစိုင်းခြင်းများ ပြည့်နေခဲ့သည်။ ထို့နောက် သူက ထျယ်ထိုထံ တစ်လှမ်းချင်း လျှောက်သွားသည်။ လေဟာနယ်အထက်မှ ရွှေရောင်အလင်းများကို ကြည့်ရင်း သူက တွေးလိုက်သည်။ 'ငါ တကယ် ထျယ်ထိုကို လျှော့တွက်မိလိုက်တာပဲ။ သူက အတော်လေး တိုးတက်လာတယ်။ ဆရာ သူ့ကို ချီးကျူးတာ မဆန်းပါဘူး။"
ဘုန်း...
မုယွင်ရှုကလည်း တောက်ပသော ရွှေရောင်အလင်းများ ထုတ်လွှတ်လာသည်။ မုယွင်ရှု၏ နောက်တွင် ခမ်းနားထည်ဝါသော ဝင်္ကပါအစီအရင်တစ်ခု ပေါ်ပေါက်လာကာ ကြောက်မက်ဖွယ် ပုံရိပ်တစ်ခု စတင် ဖြစ်ပေါ်လာ၏။
ထိုသည်မှာ ရွှေရောင်တောင်ပံခွန်ပန်ငှက်တစ်ကောင် ဖြစ်သည်။ ၎င်း၏ အမွေးအတောင်တစ်ခုချင်းစီက တောက်ပနေသည့် နတ်ဓားကဲ့သို့ ထင်မှတ်ရသည်။ ရွှေရောင်တောင်ပံခွန်ပန်ငှက်က ၎င်း၏ တောင်ပံများကို ဖြန့်ကားလိုက်ပြီး အစီအရင်အတွင်း၌ ပျံသန်းလှည့်ပတ်နေသည်။ ထိုနေရာတွင် အခြားနတ်ဆိုးသားရဲများဖြစ်သော ချီလင်၊ ထောင်းထျယ့်၊ နတ်ဆိုးနဂါးနှင့် ဖီးနစ်တို့လည်း ရှိနေသည်။ သို့သော် နတ်ဆိုးသားရဲအားလုံး၏ ဘုရင်ဖြစ်သော ရွှေတောင်ပံခွန်ပန်ငှက်ကြီး ပျံသန်းသွားသည့် နေရာတိုင်း၌ ရှိနေသည့် နတ်ဆိုးသားရဲကြီးများအားလုံး ချေမှုန်းသုတ်သင်ခံလိုက်ရ၏။
"အဲဒါ မြင့်မြတ် ရွှေတောင်ပံခွန်ပန်ငှက် ပန်းချီမလား။" လူတိုင်း၏ မျက်လုံးများက ထို မြင်ကွင်း၌သာ ကပ်ငြိနေကြသည်။ မုယွင်မိသားစုမှ လူများသည် ရွှေတောင်ပံခွန်ပန်ငှက် သက်စောင့်ဝိညာဉ်ရှိကြပြီး မွေးဖွားစဉ်ကတည်းကပင် ကြောက်မက်ဖွယ် မြင့်မြတ်ရွှေတောင်ပံခွန်ပန်ငှက် ပုံရိပ်ကို ဖန်တီးနိုင်သည်။ ပြင်ပဘုံ၌နေထိုင်သော မုယွင်မိသားစုမှ တန်ခိုးရှင်သည် ထိုအင်အားကြောင့် သူနှင့် အဆင့်တူမှ လူများစွာကို သတ်ပစ်နိုင်ခဲ့သည်။
ကောလာဟလများက ပြောကြသည်မှာ လေးမျက်နှာကျေးရွာ၌ နတ်အမွေအနှစ်နယ်မြေအတွင်း ကွယ်ဝှက်ထားသော နတ်ဘုရားနည်းစနစ်ခုနစ်ခု ရှိသည်ဟု ဖြစ်သည်။ တစ်ခုကို မုယွင်မိသားစုမှ ပိုင်ဆိုင်ထားပြီး အခြားသုံးခုကို မတူညီသော မိသားစုများမှ အသီးသီး ပိုင်ဆိုင်ကြသည်။ တစ်ခုမှာ ပြင်ပဘုံရှိ ထိပ်သီးအင်အားစုတစ်ခုမှ ယူဆောင်သွားခဲ့ပြီး အပြင်ဘက်၌ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုကြသည်။ နောက်ဆုံး ကျန်သည့်နှစ်ခု အကြောင်းကို လောကမှ သိရှိရန် အလွန် ဝေးကွာနေသေးသည်။
ထိုသည်ကပင် ရှန်ချင်းနယ်မြေမှ တန်ခိုးရှင်များ မည်သည့်အတွက်ကြောင့် လေးမျက်နှာကျေးရွာသို့ နှစ်တိုင်းလာရသနည်းဟူသည့် အကြောင်းပြချက်ပင် ဖြစ်၏။ ထို့အပြင် ထိုသူများက ထိပ်သီးအင်အားစုများမှ ကျော်ကြားသည့် ပါရမီရှင်များ ဖြစ်ကြသည်။ သာမန်လူများက ဤနေရာသို့ လာရန် အခွင့်အရေးမရှိကြပေ။
မုယွင်ရှုကဲ့သို့ လူငယ်လေးတစ်ယောက်က ထိုသို့ ထူးခြားဆန်းကြယ်လှသော ပုံရိပ်ကို ဆင့်ခေါ်နိုင်ပြီး ဖြစ်သည်။ ထိုသည်မှာ လူအများကို မနာလိုအားကျစေနိုင်သော သဘာဝလက်ဆောင်ပင် ဖြစ်လေသည်။
ဘုန်း...
ထိုနေရာ၌ လေပွေတစ်ခု ရုတ်တရက် တိုက်ခိုက်လာသည်။ မုယွင်ရှုနောက်မှ တောင်ပံနှစ်ခုက မြင်လာရပြီး သူက ရွှေတောင်ပံခွန်ပန်ငှက် တစ်ကောင်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရ၏။ သူ၏ တောင်ပံများကို ခတ်လိုက်ပြီး မုယွင်ရှုက လေထုအတွင်း ပျောက်ကွယ်သွားခဲ့သည်။
ထျယ်ထို၏ မျက်နှာထက်၌ လေးနက်သော အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူသည် မုယွင်ရှုက မည်မျှ အစွမ်းထက်ကြောင်း သိသည်။ မုယွင်ရှုက ဆရာ၏ အတော်ဆုံး တပည့်များထဲမှ တစ်ယောက် ဖြစ်သည်။ ထို့အပြင် မုယွင်မိသားစုက လေးမျက်နှာကျေးရွာ၌ သူ့ထက် မြင့်မားသော အဆင့်အတန်း ရှိသည်။ ထိုသည်ကပင် မုယွင်ရှု ထိုမျှထိ မာနကြီးပြီး ရိုင်းစိုင်းနေရခြင်း ဖြစ်၏။
ဘန်း...
ထျယ်ထိုက မြေပြင်ကို ခြေဆောင့်နင်းလိုက်ကာ ကျောက်တုံးများကို ကြေမွသွားစေသည်။ သူက ရှေ့သို့ တက်လာပြီး လက်ကို မြှောက်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ သို့သော် ရွှေရောင်အလင်းတစ်ခု ပေါ်ပေါက်လာပြီး ရွှေရောင်တောင်ပံခွန်ပန်ငှက်တစ်ကောင်က ကောင်းကင်တွင် ထွက်ပေါ်လာသည်။ မုယွင်ရှု၏ ခန္ဓာကိုယ်က လေထဲတွင် ရစ်ဝဲနေ၏။ သူက ခေါင်းငုံ့ကာ ထျယ်ထို၏ ပုံရိပ်ကို ကြည့်၍ ပြောလိုက်သည်။ "မင်းက အရမ်းနှေးတာပဲ။"
ဘုန်း...
သူ့အသံ ပျောက်မသွားခင် သူ့ခန္ဓာကိုယ်က ရွှေရောင်လေးကိုင်းတစ်ခုသဖွယ် အောက်သို့ ကျဆင်းလာသည်။ ထျယ်ထိုက မော့ကြည့်လိုက်ပြီး နောက်ထပ် အင်အားအပြည့် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ သို့သော် သူသည် လေဟာနယ်ကိုသာ ရိုက်ခတ်မိသွားသလို ခံစားလိုက်ရသည်။ နောက်တခဏတွင် မုယွင်ရှု၏ ရွှေရောင်တောင်ပံများက ထျယ်ထိုကို ရိုက်ခတ်လိုက်သည်။ ထိခတ်သံနှင့်အတူ ထျယ်ထိုသည် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး အဝေးသို့ လွင့်စင်သွား၏။
သူက မြေပေါ်သို့ ပြုတ်ကျလာပြီး သူ့ခန္ဓာကိုယ်အား ရစ်ပတ်လွှမ်းခြုံထားသည့် ရွှေရောင်အလင်းတို့က ပြိုကွဲသွားလေသည်။ သူ၏ နောက်ကျောက ဆိုးဝါးသော ဟက်တက်ကွဲသည့် ဒဏ်ရာက ဆက်တိုက်သွေးထွက်နေခဲ့သည်။ ထျယ်ထိုက အံကြိတ်ကာ နာကျင်မှုကို သည်းခံနေပြီး မည်သည့်စကားမှ မဆိုပေ။
"ထျယ်ထို..." ရှောင်လင်းက သူ့ထံသို့ ပြေးလာပြီး သူ့ကို ထရန် ကူညီလိုက်သည်။ ထျယ်ထို၏ သွေးကဲ့သို့ ရဲရဲနီနေသည့် မျက်လုံးများက လေထဲ၌ ရပ်နေဆဲဖြစ်သော မုယွင်ရှု စိုက်ကြည့်နေသည်။ မုယွင်ရှုက သူ့တောင်ပံများကို ဖြန့်ထားသည်မှာ မောက်မာလှသည့် စစ်နတ်ဘုရားကဲ့သို့ပင် ဖြစ်သည်။
ရီဖူရှင်းက ဝင်ရောက်ဖြန်ဖျေခြင်း မရှိဘဲ သူတို့အား တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ သူသည် မုယွင်ရှုက မည်သည့် စွမ်းဆောင်ရည် ရှိသည်ကို မျက်မြင်တွေ့ရမှ သူ မည်သည့်အတွက် ထိုမျှ စိတ်ကြီးဝင်နေသည်ကို စတင်နားလည်လာသည်။ လူငယ်လေးက သူ့အကြောင်းသူ ကောင်းကောင်းသိသည်မှာ သေချာသည်။ မုယွင်ရှု ယခု ပြသခဲ့သည့် စွမ်းရည်ကို ဆုံးဖြတ်ရလျှင် သူက ဤရွာသေးသေးလေးတွင် မဆိုထားနှင့် ကောင်းကင်ဒေသအတွင်းတွင်ပင် သူ့အသက်အရွယ်တန်း၌ အကောင်းဆုံး တန်ခိုးရှင်ဖြစ်သည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ထိပ်သီးအင်အားစုများက သူ့ကဲ့သို့ ပါရမီရှင်အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရလိမ့်မည်။
သို့ဆိုလျှင်ပင် ရီဖူရှင်းက မုယွင်ရှု၏ စရိုက်ကို ရွံရှာမုန်းတီးပေသည်။ လူငယ်လေးက သူနှင့် တစ်ရွာတည်းသားချင်းကိုပင် မည်သည့် သနားညှာတာမှုမှ မပြသခဲ့ပေ။ အကယ်၍ သေစေလောက်သည့် တိုက်ခိုက်မှုအား ခွင့်ပြုထားလျှင် မုယွင်ရှုက ထို့ထက်ပိုသော အင်အား အသုံးပြုမည်မှာ သံသယဖြစ်ဖွယ်မရှိဟု ရီဖူရှင်း ထင်မိသည်။
"မင်း အခု ရလဒ်ကို သိပြီပဲ။ တော်လောက်ပြီ။" ရီဖူရှင်းက ပြောလိုက်၏။
မုယွင်ရှုက သူ့ခေါင်းကို လှည့်ကာ စက်ဆုပ်အထင်မြင်သေးသော အကြည့်တို့ဖြင့် ရီဖူရှင်းအား ကြည့်လိုက်သည်။ ထို့နောက် သူက ထျယ်ထိုဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ခင်ဗျား သူ့ကို မေးမှရမယ်။ ထျယ်ထို.. မင်း နောက်ပိုင်း ငါနဲ့ တွေ့တဲ့အခါ အမြဲတမ်း လမ်းဖယ်ပေးမယ်ဆိုရင် ငါ မင်းကို လွှတ်ပေးမယ်။"
"အိပ်မက်ထဲမှာပဲရမယ်..." ထျယ်ထိုက မီးတောက်နေသော မျက်လုံးများနှင့် မတ်တပ်ပြန်ထရပ်လာသည်။ ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလာသော်လည်း တစ်စုံတစ်ယောက်က ပြောလိုက်၏။ "ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး။ လေးမျက်နှာကျေးရွာရဲ့ ကိစ္စတွေကနေ ဝေးဝေးနေသင့်တယ်။"
ရီဖူရှင်းက စကားပြောလာသူကို ကြည့်လိုက်သည်။ ထိုသူက သိသာစွာပင် အပြင်လူတစ်ယောက် ဖြစ်၏။
ရီဖူရှင်းက ဂရုမစိုက်ဘဲ ရှေ့သို့ ဆက်လှမ်းလိုက်သည်။ သူက ထျယ်ထိုဘေးသို့ သွားကာ မုယွင်ရှုကို ကြည့်လိုက်သည်။ "မင်းတို့က အတန်းဖော်တွေပဲ။ ပညာဖလှယ်တာက လုံလောက်နေပြီ။"
"ထွက်သွားစမ်း..." မုယွင်ရှုက ရီဖူရှင်းအား အထင်အမြင်သေးသော လေသံနှင့် ပြောလိုက်သည်။
"ကိုယ့်အလုပ်ကိုယ်လုပ်။" တစ်စုံတစ်ယောက်က ရီဖူရှင်းအား သတိပေးလိုက်သည်။ ချန်ယိက လူအုပ်ကြီးအား စူးစမ်းလိုက်ပြီး ဤနေရာက ပို၍ စိတ်ဝင်စားဖွယ်ကောင်းလာကြောင်း တွေ့ရှိလိုက်ရသည်။
"ဦးလေးရီ၊ ကျွန်တော် ဆက်တိုက်နိုင်ပါသေးတယ်။" ထျယ်ထို၏ မျက်လုံးများက သွေးရောင်ကဲ့သို့ ရဲရဲနီနေသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး မုယွင်ရှုကို စိုက်ကြည့်လိုက်၏။ "ကိုယ့်ကိုယ်ကိုယ် အတော်မြင့်လှပြီ ထင်မနေနဲ့။"
ထို့နောက် သူ၏ ခန္ဓာကိုယ်မှ ပို၍ ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ရွှေရောင်အလင်းများက တောက်ပလာ၏။
"ထျယ်ထို"
ထိုအခိုက်အတန့်တွင် အသံတစ်ခုက သူ့ကို နှောက်ယှက်လိုက်၏။ အဝေးမှ မျက်စိမမြင်သော လူတစ်ယောက် သူတို့ထံ လျှောက်လာနေသည်။ ထိုသည်က ပန်းပဲဆိုင်ပိုင်ရှင် မျက်မမြင်ထျယ်ဖြစ်သည်။
"အဖေ" ထျယ်ထိုက အသံလာရာသို့ ကြည့်လိုက်သည်။
"ငါနဲ့ ပြန်လိုက်ခဲ့။" မျက်မမြင်ထျယ်က ပြောလိုက်သည်။ ထျယ်ထိုက လက်လျှော့ရန် ဆန္ဒမရှိဘဲ မုယွင်ရှုအား ကြည့်လိုက်သည်။ သို့သော် သူ့အဖေက ဘေး၌ လာရပ်နေရာ သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ သူက ခေါင်းငုံ့ကာ ရှောင်လင်းကို ပြောလိုက်၏။ "ရှောင်လင်း ငါ အခု ပြန်သွားတော့မယ်။"
"အင်း" ရှောင်လင်းက ခေါင်းညိတ်လိုက်သည်။ ထျယ်ထိုက သူ့အဖေဆီသို့ လျှောက်သွား၏။
မျက်မမြင်ထျယ်က ပြန်လှည့်သွားလျှင် ထျယ်ထိုက သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားသည်။ မုယွင်ရှုက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။ "အခုထိ မပြီးသေးဘူး။"
မျက်မမြင်ထျယ်က ရပ်လိုက်ပြီး မုယွင်ရှုအား လှည့်ကြည့်လိုက်သည်။ မျက်မမြင်ထျယ်က အမှန်တကယ် မြင်နိုင်ခြင်း မရှိပါသော်လည်း မုယွင်ရှုသည်ရက်စက်သော သားရဲကောင်ကြီးမှ စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။ အံ့အားသင့်ဖွယ် ကောင်းစွာပင် သူ၏ စိတ်ထဲ၌ အကြောက်တရားများ ထွက်ပေါ်လာပြီး သက်သောင့်သက်သာ မရှိမှုကို ခံစားလိုက်ရသည်။
"သွားကြစို့။" မျက်မမြင်ထျယ်က ထျယ်ထိုနှင့်အတူ လှည့်ထွက်သွားခဲ့သည်။ မုယွင်ရှုက အေးစက်နေသော မျက်လုံးများနှင့် ထွက်သွားသော သူများ၏ ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။
***