မေးမြန်းခြင်း
Vol. 147 Ch. 2093
ရီဖူရှင်းက ထျယ်ထိုနှင့် မျက်မမြင်ထျယ်တို့၏ ထွက်ခွာသွားသော ပုံရိပ်ကို အတွေးနက်နေသော အကြည့်နှင့် စိုက်ကြည့်နေခဲ့သည်။
သူက ယခု အချိန်ခဏလေးအတွင်းတွင် မျက်မမြင်ထျယ်ထံမှ ထွက်ပေါ်လာသော စွမ်းအင်အစအနကို ခံစားမိလိုက်သည်။ ထိုသို့သော စွမ်းအင်သည် မောက်မာသော ဆယ်ကျော်သက်ကလေး မုယွင်ရှုကို ထိတ်လန့်ဖွယ် အကြောက်တရားတစ်ခု ကို ခံစားမိစေရန် ပြုလုပ်နိုင်၏။ ထိုသည်ကပင် သူနောက်ပြန်ဆုတ်သွားရသည့် အကြောင်းအရင်း ဖြစ်သည်။
ရီဖူရှင်းနှင့် ချန်ယိ ထင်ထားသလိုပင် မျက်မမြင်ထျယ်က သာမန် ပန်းပဲသမားတစ်ယောက် မဟုတ်ပေ။
ထို့အပြင် မုယွင်ရှုက ထိုအကြောင်းကို သိနေသည်လည်း ဖြစ်နိုင်သည်။
မုယွင်ရှုက ငယ်ရွယ်သော်လည်း ရိုးရှင်းသော စိတ်ထားနှင့် ကောင်လေးတစ်ယောက် မဟုတ်ပေ။ ယခင်က ထျယ်ထို ရှုံးနိမ့်သောအခါက ပြောခဲ့သည့်စကားနှင့် သူ၏ မောက်မာဝင့်ကြွားသည့် သဘောထားကို ချင့်တွက်လျှင် မျက်မမြင်ထျယ်၏ လမ်းကို မတားဆီးရဲသည်မှာ ထူးဆန်းသည်။
မုယွင်ရှု၏ သဘောထားနှင့် မျက်မမြင်ထျယ်သာ သာမန်မျက်မမြင်တစ်ယောက် ဖြစ်နေပါက သူသည် မျက်မမြင်ထျယ်အား အလွယ်တကူ လွှတ်ပေးလိုက်ရန် အကြောင်းမရှိပေ။
ထို့အပြင် ထျယ်ထိုက နောက်ဆုံး၌ သူ၏ သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်ရန် ကြိုးစားခဲ့သည်လား။
ထျယ်ထိုက မျက်မမြင်ထျယ် ရောက်ရှိလာမှုကြောင့် သူ့ကိုယ်သူ ထိန်းချုပ်ပြီး သူ့စွမ်းအားကို ပြန်ရုတ်သိမ်းခဲ့သည်။ သို့သော် သူက သာမန်ဖြစ်ပုံမရပေ။
လူအများကြီးသည် မျက်မမြင်ထျယ်နှင့် ထျယ်ထို ပြန်သွားပြီးနောက် သူတို့၏ အာရုံကို ရီဖူရှင်းထံ ရွှေ့လိုက်ကြသည်။ မုယွင်ရှုက ရီဖူရှင်းအား ကြည့်လိုက်၏။ သူ့ မျက်လုံးများ၌ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိသော မာန်မာနတို့နှင့် တစ်ဖက်လူအပေါ် အထင်အမြင်သေးခြင်းတို့ဖြင့် ပြည့်နေသည်။ မုယွင်ရှုက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အရည်အချင်း ရှိသော်လည်း ရီဖူရှင်းက ထိုလူငယ်လေး၏ စရိုက်သဘောထားနှင့် ပတ်သတ်၍ ကျေနပ်မှု မရှိပေ။
"ရွာကနေ တတ်နိုင်သမျှ မြန်မြန် ထွက်သွားတာ မင်းအတွက် အကောင်းဆုံးပဲ။" မုယွင်ရှုက ရီဖူရှင်းအပေါ် မည်သည့် ရင်းနှီးမှုမှ မပြသပေ။ သူက အေးစက်စွာ စိုက်ကြည့်၍ သတိပေးလိုက်၏။
"ဘာကြောင့် အဲဒီလို လုပ်ရမှာလဲ။" ရီဖူရှင်းက မုယွင်ရှုကို ကြည့်ကာ မေးလိုက်သည်။
"ဘာကြောင့်ဆိုတာ မရှိဘူး။ ငါက အကြံပေးရုံပဲ။ နားထောင်တာ မထောင်တာက ခင်ဗျား အပိုင်း။" ထို့နောက် မုယွင်ရှုက လှည့်ထွက်ကာ ရီဖူရှင်းနှင့် ရှောင်လင်းတို့အား ဤနေရာ၌ ရှိမနေသင့်သော အနှောက်အယှက်ဖြစ်စေသည့် အပြင်လူများကဲ့သို့ စစ်ဆေးကြည့်ရှုနေသော လူများထံ လျှောက်သွား၏။
"သွားကြစို့။" ရီဖူရှင်းက လက်ဆန့်ထုတ်ပေးလိုက်ရင်း သူ့ဘေးတွင် ရပ်နေသော ရှောင်လင်းကို ပြောလိုက်သည်။
သူတို့ဝန်းကျင်မှ အခြေအနေက ရှောင်လင်းကို ကြောက်ရွံ့သွားစေပုံရသည်။ သူမက စိုးရိမ်ထိတ်လန့်ကာ စိတ်လှုပ်ရှားနေပုံရ၏။ ရီဖူရှင်း၏ လက်ကို မြင်သောအခါ သူမက ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်သည်။ ရီဖူရှင်း မျက်နှာထက်မှ နူးညံ့သော အပြုံးက သူမကို အေးချမ်းမှုအချို့ ယူဆောင်လာပေးသည်။ သူမက ရီဖူရှင်း၏ လက်ဝါးပေါ်သို့ သူမလက်အား တင်လိုက်သည်။
ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်ပြီး သူမလက်ကို ကိုင်ကာ စတင်လျှောက်လှမ်းလိုက်၏။ ရှောင်လင်းသည်လည်း ပြုံးလိုက်သည်။ ရီဖူရှင်း မျက်နှာထက်မှ အပြုံးက ရှောင်လင်းထံ ကူးစက်သွားပုံရလေသည်။ ထိုသည်မှာ သူမကို တည်ငြိမ်သွားစေပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ထိတ်လန့်ခြင်းမှ ကျော်ဖြတ်လာနိုင်စေသည်။
သူတို့အနီး၌ လူများစွာ ရှိသော်လည်း မည်သူကမှ ရီဖူရှင်းနှင့် အခြားလူများ ထွက်ခွာသွားသည်ကို ရပ်တန့်ရန် မကြိုးစားကြပေ။ ယနေ့ ဆယ်ကျော်သက်များကြားမှ ရန်ပွဲက ရီဖူရှင်းနှင့် မဆိုင်ပေ။ ထို့အပြင် ရွာအတွင်း၌ အပြင်လူများ တိုက်ခိုက်ရန် အခွင့်မရှိချေ။ မည်သည့် ဧည့်သည်မဆို သူတို့၏ ကျင့်ကြံဆင့်များနှင့် မသက်ဆိုင်ဘဲ ရွာစည်းကမ်းများနှင့်အညီ ပြုမူကြရမည်။
ရီဖူရှင်းနှင့် ရှောင်လင်း ထွက်ခွာသွားပြီးနောက် လူအုပ်ကြီးက တဖြေးဖြေး လူစုခွဲသွားကြသည်။ ဇာတ်လမ်းက ပြီးဆုံးသွားပြီဖြစ်ရာ မည်သူမှ ဆက်၍ ရှိနေတော့မည် မဟုတ်ပေ။
ရီဖူရှင်းက အခြားလူများကို အများကြီး ဂရုမစိုက်ချေ။ ရှောင်လင်းနှင့်အတူ ရွာအတွင်းရှိ ကျောက်တုံးလမ်းလေး၌ တိတ်ဆိတ်စွာ လျှောက်သွားခဲ့သည်။ ထိုအချိန်၌ သူသည် လေးမျက်နှာကျေးရွာက သာမန်နေရာတစ်ခုမဟုတ်ကြောင်း သေချာ သတိပြုမိလိုက်သည်။ အလွန် ထူးချွန်သော ပါရမီနှင့် မုယွင်ရှုသာမက သီးသန့်စာသင်ကျောင်း၌ သင်ယူနေသော မည်သည့် လူငယ်မဆို သာမန်ဆယ်ကျော်သက်များ မဟုတ်ကြပေ။
ထို့အပြင် မျက်မမြင်ထျယ်သည်လည်း ထူးခြားသော သူတစ်ယောက် ဖြစ်သည်။ ထျယ်ထိုသည်ပင် အချို့ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထား၏။
သီးသန့်စာသင်ကျောင်းမှ ဆရာ၏ အသံသည် မဟာလမ်းစဉ်နတ်ဂီတသဖွယ် ဖြစ်သည်။ သူ သင်ကြားပို့ချနေချိန်၌ ရွှေရောင်သင်္ကေတများက လေထဲတွင် မျောလွင့်နေသည်။
ရွာတစ်ခုလုံးက ရီဖူရှင်းအား ထူးခြားကာ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်အား ပေးစွမ်းသည်။ သူက စူးစမ်းရှာဖွေရန် အချိန်လိုအပ်မည့် ပုံပင်။
ရီဖူရှင်း ရွာအတွင်း ဖြတ်လျှောက်လာသည့်အခါ လူအများကြီးက တီးတိုးတီးတိုးနှင့် အတင်းအဖျင်းများ ပြောဆိုနေကြသည်။
"အဘိုးမာက ဘာတွေတွေးနေတာလဲ။ ဒီလို ကြုံရာကျပန်း လူတစ်ယောက်ကို ရှားပါးတဲ့ ဖွင့်လှစ်မှုကို ဖြည့်ဖို့ သုံးလို့ ဘာရမှာတဲ့လဲ။"
"အတိအကျပဲ။ လူတိုင်းက ရှန်ချင်းနယ်မြေရဲ့ အစွမ်းထက် တန်ခိုးရှင်တွေကိုပဲ ပူးပေါင်းဖို့ ဖိတ်ခေါ်ကြတာ။ ဥပမာအနေနဲ့ ပြင်ပဘုံတွေက ထိပ်သီးတန်ခိုးရှင်တွေနဲ့ ပူးပေါင်းတာမျိုး အစွမ်းထက် အင်အားစုတွေက လူငယ်မျိုးဆက် ကြယ်ပွင့်လေးတွေကို ဖိတ်ခေါ်တာမျိုးပေါ့။ အဲဒါကမှ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ရလဒ်မျိုး ဖြစ်လာစေမှာ။"
"ဒီလူငယ်က ကြည့်ရတာ ချောမောခန့်ညားပြီး တည်ငြိမ်တယ်။ ကျုပ်ကြားတာတော့ သူက ရှန်ချင်းနယ်မြေက မဟုတ်ဘူးတဲ့။ ဒါပေမယ့် သူက အဘိုးမာအတွက် ဘာလုပ်ပေးနိုင်မှာတဲ့လဲ။ တခြားလူတွေနဲ့ သူက ဘယ်လို ယှဉ်နိုင်မှာလဲ။" လူအုပ်ကြီးက မရပ်မနားဆွေးနွေးနေကြသည်။
ရီဖူရှင်းက လေးမျက်နှာကျေးရွာ၏ စည်းမျဉ်းအချို့ကို အပြည့်အဝ နားမလည်ပေ။ သူက လူအများ၏ စကားများကို ကြားပြီးနောက် ပြန်ရောက်သည့်အခါ အခွင့်အရေးရှာကာ အဘိုးမာကို မေးရန် ဆုံးဖြတ်လိုက်သည်။
"အဲဒါ အဘိုးမာရဲ့ အမှားမဟုတ်ပါဘူး။ မာမိသားစုရဲ့ ကောင်လေးက အဲဒီအချိန်မှာ အတော်လေး ထူးချွန်ခဲ့တာ။ နှမြောစရာက သူ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရတာပဲ။ အဘိုးမာမှာ အခု အဖော်ပြုစရာ ရှောင်လင်းလေးပဲ ရှိတယ်။ ပြီးတော့ သူကလည်း ကျန်းမာရေးမကောင်းဘူး။ ဘယ်လိုဖြစ်ဖြစ် ရှန်ချင်းနယ်မြေရဲ့ ထိပ်သီးတန်ခိုးရှင်တွေက သူ့မိသားစုမှာ နေချင်မှာ မဟုတ်ဘူးလေ။ ကြည့်ရတာ သူတို့မိသားစုအတွက် ကံတရားက သူတို့ဘက်မှာ မရှိဘူး ထင်ပါတယ်။"
ရွာသားများက ဆက်လက်၍ တီးတိုးပြောဆိုနေကြသော်လည်း သူတို့၏ အတင်းအဖျင်းစကားသံများက ရီဖူရှင်းအား ဖမ်းစားလိုက်နိုင်သည်။ အချို့သည် သနားကရုဏာနှင့် စာနာစိတ်ဖြင့် ပြောဆိုကြသော်လည်း အချို့မှာ အဘိုးမာ သူ့ကိုယ်သူ အရူးလုပ်မိသည်အား ရွှင်မြူးစွာ စောင့်ကြည့်နေချင်ပုံရလေသည်။ ထိုသို့သော လူမျိုးက နေရာအနှံ့တွင် ရှိ၏။
လေးမျက်နှာကျေးရွာက ခြွင်းချက်မဟုတ်ပေ။
ရီဖူရှင်းနှင့် အခြားလူများက ရှောင်လင်း၏ အိမ်သို့ ပြန်လာကြသည်။ အဘိုးမာက အိမ်အပြင်ဘက်တွင် တိတ်ဆိတ်စွာ ထိုင်နေဆဲ ဖြစ်ပြီး အတော်လေး ငြိမ်းချမ်းနေပုံရသည်။
"အဘိုး" ရှောင်လင်းက လျှောက်သွားခဲ့ပြီး သူမ၏ မျက်နှာလေးကို အဘိုးမာ ပေါင်ပေါ်အပ်ထားလိုက်သည်။ အဘိုးမာက သူမ ခေါင်းလေးကို ပွတ်ပေးကာ ညင်သာသော အသံနှင့် မေးလိုက်၏။ "ဘယ်သူက စိတ်ဆိုးအောင် လုပ်လိုက်လို့လဲ။"
"မုယွင်။ သူက ထျယ်ထိုကို အနိုင်ကျင့်ပြီး ဦးလေးရီအပေါ်လည်း မယဉ်ကျေးဘူး။ သူက ဦးလေးရီကို ရွာကနေ ထွက်သွားဖို့တောင် ပြောလိုက်သေးတယ်။" ရှောင်လင်းက ပြောလိုက်သည်။ အဘိုးမာက ရွာ၌ သူမ၏ တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည့်အတွက် မကျေနပ်ချက်များကို တိုင်ကြားလိုက်သည်။
"မုယွင်မိသားစုရဲ့ အဲဒီကောင်လေးက မောက်မာရိုင်းစိုင်းပြီး ထောင်လွှားနေတာ။ သူက အနှေးနဲ့အမြန် သင်ခန်းစာအပေးခံရလိမ့်မယ်။ သူ့ကို အာရုံစိုက်မနေနဲ့။" အဘိုးမာက တိုးသက်စွာ ပြောလိုက်သည်။
"သမီး သူ့ကို မနှောက်ယှက်ဘူး။ သူကသာ သမီးတို့ လမ်းကို ပိတ်လိုက်တာ။" ရှောင်လင်းက ပြောလိုက်သည်။ "သူက ထျယ်ထိုကိုလည်း ဒဏ်ရာရစေခဲ့တယ်။"
"ထျယ်ထို အခု ဘယ်လိုနေလဲ။ သူ အဆင်ပြေရဲ့လား။" အဘိုးမာက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
"သူ အဆင်ပြေတယ်။ ဦးလေးထျယ်က သူ့ကို ပြန်ခေါ်သွားတယ်။" ရှောင်လင်းက ပြန်ဖြေလိုက်သည်။ အဘိုးမာက ခေါင်းညိတ်ကာ ပြောလိုက်၏။ "ထျယ်ထိုက လိမ္မာတဲ့ ကလေးပဲ။ သူ့မှာ ကျိန်းသေ တောက်ပတဲ့ အနာဂတ်ရှိလိမ့်မယ်။"
"အင်း... သမီးလည်း အဲဒီလိုပဲ ထင်တယ်။ ထျယ်ထိုပြောတာတော့ အနာဂတ်မှာ သူက ရွာအပြင်ထွက်ပြီး ပျံသန်းတော့မှာတဲ့။" ရှောင်လင်းက ဖြူစင်သော အပြုံးလေးနှင့် ပြောလိုက်သည်။ သူမက တောက်ပသော အနာဂတ်ဟူသည့် အဓိပ္ပါယ်ကို မသိခြင်း ဖြစ်နိုင်သည်။ သူမ အသက်အရွယ်မှ လူတိုင်းသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မသိရှိကြသေးပေ။
"သူ လုပ်နိုင်မှာ သေချာပါတယ်။ ရှောင်လင်း မြေး ပင်ပန်းနေပြီမလား။ သွားအိပ်တော့လေ။" အဘိုးမာက ချစ်ခင်စွာ ပြုံးရင်း ပြောလိုက်သည်။
"ဟုတ်ကဲ့။" ရှောင်လင်းက ထရပ်ကာ ရီဖူရှင်းနှင့် အခြားလူများဘက် လှည့်ကာ ပြောလိုက်၏။ "ဦးလေးရီနဲ့ အစ်မရှား တို့လည်း နည်းနည်းလောက် အနားယူသင့်တယ်နော်။"
"ဟုတ်ပါပြီ။" ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းသည် သူမ သူတို့အား ခေါ်သည့် အခေါ်အဝေါ်အပေါ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူမက သူ့အား 'ဦးလေးရီ' ဟု ခေါ်သော်လည်း မည်သည့်အတွက်ကြောင့် ရှားရှင်းယွန်ကို 'အစ်မ' ဟု ခေါ်ရသနည်း။ ထိုသည်က သူ့ကို ရှားရှင်းယွန်ထက် မျိုးဆက်တစ်ဆက် ကြီးသွားသလို ဖြစ်စေသည် မဟုတ်ပါလား။
ရှောင်လင်း ထွက်သွားပြီးနောက် ရီဖူရှင်းက အဘိုးမာကို ကြည့်ကာ မေးလိုက်သည်။ "ကျွန်တော် အဘိုးနဲ့ စကားနည်းနည်းလောက် ပြောလို့ရမလား။"
"ထိုင်ပါ။" အဘိုးမာက ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းက အဘိုးမာ၏ အခြားတစ်ဖက်မှ ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်ချလိုက်၏။
ထိုင်ခုံပေါ်တွင် ပျင်းတိပျင်းရွဲ မှီရင်း ရီဖူရှင်းက အေးချမ်းနေပုံပေါ်သည်။ သူက ကောင်းကင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ "ရှောင်လင်းက အခုလေးတင် ကျွန်တော်တို့ကို ပန်းပဲဆိုင် ခေါ်သွားခဲ့တာ။ ကျွန်တော်တို့ လက်နက်လုပ်တာမှာ ထူးချွန်တဲ့ စွမ်းရည်နဲ့ ထျယ်ထို့အဖေကို တွေ့ခဲ့တယ်။
သူက မမြင်နိုင်တာတောင် ချို့ယွင်းချက်ကင်းတဲ့ သံထည်ပစ္စည်းတွေ ထုတ်လုပ်နိုင်တယ်။ သူ့မျက်လုံးတွေက ဘာဖြစ်ခဲ့တာလဲ အဘိုး သိလား။"
"ဘာဖြစ်ခဲ့တာလဲ ဆိုတာ ဘာကို ဆိုလိုတာလဲ။ မင်းက သူ့အမြင်အာရုံ ဘယ်လို ပျောက်သွားရတာလဲလို့ မေးတာလား။" အဘိုးမာက မေးလိုက်သည်။
"အင်း။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
"အဲဒါက ဖြစ်ခဲ့တာ နှစ်အတော်ကြာပြီ။ ဘာဖြစ်ခဲ့တာလဲတော့ အတိအကျ မသိဘူး။ သူ ငယ်ငယ်တုန်းက နည်းနည်း ရန်လိုတတ်တာကြောင့် တခြားလူတွေနဲ့ တိုက်ခိုက်ရင်း မျက်စိကွယ်ခဲ့တာလို့ ထင်တာပဲ။" အဘိုးမာက အတိတ်ကို ပြန်ပြောင်းတွေးရင်း ပြောလိုက်သည်။
"ဒီလိုဆို ဆရာထျယ် ငယ်ငယ်တုန်းက ကျင့်ကြံခြင်းအကြောင်း သိခဲ့တာပေါ့။"
ရီဖူရှင်းက ဆက်မေးလိုက်သည်။ အဘိုးမာက တူညီသော ရွာထဲ၌ နေခဲ့သည့်အတွက် မျက်မမြင်ထျယ်အကြောင်း အနည်းနှင့်အများ သိရှိနိုင်ပေသည်။ ရီဖူရှင်းက ချုံလျှောက်ရိုက်နေရန် အကြောင်းပြချက် မရှိပေ။ သူသည် အဘိုးမာက သူ့အား မည်မျှထိ ပြောပြနိုင်သည်ကို သိချင်သည်။
"ဒါပေါ့။ သူက ကျင့်ကြံတာကို သိတယ်လေ။" အဘိုးမာက အမှန်ကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိပေ။ သူက ခေါင်းညိတ်၍ ဖြေလိုက်သည်။ "သူက သိရုံတင်မကဘူး။ မျက်မမြင်ထျယ် ငယ်ငယ်တုန်းက အတော်လေး တော်ခဲ့တာ။"
***