← Chapters

ကျိုးဧကရာဇ်

Vol. 19 Ch. 271

ကျိုးဧကရာဇ်

Vol. 19 Ch. 271

ယွဲ့ဝူယောင် ပစ်လွှတ်လိုက်သည့် ခရမ်းရောင်အလင်းလှိုင်းမှ ထွက်ပေါ်လာသည့် လစွမ်းအင်များကြောင့် အကွာအဝေးတစ်ခုတွင် ကြည့်ရှု့နေသည့် ကျင့်ကြံသူများပင် အေးခဲလုနီးပါးဖြစ်သွား၏။

“ဒါက..”

ဟွေ့လုံချန်သည် တွေဝေနေရန် အချိန်မရ။

သူ၏ ခန္ဓာကိုယ်တွင် ခေါင်းလောင်းသဏ္ဌာန်အလင်းလွှာထွက်ပေါ်လာကာ ခုခံလိုက်ရသည်။

“ဝုန်း..”

အလင်းလှိုင်းသည် သူ၏ အကာအကွယ်ကို ဖိအားပေးနေ၏။ အလင်းလှိုင်းမှ ထွက်ပေါ်လာသည့် စွမ်းအင်များကြောင့် ဟွေ့လုံချန်၏ ပတ်ပတ်လည်တွင် စတင်အေးခဲလာသည်။

ထို့အပြင် သူ၏ အကာအကွယ်ကို ဖျတ်ဆီးပစ်ရန် အသည်းအသန် တိုးဝင်နေ၏။

သူသည် စွမ်းအင်အများအပြားနှင့် ခုခံနေသော်လည်း ထိုအလင်းလှိုင်းသည် ရပ်တန့်သွားဟန်မရှိချေ။ ခရမ်းရောင်ရေခဲများသည် သူ၏ အကာအကွယ်ပတ်ပတ်လည်တွင် ဖုံးလွှမ်းသွားသည်။

သို့သော် သူထိန်းထားနိုင်သည့် အခြေအနေအောက်တွင်ရှိနေသေး၏။

ဟွေ့လုံချန်သည် အဓိပတိနတ်အင်ပါယာတစ်ဦး အနေနှင့် မဟာ နတ်အင်ပါယာအဆင့်ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို အသည်းအသန် ခုခံရမည်ဟု တစ်ခါမျှပင် မတွေးဖူးခဲ့ချေ။

ထို့နောက် ယွဲ့ဝူယောင်၏ အလင်းလှိုင်းသည် ကြမ်းကြမ်းတမ်းတမ်းလည်ပတ်လာသည်။

“ခရက်..”

တဖြည်းဖြည်းနှင့် သူ၏ အကာအကွယ်တွင် အက်ကြောင်းများ ထွက်ပေါ်လာခြင်းကြောင့် မျက်မှောင်ကြုတ်သွား၏။

“မဟုတ်သေးဘူး..”

သူသည် ယွဲ့ဝူယောင်၏ ရည်ရွယ်ချက်ကို နားလည်သွား၏။ သို့သော် နောက်ကျသွားခဲ့လေပြီ..။

“ပေါက်ကွဲစမ်း..”

ယွဲ့ဝူယောင်သည် ဟွေ့လုံချန်၏ အေးခဲနေသည့် တည်နေရာကို ဖောက်ကွဲပစ်လိုက်၏။

“ဝုန်း..”

ဟွေ့လုံချန်အားလည်ပတ်နေသည့် အလင်းလှိုင်းသည် အကြီးအကျယ် ပေါက်ကွဲသွား၏။ သူ၏ ပတ်ပတ်လည် အေးခဲနေသည့် ရေခဲများသည် ပြန့်ကျဲသွားကာ ရေခဲပြင်ကျယ်တစ်ခုအလား ဖြစ်တည်သွားသည်။

ထိုအပြင် ပြင်းထန်သည် အအေးလှိုင်းများသည် တည်နေရာတစ်ဝှိုက် အဆက်မပြတ် ပေါ်ထွက်နေ၏။

ပေါက်ကွဲမှုကို အလယ်ဗဟိုတွင် တည်ရှိသည့် ဟွေ့လုံချန်သည် ကျောက်ရုပ်အသွင် မလှုပ်မယှက်ပင် ရပ်တည်နေသည်။ ထို့အပြင် သူ၏ နောက်တွင် စွမ်းအင်ပုံရိပ်တည်ရှိနေကာ ၎င်းသည် ဟွေ့လုံချန်အား ကာကွယ်ပေးထားလေ၏။

သို့သော် သူ၏ နှုတ်ခမ်းတွင် သွေးစအချို့ တွဲခိုနေ၏။ သူ၏ မျက်ဝန်းများတွင်တော့ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။

“မိန်းကလေး..၊ ခြင်္သေ့နဂါးဂိုဏ်းနဲ့ ကိစ္စမှာ ကျုပ်ဝင်ရောက် မစွက်ဖက်တော့ဘူး..”

ဟွေ့လုံချန်သည် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်ရ၏။ ထို့နောက် သူ၏ နောက်မှ ပုံရိပ်ကို ရုပ်သိမ်းလိုက်သည်။ ယွဲ့ဝူယောင်၏ တိုက်ခိုက်မှုကို သူ၏ စွမ်းအင်ပုံရိပ်နှင့်ပင် တားဆီးခဲ့ရ၏။ ထိုအရာက သူ့အတွက် ရှုံးနိမ့်မှုပင်။

‘အဲ့ဒီမိန်းကလေးသာ စွမ်းအင် ပုံရိပ်နဲ့ တိုက်ခိုက်ရင် ငါခံနိုင်ရည်ရှိပါ့မလား..’

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည်လည်း တိတ်ဆိတ်နေကြသည်။

“ရှင်..ဆက်ပြီး တိုက်ခိုက်ချင်သေးလား..”

ယွဲ့ဝူယောင်သည် ကျန်းယွမ်ချင်းကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။ သူမ၏ လေသံသည် အေးစက်နေပြီး ခရမ်းလဓားကို မြဲမြံစွာကိုင်ဆွဲထားသည်။

“မင်း..”

ကျန်းယွမ်ချင်းသည် ရုတ်ချည်းဆိုသလို သူ၏ စကားများကို ရပ်တန့်လိုက်သည်။ ထို့နောက် သူဂိုဏ်း၏ အခြေအနေကို ပြန်လည်ကြည့်ရှုလိုက်၏။

အကြီးအကဲများသည် ဒဏ်ရာများနှင့် မေ့မြောနေပြီဖြစ်သည်။ ထို့အပြင် ဂိုဏ်းသားများသည် လဲကျနေကြ၏။

ထို့အပြင် ထိုလေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သူသည် အကြပ်အတည်း အတွင်းကျဆင်းနေသည်။

ပို၍ ဆိုးသည်က ခရမ်းရောင်ဆံနွယ်များနှင့်မိန်းကလေး၏ တိုက်ခိုက်မှုသည် ဟွေ့လုံချန်ကိုပင် နောက်ဆုတ်စေခဲ့၏။

မဟာ နတ်အင်ပါယာအဆင့် လူငယ်လေးဦးကြောင့် ထိပ်သီးဂိုဏ်းတစ်ခု ယခုကဲ့သို့ အခြေအနေမျိုး ရောက်ရှိသွားမည်ဟု မည်သူ့မျှပင် စိတ်ကူးမိကြမည်မဟုတ်ပေ။

ကျန်းယွမ်ချင်း တွေဝေနေစဉ် ကျိုးကမ္ဘာငယ်ပင် တုန်ဟီးသွားစေသည့် အသံသည် ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။

“နို့နံ့ တောင် မစင်သေးပဲ ကျိုးကမ္ဘာကို စိတ်ရှိတိုင်းပြုမှုနေရအောင် ငါမရှိဘူးထင်နေတာလား..”

ထိုအသံကြောင့် ယွဲ့ဝူယောင်တို့လေးဦးသည် တင်းကြမှုကို ခံစားလိုက်ရ၏။ အသံလှိုင်းနှင့်ပင် သူတို့အား ဖိအားများစွာ သက်ရောက်စေသည်။

ခဏအကြာတွင် ထိုကောင်းကင်ထက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်သည် အလွန်ပင်ကြီးမားပြီး ကောင်းကင်ကိုပင် ကာဆီးသွားသည်။ ထိုပုံရိပ်သည် ကျိုးကမ္ဘာငယ်၏ အဖြစ်အပျက်များကို စေ့စေ့စပ်စပ်ကြည့်ရှု့လိုက်၏။

“ဒါ..ကျိုးဧကရာဇ်..”

ဟွေ့လုံချန်သည် ထိုစွမ်းအားနှင့်သူကို ခန့်မှန်းမိသွား၏။ သူအပါအဝင် ကျိုးကမ္ဘာငယ်လေးမှ ကျင့်ကြံသူအားလုံးသည် အရိုအသေပေးလိုက်ကြသည်။ ထို့အပြင် သူတို့၏ စိတ်တွင် အတွေးများ ဝင်ရောက်လာ၏။

‘ကျိုးဧကရာဇ်က ဒီကမ္ဘာငယ်ကနေ ထွက်ခွာသွားပြီ မဟုတ်ဘူးလား..’

“ခင်ဗျားတို့ ကမ္ဘာက လူတွေသာ ကျုပ်တို့ နယ်မြေကို မကျုးကျော်ရင် ကျုပ်တို့လည်း ဝင်ရောက်လာမှာမဟုတ်ဘူး..”

လုရှင်းယန်သည် တင်းမာသည့်လေသံနှင့် ပြောဆိုလိုက်သည်။

“ကျိုးကမ္ဘာရဲ့ မျိုးဆက်တွေ နိမ့်ကျကုန်ပြီလား..”

ကျိုးဧကရာဇ်သည် ကျန်းယွမ်ချင်းနှင့် ဟွေ့လုံချန်အပါအဝင် ကျိုးကမ္ဘာမှ ကျင့်ကြံသူများကို သူ၏ အကြည့်များ လွှမ်းခြုံလိုက်၏။

အားလုံးသည် ခေါင်းကို အောက်စိုက်ကာ မြေလွှာကိုကာ ကြည့်နေကြသည်။ သူတို့သည် ခေါင်းမဖော်ရဲပေ။ အခြားနယ်မြေမှ ကျင့်ကြံသူများ ဝင်ရောက်လာသော်လည်း သူတို့သည် တားဆီးနိုင်ခြင်း မရှိချေ။

ထို့နောက် ကျိုးဧကရာဇ်သည် ထိုလူများမှ အကြည့်လွဲကာ လုရှင်းယန်တို့ကို ချီးကျုးလိုက်သည်။

“မင်းတို့က အသက်အရွယ်နဲ့ မလိုက်ဖက်အောင် စွမ်းအားကောင်းလွန်းတယ်..”

သို့သော် သူ၏ စကားမဆုံးသေးချေ။

“ဒါပေမဲ့ ကျိုးကမ္ဘာငယ်ကို ဝင်ချင်တိုင်းဝင်လာပြီးရင် ထွက်ချင်တိုင်း ထွက်လို့မရဘူး..”

“ခင်ဗျားက ဘာလုပ်နိုင်မှာလဲ...”

လုရှင်းယန်သည် ကြောက်ရွံ့ခြင်းကင်းမဲ့စွာ ဆိုလိုက်၏။

ကျိုးဧကရာဇ်သည် လုရှင်းယန်တို့၏ အသွင်ကိုကြည့်ကာ ဒေါသမထွက်သည့်အလား ရယ်မောလိုက်သည်။

“ဟား..ဟား..၊ တကယ် သတ္တိရှိကြတဲ့ လူငယ်တွေပဲ..”

သို့သော် သူ၏ လေသံသည် လေးနက်သွားကာ ဆက်လက်ပြောဆိုလိုက်၏။

“ဒါပေမဲ့ အကြောက်တရားမရှိရင်..၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ပျက်သုဉ်းသွားရလိမ့်မယ်..”

“ခင်ဗျား အဆင့်အတန်းနဲ့ အနိုင်ကျင့်ချင်တာလား..”

လုရှင်းယန်သည် မေးခွန်းထုတ်လိုက်၏။ ထိုသူသည် အဓိပတိနတ်အင်ပါယာအထက်ရှိသည့် အရှိန်အဝါများပေါ်ထွက်နေပြီး လုရှင်းယန်တို့ထက် စွမ်းအားသည် များစွာမြင့်မားနေသည်။

ကျိုးဧကရာဇ်သည် သာမန်လေသံနှင့် ပြောဆိုလိုက်၏။

“ငါ့အဆင့်အတန်းနဲ့ အနိုင်မကျင့်ချင်ပေမဲ့ ကျိုးကမ္ဘာငယ်ကို ကျူကျော်တဲ့ အပြစ်ကို လျစ်လျုရှုပေးလို့မရဘူး..၊ ဒါကြောင့် မင်းတို့လေးဦး ဒီကုန်းမြေမှာ နှစ်ငါးရာ ကျင့်ကြံပြီး ကုန်းမြေကို ကာကွယ်ပေး..၊ ဒီကိစ္စကို မရှိသလို သဘောထားပေးမယ်..”

“ခင်ဗျား အိမ်မက်မက်နေတာပဲ..”

လုရှင်းယန်သည် လှောင်ပြုံးပြုံးကာ ဆိုလိုက်၏။ နှစ်ငါးရာသည် သူတို့အတွက် ကြာလွန်းသည့် အချိန်ဖြစ်သည်။ ထို့အပြင် ဤကုန်းမြေအား ကာကွယ်မှုပင် ပေးအပ်ရဦးမည်။

သူတို့၏ ရည်ရွယ်ချက်သည် ကျိုးကမ္ဘာငယ်များ ကျင့်ကြံသူများ ကျီယွမ်နယ်မြေသို့ မကျုးကျော်ရန် သတိပေးလိုခြင်းပင်။ ထိုသို့ လက်ခံနိုင်မည်မဟုတ်ပေ။ ထိုသူသည် မူလနတ်အင်ပါယာအဆင့်ဆိုလျှင်တောင် တိုက်ခိုက်ကြမည်ဖြစ်သည်။

ချက်ချင်းဆိုသလို သူတို့လေးဦးထံမှ အရှိန်အဝါများ တဟုန်ထိုး ပေါ်ထွက်လာ၏။ သူတို့ အသွင်သည် ကျိုးဧကရာဇ်ကို တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့်အလားပင်။

ကျိုးဧကရာဇ်သည် ထိုအချင်းအရာကြောင့် မျက်မှောင်ကြုတ်သွား၏။ သူသည် လူငယ်များကို မတိုက်ခိုက်ချင်ပေ။ သို့သော် ထိုလူငယ်များ ရဲတင်းနေမှုကို ဆက်လက်ခွင့်မပြုလိုတော့ပေ။

“မင်းတို့ရဲ့ မောက်မာမှုက နေရာမှားယွင်းနေတာကို သင်ပြပေးမယ်..”

ကျိုးဧကရာဇ်သည် သူ၏ ကြီးမားသည့် လက်ဝါးနှင့် ယွဲ့ဝူယောင်တို့ လေးဦးအား ဖိချလိုက်၏။

ယွဲ့ဝူယောင်တို့သည် စွမ်းအင် အလုံးစုံထုတ်သုံးကာ ကျိုးဧကရာဇ်၏ လက်ဝါးကြီးကို တားဆီးလိုက်သည်။

သူမတို့၏ စွမ်းအင်များကို အတူစုစည်းကာ အကွယ်တစ်ခု ထုတ်ဖော်လိုက်ကြ၏။ ထိုအကာအကွယ်တွင် အအေးစွမ်းအင်များ၊ မီးစွမ်းအင်များ၊ ဓားဆန္ဒစွမ်းအင်များ နှင့် အမှောင်စွမ်းအင်များသည် ရောယှက်ကာ သူတို့လေးဦး၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းထားသည်။

“ဝုန်း..”

ထိုလက်ဝါးကြီးသည် ယွဲ့ဝူယောင်တို့၏ ကာကွယ်ထားသည့် စွမ်းအင်များနှင် ထိတွေ့သွားသည်နှင့် တပြိုင်နက် ခြင်္သေ့နဂါးဂိုဏ်း၏ အဆောက်အဦးများပင် တုန်ခါသွား၏။

ကျိုးဧကရာဇ်သည် မျက်မှောင်ကြုတ်သွားသည်။ သူသည် ဤရိုက်ချက်တွင် မည်သည့် စွမ်းအင်မျှမပါသည့် သာမန်ရိုက်ချက်ဖြစ်သော်လည်း မဟာ နတ်အင်ပါယာများ ခုခံနိုင်သည်အထိ ညင်သာခြင်းမရှိချေ။

သို့သော် လူငယ်လေးဦးသည် အံတင်းတင်းကြိတ်၍ ခုခံနေကြ၏။ ကျိုးဧကရာဇ်သည် ထိုလူငယ်များ၏ စွမ်းအားကို အံ့ဩသွားသည်။

‘ဘယ်လိုကျင့်ကြံလာကြတဲ့ ကျင့်ကြံသူတွေပါလိမ့်..’

All Chapters